မြွေပျံကြီးသည် အကြမ်းဖျင်းအားဖြင့် မီတာ ၃၀၀၀အရှည်ရှိပြီး လုံးပတ်မှာ မီတာ၃၀မျှရှိသည်။ ၄င်း၌ရှိသော ရှည်လျားကောက်ကွေးသော ချိုများနှင့် ချွန်ထက်သောခြေသည်းသုံးချောင်းတို့ကြောင့် မြွေတစ်ကောင်နှင့်ပင်မတူဘဲ နဂါးပျံကြီးတစ်ကောင်အလားပင်။
၄င်း၏အကြေးခွံများသည် နေရောင်အောက်တွင် မျက်စိကျိန်းမတတ် တဖျတ်ဖျတ်လက်နေပြီး အနီးကပ်ကြည့်ရှုကြည့်ပါလျှင် ၄င်းထံမှထွက်နေသော သန့်စင်မွန်မြတ်သောလေကို သတိပြုမိလေမည်။
၄င်းထံမှထွက်ပေါ်နေသော သားရဲဘုရင်အရှိန်အဝါကြောင့် သားရဲအားလုံး၏ ဧကရာဇ်မင်းသဖွယ်ဖြစ်နေရာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ တိုက်ပွဲဝင်သားရဲမှန်သမျှ ကြောက်လန့်တုန်ရီနေတော့သည်။ သူတို့၏ သွေးများအပေါ်သက်ရောက်နေသည့် ဖိအားကြောင့် သားရဲတစ်ကောင်မှ ထိုမြွေကြီးအား တန်ပြန်တိုက်ခိုက်ရန် စဥ်းပင်မစဥ်းစားရဲပေ။
ကောင်းကင်ချို မှင်ရည်နဂါးသာလျှင် ကြေးခွံများအဆုံးထိထောင်တက်သွားရင်း မာန်ဖီလိုက်သည်။
ကောင်းကင်နှင့်မြေပြင်တစ်ခွင် မှောင်မိုက်သွားပြီး လေပြင်းမုန်တိုင်းတိုက်ခိုက်လာတော့သည်။ အောက်ဖက်ရှိ အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ အလွန်တရာအံ့အားသင့်သွားကြပြီး အထိတ်တလန့် အော်လိုက်ကြသည်။
“ဒါ..ဒါ..က”
“နောက်ထပ် သားရဲဘုရင်.”
အောက်ပိုင်းဒေသ၏ကျင့်ကြံခြင်းကမ္ဘာတွင် သားရဲဘုရင်များမှာ မရှိသလောက် ရှားပါးရာ လူအနည်းစုတွင်သာ သူတို့ဘဝတစ်လျှောက်လုံး၌ တစ်ကောင်တစ်လေ မြင်နိုင်ရန် အခွင့်အရေးအလွန်နည်းပါးလေသည်။ ဘရူဆာမွေးဖွားလာခြင်းသည် မမျှော်လင့်ထားသော ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်လေသည်။
အလယ်ပိုင်းဒေသတွင်လည်း သားရဲဘုရင်များမှာ အလွန်တရာရှားပါး၏။ သို့သော်လည်း အလယ်ပိုင်းဒေသလွှမ်းမိုးချုပ်ကိုင်ထားသည့် နယ်နိမိတ်မှာ မည်မျှကျယ်ပြောကြောင်းထည့်တွက်ကြည့်ပါလျှင် လိုက်ရှာရန်မှာ မဖြစ်နိုင်ပေ။ အမှန်တကယ်ဆိုရလျှင် သားရဲဘုရင်အနည်းစုသည် နက်ရှိုင်းလှသော တောတောင်များအတွင်း ကျက်စားနေကြသည်။
မြွေပျံသားရဲကြီးပေါ်လာသည့် အခိုက်အတန့်၌ လီကျစ်မို မျက်နှာပျက်သွားပြီး မျက်လုံးများမှာတလက်လက်တောက်ပလျက် အပေါ်သို့ပျံတက်လိုက်သည်။ သူ၏ ယင်ယန်ဝိညာဥ်အရှိန်အဝါ ပေါ်ထွက်လာပြီး သူက အင်္ကျီလက်ကို ခါကာ အားပြင်းလှသော လေမုန်တိုင်းတစ်ခုအား မြွေပျံကြီးထံ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း ကျင့်ကြံခြင်းအခြေခံနှင့်ဖြစ်စေ အရှိန်အဝါအနေနှင့်ဖြစ်စေ မြွေပျံကြီးက ဘရူဆာထက် အလွန်တရာသာလွန်သည်မှာ သိသာထင်ရှားလေသည်။ ဘရူဆာက မွေးကင်းစကလေးလေးနှင့်တူပြီး မြွေပျံကြီးမှာ လူကြီးတစ်ယောက်အလားပင်။
လီကျစ်မိုနှင့် ဘရူဆာ၏နောက်တွင် တိမ်များကိုထိုးခွင်းသွားသည့် သွေးရောင် အလင်းတန်းအသွင်ပြောင်းသွားသော နောက်ထပ်အရှိန်အဝါတစ်ခုပေါ်ထွက်လာသည်။ ထိုသည်မှာ… ပိုင်ရှောင်ချန်းပင်။
ထို အလင်းတိုင်ကြီးသည် ပိုင်ရှောင်ချန်း၏ ချီနှင့်သွေးစွမ်းအားတို့မှ ဖြစ်ပေါ်လာပြီး သူ၏ ကောင်းကင်တာအိုရွှေအမြုတေကျင့်ကြံခြင်းအခြေကြောင့် ရွှေရောင်အလင်းများပင်လျှင် ယှက်သန်းနေတော့သည်။
“ဘယ်လိုတောင်လုပ်ရဲတာတုန်း” ပိုင်ရှောင်ချန်းက မျက်လုံးများသွေးချင်းချင်းနီလျက် အော်လိုက်သည်။ လေထဲသို့ ပျံတက်သွားရင်း ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ၏အိတ်ထဲမှ အမည်းရောင်အလင်းတစ်ခု ပျံထွက်လာလေသည်။ ၄င်းမှာ ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်ဖြည့်ထားသော သစ္စာမဲ့နဂါးဦးချိုဖြစ်ကာ မြွေပျံကြီးထံ တဟုန်ထိုးဦးတည်သွားလေသည်။
တချိန်တည်းမှာပင် သူက တတိယမျက်လုံးကိုဖွင့်လိုက်ရာ ထိုသတ္တဝါကြီးထံသို့ ခရမ်းရောင်အလင်းများ ပြေးဝင်သွားတော့သည်။
လီကျစ်မို၏ လေမုန်တိုင်းက မြွေပျံကြီးအား ရိုက်ခတ်သွားသဖြင့် မိုးကောင်းကင်နှင့်မြေပြင်တစ်ဝှမ်းတွင် တဂျုန်းဂျုုန်းထစ်ခြုန်းမြည်သံများ ပြည့်နှက်သွားတော့သည်။ တခဏကြာသော် ပိုင်ရှောင်ချန်း၏ သစ္စာမဲ့နဂါးဦးချိုသည်လည်း ကောင်းကင်တာအိုအရှိန်အဝါများတဟုန်းဟုန်းတောက်ရင်း နီးကပ်လာ၏။ မြွေပျံကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ကိုယ်သူကာကွယ်ရန်အတွက် အပြင်အားကိုအကာအကွယ်ယူ၍ အလျင်အမြန်ခွေလိုက်သည်။
လေမုန်တိုင်းပျက်စီးသွားသဖြင့် မယုံကြည်နိုင်လောက်အောင် ထစ်ခြုန်းမြည်ဟည်းသွားပြီး သစ္စာမဲ့နဂါးဦးချိုသည် ဘေးသို့လည်ထွက်သွားလေသည်။ တချိန်တည်းမှာပင် မြွေပျံကြီးသည်လည်း နောက်သို့ မီတာသုံးရာအထိ လွင့်ထွက်သွားတော့သည်။
ဘရူဆာက မြွေပျံကြီးဘက်လှည့်ကာ ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သို့သော်လည်း သူသည်လည်း စိတ်ပူပန်နေသည်။ သူ၏ ခရမ်းရောင်အမြုတေဆက်လက်ဖြစ်ပေါ်ရန် ထိပ်ဆုံးအဆင့်သို့ပင် ရောက်နေလေပြီ။
မြွေပျံကြီးက အန္တရာယ်ကြီးတစ်ခုဖြစ်သဖြင့် ဘရူဆာမှာ အလွန့်အလွန် အဆင်မပြေဖြစ်နေတော့သည်။ ထိုအခိုက်အတန့်တွင် သူ့ဘေး၌ ပုံရိပ်သေးသေးလေးတစ်ခုက ရုတ်တရက်ပေါ်လာပြီး သူ့ဘေးဘက်ပေါ်တွင် လက်လှမ်းတင်လိုက်သည်။
ဘရူဆာမှာ လောလောဆယ်တွင် မီတာသုံးရာအမြင့်ရှိနေသောကြောင့် ထိုပုံရိပ်လေးမှာ သူနှင့်ယှဥ်လျှင် အလွန်တရာသေးငယ်လှသည်။ သို့သော်လည်း သူ့ပေါ်တင်ထားသည့်လက်မှာ တောင်များကိုပင် လှုပ်ရမ်းပစ်နိုင်လောက်အောင် စွမ်းအားကြီးပုံရပြီး သူ့ကို ထိလိုက်သည်နှင့် ဒေါသနှင့်စိတ်လှုပ်ရှားမှုများအားလုံး ပျောက်ကွယ်သွားလေသည်။
ထိုပုံရိပ်မှာ ပိုင်ရှောင်ချန်းကလွဲ၍ တခြားလူမဟုတ်ပေ။
“မင်းရဲ့ အမြုတေအစီအရင်ပေါ်ပဲ အာရုံစိုက်ထား ” သူကပြောသည်။
” ကျန်တာ ငါ့တာဝန်ထား” သူက ခပ်ဝေးဝေးရှိ လောဘကြီးသောမြွေပျံကြီးအား စိုက်ကြည့်ရင်း ပြောလိုက်သည်။
အချိန်အနည်းငယ်ကြာသော် လီကျစ်မိုသည် ပိုင်ရှောင်ချန်း၏ဘေးတွင် ပေါ်လာပြီး အမြုတေအစီအရင်အဆင့် ဓမ္မစောင့်ရှောက်သူများသည်လည်း လေပေါ်ပျံတက်လာသည်။
တချိန်တည်းမှာပင် ဆန်းကြယ်နတ်ရေစင်အဖွဲ့၏ မန္တန်အစီအရင်စွမ်းအားများ ပေါ်ထွက်လာကာ မဟာဓားကိုးချောင်းအသွင်ဖြစ်ပေါ်ပေါင်းစပ်သွားပြီး ချက်ချင်းပင် မြွေပျံကြီးကို ချိန်လိုက်ကြသည်။
မြွေပျံကြီး၏အေးစက်စက်မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ၄င်းသည် သားရဲဘုရင်ဖြစ်ပြီး ယင်ယန်ဝိညာဥ်အဆင့် ရှိသည်။ သို့သော်လည်း ဤနေရာသည် အလယ်ပိုင်းဒေသ၏ ဂိုဏ်းကြီးလေးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်၍ မြွေပျံကြီးမှာ လုံးဝမလိုအပ်ပါလျှက်နှင့် တမင်ရန်စလိမ့်မည်မဟုတ်ပေ။
ဘရူဆာ၏ အမြုတေသည် အလွန်ဆွဲဆောင်အားကောင်းလှသဖြင့် ခံစားချက်များအတိုင်းလိုက်လာပြီး ခရမ်းရောင်အမြုတေကို လုယူရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဘရူဆာ၏ သားရဲဘုရင် အမြုတေဖြင့်ဆိုလျှင် ၎င်းအတွက် ယင်ယန်ဝိညာဥ်အဆင့်မှ နတ်အဆင့်သို့ အဆင့်တက်နိုင်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသားများသည် မြွေကြီးအားကြည့်ကာ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။ လီကျစ်မိုပင်လျှင် အမှန်တကယ်မလိုအပ်ပဲ ကောင်းစွာဖွံဖြိုးနေသော သားရဲဘုရင်တစ်ကောင်နှင့် ခိုက်ရန်မဖြစ်ပွားလိုပေ။
သားရဲဘုရင်များသည် သူတို့အတွက် တိုက်ခိုက်ပေးရန် သားရဲငယ်အများအပြားကို ဆင့်ခေါ်နိုင်လေသည်။ အကယ်၍ ထိုသို့ဆင့်ခေါ်ပါက အဏ္ဏဝါခေါ်သံဂိုဏ်းအနေဖြင့် အခက်တွေ့ပေလိမ့်မည်။
နှစ်ဖက်စလုံး ရှေ့လည်း မတိုးသာ နောက်လည်း မဆုတ်သာဖြစ်နေကြရာ တစ်ဖက်နှင့်တစ်ဖက် စိုက်ကြည့်နေကြသည်။ သို့သော်လည်း ထိုအချိန်တွင် ယင်ယန်ဝိညာဥ် နတ်ဘုရားအာရုံစီးကြောင်းများစွာ ပျံထွက်လာပြီး မြွေပျံကြီးကို ပစ်မှတ်ထားလိုက်ကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသည် သားရဲဘုရင်တစ်ကောင်နှင့် မတိုက်ခိုက်ချင်သော်လည်း ၄င်းက ဂိုဏ်းကိုတိုက်ခိုက်ရန် ကြံစည်နေသဖြင့် တိုက်ပွဲမဖြစ်ရန် သည်းမခံနိုင်တေါ့ပေ။ သားရဲကြီးကို ဘယ်လောက်ပင် ခက်ခဲသည်ဖြစ်ပါစေ သတ်မည်သာ ဖြစ်သည်။
လီကျစ်မို၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက ရေခဲတမျှ အေးစက်သော အသံဖြင့်ပြော၏။
” ခင်ဗျား ရဲ့ လက်ရှိ အဆင့်ရောက်တဲ့အထိ ကျင့်ကြံအားထုတ်လာတာကို ကြည့်ရပုံထောက်ရင်တော့..သားရဲဘုရင်ကြီးခင်ဗျား … တာအိုရောင်းရင်းလို့ ရင်းရင်းနှီးနှီး ခေါ်ပါရစေ။ ဒီနေ့. အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ လက်ရွေးစင်တိုက်ပွဲဝင်သားရဲက အမြုတေအဆင့်ကို တက်လှမ်းနေပါတယ်။ သဘောထားကွဲလွဲတာတွေမဖြစ်စေဖို့ တာအိုရောင်ရင်းခင်ဗျား… ဒီတိုင်းလေးထွက်ခွာသွားပေးနိုင်မလား”
မြွေကြီး၏မျက်လုံးများမှာ အလိုမကျမှုများဖြင့် တလက်လက်တောက်ပနေပြီး ဘရူဆာကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဘရူဆာအပေါ်ရှိ ခရမ်းရောင်အမြုတေမှာ တဖျတ်ဖျတ်တောက်ပလာတော့သည်။
ခရမ်းရောင်အမြုတေ….ဖြစ်ပေါ်လာသဖြင့် ထူးဆန်းသော အရှိန်အဝါက အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့လာတော့သည်။
ထိုအခိုက်အတန့်တွင် ဘရူဆာ၏မျက်လုံးများမှာ ခရမ်းရောင်အမြုတေ သူ့ပါးစပ်ထံဆင်းသက်လာသည်ကို စောင့်ကြည့်ရင်းစိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလေသည်။ မြိုချတော့မည်ဆဲဆဲမှာပင် သူ့နဘေးရှိ လေထုမှာ ပုံပျက်ရှုံတွသွားပြီး…. လက်တစ်ဖက်က ခရမ်းရောင်အမြုတေကို လှမ်းဆွဲလိုက်သည်။
လူတိုင်းသည် ထိုသို့ရုတ်တရက်ဖြစ်ပေါ်လာမှုကြောင့် လန့်သွားကြသည်။ ပိုင်ရှောင်ချန်းမှာမူ မျက်လုံးများ သွေးချင်းနီကာ သူ့နှုတ်ခမ်းများမှ ဒေါသတကြီးအော်သံထွက်ပေါ်လာကာ ဆန့်ထွက်လာသည့်လက်ပေါ်သို့ လက်သီးတစ်ချက်မဆိုင်းမတွ ထိုးချလိုက်လေသည်။
တချိန်တည်းမှာပင် အဏ္ဏဝါခေါ်သံတောင်ပေါ်မှ နှာမှုတ်သံသုံးခုထွက်ပေါ်လာပြီး ဖုန်းရှိန်ကျစ်၊ ဟန်ဇောင်နှင့် ခေါင်းဆောင်ကြီး ချီဟွမ်တို့က ချက်ချင်း တည်နေရာရွှေ့ပြောင်းကာရောက်ချလာသည်။ အံသြဖွယ်ကောင်းစွာ သူတို့သုံးယောက်အနက် မည်သူမှ ဂူပိတ်ကျင့်ကြံရာမှ ထွက်လာသည့်လက္ခဏာတစ်ခုမှ မပြပေ။ ကြည့်ရသရွေ့ သူတို့က အဖြစ်အပျက်များကို တချိန်လုံးအမှန်အကန်စောင့်ကြည့်နေခဲ့ပုံရသည်။ သူတို့ပေါ်လာချင်း လက်ကြီးကို ဝန်းရံလိုက်ကာ စွမ်းအားပြင်းနတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ကြသည်။
ဖုန်းရှိန်ကျစ်က စကားပြောလိုက်ရာ သူ၏အသံမှာ အက်ကွဲကွဲဖြစ်နေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များထွက်ပေါ်နေလေသည်။
“ခင်ဗျား အဏ္ဏဝါခေါ်သံဂိုဏ်း ကိုစောင့်ကြည့်နေတာ ကြာပြီးမလားး.. သားရဲဘုရင်မင်းကြီးရေ။ ခင်ဗျားကို ကျုပ်တို့ သတိမထားမိဘူးများ ထင်နေလား”
ခေါင်းဆောင်ကြီးသုံးဦး၏ တိုက်ကွက်များကြောင့် လေထဲတွင် နားကွဲမတတ်ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။ လက်သည် အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး ခရမ်းရောင်အမြုတေသည် ဘရူဆာထံ နိမ့်ဆင်းလာလေသည်။ သို့သော်လည်း တချိန်တည်းမှာပင် တိမ်တိုက်များထဲမှ တဟားဟားရယ်သံကြီးများပေါ်ထွက်လာကာ အလင်းတန်းသုံးခုက ရုတ်တရက်တဟုန်ထိုးဆင်းလာတော့သည်။
ထိုအလင်းတန်းများအတွင်း မှုန်ဝါးဝါးပုံရိပ်များရှိပြီး အကုန်လုံးမှာ ခရမ်းရောင်အမြုတေထံ အလင်းကဲ့သို့ အရှိန်ဖြင့် တဟုန်ထိုး ဦးတည်နေကြသည်။
” ငါအရင်တုန်းကထင်တာ ပြိုင်ဘက်ကင်းရတနာနည်းနည်း ထွက်လာတယ်ပေါ့..။ တကယ့်ကို သားရဲဘုရင်တစ်ကောင်ရဲ့ ခရမ်းရောင်အမြုတေဖြစ်နေမယ်လို့ ယုံတောင်မယုံနိုင်ဘူးဟေ့” အလင်းတန်းများအတွင်းမှ ကို့ရိုးကားယားရယ်သံများပေါ်ထွက်လာ၏။ သို့သော်လည်း ထိုအချိန်တွင် မန္တန်အစီအရင်ကြီးတုန်ခါသွားပြီး မဟာဓားကြီးတစ်ချောင်းထွက်ပေါ်လာကာ လာနေသည့် အလင်းတန်းများအား ခုတ်ချပစ်လိုက်သည်။
ထို့နောက်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းခေါင်းဆောင်ကြီးများစွာ ထပ်ပေါ်လာ၏။ လူတိုင်းက အစောပိုင်းကပေါ်လာသည့် ဖုန်းရှိန်ကျစ်နှင့် အခြားသူများနည်းတူ သူတို့ဂူပိတ်ကျင့်နေကြသည်ဟု ထင်နေခဲ့ကြသော်လည်း ထိုသည်မှာ အကြောင်းမဟုတ်ပေ။
မြွေပျံကြီးက မျက်လုံးများတလက်လက်တောက်ပနေရင်း ဘရူဆာထံ တဟုန်ထိုးဦးတည်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ အဖြစ်အပျက်များအား နားလည်သွားလေသည်။ လွန်ခဲ့သောလများက ဂိုဏ်းအတွင်းရှိသမျှအရာအားလုံး တည်ငြိမ်အေးချမ်းနေခဲ့သော်လည်း အကြောင်းမှန်မှာ လျှို့ဝှက်သူလျှိုအမြောက်အမြားထိုးဖောက်ဝင်ရောက်နေခဲ့ပြီး သူတို့ကို စောင့်ကြည်နေခဲ့ကြလေသည်။ ဘရူဆာ အမြုတေအဆင့်ရောက်ရန် ကြိုးပမ်းအားထုတ်ခြင်းသည် သူတို့ပုန်းကွယ်နေရာမှ ထွက်လာအောင် ဆွဲဆောင်နေသည့် အနှိုင်းမဲ့အခြေအနေတစ်ရပ်ဖြစ်နေတော့သည်။
ခေါင်းဆောင်ကြီးများမှာ ဂူပိတ်ကျင့်ကြံနေခြင်းမဟုတ်ဘဲ ဤသို့ဖြစ်လာစေရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင်ကြီးများသည် သူတို့၏ ရည်မှန်းချက်များအတွက် ဘရူဆာကို ခုတုံးလုပ်ရန်ကြိုးစားနေသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ ဘရူဆာသည် ထူးခြားသည်။ ဂိုဏ်းက ဖြစ်ပျက်လာမည့်အရာတို့ကို အသေအချာပြင်ဆင်ထားသော်လည်း သူက တစ်ချက်လေးလွှဲသွားမည်ကို အလွန်တရာ စိုးရိမ်နေလေသည်။ မျက်လုံးများ သွေးချင်းနီလျက် သူက ဒေါသတကြီးအော်လိုက်ပြီး သွေးဘိုးဘေးကြီးထံ တဟုန်ထိုးဦးတည်သွားတော့သည်။