အချိန်နှစ်ရက်သည် နှေးကွေးလေးလံစွာ ကုန်ဆုံးသွား၏။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဖျော်ဖြေပွဲအတွင်း လီချန်ရှို့က အခြားအတတ်တစ်ခုကို တတ်မြောက်သွားသည်။
ပတ်ဝန်းကျင်အားလေ့လာရန် လေလှိုင်းအသံဖမ်းအတတ်သုံးနေရင်း တာအိုကျမ်းစာဆောင် အပြင်ခန်းမမှ ငှားရမ်းလာခဲ့သော စာအုပ်ကို တစ်ရွက်ချင်း ဖြည်းညင်းစွာ လှန်၍ ဖတ်ရှုနေခဲ့၏။
သူ အတန်ငယ် ပျင်းနေခဲ့ခြင်းပင်။
မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းမှာ နဂါးနန်းတော်မှ ရတနာချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂိုဏ်းအသီးသီးမှ တပည့်များ လက်ရည်စမ်းတိုက်ခိုက်ခြင်း အခမ်းအနားဖြစ်ပေမည်။ ထိုအခမ်းအနားနှစ်ခုစလုံး ယနေ့တွင် ကျင်းပပေလိမ့်မည်။
လီချန်ရှို့သည် နဂါးနန်းတော်မှ ချီးမြှင့်မည့် ရတနာများကို လုံးဝစိတ်မဝင်စားချေ။
ဓမ္မရတနာများ ပိုမိုပိုင်ဆိုင်ရခြင်းကို မကြိုက်သူတော့မရှိပေ။ သို့သော် ယခုအခေါက်တွင် ရတနာနည်းနည်းကို ဝိုင်းလုမည့်သူ များပြားနေ၏။ သူ ဖော်ပြထားသော ဗလာနတ္ထိဒုတိယအဆင့်သည် ရတနာဝင်လုရလောက်အောင်အထိ မမြင့်ပေ။
ထို့ပြင် ယနေ့မှစ၍ နဂါးနန်းတော်အပေါ်သို့ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မည်ဟု သူ ခန့်မှန်းမိထားသည်။ ထို့ကြောင့် ကြမ္မာနှောင်ကြိုးရစ်တွယ်မည့်ကိစ္စများတွင် မပါဝင်မိလေ ကောင်းလေပင် ဖြစ်သည်။
အကယ်၍ ပါဝင်ပတ်သတ်မိခဲ့လျှင်လည်း ထိုအရာသည် ကျိုးဝူ၏ အပြစ်သာ။
ကောင်းကင်မှ နေလုံး၏ အနေအထားအရ မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲအား မကြာမီ တရားဝင်စတင်ပေတော့မည်။
လီချန်ရှို့သည် လေထဲတွင်ရှိနေသော စင်မြင့်ကြီးအား လှမ်းကြည့်လိုက်သည်။ နှစ်ရက်ခန့် အစည်းအဝေးထိုင်ပြီးပြီဖြစ်ရာ ဂိုဏ်းပေါင်းစုံမှ ကောင်းကင်နတ်မင်းများသည် အရှေ့သမုဒ္ဒရာနယ်နမိတ် ပိုင်းခြားမှုအရေးနှင့် အခြားအကြောင်းများကို ဆွေးနွေးပြီးလောက်ပေပြီ။
သို့သော် ထိုအရာများသည် သူနှင့်မဆိုင်ချေ။
အနီးတွင် ကျိုးကျိုးသည် သစ်သားတုံးကို ဖြေရှင်းနေဆဲပင်။ ထို့ကြောင့် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် ဉာဏ်ရည်သည် တိုက်ရိုက်အချိုးမကျကြောင်း သိနိုင်ပေသည်။ အနည်းဆုံးတော့ သူမသည် ပျင်းရိဖွယ်နှစ်ရက်ကို အရက်မသောက်ဘဲ ကျော်ဖြတ်နိုင်ခဲ့သည် မဟုတ်လော။
ယုံချင်ရွှမ်းယာသည် လီချန်ရှို့သူမကို တားလိုက်သောအချိန်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိသည်။ သူမသည် လီချန်ရှို့အား မကြာမကြာလှမ်းကြည့်သော်လည်း အနားသို့သွားရန် မကြိုးပမ်းတော့ချေ။
ဤသို့ဖြင့် အချိန်နှစ်ရက်သည် တည်ငြိမ်အေးဆေးစွာ ကုန်ဆုံးသွားခဲ့ခြင်းပင်။
လီချန်ရှို့သည် ကျမ်းစာကို ပျင်းရိစွာဖတ်ရှုနေရင်းမှ ရန်လိုသောအကြည့်တစ်ခု သူ့အပေါ်ကျရောက် လာသည်ကို ခံစားလိုက်ရသည်။
လီချန်ရှို့သည် တည်ငြိမ်စွာပင် ကိုင်ထားသော ဝါးပေလိပ်လေးအား ပင့်လိုက်ပြီး လေလှိုင်းအသံဖမ်းအတတ်မှရသော သတင်းများကို ဂရုပြုစူးစမ်းလိုက်၏။ အကြည့်လာရာနေရာတွင် လုလင်ပျိုတစ်ယောက်၏ မှုန်ဝါးဝါး အသွင်သဏ္ဍာန်ကို တွေ့လိုက်ရသည်။
‘ အဲ … ငါ့ရန်သူလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ’
လီချန်ရှို့သည် ခေါင်းမော့ကြည့်လိုက်ရာ ဂိုဏ်းပေါင်းစုံတို့ထိုင်နေရာနေရာမှ ကျန့်(၁၀၀)အကွာရှိ ခန်းမထောင့်စွန်းတွင် ရပ်နေသော လူတစ်ယောက်အား တွေ့လိုက်၏။
အတိအကျဆိုရလျှင် ထိုသူသည် လူသားတစ်ယောက်မဟုတ်ပေ။ ထိုသူ၏ နဖူးမှနေ၍ နဂါးဦးချိုတိုလေးနှစ်ခု ထွက်၍နေလေသည်။
နဂါးမျိုးနွယ်က နဂါးလေးပေလော။
ထိုသူသည် မကြာမီကျင်းပမည့် လက်ရည်စမ်းပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နဂါးလေးဖြစ်ရပေမည်။
ထိုနဂါးလေးသည် သူ့အားစိုက်ကြည့်နေသည်ကို သိလိုက်ရသောအခါ လီချန်ရှို့ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူနောက်သို့ တိတ်တဆိတ်ရွှေ့လိုက်သောအခါတွင်လည်း ထိုနဂါးလေး၏ အကြည့်သည် ကပ်ပါလာ၏။ သူ့အားစောင့်ကြည့်နေခြင်းမှာ သေချာပေပြီ။
သေချာကြည့်လျှင် ထိုနဂါးလေး၏ မျက်လုံးထဲတွင် ပြာလဲ့လဲ့အလင်းတန်းများရှိနေသည်။
ထိုနဂါးလေးသည် သူဖုံးကွယ်ထားသော ကျင့်ကြံခြင်းအဆင့်အစစ်အမှန်အား ဖောက်မြင်သွားပေပြီလော။
မဖြစ်နိုင်ချေ။ လီချန်ရှို့သုံးထားသော ဖုံးကွယ်အတတ်သည် ပတ်ဝန်းကျင်ရှိသူများ သုံးသည့်မန္တန်များကို အခြေခံ၍ လိုက်လံပြောင်းလဲနိုင်သော ပြောင်မြောက်သည့် အတတ်ဖြစ်သည်။
‘ ငါက ဒီနေရာမှာရှိတဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းသားတွေထဲမှာ ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံး မို့လို့လား။ အဲဒါကြောင့် ငါ့ကိုပစ်မှတ်ထားနေတာလား ’
လီချန်ရှို့သည် ဆင်ခြင်သုံးသပ်မှုကို စတင်လိုက်သည်။ ထို့နောက်တွင် လေလှိုင်းအသံဖမ်းအတတ်မှနေ၍ ထိုနဂါးလေး၏ နှုတ်ခမ်းစွန်းနှစ်ဘက်သည် ယုံကြည်မှုရှိရှိ တွန့်ကွေးပြီး ပြုံးသွားသည်ကို သိလိုက်ရ၏။
‘ ကြည့်ရတာ ဒီနဂါးလေးက သိပ်မစွမ်းပေမယ့် တစ်ယောက်တော့ အနိုင်ယူနိုင်ရမယ်ဆိုပြီး အမိန့်ပေးခံထားရပုံပဲ။ အဲဒါကြောင့် ဂိုဏ်းကြီးတွေထဲက အဆင့်အနိမ့်ဆုံးသူတွေကို လိုက်ရှာနေတာနေမယ်။ ဒါက တော်တော် သိက္ခာမရှိတာပဲ… ’
လီချန်ရှို့သည် နဂါးလေးအား ပြန်ကြည့်လိုက်ပြီး ၎င်း၏ ပြာလဲ့လဲ့မျက်လုံးများအား စိုက်၍ကြည့်နေလိုက်သည်။ ကျန့်(၁၀၀)ကျော်အကွာတွင်ရှိသည့် နဂါးလေးသည် လီချန်ရှို့နှင့် မျက်လုံးချင်းစုံသွားသောအခါ မျက်လုံးအတွင်းရှိ ပြာလဲ့လဲ့အလင်းများ ပျောက်ကွယ်သွားတော့သည်။
အသက်ရှူချိန်ဆယ်ကြိမ်ခန့် အကြည့်ချင်းစုံလျှင် ရင်ခုန်မိနေ၍ဟူသော အချက်အရ သူတို့နှစ်ယောက်သည်…အဲ…
သူတို့၏ အကြည့်စုံမှုကို အနီရောင်ခန္ဓာကိုယ်တစ်ခုမှ ဝင်နှောင့်ယှက်လိုက်၏။ နတ်လိပ်တစ်ကောင်သည် ထိုနဂါးလေး၏ နောက်တွင်လာရပ်လိုက်သည်။
“ ဘာလို့ဒီကိုရောက်နေရတာလဲ မင်းသားလေး။ မင်းသားလေးရဲ့ အလှည့်ရောက်တော့မယ် ”
‘ မင်းသားလေးဟုတ်လား။ ဒါဆို နဂါးဘုရင်ရဲ့သားပေါ့ ’
ထိုကဲ့သို့သော သူတစ်ယောက်၏ ပစ်မှတ်ထားမှုကို ခံရခြင်းသည် ကောင်းကျိုးမရနိုင်။
လူအုပ်ကြားထဲရှိ တုနတ်ဝိဇ္ဇာဂိုဏ်းထဲမှ သူ့အား ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့သွားသော ထိုနဂါးလေးကို လီချန်ရှို့နားမလည်နိုင် ဖြစ်နေသည်။
သူ၏ရုပ်ရည်သည် နဂါးထီးတို့အတွက် အလွန်စွဲဆောင်မှုရှိနေခြင်းပေလော။
လီချန်ရှို့သည် ချင့်ချင့်ချိန်ချိန်ဖြင့် အဖြစ်အပျက်ကို ပြန်လည်သုံးသပ်လိုက်ပြီး အကြောင်းတစ်ခုခုပြ၍ စင်မြင့်ပေါ်မှ ရှောင်ထွက်သွားရပေမည်လောဟု တွေးတောနေသည်။
လက်ရှိတွင် နဂါးနန်းတော်သည် ကိုးရိုးကားရားနိုင်သော အခြေအနေတွင်ရှိနေသည်။
၎င်းတို့သည် ရှေးခေတ်မှ ဝါရင့်ကျင့်ကြံသူများနှင့် ရတနာများ အမြောက်အမြားပိုင်ဆိုင်ထားကြ၏။ သို့သော် ၎င်းတို့သည် ရှေးဟောင်းစစ်ပွဲတွင် အာဒိကပ္ပလောကအား ဖျက်ဆီးခဲ့ခြင်းကြောင့် ကောင်းကင်နှင့်မြေကြီးသည် ၎င်းတို့ကို လက်မခံချေ။
နဂါးမျိုးနွယ်တွင် ဆရာတဆူဟုပြောရမည့် သူများ များစွာရှိသောကြောင့် အင်အားတောင့်တင်းသည့်မျိုးနွယ်ဟု ထင်ရပေသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့၏ အင်အားသည် တိုးတက်လာသော လူသားမျိုးနွယ်နှင့် မယှဉ်နိုင်တော့ပေ။
ထို့ပြင် နဂါးမျိုးနွယ်၏တန်ခိုးအင်အားသည် မျိုးဆက်အပေါ်တွင် မူတည်လေသည်။ အစွမ်းထက်ဆုံး ဘိုးဘေးနဂါး ရှေးဟောင်းစစ်ပွဲတွင် သေဆုံးသွားသည့်အချိန်မှစ၍ ထိုဘိုးဘေးနဂါးထက် အစွမ်းထက်သော နဂါးထပ်၍ မမွေးဖွားလာတော့ပေ။
တန်ခိုးရှင်ခြောက်ပါးသည် အာဒိကပ္ပခေတ်တွင် ထီးနန်းအသီးသီးယူလိုက်သောအခါ နဂါးမျိုးနွယ်သည် တန်ခိုးရှင်များအား အပြစ်လုပ်မိမည်ကိုအမြဲ ထိတ်လန့်နေခဲ့ရသည်။ တန်ခိုးရှင်များကို အပြစ်ပြုမိလျှင် နဂါးမျိုးနွယ် မျိုးတုန်းသွားမည် ဖြစ်သည်။ သို့သော် နဂါးမျိုးနွယ်သည် လောက၏ အရှင်သခင်များ ဖြစ်လာရန် အိပ်မက်မက်နေတုန်းဖြစ်၏။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က အရှေ့သမုဒ္ဒရာနဂါးနန်းတော်သည် အရှေ့သမုဒ္ဒရာကမ်းရိုးတန်းတွင် ပြဿနာများဖန်တီးရန် စစ်သည်အသစ်ကလေးများကို စေလွှတ်ခဲ့သည်။ တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း လူသားမျိုးနွယ်အား ကာကွယ်နိုင်ရေးအတွက် မိစ္ဆာများကို နှိမ်နင်းရန် တပည့်များကိုစေလွှတ်ခဲ့သည်။ ထိုအချက်သည် နဂါးနန်းတော်အတွက် အရှက်ရစေခဲ့၏။
သို့သော်လည်း တုနတ်ဝိဇ္ဇာဂိုဏ်း၏အနောက်တွင် ကျောင်းတော်သုံးကျောင်းရှိနေသဖြင့် နဂါးနန်းတော်သည် တိုက်ရိုက်ပြဿနာမရှာဝံ့ချေ။ ထို့ကြောင့်ပင် ဤမိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲကို ကျင်းပရခြင်းဖြစ်သည်။ နဂါးမျိုးနွယ်သည် ထိုအခွင့်အရေးကို အသုံးချ၍ ၎င်းတို့၏ တန်ခိုးအစွမ်းကိုပြသကာ လူသားမျိုးနွယ်မှ ကျင့်ကြံသူများနှင့် ညှိနှိုင်း၍ အရှေ့သမုဒ္ဒရာနယ်နမိတ်ကို အညီအမျှပိုင်းခြား လိုခြင်းပင်။
နဂါးနန်းတော်သည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ဖိတ်ကြားလွှာပို့ရန် မိုက်ရူးရဲနဂါးတစ်ကောင်ကို စေလွှတ်ခဲ့သည်။ သို့သော် ထိုနဂါးကို အရှင်ဝမ်ချင်းသည် အကွက်တစ်ကွက်ဖြင့်ပင် အနိုင်ယူမောင်းထုတ်နိုင်ခဲ့သည်။ ထိုအရာသည် နဂါးမျိုးနွယ်အား ထပ်မံအရှက်ရစေခဲ့၏။
သို့သော်လည်း နဂါးနန်းတော်သည် တုနတ်ဝိဇ္ဇာဂိုဏ်းကို ပြဿနာမရှာရဲသေးချေ။ ထို့ကြောင့် နဂါးနန်းတော်သည် စပျစ်သီးကဲ့သို့ ထောင်ချောက်ငယ်လေးများ ဆင်ကာ လက်စားချေရန်ကြံခဲ့ခြင်း ဖြစ်၏။
ထိုအရာသည် ကလေးကလားဆန်သော်လည်း နဂါးနန်းတော်သည် မည်မျှ ကူရာကယ်ရာမဲ့နေကာ ကိုးရိုးကားရားနိုင်သော အခြေအနေအတွင်း ကျရောက်နေကြောင်း သိနိုင်ပေသည်။
လီချန်ရှို့၏ယူဆချက်မှာ နဂါးမျိုးနွယ်သည် အပေါ်ယံတွင် အင်အားေတာင့်တင်းပုံပေါ်သော်လည်း လက်တွေ့တွင်မူ အားအင်ချိနဲ့နေပြီ ဖြစ်သည်။ အကျင့်ဟောင်းများသည် ပြင်ရခက်၏။ နဂါးမျိုးနွယ်တစ်ခုလုံး ကိုယ့်ရှူးကိုယ်ပတ်ကာ ရှုပ်ထွေးနေပေသည်။
‘ အဲဒီနဂါးလေးက ငါ့ကိုကြည့်နေတာ အဲဒါကြောင့်လား ’
လီချန်ရှို့သည် ခေတ္တမျှစဉ်းစားလိုက်ပြီး အခြေအနေအလိုက် မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သန်မာသူများစွာရှိသည့် ထိုနေရာတွင် တစ်ယောက်တည်းခွဲကာထွက်သွားခြင်းထက် ဂိုဏ်းနှင့်အတူ နေခြင်းသည် ပို၍သင့်တော်ပေသည်။ အကယ်၍သာ နဂါးနန်းတော်မှ ဆရာတစ်ဆူသည် သူကဲ့သို့ အာနည်းသူအပေါ် ဒေါသပုံချလိုသည်ဆိုလျှင် သူ့အတွက် အန္တရာယ်များလေ၏။
အကယ်၍သာ ထိုနဂါးလေးသည် သူ့အားလက်ရည်စမ်းရန် ဖိတ်ခေါ်ခဲ့ပါက သူ၏ ကျင့်ကြံခြင်းအဆင့်နိမ့်မှုကို အကြောင်းပြကာ ချက်ချင်းအရှုံးပေးလိုက်ရန် လီချန်ရှို့ ဆုံးဖြတ်ထားသည်။
ဖျော်ဖြေနေသူများ ပြန်လည်ထွက်ခွာသွားလေပြီ။ မျက်ခုံးဖြူများရှိသော လိပ်ဘိုးဘိုးတစ်ဦးသည် ရွှေရောင်ကမာခွံဖိနပ်အားစီး၍ စင်မြင့်ထက်သို့ တက်လာလေသည်။ ထို့နောက်သူသည် နဂါးမျိုးနွယ်၏ ရှေးယခင်က ဂုဏ်သရေကျော်ကြားခဲ့မှုများကို ချေးခြောက်ရေနှူးလေတော့သည်။ လီချန်ရှို့သည် ထိုအကြောင်းများကို အာရုံစိုက်နားထောင်မနေချေ။
သူသည် စောနမှအကြည့်ကို ပြန်၍အာရုံခံမိလိုက်၏။ ထို့ကြောင့် လေလှိုင်းအသံဖမ်းအတတ်အားသုံး၍ ကြည့်လိုက်ရာ စင်မြင့်ပေါ်သို့တက်ရန်ပြင်နေသည့် နဂါးလေးကို တွေ့လိုက်ရသည်။
***
‘ အရှေ့သမုဒ္ဒရာ နဂါးနန်းတော်ရဲ့ ဒုတိယမင်းသားဖြစ်တဲ့ ငါက ဒီနေ့ ကိစ္စကြီးတစ်ခုခုလုပ်ရမယ် ’
အောင်းရိသည် ရေနဂါးတပ်၏ အနောက်တွင် တည်ငြိမ်စွာရပ်နေလေသည်။ လိပ်ဘိုးဘိုးသည် သူ့အား မိတ်ဆက်ပေးလိုက်သောအခါမှသာ ရှေ့သို့ ထွက်ရပ်လိုက်သည်။
သူဝတ်ဆင်ထားသော နတ်ချပ်ဝတ်တန်ဆာသည် အရောင်ဖျော့ဖျော့တောက်ပနေရာ သူ၏ပျိုမြစ်သည့် မျက်နှာလေးကို ပို၍ သိမ်မွေ့နေစေ၏။
အောင်းရိသည် ယနေ့မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲတွင် သူသည် ကြယ်ပွင့်တစ်ယောက်ဖြစ်ကြောင်း သိ၏။
ယနေ့သည့် သူ၏ဆယ်နှစ်ပြည့်မွေးနေ့ ဖြစ်သည်။
အထင်မမှားပါနှင့်။ အမှန်ဆိုရလျှင် သူ၏ဥအတွင်းမှ ထွက်လာပြီးနောက် ဆယ်နှစ်အကြာ ဖြစ်သည်။ လွန်ခဲ့သော နှစ်(၂၃၀)ကျော်ကပင် အောင်းရိသည် နဂါးဥအတွင်း အသိစိတ်ရှိနေပြီး တစ်ရက်လျှင် ခြောက်နာရီခန့် ဥအတွင်း လှုပ်ရှားနိုင်လေသည်။
ထိုအခြင်းအရာကို နဂါးဥလှုပ်ရှားမှုခေါ်သည်။ နဂါးမျိုးနွယ်၏ အထူးအသုံးအနှုန်း ဖြစ်သည်။
ထိုအချိန်ကတည်းမှ ယင်းခြောက်နာရီအတွင်း ဆရာပေါင်းစုံသည် သူ့အား စာပေ၊ အနုပညာ၊ ဂီတ၊ ကျင့်ကြံခြင်းအတတ်များနှင့် အခြားအတတ်မျိုးစုံကို သင်ကြားပေးခဲ့သည်။
ထိုသို့သင်ပေးရသည့် အကြောင်းကား သူသည် လက်ရှိ အရှေ့သမုဒ္ဒရာရှိ နဂါးဘုရင်၏ ဒုတိယသားတော်ဖြစ်သောကြောင့်ပင်။ ထို့ပြင် သူ၏ နဂါးသွေးသည် သူ့အစ်ကိုထက်ပင် စစ်မှန်ပေသည်။ နောင်အနာဂတ်တွင် သူသည် တာ့လော်နတ်မင်းအဆင့်သို့ပင် ရောက်နိုင်သော အလားအလာရှိကာ နဂါးမျိုးနွယ်၏ မှီခိုရာ ထောက်တိုင်ကြီးကဲ့သို့ ဖြစ်လာနိုင်လေသည်။
အစပိုင်းဆယ်စုနှစ်များတွင် အောင်းရိသင်ခဲ့ရသည်များအရ နဂါးမျိုးနွယ်သည် စကြဝဠာတိုက်တစ်သောင်းတွင် အင်အားအကြီးမားဆုံး မျိုးနွယ်ဖြစ်သည်ဟု သူ ထင်ခဲ့သည်။ သူတို့သည် မွေးရာပါ ပါရမီရှင်များဖြစ်ကြပြီး အာဒိကပ္ပလောက၏ အရှင်သခင်များဟု မှတ်ထင်ခဲ့၏။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း(၁၆၃) ခုနှစ် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို သူ မှတ်မိနေဆဲဖြစ်သည်။ ထိုအချိန်တွင် သူသည် ဥအတွင်း၌ တစ်ရက်လျှင် ဆယ်နာရီမျှ လှုပ်ရှားနိုးကြားနိုင်နေပြီ ဖြစ်သည်။
ဂီတဆရာသည် ထိုနေ့တွင် မူးနေပုံပေါ်လေသည်။ သူသည် အောင်းရိအား နဂါးမျိုးနွယ်၏ လက်ရှိယိုယွင်းနေသော အခြေအနေမှန်များကို ပြောပြခဲ့သည်။
နဂါးမျိုးနွယ်သည် အင်အားအကြီးဆုံးမဟုတ်ချေ။ ကောင်းကင်ပေါ်တွင် နေထိုင်သောတန်ခိုးရှင်များနှင့် ကုန်းမြေပေါ်တွင်နေထိုင်သော လူသားများရှိပေသေးသည်။
ရှေးဟောင်းစစ်ပွဲအတွင်း နဂါးမျိုးနွယ်၊ ဇာမဏီမျိုးနွယ်နှင့် ချီလင်မျိုးနွယ်တို့သည် အာဒိကပ္ပလောကကြီးကို ဖျက်ဆီးခဲ့ကြရာ မရေမတွက်နိုင်သော သက်ရှိများ အသက်ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ နဂါးမျိုးနွယ်သည် ထိုအပြစ်ကြီးကို ပြန်မဖျောက်ဖျက်နိုင်ဘဲ ထာဝရသယ်ဆောင်ထားရလေတော့သည်။ ကောင်းကင်နှင့်မြေကြီးသည် သူတို့အား လက်မခံပေ။ ကောင်းကင်တာအိုတရားသည်လည်း သူတို့၏ ကံကောင်းမှုများကို ချိတ်ပိတ်ထားခဲ့လေ၏။
ထို့ကြောင့် သူတို့သည် သမုဒ္ဒရာကြီးလေးစင်းအတွင်း၌သာ နေနိုင်၍ သူတို့၏ အကုသိုလ်များလျှော့ပါးလာစေရန် နဂါးမျိုးနွယ်ရှိ ဆရာများ၏ ခန္ဓာကိုယ်ကို အသုံးချကာ မတည်ငြိမ်သော သမုဒ္ဒရာမျက်လုံးကြီးကို ပြင်ဆင်နေခဲ့ရပေသည်။
သမုဒ္ဒရာမျက်လုံးဆိုသည်မှာ အဘယ်နည်း။
ထိုအရာသည် ကောင်းကင်နှင့်မြေကြီးတို့၏ အညစ်အကြေးများစုရာ အိုင်ကြီးဖြစ်ပြီး အန္တရာယ်အများဆုံး အပြစ်ဆေးကြောရာနေရာလည်း ဖြစ်သည်။
ထိုအရာများကို သိသွားသောအခါ အောင်းရိသည် ထိုအကြောင်းများကို တွေးတောရင်း နေ့စဉ်ပူပန်နေခဲ့ရ၏။ နဂါးဘုရင်၏ သွေးသားဖြစ်သည့်အပြင် ဘိုးဘေးနဂါး၏မျိုးဆက်လည်းဖြစ်သော သူ့အနေဖြင့် နဂါးမျိုးနွယ်အတွက် မည်သို့စွမ်းဆောင်ပေးရမည်နည်း။
တဖြည်းဖြည်းဖြင့် သူသည် ဝမ်းနည်းဖွယ်အမှန်တရားကို သိရှိလာသည်။ နဂါးမျိုးနွယ်အတွင်းရှိ နဂါးတော်တော်များများသည် သူတို့သည် အင်အားအကြီးဆုံး မျိုးနွယ်ဖြစ်သည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ သမုဒ္ဒရာမျက်လုံးအား ပြင်ဆင်ရန် ကောင်းကင်တာအိုမှ အပြစ်ပေးသည်ကိုပင် သူတို့ကိုယ်တိုင် သက်ရှိများအကျိုးအတွက် စိတ်ကောင်းစေတနာဖြင့် ပြုလုပ်နေသယောင်ယောင် ထင်နေကြ၏။
ထို့ပြင် တချို့နဂါးများမှာ နဂါးမျိုးနွယ်သည် ရှေးက စကြဝဠာတိုက်တစ်သောင်းအား အုပ်စိုးသူများဖြစ်ကြောင်း၊ လူသားမျိုးနွယ်ထက် များစွာအစွမ်းကြီးကြောင်း ချေးခြောက်ရေနှူးနေကြဆဲပင်။
ယနေ့ခေတ်တွင် ဇာမဏီမျိုးနွယ်နှင့် ချီလင်းမျိုးနွယ်သည် မျိုးတုန်းလုနီးနီးဖြစ်နေပေပြီ။ ထို့ပြင် စုန်းကဝေမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်သည်လည်း သိပ်မကျန်တော့ချေ။ နဂါးမျိုးနွယ်၏ ရတနာများကို လူသားများက အားကျရုံဖြင့် နဂါးမျိုးနွယ်ကို အင်အားအကြီးဆုံးမျိုးနွယ်ဟု ခေါ်ခြင်းမှာ …
မည်မျှ သနားစရာကောင်းပါသနည်း။
မည်မျှ ရယ်စရာကောင်းပေသနည်း။
ယနေ့ခေတ်တွင် နဂါးမျိုးနွယ်အေးအေးဆေးဆေးနေရခြင်းသည် သမုဒ္ဒရာမျက်လုံးအား ပြင်ဆင်ရန် နဂါးပေါင်းများစွာ၏ အသက်ကို စတေးခဲ့သောကြောင့်သာ ဖြစ်သည်။
ကောင်းကင်ပေါ်တွင် နဂါးမျိုးနွယ်အား လက်တစ်ချောင်းထဲဖြင့် အစတုန်းပစ်နိုင်သော တန်ခိုးရှင်များ ရှိ၏။
ကုန်းမြေပေါ်တွင်လည်း အင်အားတောင့်တင်းလာသော လူသားမျိုးနွယ်ကို နဂါးမျိုးနွယ်သည် လိုက်မမီတော့ပေ။
ထိုသို့အခြေအနေ ဖြစ်နေသော်လည်း နဂါးတော်တော်များများသည် ရှေးက ဂုဏ်ပြောင်ခဲ့သည်ကို တသသနှင့် လေထဲအိမ်ဆောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် နဂါးမျိုးနွယ်သည် လူသားများကို ရန်သွားသွားစနေခြင်းဖြစ်ပြီး လက်တွေ့တွင် လူသားမျိုးနွယ်နှင့် အမှန်တကယ် စစ်မဖြစ်ရဲချေ။
လွန်ခဲ့သောရက်အနည်းငယ်က သူ၏အစ်ကိုတော် အိမ်ရှေ့မင်းသားသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အရှက်ရအောင် ပြုလုပ်ရန် လက်အားငယ်သားတချို့ကို ခိုင်းစေခဲ့သည်။ သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့်မူ ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။
‘ ဒါက နဂါးမျိုးနွယ်ပဲ။ ဒါက ရှေးခေတ်မှာတန်ခိုးထွားခဲ့ပေမယ့် အခုတော့ အတွင်းလှိုက်ပုပ်သိုးနေတဲ့ နဂါးမျိုးနွယ်ပဲ။ ငါ့လို ဆယ်နှစ်သား နဂါးပေါက်လေးက ဘာများတတ်နိုင်မှာလဲ ’
အောင်းရိသည် သူ၏ခမည်းတော် တာ့လော်နတ်မင်းအဆင့်ရှိသည့် နဂါးဘုရင်ကို မြင်ရလေမည်လောဟု လေပေါ်ရှိစင်မြင့်အား လှမ်းကြည့်လိုက်သည်။
ထိုအဆင့်နတ်မင်းများသည် ကောင်းကင်ပြစ်ဒဏ်ကြောင့်သာ အသက်ဆုံးရှုံးနိုင်လေသည်။ ထို့ပြင် အကယ်၍ သူ၏ခမည်းတော် ဘုရင်အဖြစ်မှ အနားယူသွားခဲ့လျှင်လည်း နောက်တက်မည့် ဘုရင်မှာ သူ၏ဦးလေးသာဖြစ်၍ အောင်းရိသည် ဘုရင်ဖြစ်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘုရင်အနေဖြင့် နဂါးမျိုးနွယ်၏အခြေအနေအား ပြောင်းလဲပေးနိုင်မည်မဟုတ်။
အောင်းရိက သရော်တော်တော်ရေရွတ်လိုက်သည်။
“ ရှင်းရှင်းပြောရရင်တော့ ငါက နဂါးမျိုးနွယ်အတွက် ဂုဏ်သိက္ခာနည်းနည်းပြန်တက်လာအောင် လုပ်ပေးရမယ့် ရုပ်သေးရုပ် တစ်ရုပ်သာသာပါပဲ ”
သူ၏တန်ဖိုးသည် ထိုအချက်သာဖြစ်သည်။
‘ သားတော်… ဒီနေ့မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲမှာ သားတော်က တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်တစ်ယောက်ကို လက်ရည်စမ်းဖို့ရွေးရမယ်။ မှတ်ထားနော် … သားတော်က အနိုင်ရအောင်ယူပြီး ခမည်းတော်ကျေနပ်အောင် လုပ်ပေးရမှာ ’
ထိုစကားသည် သူ၏မယ်တော် သူ့အား ပြောခဲ့သောစကားဖြစ်သည်။
‘ အရှင့်သား… သနားကရုဏာထားပြီး ဘယ်သူ့ကိုမှ အနာတရကြီးကြီးမားမား မရစေပါနဲ့။ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေကြီးလာနိုင်တယ် ’
ထိုစကားသည် သူ့ခမည်းတော်လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော မှူးမတ်တစ်ဦး၏ အကြံပေးချက်ဖြစ်သည်။
သို့သော် ထိုသူအားလုံးသည် သူ အမှန်တကယ် အလိုရှိသောအရာကို မသိကြချေ။
“ ကျွန်တော်တို့ရဲ့ မွေးနေ့ရှင် အရှေ့သမုဒ္ဒရာ နဂါးနန်းတော်ရဲ့ ဒုတိယမင်းသားလေးကို စင်မြင့်ထက်သို့ဖိတ်ခေါ်ပါတယ် ခင်ဗျာ… ”
လိပ်ဘိုးဘိုးက အော်ပြောလိုက်သည်။
အောင်းရိသည် တည်ငြိမ်စွာပင် စင်မြင့်ထက်သို့ တက်သွားလိုက်သည်။ မျက်လုံးအားလုံးသည် သူ့အပေါ်သို့ ကျရောက်သွား၏။ သို့သော် သူသည် အဖတ်မျှပင်မလုပ်ပေ။
လိပ်ဘိုးဘိုးသည် သူအလွတ်ကျက်ထားသော ဂုဏ်ပုဒ်များကို ရွတ်ပြနေဆဲဖြစ်သည်။ မကြာမီတွင် အောင်းရိသည် လက်ရည်စမ်းရန် ပြိုင်ဘက်တစ်ယောက်ကို ကိုယ်တိုင်ရွေးခြယ်ရပေတော့မည်။ ထိုအရာသည် မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲ၏ လက်ရည်စမ်းအခမ်းအနား တရားဝင်မစမီ အလွတ်တန်းပွဲဖြစ်သည်။
သူသည် လူများ၏ရှေ့တွင် တုနတ်ဝိဇ္ဇာဂိုဏ်းအား အနည်းငယ်လက်စားချေရပေမည်။
အောင်းရိသည် ဥအတွင်း သင်ကြားခဲ့ရသည်များ၊ သူ၏မျိုးရိုးနှင့် သူ၏နဂါးစွမ်းရည်များကြောင့် ကိုယ့်အစွမ်းကို ကိုယ်သိသည်။ သူသည် ဥအတွင်းမှထွက်လာသည်မှာ (၁၀)နှစ်သာရှိသေးသော်လည်း နတ်ဝိဇ္ဇာအဆင့်ရောက်ခါစ နဂါးများသည်ပင် သူ့ကို မယှဉ်နိုင်တော့ပေ။
သို့သော် ယနေ့တွင် အရှေ့သမုဒ္ဒရာအနီးမှ နတ်ဝိဇ္ဇာဂိုဏ်းများသည် ဤနေရာတွင် စုစည်းနေပေပြီ။
အရှေ့သမုဒ္ဒရာ နဂါးနန်းတော်၏ ဆယ်နှစ်သား နဂါးမင်းသားလေးသည် ကိစ္စကြီးတစ်ခုကို လုပ်ပေတော့မည်။
သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တပည့်များ၏ကျင့်ကြံခြင်း အဆင့်များကို လေ့လာကာ အဆင့်အနိမ့်ဆုံးသူကို ပစ်မှတ်ထားခဲ့သည်။
နဂါးမျိုးနွယ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နှစ်ကြိမ်အရှက်ခွဲခံရရုံဖြင့် မလုံလောက်သေးဟု ခံစားရခြင်းပေလော။
ထိုအရှက်တကွဲ ဖြစ်ရပ်သည် သူတို့၏ စိတ်ကူးယဉ်မှုများမှ နိုးထရန် မလုံလောက်သေးသည်လော။
ကောင်းလေစွ။
ယနေ့တွင် နဂါးဘုရင်၏ ဒုတိယသားတော်အနေဖြင့် ဤနေရာရှိ တုနတ်ဝိဇ္ဇာဂိုဏ်း၏ အဆင့်အနိမ့်ဆုံးတပည့်ထံတွင် မျှမျှတတ အရှုံးခံပြရပေတော့မည်။
ဤသို့ဆိုပါလျှင် လုံလောက်ပေမည်လော။
‘ နိုးထလော့ နဂါးမျိုးနွယ် ’
‘ နိုးထကြလော့… အတိတ်မှာသာယာနေတဲ့ ငါရဲ့ နဂါးညီနောင်တို့… ’
‘ အခုနောက်မကျသေးပါဘူး။ ငါတို့ နဂါးမျိုးနွယ် ဘဝင်မြင့်နေတာကို စွန့်လွှတ်သင့်ပြီ။ လူသားမျိုးနွယ်တွေလိုပဲ ငါတို့ရဲ့ နဂါးမျိုးဆက်သစ်တွေကို တာအိုဂိုဏ်းတွေဆီပို့ပြီး တာအိုတရားတွေကို ကျင့်ကြံခိုင်းပြီး မှန်ကန်တဲ့လမ်းကို လိုက်ကြရမယ်… ’
လိပ်ဘိုးဘိုးသည် ပြုံး၍ ကြေညာလိုက်သည်။
“ ဒီနေ့ ကျွန်တော်တို့ရဲ့ မွေးနေ့ရှင်မင်းသားလေးဟာ နတ်ဝိဇ္ဇာဂိုဏ်းတွေထဲက အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်နဲ့ လက်ရည်စမ်းယှဉ်ပြိုင်မှာဖြစ်ပါတယ် ”
‘ ကဲ… စပြီဟေ့ ’
အောင်းရိသည် အသက်ကိုဖြည်းညင်းစွာ ရှူသွင်းလိုက်ပြီး ရှေ့သို့ထွက်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာရှိ လူများသည် ထိုအကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြ၏။
“ ဟိုတစ်ယောက် ”
အောင်းရိသည် လက်ယာလက်ကိုမြှောက်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးသူအား လက်ညှိုးညွှန်လိုက်သည်။ ထို့နောက်သူသည် ကလေးအသံလေးဖြင့် ပြောလိုက်သည်။
“ ငါနဲ့ လက်ရည်စမ်းမယ် ”
ဘာသာပြန်သူမှတ်စု။ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဆယ်စက္ကန့်ကြာ အကြည့်ချင်းဆုံလျှင် တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်နေကြသည်ဟု ဆိုစမှတ်ရှိပေသည်။
***