အခန်း (၄၂) အထင်မကြီးဝံ့ကြ
လုန်ယွိက ကျန်းလန်၏ အကူအညီကို ဘယ်တော့မှ အလကားယူလေ့မရှိပေ။
ထို့ကြောင့်… သူတို့ (၂)ယောက် တစ်ယောက်နှင့်တစ်ယောက် အကြွေးတင်စရာ အကြောင်းမရှိတော့ပေ။
ကျန်းလန်က လုန်ယွိ ကမ်းပေးလာသည့် စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အနေဖြင့် စာအုပ်ကို ငြင်းစရာအကြောင်း မရှိပေ။
ကျန်းလန် စာအုပ်ကို လှမ်းယူလိုက်ရင်း…
“ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မ…”
လုန်ယွိက မည်သည့်စကားမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတို့ကို ကျန်းလန် မနှောက်ယှက်တော့ဘူး… ခွင့်ပြုပါဦးဗျာ…”
ကျန်းလန်က အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
ကျင်းထင်နှင့် မုရှိုးတို့ကလည်း ကျန်းလန်ကို ခေါင်းညိတ်ပြလိုက်ကြ၏။
ထို့နောက်… ကျန်းလန် ထွက်ခွာသွားလေတော့သည်။
ကျန်းလန်ထွက်ခွာသွားသည်နှင့် ကျင်းထင်နှင့် မုရှိုးက လုန်ယွိကို လှမ်းကြည့်လိုက်ကြသည်။
မည်သို့သော ရည်ရွယ်ချက်ဖြင့် လုန်ယွိက ကျန်းလန်ကို အစီအရင်နှင့်ပတ်သက်ပြီး အကူအညီတောင်းရကြောင်း သူတို့ သိချင်နေကြသည်။
ထို့ကြောင့်… မေးမြန်းလိုသည့် သဘောဖြင့် လှမ်းကြည့်လိုက်ကြခြင်း ဖြစ်၏။
လုန်ယွိကတော့ အေးဆေးတည်ငြိမ်သည့်အကြည့်များဖြင့် ကျင်းထင်ကို လှမ်းကြည့်လိုက်ရင်း…
“ဂိုဏ်းတူအစ်ကို… အဲဒီ အင်းသင်္ကေတကို ဖယ်လိုက်ပါလား…”
ကျင်းထင်က စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့်…
“ဂိုဏ်းတူညီမလေး’လုန်’ … နောက်နေတာလား… ၊ ဟို ဂိုဏ်းတူညီလေးက သူ ပြောသွားတဲ့စကား မှန်လား မှားလားတောင် သေချာမသဲကွဲဘူး… ၊ သူ့အယူအဆကိုပဲ ပြောပြသွားတာ… ၊ သူ ပြောတဲ့အတိုင်းသာ လိုက်လုပ်မယ်ဆိုရင် အန္တရယ် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…”
မုရှိုးက…
“အမှန်ပဲ… ဂိုဏ်းတူညီမလေး… ၊ အစီအရင် မှားယွင်းသွားရင် ကျွန်မတို့ ကျင့်ကြံခြင်းကို ထိခိုက်သွားနိုင်တယ် ၊ ဒါကြောင့် သေသေချာချာ စဉ်းစားသင့်တယ်…”
ကျင်းထင်က…
“ဟုတ်တယ်… ဂိုဏ်းတူညီမလေး’လုန်’… ဒီ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက ထူးခြားပြီး လေးစားစရာကောင်းတဲ့သူ တစ်ယောက်ပါ … ၊ တခြားကိစ္စဆိုရင် ကျုပ်တို့လည်း မငြင်းပါဘူး ၊ ဒါပေမဲ့ သူက အစီအရင်တွေနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့သူမှ မဟုတ်တာ… ၊ သူပြောတဲ့အတိုင်း လျှောက်မလုပ်စေချင်ဘူး…”
ကျန်းလန်က အခြေခံတည်ဆောက်ခြင်းအဆင့် မျှသာ ရှိသေးသည်။
ထို့ပြင်… ကျင့်ကြံခြင်းသက်တမ်းကလည်း အတော်လေး တိုတောင်းသေး၏။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် လျှင်မြန်ရခြင်းအကြောင်းကလည်း နဝမတောင်ထွတ်မှ ရင်းမြစ်များ၏ အကူအညီကြောင့် ဖြစ်လေရာ ကျန်းလန်၏ အနာဂတ်က သိပ်ပြီး အလားအလာ မကောင်းလှပေ။
ထို့ကြောင့်… မုရှိုးနှင့် ကျင်းထင်အနေဖြင့် ကျန်းလန်ကို အဘယ်မှာ ယုံကြည်နိုင်ပါမည်နည်း။
သူတို့သာ ကျန်းလန်ပြောသည့်အတိုင်း လိုက်လုပ်ပါက ကျင့်ကြံခြင်းတွင် သေချာပေါက် အန္တရယ်ရင်ဆိုင်ရပေလိမ့်မည်။
လုန်ယွိက ကျင်းထင်နှင့် မုရှိုးတို့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာကတည်ငြိမ်နေ၏။
ပြီးမှ… လုန်ယွိက သိမ်မွေ့သည့်အသံဖြင့်…
“ဒါဖြင့်လည်း ရှင်တို့ (၂)ယောက် တခြားနေရာသွားပြီး အစီအရင် အသစ်လုပ်လိုက်လေ… ၊ ကျွန်မကတော့ ဒါကို စမ်းသပ်ကြည့်မယ်…”
လုန်ယွိ၏ စကားကြောင့် မုရှိုးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သို့သော်… သူမက လုန်ယွိနှင့် ငြင်းခုံခြင်း မပြုမိပေ။
လုန်ယွိ ပြောသည်မှာ အမှန်ပင် ဖြစ်၏။
သူတို့အတွက် အစီအရင် အသစ်တစ်ခုပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်… ဤနေရာတွင် သူတို့ ဆက်ပြီး ကျင့်ကြံနိုင်စွမ်း မရှိကြတော့ပေ။
ထို့ကြောင့်… လုန်ယွိက လက်ရှိနေရာမှ အစီအရင်ကို ကျန်းလန် ပြောသည့်အတိုင်း ပြုပြင်ပြီး စမ်းသပ်ကြည့်လိုခြင်းကိုလည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။
သို့သော်… မုရှိုးနှင့် ကျင်းထင်ကတော့ ကျန်းလန်ပြောသွားသည့်စကားကို ယုံရခက်နေကြသည်။
မုရှိုးက…
“ဂိုဏ်းတူညီမလေး’လုန်’ … ညီမလေးရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားတယ်ဆိုတာ မှန်ပါတယ်… ၊ ညီမလေးက တန်ခိုးစွမ်းအားလည်း မြင့်မားသလို စွမ်းရည်လည်း ထက်မြက်တယ် ၊ ပြီးတော့… ပါရမီလည်း ရှိပြီးသားပဲ… ၊ ဒါပေမဲ့ မဟုတ်တာတွေ လျှောက်လုပ်မယ်ဆိုရင်တော့… ညီမလေးရဲ့ ကျင့်စဉ်လမ်းကို ထိခိုက်သွားနိုင်တယ် ၊ မမျှော်လင့်တဲ့ အန္တရယ်တစ်ခုခု ဖြစ်လာခဲ့ရင် မူလဝိညာဉ်အဆင့်ကို တက်ရောက်နိုင်ဖို့ အတားအဆီး ဖြစ်လိမ့်မယ်…”
လုန်ယွိက အလွန်အမင်း တည်ငြိမ်နေ၏။
သူမက…
“ဒါပေမဲ့… ဒီတိုင်းဆက်သွားနေလည်း အချိန်ကြာပြီး အလုပ်ဖြစ်မှာမှ မဟုတ်တာ…”
လုန်ယွိက သူမလုပ်သည့်အလုပ်၏ အတိုင်းအဆကို နားလည်သူ ဖြစ်သည်။
သူမသာ ယခုအချိန် မကြိုးစားကြည့်လျှင် မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ရန် နောက်ထပ် နှစ်အနည်းငယ် ကြာသွားပေလိမ့်မည်။
ကျင်းထင်နှင့် မုရှိုးတို့ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
လုန်ယွိက ထူးခြားသူတစ်ယောက်ဖြစ်လေသည်။ ထို့ပြင်… မစဉ်းစားမဆင်ခြင်ဘဲ ပြုလုပ်တတ်သူတစ်ယောက် မဟုတ်ပေ။
သူတို့အားလုံးအတွက် ကျင့်ကြံခြင်းပြုလုပ်ရန် အချိန်ကလည်း နည်းပါးနေပြီ ဖြစ်သည်။ ထို့ကြောင့်… လုန်ယွိက ကျန်းလန် ပြောသည့်အတိုင်း စမ်းသပ်ကြည့်ချင်သည်မှာ အပြစ်မဆိုသာပေ။
သို့သော်… ကျန်းလန်ပြောသည့်အတိုင်း စမ်းသပ်ကြည့်ရန်အတွက် အခြေခံလိုအပ်ချက်အချို့ ရှိနေသည်။
ပထမဆုံးအချက်မှာ… နဝမတောင်ထွတ်မှ တပည့်ကို သူတို့ ယုံကြည်ရမည် ဖြစ်သည်။
ကျင်းထင်နှင့် မုရှိုးတို့ သက်ပြင်းချလိုက်မိကြ၏။ သို့သော်… မည်သည့်စကားမှ မပြောကြတော့ပေ။
သူတို့ (၂)ယောက်က နောက်ထပ် အစီအရင်အသစ်တစ်ခုကို ပြုလုပ်ရန် ခပ်ဝေးဝေး နေရာတစ်ခုသို့ ထွက်ခွာသွားကြသည်။
မဟုတ်ပါက… လက်ရှိနေရာတွင် မရဏအငွေ့အသက်များ၏ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လုန်ယွိကတော့ မူလအစီအရင်ကိုပင် ကျန်းလန်ပြောသည့်အတိုင်း အင်းသင်္ကေတကို ဖယ်ရှားလိုက်သည်။ ထို့နောက်… ထိုနေရာတွင်ပင် ဆက်လက်ကျင့်ကြံနေလေ၏။
အမှန်တော့… သူမသည်လည်း ကျန်းလန်ပြောသည့်စကားကို မျက်စိမှိတ် ယုံကြည်ခဲ့ခြင်း မဟုတ်ပေ။
ပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်ရန် ဆုံးဖြတ်ထားသည်။ မတော်တဆ အန္တရယ်ကြုံတွေ့ခဲ့ရလျှင် သူမကိုယ်သူမ ကာကွယ်ရန် မှော်ဝင်ပစ္စည်းတစ်ခုကိုလည်း အသင့်ပြင်ထားသည်။
ထိုမှော်ဝင်ပစ္စည်းက သူမ၏ စိတ်ကိုတည်ငြိမ်စေပြီး အန္တရယ်များမှ ကာကွယ်ပေးနိုင်စွမ်း ရှိလေသည်။ ဆရာဖြစ်သူ သူမကို ပေးအပ်ထားသည့် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်၏။
သူမက မည်သည့်အခါမှ ပေါ့ဆစွာ မနေတတ်ဘဲ အမြဲတမ်း သတိရှိနေသူတစ်ယောက် ဖြစ်လေသည်။
……………
နဝမတောင်ထွတ်၏ ခန်းမဆောင်ရှိရာသို့ ထွက်လာရင်း ကျန်းလန်က လုန်ယွိပေးလိုက်သည့် နဂါးဘာသာစကားစာအုပ်ကို တစ်ချက်လှန်ကြည့်လိုက်သည်။
စာအုပ်ကို အကြမ်းဖျင်းဖတ်ပြီးသည်နှင့် နဂါးဘာသာစကားက အတော်လေးခက်ခဲကြောင်း နားလည်လိုက်၏။
သို့သော်… သူကလည်း နဂါးဘာသာစကားကို အလျှင်အမြန် သင်ယူရန် ရည်ရွယ်ချက်မရှိပေ။ အချိန်အားမှသာ အေးအေးဆေးဆေး ဖတ်ရှုကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချို့ဂါထာမန္တန်များက နဂါးဘာသာစကားနှင့် အသုံးပြုလျှင် ပိုပြီးအစွမ်းထက်သည်ဟု ကျန်းလန် ကြားဖူးသည်။
သို့သော်… ထိုအချက်က မှားသည်လား မှန်သည်လားတော့ သေချာမသိရှိပေ။ မှန်သည်ဆိုလျှင်တော့ နဂါးဘာသာစကားက သူ့အတွက် အလွန်အသုံးဝင်မည် ဖြစ်သည်။
သူ ယခင်က ကျင့်ကြံခဲ့သည့် မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာက သူ၏ အသိဉာဏ်များကို များစွာ ဖွင့်ပေးခဲ့သည်။ ထို့ကြောင့် နဂါးဘာသစကားကို လေ့လာလျှင်လည်း လွယ်လွယ်ကူကူ တတ်မြောက်နိုင်သည်ဟု ကျန်းလန် တွေးလိုက်၏။
သူ့ကို ကျင်စဉ်လမ်းတစ်လျှောက် အကူအညီပေးနေသည့်အရာ အတော်များများက စနစ်တွင် မှတ်ပုံတင်ခြင်းမှ ရရှိသည့် အရာများဖြစ်သည်။
စနစ်မှ ရရှိသည့် အရာများကြောင့် အကြောင်းအရာအတော်များများကို သူ လေ့လာသင်ယူနိုင်ခဲ့သည်။
သို့သော်… တစ်ခါတစ်ရံတော့ ဆရာဖြစ်သူထံမှ အကူအညီယူရသည့် အချိန်များလည်း ရှိခဲ့သည်ပင်…။
မည်သို့ပင်ဖြစ်စေ… ကျန်းလန်က လောဘကြီးသူတစ်ယောက် မဟုတ်ပေ။ သူက တတ်နိုင်သမျှ ကြိုးစားကျင့်ကြံရန်သာ ဆုံးဖြတ်ထားသူ ဖြစ်သည်။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် အသက်ရှင်နေထိုင်ရသူတစ်ယောက်အတွက် ကျင့်ကြံခြင်းကိုသာ အားလျှော့လိုက်မည်ဆိုလျှင် သူ့အတွက် အန္တရယ်မကင်းနိုင်ဟု ခံစားရသည်။
ယနေ့ ကံကောင်းနေသည့်တိုင် မနက်ဖန်တွင် ကံဆိုးလေမည်လားဆိုသည်က လောင်းကြေးမထပ်ရဲသည့် ကိစ္စပင် ဖြစ်၏။
အတွေးများထဲ နစ်မျောရင်း… ကျန်းလန် ခန်းမဆောင်တစ်ခုလုံးကို သန့်ရှင်းရေး ပြုလုပ်ပြီးစီးသွားသည်။
ထို့နောက် ခန်းမဆီသို့ လာရာလမ်းတစ်လျှောက်မှ မြက်ပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများကိုလည်း ခုတ်ထွင်ရှင်းလင်းပစ်လိုက်သည်။
နဝတောင်ထွတ်တွင်… မည်သူမှ ဤလမ်းသို့ လာရောက်ကြမည့်သူ မရှိပေ။ သို့သော်… မြက်ပင်များကို မရှင်းလင်းပစ်ပါက နောက်ပိုင်းတွင် ခြုံနွယ်များ ထူထပ်လာပေလိမ့်မည်။
နောင်တစ်ချိန် … ခြုံနွယ်များဖုံးလွှမ်းသွားပြီး လမ်းပျောက်ကွယ်သွားခဲ့လျှင် နဝမတောင်ထွတ်သည်လည်း သာသာယာယာ မရှိတော့ဘဲ ခြောက်သွေ့သွားပေလိမ့်မည်။
သို့သော်… နဝမတောင်ထွတ်သို့ မည်သူမှ မလာရောက်သည်ကတော့ အမှန်တရားပင် ဖြစ်၏။
အလုပ်များအားလုံး ပြုလုပ်ပြီးစီးသွားသည်နှင့် ကျန်းလန် ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
ယခုတလော… နေရထိုင်ရ အနည်းငယ် အဆင်မပြေသည့်အတွက် ကိုယ်တွင်းမိစ္ဆာ ရှိ မရှိ ဆရာ့ကို စစ်ဆေးပေးရန် တောင်းဆိုရပေမည်။
သို့သော်… ကျန်းလန်၏ အတွေးမဆုံးသေးမီပင်… သူ့ရှေ့တွင် ဆရာဖြစ်သူ ဘွားခနဲ ပေါ်လာ၏။
ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆရာဖြစ်သူကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။
“ဆရာ… ”
မော့ကျန်းသုန့်က…
“ဒါနဲ့… ခုတလော မင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ…”
ကျန်းလန်က…
“နည်းနည်းတော့ နေလို့မကောင်းဖြစ်နေတယ်… ဆရာ… ၊ ကိုယ်တွင်းမိစ္ဆာများ ဝင်သလားမသိဘူး…”
ယခုတလော နေထိုင်ရသည်မှာ အမှန်တကယ်ပင် သင့်သောင့်သက်သာ မရှိလှပေ။
သို့သော်… သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်တိုင်းလည်း ပြဿနာ တစ်စုံတရာ မတွေ့ရပေ။
စိတ်တည်ငြိမ်စေရန် ကျင့်ကြံသည့် မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကိုလည်း တစ်ရက်မပျက် ကျင့်ကြံနေပါလျှက် အဘယ့်ကြောင့် ဤသို့ မသက်မသာ ခံစားနေရပါသနည်း။
ကျန်းလန်၏ စကားကိုကြားသည်နှင့် မော့ကျန်းသုန့် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက်… ကျန်းလန်အနားသို့ အလျှင်အမြန်ရောက်လာပြီး လက်နှစ်ချောင်းဖြင့် တပည့်ဖြစ်သူ၏ နဖူးထက်သို့ အသာထိလိုက်သည်။
အတန်ကြာမှ… မော့ကျန်းသုန့်က လက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း…
“မင်း… သက်တံ့တိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံဖြစ်သေးလား…”
“ဟို… ဝိညာဉ်သားရဲဥလေးပေါ်မှာတော့ အဲဒီတန်ခိုးစွမ်းအား အသုံးပြုကြည့်ဖြစ်တယ်…”
ကျန်းလန် အမှန်အတိုင်း ပြောလိုက်သည်။
ကျန်းလန်က ဝိညာဉ်သားရဲဥလေးဟု ပြောလိုက်သည့်အခါ မော့ကျန်းသုန့် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
ထိုသားရဲဥလေးမှာ ယခုထိ အကောင်မပေါက်သေးပေ။ အကောင်မပေါက်နိုင်ဘဲ မြုံနေသည့် သားရဲဥလေးဖြစ်မည်ဟု မော့ကျန်းသုန့် ထင်မထားခဲ့မိပေ။
မဟုတ်ပါက… သူ တပည့်ဖြစ်သူကို လက်ဆောင်ပေးမိမည် မဟုတ်ပေ။
သို့သော်… အသုံးမဝင်သည့် သားရဲဥလေးကို လက်ဆောင်ပေးခဲ့မိသည့်တိုင် တပည့်ဖြစ်သူက သူ့ကို မကျေမနပ်မဖြစ်ခဲ့ပေ။ ထို့ပြင်… တပည့်ဖြစ်သူက ထိုသားရဲဥလေးကို မွေးမြူဂရုစိုက်ပေးရသည်ကိုပင် ပျော်ရွှင်နေဟန် ရှိသည်။
“ဒါဖြင့်…အခု အဲဒီ ဥလေးရောအခြေအနေဘယ်လိုရှိလဲ…”
မော့ကျန်းသုန့်က မေးလိုက်သည်။
ကျန်းလန်က…
“သူ့ကိုကြည့်ရတာ အတော်လေး အားနည်းနေသလိုပဲ…”
မော့ကျန်းသုန့်က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…
“ကြည့်ရတာ သက်တံ့တိမ်တိုက်ကျင့်စဉ် ကျင့်ကြံရင်း မင်း တစ်ခုခု တိုးတက်လာတာ ဖြစ်လိမ့်မယ်… ၊ ဒါကြောင့် နေမကောင်းသလို ခံစားရတာ… ၊ ဒါပေမဲ့ စိတ်မပူပါနဲ့ … ၊ ခဏလောက်နေရင် သက်သာသွားပါလိမ့်မယ်…”
ခဏနားပြီးနောက် မော့ကျန်းသုန့်က ဆက်ပြောသည်။
“ဒါပေမဲ့ နေပြန်ကောင်းသွားရင် အဲဒီ သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားကို လွယ်လွယ်နဲ့ အသုံးမပြုနဲ့တော့… ၊ နတ်တန်ခိုးစွမ်းအားတွေဆိုတာက ဂါထာမန္တန်တွေနဲ့ တူတာ မဟုတ်ဘူးလေ… ၊ အထူးသဖြင့် ကံတရားနဲ့ပတ်သက်နေတဲ့ နတ်တန်ခိုးစွမ်းအားတွေကို အသုံးပြုရင် ပိုပြီး ဂရုစိုက်ရလိမ့်မယ် … ၊ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်…”
ကျန်းလန်က သူ၏ ဆက်ခံသူ တပည့်ဖြစ်သည်။
ထို့ကြောင့် တပည့်ဖြစ်သူ တစ်ခုခု ဖြစ်သွားမည်ကို မော့ကျန်းသုန့် အမြဲတမ်း စိုးရိမ်ပူပန်မိသည်။
သူ့အနေဖြင့် နောက်ထပ်တပည့်တစ်ယောက်ကို ဆက်ခံသူတပည့်ဖြစ်လာသည်အထိ ထပ်မံသင်ပြပေးရန် လွယ်ကူမည် မဟုတ်ပေ။
သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက မကြာခဏ စမ်းသပ်ကြည့်ရန် လိုအပ်သည်ဆိုသော်လည်း အကန့်အသတ်တော့ ရှိပေလိမ့်မည်။
မည်သည့်ကိစ္စမဆို လုံးဝမပြုလုပ်ဘဲ ငုတ်တုတ်ထိုင်နေခြင်းက ပြဿနာရှိနိုင်သလို အလွန်အကျွံပြုလုပ်ခြင်းကလည်း ပြဿနာ ရှိနိုင်သည်ပဲ ဖြစ်၏။
ယခုလည်း… ကျန်းလန်တစ်ယောက် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အလွန်အကျွံ အသုံးပြုမိသောကြောင့် တစ်စုံတစ်ခု ဖြစ်သွားမည်ကို မော့ကျန်းသုန့် စိုးရိမ်သွားမိသည်။
သို့သော်… ကျန်းလန်က စိတ်စွမ်းအားကောင်းလွန်းသောကြောင့်သာ တော်သေးသည်ဟု ပြောရပေမည်။
မဟုတ်ပါက… ပြန်လည်နေကောင်းလာစေရန်အတွက် ရက်အတန်ကြာအောင် အချိန်ယူရနိုင်သည်ဟု မော့ကျန်းသုန့် တွေးလိုက်မိလေ၏။