အခန်း ( ၄၁၈ )

တောင်တွေအားလုံးမှာ ဝိညာဥ်ရှိတယ်

ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူများက အခြေခိုင်မာခြင်းအဆင့်မှ ဖောက်ထွက်ရန် တံခါးပိတ်ကျင့်ကြံနေကြစဥ် ပိုင်ရှောင်ချန်းသည် အဆုံးမဲ့ မဟူရာချောက်၏ လျှိုမြောင်များအကြားတွင် ပျံသန်းကာ သူနှင့် ကံကြမ္မာချင်း ချိတ်ဆက်နေမည့် တောင်တစ်လုံးကို လိုက်ရှာနေတော့သည်။

” ဒီထဲက ဘယ်တောင်က ငါနဲ့ ရေစက်ပါတာတုံးကွာ။ ”
သူက စိတ်ပျက်လက်ပျက်ဖြင့် တွေးနေတော့သည်။ ဤတိမ်ကမ္ဘာကြီးကြားထဲတွင် မရေမတွက်နိုင်သော တောင်အလုံးပေါင်းများစွာ ရှိပြီး အများစုမှာ အံ့သြဖွယ်ကောင်းလှပါသော်လည်း သူနှင့် ရေစက်ပါသည့် ပုံစံ မရှိကြပေ။

ပိုင်ရှောင်ချန်းမှာ ဘာဆက်လုပ်ရမှန်း မသိပဲ ဦးတည်ရာမဲ့ ပျံသန်းနေတော့သည်။ အချိန်မည်မျှကုန်ဆုံးသွားကြောင်းကိုပင် သူသေချာမသိတော့ချေ။ ကြုံရာကျပန်းတွေ့သော တောင်တစ်လုံးကို ရွေးရန်ပြင်လိုက်စဥ်မှာပင် တိမ်ပင်လယ်ကြီးအကြားတွင် အလွန်ထူးခြားသော တောင်ကြီးတစ်လုံးကိုမြင်လိုက်ရသဖြင့် တုန်ရီသွားတော့သည်။

ဤတောင်ကြီးသည် တောင်တစ်လုံးနှင့်တူပါသော်လည်း ရုပ်တုကြီးတစ်ခုနှင့် ပို၍တူနေသည်။ ဒူးတစ်ဖက်ထောက်ကာ ကောင်းကင်ကြီးကို ဖမ်းဆုပ်တော့မည့်အလား ညာလက်ကို ဆန့်ထုတ်ထားသည့် ဘီလူကြီးတစ်ကောင်၏ အသွင်ရှိသည်။ မျက်နှာသွင်ပြင်အမူအရာများမှာမူ ပျက်စီးနေပြီဖြစ်၍ ပုံဖော်ကြည့်ရန် မဖြစ်နိုင်သော်လည်း မျက်ဝန်းထဲရှိ တစ်စုံတစ်ခုသော အရာကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်တုန်လှုပ်နေရတော့သည်။

သူ၏နားထဲတွင် ကောင်းကင်ကိုတုန်လှုပ်စေကာ ကမ္ဘာကြီးကိုအက်ကွဲစေနိုင်သည့် အသံကြီးတစ်သံ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားလိုက်ရပြီး ဧရာမဘီလူးကြီးမှာ ကောင်းကင်ကို ဆုတ်ဖြဲရန်ပြင်နေသည့်ပုံကိုပင် မြင်နိုင်နေတော့သည်။

” သွေးဘိုးဘေးကြီးနဲ့ တူလှပါလား။ ” သူက တွေးနေတော့သည်။ ထိုတောင်ကြီးအနီးသို့ ပျံသန်းသွားလိုက်သောအခါ သူ၏အပေါ်တွင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု သက်ရောက်နေကြောင်း ခံစားလိုက်ရပြီး ထိုဖိအားကြီးကြောင့် သူ တုန်တုန်ရီရီဖြစ်နေရတော့သည်။

ချက်ချင်းပင် သူ၏ မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်လာတော့သည်။

” မဟုတ်မှလွဲရော။ ဒီတောင်က ငါနဲ့ ရေစက်ပါတဲ့ တောင်များလား။ မဟုတ်ရင် ဘာလို့များ အဲ့တောင်ကိုကြည့်လိုက်ရုံနဲ့ ဖိအားကြီးတွေ ခံစားနေရမှာလဲ။ သေချာတယ် ငါနဲ့ရေစက်ပါတဲ့ တောင်ပဲ ဖြစ်ရမယ်။ ”
သူက ထိုရုပ်တုကြီးအနီးသို့ စိတ်လှုပ်ရှားစွာ ပျံသန်းသွားတော့သည်။

ထိုအချိန်တွင် လိပ်ကလေးက ပိုင်ရှောင်ချန်း၏ အိတ်ထဲမှ ခေါင်းကလေးပြူထွက်လာကာ အထင်သေးသည့်လေသံဖြင့် ရေရွတ်လိုက်သည်။
” ရေစက် ဟုတ်လား။ အေး.. အဲ့ရုပ်တုက ဒီ နယ်မြေရဲ့ အလယ်တည့်တည့်မှာ ရောက်နေလို့ ဒီနေရာကိုလာတဲ့လူတိုင်း အသက်ရှိသေးရင် ဖိအားခံစားရတာ သဘာဝပဲ။ မင်း အတွေးတွေ မကြောင်စမ်းပါနဲ့ ပိုင်လေးရာ။ ”

” မင်းပါးစပ်ပိတ်ထား။ ”
ပိုင်ရှောင်ချန်းက ဒေါသတကြီး ပြန်၍မာန်မဲလိုက်သည်။ လိပ်ကလေးကို လျစ်လျူရှုရင်း ထိုရုပ်တုအနားသို့ ပျံသန်းသွားပြီးနောက် ၎င်း၏ ဖြန့်ထားသော လက်ဝါးကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် ဤရုပ်တုကြီးသည် သွေးဘိုးဘေးကြီးနှင့် ပို၍တူလာသည်ဟု ခံစားလိုက်ရသဖြင့် အလျင်အမြန် တင်ပျဥ်ခွေ ထိုင်ကာ တရားကျင့်ကြံလိုက်တော့သည်။

” သေချာတယ် ဒီရုပ်တုကြီးနဲ့ငါက ရေစက်ကိုပါနေတာ။ အသေအချာပဲဟေ့။ ” ထိုသို့ရေရွတ်လိုက်ပြီး သူသည် အသက်ဝင်တောင် ဂါထာတော်ကို ပြတ်သားမှုအပြည့်ဖြင့် ကျင့်ကြံလိုက်တော့သည်။

နောက်နေ့တွင် သူ၏မျက်လုံးပွင့်လာသောအခါ တချိန်လုံး ဤတောင်ကြီးနှင့် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းခဲ့ပါသော်လည်း တုံ့ပြန်မှုတစ်ခုလေးမှ မရှိခဲ့သည်ကို တွေ့လိုက်ရ၍ စိတ်ဓာတ်ကျသွားတော့သည်။

” တောင်တိုင်းမှာ ဝိညာဥ်တွေ ရှိတယ်….. ”
သူက ဦးခေါင်းကို ခါယမ်းရင်း တွေးလိုက်သည်။ ထို့နောက် မျက်လုံးများကို ထပ်မှိတ်ကာ နောက်ထပ်သုံးရက်တိတိ ထို ပုစ္ဆာကြီးကို ဖြေရှင်းရန် အားထုတ်လိုက်သည်။ သို့သော်လည်း ရလဒ်မှာကား သူပို၍ စိတ်ဓာတ်ကျသွားရ ခြင်းပင်။

” ဒီတောင်မှာ ဝိညာဥ်ရော ရှိရဲ့လားကွာ။ ” သူက ညည်းညူနေတော့သည်။
” ငါကတော့ ဘာမှလည်း မခံစားမိဘူး… ”
သူက နည်းလမ်းအသစ်တချို့ကို ထပ်၍ စဥ်းစားလိုက်ပြီး မျက်လုံးများမှိတ်ကာ ထပ်မံစမ်းသပ်ကြည့်လိုက်ပြန်သည်။ အချိန်များမှာ ကုန်ဆုံးသွားတော့သည်။ တချိန်တွင် သူသည် အကြိမ်မည်မျှ ကြိုးစားခဲ့သည်ကိုပင် မေ့သွားသော်လည်း ရုပ်တုကြီးဆီမှ တုံ့ပြန်မှုတစ်ခုလေးပင် ပြန်မရသေးချေ။ သို့သော်လည်း သူ၏ တည်တံ့ခိုင်မြဲသော ပြတ်သားမှုကြီးကြောင့် အချို့သော လမ်းကြောင်းများကို ခံစားမိလာပြီး သူ၏အတွေးထဲတွင် အငွေ့အသက်ပေါင်းများစွာ ပေါ်ပေါက်လာတော့သည်။

သို့သော်လည်း ထိုအရာများမှာ ပုစ္ဆာကို ပြီးစီးအောင် မဖြေရှင်းပေးနိုင်သဖြင့် ပိုင်ရှောင်ချန်းမှာ အံကြိတ်ကာ ဆက်လက်ကျင့်ကြံလိုက်ပြန်တော့သည်။

နှစ်လအကြာတွင် စုန့်ချွဲသည် ကုံသက်တံ့ဒေသပေါ်ရှိ သူ၏ တံခါးပိတ်ကျင့်ကြံသည့် အဆောက်အဦထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံများနှင့်အတူ ထွက်ပေါ်လာသည်။ တချိန်ထဲမှာပင် အမြုတေအဆင့် အငွေ့အသက်များ အရပ်မျက်မှာ အနှံ့သို့ ပျံ့နှံ့သွားပြီး တိမ်တိုက်များမှာ ဝဲဂယက်များထလာကာ ထိုနေရာရှိ လူများပင်လျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့သည်။

ကြယ်များကဲ့သို့တောက်ပနေသည့် မျက်ဝန်းများ၊ ရတနာတစ်ခုကဲ့သို့ လင်းလက်နေသည့် ခန္ဓာကိုယ်တစ်ခုဖြင့် စုန့်ချွဲက လေပေါ်ပျံတက်သွားသောအခါ ဝှီးခနဲ လေသံကြီးတစ်ခုထွက်ပေါ်လာသည်။ သူ့ထံမှ တရိပ်ရိပ်ထွက်ပေါ်နေသည့် ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြစ်သည့် အမြုတေအဆင့် ဖိအားကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဆုတ်ဖြဲနိုင်လောက်အောင်ပင် အားကောင်းနေသည်။

သူ၏ခန္ဓာကိုယ်ထဲတွင် ပုံဆောင်ခဲအသွင် စိတ်စွမ်းအင်ပင်လယ် ရှစ်ခုရှိနေပြီဖြစ်ပြီး ၎င်းတို့မှာ မြေကြီးအမြုတေတစ်ခုကို ဖန်တီးလိုက်ပြီဖြစ်သည်။

စိတ်စွမ်းအင်ပင်လယ် ရှစ်စင်းမှရသည့် မြေကြီးအမြုတေက ပေးစွမ်းသည့် စွမ်းအားများကြောင့် သူသည် အမြုတေအဆင့် ကျင့်ကြံသူများအကြားတွင် စွမ်းအားအကြီးဆုံးများထဲက တစ်ယောက်ဖြစ်နေတော့သည်။

” ဒါ ငါစောင့်ဆိုင်းနေခဲ့ရတဲ့ နေ့ပဲကွ။ နောက်ဆုံးတော့ အမြုတေအဆင့်ကို ရောက်ခဲ့ပြီဟေ့။ ”
စုန့်ချွဲက ခေါင်းကိုနောက်ပစ်၍ ရယ်မောလိုက်သည်။

” ပိုင်ရှောင်ချန်း… ”
သူက စိတ်လှုပ်ရှားစွာ ကြိမ်းဝါးလိုက်သည်။
” မင်းကိုငါ တစ်ခဏအတွင်း ကျော်တက်ပြမယ်ကွ။ ” မျှော်လင့်ချက်များ တောက်ပနေသည့်မျက်ဝန်းများဖြင့် သူ၏ အင်မော်တယ်ဂူဆီသို့ ပြန်၍ ပျံသန်းသွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်စေရန် ဆောင်ရွက်လိုက်တော့သည်။

အမြုတေအဆင့်သို့ စုန့်ချွဲ ရောက်ပြီး မကြာခင် ချင်းမေ့ယွမ်နှင့် နတ်ဆရာတို့မှာလည်း အောင်မြင်သွားတော့သည်။ ဤဖြစ်ရပ်မျိုးသည် အဏ္ဏဝါခေါ်သံဂိုဏ်းတွင်သာဖြစ်ခဲ့ပါက အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြမည်ဖြစ်ပါသော်လည်း ဤ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင်မူ အမြုတေအဆင့် ကျင့်ကြံသူများမှာ အတော်အတန် ပေါများသည်။ ဂိုဏ်းက အလွန်ကြီးမားပြီး အရှေ့ဘက်ကျင့်ကြံခြင်း လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားသည်ဖြစ်ရာ ထိုအချက်မှာ အံ့သြစရာတော့ မရှိပေ။

ဤဂိုဏ်းသည် အင်အားကြီး ကျင့်ကြံသူမျိုးစုံ ပေါင်းစည်းကာ စုဝေးနေကြသည့်နေရာမျိုးဖြစ်သဖြင့် ပုံမှန် အမြုတေအဆင့် ကျင့်ကြံသူများကိုမူ လူအများက သိပ်ဂရုစိုက်ကြသည် မဟုတ်ချေ။ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ပြီးသည့် အခါမှသာလျှင် အရှေ့ဘက်ကျင့်ကြံခြင်း လောကရှိ နေရာတိုင်းကို လွှမ်းမိုးကြီးစိုးနိုင်မည် ဖြစ်သည်။

အမြုတေအဆင့်သို့ ရောက်ခြင်းမှာ ဤဂိုဏ်းတွင် ရေးကြီးခွင်ကျယ်တစ်ခု မဟုတ်သော်လည်း နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့မှာ စိတ်လှုပ်ရှားနေကြဆဲပင်။

ထိုအချိန် အဆုံးမဲ့ မဟူရာချောက်၏ လျှိုမြောင်အကြားတွင် ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ဧရာမရုပ်တုကြီးတစ်ခုအပေါ်တွင် ကျင့်ကြံနေဆဲပင်။

” ဘာလို့ အလုပ်မဖြစ်ရတာလဲကွာ။ ” သူက ညည်းညူလိုက်သည်။ နောက်ထပ် လတစ်ဝက်ကုန်သွားသည့်အချိန်တွင် ပိုင်ရှောင်ချန်းသည် ရူးသွပ်တော့မည့်အလား ဖြစ်နေရတော့သည်။ ယခုအထိ တောင်နှင့်ပေါင်းစည်းနိုင်ရန်လုပ်ခဲ့သည့် သူ၏ကြိုးစားမှုများအားလုံးမှာ ကျရှုံးခဲ့ရပြီး သူခံစားမိရသည့် တစ်ခုထဲသောအရာမှာ တောင်အတွင်းရှိ ၎င်း၏ဝိညာဥ်ပင်ဖြစ်သည်။

” ဒီနှုန်းနဲ့ဆို အဖြေမှန်ဆီရောက်ဖို့ နှစ်ပေါင်းရာနဲ့ချီ ကြာနေလိမ့်မယ်။ ” ပိုင်ရှောင်ချန်းမှာ အရူးတစ်ပိုင်းဖြစ်ခါနီးနေပြီ ဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ရောက်ခဲ့စဥ်က အနည်းငယ်စုံစမ်းခဲ့သဖြင့် ဤ အသက်ဝင်တောင် ဂါထာတော်သည် ဂိုဏ်း၏ လျှို့ဝှက်မှော်သိုင်ယ သုံးရာထဲမှ တစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။ ထို့အပြင် ထိုဂါထာတော်သည် ထိပ်ဆုံးမှော်သိုင်း ဆယ်မျိုးထဲ ပါဝင်နေသည်။ ရှေးယခင်ထဲမှ ယခုအထိ ထိုသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်သူမှာ အနည်းငယ်မျှသာရှိသည်ကို ကြည့်လျှင် ၎င်း၏ခက်ခဲမှုကို မြင်တွေ့နိုင်သည်။ အချို့သောလူများမှာ ထိုသိုင်းကွက်ကို ချက်ချင်း အောင်မြင်သွားကြသော်လည်း တစ်ဘဝလုံးကြိုးစားသည့်တိုင်အောင် မအောင်မြင်ခဲ့သူများလည်း ရှိသည်။

” အာ.. ထားလိုက်တော့ကွာ။ ဒါကြီးက ခက်လွန်းနေတာ။ ”
စိတ်ဓာတ်ကျစွာဖြင့် သူသည် မတ်တတ်ထရပ်လိုက်ကာ သူ၏ခြေထောက်အောက်ရှိ ရုပ်တုကြီးနှင့်တူသော တောင်ကြီးကိုငုံ့ကြည့်ကာ နှာမှုတ်လိုက်တော့သည်။

” ငါ ဒီ အသက်ဝင်တောင် ဂါထာတော်ကို သုံးလို့မရရင်တောင် ကိစ္စမရှိပါဘူး။ ငါ့ဆီမှာ ရွှယ်ကျဲကော်တုနဲ့ ဆွဲငင်ခြင်း တွန်းကန်ခြင်းတို့ရဲ့ စွမ်းအားတွေရှိသေးတာပဲ။ ”
ဆွဲငင်ခြင်း၊ တွန်းကန်ခြင်းတို့နှင့် သက်ဆိုင်သည့် မှော်သိုင်းအတွက် သူ၏လေ့လာစမ်းသပ်ချက်များကြောင့် သူ၏ ကျင့်ကြံခြင်းသည် ဆွဲငင်ခြင်းနှင့် တွန်းကန်းခြင်းစွမ်းအားများပါဝင်နေသည့် စက်လုံးအသေးစားလေးများကို ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် ထိုမှော်သိုင်းကို မကြာမီ သူ အပြည့်အဝ ထိန်းချုပ်သွားနိုင်တော့မည် ဖြစ်သည်။

သူ၏ ရွှယ်ကျဲကော်တုမှာမူ ဝှက်ဖဲတစ်ချက်ဖြစ်ပြီး အမှန်တကယ် မလိုအပ်ပဲ အသုံးမပြုမည့် အရာတစ်ခု ဖြစ်သည်။

အနည်းငယ် မကျေမနပ်ဖြစ်နေသေးသော ပိုင်ရှောင်ချန်းက တောင်ပေါ်မှ လေထဲသို့ ခုန်တက်လိုက်တော့သည်။ ရုပ်တုကြီးကို နောက်ဆုံးတစ်ခေါက်စိုက်ကြည့်လိုက်ပြီး သက်ပြင်းချကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

မကြာမီ သူသည် အဆုံးမဲ့ မဟူရာချောက်၏ လျှိုမြောင်အပြင်သို့ ရောက်သွားတော့သည်။ ဧရာမလက်ကြီးက သူ့ကို မှန်အသွင်ရှိသော ဝင်ပေါက်ကြီးအပြင်သို့ ပို့လိုက်သောအခါ သူက မျောက်ရုပ်တုတစ်ခုကဲ့သို့ ထိုင်နေသည့် ကျောက်တောင် ကို လှမ်းကြည့်လိုက်သည်။ သူသည် လွန်ခဲ့သောလများစွာက လျှိုမြောင်အတွင်းသို့ ပိုင်ရှောင်ချန်း ဝင်သွားစဥ် ထိုင်နေသည့် ပုံစံအတိုင်း ယခုတွင်လည်း တစ်ပုံစံထဲ ထိုင်နေခြင်းဖြစ်သည်။

သို့သော် ကျောက်တောင်၏ မျက်လုံးတစ်လုံးပွင့်လာပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
” ဘယ်သူကမှ တောင်နဲ့ပေါင်းစည်းတဲ့ ပထမဆုံးအကြိမ်မှာ တန်းပြီးတော့ မအောင်မြင်ဖူးဘူး။ ပါရမီရှင်တွေတောင် အနည်းဆုံး ဆယ်ကြိမ်လောက် ကြိုးစားရတာ။ ”

” တောင်နဲ့ ပေါင်းစည်းဖို့ဆိုရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မေ့အောင် လုပ်ရမှာ။ ပြီးရင် တောင်ကြီးကို မေ့အောင် လုပ်ရမယ်။ မင်းပြန်နိုးထလာတဲ့အချိန်ရောက်ရင် မင်းက တောင်ကြီးဖြစ်နေပြီး တောင်ကြီးက မင်းဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ”

ပိုင်ရှောင်ချန်းက ထိုနေရာတွင် ခေတ္တမျှ ရပ်ကာ ကျောက်တောင် ပြောလိုက်သည်ကို တွေးတောစဥ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ လက်ကိုယှက်ကာ ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားတော့သည်။ သူ၏ အင်မော်တယ်ဂူထဲသို့ ရောက်သောအခါ သူက တင်ပျဥ်ခွေထိုင်ကာ တရားထိုင်လိုက်ပြီး သူ့ကို စောစောက ပြောခဲ့သည့်အရာများအား ချင့်ချိန်သုံးသပ်နေတော့သည်။

မကြာမီ သူ၏ မျက်လုံးများ တောက်ပစွာလင်းလက်နေလာပြီး ပွင့်လာတော့သည်။

” အမြုတေအဆင့်ပါလား။ ”

ခဏအကြာတွင် အလင်းတန်းတစ်ခုမှာ ကောင်းကင်ကိုဖြတ်ကာ သူ့ဆီသို့ ရောက်လာပြီး ရင်သက်ရှုမောဖွယ်ကောင်းအောင် လှပသည့် မိန်းမပျိုလေးတစ်ယောက် အသွင်ပြောင်းလဲသွားသည်။ သူမဝတ်ဆင်ထားသည့် အဝါရောင် ဝတ်ရုံမှာ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အကောင်းဆုံး ဖော်ပြနေတော့သည်။

” မင်္ဂလာပါ။ ဂိုဏ်းတူအစ်ကိုပိုင်။ ” သူမက ချင်းမေ့ယွမ်ပင် ဖြစ်သည်။ နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း သူမသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူအပြင်ဘက်သို့ ဆင်းသက်လာပြီး စကားဆက်ပြောရန် ပြင်လိုက်စဥ် တံခါးမှာ ပွင့်သွားပြီး ပိုင်ရှောင်ချန်းမှာ အပြင်သို့ ထွက်လာတော့သည်။ သူက စုတ်သပ်ရင်းဖြင့် သူမကို လှည့်ပတ်ကာ ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်လေသည်။

နီရဲနေသည့် မျက်နှာလေးဖြင့် သူမက နှုတ်ခမ်းလေးစူကာ ညှို့မြူကျီစယ်သော လေသံဖြင့် မေးလိုက်သည်။
” ဘာလုပ်နေတာလဲ ဂိုဏ်းတူအစ်ကိုပိုင်ရဲ့။ ”

သူသာ်လည်း အကြည့်လွှဲကာ ချစ်စိတ်လွှမ်းသောလေသံဖြင့် ဆိုလိုက်သည်။
” ကိုယ်တို့ အချင်းချင်း မဆုံရတာ အနည်းငယ်တောင် ကြာသွားပြီ ချစ်ဇနီးရေ။ အမြုတေအဆင့်ကို မင်း ရောက်သွားတာ ဂုဏ်ယူပါတယ်။ ”

ကုံမြို့တော်တွင် ရှိခဲ့စဥ်တုံးက ချင်းမေ့ယွမ်သည် ပိုင်ရှောင်ချန်း၏ စွမ်းဆောင်မှုရမှတ်များကို လိုချင်ခဲ့သဖြင့် သူ့ကိုယ်သူ ပိုင်ရှောင်ချန်း၏ ဇနီးဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် သူကထိုအသုံးအနှုန်းကို သုံးလိုက်သဖြင့် သူမ၏မျက်နှာမှာ ပို၍ နီမြန်းသွားရတော့သည်။ မြူဆွယ်လိုသည့် အရိပ်အယောင်များတောက်ပနေသည့် မျက်ဝန်းများဖြင့် သူမက သူ၏အနားသို့ ကပ်သွားတော့သည်။

” ဂိုဏ်းတူအစ်ကိုပိုင်။ ”
သူမက ညင်သာစွာဆိုလိုက်လေရာ သူမ၏ ထွက်သက်မှာ သူ၏ပါးပြင်ကို ညင်သာစွာ ပွတ်သတ်ပေးသကဲ့သို့ ဖြစ်နေတော့သည်။
” အစ်ကိုသာ ညီမကို ကတိတစ်ခုပေးနိုင်ရင် ညီမကို အစ်ကို လုပ်ချင်တာလုပ်လို့ရတယ်။ ”

” ဘာကို ကတိပေးရမှာလဲ။ ” ပိုင်ရှောင်ချန်းက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး ချင်းမေ့ယွမ်၏ ဖွံ့ထွားလှသော ကောက်ကြောင်းအလှများကို ကြည့်၍ ပြန်မေးလိုက်သည်။

” ရှင်းရှင်းလေးပါ။ ညီမတို့အဖွဲ့ထဲ လာပူးပေါင်း…. ”

” တော်တော် ဆက်မပြောနဲ့တော့။ ” သူက ကြားဖြတ်ကာဆိုရင်း ခေါင်းခါလိုက်သည်။ ဤအကြောင်းကို ချင်းမေ့ယွမ် ပြောသည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ချေ။ ကုံမြို့တော်တွင် ရှိခဲ့စဥ်ကလည်း သူမသည် မြေရိုင်းနယ်သားများနှင့် ပူးပေါင်းသင့်ကြောင်း အကြိမ်ပေါင်းများစွာ သူ့ကို အကြံပေးခဲ့သော်လည်း သူက အမြဲတမ်းငြင်းဆိုခဲ့သည်။

” ကောင်းကင်တံတားမြစ်ရဲ့ ဂိုဏ်းတွေကသာလျှင် မှန်ကန်မြင့်မြတ်တဲ့ ဂိုဏ်းတွေကွ။ ” သူက ဝင့်ကြွားစွာဆိုလိုက်သည်။
” မင်းတို့လို မြေရိုင်းနယ်သားတွေက ပုန်ကန်သူတွေလေ။ ပိုင်ရှောင်ချန်းဆိုတဲ့ငါက မှန်ကန်ဖြောင့်မတ် နာမည်ကျော်ကြားတဲ့ ဂိုဏ်းက။ ပြီးတော့ ငါ့နောက်ကွယ်မှာ ငါတောင်မသိတဲ့ စွမ်းအားကြီးလွန်းလှတဲ့လူတွေက ငါ့ကို ထောက်ပံ့ပေးနေတာ။ ဘယ်လိုနည်းနဲ့ ငါက သစ္စာဖောက်တွေနဲ့ ပူးပေါင်းနိုင်မှာတုံး။ ”
သူက ထိုအကြောင်းများ၏ အသေးစိတ်ကို ချင်းမေ့ယွမ်ထံကသာ သိထားခြင်းဖြစ်သည်။ သို့သော် အနည်းငယ်တွေးတောလိုက်ပြီးနောက် ပုန်ကန်သူများနှင့် ပူးပေါင်းခြင်းသည် သူ၏ သနားစရာအသက်လေးကို အရဲစွန့်သလို ဖြစ်နေလိမ့်မည်ဟု တွေးလိုက်သည်။

” တစ်ရက်တော့ အစ်ကို့ရဲ့စိတ်တွေ ပြောင်းလဲသွားမှာပါ။ ”
ချင်းမေ့ယွမ်က သူ ငြင်းဆိုခဲ့သည်ကို စိတ်မပျက်သည့်အလား အနည်းငယ်ပြုံး၍ ဆိုလိုက်လေသည်။ ထို့နောက် သူမက စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

” သြော်ပြီးတော့လေ ဂိုဏ်းတူအစ်ကိုပိုင်။ ညီမ ဒီနေ့လာရတဲ့ အကြောင်းအရင်းက တုလင်ဖေးနဲ့ ပတ်သတ်တဲ့ သတင်းအနည်းငယ် ရထားလို့…. “

Comment

Leave a Reply

Options

not work with dark mode
Reset