ပိုင်ရှောင်ချန်းမှာ ဂိုဏ်းက သူ့အား ကောင်းမွန်စွာ ဆက်ဆံနေသည်ကိုကြည့်ကာ စိတ်နှလုံးများ လှုပ်ရှားနေတော့သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အဆောင်မှူးကြီးက လူအယောက်တစ်သောင်းကျော်နှင့် တမူထူးခြားသည့် စစ်သင်္ဘောဆယ်စင်းကို သူကိုယ်တိုင် ဦးဆောင်ကာ သူ့ကိုလာကယ်သဖြင့် ပို၍ပင် အံ့အားသင့်နေရတော့သည်။
အဆောင်မှူးကြီးမှာ သူ၏နာမည်ကိုပင် မှတ်မိနေသည်။ သူ့ကိုလာကယ်သည့် ကျင့်ကြံသူအယောက်တစ်သောင်းကျော်မှာ သူ့ကို တအံ့တသြနှင့် မသင်္ကာမှုများပါဝင်နေသည့် မျက်ဝန်းများဖြင့် ဝိုင်းကြည့်နေကြသော်လည်း ပိုင်ရှောင်ချန်းမှာ ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။
” ဂိုဏ်းသား ပိုင်ရှောင်ချန်းက ဘေးမသီရန်မခ ရှိပါတယ်ဗျ။ ”
ဖုန်းယွမ်ဒဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာပြီး ရင်းနှီးဖော်ရွေစွာ မေးလိုက်လေသည်။
” မင်း ထိခိုက်ဒဏ်ရာ လုံးဝမရှိဘူးမလား။ ”
သူက ထိုသို့ဆိုကာ ပိုင်ရှောင်ချန်းကို ခေါင်းအစခြေအဆုံးကြည့်ကာ ဒဏ်ရာ ရ၊မရကို သေချာ စစ်ဆေးနေတော့သည်။ ဆေးလုံးအချို့ကိုပင် ထုတ်ကာ သူက လှမ်းပေးလိုက်သေးသည်။
” ငါတို့ ပြန်ရောက်ရင် အဲ့ဆေးတွေစားလိုက်ဦး။ အခုလောလောဆယ် မမြင်နိုင်တဲ့ အတွင်းပိုင်းထိခိုက်မှုတွေ ရှိနေမှာစိုးလို့။ မိစ္ဆာနှိမ်နင်းရေးခန်းမက မင်းတို့လို ဂိုဏ်းသားတွေကို မှည့်တစ်ပေါက်တောင် အစွန်းခံလို့ မရဘူး။ ”
သူက သဘောကျသည့် အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်လေသည်။
” ပိုင်ရှောင်ချန်း။ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့ အဲ့လိုယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အချိန်အကြာကြီး ထိန်းထားနိုင်တာပဲ။ မိစ္ဆာနှိမ်နင်းရေးခန်းမအတွက် မင်းက ကြီးမားတဲ့ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ပေးလိုက်တာပဲ။ ” ထိုသို့ဆိုကာ သူသည် အားပါးတရ ရယ်မောနေသဖြင့် ဘေးနားရှိ ကျင့်ကြံသူ အယောက်တစ်သောင်းကျော်မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်း ကြည့်နေကြရတော့သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းက မည်သို့သော တာဝန်မျိုးကြီးကို ထမ်းဆောင်ခဲ့သည်မှန်း သေချာမသိကြသော်လည်း သူတို့၏အတွေးထဲတွင်မူ ကိုယ်ပိုင် ထင်မြင်ချက်များပေးနေကြသည်။ ဖုန်းယွမ်ဒဲ့သည် ပိုင်ရှောင်ချန်းကို လိုအပ်သည်ထက်ပို၍ မျက်နှာသာပေးကာ ဆက်ဆံနေသည်။
မိစ္ဆာနှိမ်နင်းရေးခန်းမသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ဖုန်းယွမ်ဒဲ့နှင့် အလွန်ရင်းနှီးကြသူများ အချို့ပင် ရှိနေကြသည်။ သူတို့က ဖုန်းယွမ်ဒဲ့၏ အမူအရာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြပြီး မျက်လုံးများပင်ပြူးသွားရတော့သည်။ ဂိုဏ်းသားတစ်ယောက်အား သူ ဤသို့ဆက်ဆံသည်ကို သူတို့ တစ်ခါမှ မမြင်ဘူးကြပေ။ သူသည် ကြင်နာဟန်ရှိသော မျက်နှာထားတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အလွန်သဘောထားသေးသိမ်ကာ တစ်စုံတစ်ယောက်ကို အနည်းငယ်ပင် စိတ်ခုသွားပါက အဆိုးဝါးဆုံးနည်းများဖြင့် ဆက်ဆံတတ်ကြောင်း လူတိုင်း သိထားသည်။
မိစ္ဆာနှိမ်နင်းရေးခန်းမမှ ကျင့်ကြံသူများမှာ သူ့ကို တိတ်တခိုးပေးထားသည့် နာမည်ပြောင်တစ်ခုပင်ရှိသည်။
” ငရဲဘုရင် ဖုန်း ” ဟူ၍ပင် ဖြစ်သည်။
သို့သော်လည်း ဤအချိန်တွင်မူ ငရဲဘုရင်ဖုန်းသည် ပိုင်ရှောင်ချန်းကို နွေဦးလေပြေလေးတိုက်ခတ်သည့်အလား ညင်သာစွာဆက်ဆံနေသဖြင့် မြင်ရသူတိုင်းမှာ အံ့သြနေကြရတော့သည်။ ထို့နောက် သူတို့အားလုံးမှာ ငရဲဘုရင် ဖုန်းက လူတိုင်းကို အရေးတကြီးဆင့်ခေါ်ကာ မိစ္ဆာနှိမ်နင်းရေး စစ်သင်္ဘောဆယ်စင်းကိုပင် အသုံးချပြီး ပိုင်ရှောင်ချန်းကို ကယ်တင်ရန် ပြင်ဆင်ခဲ့သည်ကို ပြန်တွေးမိသွားတော့သည်။
” ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က ဘာကောင်တုံးဟ။ သူ့မှာ ဘယ်လိုကျောထောက်နောက်ခံတွေများ ရှိနေပါလိမ့်။ ”
” ပိုင်ရှောင်ချန်းနဲ့ အဆောင်မှူးကြီးကြားက ဆက်ဆံရေးက ဘာများတုံး။ ”
လူတိုင်း၏ ခေါင်းထဲတွင် ထင်မြင်ချက်ပေါင်းစုံ ယောက်ယက်ခတ်နေကြစဥ် တိမ်တာအိုသခင်မှာ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် လူအုပ်ထဲတွင် ရပ်နေတော့သည်။ သူ၏နှလုံးသားကို ကြောက်ရွံ့မှုများနှင့် နောင်တများက အုပ်မိုးထားပြီး လီယွမ်ရှန်နှင့် သူ၏ ပိုင်ရှောင်ချန်းကို ယုတ်မာကြံစည်မှုများအပေါ် မုန်းတီးမှုများမှာ အရိုးထဲထိအောင် စွဲနေပြီဖြစ်သည်။
” သောက်ကျိုးနည်း လီယွမ်ရှန် ဆိုတဲ့ကောင်။ မင်းငါ့ကို အသက်နဲ့ကိုယ် အိုးစားကွဲအောင် လုပ်နေတာလား။ ”
ဖုန်းယွမ်ဒဲ့က သူ့ကို ကြီးမားသော တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ပေးခဲ့သည်ဟု ဆိုလိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် အံ့သြသွားတော့သည်။ သူသည် အမှတ်မထင် တစ်ခုခု လုပ်လိုက်ခြင်းဖြစ်မည်ဟုသာ ယူဆလိုက်လေသည်။ ထို့ကြောင့် သူ၏ရင်ကိုကော့ကာ သေခြင်းတရားကို မကြောက်သည့် လူတစ်ယောက် ပုံစံအလား ဖမ်းလိုက်တော့သည်။
” ဒီ ဒဏ်ရာတွေက ဘာမှမဟုတ်ပါဘူး။ ” သူက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
” ပြီးတော့ ကျွန်တော်လုပ်ခဲ့တာဆိုလို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ်လောက်နဲ့ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ အယောက်တစ်ရာလောက်ကိုပဲ သတ်ခဲ့တာပါ။ ပြီးတော့ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ နည်းနည်း လုံးထွေးသတ်ပုတ်လိုက်ရတာလောက်ပါပဲ။ ပိုင်ရှောင်ချန်းဆိုတဲ့ ကျွန်တော်က မိစ္ဆာနှိမ်နင်းရေးခန်းမကို အသက်နဲ့လဲပြီး စောင့်ရှောက်ဖို့ သစ္စာဆိုထားတာ။ လိုအပ်လာရင် အရာရာတိုင်းကို စတေးရဲပါတယ်။ ကျွန်တော့်တာဝန် ကျွန်တော်ထမ်းဆောင်တာထက် ဘာမှမပိုပါဘူး။ တာဝန်နဲ့ယှဥ်လိုက်ရင် စွမ်းဆောင်မှုရမှတ်လေးတွေက ဘာအရေးပါလို့လဲဗျာ။ ”
ဘေးနားရှိ ကျင့်ကြံသူများကမူ အော်မရယ်မိစေရန် ကြိုးစားထိန်းထားရပြီး သူတို့၏မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။ ဖုန်းယွမ်ဒဲ့ပင်လျှင် ချောင်းဟန့်လိုက်ရတော့သည်။ သူစောစောက ပြောလိုက်သည့်စကားများသည် ပိုင်ရှောင်ချန်းကို ကာကွယ်ပေးရန်ဆိုလိုက်သည်ဖြစ်ပြီး ဂိုဏ်းသို့ပြန်ရောက်ပါက သူ့အား စွမ်းဆောင်မှုရမှတ်များစွာ ဆုချနိုင်ရန် လုံလောက်သည့် အထောက်အထားတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ပိုင်ရှောင်ချန်၏ ချဲ့ကားပြောဆိုမှုများကြောင့် ဖုန်းယွမ်ဒဲ့မှာ အနည်းငယ်ပင် အနေရခက်သွားရတော့သည်။ ပိုင်ရှောင်ချန်းက လေလုံးထပ်ကြီးရန် ပြင်နေသည်ကို မြင်လိုက်သဖြင့် သူက အလျင်အမြန် ကြားဖြတ်ကာ ဆိုလိုက်လေသည်။
” ကောင်းပြီ။ ဂိုဏ်းကိုပြန်ကြမယ်။ ”
ထိုသို့ဆိုကာ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ လူအားလုံးမှာ တမှိတ်မှိတ်ဖြစ်နေသည့် အလင်းတန်းများအသွင်ပြောင်းလဲသွားပြီး တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝဆီသို့ ရောက်သွားကြတော့သည်။
သူတို့သည် ကုံသက်တံ့ဒေသဆီသို့ တခမ်းတနား ပြန်ရောက်သွားကြပြီး ဂိုဏ်းအပြင်သို့ မထင်မှတ်ထားပဲ ထွက်ဖြစ်သွားသည့် ခရီးကြီးကြောင့် ပိုင်ရှောင်ချန်း၏အမည်မှာ မိစ္ဆာနှိမ်နင်းရေးခန်းမ ထဲတွင် ပြောစရာစကားတစ်ခုကဲ့သို့ ဖြစ်သွားရတော့သည်။ ထို့အပြင် သူ့ကို ဖုန်းယွမ်ဒဲ့၏ ဆက်ဆံမှုပုံစံများကြောင့် လူတိုင်းက သူ့အား ချစ်ကြောက်ရိုသေလေးစားမှုများ ပြည့်နှက်နေသည့် အမူအရာများဖြင့် ငေးကြည့်နေကြရတော့သည်။
ပိုင်ရှောင်ချန်းက ဖုန်းယွမ်ဒဲ့နှင့် တိမ်တာအိုသခင်တို့နောက်သို့လိုက်ကာ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ပင်မဘုံကျောင်းထဲသို့ ဝင်သွားသည်ကို လူတိုင်းက တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ သေသေချာချာကြည့်လိုက်ပါက ပိုင်ရှောင်ချန်းက ရှေ့မှဦးဆောင်သွားသည်ကို ပျားသကာကဲ့သို့ချိုမြနေသည့် မျက်နှာဖြင့် ဖုန်းယွမ်ဒဲ့က ကြည်ဖြူစွာလက်ခံနေသည်ကို မြင်နိုင်သည်။
တိမ်တာအိုသခင်ကမူ ဖုန်းယွမ်ဒဲ့ကို ယခုလိုပုံစံဖြင့် တစ်ခါမှ မမြင်ဘူးလေရာ ထိတ်လန့်တုန်လှုပ်နေတော့သည်။ ဤသို့သော ပြဿနာကြီးကို ရှာမိသည်မှာ သူ့အမှားဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိပေသည်။
ဖုန်းယွမ်ဒဲ့ကမူ ရိုးသားမှုအပြည့်ဖြင့် ပြုံးကာ ပိုင်ရှောင်ချန်းကို ကြည့်၍ဆိုလိုက်သည်။
” ရှောင်ချန်းရေ။ ဒီနေ့ မင်းလုပ်ရဲ့တွေက တကယ့်ကို အံမခန်းပဲ။ ဂိုဏ်းအတွက် အကြီးကြီး ဂုဏ်ဆောင်ပေးခဲ့တာပဲ။ အဲ့တာကြောင့် အခုငါချမှတ်မဲ့ ဆုံးဖြတ်ချက်ကို ငါတာဝန်အပြည့်ယူတယ်။ ဒီကနေ့စကပြီး မင်းက မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ တာဝန်တွေကို ထမ်းဆောင်စရာ မလိုတော့ဘူး။ အခုကစပြီး မင်းရဲ့ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်နိုင်ပြီ။ ”
ပိုင်ရှောင်ချန်းမှာ အပြန်တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့ပြီး သူ၏ရင်ထဲတွင် အပြင်းအထန်စိတ်လှုပ်ရှားနေခဲ့ရသည်။ ယခု ဖုန်းယွမ်ဒဲ့ ဆိုလိုက်သည့် စကားကြောင့် သူက ပို၍ပင် အံ့အားသင့်သွားရပြန်သည်။
” အဆောင်မှူးကြီး…. ” သူက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
” အဆောင်မှူးကြီး ကျွန်တော့်ကို ဆက်ဆံတာ ကောင်းလွန်းအားကြီးနေပြီ။ ”
ဘေးနားရှိ တိမ်တာအိုသခင်ကမူ ပိုင်ရှောင်ချန်းနှင့် ဖုန်းယွမ်ဒဲ့တို့ စကားပြောနေသည်ကိုကြည့်ရင်း တစ်ကိုယ်ထဲ တတွတ်တွတ်ရွတ်နေတော့သည်။
” ကောင်းလွန်းအားကြီးနေတာဆိုပဲ။ မဖြစ်နိုင်လောက်အောင် ကောင်းနေတာဆိုရင် ပိုတောင် မှန်ဦးမယ်။ ”
ဖုန်းယွမ်ဒဲ့ကမူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကြင်နာမှုအပြည့်ပါသော လေသံဖြင့် ဆိုလိုက်သည်။
” ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ။ အခုကစပြီး မိစ္ဆာနှိမ်နင်းရေးခန်းမက မင်းရဲ့ အိမ်ဖြစ်သွားပြီ။ ဒီမှာဆို ဘာအန္တရာယ်မှ ကြုံရမှာမဟုတ်ဘူး။ ပြီးတော့ အေးဆေးအနားယူပြီး ကျင့်ကြံခြင်းအပေါ် အာရုံအပြည့်စိုက်လို့ရပြီ။ ကြိုးစားကွာ။ အဲ့တာဆို ယင်ယန်ဝိညာဥ်အဆင့်ကို တစ်ခဏအတွင်း ရောက်မှာပါ။ ”
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်း ရှူလိုက်တော့သည်။ သူသည် ကံအလွန်ကောင်းနေသည်ဟု ခံစားနေရတော့သည်။ သို့သော်လည်း ဤကံကောင်းမှုကြီမှာ ရုတ်ချည်း ရောက်လာသည်ဖြစ်ပြီး မည်မျှ သူတွေးသည်ဖြစ်ပါစေ သူထမ်းဆောင်ခဲ့သည့် ကြီးမားသောစွမ်းဆောင်မှုကြီးဆိုသည့်အချက်ကို တွေးမရအောင် ဖြစ်နေတော့သည်။
” မင်းရဲ့ကျင့်ကြံခြင်းမှာ အခက်အခဲတွေနဲ့ ကြုံရင်လည်း ငါ့ဆီလာခဲ့နော်။ ငါကူညီပေးမယ်။ စွမ်းဆောင်မှုရမှတ်တွေ အတွက်တော့ မပူနဲ့။ မင်းက ဂိုဏ်းအတွက် ကြီးကျယ်တဲ့တာဝန်ကြီးတစ်ခု ဆောင်ရွက်ပေးထားတာဆိုတော့ မိစ္ဆာနှိမ်နင်းရေးခန်းမမှာ ရှိတဲ့ ကျင့်ကြံရေးပစ္စည်းတိုင်းကို မင်းယူသုံးလို့ရတယ်။ ”
” အဆောင်မှူးကြီးရာ… ” ပိုင်ရှောင်ချန်းမှာ အနည်းငယ် တုန်ရီစပြုလာတောသည်။
” ဟားဟား။ ငါ့ကိုအဲ့လို ကလေးလို အကြည့်နဲ့ ကြည့်စရာမလိုပါဘူးကွ။ ရှောင်ချန်းရ.. မိစ္ဆာနှိမ်နင်းရေးခန်းမက မင်းရဲ့အိမ်လေ။ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မင်းကို ကောင်းကောင်းဆက်ဆံရမှာ ငါ့တာဝန်ပဲ။ အမြုတေအဆင့်ကျင့်ကြံသူတွေ အတွက် အသင့်တော်ဆုံးဖြစ်တဲ့ ဆေးလုံးတွေကိုတောင် ငါယူပြီးထားပြီ။ ဒီမှာ ယူလိုက်။ ပြီးတော့ မမေ့နဲ့နော်။ ငါ့ကိုကျေးဇူးပြန်ဆပ်ချင်ရင် ယင်ယန်ဝိညာဥ်အဆင့် ရောက်အောင်သာ မြန်မြန် လုပ်ကွာ။ ” သူက ပြုံးဖြီးဖြီးဖြင့် ပိုင်ရှောင်ချန်းအား အိတ်တစ်ခုကို ပေးလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ထပ်၍ တုန်ရီသွားပြန်တော့သည်။ ထိုအိတ်ကို လှမ်းယူရင်း သူကလက်ယှက်ကာ ဦးညွှတ်၍ ဆိုလိုက်သည်။
” အဆောင်မှူးကြီး…. ”
သို့သော် ဖုန်းယွမ်ဒဲ့က စကားဖြတ်ပြောကာ အားပေးစကားများ ထပ်မံပြောကြားလိုက်ပြီး ပိုင်ရှောင်ချန်းအား သွားခွင့်ပြုလိုက်တော့သည်။
ပိုင်ရှောင်ချန်း ထွက်ခွာသွားပြီးနောက် ဖုန်းယွမ်ဒဲ့ ၏မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူသည် တင်းမာနေသော မျက်နှာထားဖြင့် တိမ်တာအိုသခင်ကို လှည့်ကြည့်လိုက်သည်။
” မင်း ဘယ်လိုတွေလုပ်လိုက်တာလဲ တိမ်တာအိုသခင်ရာ။ ”
တိမ်တာအိုသခင်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်တွားကာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် ဒူးထောက်လိုက်ပြီး ဆိုလိုက်လေသည်။
” အဆောင်မှူးကြီး။ ဒီတစ်ခေါက်တော့ ကျုပ်ကို ခွင့်လွှတ်.. ”
” ပိုင်ရှောင်ချန်း ထိခိုက်မှုမရှိတာ ကံကောင်းတယ်မှတ်။ နို့မဟုတ်ရင် မင်းငါ့ကို သေမင်းခံတွင်းဝဆီ တွန်းပို့သလို ဖြစ်နေမှာ။ ” ဖုန်းယွမ်ဒဲ့သည် အေးစက်စက်နှာမှုတ်လိုက်ကာ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းကြီးတစ်ခုမှာ တိမ်တာအိုသခင်ကို ဝန်းရံသွားပြီး ခန်းမအပြင်သို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သဖြင့် သူ့ ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။
” မင်းရဲ့ နှစ်အကြာကြီး သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်မှုတွေကြောင့်သာမဟုတ်ရင် ငါမင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်နေပြီ။ ” ဖုန်းယွမ်ဒဲ့က ဆက်ပြောလိုက်သည်။
” အခုကစပြီး မိစ္ဆာနှိမ်နင်းရေးခန်းမထဲမှာ ပိုင်ရှောင်ချန်း အဖြစ်ဆိုး သေးသေးလေး တစ်ခုလောက်နဲ့ ကြုံရင်ကို မင်းနဲ့ငါစာရင်းရှင်းရလိမ့်မယ်။ ”
တိမ်တာအိုသခင်က အပြင်ဘက်တစ်နေရာတွင် ဒယိမ်းဒယိုင်နှင့် လက်ယှက်ကာ ဦးညွှတ်၍ ဆိုလိုက်သည်။
” မပူပါနဲ့ အဆောင်မှူး။ ကျုပ် ဒီတာဝန်ကို အရိုးကျေကျေ အရေခမ်းခမ်း ဆောင်ရွက်ပါမယ်။ ”
အနည်းငယ်ကြာသွားပြီးနောက် ဘုံကျောင်းထဲမှ စကားသံတစ်သံမှ ထွက်မလာတော့ချေ။ တိမ်တာအိုသခင်က သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများကိုသုပ်ကာ အဆိပ်မီးများတောက်လောင်နေသည့် မျက်ဝန်းကြီးများဖြင့် အဝေးတစ်နေရာသို့ စိုက်ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်း ရှိရာဘက်မဟုတ်ပဲ လီယွမ်ရှန် ရှိနေသည့် အရပ်သို့ပင် ဖြစ်သည်။
” လီယွမ်ရှန် ”
သူက အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။ ထို့နောက် သူက ပျံသန်းသွားပြီး မိစ္ဆာနှိမ်နင်းရေးခန်းမဆီမှ ထွက်ခွာကာ မျိုးနွယ်စုအပြင်ဘက်သို့ရောက်နေချိန်တွင် လီယွမ်ရှန် နေထိုင်လေ့ရှိသော အင်မော်တယ်ဂူဆီသို့ ဦးတည်လိုက်တော့သည်။
ထိုသို့ရောက်သောအခါ သူသည် ပင်မတံခါးကို ပြင်းထန်စွာ ထုနှက်လိုက်သဖြင့် အင်မော်တယ်ဂူတစ်ဂူလုံး တုန်ရီသွားရတော့သည်။ လီယွမ်ရှန်က တရားထိုင်နေဆဲဖြစ်သော်လည်း ယခုတွင်မူ မျက်လုံးများ ပွင့်သွားပြီး အပြင်သို့ အပြေးထွက်သွားသောအခါ တရှူးရှူးတရှဲရှဲ ဒေါသထွက်နေသည့် တိမ်တာအိုသခင်ကို မြင်တွေ့လိုက်ရတော့သည်။
” အစ်ကို တိမ်တာအို… ခင်ဗျား…. ”
သူစကားပင် မဆုံးလိုက်မီ တိမ်တာအိုသခင်က မန္တန်လက်ကွက်တစ်ခုဖော်လိုက်ရာ လေပေါ်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး လီယွမ်ရှန်ဆီသို့ ပြေးသွားတော့သည်။
” လီယွမ်ရှန်… ငါကတော့ မင်းနဲ့ မိတ်ဆွေဖွဲ့ရတာ အကျိုးရှိမယ်လို့ ထင်ထားတာ။ မင်းမိုလို့ ဒီလောက်ရက်ရက်စက်စက် လုပ်ရက်တယ်ကွာ။ ”
လီယွမ်ရှန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တိမ်တာအိုသခင်၏ နတ်ဘုရားစွမ်းရည်ကို ရှောင်တိမ်းရန် နောက်သို့ ခုန်ရှောင်လိုက်သည်။
” ရက်စက်တယ်ဟုတ်လား။ ” သူက ဒေါသတကြီး ပြန်မေးလိုက်သည်။
” ကျုပ်က ဘယ်လို ရက်စက်လို့တုံး။ ”
” မင်းပဲ ငါ့ကို ပိုင်ရှောင်ချန်းကို ကြည့်ရှင်းပေးဆို။ တကယ်တမ်းက ငါ့အသက်ပျောက်အောင်လို့ ကြိုတင်စီစဥ်ထားတာမလား။ ပိုင်ရှောင်ချန်းက ဘယ်သူလဲဆိုတာ မင်းသိလား။ မင်းသိလား လီယွမ်ရှန်ရ။ ငါမင်းကို ဘာများ မကောင်းတာတွေ လုပ်မိထားလို့လဲကွာ။ ”
လီယွမ်ရှန်မှာ မည်သို့မျှဆက်မလုပ်နိုင်ခင်မှာပင် တိမ်တာအိုသခင်က ရှေ့သို့လှစ်ခနဲပြေးသွားကာ လီယွမ်ရှန်၏ ရင်ဝတည့်တည့်သို့ လက်ဝါးချက်ဖြင့် ရိုက်လိုက်တော့သည်။
လီယွမ်ရှန်၏ ပါးစပ်ထဲမှာ သွေးများစီးကျလာကာ အံ့အားသင့်နေသည့် မျက်ဝန်းကြီးများဖြင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားတော့သည်။
“ မဖြစ်နိုင်တာ။ သူက အလယ်ဒေသက ဓားစာခံတစ်ယောက်ထက် မပိုပါဘူးဟ။ သူက…. ”
” အဲ့ကောင်က သာမန်မဟုတ်တာတော့ သေချာတယ်။ အဆောင်မှူးကြီး ဖုန်းယွမ်ဒဲ့က သူဒုက္ခရောက်နေပြီဆိုတာကို ကြားလိုက်တဲ့အချိန် သူ့မျက်နှာပေါ်က အမူအရာကို မင်းမြင်သင့်တယ်။ သူက ဂိုဏ်းသား တစ်သောင်းကျော်နဲ့ စစ်သင်္ဘော ဆယ်စင်းကို ပြင်ဆင်ပြီး သူ့ကို သွားကယ်ခဲ့တာကွ။ ”
လီယွမ်ရှန်မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်လုံးပြူးသွားပြီး အာမေဋိတ်သံ တစ်သံပင် ထွက်လာတော့သည်။
” ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
” ငါက ဘယ်လိုသိမလဲဟ။ ” တိမ်တာအိုသခင်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
” မိစ္ဆာအို ကြီး ဒဏ်ရာရသွားတဲ့ ပုံကို မင်းမြင်လိုက်ရမှာ။ ”
ဤအချိန်တွင် လီယွမ်ရှန်အပေါ် သူ၏မုန်းတီးမှုများသည် အရိုးထဲထိ စွဲနေပြီဖြစ်သည်။ သို့သော်လည်း လီယွမ်ရှန်က နတ်မျိုးနွယ်စုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ကြောင်းကို သိသဖြင့် သူ့ဒေါသများကို ဖြေလျော့လိုက်ပြီး အင်္ကျီလက်ကိုခါယမ်းကာ ထွက်သွားတော့သည်။