အခန်း ( ၄၁ )

သစ်တောစိမ်းရေကန်နံဘေးက ငိုကြွေးသံ

” ရန်သူတစ်ယောက်ပဲ ”
ဝမ်ပေါင်လဲ့က ထိုအသံလွှင့်လက်စွပ်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ ဝိညာဥ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင်မှာ ထိုစကားတစ်ခွန်းသာ ပြောခဲ့သည်ဖြစ်သော်လည်း သူ၏ လေသံမှာ ယုံမှားဖွယ်ရာ မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် ကသိကအောက် ဖြစ်သွားရတော့သည်။

” သူ့ဘက်မှာ အာဏာရှိတဲ့ အဖေတစ်ယောက် ရှိနေလို့ပါကွာ။ သူက ဘာများ အရေးပါနေလို့လဲ။ ငါ့ကို အမိန့်ပေးရလောက်အောင် သူ့မှာ ဘယ်လို လုပ်ပိုင်ခွင့်အာဏာမျိုး ရှိနေလို့လဲကွ ”
ဝမ်ပေါင်လဲ့က ချောင်းဟန့်ကာ ဆိုလိုက်၏။ သူ၏ ဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်နေပြီ ဖြစ်ပြီး ဤအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သူ စတင်တွေးတောနေ၏။ ထို့နောက် သူသည် မသိစိတ်မှနေ၍ မုန့်ထုပ်တစ်ထုပ်ကို ဖွင့်ဖောက်ကာ စားရန်ပြင်လိုက်သည့်အချိန်တွင် ရပ်တန့်သွား၏။

” မဖြစ်ဘူး။ ငါ ဝိတ်ကျအောင် လုပ်မယ်လို့ ကတိပေးထားတယ်လေ။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကြီးက တော်တော်ကို ကြီးမားလွန်းတော့ ငါ သေသေချာချာ စဥ်းစားတွေးတောနိုင်ဖို့ လိုအပ်တယ်။ ထားလိုက်တော့ကွာ။ ဒီ ပြဿနာကို အရင်ဖြေရှင်းပြီးတော့မှပဲ ဝိတ်ကျအောင်လုပ်တော့မယ် ”
ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် အာရုံထွေပြား၍ မဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီး မုန့်များကို စတင် စားသုံးလိုက်တော့သည်။

သို့သော် သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားပြီးသည့်တိုင်အောင် အဖြေတစ်ခုတလေပင် ပေါ်မလာခဲ့ပေ။ ထိုဖြစ်ရပ်ကြီးမှာ ရုတ်ချည်းဆိုသလို ဖြစ်သွားခဲ့သည်ဖြစ်ပြီး ပါမောက္ခကြီး၏ ညွှန်ကြားချက်များလည်း ဖြစ်နေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ကျောင်းသားခေါင်းဆောင်ဖြစ်နေပါသော်လည်း သူနှင့် ပါမောက္ခကြားထဲတွင် အဆင့်များစွာ ကွာခြားနေသည်ကို နားလည်ထား၏။

” ငါက အဆင့်နိမ့် အရာရှိလေး တစ်‌ယောက် ဖြစ်‌နေလို့ပေါ့ကွာ။ ငါသာ ပြည်ထောင်စု ဥက္ကဋ္ဌဖြစ်နေမယ်ဆိုရင် ဘယ်သူကမှ ငါ့ကို အဲဒီလို လေသံမျိုးနဲ့ စကားပြောရဲမှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ၏ ဗိုက်ကို ပုတ်လိုက်၏။ ထို့နောက် သူသည် စောင့်ဆိုင်းကာ မနက်ဖြန်ရောက်မှ ထိုအခြေအနေကို စုံစမ်းစစ်ဆေးလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ ထိုသို့ လုပ်ရန်မှာ မဖြစ်နိုင်ပါက သင့်တင့်လျောက်ပတ်သော အပေးအယူတစ်ခုကို လုပ်လိုက်မည်သာဖြစ်သည်။

ထိုသို့ဖြင့် ညတစ်ည ကုန်ဆုံးသွား၏။

နောက်နေ့မနက်အစောပိုင်းတွင် ဝမ်ပေါင်လဲ့သည် တရားထိုင်နေရာမှ မျက်လုံးများပွင့်လာပြီး သူ့ကိုယ်သူ ကိုယ်လက်သန့်စင်ကာ ဝိညာဥ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် အဆောင်ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားလိုက်၏။

သူသည် လမ်းတစ်လျှောက်တွင် ကျောင်းသားပေါင်းများစွာနှင့် ဆုံခဲ့၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း သူ့အား သာမန်အတိုင်း နှုတ်ဆက်နေကြပါသော်လည်း ချက်ချင်းပင် လေသံတိုးတိုးနှင့် ဆွေးနွေးငြင်းခုံနေကြတော့သည်။ ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲကို ယနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သူတို့ သိထားကြဟန်တူသည်။

ဝမ်ပေါင်လဲ့ကမူ ဘေးဘီဝဲယာကို အကဲခတ်လိုက်သောအခါ ဖြစ်ပျက်နေသည့် အခြေအနေများကို ရိပ်စားမိလိုက်သည်။ ထို့နောက် သူသည် မျက်လုံးများမှေးလိုက်ပြီး ဝိညာဥ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် အဆောင်အဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်တော့သည်။

သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းသားခေါင်းဆောင် အဆောင်၏အပြင်ဘက်တွင် ရပ်နေကြသည့် ကျောင်းသားများမှာ ချက်ချင်းဆိုသလိုပင် သူ့အား သတိထားမိသွားကြသဖြင့် လမ်းရှင်းပေးလိုက်ကြသည်။ ဝမ်ပေါင်လဲ့ကမူ ဝိညာဥ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင်အဆောင်ထဲသို့ ဝင်သွားလိုက်ပြီး ထိုအခြေအနေကို သုံးသပ်လိုက်၏။

” အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ ကြီးမားပြီး အရေးပါတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် တည်ငြိမ်‌နေဖို့ လိုအပ်တယ်လို ရေးထားကြတယ်။ အဲဒီတော့ ငါလည်း အတားအဆီးတွေ အကုန်လုံးကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သောအခါ ပို၍ပင် စိတ်အေးသွားရတော့သည်။

ထိုသို့ဖြင့် အရှေ့ဘက်ရှိ ကျောင်းသားများ၏ လမ်းညွှန်မှုမှုတစ်ဆင့် သူသည် ကျောင်းသားခေါင်းဆောင်၏ အခန်းဆီသို့ ရောက်ရှိလာ၏။ သူ ထိုနေရာသို့ရောက်သွားသောအခါ ဓမ္မလက်နက်ဌာနမှ အခြားကျောင်းသားခေါင်းဆောင် နှစ်ယောက် ထိုနေရာတွင် ထိုင်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့မှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ချောင်ခွင်းနှင့် ဝိညာဥ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် လင်းတျန်ဟောက်တို့ ဖြစ်ကြသည်။

သူတို့သုံးယောက်စလုံးမ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ဖူးကြခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအခြားနှစ်ယောက်ကို လုံးဝမမြင်ဖူးပါသော်လည်း သူတို့အားလုံး တူညီသော ကျောင်းသားခေါင်းဆောင် တာအိုဝတ်ရုံများကို ဆင်မြန်းထားကြသည်ဖြစ်ရာ တစ်ယောက်ကိုတစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူ ခွဲခြားနိုင်စွမ်း ရှိနေသည်မှာ မထူးဆန်းပေ။

ဝမ်ပေါင်လဲ့က သူတို့၏အနားသို့ ရောက်သွားသောအခါ ထိုနှစ်ယောက်မှာ သူ့ဘက်လှည့်၍ ကြည့်လိုက်ကြသည်။ ထို့ကြောင့် သူတို့မှာ တစ်ခဏမျှ အကြည့်ချင်း ဆုံသွားကြ၏။ ချောင်ခွင်း၏ မျက်နှာမှာ အသက်မဲ့နေပါသော်လည်း လင်းတျန်ဟောက်ကမူ ပြုံးကာ ဆိုလိုက်၏။

” ညီလေးပေါင်လဲ့။ လာ လာ ”

သူ စကားပြောလိုက်သောအခါ အသံထုတ်လွှင့်ကာ စကားပြောခဲ့သည့် လင်းတျန်ဟောက်ဆိုသောလူ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် ရိပ်မိလိုက်သည်။ နောက်တစ်ယောက်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း သူက သိထား၏။

သူတို့သုံးယောက်က အာလာပ သလ္လာပ အနည်းငယ် ပြောဆိုလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကာ ထိုင်ချလိုက်ကြသည်။ များမကြာမီ စစ်ဆေးရေးမှူးတစ်ယောက်က သူတို့အတွက် လက်ဖက်ရည်များ ယူလာပေးပြီးနောက် အခန်းထဲမှ ပြန်၍ ထွက်ခွာသွားပြီး တံခါးကို ပိတ်သွား၏။

ထိုအခိုက်အတန့်တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားအားလုံး၏ အကြည့်များမှာ သူတို့ပေါ်သို့ ရောက်နေကြပြီဖြစ်သည်။ ၎င်းမှာ ကောင်းကင်တာအိုကျောင်း၏ ပထမဦးဆုံး ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲဖြစ်ပြီး လက်ရှိတွင် စတင်နေပြီဖြစ်သည်။

” အကုန်လုံး ရောက်လာပြီဆိုမှတော့ ငါတို့ရဲ့ ပထမဦးဆုံး ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲကို စလိုက်ကြစို့။ ပါမောက္ခကြီးက ငါတို့ရဲ့ ဓမ္မလက်နက်ဌာနကို ရှေ့ပြေးစီမံကိန်းအနေနဲ့ ရွေးချယ်ခဲ့တာကိုကြည့်ရင် သူက ငါတို့ကို ယုံကြည်နေတယ်ဆိုတာ အထင်အရှားပဲ။ ဒါပေမဲ့ ငါတို့ကို စစ်ဆေးတဲ့အနေနဲ့ ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ငါကတော့ ထင်တယ် ”
လင်းတျန်ဟောက်က ပြုံးကာ ဆိုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ကြည့်လိုက်ပြီးနောက် ချောင်ခွင်းဆီသို့ အာရုံလွှဲလိုက်သည်။

” ညီလေးချောင်ခွင်း … ညီလေးပေါင်လဲ့။ အခုလတ်တလော ဖြစ်ပျက်ခဲ့တဲ့ အမှုဖိုင်တွဲတွေကို ထုတ်လိုက်။ ပြီးရင် ဆွေးနွေးကြတာပေါ့ “

ထိုအခါ ချောင်ခွင်းမှာ လင်းတျန်ဟောက်၏ အကြည့်ကို သတိထားမိလိုက်သဖြင့် ချောင်းဟန့်ကာ ဆိုလိုက်၏။

” အဲဒါဆို ကျနော် အရင်ပြောမယ်။ ကျောင်းသားခေါင်းဆောင်စနစ်ကို ပြန်လည်ပြုပြင်ပြီးသွားပြီဆိုတော့ အခုကစပြီး ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်မှာ ကျောင်းသားခေါင်းဆောင်သုံးယောက် ဆက်ရှိနေဦးမှာဆိုပေမယ့် အမှုတွေအကုန်လုံးကို မဲပေးတဲ့ စနစ်နဲ့ ဆုံးဖြတ်ရမှာ။ အဲဒါ ပါမောက္ခကြီးရဲ့ စည်းမျဉ်းတွေပဲ ”

” အဲဒီေတာ့ ကျနော့်မှာ တင်ပြစရာ အကြောင်းအရာနှစ်ခု ရှိတယ်။ အစ်ကိုတျန်ဟောက်၊ ညီလေးပေါင်လဲ့။ အဲဒီအကြောင်းအရာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြတာပေါ့ ”

” ပထမ အကြောင်းအရာက ဓမ္မလက်နက်ဌာနမှာ စစ်ဆေးရေးမှူးတွေ အများကြီး ရှိနေတဲ့ အချက်ပဲ။ သူတို့က အခကြေးငွေမယူဘဲနဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်အတွက် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့အချက်ကို ကျနော်တို့က နားလည်ထားရမယ်။ အဲဒီတော့ ကျနော်တို့တွေက တကိုယ်ကောင်းဆန်ပြီးတော့ သူတို့ရဲ့ ပညာရေးကို နှောင့်နှေးကြန့်ကြာသွားအောင် လုပ်လို့မဖြစ်ဘူး။ သူတို့ကို ပညာ လေ့လာသင်ယူနိုင်ဖို့အတွက် အချိန်များများ ပိုပေးသင့်တယ် ”

” ဒါကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကနေ လူတချို့ကို တာဝန်ကနေ ရပ်ဆဲပစ်ဖို့ အကြံပေးချင်တယ်။ ကျနော်တို့ရောက်နေတာ တာအိုကျောင်းတစ်ကျောင်းလေ။ ပြည်ထောင်စု အဖွဲ့အစည်းတစ်ခုမှ မဟုတ်ပဲ ”

ချောင်ခွင်းမှာ ထိုသို့ ဆိုရင်း ကျောက်စိမ်း‌ပေလွှာ နှစ်ခုကို ထုတ်ယူလိုက်ပြီး လင်းတျန်ဟောက်နှင့် ဝမ်ပေါင်လဲ့တို့ဆီသို့ လှမ်း၍ပေးလိုက်၏။

” ဒါ တာဝန်ကနေ ရပ်စဲပစ်ဖို့အတွက် ကျနော် အကြံပေးချင်တဲ့ လူတွေရဲ့ နာမည်စာရင်းပဲ။ ကျောင်းသားခေါင်းဆောင် တျန်ဟောက်။ ကျေးဇူးပြုပြီး အဲဒီနာမည်တွေကို စစ်ဆေးကြည့်လိုက်ပါ ”

လင်းတျန်ဟောက်မှာ ထို စာရင်းအား စစ်ဆေးကြည့်ရှုလိုက်ပြီး ခေါင်းညိတ်ကာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည်။

” ညီလေးပေါင်လဲ့။ ညီလေးရော ဘယ်လိုသဘောရလဲ ”

ဝမ်ပေါင်လဲ့မှာ သူ၏ အသက်ရှူသံကို ပုံမှန်အတိုင်းဖြစ်နေအောင် မနည်း ထိန်းထားနေရ၏။ သူသည် ထိုကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်ရှုပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ဒေါသများကို လုံးဝနီးပါး မချုပ်တည်းနိုင်လောက်သည့်အထိ ဖြစ်သွား၏။ ထိုစာရင်းထဲမှ နာမည်များအားလုံးမှာ သူ၏ ဝိညာဉ်ကျောက်တုံးခန်းမမှ ဖြစ်နေကြသည်ဖြစ်ပြီး သူနှင့် ရင်းနှီးကြသူများ သို့မဟုတ် သူကိုယ်တိုင် ရွေးချယ်ထားခဲ့သည့် လူများ ဖြစ်နေကြသည်။

လျှိုတောက်ပင်းသည်လည်း ထိုစာရင်းထဲတွင် ပါနေ၏။

ဝမ်ပေါင်လဲ့မှာ သူ အသာစီးရနိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် အပေးအယူလုပ်ရန် အဆင်သင့်ဖြစ်နေခဲ့ပါသော်လည်း သူ ရင်ဆိုင်နေရသည့် အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို ကြည့်၍ သူတို့မှာ အပေးအယူလုပ်ရန် ဆန္ဒမရှိဘဲ သူ့အား အရှက်ခွဲရန် ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း သိနိုင်ပေသည်။

” ငါ သဘောမတူဘူး ”
ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

” အဲဒါဆို မဲပေးရမှာပေါ့။ အစ်ကိုကတော့ ချောင်ခွင်းရဲ့ နည်းလမ်းတွေကို သဘောတူတယ် ” လင်းတျန်ဟောက်မှာ တည်ကြည်ကာ အနည်းငယ်မျှပင် ဂရုမစိုက်သည့် အမူအရာဖြင့် သဘောတူလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်၏။

ချောင်ခွင်းမှာလည်း သရော်ပြုံးပြုံးကာ သူ၏လက်ကို မြှောက်လိုက်၏။

” အတည်ပြုတယ် ”
လင်းတျန်ဟောက်မှာ ဆုံးဖြတ်ချက်ချလိုက်ပြီး ဝမ်ပေါင်လဲ့၏ ထင်မြင်ယူဆချက်များကို မေးမြန်းမနေတော့ဘဲ စစ်ဆေးရေးမှူးများကို တာဝန်မှရပ်စဲရန် သဘောတူ လက်ခံလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ဤကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲထဲတွင် တစ်ယောက်တည်းဖြစ်ကာ အားကိုးရာမဲ့ ဖြစ်နေမည် ဖြစ်သောကြောင့် ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူ၏ မျက်နှာအမူအရာမှာ မဲ့သွားပြီး သူသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဒေါသများကို ချုပ်တည်းထားလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့၏ တင်းမာနေသော အမူအရာကို မြင်လိုက်ရသောအခါ ချောင်ခွင်းမှာ သူ၏ သရော်ပြုံးကိုပင် မဖုံးကွယ်နိုင်တော့ဘဲ ထပ်၍ စကားပြောလိုက်၏။

” ကျောင်းသားခေါင်းဆောင် တျန်ဟောက်။ ကျနော့်မှာ တင်ပြစရာ ဒုတိယအကြောင်းအရာတစ်ခု ရှိနေသေးတယ်။ အဲဒါက ဟွမ်ကျင့်၊ ကျန်းလန်နဲ့ တခြားသူတွေရဲ့ အမှုနဲ့ ပတ်သက်တဲ့ကိစ္စပဲ။ သူတို့တွေ တာအိုကျောင်း အပြင်ဘက်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာကို ကျနော်တို့တွေက လိုက်ပြီးတော့ ဂရုစိုက်နေစရာ မလိုဘူးလေ။ သူတို့လေးယောက်ကို လွှတ်ပေးဖို့ ကျနော်အကြံပြုချင်တယ်။ အစ်ကိုတျန်ဟောက်ရော ဘယ်လိုသဘောရလဲ ”

ချောင်ခွင်းတစ်ယောက် စကားဆုံးသွားသောအခါတွင် ဒေါသများကို ချုပ်တည်းနေခဲ့သည့် ဝမ်ပေါင်လဲ့မှာ ဆတ်ခနဲ ခေါင်းမော့လာပြီး ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေသော မျက်ဝန်းတစ်စုံဖြင့် ချောင်ခွင်းအား စိုက်ကြည့်နေလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ အခြားကိစ္စ အားလုံးကို လျှော်ပေးနိုင်ပါသော်လည်း ကျန်းလန်နှင့် အခြားလူများ၏ အမှုကိုမူ လုံးဝ ကျေအေးပေးနိုင်မည် မဟုတ်ပေ။

” ညီလေးချောင်ခွင်းပြောတာ အဓိပ္ပါယ်ရှိတယ်။
ကျန်းလန်နဲ့ တခြားသူတွေက ပြဿနာအချို့ ရှိပေမယ့် တာအိုကျောင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စ မဟုတ်တော့ အစ်ကိုတို့ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိမနေဘူးလေ။ ပြီးတော့ သူတို့က သိပ်မကြာခင် အဆင့်မြင့်ကျွန်းရဲ့ စာမေးပွဲတွေကို ဝင်ဖြေရတော့မှာ။ သူတို့က နှစ်တွေအများကြီး ကြိုးစားခဲ့ရတာဆိုတော့ အခုအချိန်ရောက်မှ သူတို့ကို အာရုံထွေပြားသွားအောင် လုပ်လို့ မဖြစ်ဘူး ”
လင်းတျန်ဟောက်က ဟန်ဆောင်ပြုံးကာ ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ ထို့နောက် သူက မေးလိုက်သည်။
” ညီလေးပေါင်လဲ့။ မင်းရော ဘယ်လိုသဘောရလဲ ”

” ခင်ဗျားတို့က တရားလွန်နေပြီ ”
ဝမ်ပေါင်လဲ့မှာ စားပွဲခုံကို အသံအကျယ်ကြီးမြည်အောင် ရိုက်ချလိုက်ပြီး လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။

သိူ့သော် လင်းတျန်ဟောက်ကမူ ဂရုမစိုက်ဟန်ဖြင့်သာ ပြုံးလိုက်ပြီး ပေါ့ပေါ့တန်တန် ဆိုလိုက်၏။
” မဲခွဲကြတာပေါ့။ အစ်ကိုကတော့ သဘောတူတယ် ”

ချောင်ခွင်းမှာလည်း သရော်ပြုံး ထပ်ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ပြန်သည်။ ထို့ကြောင့် ဒုတိယအဆိုပြုချက်မှာလည်း ဝမ်ပေါင်လဲ့၏ရှေ့တွင် အတည်ပြုပြီးသား ဖြစ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ လုံးဝ လျစ်လျူရှုခံခဲ့ရပြီး အရှက်ခွဲခံလိုက်ရသည့် ခံစားချက်ကြီးကြောင့် ဒေါသထွက်လွန်းနေသဖြင့် ကောက်ကျစ်စဉ်းလဲစွာ ပြုံးမိသွား၏။ ထိုအချိန်တွင် သူသည် လျှိုတောက်ပင်းဆီမှလည်း အသံလွှင့်ပေးပို့မှုတစ်ခုကို လက်ခံရရှိလိုက်သည်။

” ကျောင်းသားခေါင်းဆောင် သတိထားမှဖြစ်မယ်နော်။ ကမ္ဗည်းစာခန်းမက ကျောင်းသားခေါင်းဆောင် ချောင်းခွင်းက ဒီနေ့ ကျောင်းသားခေါင်းဆောင်ကို အရှက်ခွဲပြမယ်ဆိုပြီး သတင်းတွေ လွှင့်ထားတယ်လို့ ကျနော် ကြားထားတယ် ”
ဝမ်ပေါင်လဲ့မှာ အထိတ်တလန့် ဖြစ်နေသောကြောင့် သူ အလျင်အမြန် သတိလှမ်းပေးလိုက်ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့ကမူ ပြန်၍အကြောင်းမပြန်ဘဲ မတ်တတ်ထရပ်လိုက်၏။ ထို့နောက် လင်းတျန်ဟောက်မှာ ပြုံးနေပြီး ချောင်ခွင်းမှာ သရော်ပြုံး ပြုံးနေစဉ် ရုတ်ချည်းဆိုသလို ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်‌သောကြောင့် ချောင်ခွင်း၏ ရှေ့သို့ ရောက်ရှိသွား၏။

ဝမ်ပေါင်လဲ့မှာ လျင်မြန်လွန်းနေသည်ဖြစ်ရာ ချောင်ခွင်းမှာ ကြက်သေသေသွားပြီး လင်းတျန်ဟောက်မှာ မတုန့်ပြန်နိုင်ခင် ဝမ်ပေါင်လဲ့၏ ညာလက်မှာ ‌လေပေါ်သို့ ‌မြောက်တက်လာပြီး ချောင်ခွင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထိုအခြင်းအရာအားလုံး တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့ ပြန်၍ တုန့်ပြန်လိုက်သည့် အချိန်တွင်မူ ဝမ်ပေါင်လဲ့မှာ ချောင်ခွင်း၏ လည်ပင်းကို ညှစ်ထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။

” လွှတ်စမ်း ”
ချောင်ခွင်းမှာ အသိပြန်ဝင်လာသောကြောင့် အော်ဟစ်လိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့နှင့်အတူတူ ခန္ဓာအချုပ်အနှောင် နောက်ဆုံးအဆင့်တွင် ရှိနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ အရင်ဆုံးတိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က အင်အားအကုန် ထုတ်လွှတ်နေပြီဖြစ်သည်။ သူသည် ချောင်ခွင်း၏ လည်ပင်းကို လှမ်း၍ ညှစ်လိုက်သည့်အချိန်တွင် ပြန်လည်တုန့်ပြန်ခွင့် မပေးဘဲ ခန္ဓာကိုယ်တစ်လျှောက် ဝိညာဉ်စွမ်းအားများကို စီးဆင်းသွားစေလိုက်ပြီး ကျင့်ကြံခြင်းကို ပိတ်ဆို့လိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ မင်း ဘာလုပ်နေတာလဲကွ ” လင်းတျန်ဟောက်မှာ ဒေါသထွက်သွားပြီး ချက်ချင်းပင် မတ်တတ်ထလာ၏။

” ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ ခဏနေရင် သိရမှာပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်ပြီး လင်းတျန်ဟောက်အား တုန့်ပြန်ချိန်ပင် မပေးဘဲ သူ၏ အမြန်နှုန်းကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်၏။ ထို့နောက် သူသည် ကျောင်းသားခေါင်းဆောင်အခန်း၏ တံခါးများကို ဒုန်းခနဲမြည်အောင် တွန်းဖွင့်လိုက်ပြီး ချောင်ခွင်းကို ချုပ်ကာ အသံကုန်အော်ဟစ်၍ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

” ဝမ်ပေါင်လဲ့ ”
လင်းတျန်ဟောက်မှာ အံ့အားသင့်သွားပြီး ဒေါသအမျက်ချောင်းချောင်း ထွက်သွားသောကြောင့် ချက်ချင်းဆိုသလိုပင် သူ၏နောက်မှလိုက်ကာ ဘေးနားတစ်ဝိုက်မှ စစ်ဆေးရေးမှူးများကို ဝမ်ပေါင်လဲ့အား တားဆီးရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားအားလုံးက သူတို့အား အာရုံအပြည့်စိုက်ကာ ကြည့်ရှုနေကြသည်။ ထို ဆူညံသံကြီးမှာ လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွား၏။ သူတို့မှာ ချောင်ခွင်းအား တရွတ်တိုက်ဆွဲလာသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ မျက်လုံးများပြူးသွားကြပြီး တအံ့တဩနှင့် စိုက်ကြည့်နေလိုက်ကြတော့သည်။

” ဘာတွေ ဖြစ်နေတာလဲဟ ”

” ဝမ်ပေါင်လဲ့က ချောင်ခွင်းကို ချုပ်ထားတာလား ”

လူတိုင်း တအံ့တဩဖြစ်ကာ ကြောက်ရွံ့ထိတ်လန့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ အမြန်နှုန်းကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်လိုက်၏။ လင်းတျန်ဟောက်နှင့် အခြားသူများမှာ သူ့အား လိုက်ဖမ်းနေကြပါသော်လည်း အချိန်တိုအတွင်း သူ့အား လိုက်မီရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့ကမူ ချောင်ခွင်းအား တာအိုကျောင်းထဲမှ အလျင်အမြန် ဆွဲထုတ်သွားကာ သစ်တောစိမ်းရေကန်ပေါ်ရှိ သစ်သားတံတားပေါ်သို့ ပြေးတက်သွားပြီး ချောင်ခွင်းအား ရေကန်ထဲသို့ ပစ်ချလိုက်တော့သည်။

ချောင်ခွင်းမှာ ရေကန်ထဲသို့ ဗွမ်းခနဲမြည်အောင် ပြုတ်ကျသွား၏။

” မင်းက ငါ့ကို အကြမ်းဖက်ရဲတယ်ပေါ့ ”
ချောင်ခွင်းက အော်ဟစ်လိုက်၏။ ဝမ်ပေါင်လဲ့က ထိုကဲ့သို့ ပြုမူလိမ့်မည်ဟု သူက လုံးဝမထင်ထားပေ။ ထိုအချိန်တွင်မူ ဝမ်ပေါင်လဲ့မှာ ချောင်ခွင်းအား ထိုးနှက်ခဲ့ပြီးဖြစ်ရာ သူ၏ အနားသို့ ထပ်၍ ချဉ်းကပ်လာပြီး သရော်ပြုံး ပြုံးလိုက်၏။

” ဒါက တာအိုကျောင်း အပြင်ဘက်မှာလေ။ မင်းတို့ရဲ့ စကားအတိုင်းသာဆိုရင် ငါက မင်းကို ဒီနေရာမှာ သတ်လိုက်ရင်တောင် တာအိုကျောင်းက ဝင်ပြီးတော့ စွက်ဖက်ပိုင်ခွင့် မရှိဘူးမလား ”

” အဲဒီလိုဆိုမှတော့ ငါ မင်းကို ဘယ်လို ရိုက်နှက်ကန်ကျောက်မလဲဆိုတာ ကြည့်ကြတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ ဒေါတသကြီးကြိမ်းဝါးကာ သူ၏အနီးသို့ ချဉ်းကပ်လာ၏။ ချောင်ခွင်းမှာ မည်မျှပင် ရုန်းကန်စေကာမူ အချည်းအနှီးပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ချောင်းတစ်ချောင်းကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ လှန်ချိုးလိုက်တော့သည်။

ထိုအခါ နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံတစ်သံ ချောင်ခွင်း၏ နှုတ်မှ ပေါ်ထွက်လာ၏။ လင်းတျန်ဟောက်မှာ သူ၏ စစ်ဆေးရေးမှုးများ၊ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများနှင့်အတူ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့က ချောင်ခွင်း၏ ပေါင်ကြားအား ကန်ကျောက်လိုက်သည်ကို မြင်လိုက်ရ၏။

ချောင်ခွင်းမှာ အဆက်မပြတ် အော်ဟစ်နေရသောကြောင့် သူ၏ အသံ ပြောင်းလဲသွားရတော့သည်။ သူသည် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး အော်ဟစ်မြည်တမ်းကာ သစ်တောစိမ်းရေကန်ထဲသို့ ပြုတ်ကျသွား၏။ ထို အခြင်းအရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့ စတင်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ အဆုံးအထိ မိနစ်ဝက်မျှသာ ကုန်ဆုံးသွားသေးသည်။

” ဝမ်ပေါင်လဲ့ ”
လင်းတျန်ဟောက်မှာ ဒေါသမီးများ တောက်လောင်နေပြီဖြစ်သည်။ သူ၏ရှေ့တွင် ချောင်ခွင်းတစ်ယောက် ရိုက်နှက်ကန်ကျောက်ခံနေရသည်ကို ကြည့်နေရသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား အရှက်ခွဲနေသည့်အလား ခံစားနေရ၏။ သူသည် ချောင်ခွင်းအား ကယ်တင်ရန်အတွက် လူများကို စေလွှတ်လိုက်ပြီး ဒေါသမီးများတောက်လောင်ကာ အေးစက်နေသော မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

” မင်းက ဘာကြည့်နေတာလဲ။ ငါ့လို ခန့်ချောကြီးတစ်ယောက်က လူတစ်ယောက်လောက် ရိုက်နှက်ကန်ကျောက်တာကို မမြင်ဖူးလို့လား ”
ဝမ်ပေါင်လဲ့ကလည်း သူ့အား ပြန်၍စိုက်ကြည့်လိုက်ပြီး နှာမှုတ်ကာ မောက်မာဝင့်ကြွားစွာဖြင့် နောက်သို့လှည့်သွား၏။ သို့သော် သူသည် နောက်ဆုံးစက္ကန့်တွင် နောက်သို့ ပြန်လှည့်လာကာ သူ၏ လက်မအား အောက်သို့ချပြလိုက်ပြီး ရန်စလိုက်တော့သည်။

” မင်း… ”
လင်းတျန်ဟောက်မှာ အံများကြိတ်ကာ ဆက်တိုက်ဆိုသလို ရန်စခံခဲ့ရပြီး အရှက်ခွဲခံခဲ့ရသောကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ကျန်းလန်၏ အမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အသုံးပြုခဲ့သည့် နည်းလမ်းထဲမှ လွတ်ပေါက်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား အပြစ်ပေးလိုပါက သူတို့ ပြောခဲ့သည့် စကားအားလုံးကို ပြန်၍ ပယ်ဖျက်လိုက်ရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လူများကို တာအိုကျောင်းအပြင်ဘက်သို့ ဆွဲထုတ်သွားပြီး အနှောက်အယှက် ပေးခဲ့သည် ဖြစ်သော်လည်း သူက ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်နေဆဲပင်။ ထို့အပြင် ယနေ့ကျင်းပသည့် ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲတွင် သူသည် လုံးဝ လျစ်လျူရှူခံခဲ့ရသည်။ ထို့ကြောင့် ယနေ့ဖြစ်ရပ်ကို အသုံးချချင်လျှင်တောင် ဝမ်ပေါင်လဲ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စအား ပုံကြီးချဲ့ရန်မှာ ခက်ခဲနေမည်ဖြစ်သည်။

ချောင်ခွင်းမှာ ရေကန်ထဲမှ ဆယ်ယူခံလိုက်ရသောအခါ အသားများ တဆတ်ဆတ် တုန်ရီနေပြီး အသံကုန် အော်ဟစ်နေ၏။ လင်းတျန်ဟောက်မှာမူ လက်သီးများကိုသာ ဆုပ်၍ သူ့အား နှစ်သိမ့်ပေးနိုင်တာ့သည်။ သူတို့က ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲတွင် ကြီးမားသော အောင်မြင်မှုကြီးတစ်ခုကို ရရှိခဲ့ပါသော်လည်း သူသည် အလွန် နစ်နာသွားခဲ့ရသည်ဟု ခံစားနေရဆဲပင်။

Comment

Leave a Reply

Options

not work with dark mode
Reset