မိုးကောင်းကင်ကြီး လင်းထိန်လာသည်ကိုတောင် စာသင်ခန်းမထဲမှ မည်သူကမှ သတိမထားမိကြပေ။ ဝမ်ပေါင်လဲ့နှင့် အကြီးအကဲတို့၏ စကားများမှာ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး အလွန် ကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် အကြီးအကဲကြီးအား တရိုတသေ ဦးညွှတ်လိုက်တော့သည်။
” ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲကြီး။ ကျနော့်ဆီမှာ မေးစရာ မေးခွန်းတွေ မရှိတော့ပါဘူး ”
ထိုအဆင့်မြင့်ကျွန်း၏ ဓမ္မလက်နက်ဂေဟာမှ ရောက်လာသော အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း သူ့အပေါ် အထင်ကြီးလေးစားမှုများမှာ ပို၍ ကြီးထွားလာတော့သည်။ ဝမ်ပေါင်လဲ့၏ မေခွန်းများကို ကြည့်၍ ဝမ်ပေါင်လဲ့သည် ကမ္ဗည်းစာများကို နက်နက်နဲနဲ နားလည်ထားပြီဖြစ်ကြောင်း သူက သိနေပြီ ဖြစ်သည်။
ထိုကဲ့သို့သော နားလည်မှုမျိုးကို ကမ္ဗည်းစာလုံး မြောက်မြားစွာ အာဂုံဆောင်ရုံနှင့် မရရှိနိုင်ပေ။ အံ့ဩဖွယ်ကောင်းလောက်အောင် ပါရမီပါမှသာ ထိုကဲ့သို့ နားလည်နိုင်မည်ဖြစ်ကြောင်း သူက သိသည်။ သူသည် ထိုကဲ့သို့ ပါရမီပါသည့် လူတစ်ယောက်ကို မြေတောင်မြှောက်ပေးလိုသောကြောင့် မေးခွန်းတစ်ခုထပ်မေးကာ စကားဆက်လိုက်ပြန်သည်။
” လူလေး … မင်းက ငါ့ကို မေးခဲ့တာ မေးခွန်းပေါင်း တစ်ရာလောက်တောင် ရှိတော့မယ်။ ဒီအဘိုးကြီးကလည်း မင်းကို မေးခွန်းတချို့ ပြန်မေးချင်တယ်။ မင်း ငါ စိတ်ကျေနပ်အောင် ဖြေပေးနိုင်ရင် မင်းကို ဓမ္မအဆောင်တစ်ခု လက်ဆောင်ပေးမယ်။ စမ်းကြည့်ချင်လား ”
အကြီးအကဲကြီးက ထိုသို့မေးလိုက်ပြီး ညာလက်ကိုမြှောက်၍ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ထုတ်ပြလိုက်သည်။ ထိုလက်ကောက်တစ်ခုလုံး မြစိမ်းရောင် သန်းနေသောကြောင့် ကျောက်မျက်ရတနာ တစ်ခုနှင့်ပင် တူနေ၏။ ၎င်းဆီမှ အေးစက်သော ချီတစ်မျိုး ပေါ်ထွက်နေသောကြောင့် စာသင်ခန်းမထဲမှ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားသည်။
ကျောင်းသားခေါင်းဆောင်အားလုံး အကြီးအကဲကြီး၏ လက်ကောက်အား မျက်လုံးပြူးကြီးများဖြင့် ဝိုင်းကြည့်နေကြသည်။ သူတို့မှာ ထိုပစ္စည်း၏ အဆင့်ကို မခန့်မှန်းနိုင်ပါသော်လည်း အကြီးအကဲကြီး ပိုင်ဆိုင်ထားသော ပစ္စည်းဖြစ်သောကြောင့် တမူထူးခြားနေမည်သာ ဖြစ်ကြောင်း နားလည်ထားကြသည်။
” ဝမ်ပေါင်လဲ့ … ဒါက အရည်အသွေးကောင်းတဲ့ ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခု ဖြစ်တဲ့ သိုလှောင်လက်ကောက်ပဲ။ သူ့မှာ အကာအကွယ် ဂုဏ်သတ္တိတစ်ခုရှိတယ်။ မေးခွန်းကို ကောင်းကောင်းဖြေနော် ”
ပါမောက္ခကြီးက သူ့အား လှမ်းကြည့်ကာ ပြုံး၍ အသိပေးလိုက်သည်။
သူ ထိုကဲ့သို့ ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးနားတစ်ဝိုက်မှ ကျောင်းသားခေါင်းဆောင်များ တအံ့တဩ ရေရွတ်မိသွားကြတော့သည်။ သူတို့ထဲမှ အများစုမှာ ဂနာမငြိမ် ဖြစ်သွားကြပြီး ဆွံ့အသွားကြ၏။
” သိုလှောင်ဓမ္မအဆောင် တစ်ခုပါလားဟ။ မင်းမေဘ ”
” ဒါ….ဒါက သိုလှောင်ဓမ္မအဆောင် တစ်ခုပဲကွ ”
” သိုလှောင်ဓမ္မအဆောင်တွေ အားလုံးက အရမ်းတန်ဖိုးကြီးတယ်။ ဈေးကွက်ထဲမှာ ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အာနာပါနအဆင့်ကို ရောက်ရှိပြီးတဲ့လူတွေမှသာ အဲဒီလိုအဆောင်မျိုးကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရှိတာ ”
ချောင်ခွင်းမှာ အလွန် မနာလိုဖြစ်နေသောကြောင့် မျက်လုံးများပင် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကယောင်ချောက်ချား ဖြစ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အရူးမီးဝိုင်းဖြစ်နေ၏။ သူသည်လည်း သိုလှောင်ဓမ္မအဆောင်တစ်ခု၏ တန်ဖိုးကို နားလည်ထားသည်ဖြစ်ပြီး ထိုကဲ့သို့ အဆောင်တစ်ခုကို ဖန်တီးရသည်မှာ ခက်ခဲကြောင်းကိုလည်း သိထားသည်။ ထို့အပြင် ထိုလက်ကောက်မှာ ကာကွယ်ပေးနိုင်သည့်ဂုဏ်သတ္တိတစ်ခုကိုပင် ပိုင်ဆိုင်ထားသေးသည်။
ထို့ကြောင့် ထိုအဆောင်မှာ သာမန် သိုလှောင်ဓမ္မအဆောင်တစ်ခုထက် ပို၍အဖိုးတန်သည်ဟု ဆိုနိုင်ပေသည်။
ထိုအခြင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
” ကျေးဇူးပြု၍ မေးပါ အကြီးအကဲကြီး ”
ထိုအခါ အကြီးအကဲကြီးမှာ ရယ်မောလိုက်ပြီး သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်း မေးလိုက်၏။
” သေချာနားထောင် လူလေး။ ငါတို့တွေက ရေကမ္ဗည်းစာလုံးကို လိုချင်ရင် ကမ္ဗည်းစာလုံး အမျိုးအစားတွေ အများကြီးကို ယှဉ်တွဲရတယ်မလား။ ဒါပေမဲ့ လေထဲမှာဆိုရင် ရေငွေ့တွေရှိတယ်လေ။ အဲဒီအချက်နဲ့ ရေမှာ အခြေအနေ သုံးမျိုးရှိတဲ့ အချက်ကို အသုံးပြုပြီးတော့ ပိုကောင်းတဲ့ အစွမ်းသတ္တိတစ်ခု ထွက်လာအောင် ပိုကောင်းတဲ့ ဓမ္မအဆောင် ကမ္ဗည်းစာလုံးတစ်လုံးကို ရေးလို့ ရနိုင်မလား။ အဲဒီလို ရေးနိုင်တယ်ဆိုရင် ဘယ် ကမ္ဗည်းစာလုံးတွေကို ယှဉ်တွဲရမလဲ ”
အကြီးအကဲကြီးက ထိုမေးခွန်းကို မေးလိုက်သည်နှင့် ချောင်ခွင်း၏ လက်များမှာ ချွေးများပြန်လာရတော့သည်။ သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ထိုမေးခွန်းကို နားလည်နိုင်ပါသော်လည်း သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ အဓိပ္ပါယ် အတိအကျကို နားမလည်ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အလျင်အမြန် လှမ်းကြည့်လိုက်၏။
ဆရာမုတ်ဆိတ်နှင့် ဓမ္မလက်နက်ဌာနမှ အခြားဆရာများပင် စဉ်းစားတွေးတော နေကြရပြီ ဖြစ်သည်။ ဘေးနားတွင်ရပ်နေသည့် ပါမောက္ခကြီးမှာလည်း ထိုမေးခွန်းကို ကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ ဝမ်ပေါင်လဲ့ မေးခဲ့သော မေးခွန်းများမှာ အဆင့်မြင့် ကမ္ဗည်းစာ ပညာရပ်များနှင့် သက်ဆိုင်နေသောကြောင့် သူ၏အစ်ကို မေးခဲ့သော မေးခွန်းမှာလည်း အဆင့်မြင့် ကမ္ဗည်းစာ ပညာရပ်များနှင့် ဆက်နွယ်နေရမည်ဟု သူက သုံးသပ်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ ပြူးသွားပြီး သူ၏ ဦးနှောက်ထဲတွင် မျက်နှာဖုံးကြီးမှရသော ပုံသေနည်းကို ချက်ချင်းအသုံးပြုကာ အကြီးအကဲကြီး၏ မေးခွန်းကို ခွဲခြမ်းစိတ်ဖြာ၍ သူ၏ ပုံသေနည်းထဲသို့ ထည့်သွင်းလိုက်သည်။ သို့သော် ထို မေးခွန်းမှာ ခက်ခဲလှသောကြောင့် သူသည် တစ်ကြိမ်တည်းနှင့် ပုံသေနည်းကိုအသုံးပြုကာ အဖြေကို တွက်မထုတ်နိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူ၏ ဦးနှောက်မှာ သွက်လက်မြန်ဆန်စွာ အလုပ်လုပ်နေတော့သည်။ သူသည် ထိုအချိန်တိုလေးအတွင်း ပုံသေနည်းကိုအသုံးပြုကာ ဆယ်ကြိမ်ထက်ပို၍ တွက်ချက်ပြီးသွားပြီဖြစ်သည်။
သူသည် ထိုသို့တွက်ချက်နေရင်း ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီး၏ လက်ထဲရှိ လက်ကောက်ကိုလှမ်း၍ ကြည့်လိုက်သည်။ ထိုအချိန်တွင် ထိုလက်ကောက်ထဲ၌ သူ့ အဖြေ၏ အခရာကို ရှာတွေ့သွားတော့သည်။ သို့သော် သူ၏ တွက်ချက်မှုမှတစ်ဆင့် အဖြေရရှိသွားသောကြောင့် ထိုအချက်ကို ရှင်းမပြနိုင်ဘဲ ဖြစ်သွားရသည်။ ၎င်းမှာ သူတို့ပြောခဲ့သည့် အဆင့်မြင့်ကမ္ဗည်းစာ ပညာရပ်များနှင့် မတူပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ထိုနေရာမှာပင် ကမ္ဗည်းစာလုံးများကို စတင်ရေးထိုးလိုက်တော့သည်။ ထိုလုပ်ရပ်ကြောင့် လူများမှာ သူ့အပေါ် အာရုံစိုက်သွားကြ၏။
ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီး၏ အမူအရာမှာမူ ပြောင်းလဲမသွားဘဲ ခပ်ရေးရေးမျှသာ ပြုံးလိုက်၏။
လူတိုင်း ဂရုတစိုက် ကြည့်ရှုနေကြစဉ် ဝမ်ပေါင်လဲ့မှာ အမြန်ဆုံးနည်းဖြင့် ကမ္ဗည်းစာလုံး ရေးထိုးလိုက် ခေတ္တမျှ ရပ်နားလိုက် လုပ်နေ၏။ သူသည် သူ၏ဦးနှောက်ထဲတွင် အဆက်မပြတ် တွက်ချက်နေရင်း အကြိမ်တစ်ရာကျော် တွက်ချက်ပြီးသွားသောအခါ နောက်ဆုံးစာလုံးကို ရေးထိုးလိုက်တော့သည်။
ထိုအခါ ဝိညာဉ်ကျောက်တုံးကြီးမှာ ဝင်းလက်တောက်ပစွာ ဖျတ်ခနဲလက်သွားပြီး အက်ကွဲသံတစ်သံ ပေါ်ထွက်လာ၏။ ထို့နောက် ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ဖုန်မှုန့်များအသွင် ပြောင်းလဲသွားတော့သည်။ ဘေးပတ်ပတ်လည်မှ လူများအားလုံးကမူ မျက်တောင်တဖျတ်ဖျတ် ခပ်သွားကြ၏။ ချောင်ခွင်းမှာမူ စိတ်အေးသွားပြီး လှောင်ပြုံးပြုံးရန် ပြင်လိုက်၏။
သို့သော် သူ ထိုကဲ့သို့ ပြုံးလိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဝိညာဉ်ကျောက်တုံးကြီး ကြေမွသွားရာမှ ထွက်ပေါ်လာသော ဖုန်မှုန့်များကို လျစ်လျူရှုကာ လက်နှစ်ဖက်ဆုပ်၍ ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးအား အရိုအသေပေးလိုက်၏။
” တော်တယ်။ တော်တယ်။ တော်တယ် ”
ထိုအကြီးအကဲကြီးမှာမူ ကျယ်လောင်စွာ ရယ်မောကာ ချီးကျူးလိုက်ပြီး မတ်တတ်ထလိုက်၏။ ထို့နောက် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ ထို သိုလှောင်လက်ကောက်မှာ ဝမ်ပေါင်လဲ့ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလက်ဆောင်ကို ရယူလိုက်ပြီးနောက် အလွန် ကျေးဇူးတင်သွားသဖြင့် အကြီးအကဲကြီးအား လေသံကျယ်ကျယ်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။
” ဒီ ရတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ ”
ပါမောက္ခကြီးမှာလည်း သဘောကျနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတော့သည်။ ဆရာမုတ်ဆိတ်နှင့် အခြားဆရာများမှာ၏ မျက်လုံးများထဲတွင်လည်း အထင်ကြီးလေးစားမှုများနှင့် ပြည့်နှက်နေ၏။
ထို အခြင်းအရာမှာ ထူးဆန်းလွန်းသောကြောင့် ဘေးပတ်ပတ်လည်မှ ကျောင်းသားခေါင်းဆောင်များမှာ သေသေချာချာ နားမလည်နိုင်ကြတော့ချေ။ ချောင်ခွင်းမှာလည်း မျက်လုံးများပြူးသွား၏။ သူသည် အာရုံစိုက်၍ ကြည့်ရှုနေသည့် တိုင်အောင် လုံးဝ နားမလည်လိုက်ပေ။ ပါမောက္ခကြီးနှင့် အခြားသူများ အထင်ကြီးအံ့ဩနေရသည့် အကြောင်းအရင်းကိုလည်း နားမလည်နိုင်ချေ။
ထိုအခိုက်အတန့်တွင် လင်းတျန်ဟောက် တစ်ယောက်သာလျှင် သိသိသာသာ အမူအရာ ပြောင်းလဲသွား၏။ သူ၏ အသက်ရှူနှုန်းများမှာ မြန်ဆန်လာကာ သူ၏ နှလုံးသားမှာ တုန်ရီသွားပြီး ဂနာမငြိမ် ဖြစ်လာရတော့သည်။
ကျောင်းသားခေါင်းဆောင်များ ထိုကဲ့သို့ အဖြေရှာမရ ဖြစ်နေစဉ်တွင် ဝမ်ပေါင်လဲ့၏ရှေ့မှ ဖုန်မှုန့်များမှာ တိမ်တိုက်ငယ်လေးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် လူအုပ်ကြီးရှေ့ရှိ နေရာလွတ်တွင် မိုးများရွာကျလာတော့သည်။ ထိုအချိန်တွင် အကြီးအကဲကြီး၏ လက်ကောက်မှ လေအေးတစ်ချက် တိုက်ခတ်လာသဖြင့် ထိုမိုးရေစက်များမှာ ရေခဲများအသွင် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာကြတော့သည်။
ပါမောက္ခကြီးမှာ အခြားလူအားလုံး ဆွံ့အနေကြသည်ကိုမြင်၍ ခံစားချက်အပြည့်ဖြင့် ရှင်းပြလိုက်၏။
” ဒီ မေးခွန်းရဲ့ ခက်ခဲမှုက ကမ္ဗည်းစာလုံး ရွေးချယ်နည်း မဟုတ်သလို ရေးထိုးနည်းလည်း မဟုတ်ဘူး။ လွယ်ကူရှင်းလင်းအောင် ပြုလုပ်တဲ့နည်းက ခက်ခဲတာ။ ပိုပြီးတော့ ခက်ခဲတဲ့အချက်ကတော့ ဝိညာဉ်ငှားခြင်း အပိုင်းပေါ့။ လက်ကောက်ထဲမှာရှိတဲ့ ဆီးနှင်းချီကို အသုံးပြုလိုက်တဲ့အခါမှာ ရေရဲ့ အခြေအနေ သုံးမျိုးစလုံးကို အပြည့်အဝ ပုံဖော်နိုင်သွားတာပေါ့ ”
ထိုမြင်ကွင်းကြောင့် လူတိုင်း ပင့်သက်ရှိုက်သွားကြပြီး တအံ့တသြဖြစ်ကာ ဆွံ့အသွားကြတော့သည်။ သူတို့အားလုံး ဝမ်ပေါင်လဲ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြ၏။ ချောင်ခွင်းမှာလည်း ပို၍ပင် မှင်တက်သွားသည့် ပုံပင်။
ထိုအချိန်တွင် ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးက ပြုံးလိုက်ပြီး ထွက်ခွာရန်ပြင်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ဘေးမှဖြတ်သွားသောအခါ သူ၏ ပခုံးအား ပုတ်လိုက်ပြီး သူ၏ ဘေးတွင်ရှိသော ပါမောက္ခကြီးကို ကြည့်ကာ ချီးကျူးစကား ဆိုလိုက်၏။
” ဒီကောင်လေးက မင်းရဲ့ ဓမ္မလက်နက်ဌာနက ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင်မလား။ သိပ်တော်တယ်ကွာ။ သိပ်တော်တယ် ”
ထိုစကားကို ကြားလိုက်ရသောအခါ ချောင်ခွင်းမှာ ကျောချမ်းသွားပြီး သူ၏ အမူအရာမှာလည်း ပို၍ပင် အရုပ်ဆိုးသွားတော့သည်။ ပါမောက္ခကြီးကမူ ပြုံးသာပြုံးပြလိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ ဆရာမုတ်ဆိတ်နှင့် အခြားသူများမှာမူ အထူးတဆန်းဖြစ်နေကြ၏။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ အဖြေကို တွက်ထုတ်ပြီးသွားသောကြောင့် သတိပြန်ဝင်လာသဖြင့် ချောင်ခွင်း၏ ခနဲ့တဲ့တဲ့ ပြောခဲ့သောစကားများကို ပြန်၍ သတိရသွားတော့သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို နှိမ့်ချမှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဓမ္မလက်နက်အဆောင်မှ အကြီးကဲကြီးအား တိုးတိုးလေး အသိပေးလိုက်၏။
” အကြီးအကဲကြီး…. ကျနော်က ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင် မဟုတ်ပါဘူး။ အဲဒါ သူပါ ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ပြီး ရှုံ့မဲ့နေသော ချောင်ခွင်းအား လက်ညှိုးထိုးပြလိုက်၏။
ထိုအခါ ချောင်ခွင်း၏ နှလုံးသားထဲတွင် အမုန်းမီးတောက်များ လောင်းကျွမ်းလာတော့သည်။ သို့သော် သူ့အား လူတိုင်းက ဝိုင်းကြည့်နေကြသည်ဖြစ်ရာ ထိုခံစားချက်များကို ထုတ်ပြ၍မဖြစ်ပေ။ ထို့ကြောင့် သူသည် ဟန်ဆောင်ပြုံးလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။ သို့သော် သူ ပြီးအောင် အရိုအသေ မပေးနိုင်ခင်မှာပင် ဓမ္မလက်နက်ဌာနဂေဟာမှ အကြီးကဲကြီးက အခြားတစ်ဖက်သို့ လှည့်သွားပြီး ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် ကြည့်လိုက်တော့သည်။
” အဲဒါဆို မင်းက ဝိညာဉ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ပဲ ဖြစ်ရမယ် ”
ထိုအခါ လင်းတျန်ဟောက်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့ကမူ ရှက်ပြုံးပြုံးကာ လင်းတျန်ဟောက်၏ အမူအရာကို ဂရုမစိုက်ပဲ သူ့အား လက်ညှိုးထိုး၍ ဆိုလိုက်ပြန်သည်။
” သူက ဝိညာဉ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ပါ အကြီးအကဲကြီး။ ကျနော်က ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ပါ ”
ဓမ္မလက်နက်ဂေဟာမှ အကြီးကဲကြီးမှာ ထိုစကားကို ကြားလိုက်ရသောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး အထူးတဆန်း ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် ခေါင်းယမ်းကာ အနည်းငယ် တွေးတော့လိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူ၍ ဝမ်ပေါင်လဲ့အား ပေးလိုက်၏။
” ဒီကျောက်စိမ်းပေလွှာထဲမှာ ဝိညာဉ်အမြုတေပြီးရင် သင်ရတဲ့ ပစ္စည်းသန့်စင်ခြင်း ပညာရပ်အကြောင်းတွေ ပါတယ်။ မင်း ဒါကို ရင်းနှီးအောင် လုပ်ပြီး လေ့လာထားကြည့်ပေါ့ ”
ဓမ္မလက်နက်အဆောင်မှ အကြီးကဲကြီးမှာ ထိုကျောက်စိမ်းပေလွှာကို လက်ဆောင်ပေးပြီးနောက် ပါမောက္ခကြီးနှင့်အတူ ထွက်ခွာသွားတော့သည်။
သိပ်မကြာခင် ပါမောက္ခကြီး ပြန်ရောက်လာပြီး ကျောင်းသားခေါင်းဆောင်အားလုံးကို အားပေးစကားများ ပြောကြားလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့အား သူ၏ ပညာလေ့လာမှု အကြောင်းများကို မေးမြန်းလိုက်ပြီး သူ၏ သင်တန်းမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
ဆရာမုတ်ဆိတ်နှင့် အခြားသူများမှာလည်း စတင်ထွက်ခွာသွားတော့သည်။ သို့သော် သူတို့အားလုံးမှာ မထွက်ခွာခင် ဝမ်ပေါင်လဲ့အားသေသေချာချာ စိုက်ကြည့်သွားကြ၏။ ဆရာမုတ်ဆိတ်မှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း ကျေနပ်အားရစွာ ပြုံးနေတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်အနေဖြင့် ခေါ်ယူခဲ့သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရ၏။
သူသည် ဝမ်ပေါင်လဲ့အား အားပေးစကား အနည်းငယ် ပြောကြားလိုက်ပြီး ဓမ္မလက်နက်ဌာနမှ အခြားဆရာများနှင့်အတူ ထွက်ခွာသွားတော့သည်။
ဆရာများ အားလုံး ထွက်ခွာသွားကြသောအခါ အခြား ကျောင်းသားခေါင်းဆောင်များမှာ မိတ်ဖွဲ့လိုသောဆန္ဒများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းရောက်လာကြတော့သည်။ သူတို့မှာ ရယ်မောရင်း တစ်ယောက်နှင့်တစ်ယောက် စကားများပြောကာ ပါမောက္ခတောင်ထိပ်ပေါ်မှ ဆင်းလာကြပြီး တောင်ခြေသို့ ရောက်သောအခါမှသာ လမ်းခွဲလိုက်ကြတော့သည်။
ချောင်ခွင်းနှင့် လင်းတျန်ဟောက်တို့သာ ရှံု့မဲ့နေသော အမူအရာများဖြင့် မကြာခဏဆိုသလို ဝမ်ပေါင်လဲ့၏ နောက်ကျောအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြ၏။ အကယ်၍ အကြည့်များတွင်သာ လူသတ်နိုင်စွမ်း ရှိမည်ဆိုပါက ချောင်ခွင်းမှာ ဝမ်ပေါင်လဲ့အား ဓားဖြင့် အကြိမ်သန်းပေါင်းများစွာ ထိုးပြီးသား ဖြစ်နေပြီ ဖြစ်သည်။
” ချောင်ခွင်း … မင်း အိမ်ကိုပြန်ရောက်ရင် ပိုပြီးတော့ ကြိုးစားဖို့လိုတယ်။ အဲဒီဖက်တီးက မင်းဆီကနေ ကမ္ဗည်းစာခန်းမကျောင်းသားခေါင်းဆောင်ရာထူးကို လုဖို့ ရောက်လာလိမ့်မယ်လို့ ငါထင်တယ် ”
လင်းတျန်ဟောက်မှာ စိတ်သောက ရောက်နေရပြီဖြစ်သည်။ ထိုကဲ့သို့ သတိပေးနေခြင်းမှာ အသုံးမဝင်ကြောင်းကို သူကသိပါသော်လည်း သက်ပြင်းချကာ ချောင်ခွင်းအား သတိပေးလိုက်ဆဲပင်။
ချောင်ခွင်းမှာမူ ကြက်သေသေနေတော့သည်။ သူသည် ယခင်ကတည်းက တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားနေခဲ့ရသည်ဖြစ်ရာ ယခုတွင် ပို၍ပင် ထိတ်လန့်တုန်လှုပ်နေရတော့သည်။ သူသည် နတ်ဝိဇ္ဇာဂူဆီသို့ အပြေးပြန်သွားလိုက်ပြီး မျက်ထောင့်နီကြီးများဖြင့် ပညာရပ်များကို အရူးတစ်ယောက်လို လေ့လာနေလိုက်တော့သည်။