အခန်း (၄၉)

ပြန်လည်မွေးဖွားရန် အသင့်ပြင်နေသော ဖီးနစ်

အပိုင်း(၄၉) ပြန်လည်မွေးဖွားရန် အသင့်ပြင်နေသော ဖီးနစ်

ရန်ကျောက်ကဲသည် ဖန်းယွမ်ရှန်းအား ကြည့်လျက် တောက်ပစွာ ပြုံးလိုက်သည်။ “သူမသာ မရှိခဲ့ရင် အဲ့နှစ်က မင်းရဲ့ ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးခဲ့တာတောင် နေသူတော်စင်ဂိုဏ်းက မင်းကို အလွယ်တကူ လက်မလွှတ်ဘဲ မင်း ပြန်ကောင်းလာဖို့ အချိန်ပိုပေး အားပိုစိုက်ပေးလောက်မယ်လို့ မင်းမတွေးမိဘူးလား”

ဖန်းယွမ်ရှန်းက ရယ်မောလိုက်သည်။ “တွေးနေစရာကိုမလိုတာ၊ အဲ့တာက ကျွန်မ ကံဆိုးလို့ ဖြစ်တာပဲ၊ ဝမ်လေးနဲ့ ဘာမှ မဆိုင်ဘူး”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့် မေးမြန်းသည်။ “မင်းက မန်ဝမ်ထက် ပိုအသက်ကြီးတော့ မန်ဝမ်ထက်အရင် ဂိုဏ်းကို ရောက်မယ်ထင်တယ်၊ မင်းရဲ့ကျင့်ကြံမှုက သူမထက် မြင့်တယ်မလား”

အဲ့နှစ်က ထူးကဲယင်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နေသူတော်စင်ဂိုဏ်းက မင်းကို အဓိက ကိုယ်စားပြုတဲ့လူအနေနဲ့ ရွေးချယ်ထားတာမလား”

ဖန်းယွမ်ရှန်းက ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်၊ ကျွန်မ ဂိုဏ်းက ထွက်လာတော့ သိုင်းပညာရှင်အဆင့် ရောက်နေပြီ၊ အဲ့အချိန်တုန်းက ဝမ်လေးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်ပဲ ရှိသေးတယ်”

သူမက ပထမဆုံး ထူးကဲယင်ပြိုင်ပွဲ ကျင်းပတော့မယ့် အချိန်ရောက်မှ သိုင်းပညာရှင်အဆင့်ကို ချိုးဖြတ်နိုင်သွားတာ”

သူမက ရန်ကျောက်ကဲကို တစ်ချက် ကြည့်၍ စိတ်မရှည်စွာ ပြောလိုက်သည်။ “ရှင် ဘာတွေးနေလဲ ကျွန်မသိတယ်၊ ဒါပေမယ့် ကျွန်မ အန္တရာယ်နယ်မြေ ငရဲထဲကို မတော်တဆ ရောက်သွားပြီး ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးသွားတာက ဝမ်လေးနဲ့ ဘာမှမဆိုင်ဘူး”

ရန်ကျောက်ကဲက ပြုံးသည်။ “မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက နက်ရှိုင်းတာဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် မင်းကို ကယ်ဆယ်ဖို့ ငါ့ကို မျှားခေါ်လာတာက သူမကိုယ်သူမ အပြစ်ရှိတယ်ဆိုတဲ့ စိတ်ကြောင့် မင်းအပေါ် ပြန်ဖာထေးဖို့ လုပ်တာမျိုး မဖြစ်နိုင်ဘူးလား”

ဒါမှမဟုတ် မင်း ထူးကဲယင်ခန္ဓာကိုယ်ဆုံးရှုံးတဲ့ အဖြစ်အပျက်ကနေ သူမဟာ အကျိုးကျေးဇူးအများကြီး ရပြီးနောက် သူမက ဘယ်လောက်စိတ်သဘောထား မြင့်မြတ်တယ်ဆိုတာ ပြချင်တာနဲ့ ဒီကိစ္စမှာ မင်းကို ကူညီပေးတာလား”

ဖန်းယွမ်ရှန်း ရယ်မောလိုက်သည်။ “လူတွေရဲ့လုပ်ရပ်တွေကို ကြည့်ပြီး သူတို့ရဲ့စိတ်ထား မှန် မမှန်  ကျွန်မ မဆုံးဖြတ်နိုင်ဘူး၊ ဒါပေမယ့် ရှင်ပြောတဲ့ဟာတွေက ဖြစ်နိုင်ချေ ရှိတယ်ဆိုတာတော့ ကျွန်မ မငြင်းနိုင်ဘူး”

ဘယ်လိုဖြစ်ဖြစ် ကျွန်မ ဝမ်လေးကို ယုံတယ်” ထိုနောက်ဆုံးစကားကို ပြောနေစဉ် ဖန်းယွမ်ရှန်း၏မျက်နှာကား တည်ငြိမ်နေပြီး သူမအသံမှာ သတ္တုကိုပင် ပိုင်းဖြတ်နိုင်သကဲ့သို့ ပြတ်သားနေသည်။

ရန်ကျောက်ကဲက ပြုံးလျက် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “မင်းက ဘယ်တော့မှ ထူးကဲယင်ခန္ဓာကိုယ်ပြန်မရနိုင်ဘူးလို့ သူမက ထထစ်ချ ယုံကြည်ထားတာလား”

သူမက  အနာဂတ်မှာ ထူးကဲယင်သရဖူအတွက် သူမနဲ့ ယှဉ်ပြိုင်မယ့် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ငါတို့ဝါဒတောင်ဂိုဏ်းဆီ မပေးလိုက်မိဘူးလို့ စိတ်ချနေပုံရတယ်”

အဲ့လိုသာဆို ရန်သူအချင်းချင်း ပေါင်းမိသွားအောင် လုပ်သလိုပဲ၊ သူမက ဘာလို့ ဒီလိုအရာမျိုးကို လုပ်မှာလဲ”

ဖန်းယွမ်ရှန်းက တည်ငြိမ်စွာ ဖြေကြားသည်။ “ဘာလို့လဲဆိုတော့ သူမမှာ ယုံကြည်မှုရှိလို့ပဲ”

အခြားထိပ်သီးနယ်မြေတွေမှာ ထူးကဲယင်မိန်းမပျို ဘယ်လောက်ရှိရှိ”

ဝမ်လေးက ထူးကဲယင်သရဖူကို နေသူတော်စင်ဂိုဏ်းအတွက် ဆောင်ကျဉ်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိလို့ပဲ”

အဲ့တာကြောင့် ကျွန်မသာ ထူးကဲယင်ခန္ဓာကိုယ်ကို ပြန်ရရင် ဝမ်လေးက ကျွန်မအတွက် ပျော်ရွှင်မိမှာပဲ၊ အဲ့ကြရင် ဝါဒတောင်ဂိုဏ်းထဲက ကျွန်မရဲ့အဆင့်အတန်းကလည်း အများကြီး မြင့်တက်လာလိမ့်မယ်”

ဒါပေမယ့် ထူးကဲယင်သရဖူက သူမနဲ့ နေသူတော်စင်ဂိုဏ်းကပဲ ပိုင်ဆိုင်ရမယ်”

အဲ့တာ သူမရဲ့ ယုံကြည်ချက်ပဲ”

သူမ၏စကားကို ကြားသောအခါ ရန်ကျောက်ကဲ၏စိတ်ထဲ၌ အပြစ်ကင်း၍ ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။ ထိုမိန်းကလေး၏ မျက်လုံးတစ်စုံမှာ မြင်သူတိုင်းက သနားဂရုဏာများ ယိုဖိတ်စေနိုင်လေသည်။

ပထမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူ၊ ထူးကဲယင်သရဖူ ဤကမ္ဘာတွင် ပေါ်လာကတည်းက ၎င်း၏ ပထမဆုံး တရားဝင်ပိုင်ရှင်ဖြစ်လာသူမှာ နေသူတော်စင်ဂိုဏ်း၏မန်ဝမ်ပင် ဖြစ်ပေသည်။

ဖန်းယွမ်ရှန်း၏ ပြောကြားချက်အရ ထိုအချိန်တွင်  မန်ဝမ်သည် သိုင်းပညာရှင်အဆင့်သို့ ခြေချမိရုံသာ ရှိသေးသည်။

ဖန်းယွမ်ရှန်းက အတိတ်ကို ပြန်တွေးတောနေပုံရသည်။ “အဲ့ကလေးရဲ့ နူးညံ့ အားနွဲ့ပုံရတဲ့ မျက်နှာကြောင့် အရူးလုပ်မခံနဲ့၊ တကယ်တော့ သူမက အရမ်းဉာဏ်ကောင်းသလို အရမ်းလည်း စိတ်ဓာတ်ခိုင်မာတယ်”

 “သူမ ပိုင်ဆိုင်တဲ့ ထူးကဲယင်စွမ်းအားဖြစ်ဖြစ် ကျင့်ကြံခြင်းအလားအလာပဲဖြစ်ဖြစ် သူမက သေချာပေါက် အထွတ်အထိပ် ပါရမီရှင်တစ်ယောက်ပဲ”

အဲ့တုန်းက ကျွန်မက ဂိုဏ်းထဲ အရင်ရောက်ပြီး သူမထက် အရင် ကျင့်ကြံခဲ့လို့သာ ဂိုဏ်းရဲ့ အဓိက ကိုယ်စားပြုမယ့်သူ ဖြစ်နေတာပဲ”

တကယ်လို့ ကျွန်မတို့နှစ်ယောက်သာ တစ်ချိန်တည်းမှာ စတင် ကျင့်ကြံခဲ့ရင် တကယ့် တိုက်ပွဲမှာ သူမအပေါ် အသာရလိမ့်မယ်လို့ ကျွန်မ မပြောနိုင်ဘူး”

ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒီစကားကို တမျိုးတွေးကြည့်ရင် မန်ဝမ်က မင်းကို သေချာပေါက် အနိုင်မယူနိုင်ဘူးလို့ ပြောချင်တာလား”

ဖန်းယွမ်ရှန်းက မျက်ခုံးပင့်လိုက်သည်။ “ကျွန်မကိုယ်ကျွန်မ အရမ်းကြီး ပိုမပြောထားသလို လျော့လည်း မပြောထားပါဘူး”

ရန်ကျောက်ကဲက သာမာန်မျှ ပြောလိုက်သည်။ “စိတ်မကောင်းစရာပဲ၊ သူမက ဒုတိယအကြိမ်မှာ ရှုံးနိမ့်သွားတယ်”

ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ် ရှုံးနိမ့်ခဲ့ရာ ထူးကဲယင်သရဖူသည် ထိပ်သီးနယ်မြေတစ်ခုဖြစ်သည့် ရေနယ်မြေ၊ ကျောက်စိမ်းပင်လယ်မြို့တော်၏ တပည့်တစ်ယောက်လက်ထဲ ရောက်သွားခဲ့သည်။

ဖန်းယွမ်ရှန်းက အမူအရာပြောင်းလဲခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။”ကျွန်မလည်း ဒီအကြောင်းကို ကြားပါတယ်၊ အဲ့တာက ပြိုင်ပွဲစခါနီးမှာပဲ အရှေ့ပင်လယ်မှာ ဝမ်လေးက ထူးကဲယင်သရဖူကို သုံးပြီး မီးတောက်မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ခဲ့လို့ပဲ”

ဒုတိယအကြိမ် ပြိုင်ပွဲတုန်းက သူမက ဒဏ်ရာတစ်ဖက်နဲ့ ယှဉ်ပြိုင်ခဲ့လို့ပဲ”

တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲ ရောက်တဲ့အခါ သူမက ဘာပြဿနာမှ မရှိသရွေ့  ထူးကဲယင်သရဖူဟာ သူမလက်ထဲပဲ ရောက်ရမယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ပြလိမ့်မယ်”

ပြန်လည်မွေးဖွားလာတဲ့ ဖီးနစ်ငှက်ဟာ ပိုပြီး လှပတယ်”

သူမက သာမာန်အကြောင်းအရာကို ပြောနေသည့်အလား သူမလေသံက ပုံမှန်အတိုင်း ဖြစ်နေသည်။

ရန်ကျောက်ကဲက ဖန်းယွမ်ရှန်းကိုကြည့်ရင်း သူ့မျက်နှာမှာ ပြုံးသယောင်ယောင်သန်းသွားသည်။ “ဒီစကားပုံက မန်ဝမ်တင် မဟုတ်ဘူး၊ မင်းနဲ့ပါ ဆိုင်တယ်”

ဖန်းယွမ်ရှန်းက ပွင့်လင်းစွာ ပြောလိုက်သည်။ “စီနီယာအကိုကြီးရန်မှာ ကျွန်မရဲ့ ထူးကဲယင်ခန္ဓာကိုယ်ကို ပြန်ရအောင်လုပ်နိုင်မယ့် နည်းလမ်းရှိရင်တောင် ကျွန်မရဲ့ လက်ရှိ အခြေအနေနဲ့ဆို ဝမ်လေးရဲ့နောက်မှာ အများကြီး ပြတ်ကျန်နေလောက်ပြီ”

ကျွန်မ ဝမ်လေးကို မှီအောင် လိုက်နိုင်မယ်လို့ မပြောရဲပါဘူး၊ ဒါပေမယ့် ကျွန်မ တတ်စွမ်းသလောက် ကြိုးစားအားထုတ်ပြီး ဒီလိုတန်ဖိုးကြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာပါ”

ဘယ်လိုအကြောင်းရင်းနဲ့ပဲ လက်ခံသည်ဖြစ်စေ ကျွန်မဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ ဝါဒတောင်ဂိုဏ်းက ကျွန်မကို လက်ခံပေးတဲ့အတွက် ဒီကျေးဇူးကြွေးကို ကျွန်မ တသက် မမေ့ပါဘူး”

စကားတွေက အပိုလို့ ထင်ရပေမယ့် သေတဲ့အထိ ဒီအကြွေးကို ဆပ်ပါမယ်”

မည်သို့သော အကြောင်းရင်းကြောင့် ဖြစ်စေ၊ သူမသည် နေသူတော်စင်ဂိုဏ်းတပည့်များ၏ ခြိမ်းခြောက်မှုကို ခံနေရစဉ် ရန်ကျောက်ကဲသည် ရှောင်ရှန်းကော ချောင်ယွမ်လုံကိုပါ သူတို့မျက်နှာများ ရွံ့များပေကျံသည်အထိ ရိုက်နှက်ကာ သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

ဝါဒတောင်ဂိုဏ်းတွင် သူမ ခိုလှုံခွင့်ရရန် ရန်ကျောက်ကဲ ဝင်ပြောပေးမှာလောဆိုသည်ကတော့ လက်ရှိတွင် သူမ တွေးစရာ မလိုသေးပေ။ ရန်ကျောက်ကဲ၏ ညွှန်ကြားချက်အတိုင်း သူမ လိုက်လုပ်ရန်သာ လိုအပ်သည်။

အခြားတစ်ဖက်တွင် ရန်ကျောက်ကဲမှာ အတော် စိတ်ချမ်းသာနေ၏။ ဖန်းယွမ်ရှန်း၏ ထူးကဲယင်ခန္ဓာကိုယ်နှင့် ပတ်သတ်၍ အသေးစိတ် အစီအစဉ်ဆွဲရန် လိုအပ်ပြီး ၎င်းကို မည်သို့ပြန်ရအောင် လုပ်ရမည်ဆိုသော အတွေးတချို့ ရန်ကျောက်ကဲတွင်  ရှိနှင့်ပြီးဖြစ်သည်။

သူတို့သည် နေသူတော်စင်ဂိုဏ်းကို ခြေတစ်လှမ်းတိုး၍ ရန်စခဲ့သော်လည်း ဝါဒတောင်ဂိုဏ်းအတွက် ထူးကဲယင်မိန်းမပျိုတစ်ယောက် ရောက်ရှိလာခြင်းမှာ ကြီးမားသော ဆုလဒ်ကြီးဖြစ်သည်။

စီစဉ်ထားသည့်အတိုင်းသာ အလုပ်ဖြစ်ခဲ့လျှင် ဂိုဏ်းအတွက် အကြီးအကျယ် အကျိုးဆောင်နိုင်သလို ရန်ကျောက်ကဲ၏အဖေ ရန်တိအတွက်လည်း ကြီးမားသော အကူအညီဖြစ်စေလိမ့်မည်။

ရန်ကျောက်ကဲက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “သွားစို့”

သူတို့ ထွက်ခွာလာစဉ် ရန်ကျောက်ကဲက အမိန့်တွေ တစ်ခုပြီးတစ်ခု ပေးနေသည်။ အနက်ရောင်ဝတ် သိုင်းပညာရှင် အနည်းငယ်က ခေါင်းငြိမ့်၍ သူ့အမိန့်အတိုင်း စာပို့ရန် လူစုခွဲသွားကြသည်။

သူက ဒီကိစ္စကို သူ့ဘာသာ ဆုံးဖြတ်ပြီးဖြစ်သော်လည်း  သူ့အဖေနှင့် အရှေ့ကောင်းကင်ဒေသတွင် တာဝန်ရှိသော အရှေ့အကြီးအကဲကဲ့သို့သော လူများကိုတော့ တတ်နိုင်သမျှ အမြန်ဆုံး အသိပေးသင့်ပေသည်။

သည်ကိစ္စမှာ အသေးအမွှား မဟုတ်ပေ။ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ချောင်ယွမ်လုံနှင့် အခြားသူများကို ရိုက်နှက်ခဲ့သည့် ကိစ္စနှင့် ဤကိစ္စကို မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။  နေသူတော်စင်ဂိုဏ်းက သေချာပေါက် အပြင်းအထန် တုံ့ပြန်လာလိမ့်ပေမည်။

ရှောင်ရှန်းနှင့် အခြားသူများ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် နောက်ဆက်တွဲ အကျိုးဆက်များ အလျင်အမြန် လိုက်ပါလာလိမ့်မည်။ ဝါဒတောင်က သတင်းကို စောစောရလေ ဖြစ်လအံ့သော ကိစ္စများကို ကိုင်တွယ်ရာမှာ ပိုမိုအသာရလေဖြစ်သည်။

ထို့အပြင် ရန်ကျောက်ကဲက ဖန်းယွမ်ရှန်း၏ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးရသည့် အကြောင်းအရင်းကို အခြားထိပ်သီးနယ်မြေတစ်ခုဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်သို့ လူစေလွှတ်၍ သတင်းပေးပို့ခဲ့သည်။

ထိပ်သီးနယ်မြေများအနက် ကျောက်စိမ်းပင်လယ်မြို့တော်သည်လည်း နေသူတော်စင်ဂိုဏ်းနှင့် ဆက်ဆံရေး အတော် ဆိုးဝါးသည်။

သင့်ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်ဟူသော စကားအတိုင်း သူတို့သည် ဝါဒတောင်နှင့် သဟဇာတဖြစ်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ခဲ့သည်။ သူတို့ထိပ်သီးနယ်မြေနှစ်ခုမှာ မဟာမိတ်များသဖွယ် ရင်းနှီးကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ ထူးကဲယင်မိန်းမပျိုသည် ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး လာမည့် တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲ၌ မန်ဝမ်၏ အကြီးဆုံး ပြိုင်ဘက်ဖြစ်သည်။

သည်နှစ်များအတွင်း ထိပ်သီးနယ်မြေများအချင်းချင်း တစ်ဖက်၏ထူးကဲယင်မိန်းမပျိုကို တစ်ဖက်က ရနိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် အမျိုးမျိုး ဒုက္ခပေးခဲ့ကြသည်။

နေသူတော်စင်ဂိုဏ်း၏ ကိုယ်ကျင့်တရားကို အယုံအကြည်မရှိလေရာ ရန်ကျောက်ကဲသည် ကျောက်စိမ်းပင်လယ်မြို့တော် လှည့်စားခံရမည်စိုး၍ သူတို့ကို ကြိုတင်သတိပေးထားခြင်းဖြစ်သည်။

ရန်ကျောက်ကဲတို့လူစုသည် တောင်ကြောတစ်လျှောက် ဆက်လက်ထွက်ခွာခဲ့ကြသည်။ ရုတ်တရက် ရန်ကျောက်ကဲသည် တစ်ခုခု သတိပြုမိဟန်ဖြင့် အရှေ့ကို စိုက်ကြည့်နေသည်။

အနီးအနားရှိ ရေတံခွန်မှ တဝေါဝေါကျနေသော ရေသံက ကျယ်လောင်သော်လည်း လူတစ်စု၏စကားပြောဆိုသံများသည် ကြိုကြားကြိုကြား ပြန့်လွင့်လာ၏။

ရန်ကျောက်ကဲသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ  လူအုပ်စုက ရေတံခွန်ဘေးတွင် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။ သူတို့သည် အုပ်စုငယ်နှစ်ခုသဖွယ် မျက်နှာချင်းဆိုင်နေရာယူထားကြပြီး လက်ရှိတွင် ထိပ်တိုက်တွေ့နေကြပုံပေါ်သည်။

ဒါ ကျောက်ယွမ်တို့ အုပ်စုလား”

ကျောက်ယွမ်သည် အရှေ့တန်နိုင်ငံဘုရင်၏အကြီးဆုံးသား ဖြစ်ကာ ရန်ကျောက်ကဲနှင့် အလွန် ရင်းနှီးသည်။

သူ့ဘေးတွင် ရပ်နေသူမှာ တတိယမင်းသား ကျောက်ရှန်းဖြစ်သည်။ သို့ရာတွင် သည်လူငယ်သည် အရှေ့တန်၏အဆင့်မြင့်အကြီးအကဲရန်ရှု့နှင့် နီးကပ်သည်။

ကျောက်ယွမ်ကော ကျောက်ရှန်းပါ သူတို့ရှေ့ရှိ လူငယ်လေးကို မနှစ်မြို့သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

ထိုလူငယ်သည် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်ဝန်းကျင်လောက်သာ ရှိဦးမည်ဖြစ်ပြီး ကျောက်ညီအကိုနှင့် ရုပ်ချင်းဆင်ကာ သူသည်လည်း မင်းသားဝတ်စုံ ဝတ်ဆင်ထားသည်။ သို့သော် သူ့ဝတ်စုံမှာ ကျောက်ညီအကိုထက် ပိုမို ရိုးရှင်းသည်။

Comment

Leave a Reply

Options

not work with dark mode
Reset