သူတို့အုပ်စုက မဟာတံတိုင်းမြို့တော်သို့ နီးကပ်လာစဥ် တစ်နေရာအရောက်တွင် တသိမ့်သိမ့်လှုပ်ရှားပြီး ဂယက်ထနေသော အငွေ့အသက်များဖြစ်ပေါ်လာကာ သူတို့အား ဝန်းရံလာပြီး ထိုနေရာတွင် ပိတ်လှောင်လိုက်သည်။
၎င်းအား ပကတိမျက်စိဖြင့်မမြင်ရနိုင်ပဲ အနေအထိုင်ကျဥ်းကျပ်စေသော တမူထူးခြားသည့် စွမ်းအားများက သူတို့အား ချက်ချင်း ဝိုင်းရံထားခြင်းကြောင့် ရွေ့လျားလှုပ်ရှားရန်ပင် မဖြစ်နိုင်ချေ။ ဇောင်ထျန်ကျောက်ပင် ရုတ်တရက် ဒယီးဒယိုင်ဖြင့် ရပ်တန့်သွားပြီး ကြွက်သားတစ်ခုပင် မလှုပ်ရှားနိုင်တော့ချေ။
ချိန်ယွဲ့ရှန်၊ ပိုင်ရှောင်ချန်းနှင့် အခြားအဖွဲ့ဝင်များမှာလည်း အလားတူဖြစ်နေသည်။ သူတို့အားလုံးမှာ ရုတ်တရက် မာတောင့်နေသော ပျဥ်ချပ်ကြီးများအလား လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။
ထို့နောက်တွင် ဂယက်ထနေသောစွမ်းအားများက သူတို့၏ သက်သေခံတံဆိပ်ပြားကို စစ်ဆေးရန် လျှို့ဝှက် နည်းလမ်းအချို့ကိုသုံးလိုက်ပြီး ထိုတံဆိပ်ပြားများမှာ သူတို့ပိုင်ဆိုင်ကြောင်း အတည်ပြုလိုက်သည်။ မျက်လုံးသုံးလုံးပိုင်ရှင် ချိန်ဟဲ့ထျန်၏သမီး ချိန်ယွဲ့ရှန်ပင် စေ့စေ့စပ်စပ် စစ်ဆေးခံလိုက်ရသည်။
ထို့နောက် အခြားအငွေ့အသက်များက သူတို့ကိုယ်တွင်းသို့ ဝင်ရောက်သွားပြီး သူတို့၏စိတ်ဝိညာဥ်များအားစစ်ဆေးနေသည်ကို ခံစားလိုက်ရသည်။
၎င်းမှာ တစ်ခဏသာကြာသော်လည်း ထိုအချိန်တိုလေးအတွင်းမှာပင် ပိုင်ရှောင်ချန်းနှင့် အခြားသူများမှာ သေခြင်းတရားမှာ ပွတ်ကာသီကာ လွတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့အားလုံး တုန်ရီသွားကြသည်။
နောက်ဆုံးတွင် သူတို့အားလုံးမှာ မလှုပ်မယှက်နှင့် နတ်ဘုရားအာရုံနှင့် စစ်ဆေးခံလိုက်ရပြန်သည်။ အကယ်၍သူတို့ထံမှာ မကောင်းသောရည်ရွယ်ချက်များရှိခဲ့လျှင် သံသယအဝင်ခံရကာ ချက်ချင်းအသတ်ခံရလိမ့်မည်။
တင်းကျပ်သောစစ်ဆေးမှုများပြုလုပ်ပြီးနောက် သူတို့အား ပိတ်လှောင်ထားသည့်အငွေ့အသက်များမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူတို့က ပြန်လည်လှုပ်ရှားနိုင်လာသည်။ သူတို့၏ မျက်နှာအမူအယာများဝင်းလက်သွားပြီး မဟာတံတိုင်းမြို့တော်ဆီသို့ ဆက်လက်သွားလိုက်သည်။
လွန်ခဲ့သောအချိန်အနည်းငယ်က အုပ်စုငယ်လေးအား ရပ်တန့်ပြီးစစ်ဆေးနေသည့်အချိန်တွင် မဟာတံတိုင်းမြို့တော်၏တစ်နေရာတွင် တံခါးပေါက်တစ်ခုပွင့်လာပြီး အနက်ရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦး ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ အမြုတေအဆင့်မဟာစက်ဝန်း၏ အငွေ့အသက်များဖြာထွက်နေပြီး လူသတ်ငွေ့များမှာလည်း အချိန်နှင့်အမျှ ပိုမိုပြင်းထန်နေသည်။ ထိုလူက ခြေလေးလှမ်းသွားပြီးချိန်တွင် အသစ်ရောက်လာသောအဖွဲ့၏ အရှေ့သို့ရောက်လာသည်။
ဇောင်ထျန်ကျောက်ပင်လျှင် ထိုလူ၏ လူသတ်ငွေ့မှာ တစ်မူထူးခြားနေကြောင်း ခံစားမိနိုင်သည်။
သူ၏အကြည့်များက ချိန်ယွဲ့ရှန်ဆီသို့ကျရောက်သွားပြီးနောက် သူကချက်ချင်းပင် လက်ကိုယှက်ကာ ဦးညွတ်လိုက်သည်။
” ကျုပ်က အရေခွံဆုတ်တပ်ရဲ့တပ်မှူးကြီး လီဟုန်မင်ပါ”
” အခုမင်းတို့ကြုံတွေ့ခဲ့ရတဲ့စစ်ဆေးမှုက သာမန်လုပ်ထုံးလုပ်နည်းလေးပဲရှိပါသေးတယ်။ မဟာတံတိုင်းမြို့တော်ရဲ့ မန္တန်အစီအရင်က ဝင်လာသမျှလူတိုင်းကို တင်းတင်းကြပ်ကြပ်စစ်ဆေးတဲ့ အထူးလုပ်ဆောင်မှုတစ်ခုသာဖြစ်တယ်။ မျှော်လင့်မထားတဲ့အဆင်မပြေမှုအတွက်မင်းတို့ ကျုပ်ကိုခွင့်လွှတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ် ”
လီဟုန်မင်၏စကားပြောပုံအရ သူတို့ထံမှ တုန့်ပြန်မှုတစ်ခုကိုမျှ မျှော်လင့်ထားပုံမရသော်လည်း သူတို့အား ဂရုတစိုက်နားထောင်စေလိုနေသည်။
” မဟာတံတိုင်းမြို့တော်အတွင်းမှာ အချိန်အကြာကြီးနေခွင့်မပြုဘူး..။ တကယ်ဆိုရင် တခြားနတ်မီးလျှံစမ်းသပ်ပွဲ ဂိုဏ်းသား တွေကိုတောင် အတွင်းထဲဝင်ခွင့်မပြုထားဘူး။ သူတို့က မဟာတံတိုင်းမြို့တော်ရဲ့ဘေးဘက်ဂိတ်ဝတွေကနေတစ်ဆင့်ပဲ ဝင်၊ထွက်ခွင့်ရှိတာ..။ ပြီးတော့ အဲ့လိုလုပ်ဖို့ကိုလည်း အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်ထက်ပိုလို့မရဘူး”
” ဒါပေမဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးက မင်းတို့အဖွဲ့ကို မြို့ထဲဝင်ခွင့်ပြုဖို့ အမိန့်စာပေးထားတယ်။ ဒါပေမဲ့ တစ်နေ့ပဲရတာနော်..။ အဲ့တာပြီးရင်တော့ မင်းတို့ထွက်သွားရမယ်..ကျုပ်က မင်းတို့ရဲ့နေထိုင်ရေးကို ကြီးကြပ်ဖို့တာဝန်ပေးထားခံရတယ်..။ ဒါကြောင့်မို့ မင်းတို့အားလုံးကို ကျုပ်ရဲ့မျက်စိအောက်က ပျောက်ကွယ်ခွင့်မပြုဘူး..။ ကျေးဇူးပြုပြီး စီစဥ်ပေးထားတာကို လိုက်နာပေးပါ” ထိုသို့ဆိုကာ သူကလှည့်ကာပြန်လျှောက်သွားလေသည်။
ပိုင်ရှောင်ချန်းက လီမင်ဟုန်အား စစ်ဆေးကြည့်သောအခါ ထိုသူ၏ကျင့်ကြံခြင်းအခြေခံမှာ သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံထက် အနည်းငယ်ပိုမြင့်သည်ဟုဆိုနိုင်သော်လည်း ထိုလူ၏လူသတ်ငွေ့များမှာ အလွန်တရာ ပြင်းထန်နေသည်။ ထို့အပြင် သူ၏မျက်လုံးများမှာ မရေမတွက်နိုင်သည့် ဝိညာဥ်အများအပြားကို သတ်ဖြတ်ထားသောကြောင့် သွေးများဖြာထွက်နေသည်ဟုပင် ထင်ရလေသည်။
ထိုကဲ့သို့သောပုဂ္ဂိုလ်က စစ်သားတစ်ထောင်အား တာဝန်ယူစောင့်ရှောက်ထားသည့် တပ်မှူးကြီးမျှသာဖြစ်သည်ဟူသောအချက်က ပိုင်ရှောင်ချန်းအား စစ်တပ် ငါးခုနှင့်စပ်လျဥ်း၍ ပိုမိုတုန်လှုပ်ချောက်ချားသွားစေသည်။
တစ်ခဏကြာတိတ်ဆိတ်နေပြီးနောက် ဇောင်ထျန်ကျောက်က လီဟုန်မင်နောက်သို့ အလျင်အမြန်လိုက်ကာ မေးမြန်းလိုက်သည်။
” အစ်ကိုလီ.. စောစောက စစ်ဆေးမှုက ဘာကြောင့်မို့ ကျုပ်တို့ရဲ့ စိတ်ဝိညာဥ်အထိ ထိုးဖောက်စစ်ဆေးရတာလဲ”
လီဟုန်မင်က ဇောင်ထျန်ကျောက်အားလှည့်၍ပင်မကြည့်ပဲ ပြောလိုက်သည်။
” လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ် ကာလတုန်းက မဟာတံတိုင်းမြို့တော်ရဲ့အပြင်ဘက်မှာရှိတဲ့ အမုန်းဝိညာဥ်တွေက ကျင့်ကြံသူအဖြစ်ဟန်ဆောင်နိုင်တဲ့ တမူထူးခြားတဲ့ပညာရပ်ကို ဖန်တီးခဲ့ကြတယ်။ သူတို့က အဲဒီပညာရပ်ကိုသုံး၊ မဟာတံတိုင်းမြို့တော်ကို ထိုးဖောက်ဝင်ရောက်ပြီး စစ်သေနာပတိချုပ်တွေကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲ့အချိန်ကစပြီး အဲ့လိုနည်းလမ်းတွေကို ဆန့်ကျင်ဖို့ ကျုပ်တို့က ကြိုတင်ကာကွယ်မှုတွေလုပ်ခဲ့ရတာ..။ မြို့ထဲဝင်လိုတဲ့သူတိုင်း ပထမဦးဆုံး စိတ်ဝိညာဥ်စစ်ဆေးမှုကို ခံယူရတယ်”
ဇောင်ထျန်ကျောက်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ်မေးခွန်းများဆက်မမေးတော့ချေ။ လီဟုန်မင်က သူတို့အုပ်စုအား မဟာတံတိုင်းမြို့တော်အတွင်းသို့ ဦးဆောင်လမ်းပြပေးနေ၏။ ပိုင်ရှောင်ချန်းက ကျန်အဖွဲ့ဝင်များနှင့်အတူ သတိကြီးစွာလိုက်သွားလေသည်။
ထိုနေရာမှာ အရှေ့ပင်လယ်မြို့တော်၊ကမ္ဘာမြို့တော်တို့နှင့် ကွဲပြားခြားနားကြောင်း သူ သိလိုက်လေသည်။ ပထမဦးဆုံးအနေဖြင့်….မြင်နိုင်သမျှနေရာတိုင်းတွင် မည်သည့်စျေးဆိုင်မျှမရှိချေ။ လူအများအပြားရှိသော်လည်း အများစုမှာ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြပြီး အေးစက်ကာ ခံစားချက်မဲ့သောမျက်နှာများနှင့်ဖြစ်ကြသည်။
ဤနေရာမှာ အမှန်ဆိုလျှင် မြို့တစ်မြို့မဟုတ်ချေ….ကြီးမားသော စစ်တပ်အခြေစိုက်စခန်းသာဖြစ်ပေသည်။
ကျင့်ကြံသူများအားလုံးမှာ စစ်တပ် ငါးခု၏အဖွဲ့ဝင်များဖြစ်ကြပြီး အဖွဲ့ဝင်တိုင်းမှာ မြို့ထဲတွင်ကိုယ်ပိုင် ဌာနစိတ်များရှိလေသည်။ နေရာတိုင်းတွင် ကြမ်းတမ်း၊တင်းမာပြင်းထန်သည့်လေထုရှိပြီး ပိုင်ရှောင်ချန်းနှင့် အခြားအဖွဲ့သားများအား အတော်ကလေး နေမထိထိုင်မသာဖြစ်သွားစေသည်။
ဇောင်ထျန်ကျောက်အပေါ်တွင်ပင် သက်ရောက်မှုရှိလေသည်။
လီဟုန်မင်က ပိုင်ရှောင်ချန်းနှင့်အခြားသူများ၏ တုံ့ပြန်မှုကိုမြင်လိုက်သောအခါ သူ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာပြီး အနည်းငယ်အထင်အမြင်သေးသည့်အရိပ်အယောင်များကို သူ၏မျက်လုံးထဲတွင်တွေ့နိုင်သည်။ သူက သူတို့ကို အထင်မကြီးသည်မှာ သိသာထင်ရှားလှသည်။ နတ်အဆင့်ခေါင်းဆောင်ကြီး၏အမိန့်ကြောင့်သာမဟုတ်လျှင် သူတို့အား မြို့တော်အတွင်းလှည့်ပတ်ပြသသည့်အဆင့်ထိ သူ့ကိုယ်သူနှိမ့်ချနေမည်မဟုတ်ချေ။
သူ့အနေအထားကို စဥ်းစားကြည့်လျှင် သူ၏လက်ရှိတာဝန်မှာ တိုက်ခိုက်ခြင်း၊ ကျင့်ကြံခြင်းများကို ခဏအနားပေးထားသည့် သဘောသာ ဖြစ်နေသည်။
” သူတို့က ဟိတ်ဟန်များတဲ့ ကလေးအုပ်စုဆိုတာထက် မပိုပါဘူးကွာ။ ဒီနေရာမှာ စစ်ပွဲက ဘာနဲ့တူတယ်ဆိုတာ လာကြည့်ရုံလေးပဲ ”
သူ၏နှလုံးသားထဲတွင် အထင်သေးခြင်းများပြည့်နှက်နေသော်လည်း မဟာတံတိုင်းမြို့တော်အတွင်းသို့ဦးဆောင်လမ်းပြစဥ် သူ၏မျက်နှာအား ခံစားချက်မဲ့သည့်အနေအထားအတိုင်း ထိန်းသိမ်းထားလေသည်။
လမ်းတစ်လျှောက်တွင် စစ်တပ် ငါးခု၏ ကျင့်ကြံသူများမှာ လီဟုန်မင်အားကြည့်ကာ သူဝတ်ဆင်ထားသည့်ချပ်ဝတ်တန်ဆာအမျိုးအစားကို မြင်သောအခါ လက်ကိုယှက်၍ လေးလေးစားစားပင်ဂါရဝပြုကြလေသည်။
” တပ်မှူးကြီးကို ဂါရဝပြုပါတယ်..”
” တပ်မှူးကြီး ကိုရိုသေစွာနှုတ်ဆက်ပါတယ်”
ပိုင်ရှောင်ချန်းက ထိုကဲ့သို့သောနှုတ်ခွန်းဆက်ဂါရဝစကားများစွာကို ကြားခဲ့ရပြီး အခြားကျင့်ကြံသူများ၏ မျက်နှာများထက်တွင် လေးစားရိုသေသည့်အသွင်များကို မြင်လိုက်ရသောအခါ မတတ်သာပဲ တပ်မှူးကြီးရာထူးအဆင့်အတန်းနှင့်ပတ်သက်၍ သိလိုစိတ်များပြင်းပြလာသည်။
ဇောင်ထျန်ကျောက်နှင့် အခြားသူများမှာ ခရမ်းရောင်နံရံကြီးများအား ကြည့်ရှုနေရင်း သူတို့၏ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြှုပ်နေလျက်ရှိသည်။
မြို့ထဲရှိ အဆောက်အဦးများအပါအဝင် အရာရာတိုင်းမှာ ခရမ်းရောင်ဖြစ်နေကြပြီး သွေးညှီနံ့များ လှိုင်လှိုင်ထွက်နေလေသည်။
” မဟာတံတိုင်းမြို့တော်ကို စစ်တပ်ကြီး ငါးခုနဲ့ လိုက်လျောညီထွေဖြစ်အောင် စီရင်စု ငါးခုအဖြစ်ပိုင်းခြားထားတယ်။ ကျုပ်တို့က အခုလောလောဆယ် အရေခွံဆုတ်တပ်လက်အောက်က စီရင်စုမှာ ရောက်နေတယ်။ ဒီစီရင်စုက ကမ္ဘာမြို့တော်ထက်ကိုကြီးမားတယ်”
” အရေခွံဆုတ်တပ်ရဲ့စီရင်စုကိုထပ်ပြီး မြို့စောင့်တပ်ဆယ်ခုအဖြစ်ထပ်ဆင့်ခွဲသေးတယ်။ ဟိုဘက်ကဟာဆိုရင်…. စစ်သေနာပတိချုပ်ပိုင်လင်း ပိုင်ဆိုင်တဲ့နေရာပဲ ”
လီဟုန်မင်က ကျယ်ပြန့်သောနေရာရှိ မီတာသုံးရာမြင့်မားပြီး ခရမ်းရောင်ခေါင်းတလားကြီးနှင့်တူသည့် အဆောက်အဦးအားညွှန်ပြနေသည်။
ခေါင်းတလားကြီးတွင် အရေခွံဆုတ်တပ်ဟူသော စာတန်းကိုရေးထိုးထားပြီး အန္တရာယ်လက္ခဏာ အငွေ့အသက်များကို ထုတ်လွှင့်နေသည်။ ပိုင်ရှောင်ချန်းကလှည့်ပတ်ကြည့်လိုက်စဥ် ကျင့်ကြံသူများက ခေါင်းတလားကြီးအားကြည့်သည့်အခါ သူတို့၏မျက်လုံးများထဲတွင် စိတ်အားထက်သန်ပြီး လေးစားသည့် အကြည့်များကို မြင်လိုက်ရသည်။ လီဟုန်မင်သည်လည်း အလားတူပင်။
” တခြားတွေမှာလည်း အတူတူပဲ..။ ဒါကြောင့် မင်းတို့ကို ကျုပ်လိုက်မပြတော့ဘူး” လီဟုန်မင်ကသူတို့အား မြို့တော်အတွင်း ဖြောင့်ဖြောင့်မသွားပဲကွေ့ပတ်သွားသည့်လမ်းကြောင်းအတိုင်း ဦးဆောင်ခေါ်သွားပြီး နောက်ဆုံးတွင် သူတို့အား သာမန်ခြံဝင်းလေးထဲသို့ ခေါ်ဆောင်သွားသည်။
လီဟုန်မင်က မွန်းတည့်နေအားမော့ကြည့်လိုက်ပြီးနောက် အေးတိအေးစက်ပြောလိုက်သည်။
” နောက်တောင်ကျနေပြီပဲ.. မင်းတို့ အနားမယူလို့ရပြီ။ ညအချိန်အပြင်မထွက်ရအမိန့်ရှိတယ်..။ အဲ့တာကိုမမေ့ကြနဲ့.. ဂရုတစိုက်နေကြ ”
ပိုင်ရှောင်ချန်းက နေကိုမော့ကြည့်လိုက်ပြီး ညအချိန်ရောက်ရန် အမှန်ပင်စောလွန်းသေးကြောင်း သိလိုက်လေသည်။ သိသာထင်ရှားစွာပင် လီဟုန်မင်က သူတို့အားလှည့်ပတ်ပြသရင်း အချိန်များထပ်ဖြုန်းချင်ဟန် မတူချေ။
” မနက်ဖြန်မနက်စောစော မင်းတို့အပြင်ထွက်တဲ့အခါ ကျုပ် လိုက်ပြီး စောင့်ရှောက်ပေးမှာပါ ”
ထိုသို့ဆိုကာ လီဟုန်မင်က လှည့်ထွက်သွားလေသည်။
ဇောင်ထျန်ကျောက်က မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုအားပြောအံ့ဆဲဆဲတွင် ချိန်ယွဲ့ရှန်က အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီးပြောလေသည်။
” အစ်ကိုလီ ခဏလောက်စောင့်ပါဦး”
လီဟုန်မင်က တစ်နေရာတွင် ရပ်လိုက်သည်။ အကယ်၍ ထိုအဖွဲ့ထဲမှ မည်သူမဆို သူ့အားစကားလှမ်းပြောလျှင် သူက လျစ်လျူရှုထားလိုက်ပေမည်။ သို့သော်လည်း ချိန်ယွဲ့ရှန်၏အဆင့်အတန်းမှာ ကွဲပြားခြားနားလေသည်။ သူက အနည်းငယ်မျက်မှောင်ကြုတ်ရင်း သူမအားလှည့်၍ကြည့်လိုက်သည်။
” အစ်ကိုလီ…ကျမတို့ မဟာတံတိုင်းကိုကြည့်ချင်သေးလို့ အဲဒီဆီခေါ်သွားပေးလို့ရမလား”
သူမသည် စောစောက ဇောင်ထျန်ကျောက် တွေးနေသည့်စကားအတိုင်း ညင်သာစွာပြောလိုက်သည်။
တစ်ခဏကြာ တိတ်ဆိတ်ပြီးနောက် လီဟုန်မင်ကဖြည်းညင်းစွာပြောလိုက်သည်။ ” အခုလောလောဆယ်အဲဒီမှာ စစ်ပွဲဖြစ်နေလို့ အင်မတန် အန္တရာယ်များတယ်။ တကယ်လို့ ကျုပ်တို့သွားခဲ့ရင် မင်းတို့ရဲ့လုံခြုံရေးကို ကျုပ်အာမ မခံနိုင်ဘူး။ မင်းတို့သွားချင်တာသေချာလား”
” အင်း..သိပ်သေချာတာပေါ့ ” ဇောင်ထျန်ကျောက်က ခေါင်းညိတ်၍ဆိုလေသည်။
ပိုင်ရှောင်ချန်းက ခဏကြာ တုံ့ဆိုင်းသွားသော်လည်း အခြားသူများက ခေါင်းညိတ်လိုက်သည်ကိုမြင်လိုက်ရသောအခါ လိုက်ပါရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ” ကျုပ်တို့ သွားကြည့်ချင်နေတာ ကြာလှနေပြီ ”
လီဟုန်မင်က သူတို့အား ထပ်မံဖျောင့်ဖြတားမြစ်ခြင်းမလုပ်ပေ။ သူက ဦးတည်ချက်ပြောင်းကာ သူတို့အား မဟာတံတိုင်းဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။