အခန်း (၄၃၂)

ရှေ့တိုးရန် ​ခြေတစ်လှမ်းနောက်ဆုတ်ခြင်း......

တိုင်မူတစ်ယောက်  နောင်တရနေမိပြီး ဤပြသာနာအား အစပြုခဲ့သော အမျိုးသမီးအား ပြာချပစ်ချင်နေလေပြီ။

သို့သော်လည်း တိုင်မူ ထိုအရာများကို မစဉ်းစားနိူင်သေးပေ။နောက်ခံမျိုးနွယ်စု မည်သူမည်ဝါဖြစ်ကြောင်း ထိုလူ့ပါးစပ်မှ ထုတ်မပြောနိူင်ခင် အခွင့်ကောင်းယူကာ ထိုလူ့အား သတ်ပစ်ရန် သို့မဟုတ် ဒဏ်ရာပြင်းစွာရစေရန် တိုက်ခိုက်ရပေဉီးမည်။

တိုင်မူ လှည့်လိုက်ကာ ညာခြေထောက်အား

ဝှိုက်ကန်လိုက်သည့်အခါ လေပွေတစ်ခုဖြစ်ပေါ်လာပြီး သူ့အနောက်ဘက်တွင် အဝါရောင်ပင်လယ်ကြီးတစ်ခုဖြစ်ပေါ်လာကာ ကောင်းကင်ယံထက်တွက် လွင့်မြောနေသည်။ ထိုအဝါရောင်ပင်လယ်ကြီးသည် အဝါရောင်သဲလုံးကြီးသဖွယ် ကောင်းကင်ယံထက်၌ မျောလွင့်နေသည်။

“စတုတ္ထတမ်းချင်း….မြောက်ပိုင်းပင်လယ်….”

တိုင်မူ ထိုကဲ့သို့ အော်ဟစ်လိုက်ပြီး ညယခြေထောက်အား မြောက်ဘက်သို့ရွေ့လျားလိုက်သည့်အခါ မြောက်ဘက်၌ အနက်ရောင်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး လှိုင်းခတ်သံတစ်ဝုန်းဝုန်း မြည်ဟီးနေသည်။

စုမင် နောက်ဆုတ်လိုက်ပြီး လက်ထဲမှ ဆူးတင်းပုတ်အား ဝှေ့ယမ်းလိုက်သည်။တိုင်မူနှင့် စုမင်၏ ကိုယ်ပွားတို့ တိုက်ခိုက်နေစဉ်တွင် စုမင်ဝည် ဆူးတင်းပုတ်အား လေးကြိမ် ဝှေ့ယမ်း ပြီးနေပြီဖြစ်သည်။ဝှေ့ယမ်းသည့် အကြိမ်တိုင်း ဆူးတင်းပုတ်သည် အရွယ်အစား ပို၍ကြီးမားလာသည်။ လေးကြိမ်မြောက် ဝှေ့ယမ်းပြီးသည့် အခါ ဆူးတင်းပုတ်၏ အရွယ်အစားနှင့် အလေးချိန်သည် စုမင်၏ ခန္ဓာကိုယ် ခံနိုင်ရည် အမြင့်ဆုံးအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

စုမင်၏ ရည်ရွယ်ချက်သည် ဤတိုက်ပွဲဖြင့် မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်အား စမ်းသပ်ရန်သာဖြစ်ပြီး အသက်စွန့်ရန် မဟုတ်ခဲ့ပေ။ထို့ကြောင့် ဆူးတင်းပုတ်အား လေးကြိမ်ထိသာ ဝှေ့ယမ်းခဲ့၏။

ရေခဲမြစ်အတွင်းမှ ယူဆောင်လာခဲ့သော ထိုဆူးတင်းပုတ်အား အလေးချိန် မည်မျှ ထပ်ပေါင်းနိုင်မည်အား သိချင်သော်လည်းအလေးချိန် ထပ်တိုးအောင် ထပ်မံ မဝှေ့ယမ်းတော့ပေ။

ဆူးတင်းပုတ်အား ဝှေ့ယမ်းခြင်းကြောင်ဖြစ်ပေါ်လာသော စက်ဝိုင်းလေးခုသည် ကောင်းကင်ထက်တွင် နားအူမတတ်ဆူညံသော အသံများထုတ်ဖော်နေသည်။

ထိုအသံများသည် ကြည့်ရှုနေသူများအား ကြောက်ရွံထိတ်လန့်စေခဲ့သည်။တိုင်မူ၏ ” ပင်လယ်လေးစင်း တမ်းချင်း” နှင့် ထိပ်တိုက် တွေ့ဆုံခဲ့သော ကမ္ဘာမြေပြင်နဂါးသွေးကြော၊ စုမင်၏ ကိုယ်ပွား ထုတ်ဖော်ခဲ့သော “အသွင်ကူးပြောင်းမှု ကိုးခု “၏ ” ပထမကြိမ် အသွင်ပြောင်းလဲခြင်း”ကြောင့် ဖြစ်ပေါ်လာသော ပင်လယ်ကြီး၊ ဆူးတင်းပုတ်ကြီးအား စုမင် ဝှေ့ယမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဧရာမ လေရဟတ်ကြီး စသည်တို့သည် ဘကိုးစင်း ထွန်းလင်းနေသော ကောင်းကင်ကြီးအား ဖုံးအုပ်သွားခဲ့ပြီး ပုံရိပ်ယောင်ဆန်သော ပင်လယ်များနှင့်အတူ တိုင်မူ့ပေါ်သို့ ကျဆင်းသွားလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံများကြောင့် ကောင်းကင်နှင့်မြေပြင်ပါ တုန်ဟီးသွားလေသည်။ စွမ်းအားအရင်းမြစ်နှစ်ခုကြောင့် ပုံရိပ်ယောင်ပင်လယ်ကြီးများ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ကြသည်။စွမ်းအားအရင်းမြစ်တစ်ခုသည် ကိုယ်ပွားထံမှဖြစ်ပြီး အခြားတစ်ခုသည် စုမင်၏ ဆူးတင်းပုတ်ကြီးထံမှ ဖြစ်သည်။

တိုင်မူ ဖန်တီးထားသော ပင်လယ်များ ကြေမွ

သွားသောအခါ ကိုယ်ပွားဖန်တီးထားသော ပင်လယ်သည်လည်း တစ်စ တစ်စလွင့်ပါးလာပြီး အနီးတစ်ဝိုက်ရှိ ပင်လယ်များနှင့် ပေါင်းစပ်သွားသောကြောင့် ကောင်းကင်ကြီးသည်  ဆေးနီဆိုးထားသကဲ့သို့ အနီရောင်ဖျော့ဖျော့သမ်းနေ၏။တစ်ချိန်တည်းမှာပင် ကိုယ်ပွားသည် အသက်ရှူကြိမ်အနည်းငယ်အတွင်း စုမင် ဘေးနားသို့ ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း ကိုယ်ပွား နောက်ပြန်ဆုတ်သွားချိန်တွင် ပျောက်ကွယ်နေပြီဖြစ်သော ပုံရိပ်ယောင်ဆီမှ လှိုင်းအော်သံများ ကြားလိုက်သည်။ တိုင်မူသည် သွေးများစီးကျနေသော မျက်လုံးများဖြင့် ကိုယ်ပွားအား ကြည့်လိုက်ပြီး ညာလက်ကိုဆန့်တန်းကာ တစ်ချက်လှုပ်ရှားရုံဖြင့် ကိုယ်ပွားအား လျင်မြန်စွာ ဖမ်းဆီးလိုက်သည်။

တိုင်မူသည် ကိုယ်ပွားအား လည်ပင်းကနေ ချုပ်ကိုင်ထားပြီး ရုပ်သေးရုပ်အဖြစ် မှတ်ထင်ထားသော ကိုယ်ပွားအား ရက်စက်စွာ တစ်စစီချေမွရန် ကြိုးပမ်းလိုက်သည့်အခါ ကျယ်လောင်သောအသံတစ်ခုသည် လေထုထဲတွင် ပဲ့တင်ထပ်နေပြီး အနက်ရောင်မြူခိုးလွှာတစ်ခုသည် ကိုယ်ပွားခန္ဓာကိုယ်အနီးတွင် စုဝေးလာကြသည်။

ထိုအနက်ရောင် မြူခိုးလွှာသည် အနက်ရောင်ပိုးကောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။တကယ်တမ်းတွင်မူ တိုင်မူ ဆုပ်ကိုင်ထားသည်မှာလည်း အနက်ရောင် ပိုးကောင်များသာဖြစ်ပြီး ကိုယ်ပွားခန္ဓာကိုယ်အား တိုင်မူ မဖမ်းမိနိူင်ခဲ့ပေ။ကိုယ်ပွား ခန္ဓာကိုယ်သည် တိုင်မူအား အေးစက်စွာ စိုက်ကြည့်နေ၏။

တိုင်မူ ဆွံအနေစဉ်မှာ အနက်ရောင်ပိုးကောင်များ ပျံ့နှံ့လာပြီး သူ့ရှေ့တွင်ရှိနေသော ကိုယ်ပွား၏ အသွင်အပြင်အစစ်ကို မြင်လိုက်ရသည်။ကိုယ်ပွား၏ ခြောက်သွေ့နေသော ခန္ဓာကိုယ်နှင့် မီးခိုးရောင် မျက်လုံးများကို မြင်လိုက်ရသောအခါ တိုင်မူ၏ အမူအရာများပြောင်းလဲသွားပြီး တုန်လှုပ်​ခြောက်ခြားခြင်းနှင့် အတူ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။

” ကျိယွင်ဟိုင်…..မင်းက ကျိယွင်ဟိုင်ပဲ…..”

တိုင်မူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ထိုမီးခိုးရောင်မျက်လုံးပိုင်ရှင်ကို သူမှတ်မိသည်။ ကျိယွင်ဟိုင်သည် ယခင်က သူနှင့် ခေတ္တခဏသိကျွမ်းဖူးသူဖြစ်သည်။

အထူးသဖြင့် အနက်ရောင်ပိုးကောင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်အခါ တိုင်မူ ကျိယွင်ဟိုင်အား မှတ်မိရန် ပို၍ပင်လွယ်ကူခဲ့သည်။ ထိုအနက်ရောင်ပိုးကောင်များသည် ကျိယွင်ဟိုင် ဖန်တီးခဲ့သောအရာများသာပင်….

သို့သော် သူ့ရှေ့ကလူက ကျိယွင်ဟိုင် ဖြစ်သည်ကို သေချာသိလိုက်သည်နှင့် နက်ရှိုင်းသောကြောက်လန့်မှုလှိုင်းလုံးကြီးသည် သူ့နှလုံးသားထဲတွင် ချက်ချင်းထကြွ

လာသည်။တိုင်မူ ရုတ်​တရက်​ ရပ်တန့်လိုက်ပြီး စုမင် ဘက်​ကို လှမ်းကြည့်​လိုက်​သည်​။

ထိုအချိန်တွင် ဆူးတင်းပုတ်ကြီးကို ထုတ်သုံးလိုက်သည့်အတွက် စုမင်၏ ညာဘက်မောင်းသည် စူးရှစွာနာကျင်နေပြီး ခန္ဓာကိုယ်သည်ပင် ထုံကျဉ်နေ၏။ အလျင်အမြန် နောက်ဆုတ်လိုက်ရသောကြောင့် စုမင်၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေသည်။

အရွယ်အစား သေးကျုံ့သွားသော ဆူးတင်းပုတ်ကြီးကို စုမင် ပြန်လည်သိမ်းဆည်းလိုက်သည်။ ကိုယ်ပွားသည်လည်း စုမင်အနားသို့ ပြန်ရောက်လာခဲ့သည်။

တိုင်မူသည် စုမင်အား  စိုက်ကြည့်နေစဉ်တွင် သူ့နှလုံးသားထဲတွင် မုန်တိုင်းထန်နေ၏။

ကျိယွင်ဟိုင် ကဲ့သို့သော အစွမ်းထက်သည့် နှောင်းပိုင်းရှာမန်တစ်ယောက်သည် အခြားသူတစ်ဦး၏ ရုပ်သေးရုပ်အဖြစ်သို့ ရောက်ရှိသွားခြင်းအား စိတ်ကူး၍မရခဲဲ့ပေ။

ထို့ကြောင့် တိုင်မူသည် စုမင်အား ကြောက်လန့်နေလေပြီ…..

တိုင်မူသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ခန္ဓာကိုယ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည့်အခါ အနက်ရောင်ပိုးကောင်များသည် ပေဒါဇင်ပေါင်းများစွာခန့် လွင့်ထွက်သွားသည်။ သို့သော်လည်း ၎င်းတို့သည် သေခြင်းတရားအား မကြောက်ရွံဘဲ တိုင်မူ့ထံသို့ တဖန်ပြန်လည် တိုးဝင်လာကြပြန်သည်။

” မမှားနိုင်ဘူး….ဒါတွေက ကျိယွင်ဟိုင်ရဲ့ မူလရှာမန်ပိုးကောင်တွေပဲ…ဘယ်လိုဖြစ်လို့ တခြားသူတစ်ယောက်ရဲ့ ရုပ်သေးရုပ်ဖြစ်သွားခဲ့တာလဲ….”

တိုင်မူသည် စုမင်ဘေးတွင် ရပ်နေသော ကျိယွင်ဟိုင်အား မှိန်ဖျော့နေသောအကြည့်များဖြင့် ကြည့်လိုက်သည်။

” သူ့မှာ အဖိုးတန်ရတနာတွေရှိတယ်…ကျိယွင်ဟိုင်ကိုလဲ ရုပ်သေးရုပ်အဖြစ် သန့်စင်ထားတယ်….သူက စိတ်ဝိဉာဉ်ဖမ်းသူလား….သူ ထုတ်သုံးသွားတဲ့ နတ်ဘုရားစွမ်းရည် တွေကလဲ ထူးဆန်းပြီး ခန့်မှန်းရခက်တယ်….ဒီလူ ဘယ်သူလဲ…”

တိုင်မူ အထိတ်တလန့် ဖြစ်နေစဉ်တွင် ကြည့်ရှုနေသူများသည်လည်း ပွက်လောရိုက်နေလေပြီ….နန်ကုန်းဟန်ပင်လျှင် မယုံကြည်နိုင်ဖြစ်နေရ၏။

” ကျိယွင်ဟိုင်…စီနီယာတိုင်မူက ရုပ်သေးရုပ်ကို ကျိယွင်ဟိုင်လို့ ခေါ်လိုက်တာလား….”

” သူပြောနေတဲ့ ကျိယွင်ဟိုင်ဆိုတာ အဆုံးသတ်ရှာမန်တွေအောက်မှာ အစွမ်းထက်ဆုံးသော စိတ်ဝိဉာဉ်ဖမ်းသူ ကို ပြောနေတာ….သူ ပျောက်သွားတာ နှစ်ပေါင်းမနည်းတော့ဘူး….”

” ကျိယွင်ဟိုင်က သူ့ရုပ်သေးရုပ်ဖြစ်နေပြီ…သူကိုယ်တိုင်သာ မသန့်စင်ခဲ့ရင် ဒီရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး….”

နန်ကုန်းဟန်တစ်ယောက် တုန်လှုပ်​ခြောက်ခြားနေရာကနေ ခါးသက်စွာရယ်မောနေ၏။စုမင်၏ စွမ်းအားများကို အကြိမ်ပေါင်းများစွာ လျော့တွက်ခဲ့မိသည်။ ယခုတွင်မူ သူသည် စုမင်၏စွမ်းအားများကို မိုင်ပေါင်းများစွာ အကွာအဝေးထိ လျော့တွက်မိခဲ့မှန်း သိလိုက်ရလေပြီ…..

တိုင်မူသည် လက်တစ်ဖက်ဝှေ့ယမ်းကာ အနက်ရောင်ပိုးကောင်များကို မောင်းထုတိလိုက်ပြီး စုမင်အား ကြည့်လိုက်သည်။

” နောက်တစ်ခေါက်ထပ်မေးမယ်….မင်း ဘယ်မျိုးနွယ်စုက လာတာလဲ….”

တိုင်မူ သည် ထိုမေးခွန်းအား တစ်လုံးချင်းစီ သေချာစွာမေးခဲ့ခြင်းဖြစ်သည်။

” သေးငယ်တဲ့ မျိုးနွယ်စုမို့ စီနီယာ ကြားဖူးမယ်မထင်ဘူး….”

စုမင်သည် တည်ငြိမ်သော အမူအရာဖြင့် တူညီသောအဖြေကိုသာ ပြန်ဖြေခဲ့သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအားများ လှည့်ပတ်နေပြီး မျက်ဝန်းများသည် တိုက်ပွဲဆာလောင်စိတ်များဖြင့် တောက်လောင်နေဆဲသာပင်….

” ဘယ်လို ကျေးဇူးကန်းတဲ့ လူမိုက်မျိုးပါလိမ့်….ရုပ်သေးရုပ်ဖြစ်နေတဲ့ ကျိယွင်ဟိုင် မင်းဘက်မှာရှိနေရင်တောင် ငါက ငါ့စွမ်းအားကို တစိတ်တပိုင်းပဲ ထုတ်သုံးရသေးတာနော်….ငါ့ဘက်က အခွင့်ရေးပေးထားပညရက်နဲ့ မင်းဘက်က အမှန်တိုင်းမပြောသေးဘူးဆိုရင် ငါမင်းကို ဖမ်းသွားရမယ်….မင်းရဲ့ မျိုးနွယ်စုက အကြီးအကဲတွေ လာခေါ်မှပဲ ပြန်လွတ်ပေးနိုင်မယ်……”

စုမင်အား သတ်ပစ်ချင်နေသည့် တိုင်မူ့အတွေးများ ပြောင်းလဲသွားကုန်ပြီဖြစ်သည်။ တိုင်မူတွင် အစီအစဉ်အသစ်တစ်ခုရှိနေပေသည်။ အကယ်၍ စုမင်ထံတွင် နောက်ခံအင်အားရှိပါက စုမင်အား ကယ်တင်ရန်

မကြာမှီ တစ်စုံတစ်ယောက် ရောက်လာပေလိမ့်မည်။

အကယ်၍ မည်သူမှ ရောက်မလာပါက စုမင်တွင် နောက်ခံအင်အားမရှိခြင်းပင် ဖြစ်ပေလိမ့်မည်။သို့ပါက စုမင်အား သတ်ပစ်ရန် အချိန်မနှောင်းသေးပေ။

” ဒီလိုဆိုမှတော့ ကျုပ် ခင်ဗျားဆီက ထပ်မံ သင်ယူပါရစေ……”

စုမင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည့်အခါ မျက်ဝန်းထဲတွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်လာသည်။ စုမင် ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ထိုအနက်ရောင်မြူခိုးများ သိပ်သည်းသွားသောအခါ အဆိပ်အလောင်းကောင် ထွက်ပေါ်လာသည်။

ထိုအဆိပ်အလောင်းကောင်၏ အသွင်အပြင်နှင့် တည်ရှိမှုအရ ၎င်းသည် မာန်ဝိဉာဉ်အဆင့်တွင်ရှိနေပြီး သေချာစွာပြောရပါက ကနဉီးမာန်ဝိဉာဉ်အဆင့်တွင် ရှိနေသည်မှာ ထင်ရှားလှပေသည်။

အဆိပ်အလောင်း၏ မျက်လုံးများတွင် အလင်းရောင်မရှိသော်လည်း ကြီးကျယ်ခမ်းနားသော တည်ရှိမှု၊ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသော အမှောင်ရိပ်နှင့် သူ့ဆီမှ ထင်ရှားစွာပျံ့နှံ့နေသော အဆိပ်များကြောင့် တိုင်မူ အပါအဝင်အားလုံးကို အံ့အားသင့်စေခဲ့သည်။

မျက်နှာအမူအရာပြောင်းသွားသည့်အပြင် တိုင်မူသည် စိတ်ထဲကနေ ခါးသီးစွာရယ်မောနေခဲ့မိသည်။

‘ ဒီလူရဲ့ နောက်ခံအင်အားက ဘာများဖြစ်နေမလဲ….သူ့မှာ ကျိယွင်ဟိုင်တင်မက မာန်ဝိဉာဉ်အဆင့်မှာရှိနေတဲ့ မာန်စွမ်အားရှင် ရုပ်သေးရုပ်ပါ ရှိနေသေးတယ်…ရုပ်သေးရုပ်တစ်ခုလုံးကလည်း အဆိပ်တွေနဲ့ ပြည့်နေတယ်…..ပြီးတော့ ဒီလူ့မှာ ကျွမ်းကျင်တဲ့ပညာရပ်တွေအများကြီးပဲ…ကြည့်ရတာ ထုတ်မသုံးရသေးတဲ့ ဝှက်ဖဲတွေ ကျန်နေဉီးမယ်ထင်တယ်….ငါ ဘယ်လို မကောင်းဆိုးဝါးမျိုးနဲ့ လာတွေ့နေတာလဲကွာ…..’

‘ သူက အလယ်အလတ်အဆင့်ရှာမန် မဟုတ်ဘူး….သူက ဒီထက်ဝေးဝေးသွားဖို့ ပြင်ဆင်နေတာပဲ…..”

တိုင်မူသည် ခါးသီးစွာ ရယ်မောနေခြင်းအား မရပ်တန့်နိုင်ခဲ့ပေ။ အကယ်၍ ကျိယွင်ဟိုင်၏ ရုပ်သေးရုပ်နှင့်သာဆို စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ရန် ယုံကြည်မှု ရှိခဲ့သော်လည်း အဆိပ်အလောင်းကောင်ပါ ပါလာပါက အနိုင်ရခဲ့မည် ဆိုလျှင်တောင် သူ့အတွက် ဆိုးဝါးသော အကျိုးဆက်များ ရှိလာပေလိမ့်မည်။

အပြင်ဘက်တွင် ဖြစ်ပါက ပို၍ကောင်းပေလိမ့်မည်။ ယခုတွင်မူ ယင်ကိုးကမ္ဘာထဲသို့ ရောက်နေပြီးဖြစ်သောကြောင့် မိမိတို့ အရှေ့တိုင်းမြူရွက်မျိုးနွယ်စု၏ အကြံအစည်များ မပျက်စီးစေရန် သူ့ (စုမင်) အား တိုက်ခိုက်ရန် မဖြစ်သေးပေ။

တိုင်မူ့အတွေးများ မှန်ကန်ပေသည်။စုမင် ထံတွင် ထုတ်မသုံးကရသေးသော စွမ်းရည်များ ကျန်ရှိနေသေးသည်။ ” လေထုခွဲဖြာခြင်းနည်းသုံးသွယ် “ကို ယခုချိန်ထိ ထုတ်မသုံးရသေးပေ။ဤ တိုက်ပွဲတွင် စုမင်သည် ရုပ်သေးရုပ်များ ထုတ်သုံးလိုက်သည့်အခါ စုမင်နှင့် နှောင်းပိုင်းရှာမန်တို့ကြားတွင် ကွာခြားချက် သိပ်မရှိတော့ပေ။

ဤ တိုက်ပွဲအား ​စုမင်တစ်ဉီးတည်း မတိုက်ခိုက်နိူင်ပေ။ကိုယ်ပွား ထုတ်သုံးလိုက်သည့်အခါ အတန်ငယ် တိုက်ခိုက်လာနိုင်ခဲ့ပြီး အဆိပ်အလောင်းကောင်ကို ထုတ်သုံးပါက ကနဉီးအဆင့် နှောင်းပိုင်းရှာမန်အား အရှုံးမရှိအောင် တိုက်ခိုက်နိူင်မည် ဖြစ်သည်။

စုမင်သည် ရှာမန်နယ်မြေတုန်းကထက် ပို၍အားကောင်းလာခဲ့ပြီဖြစ်သည်။ ထိုခံစားချက်သည် စုမင်အား စိတ်ခံစားချက်ပေါင်းများစွာကို ခံစားရစေသည်။

‘ ငါရဲ့ တိုက်ခိုက်မှုစွမ်းအား အများစုက ပြင်ပအကူညီတွေက လာတာတွေချည်းပဲ…ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားတစ်ခုတည်းနဲ့ နှောင်းပိုင်းရှာမန်ကို ဘယ်တော့များမှ တိုက်ခိုက်နိုင်မှာလဲ…..’

တိုင်မူသည် ခဏမျှတုံ့ဆိုင်းနေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်လေသည်။သူသည် စုမင်အား ရှုပ်ထွေးသောအမူအရာများနှင့် ကြည့်လိုက်ပြီး ​မြေပြင်ပေါ်သို့ ဆင်းသက်သွားကာ စုမင်အား ရန်စခဲ့သည့် အမျိုးသမီးအား ပါးရိုက်လိုက်လေ၏။

အမျိုးသမီးသည် သွေးများအန်ထုတ်လိုက်ပြီး ဘေးသို့ လဲကျသွားလေ၏။ ပါးပြင်တစ်ခုလုံး ယောင်ကိုင်းနေသောငြားလဲ စကားတစ်ခွန်းမှ မပြောဝံ့ပေ။ သူမသည် အဖိုးအိုနှင့်စုမင်တို့၏ တိုက်ပွဲအား တွေ့မြင်ခဲ့ရပြီးနောက် သူမ ဒုက္ခရှာခဲ့မိမှန်း နားလည်နေခဲ့လေ၏။

” မောင်ရင်..မင်းလဲ ငါတို့ မျိုးနွယ်စုဝင်တွေကို သတ်လိုက်ပြီးပြီပဲ…ငါ အခု သူမကိုလဲ အပြစ်ပေးလိုက်ပြီ…ဒီကိစ္စကို ဒီမှာပဲထားလိုက်ကြရအောင်….အကယ်၍ မင်းဘက်က တိုက်ခိုက်ချင်သေးတယ်ဆိုလဲ ဒီအဖိုးကြီးကမင်းနဲ့ အဆုံးထိ တိုက်ခိုက်ပေးပါ့မယ်….”

တိုင်မူ စုမင်အား အေးစက်စွာ လှည့်ကြည့်လိုက်သည်။

” စီနီယာရဲ့ ကျင့်ကြံခြင်းနယ်ပယ်က သိပ်ကို နက်ရှိုင်းလွန်းပါတယ်….ကျုပ်က စီနီယာရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး….ကျုပ်ဘက်က ခွန်အားအကုန်ထုတ်သုံးရင်တောင် အားနည်းချက်ရှိနေဉီးမှာဆိုတော့ ဆက်မတိုက်ဝံ့တော့ပါဘူး….”

စုမင် လက်သီးကို လက်ဖဝါးဖြင့် ရစ်ပတ်ကာ အဖိုးအိုအား လေးလေးစားစား ပြောဆိုလိုက်သည်။

စုမင်၏ ပညာသားပါသော အပြောအဆိုနှင့် အပြုအမူတို့ကြောင့် တိုင်မူ၏ အမူအရာများအနည်းငယ် ပြေလျော့သွားခဲ့သည်။စုမင်သည် တိုင်မူနှင့် ယခုလေးပင် တိုက်ခိုက်ခဲ့သောလည်း ယဉ်ကျေးနေဆဲပင်။သူသည် တိုင်မူ့အား စီနီယာအဟု ခေါ်ဝေါ်ခဲ့ပြီး လူအများရှေ့တွင် ဂုဏ်သိက္ခာထိန်းရန်ပင် ကူညီပေးခဲ့သည်။

ထိုသူသော အပြုအမူများကြောင့် တိုင်မူသည် စုမင်အပေါ် ဒေါသကြီးစွာမထားနိုင်တော့ပေ။တကယ်တမ်းတွင်မူ သူ့လူများဘက်ကသာ စုမင်အား စတင်နှောက်ယှက်သည်ဟုပင် ထင်မိနေပြီဖြစ်သည်။

ဤပြသာနာပြီးသွားပါက စုမင်အား လိုက်ရှာရန်ကြံစည်ထားသောလည်း ထိုအတွေးများကို စွန့်ပစ်လိုက်ပြီဖြစ်သည်။ ထိုအစား စုမင်ကိုပင် နှစ်သက်သဘောကျလာသလိုပင် ခံစားနေရ၏။

ယခုတွင်မူ တိုင်မူသည် စုမင်အား ယခင်ကနှင့်မတူတော့သော အကြည့်မျိုးဖြင့် ကြည့်နေခဲ့မိသည်။

“ကောင်းပြီ…လူငယ်တစ်ယောက်အနေနဲ့ စိတ်မြန်လက်မြန်ရှိတာ နားလည်ပါတယ်….ဒီကိစ္စမှာငါ့လူတွေဘက်က လွန်တာကြောင့်မို့ မင်းဘက်က တိုက်ခိုက််ဆိုတာလဲ နားလည်ပါတယ်…..မင်းဘက်က နှိမ့်ချနေဖို့မလိုပါဘူး… အကြိတ်အနယ်ပြိုင်ခဲ့တဲ့ ဒီတိုက်ပွဲကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်….”

တိုင်မူ့၏ အမူအရာများသည် ယခင်ကထက်ပင် နွေးထွေးလာသည်။ထိုသို့ပြောဆိုပြီးနောက် တိုင်မူသည် နောက်သို့လှည့်ကာ ကောင်လေးနှင့် မဒမ်ကျောက်တို့အား ခေါ်ဆောင်သွားရန် နောက်လိုက်များကို အချက်ပြလိုက်သည်။ ကောင်လေး၏ ဘောင်းဘီခွကြားတွင် အဝါရောင် အရည်များစွန်းထင်းနေပြီး ဆိုးဝါးသော ဆီးနံ့များ ထွက်ပေါ်နေသည်။

အခြေတည်အဆင့် ရှာမန်ပင် မဖြစ်သေးသောကောင်လေးသည် ယနေ့မြင်တွေ့ခဲ့ရသော တိုက်ပွဲအား ဘယ်သောအခါမှ မေ့နိုင်တော့မည်မဟုတ်ပေ။

အရှေ့တိုင်းမြူရွက်မျိုးနွယ်စုဝင်များ ထွက်ခွာသွားသည့်အခါ ပတ်ဝန်းကျင်ရှိလူအားလုံးသည် စုမင်ဘက်သို့ လှည့်ကြည့်နေကြသည်။ ထိုလူများ၏ အကြည့်များတွင် တုန်လှုပ်ခြင်း၊ လေးစားခြင်း အငွေ့အသက်များ ပါဝင်နေသည်။မည်သို့ပင်ဆိုစေကာမူ စုမင်ပြသခဲ့သော စွမ်းရည်များသည် ထိုလူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်ကုန်ကြပြီဖြစ်သည်။ များမကြာမီအချိန်တွင်း စုမင်နှင့် တိုင်မူတို့၏ တိုက်ပွဲအကြောင်း ရှာမန်တစ်မြို့လုံး သိရှိကြပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset