လက်ရှိန်အချိန်တွင်
ပိုင်ရှောင်ချန်းသည် အနန္တကြယ်သက်တန့်ထံသွားသည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်တွင် တန်းစီနေလေသည်။ အချိန်များပိုနေသောကြောင့် အပေါ်ရှိ သက်တန့်၏ အပိုင်းသုံးပိုင်းကို မော့ကြည့်လိုက်သည်။ မကြာသေးမီက သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ၏လုပ်ဆောင်ချက်များနှင့် ပို၍ရင်းနှီးကျွမ်းဝင်လာစေရန် အချိန်အနည်းငယ်ပေးခဲ့သည်။
ထိုသက်တန့်ပေါ်တွင် ကြယ်များအဖြစ် သတ်မှတ်ပေးရန် အရည်အချင်းပြည့်မီသူများသည် ဂိုဏ်းမှ အထူးအရေးပေးမှုများကို ရရှိသည့် စစ်မှန်သောလက်ရွေးစင်များဖြစ်ပြီး သာမန်ဂိုဏ်းသားရရှိနိုင်သည်နှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသော စွမ်းအားအရင်းအမြစ်များကို ရလေသည်။ ထိုစာရင်းပေါ်ရှိ လူများနှင့် အနန္တသက်တန့်ပေါ်တွင်သာလျှင် ဝယ်ယူနိုင်သော အထူးပစ္စည်းများပင် ရှိလေသည်။
ပိုင်ရှောင်ချန်းသည် သက်တန့်ခုနစ်လွှာပေါ်ရှိ နတ်မီးလျှံစမ်းသပ်ပွဲများအားလုံးမှာ အလွန်အန္တရာယ်များပြီး ထိုအထဲတွင် နှစ်စဥ်နှစ်တိုင်း ဂိုဏ်းသားများ သေဆုံးသွားကြောင်း သိရှိထားလေသည်။
“အဲဒီ နတ်မီးလျှံစမ်းသပ်ပွဲတွေက တကယ့်ကို အန္တရာယ်များပုံပဲ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” အဲဒီတိုက်ပွဲခိုက်ပွဲတွေမှာ ဘာကြောင့် ဒီလောက် လူအများကြီး ပါချင်နေတာလဲ စဥ်းစားလို့ကိုမရဘူး”
သို့တိုင်အောင် ထိုစိန်ခေါ်ပွဲတွင် ပါဝင်လိုသည့် ဂိုဏ်းသားများ နည်းပါးသွားသည်ဟူ၍မရှိပေ။
ထိုသို့လုပ်ရသည့် အကြောင်းပြချက်ထဲမှ တစ်ခုမှာ ထိုစာရင်းထဲပါသည်နှင့် ရရှိနိုင်သော မယုံကြည်နိုင်ဖွယ် ဆုလာဘ်များကြောင့်ဖြစ်သည်။ ထိုစာရင်းထဲ ပါလိုက်သည်နှင့် စွမ်းဆောင်မှုရမှတ်များနှင့် ရှားပါးသောပစ္စည်းမျိုးစုံကဲ့သို့သော အရာများကို ချီးမြှင်ပေးမည့် ဆုများလည်း ရှိသေးသည်မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည် သက်တန့်ရောင်စုံကို ကြည့်ရှုပြီးေနာက် ကြယ်ရှစ်လုံးရှိသည့် ခရမ်းရောင် ထိပ်ဆုံးအဆင့်တွင် သူ၏မျက်လုံးများ ရပ်တန့်သွားသည်။ ထိုကြယ်များသည် အားလုံးအထဲတွင် အမြင့်ဆုံးတွင်ရှိပြီး လူတိုင်း ထိုကြယ်များအားကြည့်နေသည်ကို သတိပြုမိသောအခါ မယုံနိုင်ဖြစ်သွားလေသည်။
” ပထမနေရာက ဘယ်သူလဲ ကြည့်ရအောင်….”
သက်တန့်၏ ခရမ်းရောင်ပိုင်းရှိ အမြင့်ဆုံးကြယ်ကို မော့ကြည့်လိုက်ပြီး တခဏကြာသော် သူ့စိတ်ထဲတွင် နာမည်တစ်ခုပေါ်လာ၏။
” ဇောင်ထျန်ကျောက် ” ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ ထိုသို့သော အဓိပ္ပါယ်ကင်းမဲ့သည့်နာမည်နှင့် “လက်ရွေးစင်” ကို တစ်ခါမှမကြားဖူးပေ။ ၄င်းသည် အလွန်လွှမ်းမိုးနိုင်သောနာမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ မနေနိုင်ပဲ တစ်ယောက်တည်းခပ်တိုးတိုးရေရွတ်လိုက်သည်။
” ငါ့နာမည်လောက်တောင် အဖြစ်မရှိဘူး..”
ထို့နောက် သက်တန့်ပေါ်ရှိ ဒုတိယကြယ်ကို ကြည့်လိုက်ပြီး အချိန်အနည်းငယ်ကြာသော် သူ့စိတ်ထဲတွင် နောက်ထပ်နာမည်တစ်ခုပေါ်လာ၏။ ထိုနာမည်သည် သိသိသာသာပင် တာအိုနာမည်တစ်ခုဖြစ်လေသည်။
” ဟီရတစ် ” ပိူင်ရှောင်ချန်းမှာ မှင်သက်သွားကာ ထပ်မံ စိတ်ညစ်သွားပြန်သည်။
” ဘယ်လောက် ချာတူးလန်နေတဲ့ နာမည်ကြီးတုန်း..ဟီရတစ် ရှမာရတစ်တဲ့ ”
ထို့နောက် တတိယနာမည်ကို ကြည့်လိုက်သည်။
” ချိန်ယွဲ့ရှန်း….” ထိုနာမည်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် အမျိုးသမီးကျင့်ကြံသူမှန်းသိသာလေသည်။ စာရင်းကိုဆက်ကြည့်ရန်ပြင်လိုက်စဥ် နောက်ရှိလူများက သူ့ကို တွန်းလာတော့သည်။ အနန္တသက်တန့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက် ပတ်လည်ရှိနေရာတစ်ဝိုက်မှာ အမြဲတစေ လူကြပ်နေလေရာ သူတို့လမ်းကို တစ်ယောက်ယောက် ပိတ်နေသာအခါ စိတ်မကြည်နိုင်တော့ပေ။
သက်တန့်မှ အကြည့်လွှဲလိုက်ရင်း ပိုင်ရှောင်ချန်းသည် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ရောက်သည်အထိ တန်းစီထားသည့်အတိုင်းရှေ့ဆက်လျှောက်လိုက်လေသည်။ ပျောက်ကွယ်သွားပြီးနောက် သူသည် အနန္တကြယ်သက်တန့်ပေါ်တွင် ပြန်ပေါ်လာလေသည်။
သူပထမဆုံးအကြိမ် ဤနေရာရောက်ဖူးခြင်းဖြစ်သော်လည်း ကောင်းစွာပြင်ဆင်လာလေသည်။ သူသည် မိစ္ဆာနှိမ်နင်းရေး ခန်းမတွင် ဤနေရာမြေပုံကို ရရှိခဲ့လေရာ သူ၏တည်နေရာကို အတည်ပြုပြီးနောက် လေပေါ်ပျံတက်လိုက်လေသည်။
နေရာတိုင်းတွင် ကျင့်ကြံသူများရှိနေပြီး အများစုမှာ ကျင့်ကြံခြင်းအားထုတ်ရန်သို့မဟုတ် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အထင်ကရကြယ်ပွင့်များထဲဝင်ရန်အတွက် ကြိုးစားရန် တတိယအဆင့်သက်တန့်မှ လာရောက်ကြခြင်းဖြစ်လေသည်။
“ဒီနေရာ တော်တော်ရှုပ်တာပဲ” ပိုင်ရှောင်ချန်းက တအံ့တသြတွေးလိုက်သည်။ ကုံသက်တန့်ဒေသပေါ်ထက် ဤနေရာသည် များစွာ ဆူညံနေလေသည်။ ပိုင်ရှောင်ချန်းသည် ပစ္စည်းအမျိုးမျိုးရောင်းချရန် ခင်းကျင်းထားသော ဂိုဏ်းသားများ၏ စျေးဆိုင်များကိုပင် တွေ့ရလေသည်။
ကျင့်ကြံခြင်း၏ အထူးအမျိုးအစားများအတွက် ပြုလုပ်ထားသောနေရာ အကုန်လုံးနီးပါး၌ ဂိုဏ်းသားများအားလုံး ဝင်ရောက်ရန် စောင့်ဆိုင်းတန်းစီနေကြသည်။ တချို့အတန်းများ၌ ကျင့်ကြံသူများရာချီပါနေလေရာ ပိုင်ရှောင်ချန်းအတွက် အသစ်အဆန်းဖြစ်နေတော့သည်။ ရှေ့ဆက်သွားနေရင်း အသက်ဝင်တောင်မန္တန်ကျင့်ကြံရန်အတွက် သီးသန့်ပြုလုပ်ထားသော အထူးနေရာကို နောက်ဆုံးရောက်သွားတော့သည်။
၄င်းသည် ပျက်စီးယိုယွင်းပြီး သစ်ပင်ချုံနွယ်များ ဖုံးလွှမ်းနေသော ချောက်နက်တစ်ခုဖြစ်ကာ ဝင်ပေါက်ဘေးတွင် စိမ်းပုပ်ရောင် ကျောက်တုံးကြီးတစ်လုံးရှိလေသည်။ ကျောက်တုံးကြီးပေါ်တွင် မျောက်တစ်ကောင်ကဲ့သို့ ငေါထွက်နေသော မေးရိုးနှင့် ပိန်ချုံးနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ထိုင်နေလေသည်။ သူ၏အသားအရေမှာ အမည်းရောင်နီးပါး ညိုနေပြီး မလှမ်းမကမ်းမှ ကြည့်လျှင် အဝတ်အစားဝတ်ထားသော မျောက်တစ်ကောင်အလားပင်။
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ထူးဆန်းသောရုပ်နှင့် လူကြီးအား အတန်ငယ် စိုက်ကြည့်နေမိသည်။ သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သိသာသော်လည်း တစ်စုံတစ်ခုက သူ့ကို အလွန်တရာ အစွမ်းထက်သော လူတစ်ယောက်ဖြစ်အောင် ပြုလုပ်ထားဟန်တူသည်။ သူ့ကိုယ်ထဲတွင် ပွင့်လင်းစွာ ထုတ်ဖော်ရန် မဖြစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု ရှိနေသည့်အလား ထင်မှတ်ရ၏။
သို့သော်လည်း ဤလူသာ လူတစ်ယောက်ကို တိုက်ခိုက်ပါက ထိုစွမ်းအား မုချပေါ်ထွက်လာပြီး ယင်ယန်ဝိညာဥ်အဆင့်ကိုပင် တိုက်ခိုက်နိုင်လောက်သည့်အထိဖြစ်မည်ဟု ပိုင်ရှောင်ချန်း ခံစားမိနေသည်။
“ရှင်းကုံကျစ်တာအိုဂိုဏ်းက တကယ်ကြောက်ဖို့ကောင်းတဲ့နေရာပဲ” သူက တွေးလိုက်သည်။
” ကြုံရာအစောင့်တွေကတောင် ခေါင်းကြိမ်းစရာပဲ”
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ပြီးနောက် ဤနေရာသည် မည်မျှ အေးစက်၍ ပျက်စီးနေကြောင်း သတိပြုမိလိုက်လေသည်။ တစ်ယောက်မှလည်း စီတန်းစောင့်မနေလေရာ တခဏကြာသော် မျက်စိလည် လမ်းပျောက်၍ နေရာမှားရောက်လာသည်ဟုပင် ထင်သွားမိလေသည်။ သို့သော်လည်း မြေပုံကို နှစ်ခေါက် စစ်ဆေးပြီးနောက် နေရာမှန်ဖြစ်ကြောင်း သေချာသွားတော့သည်။
သူရပ်နေစဥ် ကျောက်တုံးကြီးပေါ်ရှိ လူက ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး နားမခံသာသော အသံကျယ်ကြီးဖြင့်ပြော၏။
” မျောလွင့်ပန်းချိုင့်ဝှမ်းဒေသက ညာဖက်၊ အစိမ်းရောင် ချောက်ကမ်းပါးထိပ်က ဘယ်ဖက်၊ မြစိမ်းရေကန်က ငါ့နောက်မှာ။ အရှေ့မှာတော့ သိုင်းအမှတ်တံဆိပ်ကျောက်ဆောင်ပဲ ”
“အမ်. ကျေးဇူးပါ အစ်ကိုကြီး” ပိုင်ရှောင်ချန်းက ပြန်ပြောလိုက်သည်။
” ဒါပေမယ့် ကျွန်တော် တကယ်တော့ အဆုံးမဲ့ မဟူရာချောက်ကို လာတာပါ”
” တကယ်လား ”
ထိုလူက တအံ့တသြပြောလိုက်သည်။ ပိုင်ရှောင်ချန်းကို အပေါ်အောက်ကြည့်ပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက်တောက်ပလာတော့သည်။
” အသက်ဝင်တောင်မန္တန်ကို မင်း ကျင့်တယ်လား”
ပိုင်ရှောင်ချန်းက မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။
ထိုလူက ခပ်တိုးတိုးရယ်လိုက်ပြီး မျက်လုံးထဲက အကြည့်များက နူးညံ့သွားလေသည်။ ထို့နောက် သူက ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် အနားရှိချောက်ကို လက်ညှိုးဖြင့် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ချောက်ကြီးမှာ တုန်ခါလာပြီးနောက် ပုံပျက်ရှုံ့တွလာလေသည်။ ရုတ်တရက် မီတာ ၃ဝ အကျယ် ချိုင့်ဝှမ်းထဲမှ ဧရာမလက်ကြီးဆန့်ထွက်လာလေသည်။ လက်ကြီးသည် ပိုင်ရှောင်ချန်း ၄င်းအပေါ်တက်လာမည်ကို စောင့်ဆိုင်းနေပုံရလေသည်။
လူကြီးက ပိုင်ရှောင်ချန်းကို ပြန်ကြည့်ပြီး ပြော၏။
” အသက်ဝင်တောင်မန္တန်ကို ကျင့်ဖို့ တစ်ယောက်မှမလာတာကြာပြီ”
” အဲ့တာက ပညာရပ်မဟုတ်ဘူး။ လူတောင်ဖြစ်လာဖို့ အားစိုက်ထားတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ ဒါကြောင့် အကန့်အသတ်မရှိတဲ့ စွမ်းအားတွေရှိတာပေါ့။ အဲ့ဒါကို အဆင့်လေးဆင့်ခွဲထားတယ်။ လူသားတောင်၊ မြေတောင်၊ ကောင်းကင်တောင် နဲ့ နောက်ဆုံး ထိပ်ဆုံးအဆင့်.. အင်မော်တယ်တောင်တို့ပဲ”
” ဒီကျင့်ကြံခြင်းအမျိုးအစားအတွက် သော့ချက်က တောင်ရောစပ်ခြင်းပဲ။ ဘာပြောပြော တောင်တွေမှာ စိတ်ဝိညာဥ် တွေရှိတယ်။ ဒီချောက်ထဲမှာဆိုရင် မင်း တောင်တွေ အများကြီး တွေ့လိမ့်မယ်။ မင်းနဲ့ ကံကြမ္မာ ချင်းဆက်နေတဲ့ တောင်တစ်ခုကို ရှာပြီး အဲဒီတောင်က စိတ်ဝိညာဥ်ကို ဉာဏ်အလင်း ရအောင်လုပ်။ မင်းအောင်မြင်ရင် အသက်ဝင်တောင်ဂါထာကို ထုတ်ဖော်နိုင်ပြီ ”
လူကြီးက သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ပိုင်ရှောင်ချန်း၏ ခေါင်းထဲသို့ အသက်ဝင်တောင်မန္တန်အကြောင်း အချက်အလက်များ ဝင်ရောက်လာပြီး သူ့နားထဲတွင် နားကွဲလုမတတ်အသံကြီးထစ်ခြုန်းသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ
စိတ်လှုပ်ရှားသွားြပီး လက်ယှက်ကာ ထိုလူကြီးအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
” အကူအညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး။ ခင်ဗျားရဲ့ နာမည်လေးများ သိခွင့်ရှိမလား ”
“မင်းငါ့ကို.. ကျောက်တောင်လို့ပဲ ခေါ်နိုင်တယ်”
ကျောက်တောင်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးနောက် မျက်လုံးပြန်မှိတ်သွားပြီး ကျောက်တုံးမျောက်ကြီးတစ်ကောင်အလား ပြန်တရားကျင့်သွားလေသည်။
ပိုင်ရှောင်ချန်းက ထပ်မံ ဦးညွှတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကာ ချောက်ထဲမှ ထွက်လာသည့် လက်ကြီးပေါ် ခုန်တက်လိုက်လေသည်။ သူတက်လိုက်သည်နှင့် လက်ကြီးက လက်သီးဆုပ်သွားပြီးနောက် သူ့ကို ချောက်ထဲသို့ ဆွဲခေါ်သွားတော့သည်။ အချိန်အနည်းငယ်ကြာသော် လက်ကြီး ပျောက်ကွယ်သွားကာ လွန်ခဲ့သောတခဏကပေါ်လာသည့် လှိုင်းဂယက်များလည်း ပျောက်ကွယ်သွားသည်။ ချောက်ကြီးကား ပုံမှန်အတိုင်း ပျက်စီးယိုယွင်းနေမြဲပင်။
ပိုင်ရှောင်ချန်း၏အမြင်များ အတန်ငယ်ဝေဝါးသွားပြီး သူ့နားထဲတွင် ထစ်ခြုန်းသံများကြားလိုက်ရသည်။ သို့သော်လည်း မကြာမီ ထိုအရာအားလုံးပျောက်ကွယ်သွားပြီး သူသဲသဲကွဲကွဲမြင်ရသောအခါ လုံးဝခြားနားသော ကမ္ဘာတစ်ခုကို ရောက်နေကြောင်း သိလိုက်ရသဖြင့် အလွန်တရာ အံ့သြသွားတော့သည်။
ကောင်းကင်သည် စိမ်းပြာရောင်သန်းနေပြီး အောက်ဖက်တွင်… တောင်ထိပ်များထိုးထွက်နေသည့် အဆုံးအစမရှိသော တိမ်ပင်လယ်များဖြစ်လေသည်။ မျက်စိတစ်ဆုံး စီတန်းနေသော တောင်စဥ်အထပ်ထပ်ကို မြင်ရသည်မှာ အမှန်တကယ် အလွန်တရာအံ့သြစရာဖြစ်လေသည်။
” အဆုံးမဲ့မဟူရာချောက်..”
သူက တုန်လှုပ်လျက် တွေးလိုက်သည်။ အတန်ငယ် ပျံသန်းလာပြီးနောက် ကျောက်တောင်ပြောခဲ့သည့်အတိုင်း သူနှင့် စိတ်ချင်း ဆက်နေသည့် တောင်တစ်လုံးကို လိုက်ရှာတော့သည်။.
“ငါတို့ ကံကြမ္မာချင်း ဆက်နေမှာကို ဘယ်လိုလုပ်သိနိုင်မလဲ” သူက ဇဝေါဇဝါဖြစ်လျက် တစ်ယောက်တည်းရေရွတ်လိုက်သည်။
” ငါ့အတွက်ကောင်းမယ်ထင်တဲ့တောင်တစ်လုံးပဲ ရှာလိုက်ရမလား”
တိမ်ပင်လယ်များပေါ်တွင် ပျံသန်းလားရင်း ဟိုဘက်သည်ဘက်ကြည့်ကာ မျက်စိဖမ်းစားနိုင်သည့် တောင်ကိုရှာနေလေသည်။
ပိုင်ရှောင်ချန်းသည် အဆုံးမဲ့မဟူရာချောက်တစ်လျှောက် ပျံသန်းနေစဥ် အပြင်ဘက် ကုံသက်တန့်ဒေသပေါ်တွင် စုန့်ချွဲ၏ မျက်လုံးများက တလက်လက် တောက်ပလင်းလက်နေပြီး အင်မော်တယ်ဂူထဲတွင် တင်ပျဥ်ခွေထိုင်နေလေသည်။
“နောက်ဆုံးတော့…… အမြုတေအဆင့်နားရောက်လာပြီ” လက်တလောတွင် သူ့ပတ်ပတ်လည်၌ မန္တန်အစီအရင်အမြောက်အမြားစီမံထားပြီး သူလုပ်နေသည်တို့အား သူ၏ ခန်းမကို အသိပေးထားပြီးဖြစ်လေသည်။ အမြုတေအဆင့်အတွက် အထူးပြုလုပ်ထားသည့် ဆေးလုံးအချို့ကိုလည်း ရထားလေသည်။ ပါးစပ်ထဲတစ်လုံးပစ်ထည့်လိုက်ရင်း မျက်လုံးများမှိတ်ကာ အဆင့်တက်ရန် ပြင်ဆင်လိုက်သည်။
စုန့်ချွဲပြီးနောက် လဝက်အကြာတွင် ချင်းမေ့ယွမ်သည်လည်း အမြုတေအဆင့်တက်ရန် ကြိုးပမ်းလေသည်။
ထို့နောက် နှစ်ရက်ကြာသော် နတ်ဆရာသည်လည်း…. အဆင့်တက်ရန် စတင်လေသည်။
ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်က လွဲ၍ ပိုင်ရှောင်ချန်းနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ လိုက်လာသည့် တာအိုအစောင့်အရှောက်များအားလုံး အမြုတေအဆင့်တက်ရန် ကြိုးစားအားထုတ်နေကြလေသည်။
ထိုအဖွဲ့မှလူ သုံးဦးသည် ပြင်ဆင်မှုများစွာ လုပ်ထားပြီးလေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် စိတ်စွမ်းအင်များပေါကြွယ်ဝသော မြစ်ဖျားဂိုဏ်းဖြစ်သည့်အချက်နှင့်ပေါင်းစပ်သွားသည်တွင် သူတို့ အဆင့်တက်ရန် ကြိုးစားရသည်မှာ ပို၍လွယ်ကူသွားတော့သည်။ ချင်းမေ့ယွမ်နှင့် နတ်ဆရာအတွက်မူ မိုးပြာရောင်နဂါး အဖွဲ့အစည်းမှ အလိုရှိသလိုအသုံးပြုနိုင်သော စွမ်းဆောင်မှုရမှတ်အမြောက်အမြားလည်း ရှိလေသည်။
ဖက်တီးကျန်းကြီးမှာ အခြားသောသူများနှင့် ပြင်ဆင်မှုများအရ အမှီမလိုက်နိုင်သော်လည်း ပိုင်ရှောင်ချန်းသည် သူ့ကို အသေအချာ စောင့်ရှောက်ပေးခဲ့ပြီး သူသုံးရန် စွမ်းဆောင်မှုရမှတ်များစွာလည်း ဖယ်ပေးထားခဲ့လေသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် အခြေခိုင်မာခြင်းအဆင့်မဟာစက်ဝန်းသို့ရောက်ရှိလာတော့သည်။
ထို့ကြောင့်. သူ့အတွက် အမြုတေအဆင့်သည့် လက်တစ်ကမ်းသာလိုတော့သည်။