အဖွဲ့တစ်ခုချင်းစီတွင် အကြမ်းအားဖြင့် အမြုတေအဆင့်နှင့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများအပါအဝင် လူပေါင်းတစ်ဒါဇင်ရှိပြီး သူတို့အားလုံးမှာ မတူညီသော တာအိုဝတ်ရုံများဝတ်ဆင်ထားကြသည်။
ပထမအဖွဲ့မှာ သွေးလဝန်း၏ပုံများဖြင့်တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံများကိုဝတ်ဆင်ထားပြီး အထူးသဖြင့် လူသတ်ငွေ့များဖြာထွက်လျက်ရှိသည်။ သူတို့၏မျက်နှာများတွင် အထင်သေးသည့်အကြည့်များ ထင်ဟပ်နေပြီး သတ်ဖြတ်လိုစိတ်များနှင့်ပြည့်နေသော အေးစက်သည့်အကြည့်များဖြင့် ကြည့်နေလေသည်။
အခြားအဖွဲ့မှာ ကြယ်စုံလင်စွာတောက်ပနေသောကောင်းကင်ပုံဖြင့် တန်ဆာဆင်ထားသော အဝတ်များကို ဝတ်ဆင်ထားသည်။သူတို့ အားလုံးမှာ အလွန့်အလွန်ဆွဲဆောင်မှုရှိကြပြီး သူတို့၏တောက်ပနေသောမျက်ဝန်းများတွင် အထင်သေးပြီးမထီမဲ့မြင်ပြုလိုသည်များကို ထင်ရှားစွာမြင်ရနိုင်လေသည်။
နောက်ဆုံးအဖွဲ့မှာ အနက်နှင့်အဖြူရောင်ရှိသော တာအိုဝတ်စုံများကိုဝတ်ဆင်ထားလေသည်။ ထိုအဖွဲ့တွင် အမျိုးသား၊အမျိုးသမီး ကျင့်ကြံသူများပါဝင်ပြီး သူတို့မှာ လူသားလောကကိုကျော်လွန်နေသည့် ပုံပေါက်စေသော ခံစားချက်များဖြာထွက်နေလေသည်။ ထိုမြင့်မြတ်သည့်လေထုဖြာထွက်နေသော်ငြားလည်း သူတို့ကလုံးဝအထင်အမြင်သေးနေသည့်ပုံပေါက်နေလေသည်။
ပိုင်ရှောင်ချန်းက အခြားဂိုဏ်းကြီးသုံးဂိုဏ်း၏ မိတ်ဆက်များကို ဖတ်ခဲ့ပြီးသားဖြစ်၍ သူတို့ကမည်သည့်နေရာမှဖြစ်ကြောင်း ချက်ချင်းပင် ပြောနိုင်သည်။ ကြယ်စုံလင်စွာတောက်ပနေသောကောင်းကင်ပုံဖြင့် တန်ဆာဆင်ထားသော အဝတ်များကိုဝတ်ဆင်ထားသည့်အဖွဲ့မှာ ရှင်းမြစ်ဂိုဏ်းခွဲမှဖြစ်သည်။ လူသတ်ငွေ့များနှင့်လူများမှာ မကောင်းဆိုးဝါးဆန်သော ကျစ်မြစ်ဂိုဏ်းခွဲမှဖြစ်သည်။ အနက်နှင့်အဖြူရောင် တာအိုဝတ်စုံများကိုဝတ်ဆင်ထားသည့်သူများမှာ ဂိုဏ်းများထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် တာအိုမြစ်ဂိုဏ်းခွဲမှဖြစ်သည်။
ထိုဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများမှာ မဟာခန်းမကြီး၏အရှေ့တွင် ရပ်နေကြပြီး အခြားသူများ မဝင်စေရန် တားဆီးနေသည်။ သူတို့မှာ ဧည့်သည်များဖြစ်သော်လည်း အိမ်ရှင်များကဲ့သို့ပြုမူနေသည်။ သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်း၏ အစောင့်တာဝန်ပေးအပ်ခံထားရသော ဂိုဏ်းသားများကိုပင် မောင်းထုတ်ထားသေးသည်။
ကောင်းကင်အထက်တွင် မည်းနက်နေသော ဧရာမပုတ်သင်ကြီးကိုတွေ့ရနိုင်ပြီး ၎င်းကအောက်ကိုငုံကြည့်လိုက်သောအခါ ၎င်း၏အကြည့်များမှာ ရေခဲတမျှအေးစက်နေတော့သည်။ ၎င်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းသားများကို စားချင်နေသည့်ပုံ ပေါက်နေလေသည်။
ပုတ်သင်ကြီး၏အကွာအဝေးအနည်းငယ်တွင် မီတာသုံးထောင်အပြည့်ရှည်လျားပြီးငွေရောင်အတိပြီးသော ဧရာမစစ်သင်္ဘောကြီးရှိလေသည်။ ၎င်းကနေရောင်ကို အလင်းပြန်သောအခါ အလွန်စူးရှသည့်ပုံပေါ်ပြီး ပြင်းထန်သော စွမ်းအားများလည်းဖြာထွက်နေသည်။
အခြားဦးတည်ရာတစ်ဖက်တွင် မီတာသုံးထောင်အပြည့်ကျယ်သော ဧရာမကြယ်ပျံကြီးတစ်လုံးရှိပြီး လျှမ်းလျှမ်းတောက်နေသောမီးတောက်များဝန်းရံထားလေသည်။ ကြယ်ပျံကြီးထံမှဖြာထွက်နေသောအပူချိန်ကြောင့် သူ၏အောက်ဖက်ရှိ အပင်များနှင့်သစ်ပင်မှာ စတင်၍ညှိုးနွမ်းလာသည်။
ပိုင်ရှောင်ချန်းချဥ်းကပ်ရောက်ရှိလာသည့်အချိန်တွင် ရှင်းမြစ်ဂိုဏ်းခွဲမှ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက အဏ္ဏဝါခေါ်သံဂိုဏ်းသား အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို နောက်သို့မီတာသုံးဆယ်အထိဒယိမ်းဒယိုင်ဖြင့် ရောက်သွားအောင်တွန်းထုတ်လိုက်သည်။
” အနောက်ဆုတ်နေစမ်း ” ရှင်းမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူကပြောလေသည်။
” ဒီနေရာကို ဘယ်သူမှဝင်ခွင့်မပြုဘူး ” လှောင်ပြောင်သရော်ရင်း သူကလှည့်ကာသူ၏ရောင်းရင်းဂိုဏ်းသားများနှင့် စကားပြောနေလိုက်သည်။ “ဒီဂိုဏ်းက တကယ်ကိုသေးနုပ်တဲ့ဂိုဏ်းပဲ..။ ဒီမဟာခန်းမကို ဒီလိုအသုံးမကျတဲ့ကောင်မျိုးကို အစောင့်ထားတာ ငါမယုံနိုင်ဘူး”
သူ၏ ရဲဘော်ရဲဘက်များကလည်း လှောင်လိုက်ကြပြီး အခြားဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းသားများကလည်း ယခင်ကထက်ပင်ပို၍ အထင်မြင်သေးသွားသည့်ပုံပေါက်လေသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့မှာ အမျက်ချောင်းချောင်း ထွက်နေကြသော်လည်း သူတို့၏အမျက်ဒေါသများကို ချုပ်တည်းနေကြသည်။ သူတို့အားလုံးက အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အလယ်ပိုင်းဒေသများသို့ ယခုမှဝင်ရောက်ခဲ့ပြီး အလွန်တည်ငြိမ်သည့်ရာထူးမရှိသေးကြောင်း ကောင်းစွာသိထားကြလေသည်။ အခြားဂိုဏ်းကြီးသုံးဂိုဏ်းက သမားရိုးကျလာလည်ခြင်းဖြစ်ပြီး ခေါင်းဆောင်ကြီးများအားလုံးမှာ မဟာခန်းမထဲတွင်တွေ့ဆုံနေကြသည်။ သဘောထားကွဲလွဲမှုတစ်စုံတစ်ရာဖြစ်သွားခဲ့လျှင် မကောင်းသောဆိုးကျိုးများသက်ရောက်လာနိုင်သည်။
အခြားတစ်ဖက်တွင် အခြားဂိုဏ်းမှ ဂိုဏ်းသားများက ပြဿနာဖြစ်အောင်ရန်စနေသည်မှာ ထင်ရှားနေလေသည်။
သို့သော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းသားများက သူတို့ချသောငါးစာကို မဟပ်ကြောင်း သဘောပေါက်သွားသောအခါ သူတို့၏မျက်နှာများမှာ ပို၍ခက်ထန်လာသည်။ သို့သော်လည်း သူတို့မှာ ပွင့်ပွင့်လင်းလင်း ရန်စောင်သည့်အပြုအမူများမလုပ်ကြပေ။ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများက ချီတုံချတုံဖြင့်အကြည့်များ ဖလှယ်လိုက်ကြပြီး အဖွဲ့တစ်ခုချင်းစီ၏အဖွဲ့ခေါင်းဆောင်များက ကျယ်လောင်စွာဖြင့်ပြောလိုက်လေသည်။
” ငါကြားတာတော့ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ဖော်လွန်းတဲ့ လက်ရွေးစင်တွေအများကြီးရှိတယ်ဆို..။ ပိုင်ရှောင်ချန်းဘယ်မှာလဲ။ စုန့်ချွဲ၊ ဝိညာဥ်စွယ်၊ ကျုံးတာအို၊ ရှန်ကွမ်းထျန်ယုံ နဲ့ ချင်းမေ့ယွမ်တို့ကော…။ သူတို့ဘယ်မှာလဲ”
” ယင်ယန်ဝိညာဥ်အဆင့်တာအိုဆရာသခင်တွေက မဟာခန်းမထဲမှာ အစည်းအဝေးလုပ်နေကြတယ်။ ပြီးတော့ ငါတို့လို အငယ်တန်းလေးတွေက ဒီနေရာမှာသောင်တင်နေတယ်။ အရမ်းပျင်းစရာပဲကွ။ ဘာလို့ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ လက်ရွေးစင်တွေကထွက်လာပြီး အစွမ်းအစမပြကြသေးတာလဲ”
ဂိုဏ်းသုံးဂိုဏ်းထဲမှ အခြားဂိုဏ်းသားများက သူတို့၏အဖွဲ့ခေါင်းဆောင်က သူတို့အား မည်သို့လုပ်စေချင်သည်ကိုသိကြလေသည်။ ကျစ်မြစ်ဂိုဏ်းခွဲအစုမှ လူငယ်လေးတစ်ယောက်ထွက်လာပြီး သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေထဲတွင်အက်ကွဲသံများဖြင့်ပြည့်နှက်လာသည်။ ထင်ရှားနေသည်မှာ ထိုလူငယ်လေးတွင် မယုံနိုင်ဖွယ်ကောင်းသည့်အပြင်အားရှိလေသည်။ ပတ်ပတ်လည်အားကြည့်လိုက်ကာ သူကကျယ်လောင်စွာရယ်မောလိုက်ပြီးပြောလေသည်။
” ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါရစေ။ ကျုပ်က သီကုန်းလို့ခေါ်တယ်။ ပြီးတော့ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ရောက်ပြီ။ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ တာအိုရောင်းရင်းတို့….ကျေးဇူးပြုပြီးရှေ့ကိုတက်လာခဲ့ပါ။ ပြီးရင် အမြင်ကျယ်သွားအောင် သွန်သင်ပေးပါ…”
သူတစ်ဦးတည်းသာ ထွက်လာသည်မဟုတ်ပေ။ အခြားဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများထွက်လာကြပြီး အလားတူ မခံချင်အောင်ပြောကြတော့သည်။
” တကယ်ကြီးလား ” သူတို့ထဲမှတစ်ယောက်ကပြောလေသည်။ “ကြီးကျယ်ခမ်းနားလှတဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းကဘယ်သူကမှ ငါနဲ့ အကြံဉာဏ်တွေ မဖယ်လှယ်ရဲဘူးလားဟ။ ဘယ်လိုဂိုဏ်းများလဲကွာ….”
အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့မှာ အမျက်ခြောင်းခြောင်းထွက်နေကြပြီဖြစ်သည်။ တစ်ခဏကြာပြီးနောက် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သီကုန်းဆီသို့ တဟုန်ထိုးဝင်လာသည်။
အခြားကျင့်ကြံသူနှစ်ယောက်မှာလည်း အခြားဂိုဏ်းနှစ်ဂိုဏ်း၏ ကျင့်ကြံသူများဆီသို့ စတင်၍ တဟုန်ထိုးဝင်ကုန်ကြတော့သည်။
” မင်းတို့ကောင်တွေ အနောက်ပြန်ဆုတ်စမ်း ”
သီကုန်းက ရယ်မော၍ ပြောလိုက်သည်။ သူ၏ညာဘက်ခြေထောက်ကို မြေပြင်ပေါ်ချပြီး သူ၏ခြေထောက်ကိုလေထဲသို့ လှည့်ကာ ကန်လိုက်လေသည်။ မမျှော်လင့်ပဲ ၎င်းက သူ၏အပြင်အားသုံးထားသော ကန်ချက်မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော မှော်သိုင်းဖြင့် သူက တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့ ဂိုဏ်းသားမှာ ဓားပျံတစ်ချောင်းထုတ်လွှတ်လိုက်သော်လည်း သူ့အားအံ့သြသွားစေသည်မှာ ဓားက တိုက်ရိုက်ပင် သီကုန်းအား ဖြတ်သွားသောကြောင့်ဖြစ်သည်။ သူကြည့်နေသည်မှာ ပုံရိပ်ယောင်သာဖြစ်ကြောင်း သူသဘောပေါက်သွားသည့်အခါ အလွန်နောက်ကျသွားခဲ့ပြီဖြစ်ပြီး သီကုန်းမှာ သူ၏အရှေ့တည့်တည့်တွင်ရောက်နေပြီဖြစ်သည်။ သူမတုန့်ပြန်နိုင်မီ သီကုန်းက လက်သီးထိုးချက်တစ်ခုထုတ်လွှတ်လိုက်ပြီး သူ့အရှေ့တည့်တည့်သို့ထိုးချလိုက်သည်။
သီကုန်းက ပြီးဆုံးအောင်မလုပ်သေးပေ။ ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ရယ်မောလိုက်ကာ ထိုဂိုဏ်းသားအား နောက်ထပ်တိုက်ခိုက်မှုတစ်ခုထပ်လုပ်ရန် ပြင်ဆင်လိုက်လေသည်။ ပတ်ဝန်းကျင်ရှိ အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ဒေါသထွက်ကုန်ကြပြီး သူတို့ထဲမှအချို့မှာ သူတို့၏ရောင်းရင်းဂိုဏ်းသားအားကယ်တင်ရန် ပျံသန်းလိုက်ကြသည်။
ထိုအတောအတွင်းတွင် အခြားဂိုဏ်းနှစ်ဂိုဏ်းနှင့်စိန်ခေါ်တိုက်ခိုက်နေရသော ဂိုဏ်းသားနှစ်ယောက်မှာလည်း အရိုက်အနှက်ခံနေရသည်။ ထို့အပြင် သူတို့၏ ရန်သူများမှာလည်း သီကုန်းနှင့်အလားတူသော သတ်ဖြတ်လိုစိတ်များရှိနေပုံပေါ်သည်။
ပိုင်ရှောင်ချန်းက ဖြစ်ပျက်သမျှအား မြင်တွေ့ပြီးသောအခါ သူ၏မျက်လုံးများထဲတွင် ဒေါသအရောင်များ ထိန်းချုပ်မရအောင် တဖျတ်ဖျတ်တောက်ပလာလေသည်။ လျှပ်တစ်ပြက်အတွင်း သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသား၏အရှေ့သို့ ရောက်သွားကာ ထိုနေရာတွင်ရပ်လိုက်လေသည်။ သီကုန်း၏လက်သီးချက်က သူ့ထံသို့ ရိုက်မိသွားသော်လည်း သူ၏ခေါင်းပေါ်မှ ဆံခြည်မျှင်တစ်မျှင်ပင် လှုပ်ခတ်မသွားပေ။ သီကုန်း၏ ထိုးချက်အားမှာ သီကုန်းထံသို့ ပြန်သက်ရောက်သွားကာ အနောက်ဘက်သို့ တုန်ရီစွာလဲကျသွားပြီး ပါးစပ်အတွင်းမှသွေးတစ်ပွက်အန်သွားလေသည်။ သူ၏မျက်နှာတွင်လည်း ထိတ်လန့်အံ့သြသွားသည့်အကြည့်များ ပေါ်လာလေသည်။
” အမြုတေအဆင့် ကျင့်ကြံသူ.. ” သီကုန်းက အော်ပြောလိုက်သည်။
” အရှက်မဲ့လိုက်တာ…။ အမြုတေအဆင့်ကျင့်ကြံသူက အခြေခိုင်မာခြင်းအဆင့်သာရှိသေးတဲ့သူကို တိုက်ခိုက်ရဲတယ်ပေါ့လေ…”
သူ၏စကားများက ပဲ့တင်ထပ်၍ထွက်ပေါ်လာသော်လည်း ပိုင်ရှောင်ချန်းက အခြားဂိုဏ်းသားနှစ်ဦးကိုကယ်တင်ရန် အရှေ့သို့လှမ်းရင်း အရှိန်မြှင့်လိုက်သောအခါ ပုံရိပ်ယောင်များစွာပေါ်လာပြီး သူ၏ရွေ့လျားမှုကြောင့် မှုန်ဝါးဝါးသာ မြင်ရတော့သည်။ သူက သူတို့၏တိုက်ခိုက်မှုကိုတားဆီးရန် သူ၏ခန္ဓာကိုယ်ကိုသာအသုံးပြုခဲ့သည်။ သူက မထိခိုက်သွားသော်လည်း အခြားဂိုဏ်းနှစ်ခုမှတိုက်ခိုက်သူများမှာ အနောက်ဘက်သို့ တုန်ယင်စွာလဲကျသွားပြီး သွေးတစ်ပွက်အန်ကာ ဒေါသတကြီးအော်ဟစ်ကြတော့သည်။
” လုံးလုံးအရှက်မဲ့တာပဲ..”
” အမြုတေအဆင့်ကျင့်ကြံသူက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကို ဘယ်လိုများ ချောင်းမြောင်းတိုက်ခိုက်ရဲရတာလဲ”
သီကုန်းနှင့် အခြားဂိုဏ်းသားနှစ်ဦးမှာ လုံးလုံးလျားလျား ဒေါသထွက်နေကြပြီး ပိုင်ရှောင်ချန်းအား အေးစက်စွာစိုက်ကြည့်နေကြသည်။ ပိုင်ရှောင်ချန်းမှာ ထပ်မံ၍ပျောက်သွားပြီး လက်ကိုနောက်ပစ်လျက် မေးကိုငေါ့ကာဖြင့် ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများအရှေ့တွင် ပြန်ပေါ်လာသည်။ သူတို့အားစိုက်ကြည့်ရင်း သူကပြောလိုက်လေသည်။
” ဒီတော့ ငါက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကို တိုက်ခိုက်ရင်ဘာဖြစ်မလဲ။ အရင်တုန်းက ချီစုစည်းမှုအဆင့်ဂိုဏ်းသားတွေကိုတောင် ငါတိုက်ခိုက်ခဲ့တာပဲ။ အဲ့တာက အရှက်မဲ့တာလား။ ဒါနဲ့ မင်းတို့တွေ ငါတိုက်ခိုက်လိုက်တာကို မြင်လိုက်ကြလား။ မင်းတို့တွေကသာ ငါ့ကို ရိုက်လိုက်တာကွ..။ ငါ့ဘက်ကကြည့်ရင် မင်းတို့ကသာ အရှက်မဲ့တဲ့ကောင်တွေကွ…။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူသုံးယောက်ကသာ အမြုတေအဆင့်ကျင့်ကြံသူငါ့ကို ရိုင်းစိုင်းအတင့်ရဲပြီး အုပ်စုဖွဲ့ရိုက်ကြတာ။ မင်းတို့ကောင်တွေကသာ မြှောက်ကြွမြှောက်ကြွနဲ့။ အနိုင်ကျင့်တဲ့သူတွေ…။ ငါ့ကိုသိပ်ပြီးဝေးဝေးတွန်းထုတ်မနေနဲ့။ ငါဒေါသထွက်လာရင် ငါ့ကိုယ်ငါတောင် ကြောက်ရတာကွ ”
ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ သူ့အားဒေါသတကြီးစိုက်ကြည့်လိုက်ကြပြီး သူကအမှန်တကယ် တိုက်ခဲ့၊ မတိုက်ခိုက်ခဲ့သည်ကို မှတ်မိရန် ကြိုးစားနေကြသည်။
ထိုအတောအတွင်း အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့မှာ ယခင်ကထက်ပို၍ စိတ်လှုပ်ရှားသွားပြီး ဂါရဝပြုလိုက်ကြတော့သည်။
” ခေါင်းဆောင်ငယ်…”
” ခေါင်းဆောင်ငယ်ကို ဂါရဝပြုပါတယ်”
” ခေါင်းဆောင်ငယ်ကို ဂါရဝပြုပါတယ်”
အခြားဂိုဏ်း၏အဖွဲ့ခေါင်းဆောင်များမှာ ချက်ချင်းပင် သူတို့အရှေ့၌ရပ်နေသူမှာ မည်သူဖြစ်ကြောင်း သဘောပေါက်သွားပြီး သူတို့၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားလေသည်။
ထိုအချိန်တွင် ရှင်းမြစ်ဂိုဏ်းခွဲမှ အေးစက်စက်အကြည့်များဖြင့် လူငယ်လေးတစ်ယောက်မှာ ခြေလှမ်းကျဲကျဲဖြင့်အရှေ့သို့ထွက်လာလေသည်။ သူ၏လက်ထဲတွင် အနက်ရောင်ဆူးပါသော လက်နက်ကိုကိုင်ထားလေသည်။ သူ၏ထင်မြင်ချက်မှာ အကယ်၍ သူကဤနေရာတွင် ပိုင်ရှောင်ချန်းအား အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်ခဲ့လျှင် ဆိုးကျိုးအနည်းငယ်ရှိကောင်းရှိနိုင်သော်လည်း ၎င်းမှာ ခမ်းနားကြီးကျယ်သော အောင်ပွဲဖြစ်သွားနိုင်ပေမည်။
” ဘယ်လိုတောင်ရယ်စရာကောင်းလိုက်တာလဲ” သူကပြောလိုက်သည်။
” ဆိုတော့..ခင်ဗျားကပိုင်ရှောင်ချန်းပေါ့လေ…ဟမ်။ မိတ်ဆက်ပါရစေ။ ကျုပ်က ချန်ယန်ရှန်…။ ဘာလို့ ကျုပ်တို့….”
သူကစတင်၍ စကားဆိုသည့်တိုင် ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲမှ အမြုတေအဆင့်ကျင့်ကြံသူများ၏မျက်လုံးများတွင် အေးစက်သည့်အလင်းရောင်များတောက်ပလျက် ထွက်လာကြသည်။
သို့သော်လည်း ချန်ယန်ရှန်က စကားကိုဆုံးအောင်မပြောရသေးမီ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။
” မင်းတို့က ငါ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးနေတာပဲ”
ထိုသို့ဆိုကာ ချန်ယန်ရှန်ထံသို့ ဆေးလုံးတစ်လုံးပစ်လွှတ်လိုက်သည်။
“ဟမ် ”
ချန်ယန်ရှန်မှာ ပါးစပ်အဟောင်းသားဖြစ်လျက် ပြောလိုက်မိသည်။ သူက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်သော်လည်း ၎င်းက ဆေးလုံး၏ပေါက်ကွဲမှုကို မတားဆီးနိုင်လိုက်ပေ။ ထို့နောက် အနက်ရောင်မီးခိုးငွေ့များ ပွင့်ထွက်လာတော့သည်။ သူ၏တာအိုရောင်းရင်းများမှာလည်း ထိတ်လန့်အံ့သြသွားကြပြီး သူတို့၏အင်္ကျီလက်များကိုဝေ့ယမ်းကာ မီးခိုးငွေ့များကို လွင့်ပျယ်သွားအောင် ပြုလုပ်လိုက်သည်။ သို့သော်လည်း မီးခိုးငွေ့မှာ လွယ်လွယ်နှင့်မလွင့်ပြယ်စေသည့် ထူးဆန်းသောဂုဏ်သတ္တိရှိပြီး သူတို့၏အရေပြားမှတစ်ဆင့် သူတို့ကိုယ်ထဲသို့ စိမ့်ဝင်သွားတော့သည်။
ဆေးလုံးကိုထုတ်လိုက်သည့်အချိန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအယာများဖြစ်ပေါ်လာသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဆိုလျှင် ပို၍မှန်ကန်ပေမည်။ သူတို့ကချက်ချင်းပင်နောက်ဆုတ်လိုက်ကြပြီး အခြား ဂိုဏ်းအဖွဲ့နှစ်ခုမှ ဂိုဏ်းတူဂိုဏ်းသားများအား သူတို့နှင့်အတူဆွဲခေါ်လိုက်ကြသည်။ တခဏအတွင်း သူတို့မှာ မီတာသုံးရာအကွာအဝေးသို့ ရောက်ရှိသွားကြတော့သည်။
တာအိုမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ ထိတ်လန့်အံ့သြသွားကြပြီး အဘယ်ကြောင့်ပိုင်ရှောင်ချန်းက သူတို့ထံဆေးလုံးတစ်လုံးပစ်လိုက်သည်ကို မခန့်မှန်းတတ်တော့ချေ။ ထို့အပြင် အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့၏ တုန့်ပြန်မှုမှာ အလွန်ပြောစရာဖြစ်နေသည့်အတွက် သူတို့၏ မသိစိတ်မှလှုံဆော်မှုအရ အနောက်သို့လိုက်ဆုတ်လိုက်ကြသည်။
” ခင်ဗျားဘာလုပ်တာလဲ…ပိုင်ရှောင်ချန်း” ချန်ယန်ရှန်က ဒေါသတကြီးအော်လိုက်သည်။ သူကအရှေ့ဘက်သို့ ခြေတစ်လှမ်းလှမ်းခါနီးတွင် သူ၏မျက်လုံးများမှာ ရုတ်တရက်လှုပ်ခတ်သွားလေသည်။ တချိန်တည်းမှာပင် သူ၏အနောက်ဘက်မှ ရဲဖော်ရဲဖက်တစ်ယောက်က အသံကုန်အော်ဟစ်ကာ အနောက်ဖက်မှလှမ်း၍ဖက်လိုက်လေသည်။
” ဂိုဏ်းတူညီမလေးလီ ” ထိုလူကအော်လိုက်သည်။ “ကိုယ်မင်းကိုရှာတွေ့ပြီ…”
မျက်စိတမှိတ်အတွင်း ရှင်းမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူ တစ်ဒါဇင်မှာ စတင်၍ရူးသွပ်ကုန်ကြသည်။ ဆေးမိနေသောကျင့်ကြံသူတစ်ဦးက သူ၏လက်နှစ်ဖက်ကို ဘေးသို့ဖြန့်လိုက်ပြီး အရှေ့မှအနောက်၊ အနောက်မှအရှေ့သို့ စတင်၍ပြေးလေသည်။ သူတို့ထဲမှ အခြားတစ်ယောက်မှာ ရူးနှမ်းနှမ်းဖြင့် ကယောင်ကတမ်းစကားများ စတင်၍ပြောလေသည်။ အခြားတစ်ယောက်မှာ ရုတ်တရက် အားရပါးရပြုံးလိုက်လေသည်။ အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးတည်းသာ ဆေး၏သက်ရောက်မှုကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။
” ငါ ပျံနေတယ်…။ ပျံနေတယ်…။ အဝေးကြီးကို ပျံနေတယ်…”
” ဒီနေရာက ဘာကြီးလဲကွာ။ လူတိုင်းပြန်ရောက်လာနေတယ်။အီးးး…”
“ဟားဟားဟား…။ ငါကနောက်ဆုံးတော့ နတ်အဆင့်ကိုရောက်သွားပြီကွ..။ အခုကစပြီး တစ်မိုးအောက်မှာ ငါကပြိုင်ဘက်ကင်းပဲကွ….”
ဆေးဒဏ်ခံနေရသော ဂိုဏ်းသားအချို့၏မျက်နှာတွင်ကြောက်ရွံ့နေသည့်အကြည့်များဖြစ်သွားပြီး အာခေါင်ခြစ်၍ အော်ဟစ်လိုက်ကြသည်။ ရုတ်တရက် သာယာမှုများရစ်မူးနေပုံရသည့် ကျင့်ကြံသူတစ်ဦးမှာ ချက်ချင်းဧရာမပုတ်သင်ကြီးထံသို့ပျံသန်းသွားလိုက်သည်။
” ဟေးး …ကလေးလေး..ပုတူတူလေး ” သူကပြောလိုက်သည်။
“မကြောက်ပါနဲ့။ ကိုယ်လာနေပြီနော်…”