အခန်း ( ၃၇၃ )

အသက်ရှူချိန် သုံးကြိမ်ဆေးလုံး

ကျင့်ကြံခြင်းလောက တစ်ခုလုံးက ပိုင်ရှောင်ချန်းအကြောင်းကို ပြောဆိုနေကြချိန် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်သွားသည်။ တာအိုမြစ် ၊ ရှင်းမြစ် နှင့် ကျစ်မြစ်ဂိုဏ်းခွဲ တို့အားလုံးမှာ အဏ္ဏဝါခေါ်သံဂိုဏ်းဆီသို့ လာရောက် လည်ပတ်ကြခြင်းပင်ဖြစ်သည်။

ထိုဆွေးနွေးညှိနှိုင်းမှုများထဲတွင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် တာအိုမြစ်ဂိုဏ်းခွဲ နှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့ကိို လျှော့ပေါ့ပေးရန် လိုက်လျောခဲ့သည်။ အဆုံးတွင် သူတို့နှစ်ဂိုဏ်းမှာ သူတို့၏ ရင်းမြစ်ပစ္စည်း၏ အချို့ကိုသာ ပေးဆပ်ရမည်ဟူသော သဘောတူညီချက် ရသွားတော့သည််။

ထို့ကြောင့် ထိုနှစ်ဂိုဏ်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပို၍ နားလည်လာသည်သာမက သံတမန်ရေးရာတွင်လည်း အပေါင်းလက္ခဏာဆောင်သွားတော့သည်။ သူတို့အချင်းချင်း အကြားတွင် အစထဲက အမုန်းတရားများ မရှိခဲ့သည် မဟုတ်ပါလော။ လူသစ်များကိုသာ အနည်းငယ် မနှစ်မျို့သည့် သဘောလောက်သာ ရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးကြောင့် ထိုမနှစ်မျို့မှုများမှာ များစွာ လျော့ကျသွားသည်။

သို့သော်လည်း ရှင်းမြစ်ဂိုဏ်းခွဲကိုမူ အဏ္ဏဝါခေါ်သံဂိုဏ်းက လုံးဝ အလျှော့မပေးခဲ့ချေ။ ဤ ကိစ္စကို သတိထားစောင့်ကြည့်နေသူများအတွက် ရဲရင့်ပြတ်သားမှုတစ်ခုကို ပြသရမည်ဖြစ်ကြောင်း သူတို့က သိသည်။ ရှင်းမြစ်ဂိုဏ်းခွဲကိုသာ လျှော့ပေါ့ပေးလိုက်ပါက ယခုလို ရင်းမြစ်ပစ္စည်းခွဲဝေးခြင်းနှင့် သက်ဆိုင်သည့် ပြဿနာများ အနာဂတ်တွင် ထပ်၍ပေါ်လာမည်မှာ အသေအချာပင်။

အဏ္ဏဝါခေါ်သံဂိုဏ်းသည် ယခုကိစ္စတွင် အသာစီးရနေသည်ဖြစ်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းကလည်း ဤကိစ္စနှင့်ပတ်သတ်၍ စည်းမျဥ်းများ ထုတ်ထားသည်။ ထို့ကြောင့် ရှင်းမြစ်ဂိုဏ်းခွဲမှာ လိုက်နာရုံမှ တစ်ပါး အခြားမတတ်နိုင်ပဲ ကြယ်ပျံအပါအဝင် သူတို့၏ ရင်းမြစ်ပစ္စည်းအားလုံးကို ပေးဆပ်လိုက်ရတော့သည်။

တာအိုနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှာ ထိုအချင်းအရာကို ကြည့်ကာ အပျော်ကြီးပျော်နေကြတော့သည်။ သူတို့၏ ခေါင်းဆောင်ကြီးများသည်လည်း မြေခွေးများကဲ့သို့ ကောက်ကျစ်သည့် အဘိုးကြီးများဖြစ်ကြသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းသည် အောက်ပိုင်းဒေသမှ အထက်သို့ရောက်အောင် တိုက်ခိုက်ခဲ့သည့် ဂိုဏ်းအသစ်တစ်ခုဖြစ်ကြောင်းကို သြဇာသုံးကာ ပြသနေကြောင်း သိပေသည်။ ထိုသို့ စီစဥ်မှုကို ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ လက်ခံလိုက်တော့သည်။

ဤအခြေအနေ တစ်ရပ်လုံးတွင် လျှို့ဝှက်အကြံအစည်နှင့် စီမံကိန်းများစွာ ပါဝင်သည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ တစ်ခုကိုမှ စိတ်မဝင်စားချေ။ ဂိုဏ်းက ရင်းမြစ်ပစ္စည်းအားလုံးကို ရရှိသွားသောအခါ သူသည် ဆေးပင်များကို သွားရောက်ကြည့်ရှုလိုက်တော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပိုင်ရှောင်ချန်း၏ မည်သို့သောတောင်းဆိုချက်ကိုမှ မငြင်းဆိုကြသဖြင့် မကြာမီတွင် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်အပင်များစွာကို ပိုင်ဆိုင်သွားတော့သည်။ သူစာအုပ်များထဲတွင် ဖတ်ခဲ့ရသည့် အပင်အားလုံးကို ရှာတွေ့ခဲ့သည်။ မေ့ဆေးဖော်စပ်ရာတွင် အသုံးဝင်နိုင်မည်ဟု သူယုံကြည်ထားသည့် မျိုးတုန်းလုနီးပါး ဖြစ်နေသော အင်မော်တယ်မြက်ပင်များကိုလည်း ရှာတွေ့ခဲ့သည်။

ထို့နောက် သူသည် တံခါးပိတ်ကျင့်စဥ်ကို တန်း၍ လေ့ကျင့်လိုက်တော့သည်။ ဆေးဖော်စပ်နေစဥ်ကာလအတွင်း သူသည် ပုံမှန် မဟုတ်သည့် အရာတစ်ခုကို လုပ်လိုက်လေသည်။ သူတွေးတောနေသည့် အရာများနှင့် လုံးဝမတူသည့် စကားများကို အသံထွက်ကာ ရေရွတ်လိုက်ခြင်းပင်ဖြစ်သည်။

ထိုသို့လုပ်ရခြင်းမှာ လိပ်ကလေးကို မေ့မျောအောင် လုပ်နိုင်ရန်ပင်ဖြစ်သည်။

ဆေးဖော်စပ်သည့် လုပ်ငန်းစဥ်မှာ တစ်လတိတိ ကြာမြင့်သွားသည်။ ထို့နောက် အင်မော်တယ်ဂူထဲတွင် တဂျုန်းဂျုန်းမြည်သံများ ပြည့်နှက်သွားပြီး လက်သည်းအရွယ် အဖြူရောင်ဆေးလုံးနှစ်လုံး ပေါ်ထွက်လာသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွားတော့သည်။

ဆေးလုံးများ၏ အရည်အသွေးကို အတိအကျပြောရန် မဖြစ်နိုင်ပါသော်လည်း ဆေးရနံ့ကို တစ်ရှိုက်လောက်ပင် ရှူသွင်းကြည့်လိုက်ပါက ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံးမှာ ရုတ်တရက်ပွင့်သွားမည်ဖြစ်ပြီး အံ့သြဖွယ် စွမ်းအင်ဖြည့်တင်းမှုများကို ရရှိသွားမည့်အလား ဖြစ်သွားမည်ဖြစ်သည်။ ထိုဆေးလုံးမှာ ထူးခြားသော အဆင့်မြင့်ဆေးလုံးတစ်လုံးဖြစ်မည်ဟု လူတိုင်းက တွေးထင်နေကြမည် ဖြစ်သည်။

ထိုသို့ဖြစ်နေရခြင်းမှာ ပိုင်ရှောင်ချန်းသည် ဆေးလုံး၏ မျက်နှာပြင်အလွှာကို စျေးအလွန်ကြီးသည့် ဆေးပင်တစ်ပင်ဖြင့် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။ ထိုဆေးလုံး၏ တောက်ပမှုကြောင့် မြင်လိုက်ရသူတိုင်းမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်ကာ သွားရည်ယိုနေကြမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဆေးလုံးကို ထိုအရောင်ဖြစ်စေရန် ဝိညာဥ်အပင် အမျိုးမျိုးကို သေချာ အသေးစိတ် ရွေးချယ်ထားခြင်းဖြစ်သည်။

ဆေးလုံးကိုကြည့်ခြင်းဖြင့် အတွင်းထဲတွင်မည်သည့်အရာပါဝင်နေကြောင်းကို အတိအကျသိနိုင်ရန် မဖြစ်နိုင်ချေ။ အတွင်းထဲတွင် ပိုင်ရှောင်ချန်း တစိုက်မက်မက် ပြင်းပြင်းထန်ထန် ကြိုးစားကာ ဖော်စပ်ထားသည့် မေ့ဆေး ပါဝင်ပေသည်။

ဝိညာဥ်ဆေး၏ ရလဒ်ကိုကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ အသက်ပြင်းစွာရှူလိုက်သည်။ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူသည် ထိုဆေးကို လိပ်ကလေးအားကျွေးနိုင်မည့် နည်းလမ်းကို စဥ်းစားနေတော့သည်။ သူ့ကို ရိုးရိုးတန်းတန်း စားခိုင်းရန် တောင်းဆိုပါက သူက စားမည်မဟုတ်ပေ။ ထို့အပြင် လိပ်ကလေး၏ တုံ့ပြန်မှုကိုလည်း သူကကြိုတင် တာဆီးထားရမည်ဖြစ်သည်။

အနည်းငယ်တွေးတောလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ အရောက်လက်သွားပြီး သူက ရေရွတ်လိုက်တော့သည်။
” ကမ္ဘာပေါ်မှာ ရှာမှရှားပဲဟေ့။ အနံ့ကိုပဲရှူကြည့်ဦး.. ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် သိမ်မွေ့လှပါလား။ အခုလောလောဆယ်တော့ ဒါကို စားလို့ မဖြစ်သေးဘူး။ ငါသုံးခဲ့သမျှ မျိုးတုန်းခါနီးအင်မော်တယ်မြက်ပင်တွေနဲ့ တန်လောက်ပြီဆိုတဲ့ အရေးကြီး အချိန်တစ်ခုရောက်မှ စားရမယ်။ အဲ့လိုအချိန်ရောက်မှပဲ ဒီဝိညာဥ်ဆေးလုံးနှစ်လုံးကို စားတော့မယ်။ ”

ထို့နောက် သူ၏ အသက်ရှူသံများပင် မြန်ဆန်လာပြီး ဝိညာဥ်ဆေးလုံးနှစ်လုံးကို ပုလင်းအသေးလေးတစ်လုံးထဲသို့ ထည့်ကာ ပိတ်လိုက်ပြီးနောက် သူ၏ထည့်စရာအိတ်ထဲသို့ ထည့်လိုက်တော့သည်။

အနည်းငယ် တွေးတောလိုက်ပြီးနောက် သူသည် ထိုဆေးလုံးများကို စိတ်မချနိုင်သေးသည့် ပုံစံပေါ်လာပြီး လျင်မြန်စွာ ပြန်ထုတ်ကြည့်လိုက်တော့သည်။ ဆေးလုံးများ ရှိနေသေးကြောင်းကို စစ်ဆေးရန် ပုလင်းကိုဖွင့်ကာ ကြည့်လိုက်ပြီးနောက် ပုလင်းကို သူ၏ဝတ်ရုံကြားသို့ ညှပ်လိုက်လေသည်။ထို့နောက် သူသည် တစ်ခဏမျှ လမ်းလျှောက်ထွက်လိုက်လေသည်။ ထိုအခါမှသာ ထိုဆေးလုံးများကို သူက စိတ်ချသွားတော့သည်။ ထို့နောက် သူက အံကြိတ်ကာ ပုလင်းကိုပြန်ပိတ်လိုက်ပြီး ထည့်စရာအိတ်ထဲသို့ ပြန်ထည့်လိုက်တော့သည်။

နောက်ရက် အနည်းငယ်အတွင်း သူက ထို ပုလင်းကို ခဏခဏထုတ်ယူကာ ဆေးလုံးအရေအတွက်ကို စစ်ဆေးနေတော့သည်။

စစချင်းတွင် သူသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းမည့်အချိန်တစ်ချိန်ပြီးတိုင်း စစ်ဆေးသည်။ ထို့နောက် နှစ်နာရီခြား တစ်ခါ စစ်ဆေးသည်။ ထို့နောက် ရက်အနည်းငယ်ကြာလျှင် တစ်ခေါက် စစ်ဆေးပေသည်။ အဆုံးတွင် သူသည် လေးနာရီခြားတစ်ခါစစ်ဆေးသည့် အကျင့်ကို သုံးလိုက်တော့သည်။ လေးနာရီခြားတိုင်း သူသည် သူ၏ဆေးလုံးများကို အဖိုးတန် ရတနာများကဲ့သို့ စစ်ဆေးနေတော့သည်။ အဆုံးတွင် သူ၏ မျက်နှာပေါ်မှာ ကျေနပ်အားရနေသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။

” ဟွန်း။ လိပ်ကလေးရာ။ အခုဆို မင်းတအား စပ်စုချင်နေလောက်ပြီဆိုတာ ငါသိတယ်။ အချိန်သာ ကျလို့ကတော့ကွာ…. ဟားဟား။ ”
သူက ဆေးလုံးများကို ထုတ်ယူစစ်ဆေးတိုင်း ထိုသို့တွေးတောနေတော့သည်။ ထို့နောက် နေ့လယ်ခင်းတွင် သူ၏ ထည့်စရာအိတ်ကိုဖွင့်လိုက်သောအခါ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။

ဆေးပုလင်းထဲတွင် ဆေးလုံးတစ်လုံးသာ ကျန်ရှိတော့သည်။

ပိုင်ရှောင်ချန်းမှာ လိပ်ကလေး သတိထားမိသွားမည်ကိုစိုး၍ သူ၏ စိတ်လှုပ်ရှားမှုကို ချုပ်တည်းလိုက်သည်။ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်နေသည့် အမူအရာတစ်ခု ပေါ်ထွက်လာအောင် ဟန်ဆောင်ကာ သူ၏ ထည့်စရာအိတ်ကို မြွှေနှောက်ရှာဖွေလိုက်ပြီး မည်သည်ကိုမှ မတွေ့သောအခါ သူ၏ တတိယမျက်လုံးကိုပါ ဖွင့်လိုက်ကာ ကောင်းကင်တာအိုရွှေအမြုတေ၏ အစွမ်းအားလုံးကို အသုံးပြုလိုက်တော့သည်။

ခရမ်းရောင် အလင်းတန်းများ ပျံ့ထွက်လာပြီးနောက် အင်မော်တယ်ဂူတစ်ခုလုံးမှာ လင်းထိန်နေတော့သည်။ အချိန်ကြာမြင့်စွာ ရှာဖွေလိုက်ပြီးနောက် နောက်ဆုံးတွင် ထည့်စရာအိတ်၏ အစွန်းဖက်ရှိ ခေါက်ရာလေးတစ်ခုကို တွေ့သွားတော့သည်။ ထိုနေရာတွင် လိပ်ကလေး ရှိနေသည်။

ထည့်စရာအိတ်များက ပစ္စည်းများစွာဆံ့ရသည့် အကြောင်းမှာ ထိုအိတ်များသည် သေးငယ်ကာ ထူးခြားသောရှုထောင့်များကို ဖန်တီးပေးသောကြောင့်ဖြစ်သည်။ ထိုရှုထောင့်များမှာ အများအားဖြင့် အက်ကွဲကြောင်းများပါဝင်ပြီး ရိုးရိုးမျက်လုံးနှင့် ကြည့်ပါက မြင်ရမည်မဟုတ်ချေ။ ဤ အက်ကွဲကြောင်းကို သူက ယခင်တုံးက စစ်ဆေးဘူးပါသော်လည်း မူမမှန်သည့် တစ်ခုတစ်လေ ကိုမှ မမြင်ခဲ့ရချေ။ သို့သော် ယခုတွင်မူ လိပ်ကလေးကိုရှာတွေ့သွားပြီဖြစ်သည်။

လိပ်ကလေးမှာ သတိမေ့မျောနေပြီး သူ၏ ခေါင်းမှာ ဘေးသို့ငိုက်ကျနေကာ ခြေလက်များမှာလည်း မလှုပ်မယှက်ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းက ရယ်မောလိုက်တော့သည်။ လိပ်ကလေးကို သူရှာတွေ့နိုင်သည့် တစ်ခုထဲသော အကြောင်းအရင်းမှာ ၎င်းသည် သတိမေ့မျောနေ၍ ဖြစ်ကြောင်းကို သူကသိသည်။ ထိုသို့မဟုတ်ပါက ဥာဏ်များသော ထိုသတ္တဝါလေးမှာ သူ ကောင်းကင်တံတားမျက်စိသုံးထားသည်ဖြစ်စေ၊ မသုံးထားသည်ဖြစ်စေ သူ့ကို ရှောင်တိန်းနိုင်မည်သာဖြစ်သည်။

လိပ်ကလေးကို သူ၏ ထည့်စရာအိတ်ထဲမှဂရုတစိုက် ထုတ်ယူလိုက်ပြီးနောက် လက်ဖျောက်တီးသံတစ်သံထွက်ပေါ်လာပြီး ၎င်းသည် ယခင်ပုံစံသို့ ပြန်ရောက်သွားတော့သည်။သူ့ကို လှုပ်ခါလိုက်သောအခါ သူ၏ ဦးခေါင်းနှင့် ခြေလက်များမှာ အခွံဖြင့် ရိုက်ခတ်မိနေပြီး တဒေါက်ဒေါက်မြည်သံ များ ထွက်ပေါ်နေတော့သည်။

စိတ်လှုပ်ရှားနေသည့် ပိုင်ရှောင်ချန်းက သူ၏ခေါင်းကို နောက်သို့ပစ်ကာ အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် သူသည် လက်တုံ့ပြန်ရန်တွေးတောလိုက်ပြီး လိပ်ကလေးကို ပြန်းထန်စွာ ခါယမ်းလိုက်တော့သည်။

” ငါ့ကိုကျိန်ဆဲလို့ရတယ်လို့ ဘယ်သူပြောတာတုံး။ ”

” ဧရာမ မိကျောင်းကြီးကို မင်းဘာလို့ ရန်သွားစ တာတုံး။ ”

” ဖားကြီးကိုရော ရန်စလို့ ဘယ်ကောင်ပြောတုံး။

“မင်းကြောင့် ငါဒဏ်ရာရပြီး ငါ့ကို့သတ်ချင်နေတဲ့ကောင်တွေကြည့်ပဲကွ။ ”

သူက လိပ်ကလေးကို ဒေါသတကြီး ခါယမ်းလိုက်သဖြင့် အင်မော်တယ်ဂူထဲတွင် တဒေါက်ဒေါက်မြည်သံများ ပဲ့တင်ထပ်နေတော့သည်။ မကြာမီတွင် ပိုင်ရှောင်ချန်း ရင်းနှီးသည့် ရနံံ့များ လိပ်ကလေးထဲမှ ထွက်လာတော့သည်။

ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများ ကြီးထွားသွားပြီး ယခင်ကဖြစ်ရပ်များကို သက်ပြင်းချကာ ပြန်လည်တွေးတောမိနေတော့သည်။ လိပ်ကလေး နိုးထလာမည်ကို စိုးသဖြင့် သူသည် လျင်မြန်စွာ ဆေးပေါင်းဖိုတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် ကောင်းကင်တံတားမြစ်ရေများစွာကို လောင်းထည့်လိုက်လေသည်။ သူ၏ ချီကိုတည်ငြိမ်အောင် လုပ်ကာ စိတ်ကိုရှင်းလင်းလိုက်ပြီး အဏ္ဏဝါဆေးလုံးတစ်လုံး ဖော်စပ်ရန် ပြင်ဆင်လိုက်တော့သည်။

အချိန်မှာ အကန့်အသတ်ရှိသည်။ လိပ်ကလေး မည်သည့်အချိန် ပြန်နိုးထလာမည်ကို သူက မသိပေ။ သူလက်တုံ့ပြန်နေမည်စိုးသဖြင့် ဆေးဖော်စပ်ခြင်းကို ပို၍ပင် အရှိန်တင်လိုက်တော့သည်။

သူသည် အဏ္ဏဝါဆေးလုံး ဖော်စပ်နည်းကို အကြိမ်ထောင်ပေါင်းများစွာ မဟုတ်လျှင်ပင် အကြိမ်ပေါင်း ရာနှင့်ချီအောင် လေ့လာထားသဖြင့် ဖော်စပ်နည်းကို ရင်းနှီးနေတော့သည်။ ဆေးပေါင်းဖိုကြီး အပူချိန်မြင့်တက်လာသောအခါ သူက လက်နှက်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လုပ်ငန်းစလိုက်တော့သည်

သုံးရက်အကြာတွင် ဆေးပေါင်းဖိုကြီးမှာ နီရဲနေတော့သည်။ ထို့နောက် ၎င်းမှာပွင့်ထွက်သွားပြီး လိပ်ကလေးမှာ ပျံဝဲကာထွက်လာပြီး မြေကြီးပေါ်သို့ ဖတ်ခနဲ ကျသွားတော့သည်။ တချိန်ထဲမှာပင် အလင်းဖောက်နိုင်အောင် ကြည်လင်နေသည့် ဆေးလုံးတစ်လုံးလည်း ပေါ်ပေါက်လာသည်။ ထိုဆေးလုံးတွင် အသိဥာဏ်အနည်းငယ်ရှိသည့် ပုံပေါက်နေပြီး ထွက်ပြေးရန်ပင် ကြံစည်နေတော့သည်။

ထိုဆေးလုံးပေါ်လာသည်နှင့် တပြိုက်နက် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အထက်ရှိကောင်းကင်ယံမှာ မှေးမှိန်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ တချိန်ထဲမှာပင် ဒုက္ခလျှပ်စီးများ အထက်ကောင်းကင်ယံတွင် ပေါ်ပေါက်လာသဖြင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ အမူအရာများမှာ ပြောင်းလဲသွားကြတော့သည်။

လျှပ်စီးတန်းတစ်တန်းပေါ်ထွက်လာပြီး မည်သူမျှ ဘာမှ မလုပ်နိုင်သေးခင်တွင် ထိုလျှပ်စီးတန်းက ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို ရိုက်ခတ်သွားသဖြင့် ဂူမှာ ပွင့်ထွက်သွားတော့သည်။ ပိုင်ရှောင်ချန်းသည် လိပ်ကလေးကို သူ၏ ထည့်စရာအိတ်ထဲသို့ လျင်မြန်စွာ ပစ်ထည့်လိုက်ပြီး ကောင်းကင်တံတား ဓမ္မမျက်လုံးကို ဖွင့်လိုက်သည်။ အလင်းတစ်ဝက်ဖောက်နိုင်သည့် ဆေးလုံး၏ တည်နေရာကိုရှာလိုက်ပြီးနောက် သူက ချက်ချင်းပင် လိုက်၍ ဖမ်းနေတော့သည်။

ဤအချိန်တွင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ အပြင်သို့ ထွက်လာကြပြီဖြစ်သည်။ အဖြစ်အပျက်များကို အတိအကျမသိပါသော်လည်း ဒုက္ခလျှပ်စီးကို ပေါ်ထွက်စေနိုင်သည့် ဖြစ်ရပ်မှာ ပေါ့သေးသေးမဟုတ်ကြောင်း သူတို့က သိသည်။

” ခေါင်းဆောင်ကြီးတို့ရေ။ ” ပိုင်ရှောင်ချန်းက စိုးရိမ်တကြီးအော်ပြောလိုက်သည်။
” မြန်မြန်။ မန္တန်အစီအရင်တစ်ခု တည်ဆောက်ပေး။ ကျွန်တော် အဏ္ဏဝါဆေးလုံးတစ်လုံး ဖော်စပ်ပြီးသွားပြီ။ အဲ့ဆေးလုံးက အသက်ဝင်ပြီး ပတ်ပြေးနေလို့ဗျိို့။ ” ထိုစကားကိုကြားလိုက်ရသောအခါ ဟန်ဇောင်မှာ တုန်ရီသွားပြီး မျက်လုံးပြူးသွားသည်။ ထို့နောက်သူက အော်ဟစ်ကာ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သဖြင့် ထိုနေရာတစ်ခုလုံးကို ပြင်းထန်သည့် ဖိအားကြီးတစ်ခု သက်ရောက်သွားတော့သည်။

မျောက်အိုကြီးပင် ပေါ်လာပြီး ပိုင်ရှောင်ချန်းထက် များစွာ သာလွန်သော အမြန်နှုန်းဖြင့် ဆေးလုံးဆီသို့ ပြေးသွားသည်။

ခေါင်းဆောင်ကြီးများစွာ၏ ပူးပေါင်းကူညီမှုကြောင့် ပျံသန်းနေသည့် ဆေးလုံးကြီးကို မျောက်အိုကြီးက အဆုံးတွင် ဖမ်းမိသွားတော့သည်။ ဒုက္ခလျှပ်စီးကိုမူ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများက ဖြေရှင်းလိုက်ကြသည်။

မျက်အိုကြီးက ဆေးလုံးကို စိတ်လှုပ်ရှားစွာဖြင့် နှာခေါင်းနားသို့ ကပ်ကာ အနံ့ခံပြီး ဆိုလိုက်သည်။
” အသက်ရှူကြိမ် သုံးကြိမ် ပေးစွမ်းတဲ့ ဆေးလုံးပဲ။ ”

” အဲ့လောက်ဆိုလည်း အဆင်ပြေတယ်။ အသက်ရှူကြိမ်သုံးကြိမ်ဆေးလုံးဆိုရင် တောင် တော်တော် အသုံးဝင်နေပြီ။ ” မျောက်အိုကြီးက ပိုင်ရှောင်ချန်းကို ထောက်ခံမှုနှင့် ကျေးဇူးတင်ခြင်းများစွာ ပါဝင်နေသည့် အဓိပ္ပါယ်ရှိသော အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူက လှစ်ခနဲလှုပ်ရှားကာ ဆေးလုံးနှင့်အတူ ပျောက်ကွယ်သွားသည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သူသည် ဆေးလုံးဖော်စပ်ရပါသော်လည်း အခြားတစ်ယောက်က ယူသွားပြီဖြစ်သည်။ ခေါင်းဆောင်ကြီး ဟန်ဇောင်ကို ထိုအကြောင်း သွား၍ စောဒကတက်ရန် ပြင်လိုက်ချိန်တွင် သူ၏အပေါ်သို့ ဖိအားကြီးတစ်ခု ဆင်းသက်လာသည်။ ထိုဖိအားကြီးမှာ ဒုက္ခလျှပ်စီးမှ မဟုတ်ပဲ အရာအားလုံးကို တုန်ရီသွားစေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူအားလုံးမှာ ကောင်းကင်မှ အမျက်ဒေါသကြီး ဆင်းသက်လာသကဲ့သို့ပင် တွေးထင်နေကြပြီး တုန်လှုပ်နေကြတော့သည်။

ထို့နောက် ရှုပ်ထွေးသော အသံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။.

” စိတ်ဝင်စားဖို့ ကောင်းလှပါလား။ မင်းတို့ အဏ္ဏဝါခေါ်သံဂိုဏ်းကို ငါလာလည်တာ ပထမဆုံးအခေါက်ပဲရှိသေးတယ်။ ပြဿနာဆေးလုံးနဲ့ ကြုံလိုက်ရတယ်ဟေ့။ “

Comment

Leave a Reply

Options

not work with dark mode
Reset