ပိုင်ရှောင်ချန်းသည် တင်းမာခက်ထန်နေသော မျက်နှာအမူအရာဖြင့် အိမ်ထဲတွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ့ မျက်လုံးများက ပြူးထွက်နေပြီး သွေးကြောများအားလုံးသည်လည်း ထောင်ထနေကာ မီးတောက်နေသည့်အလား နီရဲနေသည်။ သူက လက်ကို ခါလိုက်ရင်း မြေမီးတောက်သလင်းကျောက်ကို ထုတ်ကာ သူ့ရှေ့တွင် နေရာချလိုက်သည်။
” မင်းတို့ ငါ့ကို အဲဒီကျင့်ကြံသူတွေ အားလုံးရှေ့မှာ မျက်နှာပျက်အောင် လုပ်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ချီးပဲကွာ၊ ပိုင်ရှောင်ချန်းက ကောင်းကင်နဲ့ မြေကြီးက အရာတော်တော်များများကို ကြောက်တယ်။ အေးး.. ဒါပေမယ့် မင်းတို့လို သားရဲတွေတော့ မကြောက်ဘူးဟေ့ ”
သူ၏ အင်္ကျီလက်ကို ခါလိုက်ရင်း ဆေးပေါင်းဖိုထဲအား ဆေးပင်အပုံလိုက် ပစ်ထည့်လိုက်သည်။
” အဲဒီ ဗိုက်ပူသားရဲတွေကို မနှိမ်နင်းနိုင်ဘူးဆိုတာ ငါ လုံးဝ လက်မခံဘူး။ ငါရဲ့ ဆေးပေါင်းဖိုတွေ စားပြီး ငါ့ ဆေးလုံးတွေကို ဖျက်စီးပစ်ဝံ့သတဲ့လား။ ငါရဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ် ဝင်ငွေတွေကို ဒီကောင်တွေ သာသနာလာဖျက်တာတောင် တော်တော်ဆိုးနေပြီ။ ဒါ့အပြင် ငါ့ကို သိက္ခါပါချသွားသေးတယ်။ တမင်တကာ အရှက်ခွဲတာပဲ ”
ထိုအကြောင်း တွေးလေ သူ ဒေါသထွက်လာလေဖြစ်ပြီး တစ်ဆက်တည်းမှာပင် ပြုစားခံလိုက်ရသည့်အလား ဆေးစဖော်တော့သည်။
ဤသို့သော အခြေအနေမျိုးတွင် သူ နစ်မြောမသွားသည်မှာ ကြာခဲ့လေပြီ။ သူ၏လက်များမှာ လျင်မြန်သွက်လက်စွာ လှုပ်ရှားနေပြီး ဆေးပေါင်းဖိုမှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာ၏။ မကြာမီ ဆေးပေါင်းဖိုထဲတွင် ဆေးရည်များဖြစ်ပေါ်လာပြီး ပြင်းထန်သော ဆေးရနံ့များ ပျံနှံ့လာတော့သည်။
လျှပ်တစ်ပြက်အတွင်း သုံးရက်ကုန်ဆုံးသွား၏။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းသည် သူ၏နေအိမ်ထဲမှ တစ်ခါမှ ထွက်မလာပေ။ ထိုအစား သူက ဆေးဖော်စပ်ရင်း အထဲတွင်သာနေပြီး ရံဖန်ရံခါ အရူးသဖွယ် တဟားဟားရယ်သံများ အထဲမှ ထွက်ပေါ်လာတတ်၏။
” ငါ့ကို ရန်စရဲတယ်လား။ ပိုင်ရှောင်ချန်း ဘယ်လောက် အံ့သြဖွယ်ကောင်းတယ်ဆိုတာ မင်းတို့ကို တစ်ခါတည်း အကုန်ပြမယ်ဟေ့ ”
” ဟွန်းးးး ဒီဆေးလုံးက အခုထိ အားမပြင်းသေးဘူး။ နေဦးပေါ့ မလောက်လေး မလောက်မစား သားရဲကောင်တွေ နေနှင့်ဦးပေါ့ ”
ကျောက်လုံ၊ လျှိုလီနှင့် အခြားသူများမှာ သူ့ရယ်သံကြီးကိုကြားရသောအခါ သူ၏ ထူးဆန်းနေပုံကို ကြောက်လန့်ကာ ပင့်သက်ရှိုက်လိုက်ကြတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မဟာတံတိုင်းအပြင်ဘက်တွင်ဖြစ်ပွားခဲ့သည့် လူ့ဘီလူးများက ထူးဆန်းသော စက်လုံးသားရဲများကို ပိုင်ရှောင်ချန်း၏ ဆေးပေါင်းဖိုများအား စားရန် အသုံးပြုခဲ့သည် ဆိုသောအကြောင်းကို သူတို့ ကြားပြီးလေပြီ။ ထို့ကြောင့် သူဘာကြောင့် ဒေါသတကြီးပြန်လာရလဲဆိုသည်ကို နားလည်သွားကြသည်။
” ဟိုလူတွေက သူ့ဆေးပေါင်းဖိုတွေကို ဘယ်လိုတားဆီးရမလဲ သိသွားတာလေးကြောင့် တကယ်ကြီး ဒီလောက် ရူးခါသွားတာလား”
နောက်ထပ် နေ့တစ်ဝက်ကုန်ဆုံးသွား၏။ သုံးရက်မြောက်နေ့ ညနေတွင် ဝုန်းခနဲ တံခါးပွင့်သွားပြီး ပိုင်ရှောင်ချန်း ထွက်လာသည်။ သူသည် ပိန်လှီနေပြီး ဆံပင်များလုံးဝရှုပ်ပွနေလေသည်။
” ကျောက်လုံ ။ ငါ ကောင်းကင်ချုံသစ်ရွက်၊ သားရဲကတိုးမ၊ သားရဲအရိုးတွေ၊ မြေနဂါးမြစ်လိုတယ်လို့ ပိုင်လင်းကို သွားပြောလိုက်…. ”
အသက်တစ်ခါရှူချိန်အတွင်းမှာပင် ပိုင်ရှောင်ချန်းက ဆေးပင်အမျိုးအစားဒါဇင်ပေါင်းစွာကို တတွတ်တွတ်ပြောလိုက်သည်။
“ အဲဒါတွေ ငါ ဒီနေ့လိုတယ်”
ထို့နောက် သူက အိမ်ထဲ ပြန်ဝင်သွားပြီးတံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်လိုက်သည်။
ကျောက်လုံမှာ အလွန်စိတ်လှုပ်ရှားလာ၏။ အကြောင်းအရင်းတစ်ခုခုကြောင့် ပိုင်ရှောင်ချန်း၏ ဤပုံစံသည် အလွန်အန္တရာယ်ရှိပုံရသည်။ ပိုင်ရှောင်ချန်းသည် သူ၏ နေအိမ်ထဲ လမ်းပြန်လျှောက်သွားသည်နှင့် ကျောက်လုံတစ်ယောက် စစ်သေနာပတိချုပ် ပိုင်လင်းကို အပြေးအလွှားသွားရှာလိုက်ပြီး မကြာမီ ပိုင်ရှောင်ချန်းတောင်းဆိုခဲ့သော ဆေးပင်များအားလုံး သယ်လာလိုက်သည်။
ကျောက်လုံသည် သိချင်စိတ်ပြင်းပြစွာဖြင့် ပိုင်ရှောင်ချန်း၏တံခါးကို ခေါက်လိုက်ရာ ပွင့်သွားပြီး ပိုင်ရှောင်ချန်းက ဆေးပင်များကို လှမ်းဆွဲလိုက်၏။ ပွင့်နေသော တံခါးကြားမှ လည်ပတ်နေသော ပန်းရောင်ငွေ့ တိမ်တစ်ခုကို ကျောက်လုံ လှစ်ခနဲ မြင်လိုက်ရလေသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများအတွင်း ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးသဖွယ်အလင်းများလက်နေပြီး သူ့ မျက်တွင်းများမှာ ချောင်ကျကာ သူ့ခန္ဓာကိုယ်မှာ ပိန်ချုံးနေလေသည်။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွား၏။ ယခုအချိန်တွင် မြေအောက်မြစ်နှင့်ပူးပေါင်းခြင်းကြောင့် ကောင်းကင်တွင် လေပွေကြီးတစ်ခုပြည့်နေသော်လည်း အကြောင်းတစ်ခုခုကြောင့် ယခုအခါ တဖျစ်ဖျစ်မြည်နေသော လျှပ်စီးတန်းများပြည့်နေသည့် တိမ်များက ဖုံးအုပ်လာလေသည်။ ထို့နောက် သတိပေးချက်တစ်စုံတရာမရှိပဲ လျှပ်စီးတန်းများစွာသည် လက်နက်တိုက်ထံသို့ ဆင်းသက်လာတော့သည်။
လက်နက်တိုက်၏ မန္တန်အစီအရင်များအသက်ဝင်လာသောကြောင့် ထစ်ခြုန်းသံများ မြည်ဟည်းလာတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ အက်ကွဲကွဲ ရယ်သံကြီးကို လေထဲတွင် ကြားလိုက်ရလေသည်။ မြင်ကွင်းများနှင့် အသံများအားလုံး ပေါင်းစပ်သွားခြင်းကြောင့် ချက်ချင်းပင် ကျောက်လုံနှင့် အခြားအစောင့်များသည် ဘေးဘီဝဲယာအား သတိကြီးစွာ ကြည့်လိုက်သည်။
” ဘာတွေတုံး”
” ဘာတွေ ဖြစ်နေတာတုံး ”
တစ်ဆက်တည်းမှာပင် ပိုင်ရှောင်ချန်းနေအိမ်အဆောက်အအုံ၏ ထောင့်များရှိ အက်ကွဲကြောင်းများမှ အငွေ့မျှင်များ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်တွင်းမှာပင် ထိုအငွေ့မျှင်လေးများက နေရာတစ်ခုလုံး ပြည့်သွားပြီး ၎င်းတို့လှုပ်ရှားနေပုံအရ မြွေသေးသေးလေးများစုနေသည့်အလား အသိဉာဏ်ရှိနေ ဟန်တူသည်။
ကျောက်လုံနှင့် ကျန်ရှိသော အစောင့်များသည် ကြောက်လန့်မှုကြောင့် နောက်သို့ ဆုတ်သွားကြသည်။ ထိုမျှဆိုလျှင် ကိစ္စမရှိသော်လည်း လက်နက်တိုက်ထဲတွင် အငွေ့များပေါ်လာသည်နှင့် ပုရွက်ဆိတ်ပေါင်းများစွာ အပေါက်များထဲမှပြေးထွက်လာကြပြီး ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးကုန်ကြလေသည်။
ပုရွက်ဆိတ်များကို မဟာတံတိုင်းမြို့တော်တွင် သိပ်မတွေ့ရသော်လည်း ယခုအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေတော့သည်။ အစောင့်တစ်ယောက်မှ မတုံ့ပြန်နိုင်လိုက်မီ လက်နက်တိုက်တစ်ခုလုံး ပွက်လောရိုက်သွားလေသည်။
” ဘာ…ဘာတွေ ဖြစ်နေတာလဲ”
” ဘုရားကယ်ပါ။ မိုးကြိုးတွေ၊ အငွေ့တွေ၊ ပုရွက်ဆိတ်တွေဟေ့။ ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မယ် ”
လက်နက်တိုက်ထဲ ဖြစ်ပျက်နေသည်တို့အား စဥ်းစားကြည့်ပါလျှင် စစ်တပ်ငါးဖွဲ့ရှိ အခြားကျင့်ကြံသူများလည်း ဝရုန်းသုန်းကားဖြစ်နေကြသည်။ ထို့အပြင် မဟာတံတိုင်းအပြင်ဘက်ရှိ လူ့ဘီလူးများသည်လည်း ထူးဆန်းသောလျှပ်စီးတန်းများကို မြင်လိုက်ကြပြီး မဟာတံတိုင်းမြို့တော်အတွင်းတွင် မည်သည့်ကြောက်မက်ဖွယ်ပစ္စည်းပေါ်နေကြောင်း သိချင်နေကြသည်။
ကောင်းကင်တစ်ခွင် မိုးကြိုးများ ထစ်ခြုန်းနေကြသဖြင့် လူတိုင်း တုန်လှုပ်ချောက်ချားနေကြစဥ် လျှပ်စီးတန်းများစွာ ပေါင်းစပ်ထားပုံပေါ်သော မိုးကြိုးလျှပ်စီးတန်းတစ်ခုသည် လက်နက်တိုက်ကို ဂျိန်းခနဲ ပစ်ချလိုက်တော့သည်။ ထိုမိုးကြိုးသည် မန္တန်အစီအရင်အကာအကွယ်ကို ဖြတ်၍ ထိုးဖောက်သွားပြီး ပိုင်ရှောင်ချန်း၏ နေအိမ်အပေါ် ကျရောက်သွား၏။
မြေကြီး တသိမ့်သိမ့်တုန်သွားပြီး နေအိမ်တစ်ခုလုံး တုန်ခါသွားကာ အတော်များများ ပျက်စီးသွားလေသည်။ ကျောက်လုံနှင့် အခြားအစောင့်များသည် တချိန်လုံး ပင့်သက်ရှိုက်နေရင်း ထိတ်လန့်မှုကြောင့် နောက်ဆုတ်သွားကြတော့သည်။
” မဟာသမားတော်ပိုင် ဘယ်လို ဆေးမျိုးကို ဖော်နေတာလဲကွာ ”
ထိုအချိန်တွင် အရူးရယ်သံအလား အသံရှည်ဆွဲ၍ တဟားဟားရယ်မောနေသော အသံများ ပိုင်ရှောင်ချန်း၏ နေအိမ်အပျက်အစီးပုံထဲမှ ထွက်ပေါ်လာ၏။
” မကောင်းသေးဘူး။ ကျောက်လုံ မင်းကို နောက်ဆုံးအကြိမ်တုံးက ယူခိုင်းလိုက်တဲ့ ပါဝင်ပစ္စည်း စာရင်းအတိုင်း သုံးထောင်သွားယူလိုက်”
ကျောက်လုံမှာ အတော်များများ ပျက်စီးနေသည့် အိမ်ကြီးနှင့် ၄င်းထံမှ ထူထဲသောအငွေ့များ ထပ်ထွက်လာသည်ကို ကြည့်ရင်း တစ်ကိုယ်လုံးတုန်တက်သွား၏။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များ သူ့နှလုံးထဲတွင် ပြည့်ကြပ်နေလေသည်။ တံတွေးမနည်း မျိုချရင်း သူက အခြားအစောင့်များကို လှမ်းကြည့်လိုက်ပြီး သူတို့၏ မျက်နှာများ မည်မျှဖြူဖျော့နေကြောင်း တွေ့လိုက်ရလေသည်။ ဖြစ်ပျက်နေသောအရာများကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေပြီး သူက အံတင်းတင်းကြိတ်၍ အပြေးထွက်သွားလိုက်သည်။
သူပြန်လာသောအခါ ပိုင်လင်းလည်းပါလာ၏။
ပိုင်လင်းသည် အပျက်အစီးများနှင့် ကြောက်မက်ဖွယ် ပန်းရောင်အငွေ့များကို မြင်သောအခါ ကောင်းကင်ရှိ မိုးကြိုးတိမ်များကို မော့ကြည့်လိုက်ပြီး အော်ခေါ်လိုက်သည်။
“ရှောင်ချန်း၊ မင်း သိပ်ပြီး စိတ်ထဲထား…”
” ကျုပ်ကို တစ်ယောက်တည်း လွှတ်ထား။ သားရဲနည်းနည်းလေးပဲလေ၊ ဟုတ်တယ်မလား။ ကျုပ်မှာ အဲ့လို နလပိန်းတုံး သောက်ကျိုးနည်းသားရဲတွေကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်သောင်းရှိတယ်။ စောင့်သာ ကြည့်လိုက် ”
အချိန်အနည်းငယ်ကျော်လွန်သွားပြီးနောက် ပိုင်ရှောင်ချန်းကစကားထပ်ပြော၏။
” ကျောက်လုံ၊ အဲ့ဆေးပင်တွေ ဒီနား ပစ်ချလိုက်”
ကျောက်လုံ မငြင်းဆန်ရဲပေ။ ပိုင်လင်းကို ကြည့်ကာ အတည်ပြုပြီးနောက် သူက ပန်းရောင်အငွေ့ထဲ အိတ်တစ်ခုကို ပစ်ထည့်လိုက်၏။
အချိန်အနည်းငယ်ကြာသည်အထိ ပိုင်လင်းသည် ပိုင်ရှောင်ချန်းကို ရပ်ရန် ကြိုးစားနားချနေလေသည်။ သို့သော်လည်း ထိုအချိန်တွင် အငွေ့များအတွင်းမှ ထစ်ခြုန်းသံများ ကြားလိုက်ရကာ ရုတ်တရက် ပန်းရောင်မှ အနီရောင်ပြောင်းသွားတော့သည်။ တစ်ဆက်တည်းမှာပင် ပိုမိုများပြားသော လျှပ်စီးတန်းများ အပေါ်မှ နိမ့်ဆင်းလာလေသည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ လျှပ်စီးတန်းပထမတစ်ချီ နိမ့်ဆင်းသွားသည်နှင့် နောက်ထပ်ပိုမိုများပြားသော လျှပ်စီးတန်းများ အပြင်တွင် စုဆုံလာကြောင်း မြင်ရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြီးလျှပ်စီးတန်းတစ်သောင်းတိတိသည် ကောင်းကင်တစ်ပြင်လုံးတွင် ပိုက်ကွန်သဖွယ် ဖုံးလွှမ်းလျက် အတူတကွပေါင်းစည်းသွားကြသည်။ မဟာတံတိုင်းမြို့တော်ရှိ အခြား သာမန်ကျင့်ကြံသူများသာမက ပိုင်လင်းသည်ပင် ထိုမြင်ကွင်းကြောင့် ပင့်သက်ရှိုက်သွားရသည်။
ချီတက်လာနေကြသော မြေရိုင်းစစ်တပ်သည်ပင် ဖြစ်ပျက်နေသည်တို့ကို ကြည့်ရန်တုန့်ခနဲရပ်သွားကြလေသည်။ စစ်တပ်ထဲရှိ သားရဲများမှာမူ ရုတ်တရက် အလွန် စိုးရိမ်လာသော ခံစားချက်များကြောင့် ရုတ်တရက် စိတ်ဖိစီးလာတော့သည်။ တချို့မှာ ရင်ခုန်နှုန်းမြန်ဆန်လာပြီး ရူးသွပ်ခြင်းများ လှုံ့ဆော်ခံလိုက်ရသည့်အလား နီရဲတောက်ပသော မျက်လုံးများဖြင့် မဟာတံတိုင်းမြို့တော်ထံ လှမ်းကြည့်လိုက်လေသည်။
ပိုင်လင်းသည် အငွေ့များ အနီရောင်ပြောင်းသွားသည်ကို မြင်ရသောအခါ မကောင်းသော ခံစားချက်များကြောင့် ရုတ်တရက် စိတ်ဖိစီးလာတော့သည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကြောင့် မဟုတ်ပဲ ပိုမိုနက်ရှိုင်းသော စိတ်ဆန္ဒတစ်ခုနှင့်ပတ်သက်၍ ကြောက်စရာ တစ်စုံတရာ ရှိနေသည်။
” ရှောင်ချန်း.. အ…အရမ်းကြီး.. မကြိုးစားပါနဲ့. ငါ အဲဒီ စက်လုံးသားရဲတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာနေတယ်… မင်း ဒီတိုင်း…”
” ကျုပ်ကို နားချဖို့ မကြိုးစားနဲ့”
သူက အသံကျယ်ကျယ်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
” ကိုယ်တော်ပိုင်ရဲ့ ဆေးပေါင်းဖိုတွေကို စားရတာ ထင်သလောက်မလွယ်ဘူးဆိုတာ အဲဒီ သောက်ကျိုးနည်း သားရဲတွေကို ကျုပ် ပိုင်ရှောင်ချန်း ပြမယ်”
အိမ်ထဲတွင် ပိုင်ရှောင်ချန်းသည် ဆံပင်များရှုပ်ပွ၍ မျက်နှာထားတင်းမာနေကာ ဆေးပုလင်းများစွာ ခြံရံလျက် နီရဲတောက်နေသော ဆေးပေါင်းဖိုရှစ်လုံးရှေ့တည့်တည့်တွင် ထိုင်နေလေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံမြင့်တက်လာစေရန် ဝိညာဥ်အရက် နှင့် အထူးဆေးလုံးများစွာကို လုံးဝအားထားလျက် ဆေးဖော်စပ်ခြင်းတွင် ရူးသွပ်နေလေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အားကုန်ထုတ်သုံးထားကြောင်း ပြောလျှင် မှန်ပေမည်။
သူက မာန်သွင်းကြုံးဝါးလိုက်ပြီး ပြင်းထန်စွာ တုန်ခါနေသော ဆေးပေါင်းဖိုများ၏ မျက်နှာပြင်အပေါ်ကို သူ၏လက်များဖြင့် ရိုက်ချလိုက်တော့သည်။
၎င်းတို့၏ မျက်နှာပြင်များအပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့လာစဥ် ပြင်းထန်သော ဆွဲအားများ ပေါ်ထွက်လာ၏။ တချိန်တည်းမှာပင် အနီရောင်အငွေ့များ မွှေနှောက်သွားပြီး ချက်ချင်းပင် ဆေးပေါင်းဖိုရှစ်လုံးထဲ ဝင်သွားတော့သည်။
အငွေ့များ ပျောက်ကွယ်သွားသည်နှင့် ပိုင်ရှောင်ချန်းသည် ပိုင်လင်းနှင့် အခြားသူများရှေ့တွင် ပေါ်လာ၏။ သူ့မျက်လုံးများထဲတွင် အလင်းများ စူးရှတောက်ပနေပြီး သူက ခေါင်းနောက်လှန်၍ အဆုတ်ကွဲလုမတတ် အော်ရယ်လိုက်လေသည်။
” မလောက်လေး မလောက်စား ဗိုက်ပူသားရဲတွေ။ ငါ ပိုင်ရှောင်ချန်းက မင်းတို့အတွက် အံ့သြစရာကောင်းတဲ့ လက်ဆောင်လေး ပြင်ပြီးသွားပြီ။ ငါ့ပစ္စည်းတွေကို နောက်ထပ်စားရဲဦးမလား ကြည့်ကြသေးတာပေါ့ ”
” အဆင့်အမြင့်ဆုံး ပါဝင်ပစ္စည်း ထောင်ပေါင်းများစွာကို ငါ အသုံးပြုထားတယ်ကွ။ မိုးကြိုးလျှပ်စီးတန်း တစ်သောင်းနဲ့ အညစ်အကြေးတွေကို သန့်စင်ထားတယ်။ ဒါ့အပြင် ငါ့ရဲ့ လျှို့ဝှက်မှော်သိုင်းတစ်ခုနဲ့ ထပ်ပြီး သန့်စင်ထားသေးတယ်။ တတိယအကြိမ်သန့်စင်ဖို့ ဆေးပေါင်းဖိုတွေကို တော်တော် ဖျက်စီးခဲ့ရတယ်။ ရလဒ်ကတော့ ထိပ်တန်းပဲဟေ့။ ကောင်းကင်နဲ့ မြေပြင်မှာ ပြိုင်ဘက်ကင်း။ သားရဲ အထီးကော အမကော သက်ရောက်စေမယ့်ဟာ၊ ဟားဟား… အနံ့လေးတစ်ချက်ရှူလိုက်လာနဲ့ သွပ်သွပ်ခါ ရူးသွားစေရမယ်။ အကုန်လုံးကို တုန်လှုပ်သွားစေမယ့် ကာမအားတိုးဆေးတဲ့ဟေ့ “