အခန်း ( ၃၇၉ )

ရှင်းကုံကျစ်တာအိုဂိုဏ်း

အလယ်ဒေသ၏ အလွန်တွင် ခမ်းနားကာ ကျယ်ပြန့်လွန်းလှသဖြင့် အဆုံးကိုပင် မမြင်နိုင်သည့် စစ်မှန်သော အရှေ့ဘက် ကောင်းကင်တံတားမြစ် ရှိသည်။ ထိုဒေသသည် အလွန်ကြီးမားလွန်းလှ၍ အလယ်ဒေသရှိ ကျင့်ကြံခြင်းလောက တစ်လုံးကပင် ၎င်းနှင့် မယှဉ်နိုင်ချေ။

ထိုမြစ်အတိုင်း အပေါ်သို့တက်သွားပါက ပင်လယ်ထဲမှနေ၍ မြစ်အဖြစ်ခွဲဖြာစီးဆင်းသည့် နေရာကို မြင်နိုင်မည်ဖြစ်သည်။

ထိုနေရာတွင် စကားလုံးနှင့်ဖော်ပြ၍မရနိုင်အောင် ကြီးမားလွန်းသည့် အဆုံးအစမဲ့သော ရေတံခွန်ကြီးတစ်ခုရှိသည်။ ၎င်းသည် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ မြင့်မားပြီး ကျယ်ပြန့်လွန်းသဖြင့် တစ်ဖက်မှနေ၍ အခြားအဆုံးတစ်ဖက်ကို မမြင်နိုင်ချေ။ ရေများက အောက်သို့စီးကျသွားသောအခါ အရှေ့ဘက်ကောင်းကင်တံတားမြစ်အဖြစ် ပြောင်းလဲသွားသည်။

ထိုရေတံခွန်၏ အထက်တွင် ရှိသော ကောင်းကင်တံတား ပင်လယ်ကို စိတ်ကူးဖြင့်သာ ပုံဖော်နိုင်မည်ဖြစ်သည်။

ထိုနေရာရှိ စိတ်စွမ်းအင်မှာ ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းလွန်းလှသည်။ အလယ်ဒေသရှိ စိတ်စွမ်းအင်ပင်လျှင် ၎င်းကို မယှဉ်နိုင်ပေ။ ထိုနေရာသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဌာနချုပ်များ တည်ရှိသောနေရာ ဖြစ်သည်။

ထိုဌာနချုပ်များသည် ရေတံခွန်အောက်ခြေရှိ အဆုံးမဲ့သော မြူခိုးများအကြားမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိုးထွက်နေသည်။ ရေတံခွန်ကြီး၏ အပေါ်တွင် အဆင့်သုံးဆင့်အဖြစ် ခွဲခြားထားသည့် သက်တံ့ခုနစ်စင်းက အုပ်မိုးထား၏။

ပထမအဆင့်နှင့် အမြင့်ဆုံးအဆင့်ကို သက်တံ့တစ်စင်းထဲဖြင့် ပေါင်း၍ သတ်မှတ်ထားသည် ။ ဒုတိယအဆင့်တွင် ဘယ်တစ်ဖက် ညာတစ်ဖက် သက်တံ့တစ်စင်းစီ ရှိသည်။ ၎င်းတို့၏အောက်တွင်ရှိသော တတိယအဆင့်တွင် တစ်တန်းထဲစီထားသည့် သက်တံ့လေးစင်းပါသည်။

ရေတံခွန်ကြီးက အလွန်ကြီးမားလှသဖြင့် သက်တန့် များမှာလည်း ကြီးကျယ်ခမ်းနားနေတော့သည်။ ထိုသက်တံ့ခုနစ်စင်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အစိတ်အပိုင်းများဖြစ်သည်။

အဝေးမှကြည့်လျှင်ပင် လေပေါ်တွင် ရှေ့နောက်ဖြတ်ကာ ပျံသန်းနေကြသည့် ကျင့်ကြံသူများစွာကို မြင်နိုင်သဖြင့် ဂိုဏ်းကြီးမှာ အလွန်ကြီးမားကြောင်း သိနိုင်သည်။

ထို့အပြင် ထိုသက်တံ့များမှာ ဂိုဏ်း၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့၏ အပေါ် ရေတံခွန်၏ ထိပ်တွင် ဧရာမ ရှေးဟောင်း စစ်သင်္ဘောကြီးတစ်စင်း ရှိသည်။

ထိုသင်္ဘောကြီးမှာ မည်းနက်နေပြီး အလွန်ရှေးဆန်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုသင်္ဘောကြီး၏ ကြောက်မက်ဖွယ်ကောင်းသည့်အချက်မှာ ၎င်း၏ အတွင်းတွင် ဂိုဏ်း၏ သီးသန့်စွမ်းအားများ ဖြစ်တန်ရှိသော ဝိညာဉ်ပုံရိပ်များကို မြင်နေရခြင်းပင်ဖြစ်သည်။

ထိုအချက်များအပြင် ကောင်းကင်တံတားမြစ်၏ ကမ်းပါးနှစ်ခုပေါ်တွင် တည်ဆောက်ထားသည့် ဧရာမမြို့တော်ကြီး လေးခုရှိသည်။ ကမ်းပါးတစ်ဖက်ပေါ်တွင် မြို့နှစ်မြို့စီ ရှိသည်။

ထိုတစ်မြို့ချင်းစီမှာ အလယ်ဒေသရှိ ဂိုဏ်းကြီးလေးဂိုဏ်းမှ ဂိုဏ်းတိုင်းထက် ပို၍ ကြီးမားပြီး လူသန်းပေါင်း ထောင်ချီမက ဝင်ဆံ့နိုင်သည်။ ထိုဂိုဏ်းကို ကြည့်မိလိုက်လျှင်ပင် လူတိုင်း တုန်လှုပ်သွားမည် ဖြစ်သည်။

ဤသည်ကား ရှင်းကုံကျစ်တာအိုဂိုဏ်းပင် ဖြစ်သည်။

ရေတံခွန်၏ အောက်ခြေတွင်ရှိသော ဧရာမမြို့ကြီးလေးမြို့….

ရေတံခွန်အပေါ်တွင် အုပ်မိုးနေသည့် သက်တံ့ခုနစ်စင်း….

ရေတံခွန်နောက်ရှိ ကောင်းကင်တံတားပင်လယ်…..

လွန်ခဲ့သော အချိန်အနည်းငယ်တုံးက ဧရာမဘီလူးကြီးသည် ရုတ်တရက် လေထဲမှ ပေါ်ထွက်လာပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ခပ်လှမ်းလှမ်းနေရာတစ်ခုတွင် ပေါ်ပေါက်လာသည်။ ပိုင်ရှောင်ချန်းသည် ထိုဘီလူးကြီး၏ ဦးခေါင်းပေါ်တွင် ဂိုဏ်းကြီးကိုကြည့်ကာ မှင်တက်နေတော့သည်။ ဂိုဏ်း၏ အရွယ်အစားတစ်ခုထဲနှင့်ပင် သူ၏စိတ်မှာ ယောက်ယက်ခတ်နေရတော့သည်။

ထို့နောက် သူက အနီးသို့ရောက်ရှိသွားသောအခါ စိတ်စွမ်းအင်များမှာ ပို၍ အားကောင်းလာသည်ကို ခံစားမိလိုက်သည်။ အလွန်အားကောင်းနေသဖြင့် မနေရခက်လာသည်အထိပင်။

ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုသို့ ဖြစ်နေသည်မဟုတ်။ အခြားလူများအားလုံးမှာ သူ့နည်းတူ မှင်တက်နေကြသည်။

နတ်ဆရာ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေသည်။
” ဘယ်လိုများ သူတို့ လုပ်ထားတာတုံးဟ။ သက်တံ့တွေဆိုတာ ရုပ်ဒြပ်မရှိတဲ့ အရာတွေလေ။ ဒါပေမဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းက သူတို့ရဲ့ ဌာနချုပ်တွေကို သက်တံ့တွေနဲ့ ဆောက်ထားတာတဲ့လား။ ”

” ဟုတ်တယ် ။ ” ချင်းမေ့ယွမ်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
” သက်တံ့တွေက ရုပ်ဒြပ်မရှိဘူး။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေက ရုပ်ဒြပ်မရှိတဲ့အရာတွေကို ထာဝရ ဖြစ်တည်နိုင်အောင် လုပ်လို့ရတယ်။ ”

” ပြီးတော့ အဲ့သက်တံ့ခုနစ်စင်းက အဆင့်ခွဲခြား သတ်မှတ်တဲ့ စနစ်နဲ့ ခွဲခြားထားတာ။ အောက်ခြေကနေ ထိပ်ဆုံးအထိ အဆင့်အမျိုးမျိုး ရှိတယ်။ အဲ့အဆင့်တွေက ရှင်း၊ ကုံ၊ တာအို၊ ကျစ်၊ မော်တယ်၊ မြေကြီး၊ ကောင်းကင် ဆိုပြီးတော့ပဲ။”

” အမြင့်ဆုံး သက်တံ့ကိုမြင်လား။ အဲ့တာ ကောင်းကင်အဆင့်ပဲ။ အဲ့အောက်ကနှစ်ခုက မြေကြီးအဆင့်နဲ့ မော်တယ်အဆင့်။ အောက်က သက်တံ့လေးခုမှာကြတော့ ရှင်း၊ ကုံ၊ တာအို၊ ကျစ် ဆိုတဲ့ အဆင့်တွေပါတယ်။ ”

” ငါတို့က အဏ္ဏဝါခေါ်သံဂိုဏ်းကဆိုပေမဲ့ ကုံမြစ်ဂိုဏ်းခွဲလို့ပဲ သတ်မှတ်ကြမှာ။ အဲ့တာမလို့ ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်က တတိယအဆင့်ရဲ့ ဒုတိယ သက်တံ့ပဲ။ ”
ချင်းမေ့ယွမ်က ရှင်းကုံကျစ်တာအိုဂိုဏ်းအကြောင်း သူသိသမျှ ရှင်းပြနေသည်ကို ပိုင်ရှောင်ချန်းက နားထောင်နေတော့သည်။

” မြစ်ကမ်းပါးတွေပေါ်က မြို့တွေက အပြင်စည်းဂိုဏ်းတွေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဆင့်သတ်မှတ်တဲ့ပုံစံက ငါတို့သိပြီးသား ပုံစံတွေနဲ့ နည်းနည်းကွဲတယ်။ ” ကုန်းစွန်းဝမ်အာပင်လျှင် ချင်းမေ့ယွမ် သိသော အရာများကြောင့် အံ့သြနေပြီး ဂရုတစိုက် နားထောင်နေတော့သည်။

နတ်အဆင့်ရှိသော လူငယ်က သူ၏ မျက်လုံးကို ဖွင့်ကာ လှမ်းကြည့်လိုက်သည်။
” ကောင်မလေး။ မင်းက နည်းနည်းပါးပါး သိသားပဲ။ ”

ချင်းမေ့ယွမ်မှာ အမူအရာပြောင်းလဲသွားတော့သည်။ နတ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိမည် စိုးသဖြင့် သူမသည် တုန်တုန်လှုပ်လှုပ်နှင့် လက်ယှက်ကာ ဆိုလိုက်သည်။
” ဗွေမယူပါနဲ့ ဝါရင့်ဂိုဏ်းဝင်။ ”

” မယူပါဘူး။ ”
လူငယ်က တည်ကြည်စွာ ဆိုလိုက်သည်။
” မင်းရှင်းပြတာ များလေ ငါပြောဖို့ စကားနည်းလေပဲ။ မင်းတို့ အကုန် နားထောင်။ ဒီကောင်မလေးပြောတဲ့အတိုင်း ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဆင့်ခွဲခြားသတ်မှတ်တဲ့ စနစ်က အခြားဂိုဏ်းတွေနဲ့ မတူဘူး။ မတူအောင်လို့လည်း တမင် လုပ်ထားတာ။ ”

” ဂိုဏ်းအများစုမှာ အပြင်စည်းဂိုဏ်းတစ်ဂိုဏ်း၊ အတွင်းစည်းဂိုဏ်းတစ်ဂိုဏ်း၊ သီးသန့်အဆင့်အဖွဲ့တစ်ဖွဲ့၊ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် အဲ့လိုအဖွဲ့နဲ့ အဓိပ္ပါယ်တူတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဒါပေမဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာက အဲ့လို မဟုတ်ဘူး။ ငါတို့ဆီမှာ အရောင်နဲ့ သတ်မှတ်တာ။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်း ဆိုပြီး ခုနစ်ရောင်ကို သုံးပြီး တော့သတ်မှတ်တာ။ မင်းက ဘာကောင်ကြီးဖြစ်နေ
ယင်ယန်ဝိညာဥ်အဆင့် အောက်မှာရှိနေသ၍ အဲ့အဆင့်သတ်မှတ်တဲ့ စနစ်ကို လိုက်နာရမှာ။ လူတိုင်းက ဝတ်ရုံနီဂိုဏ်းသားအဆင့်ကနေစရပြီး အဆင့်တက်အောင်လုပ်ရမှာ။ ကျင့်ကြံခြင်းအခြေခံအဆင့်မဟုတ်ဘူးနော်။ မင်း စုဆောင်းမိတဲ့ စွမ်းဆောင်မှုရမှတ်တွေကိုမူတည်ပြီး အဆင့်ခွဲတာ။ ”

” စွမ်းဆောင်မှုရမှတ်တွေပိုရလေလေ မင်းရဲ့ အဆင့် ပိုမြင့်လေပဲ။ လူသစ်တွေကတော့ သက်တံ့ပေါ်တက်ခွင့်မရှိဘူး။ ဝတ်ရုံဝါဂိုဏ်းသားအဆင့်ကိုရောက်မှ မြေပြင်ပေါ်ကနေ သက်တံ့ပေါ်ကိုတက်နိုင်မယ့် အခွင့်အရေးရမှာ။ ”
ထိုလူငယ်မှာ ရှင်းပြနေစဥ် ဘီလူးကြီးက ရှေ့သို့ ချီတက်သွားပြီး ရေတံခွန်အောက်ခြေတွင်ရှိသော ဘယ်ဘက်ကမ်းပါးရှိ ဒုတိယမြို့ဆီသို့သူတို့ကို ခေါ်သွားတော့သည်။

” ကောင်းပြီ။ ဒီမြို့ကနေ မင်းတို့စရမယ်။ မင်းတို့ ဘယ်မှာ ခရီးဆုံးမလဲဆိုတာကတော့ မင်းတို့ရဲ့ ကံကောင်းမှုအပေါ်မှာပဲ မူတည်တယ်။ ” သူက မတ်တတ်ရပ်လိုက်ပြီး အင်္ကျီလက်ကိုခါယမ်းကာ ကျောက်စိမ်းပေလွှာတစ်ခုကို ပိုင်ရှောင်ချန်းဆီသို့ ပစ်ပေးလိုက်သည်။
” ဒီ ကျောက်စိမ်းပေလွှာကိုယူ။ မင်းမြို့ထဲကိုရောက်တာနဲ့ တစ်ယောက်ယောက်က မင်းအတွက် အစစအရာရာ စီစဥ်ပေးလိမ့်မယ်။ ” ထိုသို့ဆိုကာ သူသည် အင်္ကျီလက်ကို နောက်တစ်ခေါက်ထပ်၍ ခါယမ်းလိုက်သောအခါ စွမ်းအင်လှိုင်းကြီးတစ်ခုမှာ ပိုင်ရှောင်ချန်းနှင့် အခြားလူများကို ဘီလူးကြီး၏ ခေါင်းပေါ်မှ ခေါ်ဆောင်သွားတော့သည်။ ဘီလူးကြီးကမူ အော်ဟစ်လိုက်ပြီး ၎င်းရှေ့ရှိ ကောင်းကင်ကြီးကိုဆွဲဖြဲလိုက်ပြီး အပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

လူငယ်မှာလည်း သူတို့၏ရှေ့မှ ပျောက်ကွယ်သွားပြီး ဒုတိယအဆင့် သက်တံ့ပေါ်တွင် ပြန်ပေါ်လာတော့သည်။

လူငယ်ထွက်ခွာသွားသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် လူများစွာနှင့် ပြည့်နှက်နေသည့် ဧရာမမြို့ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုမြို့ကြီး၏ အလွန်တွင်ကား ဧရာမရေတံခွန်ကြီးနှင့် သက်တံ့များရှိပေသည်။

ဤနေရာကြီးမှာ ကြီးမားလွန်းလှပြီး ပိုင်ရှောင်ချန်းမှာ မရင်းနှီးသဖြင့် ထူးဆန်းသော နယ်မြေပေါ်ဝယ် သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားနေရတော့သည်။

” ဒီမြို့ကြီးလေးမြို့ရဲ့ နာမည်က တော့ ရှင်းပါတယ်။ ရှင်းမြို့၊ ကုံမြို့၊ တာအိုမြို့၊ ကျစ်မြို့ လို့ခေါ်တာ။ မြို့ထဲရောက်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ ရန်မစမိစေနဲ့။ စွမ်းဆောင်မှုရမှတ်အလုံအလောက်မရှိလို့ ဝတ်ရုံလိမ္မော်ဂိုဏ်းသားအဆင့်ထက် မြင့်တဲ့အဆင့်ကို မတက်နိုင်ပေမယ့် ကျင့်ကြံခြင်းအခြေခံအဆင့်မြင့်တဲ့ လူတွေရှိနေနိုင်တယ်။ ”
ချင်းမေ့ယွမ်က တိုးတိုးလေး ပြောလိုက်သည်။

” ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ယင်ယန်ဝိညာဥ်အဆင့်အောက်မှာရှိတဲ့ လူတိုင်းက ဂိုဏ်းသားတွေပဲ ဆိုတာကိုမှတ်ထား။ ပြီးတော့ သူတို့ရဲ့အဆင့်တွေကို ကျင့်ကြံခြင်းအခြေခံနဲ့မဟုတ်ပဲ ဝတ်ရုံအရောင်နဲ့ သတ်မှတ်ထားတယ်ဆိုတာကိုလည်း မှတ်ထား။ အဲ့တာမလို့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကျင့်ကြံသူတွေကို ခုနစ်ရောင်ခြယ် ဂိုဏ်းသားတွေလို့ ခေါ်ကြတာ။ ”

ချင်းမေ့ယွမ်က အရာအားလုံးကို ရှင်းပြနေသဖြင့် ပိုင်ရှောင်ချန်းနှင့် အခြားလူများမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ယခုမှရောက်ဖူးသည့် လူများဖြစ်ကြပါသော်လည်း ယောင်ဝါးဝါး ဖြစ်မနေကြတော့ချေ။ ကိစ္စတော်တော်များများကို ရှင်းရှင်းလင်းလင်း သိသွားကြတော့သည်။

” ပထမနဲ့ ဒုတိယအဆင့် သက်တံ့တွေပေါ်ကို တက်ဖို့ဆိုရင် ဘာတွေလိုတာလဲ။ ”
ကုန်းစွန်းဝမ်အာက ရုတ်တရက် မေးလိုက်သည်။

ချင်းမေ့ယွမ်သည် ကုန်းစွန်ဝမ်အာကို ကြောက်လန့်နေသည်မှာ ကြာပြီဖြစ်၍ သူမသိသမျှကို အကုန်ပြောပြလိုက်လေသည်။

” ပထမသက်တံ့ကို ကောင်းကင်သက်တံ့လို့ခေါ်တယ်။ အဲ့သက်တံ့ကို ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ တစ်ဦးထဲသော နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက သိမ်းပိုက်ထားတာ။ အဲ့အောက်မှာဆိုရင် ဘယ်ဘက်မှာ မြေကြီးသက်တံ့ရှိတယ်။ ညာဘက်မှာ မော်တယ်သက်တံ့ရှိတယ်။ မြေကြီးသက်တံ့က နတ်အဆင့်ကျင့်ကြံသူတွေအတွက်။ မော်တယ်သက်တံ့က ဂိုဏ်းခေါင်းဆောင်အတွက်။ အဲ့နေရာက ထူးခြားတဲ့ ကျင့်ကြံခြင်းတွေလုပ်ဖို့နယ်မြေနဲ့ နတ်မီးလျှံစမ်းသပ်ပွဲတွေကို ကျင်းပတဲ့နေရာ။

” ကြောက်စရာအကောင်းဆုံးက ရေတံခွန်ထိပ်မှာရှိပြီး ကောင်းကင်တံတားပင်လယ်အပေါ်မှာ ရပ်ထားတဲ့ သူတို့ရဲ့ ရှေးဟောင်း စစ်သင်္ဘောကြီး။ မြစ်ဝဂိုဏ်းလေးဂိုဏ်းလုံးမှာ အဲ့လို စစ်သင်္ဘောတစ်စင်းဆီရှိတယ်။ အဲ့သင်္ဘောတွေက လျှို့ဝှက်ဆန်းကြယ်ပြီးတော့ အဆုံးအစမဲ့လောက်အောင် စွမ်းအားကြီးတာ။ ”

ထိုသို့ဆိုကာ သူမသည် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ ရှင်းပြချက်များမှာ ပြီးစီးသွားပြီဖြစ်ပြီး မြေရိုင်းဒေသ နှင့် ပတ်သတ်သည့် အချက်များကိုမူ ထုတ်မပြောချေ။

သူမနှင့် ပိုင်ရှောင်ချန်းတို့သာ မြေရိုင်းဒေသ နှင့်သူမ၏ ဆက်နွယ်မှုကို သိသည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်းကလည်း ဘာမှဝင်မပြောချေ။ ကုန်းစွန်းဝမ်အာကမူ ပြုံးလိုက်ပြီး ဆက်မမေးတော့ချေ။

” ကဲ သွားရအောင်။ ”
ပိုင်ရှောင်ချန်းက သက်ပြင်းချကာ ဆိုလိုက်သည်။
” အခုငါတို့ ဒီကိုရောက်လာပြီဆိုတော့ အခြေတကျနေဖို့ နေရာလေးရှာရအောင်။ ”
ထိုသို့ဆိုကာ သူသည် မြို့တော်ကြီးဆီသို့ ဦးတည်လိုက်တော့သည်။ အခြားသူများကလည်း သူ၏နောက်မှ လိုက်လာကြတော့သည်။

မြို့တော်ကြီးအနီးသို့ ရောက်သည့်အခါ မမြင်ရသော အငွေ့အသက်များစွာ သူတို့အား ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းက သူ့ကို ပေးအပ်ထားသည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သောအခါ ၎င်းသည် တည်နေရာရွှေ့ပြောင်းခြင်း၏အစွမ်းများဖြစ်သော လအလင်းရောင်များဖြင့် လင်းလက်နေတော့သည်။ ထိုလူခုနစ်ယောက်မှာ မည်သို့မှမလုပ်နိုင်ခင် ပျောက်ကွယ်သွားကြတော့သည်။

သူတို့ပြန်ပေါ်လာသောအခါ မြို့လယ်ခေါင်ရှိ ခန်းမကြီးတစ်ခုထဲသို့ရောက်နေသည်။ သူတို့ ပြန်ပေါ်လာပြီး ပတ်ဝန်းကျင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရသေးသည့် အချိန်တွင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

” ဓားစာခံ ပိုင်ရှောင်ချန်း။ ဓားစာခံ ကုန်းစွန်းဝမ်အာ။ ဒီထည့်စရာအိတ်တွေထဲမှာ မင်းတို့နဲ့ မင်းတို့ရဲ့ တာအိုစောင့်ရှောက်သူတွေအတွက် အမှတ်အသားဆွဲပြားတွေနဲ့ အနီရောင် ဝတ်ရုံတွေပါတယ်။ ”

” ဒီနေ့ကစပြီး မင်းတို့က ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ဖြစ်သွားပြီ။ ” ထည့်စရာအိတ်နှစ်အိတ်မှာ လေထဲမှ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာဆီသို့ ပျံဝဲသွားသည်။

ထိုအိတ်များကိုပင် မဖွင့်ရသေးခင် စွမ်းအားစီးကြောင်းများက သူတို့ကို ကိုင်ဆုပ်ကာ ခန်းမကြီးအပြင်သို့ ကိုင်ပေါက်လွှတ်လိုက်သည်။ အနည်းငယ်ကြာသောအခါ သူတို့သည် လမ်းမပေါ်သို့ ရောက်သွားတော့သည်။ မည်သူမှ သူတို့ကို ဂရုမစိုက်ကြချေ။ ဤသို့သောနည်းဖြင့် လူများပေါ်ပေါ်လာသည်ကို သူတို့က ကျင့်သားရနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို အသက်မဲ့စွာ ကြည့်လိုက်သည်။ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးမှာ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းကြောင့် မျက်နှာများမှာ အနည်းငယ်ဖြူဆုတ်နေသည်။ စုန့်ချွဲနှင့် နတ်ဆရာတို့ကမူ အတော်အတန် တောင့်ခံနိုင်သည်ပုံပေါ်ပြီး ချင်းမေ့ယွမ်ကိုမူအကျိုးသက်ရောက်မှု မရှိသည့်ပုံပင်။

သို့သော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အေးစက်စက်ကြိုဆိုမှုကြီးကို သူတို့အားလုံးမှာ ကြုံတွေ့နေကြမဟုတ်ချေ။

ထိုသို့ဆက်ဆံမှုကြောင့် မကျေမနပ်ဖြစ်နေသည့် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ခန်းမကြီးကို ပြန်လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

” ဟေး။ ငါက သံတမန်ရေးအရ အရေးကြီးတဲ့ ဓားစာခံကွ။ “

Comment

Leave a Reply

Options

not work with dark mode
Reset