အခန်း ( ၄၃၀ )

ငါလည်း လုပ်နိုင်ပါတယ်

ကုန်းစွန်းဝမ်အာက အပြာရောင်စမ်းသပ်ပွဲထဲ ခြေချလိုက်စဥ် အဆုံးမဲ့မဟူရာချောက်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာလေသည်။

သူ့မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့နေသော အမူအရာရှိပြီး မျက်လုံးတစ်လုံးချင်းစီတွင် ကျောက်ဘီလူးကြီးတစ်ကောင်၏ ပုံရိပ်ကို မြင်ရသည်ဆိုရုံသာ ရှိလေသည်။

တဖြည်းဖြည်းနှင့် သူသည် ဘေးပတ်ဝန်းကျင်ကို စတင် သတိပြုမိလာ၏။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းရန် အချိန်ကြာပြီးသော် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်နှင့်ကိုယ်ပြန်ကပ်သွားလေသည်။ အနည်းငယ် နှေးကွေးလေးလံနေသော အတွေးများဖြင့် အတန်ကြာအိပ်ပြီး ပြန်နိုးလာသည့်အလား ခံစားလိုက်ရလေသည်။

” အလုပ်ဖြစ်သွားလား ”
နဖူးကိုပွတ်ရင်း ဖြည်းညင်းစွာ ထပြီးနောက် သူ၏ ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူအောင်မြင်သွားသည်လား မသေချာသေးပေ။ မကြာသေးခင်က ဖြစ်ပျက်သွားခဲ့သော အရာအာလုံးမှာ လုံးဝ ဗလာကျင်းနေတော့သည်။

” ဒါက…”
တခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူက အသက်ဝင်တောင်ဂါထာ၏ နည်းလမ်းများကို အသုံးပြုကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်လေသည်။ သူ ထိုသို့လုပ်လိုက်သောအခါ တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ့ကိုယ်ထဲတွင် အလွန်တရာပြင်းထန်၍ ပြင်းထန်သော အားတစ်ခု ဖြစ်တည်လာသောကြောင့် သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

တစ်ဆက်တည်းမှာပင် သူ့မျက်လုံးထဲတွင် ကျောက်ဘီလူးကြီးနှစ်ကောင်၏ ပုံရိပ်များ ပြတ်သားထင်ရှားလာလေသည်။ သူ့ကိုယ်ထဲရှိ စွမ်းအားမှာ ဆက်လက်ဖြစ်ပေါ်လာပြီး ထိုစွမ်းအားကို သူ့ခန္ဓာကိုယ်က ထိန်းချုပ်ထားနေသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူက သတိမထားမိလိုက်ဘဲ ပါးစပ်ကို ဟလိုက်မိသည်။

ထိုအခိုက်အတန့်တွင် သူ့အသံက မိုးခြိမ်းလိုက်သည့်အလား ဟိန်းထွက်လာတော့သည်။ ထို့နောက် သူ့အပေါ်တွင် အကြမ်းအားဖြင့် မီတာ၃၀မြင့်သော ဧရာမကျောက်ဘီလူးကြီး၏ ပုံရိပ်ကြီး ပေါ်လာလေသည်။

သူက ဟိန်းဟောက်လိုက်ပြီး မျက်လုံးများက ဒေါသအလင်းရောင်များတောက်ပလျက် လေထဲသို့ ခုန်တက်လိုက်သည်။ သူ့ကိုယ်တွင်း စွမ်းအားမှာ လွှင့်ထုတ်ရမည့်အချိန်သို့ရောက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့် လက်သီးဆုပ်လိုက်ပြီးနောက် အနီးအနားရှိတောင်တစ်လုံးကို ထိုးချလိုက်တော့သည်။

ဧရာမအားကြီးတစ်ခုက တောင်ကြီးကို အရှိန်ပြင်းစွာ ထိမိလိုက်သည်နှင့်် ကောင်းကင်နှင့်မြေပြင်တစ်ခွင် ဝုန်းခနဲ မြည်ဟည်းသံကြီး ပြည့်နှက်သွားကာ ထိုတောင်ကြီးမှာ တုန်ခါသွားပြီး အပိုင်းပိုင်းကွဲကြေသွားတော့သည်။ ထိုနေရာရှိ တိမ်ပင်လယ်များမှာ အရှိန်အဟုန်ပြင်းစွာ တလိပ်လိပ်တက်လာလေရာ ပိုင်ရှောင်ချန်းမှာ ဧရာမလေပွေကြီးအလယ်သို့ ရောက်နေသည့်အလား ဖြစ်နေတော့သည်။

စောစောက သူ ထုတ်လိုက်သည့် စွမ်းအားမှာ အပြင်အားသက်သက်ဖြစ်ပြီး အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်ထက် မနိမ့်ကျပေ။ အပြင်အားတွင် ထူးဆန်းသောအားများ ပါဝင်နေသည်ဟု ပြောလျှင် မှန်လိမ့်မည်။

၄င်းမှာ လည်မျိုဖမ်းဆုပ်ကွက်၊ တောင်ဖြိုသိုင်းနှင့် ထာဝရပြုစားခြင်းသိုင်းများ ကဲ့သို့သော လျှို့ဝှက်မှော်သိုင်းတစ်မျိုးဖြစ်လေသည်။

လက်သီးထိုးချက် ထုတ််လိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်ကို ခံစားလိုက်ရလေသည်။ ထို့နောက် ကျောက်ဘီလူးကြီး၏ ပုံရိပ်ယောင်က မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေသည့်တိုင်အောင် သူ့မျက်လုံးများမှာ မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် တလက်လက်တောက်နေလေသည်။

” ဒါက ထာဝရအသက်ရှည်နည်းသိုင်းနဲ့ တခြားစီပဲဟ။ လည်မျိုဖမ်းဆုပ်ကွက်နဲ့ တောင်ဖြိုသိုင်းလိုမျိုး အဆက်မပြတ် မသုံးနိုင်ပေမဲ့လည်း အသက်ဝင်တောင်ဂါထာက ငါထုတ်သုံးနိုင်တဲ့ စွမ်းအားအကြီးဆုံးသိုင်းပဲ။ လည်မျိုဖမ်းဆုပ်ကွက်ထက်တောင် ပိုကြမ်းသေးတယ် ” အလျင်အမြန်စစ်ဆေးကြည့်ပြီးနောက် လက်သီးချက်အသုံးပြုရာတွင် သူ့ကိုယ်ထဲရှိ စွမ်းအားမျိုးစုံမှာ တစ်နေရာထဲတွင် စုဆုံသွားပုံရပြီး ထိုသိုင်းကွက်ကို ထုတ်ဖော်ပြီးသည်နှင့် အားအင်ကုန်ခမ်းလုနီးပါးဖြစ်သွားသည်ကို သူ သိသွားသည်။

သို့တိုင်အောင် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ရမ်းပစ်နိုင်လေရာ ထိုလက်သီးထိုးချက်က ပေးဆပ်ရသည်နှင့် ထိုက်တန်နေသည်။

“ဟားဟားဟား နောက်ဆုံးတော့ အောင်ပြီကွ။ အခုစပြီး အသက်ဝင်တောင်ဂါထာက ငါ့ရဲ့ ဝှက်ဖဲတစ်ချပ်ပဲ။ ဟွန်း.. ပိုင်ရှောင်ချန်းက အခု အမြုတေဆင့်အောက်က ဘယ်သူ့ကိုမှ မရှုံးပေးနိုင်ဘူးဟေ့ ” ယခု သူ မည်မျှအံ့သြဖွယ်ကောင်းသည်ကိုတွေးကာ စိတ်လှုပ်ရှားမှုနေပြီး အဆုံးမဲ့မဟူရာချောက်မှ စိတ်ဓာတ်များတက်ကြွလျက် ပျံထွက်လိုက်သည်။

အပေါက်ဝမှ ထွက်လိုက်သည်နှင့် သူက သူ့အောင်မြင်မှုကိုဝေမျှရန် မျှော်လင့်ချက်ဖြင့် ကျောက်တုံးပေါ်ရှိ ကျောက်တောင်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျောက်တောင်၏ ကျင့်ကြံခြင်းအခြေခံကို မမှန်းဆနိုင်သည့်တိုင်အောင် သူ၏အရှိန်အဝါများအရ သူသည်လည်း အသက်ဝင်တောင်ဂါထာကို ကျင့်ကြံခဲ့ကြောင်း သိလိုက်ရလေသည်။

သို့သော်လည်း ကျောက်တောင်က ရှင်းကုံကျစ်တာအိုဂိုဏ်း ကြယ်ပွင့်များစမ်းသပ်ပွဲတည်ရှိရာကို စူးစိုက်ကြည့်နေကြောင်း အလျင်အမြန် သတိထားမိလိုက်၏။

” အစ်ကိုကြီး ကျောက်တောင်” ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
” ကျုပ် အောင်မြင်သွားပြီဗျ”

“အင်း”
ကျောက်တောင်၏ မျက်နှာပေါ်တွင် အလွန်လေးနက်သော အမူအရာဖြစ်ပေါ်နေပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ကြယ်ပွင့်များစမ်းသပ်ပွဲရှိရာကို ဆက်လက်ကြည့်နေလေသည်။

ကျောက်တောင်၏တုန့်ပြန်မှုကြောင့် အံ့သြသွားပြီး ပိုင်ရှောင်ချန်းက ထပ်ပြောလိုက်ပြန်သည်။
” အစ်ကိုကြီး ကျောက်တောင် ကျုပ်ပြောတာက ကျုပ်အခုလေးတင် အသက်ဝင်တောင်ဂါထာကို အောင်မြင်သွားပြီဗျ။”

ကျောက်တောင်မှာ သူ့ကို လှမ်းပင်မကြည့်ဘဲ
” အိုး…ဂုဏ်ယူပါတယ်” ဟု ဖြေကြားလိုက်သည်။ ထိုအချိန်တွင် သူ့ကို ကြည့်ရသည်မှာ အတော်လေး စိတ်လှုပ်ရှားလာဟန်ရှိသည်။

ပိုင်ရှောင်ချန်းမှာ စွမ်းအားကြီးသော ဝှက်ဖဲတစ်ချပ်ကို အပြည့်အဝကျင့်ကြံပြီးသော်လည်း သူ၏ပျော်ရွှင်မှုကို ဝေမျှရန် မည်သူမှ မရှိလေရာ အတော်လေး စိတ်ပျက်သွားတော့သည်။ သို့သော် သူသည် မနေနိုင်တော့ဘဲ ကျောက်တောင်က မည်သည်ကိုစိတ်ဝင်စားနေလဲသိရှိရန် ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များ စမ်းသပ်ပွဲကို လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင် သက်တန့်၏ အပြာရောင်အပိုင်းပေါ်တွင် အခြားကြယ်များထက် ပိုမိုထွန်းလင်းတောက်ပနေကာ မျက်စိဖမ်းစားနေသော ကြယ်တစ်ပွင့်ကို သတိပြုမိလိုက်သည်။ ထိုကြယ်ပေါ်တွင် အာရုံစိုက်လိုက်သောအခါ သူ့ခေါင်းထဲတွင် ကုန်းစွန်းဝမ်အာ၏နာမည် ပေါ်လာသည်ကို ရုတ်တရက်တွေ့လိုက်ရလေသည်။

” ဟမ် ”
သူက ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်မိသည်။ ကပျာကယာ ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး စမ်းသပ်ပွဲအတွင်းဖြစ်ပျက်နေသည်တို့ကို ကြည့်ရန် စွမ််းဆောင်မှုရမှတ်အနည်းငယ် အသုံးပြုလိုက်လေသည်။ အမည်မသိသောလူငယ်တစ်ယောက်အား တိုက်ခိုက်နေသော အပြာရောင်စမ်းသပ်ပွဲရှိ ကုန်းစွန်းဝမ်အာကို အံ့သြတုန်လှုပ်ဖွယ် သူ မြင်လိုက်ရ၏။

ထိုလူငယ်၏ ကျင့်ကြံခြင်းအခြေခံမှာ အမြုတေအဆင့်၏ မဟာစက်ဝန်းတွင်ရှိနေပြီး စိမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး လျှပ်စီးမိုးကြိုးအမြောက်အမြားက သူ့ကို ခြံရံထား၏။ သူက ကုန်းစွန်းဝမ်အာနှင့် ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် တိုက်ခိုက်နေပြီး သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံထက် သာလွန်သော နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်လေသည်။

သို့သော် ကုန်းစွန်းဝမ်အာက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ လူငယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အပိုင်းပိုင်းကွဲကြေသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မှင်သက်သွားပြီး ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကျင့်ကြံသူများအားလုံးမှာ လုံးဝတုန်လှုပ်သွားကြတော့သည်။ ထိုရုပ်ထုကြီးကို မကြာသေးမီက အရှေ့ရှိ အအောင်မြင်ဆုံးစိန်ခေါ်သူက အပြာရောင်စမ်းသပ်ပွဲတွင် ထားရစ်ခဲ့သည်မဟုတ်ပါလော။

တစ်နည်းအားဖြင့်ဆိုလျှင် ယခု သူမ အနိုင်ရလိုက်သည့် ရုပ်ထုသည် ရှင်းကုံကျစ်တာအိိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များတွင် အဆင့်ရှစ် ရထားသည့် ထူးချွန်သော စိန်ခေါ်သူကို ကိုယ်စားပြုလေသည်။

သက်တန့်၏ အပြာရောင်အပိုင်းကို ရောက်ချင်သော မည်သူမဆို ယခင်အောင်မြင်သွားသောစိန်ခေါ်သူထားရစ်ခဲ့သည့် ရုပ်ထုနှင့်တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုသည်သာလျှင် သက်တန့်၏ ခရမ်းရောင်အပိုင်းသို့ ရောက်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကုန်းစွန်းဝမ်အာ အောင်မြင်သွားသည့်အချိန်မှာပင် အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲတွင် သူမ၏ ရုပ်ထုက ချက်ချင်းဖြစ်ပေါ်လာတော့သည်။

ထိုသည်မှာ သူမနောက်က အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲသို့တက်လှမ်းသွားသည် မည်သူမဆို ကုန်းစွန်းဝမ်အာ၏ရုပ်ထုကို အနိုင်ယူရမည်ဟုဆိုလိုလေသည်။ တခဏကြာသော် ကုန်းစွန်းဝမ်အာ ပျောက်ကွယ်သွားပြီး ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲအတွင်းပြန်ပေါ်လာ၏။

ထိုအချိန်တွင် အပြင်ဘက်ရှိ သူမကို ကိုယ်စားပြုသည့် ကြယ်ပွင့်သည် သက်တန့်၏ အပြာရောင်အပိုင်းမှ ခရမ်းရောင်အပိုင်းပေါ်ရွေ့လာကာ ကိုးခုမြောက်ကြယ်ဖြစ်လာတော့သည်။

တအံ့တသြအော်ဟစ်သံ အမြောက်အမြားနှင့် ဆူညံပွက်လောရိုက်သွားလေသည်။ နှစ်ပေါင်းများစွာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့််များ၏ လက်ရှိ မျိုးဆက်၌ သက်တန့်၏ ခရမ်းရောင်အပိုင်းပေါ်တွင် ကြယ်ရှစ်လုံးသာရှိခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ကိုးခုရှိသွားလေပြီ။

ဂိုဏ်းစည်းမျဥ်းများအရ သက်တန့်၏ ခရမ်းရောင်အပိုင်းအပေါ် တက်လှမ်းနိုင်သည့် မည်သူမဆို ဂိုဏ်းမှဖြည့်ဆည်းပေးနိုင်သည့် မည်သည့်တောင်းဆိုချက်ကိုမဆို လွန်လွန်ကျူးကျူးမဖြစ်သ၍ တောင်းနိုင်လေသည်။

ကုန်းစွန်းဝမ်အာက ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲထဲရောက်သွားသည်နှင့် သူမအား မည်သူမျှ မမြင်ရတော့ပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲ၏ စည်းကမ်းချက်များအရ ပထမ နတ်မီးလျှံစမ်းသပ်ပွဲခြောက်ပွဲကို ကြည့်ခွင့်ပေးထားသော်လည်း နောက်နတ်မီးလျှံစမ်းသပ်ပွဲ ခရမ်းရောင်တစ်ခု အတွက်မူ ဝင်ရောက်ခွင့်ရှိသည့် လူကိုယ်တိုင်သာလျှင် အထဲတွင် မည်သို့ဖြစ်မည်ကို သိခွင့်ရှိလေသည်။

လူအနည်းအကျဥ်းသာ ခရမ်းရောင်နတ်မီးလျှံစမ်းသပ်ပွဲက မည်သည်နှင့်တူသည်ကို သိကြလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်
ကုန်းစွန်းဝမ်အာက အပေါက်ဝတွင်ပြန်ပေါ်လာပြီး သူမ၏နာမည်သည် ကိုးခုမြောက်နေရာတွင် ရှိနေလေသည်။ချက်ချင်းပင် ထိုအကြောင်းနှင့် ပတ်သက်၍ ဂိုဏ်းတစ်ခုလုံး ဟိုးလေးတကျော်ကျာ်ဖြစ်သွားတော့သည်။

ကုန်းစွန်းဝမ်အာမှာ ကိုးခုမြောက်နေရာကို ရောက်လာခြင်းကြောင့် ထင်ပေါ်ကျော်ကြားလာတော့သည်။ ၄င်းသည် ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် အံ့မခန်းအောင်မြင်မှုတစ်ရပ်ဖြစ်လေသည်။ ပို၍ အံ့သြဖွယ်ရာကောင်းသည်မှာ အချိန်အနည်းငယ်ကြာသော် အနန္တကြယ်သက်တန့်၏ ဂိုဏ်းခေါင်းဆောင်များအပိုင်းမှ ဓမ္မအမိန့်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

” ကုန်းစွန်းဝမ်အာ.. မင်းရဲ့ တောင်းဆိုချက်ကို သဘောတူတယ်။ ဒါကြောင့် မင်းဟာ ဓားစာခံတစ်ယောက်မဟုတ်တော့ပဲ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဓိကဂိုဏ်းသားတစ်ဦးဖြစ်သွားပါပြီ ”

လူတိုင်းမှာ ကြေညာချက်ကြောင့် ကြက်သေသေသွားကြပြီး အမှန်တကယ်ဆိုရလျှင် လူအများစုမှာ ကုန်းစွန်းဝမ်အာက ဓားစားခံတစ်ယောက်ဖြစ်ခဲ့ကြောင်း ပထမဆုံးအကြိမ်သိလိုက်ရခြင်းဖြစ်လေသည်။ ပိုင်ရှောင်ချန်းမှာမူ အံ့သြမှုကြောင့် မျက်လုံးများ ပြူးထွက်သွားတော့သည်။

ဤသည်မှာ ကုန်းစွန်းဝမ်အာက မည်မျှအံ့သြဖွယ်ရာကောင်းကြောင်း သူ ပထမဆုံးအကြိမ် သိရှိခြင်းဖြစ်လေသည်။ သို့သော်လည်း သူ အတန်ငယ် ဒေါသထွက်သွားလေသည်။ ထို့နောက် ကုန်းစွန်းဝမ်အာနှင့် ဖြစ်ပျက်ခဲ့သမျှအကြောင်းအားလုံးကို ပြန်တွေးလိုက်ပြီး ရုတ်တရက် သတိပြန်ဝင်လာ၏။

” ဘာများ အဲ့လောက် အံ့သြစရာကောင်းနေလို့လဲ… ”
သူက ရေရွတ်လိုက်ပြီး အဆုံးမဲ့မဟူရာချောက်မှ ထွက်ခွာလာခဲ့လေသည်။ သူလမ်းလျှောက်နေစဥ် မည်သူမှ သူ့ကို အာရုံစိုက်မနေကြတော့ပေ။ သူတို့အားလုံး ကုန်းစွန်းဝမ်အာအကြောင်း ပြောနေကြလေသည်။

သူ ပို၍ စိတ်ဆိုးဒေါသထွက်သွားပြီး ကုံဒေသသို့ပြန်ရောက်သည့်တိုင် ထိုနေရာရှိ ကျင့်ကြံသူများသည်လည်း ကုန်းစွန်းဝမ်အာအကြောင်း ပြောနေကြသည်ကို တွေ့လိုက်ရလေသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ အင်မော်တယ်ဂူသို့ ပြန်လာပြီး ထိုင်ချလိုက်လေသည်။

အံတင်းတင်းကြိတ်ရင်း သူက ပြောလိုက်သည်။
” ငါလဲ လုပ်နိုင်တာပဲ ။ နောက်ဆုံးအကြိမ်တုန်းက စိမ်းပြာရောင်စမ်းသပ်ပွဲထိရောက်သေးတာပဲလေ။ ဟွန်း.. ဝိညာဥ်တွေ အများကြီးရှိနေလို့သာပေါ့။ ဝိညာဥ်တွေအကုန်လုံးကို တစ်နေရာတည်း စုပ်ပြီး လှုပ်ရှားလို့မရအောင် နည်းလမ်းတစ်ခုရှာသင့်တယ်။ အဲ့လိုဆိုရင်တော့ လမ်းလေးလျှောက်ထွက်သွားရုံပဲ ” မျက်မှောင်ကြုတ်လျက် ထိုကိစ္စကို တွေးတော ကြံဆနေတော့သည်။

ရက်အနည်းငယ်ကြာသော် သူသည် မျက်လုံးများရဲရဲနီနေသော်လည်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ခေါင်းမော့လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset