စီမာဖေးရု၏ အသံကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရေကန်ထဲမှ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ဝုန်းခနဲ ပေါက်ကွဲထွက်လာလေသည်။
တစ်ဆက်တည်းမှာပင် စီမာဖေးရု၏ နောက်လိုက်များဖြစ်သော ပုံရိပ်ဆယ်ခုသည် အရပ်မျက်နှာအနှံ့မှ လေပေါ်သို့ တဟုန်ထိုးပျံတက်သွားကြသည်။ သူတို့အားလုံးများ၏ မျက်နှာများပေါ်တွင် ခံစားချက်ကင်းမဲ့သော အပြုံးများ ရှိနေသည်။ သူတို့၏ သခင်လေး ကျင့်ကြံအားထုတ်နေသည်ကို နှောင့်ယှက်သည့် မည်သူ့ကိုမဆို ထိတ်လန့်ကြောက်ရွံဖွယ်ကံကြမ္မာနှင့်ကြုံတွေ့စေရန် ယုံကြည်ထားကြသည်မှာ သိသာထင်ရှားလှသည်။
ဤသည်မှာ စီမာဖေးရုက ကျင့်ကြံခြင်းနယ်မြေတစ်ခုအား အပိုင်းစားယူထားသည့် ပထမဆုံးအကြိမ် မဟုတ်သလို သူကျင့်ကြံနေစဥ် လူတစ်ယောက်က သူ့ကို နှောင့်ယှက်ရန် ကြိုးစားသည့် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။ သို့သော်လည်း သူ့ကို ကျော်လွှားရန် ကြိုးစားရာတွင် တစ်ယောက်မှ မအောင်မြင်ဘဲ နောက်ဆုံး၌ လူတိုင်း လက်လျှော့လိုက်ရလေသည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကကြောင့် မျက်လုံးများတွင် သွေးအေးရက်စက်သောအလင်းများတောက်ပနေပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဖော်ကာ အေးစိမ့်နေသောရေကန်ကို လက်ညှိုးလှမ်းထိုးလိုက်သည်။
” ပိတ်ထားစမ်း”
သူက ညာဖက်လက်ညှိုးဖြင့် ဟန်ဇောင်ကျောင်းတော်စိတ်မန္တန်ကို ထုတ်ဖော်လိုက်ရင်း အော်ငေါက်လိုက်လေသည်။ ချက်ချင်းပင် ေအးစိမ့်ပညာရှင်အဆင့်နားရှိ အေးစိမ့်ချီများ ထွက်ပေါ်လာတော့သည်။
စီမာဖေးရုက ရေကန်ထဲမှထွက်လာရန် ပြင်လိုက်စဥ် အေးစိမ့်ချီများသည် အလင်းတန်းတစ်ခုအသွင် ဆင်းသက်လာကာ ရေပြင်ကို ရိုက်ခတ်သွားတော့သည်။ ချက်ချင်းပင် အက်ကွဲသံများ ပေါ်ထွက်လာပြီး ရေကန်တစ်ခုလုံး ခဲသွားလေသည်။
ရေကန်အေးခဲသွားရုံသာမက ဧရာမမျက်နှာကြီးလည်း အေးခဲသွားပြီး အပေါက်ဝကို ထွက်လာရန် ပြင်လိုက်သည့် စီမာဖေးရုပင်လျှင် အေးခဲသွားတော့သည်။
စီမာဖေးရု၏ မျက်နှာမှာ ရှုံ့မဲ့နေလေသည်။ သူ မလှုပ်ရှားနိုင်လိုက်ခင် ပိတ်မိနေပြီး သူ့ကိုယ်ထဲဝင်လာသည့် ကြောက်မက်ဖွယ် အေးစိမ့်ချီများကြောင့် လူစင်စစ်မှ ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားတော့သည်။
သူ၏ ပါးစပ်မှာ ပြဲနေပြီး မျက်လုံးများမှာ လုံးဝ မယုံကြည်နိုင်မှုများဖြင့် ပြူးထွက်နေတော့သည်။
ထိုနေရာရှိ သူ၏နောက်လိုက်များမှာ အံ့သြမှင်သက်သွားကြပြီး သူတို့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်ကုန်ကြတော့သည်။
” ဘယ်..ဘယ်..လိုလုပ်..ဖြစ်နိုင်တာတုန်း”
“အဲဒါ ပိုင်ရှောင်ချန်းမလား။ ဘုရားရေ ။ သူက အဆင့် ၄၉၀လောက်ပဲ ရတာမလား။ သူ့လက်လေးတစ်ချက်ဝှေ့တာနဲ့ စီမာဖေးရုကို ချိတ်ပိတ်လိုက်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး ”
စီမာဖေးရု ၏ နောက်လိုက်များမှာ သူတို့ကို ကျော်၍ပိုင်ရှောင်ချန်းပျံသွားသဖြင့် ခေါင်းများ ချာချာလည်ရင်း ကျန်ခဲ့လေတော့သည်။
သူ၏ အမြန်နှုန်းကြောင့် မိစ္ဆာနှိမ်နင်းရေးခန်းမကို ရောက်ရန် သိပ်မကြာလိုက်ပေ။ သူက တွေဝေတွန့်ဆုတ်မနေဘဲ တန်းဝင်သွားလိုက်တော့သည်။ အပြင်တွင် ပိုင်ရှောင်ချန်းမှာ ထင်ရှားကျော်ကြားခြင်းမရှိသော်လည်း မိစ္ဆာနှိမ်နင်းရေးခန်းမထဲတွင် လူတိုင်းက သူ့ကို တရိုတသေ လေးလေးစားစားဆက်ဆံကြလေသည်။ ဖုန်းယွမ်ဒဲ့က သူ့ကို အလွန်တရာဂရုစိုက်ခြင်းကြောင့် ပိုင်ရှောင်ချန်းက ထင်ရာစိုင်းနိုင်လေသည်။ သူ့ကို မည်သူမှ မနှောင့်ယှက်ရဲကြလေရာ အချိန်အနည်းငယ်အတွင်းမှာပင် ပင်မဂူ၏ အရှေ့သို့ရောက်သွားတော့သည်။
ဂူထဲဝင်လိုက်သည်နှင့် ဂူအဆုံးတွင်ထိုင်နေသော ဖုန်းယွမ်ဒဲ့ကို ချက်ချင်းတွေ့လိုက်ရလေသည်။ အပြေးအလွှားသွားရင်း သူက လက်ယှက်ကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။
“ပိုင်ရှောင်ချန်း အဆောင်မှူးကို အရိုအသေပေးပါတယ်။ အဆောင်မှူးကို အသက်တစ်ချောင်းကယ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်ခင်ဗျာ ”
” ဒီတစ်ကြိမ် ဘာဖြစ်ရပြန်တာလဲ” ဖုန်းယွမ်ဒဲ့က အတန်ငယ်ကပ်သီးကတ်သပ်ပြောလိုက်သည်။
ပိုင်ရှောင်ချမ်းသည် ဖက်တီးကျန်းကြီး၏ အခြေအနေကို အလျင်အမြန် ရှင်းပြလိုက်ပြီး ခါးကျိုးမတတ် ထပ်ခါထပ်ခါ အရိုအသေပေးရင်း ကူညီပေးရန် တောင်းပန်နေတော့သည်။
မကြာမီ ဖုန်းယွမ်ဒဲ့ ၏ အမူအရာမှာ လေးနက်လာ၏။ ပိုင်ရှောင်ချန်းက လေးနက်တည်ကြည်စွာ ပြုမူသည်ကို သူ တစ်ခါမှမမြင်ဖူးခဲ့ပေ။ အခြေအနေကို ကြားရပြီးနောက် တခဏမျှ စဥ်းစားလိုက်ပြီး မျက်မှောင်ကြုတ်လာတော့သည်။
” စိတ်ဆန္ဒအမြုတေတဲ့လား။ ကောင်းပြီလေ.။ ငါတစ်ချက်လိုက်ကြည့်ပေးမယ်” ထို့နောက် သူက ထလိုက်လေသည်။ ပိုင်ရှောင်ချန်းက ဆက်လက်အရိုအသေပေးနေစဥ် ဖုန်းယွမ်ဒဲ့က အင်္ကျီလက်ခါလိုက်ကာ သူနှင့်အတူ ပိုင်ရှောင်ချန်းကိုပါ တည်နေရာရွှေ့ပြောင်းရာတွင် ခေါ်သွားတော့သည်။
သူတို့ပြန်ပေါ်လာသောအခါ ကီလိုမီတာ ၅၀၀ အကွာအဝေးရောက်သွားြပီး တစ်ဖန် တည်နေရာရွှေ့ပြောင်းလိုက်ပြန်ရာ ဖက်တီးကျန်းကြီး၏ အင်မော်တယ်ဂူရှေ့ရောက်သွားလေသည်။ ပိုင်ရှောင်ချန်းမှာ တည်နေရာရွှေ့ပြောင်းခြင်းပညာကို မျက်စိဖြင့် တပ်အပ်မြင်ရသောကြောင့် တုန်လှုပ်သွားပြီး တချိန်တည်းမှာပင် အနည်းငယ် အားကျလာတော့သည်။
ဖုန်းယွမ်ဒဲ့က နတ်ဆရာ၊ ချင်းမေ့ယွမ်နှင့် ရွှီပေါက်ချိုင်တို့ စောင့်နေသည့် ဖက်တီးကျန်းကြီး၏ အင်မော်တယ်ဂူထဲသို့ ဦးဆောင်ဝင်သွားလေသည်။ ပိုင်ရှောင်ချန်းက ဖုန်းယွမ်ဒဲ့အား အတူ ခေါ်လာသည်ကို သူတို့ မြင်သောအခါ အလျင်အမြန် အရိုအသေပေးလိုက်ကြပြီး နောက်ဆုတ်သွားကြလေသည်။
ဖုန်းယွမ်ဒဲ့ဂရုစိုက်သည်မှာ ပိုင်ရှောင်ချန်းဖြစ်ပြီး အခြားလူများ မဟုတ်လေရာ အာရုံထဲထည့်မနေပေ။ ဖက်တီးကျန်းကြီးထံ လျှောက်သွားပြီး နဖူးပေါ်သို့ လက်တင်ကာ နတ်ဘုရားအာရုံအချို့ ပို့လွှတ်လိုက်သည်။ တခဏမျှစမ်းသပ်ပြီးနောက် သူ၏ အမူအရာမှာ ယခင်ထက်ပင်ပို၍ လေးနက်လာတော့သည်။
ထိုသည်ကို ပိုင်ရှောင်ချန်း မြင်ရသောအခါ ရင်ခုန်သံမြန်လာပြီး သွေးဆုတ်ဖြူရော်သွားလေသည်။
” တကယ်ကို စိတ်ဆန္ဒ အမြုတေပဲ…” ဖုန်းယွမ်ဒဲ့က လက်ကို ပြန်ရုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ သက်ပြင်းချလျက် သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
“လဝက်လောက်ဆိုရင်တော့ ငါကူညီပေးနိုင်ကေါင်းပေးနိုင်လိမ့်မယ်။ ဒါပေမယ့် အခုတော့ သူက လေထဲမှာ တဖျပ်ဖျပ်လှုပ်နေရတဲ့ ဖယောင်းတိုင်လိုပဲ။ သေမင်းဆီေရာက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။သူ့ကို ကယ်နိုင်လောက်တဲ့အထိ ငါ့မှာ အစွမ်းမရှိဘူး…”
ပိုင်ရှောင်ချန်းမှာ ကျောက်တူကြီးဖြင့် အထုခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ ရင်တဒိန်းဒိန်းခုန်လျက် ဖြူရော်နေသောမျက်နှာနှင့် သူ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ သူသည် သောကပရိေဝဒမီးများ တောက်လောင်လျက် ပြိုလဲကျတော့မည့်အလား ဖြစ်နေတော့သည်။
ချက်ချင်းပင် ဖက်တီးကျန်းကြီးနှင့် အမှတ်တရများအားလုံးကို ပြန်ပြောင်းအမှတ်ရလာတော့သည်။
” တခြားနည်းလမ်းရှိသေးလား”
သူက အလောင်းကောင်ကဲ့သို့ ဖြစ်နေသော ဖက်တီးကျန်းကြီးကို လှမ်းကြည့်ပြီးပြောလိုက်သည်။
” မင်းအတွက် သူက ဘယ်သူလဲ” ဖုန်းယွမ်ဒဲ့၏ မျက်လုံးများတွင် ထူးဆန်းသောအလင်းများ တောက်ပနေပြီး မေးလိုက်လေသည်။
” သူက ကျုပ်ရဲ့ အစ်ကိုအကြီးဆုံးပါ” ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ သူ၏မျက်လုံးထဲတွင် ဖက်တီးကျန်းကြီးကို ကယ်ရန်အတွက် ဘာမဆို ပေးဆပ်နိုင်ကြောင်း ထင်ဟပ်နေလေသည်။ ဖုန်းယွမ်ဒဲ့မှာ သူမြင်လိုက်ရသည့် စိတ်ပိုင်းဖြတ်ထားမှုကြောင့် တုန်လှုပ်သွားတော့သည်။
ယခုအချိန်တွင် ကောင်းကင်တံတားတမန်တော်သူ့ကိုပေးထားသည့်ကတိကြောင့်သာ ပိုင်ရှောင်ချန်းကိုစောင့်ရှောက်နေခြင်းဖြစ်သည်။ သို့သော် ယခုတွင် သူ့မျက်လုံးများအတွင်းရှိ အကြည့်ကို မြင်ရပြီးနောက် သူအချိန်အတော်ကြာမမြင်ခဲ့ရသည့် ပိုင်ရှောင်ချန်း၏ ခံစားချက်ကို အာရုံရလိုက်လေသည်။
” ဒီကလေးက သူ့မိတ်ဆွေတွေကို အင်မတန် ဂရုစိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ… ”
သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် သူ့ဘဝအတွေ့အကြုံများကြောင့် ပိုင်ရှောင်ချန်းက ဟန်ဆောင်နေခြင်းမဟုတ်ကြောင်းသိလေသည်။
တခဏတွေးပြီးနောက် သူက ဖက်တီးကျန်းကြီးကို ပို၍ နှံ့နှံ့စပ်စပ်စစ်ဆေးလိုက်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်တွင် သူက ပြောလိုက်သည်။
“မင်းအစ်ကိုကြီးကို ကယ်ဖို့ အခွင့်အရေးရနိုင်သေးတယ်။ ဒါပေမယ့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်က လုပ်မပေးနိုင်ဘူး။ဝါရင့်ဂိုဏ်းဝင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဒါမှမဟုတ် နတ်အဆင့် စွမ်းအားလိုလိမ့်မယ်။ ဒါမှ စိတ်ဆန္ဒအမြုတေပတ်လည်မှာ ကစဥ့်ကလျားဖြစ်တာတွေပျောက်ပျက်သွားပြီး အမြုတေ အပြည့်အဝ ဖြစ်ပေါ်လာမှာ။”
ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ့မျက်လုံးများမှာ တလက်လက်တောက်ပလာတော့သည်။ တစ်ချက်လေးမှပင် တုံ့ဆိုင်းမနေပဲ သူကပြောသည်။
” နတ်အဆင့်စွမ်းအား။ ကျုပ်ဘယ်လိုရနိုင်မလဲ။ ကျုပ်မှာရှိတဲ့ စွမ်းဆောင်ရည်မှတ်အကုန်ပေးနိုင်တယ်”
နတ်ဆရာ၊ ချင်းမေ့ယွမ်နှင့် ရွှီပေါက်ချိုင်တို့ပင် သူ့အသံထဲရှိ တည်ကြည်လေးနက်သော ပြတ်သားခြင်းတို့ကို သိလိုက်ရလိုက်လေသည်။
ဖုန်းယွမ်ဒဲ့က ခေါင်းခါလိုက်သည်။
” နတ်အဆင့်စွမ်းအားဆိုတာ ကြီးကြယ်မြင့်မြတ်တဲ့ နတ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ စွမ်းအားတချို့တစ်ဝက်ကို အဆောင်လက်ဖွဲ့ထဲစုပြီး တစ်ခါသုံးမှော်ပစ္စည်းတစ်ခုအသွင်ပြောင်းထားတာ။ ထုံးစံတွေအရဆိုရင် နတ်အဆင့်ကျင့်ကြံသူတွေက အဲ့လိုအဆောင်တွေကို သူတို့တပည့်တွေကို အကာအကွယ်အဖြစ်ပေးတယ်”
“အဲ့လို ပစ္စည်းတွေကို ပြုလုပ်ဖို့ နှစ်တွေအများကြီးကြာပြီး တန်ဖိုးလည်း အရမ်းကြီးတယ်။ မင်း စွမ်းဆောင်ရည်မှတ်နဲ့ ဝယ်လို့ရတဲ့အရာမဟုတ်ဘူး”.
နတ်ဆရာက အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ရွှီပေါက်ချိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့ကြားရသည်ပေါ်အခြေခံ၍ သာမန်ဂိုဏ်းသားအနေနှင့် ထိုပစ္စည်းမျိုးကို ရနိုင်လိမ့်မည်မဟုတ်ပေ။ ပုံမှန်အားဖြင့် နတ်အဆင့်ကျင့်ကြံသူများ၏ တပည့်များအတွက်သာ သီးသန့် ပြုလုပ်ထားခြင်းဖြစ်လေသည်။
ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပို၍ ဖြူဖပ်ဖြူလျော်ဖြစ်လာသော်လည်း ယခုအခါ သူ့မှာ မျှော်လင့်ချက်ရှိလာလေပြီ။
” မင်း နတ်အဆင့်စွမ်းအားကို လိုချင်ရင် ” ဖုန်းယွမ်ဒဲ့က ဆက်ပြောသည်။
” နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဆရာအဖြစ် မင်း ရမှဖြစ်မယ်။ အဲ့လိုမဟုတ်ရင် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်စမ်းသပ်ပွဲကို စိန်ခေါ်ပြီး သက်တန့်ရဲ့ ခရမ်းရောင်အပိုင်းရောင်အောင်လုပ်၊ မင်းအောင်မြင်ရင် ဂိုဏ်းက ပေးတဲ့ အခွင့်အရေးရလိမ့်မယ်။ ဒါဆိုရင် နတ်အဆင့်စွမ်းအား တောင်းနိုင်ပြီ”
” သက်တန့်ရဲ့ ခရမ်းရောင်အပိုင်း” ရွှီပေါက်ချိုင် ခပ်ယဲ့ယဲ့ပြောလိုက်သည်။ ” အဲဒါကကော ဖြစ်နိုင်လို့လား…”
သက်တန့်ဒေသပေါ်တွင် အချိန်အနည်းငယ်သာနေရသေးသော်လည်း ရွှီပေါက်ချိုင်သည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များအကြောင်း နည်းနည်းပါးပါးသိထားပြီး သက်တန့်၏ ခရမ်းရောင်အပိုင်းကို ရောက်ရန်မှာ အလွန်တရာ ခက်ခဲကြောင်းသိလေသည်။
ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲသည် နောက်ဆုံးစမ်းသပ်ပွဲဖြစ်၏။ လက်ရှိဂိုဏ်းသားမျိုးဆက်၌ ထိုကြယ်အုပ်စုတွင် ရှစ်ခုသာရှိခဲ့သည်မှာ အချိန်အတော် ကြာခဲ့လေပြီ။ မကြာသေးမီက ကုန်းစွမ်းဝမ်အာက ကိုးခုမြောက်ဖြစ်လာခဲ့သည်။
အကယ်၍ အခြားသူတစ်ယောက်သာ ထိုအဆင့်ကို ရောက်ပါက ဆယ်ခုဖြစ်သွားလိမ့်မည်။
ရွှီပေါက်ချိုင်တစ်ယောက်တည်းသာလျှင် တုန်လှုပ်သွားခြင်းမဟုတ်ပေ။ နတ်ဆရာနှင့် ချင်းမေ့ယွမ်သည်လည်း အံ့သြသွားကြလေသည်။ သူတို့သည် ပိုင်ရှောင်ချန်းအပေါ် ယုံကြည်ချက်ရှိပါသော်လည်း နတ်အဆင့်စွမ်းအားကို ရရန်အတွက် သက်တန့်၏ ခရမ်းရောင်အပိုင်းကို ရောက်ရမည်ဆိုသည်ကို ကြားလိုက်ရသောအခါ သူတို့၏မျက်နှာများ ပျက်သွားကြတော့သည်။
ပိုင်ရှောင်ချန်းက အသက်ရှူကြိမ်အနည်းငယ်ကြာ တိတ်ဆိတ်စွာရပ်နေပြီးနောက် ခေါင်းမော့လာ၏။
“ကျုပ် အချိန်ဘယ်လောက်ရမလဲ”
ဖုန်းယွမ်ဒဲ့က သက်ပြင်းချလိုက်သည်။
” မင်း စိတ်ပိုင်းဖြတ်ပြီးသွားပြီပေါ့။ ကောင်းပြီ။ ငါ မင်းရဲ့ အစ်ကိုကြီးကို မိစ္ဆာနှိမ်နင်းေရးခန်းမကို စောင့်ကြည့်ဖို့ ခေါ်သွားပေးမယ်။ ဒါပေမယ့် မင်း ဆယ့်နှစ်နာရီထက်ပိုရမှာမဟုတ်ဘူး”
ပိုင်ရှောင်ချန်း၏ မျက်ဝန်းေတွက ဓားသွားတမျှ စူးရှထက်မြက်လာ၏။
” ကျေးဇူးအများကြီးတင်ပါတယ် အဆောင်မှူး ။ ကျုပ် ဒီကိစ္စကို အပ်ခဲ့ပါရစေ” .
သူက အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ချာခနဲလှည့်ကာ အင်မော်တယ်ဂူထဲမှ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ တဟုန်ထိုး ပြေးသွားလေတော့သည်။