အခန်း (၄၃၃)

နတ်ဆိုးအရိုးစု.....

စိတ်လှုပ်ရှားရဆုံးသူသည် လန်လန်ပင်ဖြစ်သည်။ သူမသည် စုမင်အား ပီတိဖြာနေသော မျက်ဝန်းများဖြင့် ရွှန်းရွှန်းစားစားကြည့်နေ၏။ ယခုအချိန်တွင် သူမ မျက်လုံးထဲတွင် စုမင်သည် အစွမ်းထက်ဆုံးသော ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပင်…

အားဟူသည် ပို၍ပင် ကြည်နူးနေမိသည်။သူ့မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုများနှင့် ရိုသေလေးစားမှုများသည် ဆယ်ကျော်သပ်ရွယ် လူလေးတစ်ဉီးမှ အစွမ်းထက်သော စစ်သည်တော်တစ်ဉီးအား ကြည့်နေသောအကြည့်များနှင့် တူညီနေပေသည်။ထိုအချိန်တွင် စုမင်သည် အားဟူအတွက် လေးစားအားကျရသော စံပြပုဂ္ဂိုလ်တစ်ဉီးသာပင်….

ချီဒေါင်သည်လည်း အားဟူနှင့် ထပ်တူ ခံစားနေရသည်။စုမင်နှင့် နှောင်းပိုင်းရှာမန်တို့၏ တိုက်ပွဲကြောင့် ချီဒေါင်သည် ထိတ်လန့်ခြင်းနှင့်အတူ စိတ်လှုပ်ရှားမှုများကိုပါ ခံစားနေရပြီး အချိန်အတော်ကြာထိ သတိမကပ်နိုင်သေးပေ။

‘တစ်နေ့ကျရင် ငါလည်း သူ့လို သန်မာလာစေရမယ်…အဲ့အခါကျရင် အရှေ့တိုင်းမြူရွက်မျိုးနွယ်စုဝင်တွေ ငါအပေါ် လုပ်ခဲ့တာတွေထက် အဆပေါင်းများစွာ ပြန်ခံစားစေရမယ်….’

ချီဒေါင်သည် အံတင်းတင်းကြိတ်ကာ လက်သီးဆုပ်ထားလိုက်မိသည်။ သူ့မျက်ဝန်းများသည် ဆုံးဖြတ်ချက်ပြတ်သားမှုများကြောင့် တောက်ပနေလေ၏။

လူပေါင်းများစွာ၏ စူးစမ်းလိုသောအကြည့်များကြားကနေ စုမင်သည် အဆိပ်အလောင်းကောင်၊ ကိုယ်ပွားခန္ဓာကိုယ်နှင့် အနက်ရောင်ပိုးကောင်များကို သိမ်းဆည်းလိုက်ကာ လှုပ်ရှားမှုတစ်ခုတည်းဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

” ညီလေးမော့ မင်းကိုယ့်ကိုကိုယ် အဲ့လောက်ထိ ဖုန်းကွယ်ထားနိုင်မယ်မှန်း ထင်မထားမိဘူး…..မင်းမှာ ဒီလောက်များပြားတဲ့ တိုက်ပွဲဝင်စွမ်းအားတွေရှိနေမှန်း အခုမှပဲ သိရတော့တယ်… ငါ မင်းကို ဘယ်လို ကူညီရမလဲဆိုတာ အခုပဲ တွေးနေတာ…”

နန်ကုန်းဟန်သည် ကို့ရို့ကားယားအပြုံးတစ်ခုဖြင့် ရှေ့သို့တက်လာကာ စုမင်အား နှုတ်ဆက်နေသည်။

စုမင် ခေါင်းခါပြလိုက်ပြီး…..

” ကျွန်တော်ကံကောင်းသွားတာပါ…စီနီယာတိုင်မူက စွမ်းအားအကုန် ထုတ်မသုံးခဲ့ဘူး….အဲ့လိုမှမဟုတ်ရင် ကျွန်တော်လည်း ဘယ်ခံနိုင်ရည် ရှိလိမ့်မလဲ….”

” ညီလေးမော့….မင်းအဲ့လောက်ထိ နှိမ့်ချမနေပါနဲ့ကွာ….အိုး….မင်းကအမြဲတမ်း ဒီလိုပဲ…ဒါပေမယ့် ဒီတိုက်ပွဲကြောင့် မင်းနာမည်ကတော့ ရှာမန်တစ်မြို့လုံးမှာ  နာမည်ကြီးတော့မှာပဲ…. ဒါက ကောင်းတဲ့အရာတစ်ခုပါ….အပြင်ဘက်နဲ့ အဆက်သွယ်ပြတ်နေတဲ့ ယင်ကိုးပမ္ဘာမှာ အရာအားလုံးကို ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ဆုံးဖြတ်ကြတာ… အစွမ်းထက်တဲ့ စစ်သည်တော်တွေသာ ဒီနေရာမှာ အခိုင်အမာရပ်တည်နိုင်ပြီး အားလုံးရဲ့လေးစားမှုကို ခံယူနိုင်မှာ….”

နန်ကုန်းဝန် စကားပြောနေစဉ် ရှာမန်နတ်ဘုရားကျောင်းတော်မှ အစောင့်စစ်သည်များ ရောက်လာကြသည်။ ၎င်း စစ်သည်များသည် အလယ်အလတ်အဆင့် ရှာမန်များဖြစ်ကြပြီး ထူးကဲသောစွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။ အစောင့်စစ်သည်များ ရောက်ရှိလာသောအခါ ကြည့်ရှုနေသောသူများလည်း လူစုခွဲသွားကြကုန်သည်။

သို့သော် စုမင်အား စစ်ဆေးမေးမြန်းရန် မည်သူမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ထိုအစား၊ သူတို့သည် စုမင်ဘေးနားမှ ဖြတ်လျှောက်သွားသည့်အခါတွင်  လက်သီးဆုပ်အား လက်ဖဝါး​ဖြင့်ရစ်ပတ်ကာ တလေးတစား နှုတ်ဆက်ခဲ့ကြသည်။

တကယ်တမ်းတွင်မူ ထိုအစောင့်စစ်သည်များ ရောက်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း သူတို့အဖို့ နှောင်းပိုင်းရှာမန်တစ်ယောက်၏ တိုက်ပွဲအား ရပ်တန့်ရန် မစွမ်းသာခဲ့ပေ။ ထို့ကြောင့် အနီးအနားတွင် ပုန်းအောင်းကာ စုမင် အသတ်ခံရချိန်၌ တိုက်ပွဲကွင်းပြင်အား ရှင်းလင်းရန် စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော်လည်း ထိုတိုက်ပွဲသည် လူပေါင်းများစွာအား တုန်လှုပ်စေခဲ့သည်။ အရှေ့တိုင်းမြူရွက်မျိုးနွယ်စု ထွက်ခွာသွားသည်နှင့် စုမင်အား လေးစားသောအကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ မည်သည့် နေရာတွင်မဆို အင်အားကြီးသောသူများသည် လေးစားခံရမည်သာပင်……

လူစုကွဲသွားပြီးနောက် စုမင်သည် နန်ကုန်းဟန်နှင့်အတူ တည်းခိုခန်းသို့ပြန်ခဲ့ကြသည်။လမ်းတစ်လျှောက်တွင် စုမင်သည် နန်ကုန်းရှန်အား အကဲခတ်နေခဲ့သည်။ထိုအမျိုးသမီးသည် တစ်စုံတစ်ခုအား မသေချာမရေရာဟန်ဖြင့် မကြာခဏမျက်မှောင်ကြုံ့နေ၏။အချိန်အတော်ကြာသောအခါ စုမင်သည် ထိုအမျိုးသမီး စိတ်အနှောက်ယှက်ဖြစ်နေသော အကြောင်းအရာအား နားလည်သွားဟန်ဖြင့် အကြည့်လွှဲလိုက်လေသည်။

နန်ကုန်းရှန်၏ ခံစားချက်များသည် အမှန်တကယ်ပင် ရှုပ်ထွေးနေ၏။ဟုန်လော့သည် မယုံနိုင်အောင် အစွမ်းထက်သောကြောင့် သူမအဖို့ လက်စားချေရန် မဖြစ်နိုင်မှန်း နန်ကုန်းရှန် နားလည်သည်။ထို့ကြောင့် ထိုအချက်အား ခါးသီးစွာပင် လက်ခံခဲ့ရသည်။သို့သော်လည်း စုမင်ထံတွင် ရင်းနှီးသော အပြုအမူအချို့ကို တွေ့မြင်မေရသောကြောင့် စုမင်အား သံသယဝင်နေမိခဲ့သည်။

စုမင်သည် ထူးကဲလှသော စွမ်းရည်များကို ပြသခဲ့ပြီး တိုင်မူအား ထိန်းနိုင်ခဲ့သော်လည်း နန်ကုန်းရှန်၏ အမြင်တွင် စုမင်သာ သူမတွေးထင်ထားသူဖြစ်ခဲ့ပါက တိုက်ပွဲသည် ယခုကဲ့သို့ အဆုံးသတ်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူမ၏ သံသယများသည် မသေချာမရေရာမှုအဖြစ်သို့ ပြောင်းလဲသွားသော်လည်း အမှန်မှာ သူမသည် မည်သည့်အရာကိုမှ သံသယမဖြစ်မိတော့ပေ။

အတွေးတစ်ချက်နှင့်ပင် စုမင်သည် သူမတွေးနေသမျှကို ခန့်မှန်းပြီးဖြစ်သည်။ ဤတိုက်ပွဲတွင် ရရှိခဲ့သော နောက်ထပ်အကျိုးအမြတ်တစ်ခုသည် သူ့ကို ဒုက္ခများစွာထဲက လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့သည်။

ထိုညတွင် ဆယ်ကျော်သက် သုံးယောက်သည် စိတ်လှုပ်ရှားမှုကြောင့် နောက်ကျမှ အိပ်ပျော်သွားကြသည်။ သူတို့အတွက်တော့ ယနေ့တွင် ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်တိုင်းသည် ဘဝတစ်သက်တာတွင် မေ့ဖျောက်ရတော့မည်မဟုတ်ပေ။

နန်ကုန်းဟန်သည် စုမင်အား သိသိသာသာပင် ခင်မင်ရင်းနှီးလာခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ယင်ကိုးပါး ဝိဉာဉ်တော်ငှားရမ်းရန် ရှာမန်နတ်ဘုရားကျောင်းတော်သို့ စုမင်အား ခေါ်ဆောင်သွားခဲ့သည်။

” ရတနာလောင်းကစားပွဲကို နောက်တစ်လအကြာမှာ ကျင်းပလိမ့်မယ်….အခုဆို မျိုးနွယ်စုတိုင်းကလူတွေ ရောက်နေကြပြီ….အခုချိန်ထိရောက်မလာသေးတဲ့သူတွေအတွက်တော့ အခွင့်ရေးမရှိတော့ဘူး……”

“ငါတို့မှာ အချိန်တစ်လလောက်ကျန်သေးတယ်….မင်း ယင်ကိုးပါးဝိဉာဉ်တော်ကို တစ်ခါမှ မငှားဖူးဘူးထင်တယ်…..ငါတို့ဘက်က ငွေများများသုံးလိုက်ရတယ် ဆ်ို​ပေမယ့် ဝိဉာဉ်တော်နဲ့ အကျွမ်းတဝင်ရှိဖို့ အချိန်တစ်လရသေးတယ်လေ….ဒါနဲ့ အကျွမ်းတဝင်ရှိလာရင် အနာဂတ်မှာ ငါတို့အတွက် အကူညီကောင်းကောင်းရနိုင်လိမ့်မယ်…..”

စုမင်တို့နှစ်ဉီးသား ရှာမန်နတ်ဘုရားကျောင်းတော်ဌာနခွဲဆီသို့ သွားနေစဉ်အတွင်း နန်ကုန်းဟန်သည် တစ်ချို့သောအကြောင်းအရာများကို ရှင်းပြပေးနေခဲ့သည်။

“ရတနာလောင်းကစားပွဲက ရက်ပေါင်းမနည်းကြာမှာဆိုတော့ လူအများကြီးလာမှာ….အဲ့တော့ ကျင့်ကြံခြင်းလမ်းကြောင်းအသက်ဝင်လာဖို့ မျိုးနွယ်စုက ကလေးတွေကိုလဲ ခေါ်လာကြလိမ့်မယ်….အဲ့အချိန်ကြရင် ကျုပ်တို့ တစ်လမ်းဆီ ခွဲသွားကြရမှာ….”

“ညီလေးမော့ မင်း ဒီတစ်လအတွင်း ရှာမန်မြို့ကို လှည့်ပတ်ကြည့်လိုက်ဉီး….​ဒါက

ယင်ကိုးကမ္ဘာပဲလေ…အပြင်မှာမရနိုင်တဲ့ ပစ္စည်းတွေအများကြီးတွေ့နိုင်တယ်….ရတနာလောင်းကစားပွဲအရှိန်နဲ့ ရှားပါးပစ္စည်းတစ်ချို့တောင် တွေ့ချင် တွေ့နိုင်ဉီးမယ်….”

နန်ကုန်းဟန်သည် စုမင်နှင့် စကားပြောနေရင်းဖြင့်ပင် နှုတ်ဆက်လာသူများအား အပြုံးဖြင့် ပြန်နှုတ်ဆက်နေ၏…..

ဤနည်းဖြင့် နန်ကုန်းဟန်သည် သူ၏ အဆက်အသွယ်များ မည်မျှကျယ်ပြန့်ကြောင်း ပြသနေသည်။ရှာမန်နတ်ဘုရားကျောင်းတော်သို့သွားရာ လမ်းတစ်လျှောက်တွင် နန်ကုန်းဟန်အား နှုတ်ဆက်သူအချို့သည် စုမင်အား လေးစားအားကျသောအကြည့်များဖြင့် ကြည့်သွားကြသည်။

” ညီလေးမော့ မင်းကတော့ တိုက်ပွဲတစ်ခုကြောင့် နာမည်ကြီးနေပြပဲ….အလယ်အလတ်အဆင့်ရှာမန်တစ်ယောက်က နှောင်းပိုင်းရှာမန် တစ်ယောက်ကို မရှုံးနိုင်ဘူးဆိုတဲ့ အကြောင်း ရှာမန်တစ်မြို့လုံး ပြန့်နှံနေပြီ……ငါတို့ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်တွေကိုပဲကြည့်လေ…..”

နန်ကုန်းဟန် ခပ်ပြုံးပြုံးစကားဆို၏။

စုမင် တစ်ခုခု ပြောရန်ပြင်လ်ိုက်သောအခါ နန်ကုန်းဟန်က လျင်မြန်စွာ စကားစဖြတ်လိုက်ပြီး…….

” ညီလေးမော့ မင်း ထပ်ပြီး နှိမ့်ချမနေပါနဲ့တော့…..”

စုမင် ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်ပြီး ဘာစကားမှထပ်မပြောတော့ပေ။

ရှာမန်မြို့အလယ်ဗဟိုသို့မရောက်မှီ အတော်လေး လမ်းလျှောက်လိုက်ရသည်။ကြီးမားကျယ်ပြန့်သော နန်းတော်ကြီးကြောင့် ပတ်ဝန်းကျင်လေထုထဲတွင် ထည်ဝါခြင်း အငွေ့အသက်များ ပြည့်နှက်နေသည်။ နန်းတော်ကြီးသို့ရောက်ရန် ပေတစ်သောင်းခန့်ရှည်လျားသော လှေကားကြီးအား ဖြတ်သန်းရပေမည်။ ထိုဧရိယာတစ်ဝိုက်တွင် ရှာမန်နတ်ဘုရားကျောင်းတော်မှ အစောင့်စစ်သည်များ စောင့်ကြပ်နေကြပြီး ဤနေရာသို့လာရောက်သော ရှာမန်များသည် နှုတ်ဆိတ်နေကြသည်။ လာရောက်ကြသော ရှာမန်များသည် ဝင်ပေါက်ဝတွင် ကြာကြာရပ်မနေရဲကြပေ။

နန်းတော်နောက်ကွယ်ရှိ လေထုသည် တမျိုးတမည် ထူးခြားနေပြီး ထိုနေရာ၌ အသံတိတ်ရေဝဲများစွာ လည်ပတ်နေရာ အခြားသောကမ္ဘာတစ်ခုတည်ရှိနေသည်ဟုပင် ထင်ရသည်။

အောက်ထပ်တွက် ဧရာမကျောက်တိုင်ကြီးတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် အမျိုးအမည်မသိသောရောင်ခြည်များတောက်ပနေသော စည်းတံဆိပ်ပေါင်းများစွာ ရှိနေ၏။ထိုကျောက်တိုင်ကြီးအပေါ်တွင် စုမင်မြို့ပြင်မှာကတည်းက မြင်ခဲ့ဖူးသော ဉီးခေါင်းကြီးနှင့်တူသော ဉီးခေါင်းကြီးတစ်ခုရှိနေပြီး ထိုဉီးခေါင်းကြီးသည် ခြောက်သွေ့နေသော သစ်တုံးကြီးနှင့် တူနေသည်။

စုမင်သည် ထိုဧရိယာနှင့် နီးကပ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းထားသော ဖိအားများကို ခံစားနေရသည်။ ဤနေရာသည် ရှာမန်မြို့၏ ဗဟိုအချက်အချာ မဟုတ်လျှင်တောင် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။

” ငါဒီကို မလာခင် ပူဇော်ပသဖို့ ပစ္စည်းတွေ ပြင်ဆင်ဖို့ အချိန်ရော အင်အားပါစိုက်ထုတ်ခဲ့ရတာ……ငါ ဝိဉာဉ်တော်တွေကို ငါးလွှာအထိ ရွှေ့နိုင်တယ်….”

နန်ကုန်းဟန်သည် စုမင်အား လှေကားထစ်များဆီ ခေါ်ဆောင်သွားခဲ့ပြီး အသံတိုးတိုးဖြင့်ပြောပြနေသည်။

ထိုစကားကို ကြားလိုက်သည့်အခါ စုမင်၏ မျက်လုံးထဲတွင် အရိပ်တစ်ခု ထင်ဟပ်လာသည်။နှစ်ဉီးသား လှေကားထစ်များအပေါ်တက်သွားသောအခါ စုမင်၏ မျက်ဆံများ ကြုံ့ဝင်သွားလေသည်။

မြေပြင်အထက် ခုနှစ်လက်မခန့်အကွာတွင် ဘဲဉပုံသဏ္ဍာန် ဧရာမ ဝဲဂယက်ကြီးတစ်ခု အား မြင်တွေ့လိုက်ရခြင်းဖြစ်သည်။စုမင်သည် ဗလာဂိတ်တံခါးအား ချက်ချင်းပင် သတိရသွားခဲ့သည်။

‘ ဒါ…ဒါက ဗလာဂိတ်တံခါးများ ဖြစ်နေမလား…..’

စုမင်သည် ဝဲဂယက်ကြီးအား အနီးကပ်ကြည့်လိုက်ပြီးနောက် ဝဲဂယက်ကြီးအား ရှောင်ကွင်းကာ အနောက်ဘက်ရှိ ဟောခန်းမကြီးအား တစ်ချက်ကြည့်လိုက်သည်။

ခန်းမတံခါးသည် ပွင့်နေပြီး ခန်းမထဲတွင် ဗလာကျင်းနေပြီး အလယ်ဗဟိုတွင် အရိုးစုတစ်ခုသာရှိနေသည်။ထိုအရိုးစုသည် တင်ပျဉ်ခွေထိုင်နေဟန်ရှိပြီး ခြေထောက်များတွင် သံကြိုးများဖြင့် တုပ်နှောင်ထားသည်။ထိုအရိုးစုသည် သာမာန်လူတစ်ဉီး၏ အရွယ်အစားခန့်သာရှိသောလည်း ထူးခြားသည်မှာ ဉီးခေါင်းခွံ၏ နဖူးနေရာ၌ရှိနေ​သော

အက်ကွဲကြောင်းလေးသာပင်….ထိုအရိုးစုပိုင်ရှင် သက်ရှိထင်ရှားရှိနေစဉ်တွင် ထိုအက်ကွဲကြောင်းလေးသည် မျက်လုံးတစ်လုံးဖြစ်ပေလိမ့်မည်။

အရိုးစု အနီးတစ်ဝိုက်တွင် စက်ဝိုင်းသဏ္ဍာန်ဧရာမ မြက်ခင်း ရှစ်ခုရှိသည်။ ထိုအချိန်တွင် မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောသူ နှစ်ယောက်ရှိသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ခရမ်းရောင်ချည်သားပေါ်တွင် တောက်ပသော ရွှေချည်မျှင်များ ရှိသောဝတ်စုံကို ၀တ်ဆင်ထားသောအမျိုးသားတစ်ဉီးဖြစ်သည်။ထိုလူသည် ဆံပင်များအား အနီရောင်ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသည်။

ထိုအမျိုးသား၏ လက်များသည် အရေတွန့်ကာ ရှံ့တွနေသော်လည်း ထိုအမျိုးသားအား ကြည့်ရသည်မှာ သက်လတ်ပိုင်းခန့်ပင်ရှိသေးသောကြောင့် တစ်မျိုးတစ်ဖုံထူးဆန်းနေသည်။

ကျန်တစ်ဉီးမှာ ချည်ကြမ်းထည်များကို ဝတ်ဆင်ထားသော သာမာန်အဖိုးအိုတစ်ဉီးသာဖြစ်ပြီး မျက်လုံးများကို မှိတ်ထားကာ အတွေးများထဲတွင် နစ်မြောနေပုံရသည်။

နန်းတော် အတွင်း အပြင်သည် မတူကဲဲပါးသော ကမ္ဘာနှစ်ခုလိုဖြစ်နေပြီး အပြင်ဘက်ကို အတွင်းဘက်မှ မြင်နေရသော်လည်း အတွင်းနှင့်အပြင်အား ပိုင်းခြားထားဟန်တူသည်။

” ငါတို့ အဲ့ထဲဝင်လို့မရဘူး….အာ…ညီလေးမော့ကတော့ ဝင်လို့ရလောက်တယ်…နှောင်းပိုင်းရှာမန်တွေသာ အရိုးစုရှေ့မှာ တရားထိုင်ပြီး ဉာဏ်အလင်းပွင့်နိုင်ကြတာ….”

” အရိုးစုရှေ့မှာ ထိုင်နေတဲ့ အဖိုးအိုကိုတွေ့လား…သူက ပညာရှိဆောင်းရာသီ မျိုးနွယ်စုရဲ့ နှောင်းပိုင်းရှာမန် ချန်ဟွမ်တဲ့….ခရမ်းရောင်ဝတ်စုံနဲ့တစ်ယောက်က ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ…သူ့နာမည်က” မူ ” တစ်လုံးတည်းပဲ…..”

စုမင်သည် သံကြိုးခတ်ခံထားရသော အရိုးစုအား ကြည့်လိုက်ပြီး…..

” အဲ့အရိုးစုက ဘာလဲ……”

နန်ကုန်းဟန်သည် ပြန်မဖြေခင် တခဏလောက် တုံ့ဆိုင်းနေခဲ့သေးသည်။

“အဲ့တာက ယင်ကိုးကမ္ဘာကို ရှာတွေ့တုန်းက ရှာမန်မျိုးနွယ်စုတွေ သတ်ပစ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဆိုတာလောက်ပဲ ငါလဲ သိတယ်…..သူ့ကိုသတ်ပစ်ဖို့ ရှာမန်မျိုးနွယ်စု ဘက်ကလဲ ဆုံးရှုံးမှု တော်တော်များခဲ့တယ်ဆိုပဲ….”

” ညီလေးမော့ရေ ငါတို့ ဒီမှာ ခဏလမ်းခွဲကြတာပေါ့…..မင်း ယင်ကိုးပါးခန်းမကို တွေ့ရင် ဝဲဂယက်ထဲကနေ ဖြန်လျှောက်သွားလိုက်….ငါကတော့ ယင်ကိုးပါးဝိဉာဉ်တော်ကို ငါးလွှာမှာ သွားရွေးလိုက်ဉီးမယ်…..”

” ရှာမန် သလင်းကျောက်လို သာမန်ရတနာ မျိုးနဲ့ဆို ပထမအလွှာက ဝိဉာဉ်တော်ကိုပဲ ရွေးလို့ရမယ်….မင်း အဲ့ကိုရောက်ရင် အသေးစိတ်သိလာမှာပါ….မင်းရဲ့ စွမ်းရည်တွေနဲ့ ယင်ကိုးကမ္ဘာမှာ ဘယ်လောက်ကြာကြာနေနိူင်မလဲ ရွေးချယ်လိုက်ပါ….ငါ ပြန်ထွက်လာရင် အပြင်မှာပဲ စောင့်နေမယ်….”

နန်ကုန်းဟန်သည် စုမင်အား နှုတ်ဆက်ကာ ဝဲဂယက်အတွင်းသို့ ဝင်သွားခဲ့သည်။

ထိုဝဲဂယက်အား စုမင် စူးစမ်းနေပြီးနောက် ဝင်ဖို့ ပြင်လိုက်သည့်အခါ ဝဲဂယက်အတွင်းမှ အလင်းရောင်များ တောက်ပလာပြီး အတွင်းဘက်မှ လူတစ်ယောက် ပုံသဏ္ဍာန်ထင်ရှား

လာသည်။ ထိုလူထွက်လာသောအခါ သိမ်မွေ့သောစွမ်းအားတစ်ခု ပျံ့နှံ့လာပြီး စုမင်အား နောက်ဆုတ်စေခဲ့သည်။ထိုစဉ်တွင် ဝဲဂယက်အတွင်းမှ ပုဂ္ဂိုလ်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ဖွဲ့တည်လာပြီး အပြင်သို့ ထွက်လာခဲ့သည်။

ထွက်လာသော ပုဂ္ဂိုလ်သည် အရပ်ရှည်ရှည် ပိန်ပိန်းပါးပါး လူငယ်တစ်ဉီးဖြစ်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များကို ကျစ်ဆံမြီး သေးသေးလေးများ ကျစ်ထားလေ၏။

စုမင် ထိုလူကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ပေါ်လာပြီး မျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းများသည် ခပ်ပါးပါး တွန့်ကွေးကုန်သည်။

ထိုလူသည် ထွက်လာပြီး ပြီးချင်း စုမင်ကို တစ်ချက်ကြည့်ကာ အဝေးသို့ အကြည့်လွှဲလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် နောက်သို့ပြန်လှည့်ကာ စုမင်ကို သေချာပြန်ကြည့်ပြီးနောက် တည်ငြိမ်စွာဖြင့် ထွက်သွားခဲ့လေသည်။

စုမင်သည် တုံ့ဆိုင်းမနေတော့ဘဲ ဝဲဂယက်အတွင်းသို့ ခြေချလိုက်သောအခါ ဝဲဂယက်သည် တောက်ပစွာ လင်းလက်လာကာ စုမင် ပျောက်ကွယ်သွားခဲ့သည်။

စုမင် ဝဲဂယက်ထဲသို့ ဝင်သွားသောအခါ လှေကားပေါ်ရောက်နေပြီဖြစ်သော ထိုလူသည် စုမင်အား လှည့်ကြည့်နေပြန်သည်။

” ငါ ဒီလူကို မြင်ဖူးနေသလားလို့…..”

ထိုလူငယ်သည် မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်ပွတ်ကာ ထိုနေရာတွင် အတော်ကြာဝည်အထိရပ်နေခဲ့ပြီး သူ့မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေဟန် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset