အခန်း ( ၃၆၂ )

အမွေအနှစ် တံဆိပ်တော် ပြိုင်ပွဲ စတင်လေပြီ

ဂိုဏ်းနှစ်ဂိုဏ်းမှ လူအားလုံးမှာ ကျိတ်ကာ ရယ်မောနေကြတော့သည်။ ထို့နောက် သူတို့သည် အထင်သေးသော အမူအရာဖြင့် ကောင်းကင်ချိုဓားကြီးဆီမှ အကြည့် လွှဲလိုက်ကြတော့သည်။

ဝေမျှခွဲယူရမည့် ရတနာပစ္စည်းများအတွက် တိုက်ခိုက်ရန် စုဝေးနေကြခြင်းဖြစ်ကြောင်း လူတိုင်းကသိသည်။ ထို့ကြောင့် ပါဝင်ယှဥ်ပြိုင်မှ လူအရေအတွက်မှာ အလွန်အရေးကြီးသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိသော လူတစ်ယောက်သာရှိပါက သူတို့ကို စိတ်ပူနေစရာလိုတော့မည်မဟုတ်။ ကံအလွန်ကောင်းမှသာလျှင် သူတို့သည် ပစ္စည်းများ၏ တစ် ရာခိုင်နှုန်းခန့်သာ ရမည်ဖြစ်သည်။

ရှင်းမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ ရရှိမည့် ပစ္စည်းများကို ဤသို့ ပြန်လည် ခွဲယူမည်ဖြစ်ကြောင်းကို သေချာသိထားသည်။ သူတို့သည် အကြီးအကျယ် ကျေနပ်ရုံသာမက အဏ္ဏဝါခေါ်သံဂိုဏ်းကို အထင်မြင်သေးနေမှုများကိုပင် မဖုံးကွယ်နိုင်တော့ချေ။

ချန်ယွမ်ရှန်တစ်ယောက်၏ မျက်ဝန်းများသာလျှင် သတ်ဖြတ်လိုသောစိတ်များဖြင့် တလက်လက် တောက်ပနေသည်။ သူသည် ပိုင်ရှောင်ချန်းကို အူထဲ အသည်းထဲမှနေ၍ မုန်းတီးနေပြီဖြစ်သည်။ ယခင်လက ဖြစ်ရပ်ဆိုးများကြောင့် သူသည် အိပ်မက်ဆိုးများ မက်ခဲ့ရရုံသာမက ဂိုဏ်း၏ အပြစ်ပေးခြင်းကိုလည်း ခံခဲ့ရပြီး သူ၏ ခေတ်ပြိုင် ပြိုင်ဘက်များအကြားတွင်လည်း လှောင်စရာတစ်ခုကဲ့သို့ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နာကျည်းမုန်းတီးမှုများမှာ တစ်ရက်ထက်တစ်ရက်ပို၍ ကြီးထွားလာတော့သည်။

ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း သူက တွေးလိုက်သည်။
” ဒီပွဲမှာ ဘယ်သူ့ကိုမှ သတ်ခွင့်မပေးထားတာ တော်တော်ဆိုးကွာ။ နို့မဟုတ်ရင် မင်းသေနေပြီ။ ”

ကျစ်မြစ်ဂိုဏ်းခွဲကျင့်ကြံသူများမှာမူ အဏ္ဏဝါခေါ်သံဂိုဏ်းကို စိတ်ပင်မဝင်စားချေ။ သူတို့အတွက်မူ ဤပြိုင်ပွဲမှာ သူတို့၏ ဂိုဏ်းအတွက် အနိုင်တိုက်ရမည့် ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။ ဤနေရာတွင်ရှိသော လူတိုင်းမှာ ဆုများရရှိမည်ဖြစ်ပြီး လူတစ်ယောက်ထဲသာ ခေါ်လာသည့် အဏ္ဏဝါခေါ်သံဂိုဏ်းကိုမူ အနည်းငယ် အထင်သေးလိုက်ကြတော့သည်။

ကောင်းကင်ချိုဓားကြီးမှာ တိမ်တိုက်များအကြားမှ ဆင်းသက်လာသောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာသည်။ မြေကြီး၏ အထက်အကွာအဝေးတစ်ခုတွင် ရပ်တန့်သွားပြီးနောက် ခေါင်းဆောင်ကြီးသုံးယောက်မှာ ပိုင်ရှောင်ချန်းနှင့် ဘရူဆာတို့ကို ဓားအောက်သို့ ဆင်းစေကာ မြေကြီးပေါ်သို့ ချပေးလိုက်သည်။

ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများ မြန်နေပြီး မျက်လုံးပြူးကြီးများဖြင့် ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူ လူအုပ်ကြီးကို ကြည့်နေတော့သည်။ သူတို့အားလုံးမှာ အမြုတေအဆင့်ထဲတွင် ရှိနေသည်ကို သူက ယုံပင်မယုံနိုင်ချေ။ သူတို့တစ်ယောက်ချင်းစီမှာ ထူးချွန်သော လူများဖြစ်ကြပြီး ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲတွင် အန္တရာယ်အချို့ကိုပင် ခံစားနေရတော့သည်။

” ဘယ်လိုများ သူတို့က အဲ့လောက်များ….. များနေရတာလဲ။ ”
သူက သနားစဖွယ်အမူအရာတစ်ခုဖြင့် တွေးနေတော့သည်။ ထိပ်တန်းအဆင့် ကျင့်ကြံသူ အယောက်လေးဆယ်ကျော်နှင့် ယှဥ်ပြိုင်ကာ အမွေအနှစ် တံဆိပ်တော်များကို လုယူရမည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲမှလူများကို လှမ်းကြည့်ကာ ခေါင်းဆောင်ကြီးသုံးယောက်မှာလဲ မျက်မှောင်ကြုတ်နေကြသည်။ ထိုနှစ်ဖွဲ့ကို ဦးဆောင်နေသည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကမူ သူတို့ကို လှမ်းကြည့်ကာ ခပ်ရေးရေး ပြုံးပြလိုက်သည်။ သူတို့က စကားစမြည် မပြောချင်သည်မှာ ထင်ရှားပေသည်။

ထိုနှစ်ဂိုဏ်းနှင့် ယှဥ်ပါက အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အလွန်အားနည်းနေသည်။

” ကြည့်ရတာ ”
ချန်ယွမ်ရှန်က ရုတ်တရက်ဆိုလိုက်သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းက လူတစ်ယောက်ထဲ မဟုတ်တဲ့ ပုံပဲ။ သားရဲတစ်ကောင်လည်း ပါသေးတာပဲဟ။ အဲ့တာဆို သူတို့အရေအတွက်က တစ်ယောက်နဲ့ တစ်ဝက်ပေါ့။ ”
သူက ရယ်မောလိုက်သဖြင့် သူ၏ဂိုဏ်းမှ အခြားလူများမှာ လိုက်၍ ရယ်မောနေကြတော့သည်။

အခြားကျင့်ကြံသူတစ်ယောက်က ထပြောလိုက်သည်။
” ငါ့အထင်တော့ တစ်ယောက်နဲ့ တစ်ဝက်မကဘူးထင်တယ်ဟေ့။ သူ့ခန္ဓာကိုယ်မှာ ကပ်ထားတဲ့ စက္ကူလက်ဖွဲ့အဆောင်တွေကို ကြည့်ကြည့်ပါဦး။ ပြီးတော့ သူ့နောက်ကျောပေါ်က ဒယ်အိုးကြီးကိုရောပဲ။ ”

ရှင်းမြစ်ဂိုဏ်းခွဲကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်း၏ အသွင်အပြင် အဝတ်အစားများကို လှောင်ပြောင်နေကြသဖြင့် ရယ်မောသံများ ထပ်၍ ထွက်လာတော့သည်။

ကျစ်မြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများကမူ ပိုင်ရှောင်ချန်းနှင့် ဘရူဆာကို မြင်လိုက်သောအခါတွင် သူတို့၏ မျက်ဝန်းထဲရှိ လောဘမီးတောက်များကို ဖုံးကွယ်၍ပင် မရတော့ချေ။ ဘရူဆာသည် အံ့သြဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း သူတို့က မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

အမြုတေအဆင့် ကျင့်ကြံသူများစွာက သူ့ကိုဝိုင်းကြည်နေကြသဖြင့် ဘရူဆာမှာ အနေရခက်လာတော့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ထောင်ထလာသည်။ သို့သော်လည်း သူ၏ချပ်ဝတ်တံဆာများနှင့် စက္ကူလက်ဖွဲ့အဆောင်စာရွက်များကြောင့် မည်သူမှ မမြင်လိုက်ချေ။ သို့ရာတွင် သူ၏ ခြေဖဝါးအောက်တွင် တဟုန်းဟုန်းတောက်လောင်နေသည့် ခရမ်းရောင်မီးတောက်များကို မြင်နေရပြီး သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံကြီးများကို ကြားနေရသည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်ပင် စိုးရိမ်စပြုလာသည်။ သို့သော်လည်း ချန်ယွမ်ရှန်၏ စကားလုံးများနှင့် ဘရူဆာကို အနေရခက်အောင်လုပ်နေသည့် အကြည့်များကြောင့် သူ၏ဒေါသများမှာ တလိပ်လိပ် ထွက်လာတော့သည်။

သို့သော်လည်း ယခုအချိန်တွင် ဒေါသမှာ အသုံးမဝင်ချေ။ အခြားနှစ်ဂိုဏ်းနှင့် ယှဥ်လိုက်ပါက အဏ္ဏဝါခေါ်သံမှာ အလွန်အင်အားနည်းနေသည်။

ဤ စိန်ခေါ်မှုတွင် ပိုင်ရှောင်ချန်းကို ဝင်ရောက်ယှဥ်ပြိုင်စေရန် ခေါ်လာမိသည်ကို ခေါင်းဆောင်ကြီးသုံးယောက်မှာ နောင်တရစပြုလာတော့သည်။ စောစောတုံးက သူ၏ တိုက်ပွဲဝင်စွမ်းရည်များနှင့် တန်ဖိုးကြီးရတနာများကြောင့် အခြားလက်ရွေးစင်များက သူ့ကို ရန်ရှာလိုပါသော်လည်း သူ ဘေးမသီရန်မခပဲ အမွေအနှစ်တံဆိပ်တော် အနည်းငယ်ကိုရယူကာ ပြန်ထွက်လာနိုင်လိမ့်မည်ဟု သူတို့က တွေးထားကြသည်။

ထို့အပြင် ရှင်းကုန်ကျစ်တာအိုဂိုဏ်းကလည်း အမွေအနှစ်တံဆိပ်တော်များကို လုယူရာတွင် လိုက်နာရမည့် စည်းမျဥ်းများကို ချမှတ်ထားပြီးသားဖြစ်သည်။ မည်သူကမှ အခြားလက်ရွေးစင်တစ်ယောက်ကို သတ်ခွင့်မရှိပေ။ ထိုစည်းမျဥ်းမှာ ဂိုဏ်းလေးဂိုဏ်းစလုံး၏ ကောင်းကျိုးအတွက်ပင်ဖြစ်သည်။ ဤသို့နေရာမျိုးတွင် သူတို့၏ လက်ရွေးစင်များ သေဆုံးသွားမည်ကို မည်သည့်ဂိုဏ်းကမှ လိုလားမည်မဟုတ်။

ထို့ကြောင့်လည်း ခေါင်းဆောင်ကြီးသုံးယောက်စလုံးမှာ ပိုင်ရှောင်ချန်းကို ဤနေရာသို့ စိတ်အေးလက်အေး ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူ တံဆိပ်တော်အနည်းငယ်ကိုပင် ရအောင်မယူနိုင်ခဲ့လျှင်ပင် သူ၏ မျိုးဆက်မှ လက်ရွေးစင်အချို့နှင့် သိကျွမ်းသွားမည်ဖြစ်ပြီး တန်ဖိုးကြီး တိုက်ပွဲ အတွေ့အကြုံအချို့ရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူသည် တစ်ယောက်ထဲဖြင့် ပြိုင်ဘက်ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်ရတော့မည်ဖြစ်သဖြင့် ခေါင်းဆောင်ကြီး သုံးယောက်မှာ တွေဝေစပြုလာတော့သည်။

ထိုအချိန် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံပေါ်ထွက်လာပြီး ဧရာမ ငွေရောင်စစ်သင်္ဘောကြီးတစ်စင်းမှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ထိုသင်္ဘောကြီး ပေါ်ပေါက်လာသောအခါ လျှပ်စီးတန်းများ အရပ်မျက်နှာအနှံ့ လင်းလက်သွားပြီး သင်္ဘောကြီးအောက်သို့ ဆင်းလာသောအခါ တိမ်တိုက်များ လွင့်ပျယ်သွားတော့သည်။

ထိုစစ်သင်္ဘောကြီးမှာ အလယ်ဒေသရှိ အင်အားအကြီးဆုံးဂိုဏ်းဖြစ်သော တာအိုမြစ်ဂိုဏ်းခွဲ၏ သင်္ဘောပင်ဖြစ်သည်။

ထိုသင်္ဘောကြီး ပေါ်ပေါက်လာသည်နှင့် ထိုထဲမှ လူရိပ်ပေါင်းများစွာမှာ ပျံထွက်လာကြပြီး မြန်ဆန်စွာ ဆင်းသက်လာကြတော့သည်။ တစ်ခဏအကြာတွင် သူတို့၏ အရေအတွက်မှာ အယောက်လေးဆယ်ကျော်ကြောင်းကို သိလိုက်ရသည်။

ထိုကျင့်ကြံသူများထဲတွင် အမျိုးသားသာမက အမျိုးသမီးများလည်း ပါဝင်ပြီး သူတို့သည် သာမန်လူ့ကမ္ဘာတွင် မရှိသော အငွေ့အသက်ကြီးတစ်ခုနှင့် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံ အခိုးအငွေ့များကို ထုတ်လွှတ်နေတော့သည်။ သူတို့အားလုံးမှာ နှစ်ခြောက်ဆယ်စက်ဝန်း တစ်ခုအတွင်း အမြုတေအဆင့်သို့ ရောက်ရှိခဲ့ကြသူများ ဖြစ်သည်။

အလယ်ဒေသများသိမ်းပိုက်ထားသည့် နယ်မြေများမှာ အောက်ပိုင်းဒေသများထက် များစွာပို၍ ကြီးမားသဖြင့် ရင်းမြစ်ပစ္စည်းများလည်း ပို၍ ပေါကြွယ်ဝစွာ ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဤနေရာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်မှာလည်း ပို၍ အားကောင်းသည်။ ထို့ကြောင့်လည်း အောက်ပိုင်းဒေသများရှိ ဂိုဏ်းများထက်ပို၍ ဤနေရာရှိ ဂိုဏ်းများမှာ လက်ရွေးစင်များကို ပို၍များပြားစွာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုဒေသနှစ်ခုကို မည်သည့်နည်းနှင့်မျှ နှိုင်းယှဥ်ရန် မဖြစ်နိုင်ချေ။

ထို အမြုတေအဆင့် ကျင့်ကြံသူ အယောက်လေးဆယ်ကျော်အပြင် လွန်ခဲ့သော တစ်လခန့်က အဏ္ဏဝါခေါ်သံတောင်ပေါ်တွင် နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် ဆံပင်အဖြူနှင့် အဘိုးကြီးပေါ်ပေါက်လာသောအခါ ပြင်းထန်သော ဖိအားကြီးတစ်ခု ကျဆင်းလာတော့သည်။

ထို အဘိုးကြီးမှာ အောက်ဖက်ရှိ ကျင့်ကြံသူလူစုလူဝေးကြီးကို လှမ်းကြည့်လိုက်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းက ပိုင်ရှောင်ချန်း တစ်ယောက်ထဲကိုသာ ခေါ်လာခဲ့သည်ကို အံ့သြနေပုံ မပေါ်ချေ။ ခပ်ရေးရေးပြုံးလိုက်ပြီး သူကဆိုလိုက်လေသည်။
” ကျုပ်တို့ဂိုဏ်းလေးဂိုဏ်းရဲ့ အမွေအနှစ်တံဆိပ်တော် လုယူမဲ့ပြိုင်ပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်ပေးမဲ့ ဂိုဏ်းက တမန်တော်ကို ကျုပ် ကြိုဆိုပါရစေ။ ”
သူ၏ ပါးစပ်မှ ထိုစကားသံများ ထွက်လာသောအခါ အထက်ရှိ တိမ်တိုက်များမှာ လေပြင်းတစ်ချက်၏ တိုက်ခတ်မှုကို ခံလိုက်ရသည့်အလား ဂယက်များထသွားပြီး ဧရာမမျက်လုံးကြီးတစ်လုံးအသွင်း ပြောင်းလဲသွားတော့သည်။

ထိုမျက်လုံးကြီးက အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် အလင်းရောင်အားလုံးမှာ မှေးမှိန်သွားရတော့သည်။

ချက်ချင်းပင် ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှ ကျင့်ကြံသူများမှာ မတ်တတ်ထလိုက်ကြပြီး လက်များယှက်ကာ ဦးညွှတ်လိုက်ကြသည်။ တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများအပြင် ဟန်ဇောင်၊ ဖုန်းရှိန်ကျစ် ၊ ချီဟွမ် နှင့် ပိုင်ရှောင်ချန်းတို့မှာလည်း ထိုနည်းတူပင်။

ထို့နောက် မိုးခြိမ်းသံကဲ့သို့သော စကားသံကြီးတစ်သံပေါ်ထွက်လာသည်။
” ဒီပြိုင်ပွဲအတွက် စည်းမျဥ်းတွေက အရင်အတိုင်းပဲ။ သတ်ဖြတ်တာတွေ ခွင့်မပြုဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ သူများရဲ့ အသက်ကိုသတ်တဲ့လူကို ခန္ဓာရော ဝိညာဥ်ပါမကျန် ဖျက်စီးပစ်မယ်။ ”

ချက်ချင်းပင် ဧရာမ မန္တန်အစီအရင်ကြီး၏ အလယ်ရှိ ဘုရားကျောင်းထဲမှ ရောင်စုံအလင်းတန်းများ မြင့်တက်လာတော့သည်။ ကျောက်တုံးများမှာ တုန်ရီစပြုလာပြီး စောစောက ဖိအားကြီး ပျောက်ကွယ်သွားသဖြင့် ကျင့်ကြံသူများမှာ ဘုရားကျောင်းထဲသို့ ဝင်၍ ရသွားတော့သည်။

” ပြိုင်ပွဲကို စစေ။ ”
ထိုအသံကြီးက ဆိုလိုက်သည်။ ချက်ချင်းပင် တာအိုမြစ်ဂိုဏ်းခွဲ၏ ကျင့်ကြံသူ လေးဆယ်မှာ ဘုရားကျောင်းဆီသို့ ပျံသန်းသွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်း ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှ ဂိုဏ်းသားများကလည်း လိုက်သွားကြတော့သည်။ ပိုင်ရှောင်ချန်းကမူ အံကြိတ်ကာ ဘရူဆာကို ခေါ်လိုက်ပြီး သူတို့ထွက်သွားရာဘက်သို့ လိုက်သွားတော့သည်။

သူ၏ လမ်းတစ်လျှောက်တွင် သူသည် ဤ အမွေအနှစ်တံဆိပ်တော် လုယူခြင်းပြိုင်ပွဲ အကြောင်း သိသမျှကို ပြန်လည် လေ့လာတွေးတောနေတော့သည်။ ဘုရားကျောင်းထဲသို့ ဝင်လိုက်ပါက ထူးဆန်းသော နယ်မြေတစ်ခုသို့ ရောက်သွားမည်ဖြစ်ကြောင်း သူကသိသည်။ ထိုနယ်မြေ၏ အလယ်တည့်တည့်တွင် ကြောက်မက်ဖွယ် မန္တန်အစီအရင်များဖြင့် ဝန်းရံထားသည့် မိုးထိုးနေသော တောင်ကြီးတစ်လုံးရှိသည်။ ထိုတောင်အနားသို့ ကပ်ရန်ပင် အလွန်ခက်ခဲနေသည်။

ထိုတောင်ထဲတွင် အမွေအနှစ်အဆင့် တံဆိပ်တော် တစ်ရာတိတိထည့်သွင်းထားပြီး ၎င်းတို့မှာ ထိုပတ်ပတ်လည်နေရာသို့ ဆက်တိုက် ပျံသန်းထွက်လာကြမည်ဖြစ်ကာ ကျင့်ကြံသူများမှာ လိုက်၍ လုယူရမည်ဖြစ်သည်။

အများဆုံး ရရှိသူတစ်ယောက်မှာ သိုင်းကျမ်းတစ်ခုကို ရရှိမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် ဘရူဆာတို့မှာ ကျောက်တုံး မန္တန်အစီအရင်ကို ဖြတ်ကာ ရှေ့က အုပ်စုနောက်သို့ လိုက်သွားတော့သည်။ ပိုင်ရှောင်ချန်းသည် နဂိုထဲက သတိကြီးသော သူတစ်ယောက်ဖြစ်သဖြင့် သူသည် အလောတကြီးမလုပ်ပေ။ ဘုရားကျောင်းဆီသို့ သူရောက်သွားသောအချိန်တွင် အခြားဂိုဏ်းမှ ကျင့်ကြံသူများမှာ အတွင်းသို့ ဝင်သွားကြပြီဖြစ်သည်။

အဆုံးတွင်သူသည် အသက်ပြင်းပြင်းရှူကာ ဘရူဆာကို လှမ်းကြည့်လိုက်သည်။

” ဘရူဆာ။ ငါ့နားမှာပဲ ကပ်နေနော်။ ဒီနေရာမှာ လူဆိုးတွေ အများကြီးရှိနေမှာ။ ” ထိုအခါ ဘရူဆာမှာ လေသံတိုးတိုးလေးဖြင့် အူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ပိုင်ရှောင်ချန်းမှာ သူ၏ အဝတ်အစားများ၊ စက္ကူအဆောင်လက်ဖွဲ့စာရွက်များနှင့် ဒယ်စောက်အိုးအနက်ရောင်ကြီးကို အချိန်တစ်ခုပေးကာ ပြန်လည်တည့််မတ်လိုက်သည်။ ထို့နောက် အံကြိတ်ကာ ဘုရားကျောင်းထဲသို့ ဝင်သွားတော့သည်။.

ပိုင်ရှောင်ချန်းနှင့် ဘရူဆာ အတွင်းသို့ ဝင်သွားသည်နှင့် သူတို့၏ ဘေးပတ်ပတ်လည်ရှိ အလင်းရောင်များ မှေးမှိန်သွားကြပြီး တဂျုန်းဂျုန်းမြည်သံများ ပေါ်လာတော့သည်။ ဘုရားကျောင်း အပြင်ဘက်တွင် အားပြင်းသော ဖိအားကြီးတစ်ခု ပြန်လည်သက်ရောက်လာပြီး ဘုရားကျောင်းအနားသို့ မည်သူမှ ချဥ်းကပ်၍ မရနိုင်အောင် ဖြစ်သွားတော့သည်။ တချိန်ထဲမှာပင် ကောင်းကင်ယံရှိ လေပေါ်တွင် ကျောက်တုံး မန္တန်အစီအရင်များက ထုတ်လွှတ်နေသည့် အလင်းရောင် မျက်နှာပြင်တစ်ခုပေါ်လာတော့သည်။

ထိုမျက်နှာပြင်ပေါ်တွင် ဂိုဏ်းလေးဂိုဏ်း၏ အမည်ကို အရှင်းသားမြင်နေရပြီး တစ်ဂိုဏ်းချင်းစီ၏ ဘေးတွင် ခပ်ရေးရေး တောက်ပနေသည့် စက်ဝန်းများရှိသည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီး သုံးယောက်မှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို တောက်ပနေသည့် စက်ဝန်းများမှာ ဂိုဏ်းသားများရရှိထားသည့် တံဆိပ်တော်အရေအတွက်ကို ဖော်ပြနေသည်။

ကျောက်တုံး မန္တန်အစီအရင်၏ အပြင်ဘက်တွင် ဂိုဏ်းမျိုးစုံ၏ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ ဒါဇင်ကျော် ရှိနေတော့သည်။ ထိုအချိန်တွင် ရှင်းမြစ်ဂိုဏ်းခွဲမှ ဆံပင်အနီနှင့် အဘိုးကြီးမှာ ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲတို့၏ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကို ရို့ကျိုးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

” တာအိုမြစ်ဂိုဏ်းခွဲက ဒီတစ်ခေါက်လည်း နံပါတ်တစ်နေရာ ထပ်ရဦးမှာပါပဲဗျာ။ ” သူက အနည်းငယ်ပြုံးကာ ဆိုလိုက်သည်။
” ဒုတိယနေရာအတွက်တော့ဗျာ။ အစ်ကို အိုးရန်ရေ။ ရှင်းမြစ်ဂိုဏ်းခွဲက ကျစ်မြစ်ဂိုဏ်းခွဲကို မယှဥ်နိုင်ပါဘူး။ အဲ့တာမလို့ ကျုပ်တို့က အမြင့်ကြီး မှန်းမထားပါဘူး။ ဒုတိယနေရာလောက်ဆိုရင် တော်ပါပြီ။ ” အနီရောင်ဆံပင်ဖြင့် အဘိုးကြီးမှာ ထိုသို့ဆိုကာ ရယ်မောလိုက်သည်။

“အစ်ကို အိုးရန် “ ဟု သူခေါ်လိုက်သည့်လူမှာ ကျစ်မြစ်ဂိုဏ်းခွဲ၏ ဝတ်ရုံကိုဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးက ပြုံးရင်း ပြန်ပြောလိုက်သည်။
” အစ်ကိုကျိုးရာ အတွေးလွန်နေပြန်ပါပြီ။ ခဏလေးစောင့်လိုက်၊ ပြီးတော့မှ ဒုတိယနဲ့ တတိယနေရာကို ဘယ်သူတွေရမလဲဆိုတာ ကြည့်ကြတာပေါ့။ ”

သူသည် ပါးစပ်ကသာ ထိုသို့နေသော်လည်း အမူအရာမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြောင်း ဖော်ပြနေသည်။

ထိုဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ စကားစမြည်များပြောနေကြပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို လုံးဝ လျစ်လျူရှုထားကြသည်။

ဖုန်းရှိန်ကျစ် ၊ ဟန်ဇောင် နှင့် ချီဟွမ် တို့အားလုံးမှာ မျက်နှာပျက်နေကြပြီး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset