ဖက်တီးကျန်းကြီး၏ စိတ်ထဲတွင် မျိုးနွယ်စုခေါင်းဆောင်သည် လုံးဝနှိမ့်ချအောက်ကျို့နေလေရာ သူဘယ်တုန်းကမှ ထိုကဲ့သို့ ယဉ်ယဉ်ကျေးကျေးစကားပြောပုံဆိုပုံကို မမြင်ခဲ့ဖူးပေ။ မြို့တော်၏ ဤနယ်မြေတွင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် မည်သူ့ကိုမဆို ဒုက္ခကြီးကြီးရောက်သွားစေသည့် လူစားမျိုးပင်ဖြစ်သည်။ လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားဖြစ်ရုံသာမက ကျင့်ကြံသူမျိုးနွယ်စုတစ်စုလုံး၏ ခေါင်းဆောင်လည်းဖြစ်လေသည်။
ပြောကြပုံအရ ဤမျိုးနွယ်စုသည် ယင်ယန် ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည့် ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ထိုသူသေဆုံးသွားသည်မှာ ကြာပြီဖြစ်သော်လည်း မြို့တော်၏ ဤနယ်မြေအတွင်းရှိ ကျင့်ကြံသူများက ယနေ့အထိ အထင်ကြီးလေးစားကြလေသည်။
ဖက်တီးကျန်းကြီးသည် သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဟု အစပိုင်းတွင် ယုံကြည်ချက်များစွာရှိခဲ့သော်လည်း ဤမျိုးနွယ်စုခေါင်းဆောင်ပိုင်ဆိုင်သော အလွန်အရေးကြီးသည့်မှော်ပစ္စည်းတစ်ခုအပါအဝင် ကျရှုံးဖန်များလာပြီးနောက် ယခု မျိုးနွယ်စုရှိရာအရပ်တွင် အဖမ်းခံရလေတော့သည်။ နှစ်ဝက်ကုန်ဆုံးသွားပြီးနောက် ဖက်တီးကျန်းကြီးမှာ ရူးသွပ်လုနီးပါးဖြစ်လာချေသည်။ သူ့မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက လွဲ၍ တခြားဘာမှမလုပ်ရဘဲ အစားအသောက်လည်း ဝဝလင်လင်မစားရပေ။ အသက်ဆက်ရှင်နေလိိုသည့် သူ၏ ပြင်းထန်သောဆုံးဖြတ်ချက်ကြောင့်သာမဟုတ်လျှင် ဆာလောင် ငတ်ပြတ်ကာ ပင်ပန်းနွမ်းနယ်၍ သေသည်မှာ ကြာလေပြီ။
သူသည် မျိုးနွယ်စုခေါင်းဆောင်အား အလိုလိုကြောက်နေလေပြီဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်နာမည်ကိုပြောလိုက်သည်ကို ကြားလိုက်ရသည်တွင် ဖက်တီးကျန်းကြီးမှာ ယခင်ကထက်ပင် ပို၍ တုန်ရီလာတော့သည်။ သို့သော်လည်း သူ၏နှလုံးသားထဲတွင် ဒေါသလည်း ထွက်လာလေရာ သူ့မျက်လုံးများမှာ မီးဝင်းဝင်းတောက်လာတော့သည်။ ထိုအကြည့်သာ လူသတ်နိုင်လျှင် ထိုမျိုးနွယ်စုခေါင်းဆောင် ဝုန်းခနဲ ပေါက်ကွဲသွားလိမ့်မည်။
“အမ်.. တာအိုရောင်ရင်း ။ ကျေးဇူးပြုပြီး ပြောပါဦး။ မင်းက ကျန်းတဟိုင်လား” မျိုးနွယ်စုခေါင်းဆောင်၏ စိုးရိမ်ကြောင့်ကြမှုများ တိုးလာပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်သူလူငယ်၏ ပါးစပ်ပေါက်ကိုပိတ်ကာ အသာလေးသတ်လိုက်ရန် စိတ်ပင်မကူးဝံ့တော့ချေ။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် အလွန်ကြီးမား၍ စွမ်းအားကြီးလေရာ ထိုအကြောင်းနောက်ဆုံးပေါ်သွားမည်မှာ မုချပင်။ သူကျန်းတဟိုင်ကို အကျဉ်းချကြောင်းသာ ဆရာကြီးသိသွားလျှင် သူ့ကိုအနှေးနှင့်အမြန် လာသတ်ကာ မျိုးနွယ်စုတစ်စုလုံး ပျက်စီးကိန်းနှင့်ကြုံပေတော့မည်။
” အေး ဟုတ်တယ်” ဖက်တီးကျန်းကြီးက အော်လိုက်သည်။
” ကျုပ်က ကျန်းတဟိုင်”
မျိုးနွယ်စုခေါင်းဆောင်မှာ ခေါင်းပေါက်ထွက်တော့မတတ် ခံစားလိုက်ရသည်။ သူသည် တဆတ်ဆတ်တုန်ရီလာပြီး သူငယ်အိမ်များမှာ သေးငယ်သော အစက်လေးအထိ ကျုံ့သွားတော့သည်။ ထိုသို့ဖြစ်သွားသည်ကို ကြည့်ပြီး ဖက်တီးကျန်းကြီးမှာ ခံစားချက်မကောင်းတော့ပေ။ ရုတ်တရက် ဒူးညွတ်သွားသလို ခံစားလိုက်ရရင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး စကားထပ်ပြောရန်ပြင်လိုက်ဆဲမှာပင် သူ့ကိုဘေးတွန်းချလိုက်သည့် မျိုးနွယ်စုအစေခံကို မျိုးနွယ်စုခေါင်းဆောင်က မထင်မှတ်ထားဖွယ် ပါးရိုက်ချလိုက်သည်။
“သောက်ကျိုးနည်း အစေခံ” သူက အော်လိုက်သည်။
” ဒီကောင်လေးက အရေးကြီးတဲ့ဧည့်သည်လို့ မင်းကို ပြောခဲ့တာ မမှတ်မိဘူးလား။ မင်းဧည့်သည်တွေကို လေးစားရမှာလေ။ သူ့ကို ဂရုစိုက်ဖို့ ငါခိုင်းထားတာလေ. အဲဒါကို မင်းက ငါဒုက္ခရောက်အောင် လုပ်ရလား” ထိုသို့ပြောပြီး သူကလက်မြှောက်လိုက်ကာ အစေခံကို ပါးထပ်ချလိုက်ပြန်ရာ ထိုအစေခံဘေးသို့နောက်တစ်ကြိမ်လည်ထွက်သွားလေသည်။
အစေခံမှာ နာကျင်စွာ အော်လိုက်ရင်း ပါးစပ်မှ သွေးများပန်းထွက်သွားလေသည်။ သူ၏သခင်ဘာကြောင့် ထိုသို့ပြုမူသည်ကို လုံးဝတွေဝေသွားရင်း အသနားခံရန် ပြင်လိုက်စဉ် မျိုးနွယ်စုခေါင်းဆောင်က အော်လိုက်သည်။
” ဟိုကောင်တွေ. ဒီအစေခံကို ငါ့မျက်စိရှေ့က ခေါ်သွားစမ်း။ သူရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးပြီး မြေအောက်အကျဉ်းခန်းထဲ ထည့်လိုက်”
ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က အပြေးအလွှား ဖက်တီးကျန်းကြီးကို လာထူပေးလေသည်။ တောင်းပန်သည့်အသံအတတ်နိုင်ဆုံးပေါ်အောင် ကြိုးစားကာ ဖော်ဖော်ရွေရွေပြုံးပြရင်းပြောလေသည်။
” ညီလေးကျန်း ။ ဒါတွေအကုန်လုံးက အထင်လွဲတာပါ။ အဲ့အစေခံကို သတ်စေချင်ရင်.. မင်း စကားတစ်ခွန်းသာပြောလိုက်”
“အီး.. ဒီရက်တွေမှာ ခက်ခဲခဲ့မှာပဲ ညီလေးကျန်းရေ” ကြက်သေသေနေသည့် ဖက်တီးကျန်းကြီးပခုံးပေါ်ရှိ ဖုန်များ ပုတ်ပေးနေရင်း မျိုးနွယ်စုခေါင်းဆောင်က သူကိုလက်တွဲ၍ မျိုးနွယ်စု၏ အဓိကခန်းမဆောင်ထဲသို့ ခေါ်သွားလေသည်။
အသံကို မြှင့်ရင်း သူက အော်ပြောလိုက်သည်။
” ညီလေးကျန်းကို တောင်းပန်တဲ့အနေနဲ့ အကောင်းဆုံး ဝိညာဥ်စားစရာတွေနဲ့ အဆင့်မြင့်ဆုံး အရက် ပြင်ပေးစမ်း”
တခဏအတွင်းမှာပင် မျိုးနွယ်စုတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ လူတိုင်းမှာ ဇဝေဇဝါဖြစ်လျက် ခေါင်းကုတ်နေကြသော်လည်း တစ်ယောက်မှ မေးခွန်းမထုတ်ရဲပေ။ စားပွဲအပြည့် ဝိညာဥ်စားသောက်ဖွယ်ရာများပြင်ဆင်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် လိုလေသေးမရှိပြုစုလေသည်။ သူက ဖက်တီးကျန်းကြီးဘေးတွင် ထိုင်ရန် အမျိုးသမီးကျင့်ကြံသူအချို့ကိုပင် လှမ်းခေါ်လိုက်သည်။
ဖက်တီးကျန်းကြီးမှာ အဖြစ်အပျက်များ ရုတ်တရက်ပြောင်းလဲသွားသောကြောင့် ယခင်ထက်ပို၍ တုန်လှုပ်သွားတော့သည်။ မျိုးနွယ်စုခေါင်းဆောင်က ဘယ်သောအခါကမှယဥ်ကျေးစွာ မပြုမူဖူးလေရာ ဘာကြောင့် ယခုကဲ့သို့ ပြုမူနေမှန်း မတွေးတတ်အောင်ဖြစ်နေတော့သည်။ သို့သော်လည်း စားပွဲပေါ်ရှိ ဝိညာဥ်စားသောက်ဖွယ်ရာအလုံးစုံကို မြင်လိုက်သောအခါ ထိုအကြောင်းကို ခေါင်းထဲကထုတ်လိုက်ပြီး ချက်ချင်းပင် အငမ်းမရစားသောက်တော့သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ စိတ်ထဲတွင် တုန်လှုပ်နေရင်း ဘေးတွင် မတ်တပ်ရပ်နေသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုဆက်လက်ဆင်မြန်းထားပြီး အဆက်မပြတ် ဟင်းပွဲအသစ်များချပေးနေလေသည်။ ထိုအပြင် လှပသော အမျိုးသမီးကျင့်ကြံသူများသည် ဖက်တီးကျန်းကြီးကို အဓိပ္ပါယ်ပါပါကြည့်နေကြသည်။ ဘာကြောင့် ယခုကဲ့သို့ ပြုမူရန် ပြောကြောင်းကို ဇဝေဇဝါဖြစ်နေသော်လည်း ချုပ်တည်းမထားတော့ပေ။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် သူ့လည်ပင်းကို ခပ်ဖွဖွလေးနှိပ်ပေးလေသည်။ အခြားသူများက သူ၏ရေခွက်ကို ဖြည့်ပေးနေပြီး တီးတိုးအသံလေးများဖြင့် စကားစမြည်ပင် ပြောလာကြလေသည်။
ဖက်တီးကျန်းကြီးမှာ ဖြစ်ပျက်နေသည်တို့နှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှားနေသော်လည်း အံသာကြိတ်လိုက်ပြီး စိုးရိမ်မှုများ ဖျောက်ပစ်လိုက်ကာ သာယာကြည်နူးနေတော့သည်။
နှစ်နာရီကြာသော် ဖက်တီးကျန်းကြီးသည် အလိုရှိသလောက် စားသောက်ပြီးသွားလေပြီ။ နောက်ဆုံးတွင် သူက စားပွဲကို ဒုန်းခနဲရိုက်ချလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
“ကဲ.. အခု ဒီမှာ ဘာတွေဖြစ်နေတာလဲ ”
မျိုးနွယ်စုခေါင်းဆောင်မှာ သူ့အသံတွင် ခါးသီးမှုများမပါဝင်အောင် မထိန်းနိုင်တော့ပဲ ပြန်ပြောလိုက်သည်။
“ညီလေးကျန်း အရင်ကဖြစ်သွားတာက တကယ့်ကို ငါ့အမှားကြီးပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့” လက်ယှက်ရင်း သူက အမျိုးသမီးမျိုးနွယ်ဝင်များကို ကြည့်ပြီးနောက် အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။
“ညီလေးကျန်း..သူတို့ကို ကြိုက်ရင်.. မျိုးနွယ်စုရဲ့ ဒီမိန်းကလေးတွေကို ယူလို့ရပါတယ် ”
မိန်းကလေးများမှာ အံ့သြသွားပြီး သဘောမတူနိုင်ကြောင်းပြောရန် ပြင်လိုက်သော်လည်း ခေါင်းဆောင်၏ ခက်ထန်သောအကြည့်ကြောင့် ပါးစပ်ပိတ်သွားကြလေသည်။
ဖက်တီးကျန်းကြီးမှာ ဆွံ့သွားပြီး ယခင်ထက်ပင် စိတ်လှုပ်ရှားလာတော့သည်။ ဘာလုပ်ရန် အလွယ်တကူမဆုံးဖြတ်နိုင်တော့ပေ။ တခဏကြာသော် သူကမေးလိုက်သည်။
” ခင်ဗျားဘာကြောင့် ဒီလိုတွေ လုပ်နေတာလဲ…”
ဖက်တီးကျန်းကြီးက အကြောင်းကိုအတင်းမေးလာလေရာ မျိုးနွယ်စုခေါင်းဆောင်မှာ မထိန်ချန်ရဲတော့ချေ။ အသက်ပြင်းပြင်းရှူလိုက်ရင်း သူကပြောသည်။
” ညီလေးကျန်း မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာကြီးက မင်းကို မြေလှန်ရှာနေတယ်..”
“မိုးပြာရောင်နဂါးအဖွဲ့အစည်း” ဖက်တီးကျန်းကြီးက တွေဝေလျက် ပြောလိုက်သည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းက ပထမဆုံး ထင်ပေါ်ကျော်ကြားလာစဥ် သူ အကျဥ်းကျနေခဲ့လေသည်။ ထိုစဥ်က ဖက်တီးကျန်းအပါအဝင် လူအတော်များများမှာ သူတို့အကြောင်း ကြားပင်မကြားဖူးခဲ့ပေ။
ဖက်တီးကျန်းကြီး၏မျက်နှာအမူအရာကိုကြည့်ရင်း မျိုးနွယ်စုခေါင်းဆောင်က လွန်ခဲ့သော လအနည်းငယ်က မိုးပြာရောင်နဂါးအဖွဲ့အစည်း မည်သို့မည်ဖုံ ဂုဏ်အရှိန်အဝါမြင့်မားလာခဲ့ကြောင်း ရှင်းပြလိုက်သည်။ ဖက်တီးကျန်းကြီးမှာ ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။
“အရေးကြီးတဲ့ လူတစ်ယောက်က ကျုပ်ကိုရှာနေတယ်”
သူက အရက်ပုလင်းကြီးကို လှမ်းဆွဲပြီး သောက်ချလိုက်သည်။
မကြာမီ ညနေစောင်းလာတော့သည်။ ဖက်တီးကျန်းကြီးကို အဆက်မပြတ်တရစပ် တောင်းပန်နေရင်း မျိုးနွယ်စုခေါင်းဆောင်က သူ့ကို နောက်ဆုံးတွင် ထင်ရှားကျော်ကြားသော မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာကြီးကို တွေ့ရန် မြောက်ပိုင်းဒေသသို့ ခေါ်ဆောင်လာတော့သည်။
လမ်းတစ်လျှောက်တွင် ဖက်တီးကျန်းကြီးသည် လမ်းပေါ်ရှိလူအတော်များများက မိုးပြာရောင်နဂါးအဖွဲ့အစည်းအကြောင်း ပြောနေကြသည်ကို ကြားရလေရာ သူ၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ မကြာမီ လမင်းကြီး ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်လုံးသည် မြောက်ပိုင်းဒေသရှိ ကို့ရို့ကားယား အင်မော်တယ်ဂူတစ်လုံးအပြင်ဘက်တည့်တည့်သို့ ဆိုက်ရောက်လာတော့သည်။
၄င်းအပြင်ဘက်တွင် ဧရာမကျောက်လူသားကြီး ၁၈ကောင်နှင့် ကျင့်ကြံသူအများအပြားစောင့်ကြပ်နေလေသည်။ အတွင်းထဲတွင် စွမ်းအားကြီးကျင့်ကြံသူများအဆင့်လိုက် အထပ်ထပ် ကင်းလှည့်နေသည်ကို တွေ့လိုက်ရလေသည်။
တလက်လက်တောက်ပနေသော မန္တန်အစီအရင်များက အင်မော်တယ်ဂူကို ဝန်းရံထားပြီး ကောင်းကင်ယံတွင် မှော်ပညာဖြင့် ဖန်တီးပြုလုပ်ထားသော အပြာရောင်နဂါးတစ်ကောင်၏ ပုံရိပ်ကြီးတစ်ခုကို တွေ့ရလေသည်။ ၄င်းသည် အလွန်တရာ အသက်ဝင်လေရာ တစ်ချက်လေးကြည့်လိုက်ရုံနှင့်ပင် မည်သူမဆို၏ နှလုံးသားအတွင်းတွင် အံ့သြထိတ်လန့်မှုများ ပြည့်သွားစေရန် လုံလောက်လေသည်။
“ဒါ…..ဒါ…ဒါက မိုးပြာရောင်နဂါးအဖွဲ့အစည်းလား ” ဖက်တီးကျန်းကြီးက ချီတုံချတုံမေးလိုက်သည်။ အမှန်တွင် မျိုးနွယ်စုခေါင်းဆောင် ပထမဆုံးအကြိမ်လာခြင်းမဟုတ်သော်လည်း ယခုထက်ထိအလွန်တရာစိတ်လှုပ်ရှားနေမြဲဖြစ်နေတော့သည်။
ဖက်တီးကျန်းကြီးမှာ အသက်ရှူရန်ပင် ခက်လာတော့ပြီး မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာကြီး ကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်က ဘာကြောင့် သူ့အား လိုက်ရှာသည်ကို အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်နောက်လိုက်သွားရုံမှတစ်ပါး အခြားမရှိလေရာ သတိကြီးစွာဖြင့် အဓိကဝင်ပေါက်သို့သွားလိုက်ပြီး သတင်းပို့လိုက်လေသည်။
သူရှင်းပြ၍ပင် မပြီးသေးခင် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ အလင်းတန်းသုံးခုထွက်ပေါ်လာ၏။ ဦးဆောင်နေသည့်လူမှာ လိမ္မော်ရောင်ဝတ်ရုံရှည်နှင့် အပြာရောင်နဂါးတစ်ကောင်ထိုးထားသည့် လှပသောခေါင်းဆောင်း တစ်ခုကို ဆောင်းထားလေသည်။ ထိုသူမှာ ပိုင်ရှောင်ချန်းက လွဲ၍ တခြားမဟုတ်ပေ။
သူ့တစ်ကိုယ်လုံးကို အကာအကွယ်ကျောက်မျက်ရတနာမျိုးစုံဖြင့် တန်ဆာဆင်ထားပြီး တလက်လက်တောက်ပနေသော မှော်ရတနာများကြောင့်လည်း တလက်လက် တောက်ပြောင်နေလေသည်။ သူ၏ခေါင်းပေါ်တွင် ရောင်ခြည်စက်ဝန်းတစ်ခုပင် ရှိနေလေရာ အထင်ကြီးစရာ ကောင်းနေတော့သည်။ သူခြံရံထားသည့် လူများမှာ ရွှီပေါက်ချိိုင်နှင့် နတ်ဆရာတို့ဖြစ်လေသည်။ ထိုအချိန်တွင် ရွှီပေါက်ချိုင်မှာ ပိုင်ရှောင်ချန်းနှင့် ပထမဆုံး ပြန်လည်ဆုံစည်းခဲ့သည့်အချိန်ကနှင့် အလွန်ကွာခြားနေလေပြီ။ သူ၏ မျက်နှာမှာ ကျန်းမာ၍ဝင်းလက်နေပြီး သူ့ကိုလည်း တလက်လက်တောက်ပနေသော ရတနာမျိုးစုံဖြင့် ဖုံးလွှမ်းနေလေသည်။ သူသည် ဘုန်းတန်းခိုးအာဏာကြီးမားကာ ချမ်းသာကြွယ်သော ပုံစံြဖစ်နေသည်။
ပိုင်ရှောင်ချန်းပေါ်လာသည်နှင့် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှာ ယောက်ယက်ခတ်သွားတော့သည်။ ကျင့်ကြံသူများနှင့် အခြွေရံများမှာ အင်မော်တယ်ဂူများထဲမှ ပြေးထွက်လာကြပြီး အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ တုန်ရီသွားကြကာ ဒူးထောက်၍ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
” ဆရာကြီးကို ဂါဝရပြုပါတယ်”
” ဆရာကြီးကို ဂါဝရပြုပါတယ်”
သူတို့၏ အော်သံများသည် မိုးခြိမ်းသံအလား ထစ်ခြုန်းနေတော့သည်။ ထိုအချိန်တွင် ဖက်တီးကျန်းကြီးမှ သူ့ဘေးရှိ မျိုးနွယ်စုခေါင်းဆောင်သည်လည်း ဒူးထောက်၍ ခေါင်းငုံ့နေကြောင်းသိလိုက်လေရာ အံ့သြသွားတော့သည်။
ဖက်တီးကျန်းကြီးသာလျှင် မတ်တပ်ရပ်ကျန်နေသည့် လူဖြစ်ကာ နတ်ဆရာ၊ ရွှီပေါက်ချိုင်နှင့် ပိုင်ရှောင်ချန်းတို့ကို တအံ့တသြကြည့်ပြီး မျက်လုံးများမှာ ပန်းကန်ပြားလောက် ပြူးကျယ်လာတော့သည်။
“အမှတ်ကိုးဖက်တီး ” ဖက်တီးကျန်းကြီးမှာ အလွန်တရာ အံ့အားသင့်နေတော့သည်။
“အစ်ကိုကြီး”
ပိုင်ရှောင်ချန်းက အော်ခေါ်လိုက်သည်။ ကျယ်ကျယ်လောင်လောင်ရယ်ရင်း သူက ရှေ့တိုးလာပြီး ဖက်တီးကျန်းကြီးကို ဖက်လိုက်လေသည်။ ဖက်တီးကျန်းကြီးလည်း ကွဲကွာနေသော မိသားစုနှင့် ပြန်တွေ့ရသည့်အလား အားပါးတရပြန်ဖက်လိုက်လေသည်။
ကျင့်ကြံသူမျိုးနွယ်စုသေးသေးလေးမှ မျိုးနွယ်စုခေါင်းဆောင်သည် ထိုအခြင်းအရာကိုမြင်သောအခါ ဖက်တီးကျန်းကြီးက သူ့အား လက်စားပြန်ချေမည်ကို ကြောက်လန့်တုန်လှုပ်သွားပြီး မျက်နှာပေါ်တွင် နောက်တကြီးစွာရကာ အသနားခံနေသည့်ပုံဖမ်းလိုက်လေသည်။
ဖက်တီးကျန်းကြီးမှာ အလွန်တရာစိတ်လှုပ်ရှားနေလေရာ မျိုးနွယ်စုခေါင်းဆောင် သူ့အား မည်သို့ကြည့်နေသည်ကိုပင် သတိမထားမိပေ။ သူနှင့် ပိုင်ရှောင်ချန်း၏ ရယ်သံတို့မှာ ရောနှောထွက်ပေါ်လာပြီး နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် အင်မော်တယ်ဂူထံသို့ ဦးတည်သွားတော့သည်။