ပိုင်ရှောင်ချန်းဦးဆောင်သော တပ်ရင်းကြီးက မဟာတံတိုင်းဆီသို့ မရောက်ခင် သွေးရောင် တိမ်တိုက်ကြီးတစ်ခုက မိုးကုတ်စက်ဝိုင်းနားတွင် ပေါ်ထွက်လာပြီး အံ့သြဖွယ်ကောင်းသော အမြန်နှုန်းကြီးဖြင့် ပျံ့ထွက်လာတော့သည်။
ထိုသွေးနီရောင် တိမ်တိုက်ထဲတွင် သာမန် ဝိညာဥ်များနှင့် မတူညီပဲ ကွဲပြားနေသည့် ဝိညာဥ်များ မရေမတွက်နိုင်လောက်အောင် ပါဝင်နေသည်။ ထိုဝိညာဥ်များမှာ ကြက်သွေးရောင်များ ရှိကြပြီး အဆုံးအစမဲ့ မိစ္ဆာဆန်သော စွမ်းအင်များ ပါဝင်နေသည့် အလားပင်။
သူတို့က အနီးသို့ရောက်လာသောအခါ မီတာကိုးထောင်ခန့် အမြင့်ရှိသော ဦးခေါင်းကြီးတစ်လုံးပုံစံ အဖြစ် ပေါင်းစည်းသွားကြသည်။ ထိုဦးခေါင်းကြီး၏ မျက်နှာမှာ အမျိုးသမီးငယ်တစ်ယောက်၏ မျက်နှာဖြစ်ပြီး ရှည်လျားကာ လွင့်ပျံနေသော ဆံပင်ရှည်များနှင့် ရက်စက်ကြမ်းကြုတ်ဖွယ်အေးစက်မှုများဖြင့် အရောင်တလက်လက်တောက်ပနေသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ထိုဦးခေါင်းကြီးမှ ပေါ်ထွက်နေသည့် အံ့သြဖွယ်ကောင်းသော စွမ်းအင်ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် လှုပ်ခါနိုင်လောက်အောင် စွမ်းအားကြီးနေသည်။
ထိုဦးခေါင်းကြီးအပေါ်တွင် ကြက်သွေးရောင် ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ယောက်က မတ်တတ်ရပ်နေပြီး သူမကို တိမ်တိုက်များအကြားတွင် ခပ်ရေးရေးသာ မြင်ရသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ကို အတိအကျ မမြင်နိုင်ပါသော်လည်း သူမထံမှ ပေါ်ထွက်နေသည့် အခိုးအငွေ့ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ဖြင့် ရောနှောပေါင်းစပ်နေသည့်အလား ဖြစ်နေသည်။
ထိုမြင်ကွင်းကြီးမှာ အလွန်အံ့အားသင့်ဖွယ် ကောင်းနေသည်။
” ချိန်ဟဲ့ထျန်။ ”
ထိုမိန်းမပျို၏ အော်ဟစ်သံမှာ အလွန်မကျယ်သော်လည်း ထူးဆန်းစွာပင် ပဲ့တင်သံများထပ်ကာ အံ့ဖွယ်မဟာတံတိုင်း၏ မန္တန်အစီအရင်ကို ကျော်ဖြတ်၍ တစ်မြို့လုံးကို ဖုံးလွှမ်းသွားရတော့သည်။ ထိုအသံကို ကြားမိလိုက်သူတိုင်း ဂယောင်ခြောက်ခြားဖြစ်ကာ သွေးပင်လယ်တစ်ခုထဲတွင် နစ်မြုပ်နေသည့်အလား ခံစားနေရမည်သာ ဖြစ်သည်။ မြို့အတွင်းရှိ ကျင့်ကြံသူများအပါအဝင် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူအားလုံးနီးပါးမှာ မထိန်းနိုင် မသိမ်းနိုင် အော်ဟစ်နေကြရတော့သည်။
ပိုင်ရှောင်ချန်းသည် သူ၏တပ်သားအယောက်တစ်ရာကို ဦးဆောင်ကာ မဟာတံတိုင်းဆီသို့ သွားနေစဥ် ထိုအသံလှိုင်း ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ချက်ချင်းပင် သူ့နောက်လိုက်များ၏ မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်များထဲမှ သွေးများ စီးကျလာပြီး သူတို့မှာ ကြောက်လန့်လွန်းသဖြင့် သနားစဖွယ်အော်ဟစ်နေကြတော့သည်။ ပိုင်ရှောင်ချန်းပင်လျှင် တုန်ရီသွားရသည်။ သူ၏ နားနှစ်ဖက်ထဲသို့ ဓားနှစ်ချောင်း စိုက်ဝင်နေသည့်အလား ခံစားနေရပြီး သူ့ရွှေအမြုတေထဲမှာ ကောင်းကင်တာအို အငွေ့အသက်ကို ပိုင်ဆိုင်ထားသောကြောင့်သာ ထိုအသံလှိုင်းကြောင့် ထိခိုက်မှုမရှိခြင်း ဖြစ်သည်။
” နတ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ”
ပိုင်ရှောင်ချန်းမှာ မှင်တက်သွားသည်။ တချိန်ထဲမှာပင် မြို့လယ်ခေါင်တွင်ရှိသော ဧရာမစေတီတော်ကြီး၏ထိပ်ရှိ မျက်လုံးကြီးမှ ရုတ်တရက် စူးရှတောက်ပသော အလင်းတန်းများ ထွက်လာသည်။
ညသန်းခေါင်ယံ အချိန်သို့ မရောက်သေးသော်လည်း ကောင်းကင်ကြီးမှာ မည်းမှောင်ပြီး မြေပြင်မှာ မှိုင်းညို့နေသည့် အချိန်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ထိုမျက်လုံးကြီးက တောက်ပစွာ လင်းလက်လာသောအခါ ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကို အက်ကွဲစေနိုင်သည့် နေမင်းကြီးတစ်စင်းကဲ့သို့ ဖြစ်နေတော့သည်။
ထိုအလင်းတန်းများ ပျံ့ထွက်သွားချိန်တွင် မဟာတံတိုင်းမြို့တော်ရှိ ကျင့်ကြံသူများမှာ နားစည်ကွဲအက်စေနိုင်လောက်သည့် အသံကြီး၏ စိုးမိုးမှုအောက်မှ ပြန်လည်လွတ်မြောက်လာကြပြီး ထိုအသံကြီးမှာလည်း လျင်မြန်စွာပင် ဒိုင်းကာ၏ အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။
ရုတ်တရက် အဘိုးကြီးတစ်ယောက်မှာ မျက်လုံးကြီးထဲတွင် ပေါ်ပေါက်လာပြီး လေထဲသို့ ပျံသန်းကာ မဟာတံတိုင်းမြို့တော်၏ အထက်တစ်နေရာသို့ ရောက်သွားသည်။ သူပေါ်ပေါက်လာသည်နှင့် တစ်မြို့လုံးပုံစံ ပေါ်နေသည့် ဝိညာဥ်ပုံရိပ်ကြီးတစ်ခုမှာလည်း ကြွတက်လာပြီး သူ တံတိုင်းအပြင်ဘက်သို့ ရောက်သွားသောအခါ ထိုပုံရိပ်မှာလည်း ပျောက်သွားတော့သည်။
” နောက်ဆုတ်စမ်း မိစ္ဆာမ ဟုန်ချိန် ”
ထိုအဘိုးကြီးမှာ ချိန်ယွဲ့ရှန်၏ ဖခင်၊ ဇောင်ထျန်ကျောက်၏ ဆရာ ဖြစ်သော ချိန်ဟဲ့ထျန်သာ ဖြစ်သည်။
သူသည် အဖြူရောင်ဝတ်ရုံရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် တတိယမြောက်မျက်လုံးတစ်လုံးကိုပိုင်ဆိုင်ထားကာ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုကဲ့သို့ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ဖြင့် ဆက်စပ်နေဟန်ရှိသည်။
ထို ကြောက်မယ်ဖွယ်ကောင်းသော လူနှစ်ယောက်၏ အားအင်များက တပြိုက်နက်ထွက်ပေါ်လာသောအခါ ထစ်ချုန်းသံများပင် ပဲ့တင်ထပ်သွားရတော့သည်။ မျက်စိတစ်မှိတ်အတွင်း ချိန်ဟဲ့ထျန်က သွေးရောင်တိမ်တိုက်များဆီသို့ ရောက်ရှိသွားပြီး အတွင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ အနည်းငယ်ကြာသောအခါ မိုးခြိမ်းသံကဲ့သို့ လုံးထွေးနေသည့် ထစ်ချုန်းသံများမှာ အတွင်းထဲမှ ပဲ့တင်ထွက်လာကြပြီး တိမ်တိုက်ကြီးမှာလည်း တလိပ်လိပ်ထနေတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကြောင့် မှင်တက်ကာနေရတော့သည်။ ထိုမိန်းမပျိုက မြေရိုင်းဒေသမှ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေမည်မှာ အသေအချာပင်ဖြစ်ပြီး သူမနှင့် ချိန်ဟဲ့ထျန်တို့ တိုက်ခိုက်နေသည့် တိုက်ပွဲမှာ သာမန်ကျင့်ကြံသူများ ဝင်ရှုပ်၍မရနိုင်သည့် တိုက်ပွဲမျိုးဖြစ်သည်။
အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းနှင့် သူ၏တပ်ရင်းမှာ သတိပြန်လည်လာပြီး မဟာတံတိုင်းဆီသို့ ဆက်လက်ချီတက်ကြပြန်တော့သည်။ မဟာတံတိုင်းဆီသို့ ရောက်သောအခါ သူတို့ပထမဆုံးကြားလိုက်ရသည်မှာ မဟာတံတိုင်း၏အလွန်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲထဲမှ ပေါ်ထွက်လာနေသည့် ပေါက်ကွဲသံများနှင့် အော်ဟစ်သံများဖြစ်သည်။
မျိုးနွယ်စု တစ်ရာကျော်မှ လူ့ဘီလူးပေါင်း ခုနှစ်သိန်းကျော်မှာ နံရံအပြင်ဘက်တွင်ရောက်နေသည်။ ထိုအင်အားမှာ ကြီးမားလွန်းလှပြီး သြချရလောက်အောင် အံ့သြဖွယ်ကောင်းလွန်းနေသဖြင့် ပိုင်ရှောင်ချန်းမှာ မြင်မြင်ချင်း မျက်လုံးများပြူးကျယ်သွားရတော့သည်။
ဝိညာဥ်များစွာမှာလည်း စုဝေးနေပြီး သူတို့၏ အဆုံးကိုလုံးဝ မမြင်နိုင်ပေ။ သူတို့၏အလယ်တွင်လည်း မရေမတွက်နိုင်လောက်အောင်များသော ဘီလူးကြီးများစွာ ရှိနေသေးသည်။
ထိုဘီလူးကြီးများမှာ တစ်ယောက်နှင့်တစ်ယောက် ပုံစံအနည်းငယ်ကွာခြားနေသည်ကို ကြည့်ပါက မတူညီသောမျိုးနွယ်စု တစ်ရာကျော်ထဲမှ ဖြစ်ကြောင်းသိနိုင်သည်။ မဟာတံတိုင်းဆီသို့ ပြေးလာနေကြသည့် ထိုဘီလူးကြီးများအကြားတွင်လည်း မရေမတွက်နိုင်လောက်အောင်များပြားသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများပါသေးသည်။
သူတို့၏ ခြေလှမ်းများကြောင့် မြေပြင်ကြီးမှာ တုန်ခါနေရပြီး မဟာတံတိုင်းပင်လျှင် ရှေ့နောက်ယိမ်းထိုးနေသည့်အလား ဖြစ်နေရတော့သည်။
မြေပြင်ပေါ်တွင်သာ ထိုသို့ဖြစ်နေသည်မဟုတ်။ ကောင်းကင်ယံထဲတွင်လည်း ဘီလူးကြီးများနှင့် ဝိညာဥ်များမှာ ဝိညာဥ်ကျင့်ကြံသူများနှင့်အတူ အော်ဟစ်ရင်း လေထဲတွင်ပျံသန်းလာနေကြသည်။
ထိုဝိညာဥ် ကျင့်ကြံသူများထဲအားလုံးမှာ ချောမောလှပကာ ကြည့်ကောင်းသော လူငယ်များနှင့် မိန်းမပျိုများ ပါဝင်ကြသည်။ သို့သော် သူတို့၏ အမူအရာမှာ ရေခဲတမျှအေးစက်နေသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသောစွမ်းအင်များဖြင့် တိုက်ခိုက်နိုင်ကြသည့် လူများဖြင်ကြပြီး တချိန်ထဲမှာပင် သူတို့ကြားထဲတွင် ရှိသည့် လူ့ဘီလူးများကိုပါ ထိန်းချုပ်နိုင်ကြသူများ ဖြစ်သည်။
ခပ်လှမ်းလှမ်း အဝေးတစ်နေရာတွင် ပို၍စွမ်းအားကြီးသောလူများရှိပြီး ဝိညာဥ်ကျင့်ကြံသူများစွာက ဝိုင်း၍စောင့်ရှောက်နေကြသည်။ သူတို့မှာ… အောက်လမ်းဆရာများပင် ဖြစ်ကြသည်။ အောက်လမ်းဆရာအများစုမှာ အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး သူတို့က လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် မရေမတွက်နိုင်သော ဝိညာဥ်များကို သူတို့၏ရှေ့သို့စေလွှတ်ကာ ကြောက်မက်ဖွယ်တိုက်ကွက်များကို ထုတ်နိုင်သည်။
သူတို့ထက် နောက်ပိုကျသောနေရာတွင် အနက်ရောင် ပလ္လင်ကြီးငါးခုမှာ လေပေါ်တွင်ပျံဝဲနေသည်။ ထိုပလ္လင်ငါးခုဆီမှ အနက်ရောင်အလင်းတန်းငါးတန်း ထွက်လာပြီး ငါးထောင့်ကြယ်ပုံစံရှိသော အချုပ်အနှောင် အင်းကွက်တစ်ခုသဏ္ဍာန်ဖြင့် အချင်းချင်း ချိတ်ဆက်သွားကြသည်။ ကောင်းကင်ယံတွင် ထိုငါးထောင့်ကြယ်က လေထုကိုထပ်ခြမ်းခွဲကာ ထိုးခွင်းလိုက်သောအခါ မရေမတွက်နိုင်သော ဝိညာဥ်လက်များ ထိုအပေါက်များထဲမှ တခစ်ခစ်ရယ်မောသံများနှင့်အတူ ဆန့်ထွက်လာကြတော့သည်။
ပလ္လင်တစ်ခုချင်းစီ၏ ထိပ်တွင် အနက်ရောင်ဝတ်ရုံဆင်မြန်းထားသည့် ပါးရေနားရေများ တွန့်နေသော အဘိုးကြီးတစ်ယောက်စီ ရှိကြပြီး သူတို့အားလုံး ရွတ်ဆိုနေသည့် ကျမ်းစာများကြောင့် အထက်ရှိ အပေါက်ကြီးများမှာ ပို၍ကျယ်လောင်လာတော့သည်။
ထိုအရာများမှာ ပိုင်ရှောင်ချန်း မျက်လုံးဖြင့် မြင်နိုင်သေးသည့် အရာများသာ ဖြစ်သေးသည်။ စစ်တပ်ကြီးမှာ ကြီးမားလွန်းလှသည့်အတွက် မည်သည့်နေရာတွင် အဆုံးသတ်မည်ကို လုံးဝမသိနိုင်ပေ။
ထိုစစ်တပ်ကြီး၏ ကြီးမားလှသော အရွယ်အစားကြောင့် ပိုင်ရှောင်ချန်းမှာ ဤမဟာတံတိုင်းက တောင့်ခံနိုင်ပါ့မလားဟုပင် သံသယဝင်လာတော့သည်။ သူက ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သောအခါ စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများ၏ မျက်နှာပေါ်ရှိ အမူအရာပေါင်းစုံကို မြင်လိုက်ရသည်။ သို့သော် ထိုအမူအရာများထဲတွင် ကြောက်ရွံ့နေသည့် အမူအရာ တစ်ခုတစ်လေတောင်မပါဝင်ပေ။ သူတို့အတွက်မူ ဤဧရာမစစ်တပ်ကြီးမှာ ပုံမှန်အရာတစ်ခုကဲ့သို့ ဖြစ်နေသည့် ပုံစံအတိုင်းပင်။
မကြာမီ မဟာတံတိုင်း၏ ဒိုင်းကာမှာ တွန့်လိမ်ကောက်ကွေးလာပြီး တဖြည်းဖြည်းနှင့် စစ်မြေပြင်ဆီသို့ ချီတက်သွားတော့သည်။ တချိန်ထဲမှာပင် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ အုပ်စုများအသီးသီးခွဲကာ တိုက်ခိုက်ရန် ရှေ့သို့ ချီတက်သွားကြတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ခေါင်းဆောင်ဖြစ်သော တပ်မှူးကြီး တစ်ယောက်ထံမှ သူ၏တပ်သားများကို ဦးဆောင်ကာ တိုက်ပွဲဝင်ရန် အမိန့်ကို ရရှိလိုက်တော့သည်။
ဒိုင်းကာကြီးက စစ်မြေပြင်တစ်လျှောက် ချီတက်သွားသောအခါ မဟာတံတိုင်း၏ စစ်တပ်များမှာ မြေရိုင်းသားများနှင့် အနီးကပ်တိုက်ပွဲများကို စတင်လိုက်ကြတော့သည်။
ရန်သူ၏ တပ်ဖွဲ့များထဲတွင် အရေအတွက် မများသည့် လူ့ဘီလူးကြီးများကို ကိုင်တွယ်ရသည်မှာ အခက်ခဲဆုံးဖြစ်သည်။ သူတို့ကိုဝန်းရံပေးနေကြသည့် ဝိညာဥ်များမှာမူ သေကြေပျက်စီးသွားမည်ကို မကြောက်ရွံ့ကြသဖြင့် အချိန်တိုင်းတွင် ဒုက္ခအပေးဆုံး အရာများ ဖြစ်နေတော့သည်။ သို့သော် မဟာတံတိုင်းသို့ ပိုင်ရှောင်ချန်းရောက်မလာခင်ကသာ ထိုသို့ဖြစ်ခဲ့ရသည်။
ယခုတွင်မူ စစ်တပ်ငါးတပ်မှ ကျင့်ကြံသူများက ဝိညာဥ်စုစည်း ဆေးလုံးများကို တိုက်ပွဲထဲသို့ ပစ်ပေါက်နေကြသည်ကိုတွေ့လိုက်ရ၍ ပိုင်ရှောင်ချန်းပင် တအံ့တသြဖြစ်နေရတော့သည်။
မကြာမီတွင် ဝိညာဥ်စုစည်းဆေးလုံးများ၏ ပေါက်ကွဲသံများအပြင် တစ်နေရာထဲသို့စုပ်ယူခြင်းခံလိုက်ရသည့် ဝိညာဥ်များနှင့် ဒုတိယပေါက်ကွဲမှုကြောင့် သေဆုံးသွားကြသည့် ဝိညာဥ်များ၏ သနားစဖွယ်အော်ဟစ်သံများမှာ လေထုထဲတွင်ပြည့်နှက်နေရတော့သည်။
အမုန်း ဝိညာဥ်များ အတုံးအရုံးကျဆုံးနေရုံသာမက လူ့ဘီလူးကြီးများမှာလည်း ပေါက်ကွဲမှုများကြောင့် ဒဏ်ရာများရရှိကာ ပါးစပ်ထဲမှ သွေးများပန်းထွက်၍ နောက်သို့ဒယိမ်းဒယိုင် ဆုတ်ခွာသွားရတော့သည်။
ဝိညာဥ်စုစည်း ဆေးလုံးတစ်လုံးဆိုလျှင်ပင် အလွန်အစွမ်းထက်နေပြီဖြစ်ပြီး ယခုတွင်မူ အလုံးတစ်ထောင်ကျော်ကို တချိန်ထဲတွင် ဖောက်ခွဲနေသည် ဖြစ်ရာ မြေရိုင်းဒေသထံမှ တပ်သားများ၏ နှလုံးသားများထဲတွင် အကြောက်တရားများ စိုးမိုးလာကြတော့သည်။
ထို့ကြောင့် စစ်တပ်ငါးတပ်မှာ စစ်မြေပြင်ကိုဖြတ်၍ တဖြည်းဖြည်း ရှေ့သို့ ချီတက်လာနိုင်တော့သည်။
ထို့အပြင် စစ်တပ်ငါးတပ်၏ အထူးတပ်ဖွဲ့ဖြစ်သော ထောင်ဂဏန်းများစွာပါဝင်သည့် ထိပ်တန်းကျင့်ကြံသူများမှာ ဝိညာဥ်ကျင့်ကြံသူများကို အဓိကပစ်မှတ်ထားပြီး အသေအကျေ တိုက်ခိုက်နေကြသည်။
ရုန့်ရင်းကြမ်းတမ်းလှသော တိုက်ခိုက်နေသံများမှာ စစ်မြေပြင်ကြီးထဲတွင် ပြည့်နှက်နေပြီး အပေါ်ယံကကြည့်လျှင် အရာရာမှာ ရှုပ်ထွေးနေသည်ဟု ထင်ရပါသော်လည်း အမှန်တွင်မူ မဟာတံတိုင်း၏ တပ်ဖွဲ့များမှာ သူတို့၏ဒိုင်းကာကြီးနှင့် ဝိညာဥ်စုစည်း ဆေးလုံးများကြောင့် အသာစီးရနေသည်။
ဒိုင်းကာကြီးက စစ်မြေပြင်တစ်လျှောက် တစ်လက်မပြီးတစ်လက်မ တိုးတိုးသွားသောအခါ စစ်တပ်ငါးတပ်မှာ ထပ်ကြပ်မကွာလိုက်နေကြသဖြင့် မြေရိုင်းဒေသ၏ လူ့ဘီလူးများမှာ ထွက်ပြေးလျှင်ထွက်ပြေး၊ မထွက်ပြေးလျှင် ဒိုင်းကာထဲတွင်ပိတ်မိကာ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရပြီး အဆုံးတွင် သတ်ဖြတ်ခံနေကြရသည်သာ ဖြစ်သည်။
ထို့အပြင် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများက စည်းစနစ်ကျပြီး သူတို့၏ တပ်ဖွဲ့များကို ရှေ့ဆင့်နောက်ဆင့် ထပ်ခါထပ်ခါ လဲလှယ်ပေးနေသဖြင့် အသေအပျောက်လည်း အလွန်နည်းနေတော့သည်။ ရန်သူများအတွက်မူ အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် ဖြစ်နေပြီဖြစ်သည်။
မြေပြင်ပေါ်တွင်သာမက ဝေဟင်ပေါ်တွင်လည်း ထိုနည်းတူပင်။
စေတီကြီး၏ထိပ်ရှိ မျက်လုံးကြီးမှာ စစ်မြေပြင်တစ်လျှောက်ကို လိုက်ကြည့်ပြီး ဘီလူးကြီးများကိုသတ်ဖြတ်၍ ဝိညာဥ်များကို ဇီဝိန်ချုပ်နေကာ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထနေစေပြီး ကောင်းကင်ယံပေါ်တွင် စွမ်းအားကြီး အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။