အခန်း ( ၃၄ )

လမ်းလျှောက်နေသော ငွေထုပ်ကြီး

ဝမ်ပေါင်လဲ့က လျှိုတောက်ပင်း ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆောင်အား တာဝန်ယူထားသည်ကို အလွန် ကျေနပ်နေ၏။ သူသည် ချီအားဖြည့်ပညာရပ် ဒုတိယတွဲကိုလည်း အချိန်ပို၍ ပေးကာ အပြင်းအထန် လေ့ကျင့်နေသည်။ ဝိညာဉ်ကျောက်တုံးများအား သန့်စင်မှု ရှစ်ဆယ်ရာခိုင်နှုန်းနှင့် အထက်သို့ ရောက်အောင် သန့်စင်နိုင်ကြသူများသာ ထိုဒုတိယတွဲကို ရယူနိုင်သည်။ ထိုဒုတိယတွဲထဲတွင် ဓမ္မလက်နက်ဌာနထဲရှိ အခြား အဓိကပညာရပ်နှစ်ခုနှင့် ပတ်သက်သော အချက်လက်များကိုလည်း ဖော်ပြထားသည်။

ထိုပညာရပ်နှစ်ခုမှာ ကမ္ဗည်းစာနှင့် ဝိညာဥ်အမြုတေတို့ ဖြစ်ကြသည်။

ထိုအခိုက် ဝမ်ပေါင်လဲ့က အင်မော်တယ်ဂူထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ သူသည် မုန့်များကို စားသုံးရင်း ချီအားဖြည့်ပညာရပ် ဒုတိယတွဲကို လေ့လာနေသည်။ တာအိုကျောင်းသို့ စရောက်ခဲ့သည့် အချိန်ကကဲ့သို့ ဓမ္မလက်နက်ဌာနအကြောင်း မသိသေးသည့် လူတစ်ယောက် မဟုတ်တော့ပေ။ နှစ်ဝက်ကျော် ကုန်ဆုံးပြီးသွားပြီ ဖြစ်သောကြောင့် ထိုဌာန၏ အကြောင်းကို ကောင်းကောင်းနားလည်နေပြီ ဖြစ်သည်။

ထိုဓမ္မလက်နက်ဌာနမှာ ဓမ္မအဆောင်များကို သန့်စင်သည့် နေရာဖြစ်ကြောင်း သူက သိထားသည်။ ထိုသန့်စင်ခြင်း လုပ်ငန်းစဉ်ထဲတွင် အဆင့်ငါးဆင့် ရှိသည်။ ပထမ သုံးဆင့်ကို အဆင့်နိမ့်ကျွန်းတွင် လေ့လာနိုင်သည်။ နောက်ဆုံးနှစ်ဆင့်ကိုမူ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရသောအခါမှ လေ့လာနိုင်မည် ဖြစ်သည်။

” ဝိညာဉ်ကျောက်တုံး၊ ကမ္ဗည်းစာ၊ ဝိညာဥ်အမြုတေ၊ ပစ္စည်းသန့်စင်ခြင်း၊ ပုံသွင်းခြင်း ”
ဝမ်ပေါင်လဲ့မှာ မုန့်များကို စားသုံးရင်း တွေးတောနေ၏။

ချီအားဖြည့်ပညာရပ်၏ ဒုတိယတွဲတွင် အဆင့်အတန်း အမျိုးမျိုးရှိသော ဓမ္မအဆောင်များကို စတင်မိတ်ဆက်ထားသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်ရှိ ပစ္စည်းများကို ဓမ္မအဆောင်များဟု ခေါ်ကြသည်။ တတိယအဆင့်မှ ဆဋ္ဌမအဆင့်ထိရှိသော ပစ္စည်းများဆိုလျှင် နတ်ဘုရားရတနာများဟု ခေါ်ကြသည်။ သတ္တမအဆင့်ရှိ ပစ္စည်းများကိုမူ ဓမ္မလက်နက်များဟု ခေါ်ကြသည်။

ထို့အပြင် လက်နက်အမှတ်အသားများကိုလည်း ဖော်ပြထားသေးသည်။ ဓမ္မအဆောင်တစ်ခုမှာ တတိယအဆင့် နတ်ဘုရားရတနာတစ်ခု ဖြစ်လာသောအခါမှသာ ၎င်း၏ အဆင့်ကို ဖော်ပြသည့် သဘာဝအမှတ်အသားသုံးခု ပေါ်ပေါက်လာမည် ဖြစ်သည်။

ပြည်ထောင်စုအတွင်း လက်ရှိအသုံးပြုနေသော ဓမ္မအဆောင်သန့်စင်ခြင်း နည်းလမ်းများမှာ ရှေးဟောင်း ဧရာမဓားကြီး၏ အကျိုးအပဲ့များပေါ်တွင် မှတ်တမ်းတင်ထားသော နည်းလမ်းများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဓမ္မအဆောင်တစ်ခုကို သန့်စင်ရန်အတွက် ပထမဆုံးအဆင့်မှာ ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်ရန် ဖြစ်သည်။ ထိုသို့ အဆင့်ပြီးလျှင် ထိုဝိညာဉ်ကျောက်တုံးအား ကမ္ဗည်းစာလုံးများဖြင့် ရေးထိုးရမည် ဖြစ်သည်။

မတူညီသော ကမ္ဗည်းစာလုံးများက ဓမ္မအဆောင်များ၏ မတူညီသော အသုံးပြုနိုင်စွမ်းများနှင့် တိုးတက်ပြောင်းလဲနိုင်မည့် လမ်းကြောင်းများကို သတ်မှတ်ပေးကြသည်။ ဝိညာဉ်ကျောက်တုံးများမှာ အခြေခံအုတ်မြစ်ကဲ့သို့ ဖြစ်ကြပြီး ကမ္ဗည်းစာလုံးများမှာ အောက်ခံဘောင်နှင့် တူ၏။ ၎င်းတို့၏ အရေးပါမှုမှာ ကြီးမားလှသောကြောင့် ၎င်းတို့ကို ဓမ္မအဆောင်များ၏ ဗဟိုချက်များဟု ခေါ်ဆိုကြသည်။

ကမ္ဗည်းစာလုံးတိုင်းတွင် ထူးခြားသော အစွမ်းတစ်ခုစီ ရှိကြသည်။ ထိုကမ္ဗည်းစာလုံးများကို တစ်လုံးနှင့်တစ်လုံး ပေါင်းစပ်လိုက်မည်ဆိုပါက ပြောင်းလဲမှုများစွာ ထပ်၍ ထွက်ပေါ်လာမည် ဖြစ်သည်။ ဓမ္မအဆောင်တစ်ခုကို သန့်စင်ရန်အတွက် ခိုင်မာသောအခြေခံတစ်ခုကို ချမှတ်နိုင်ရန် လိုအပ်သည်။ ကမ္ဗည်းစာလုံးများကို ပို၍ကျွမ်းကျင်လေလေ အနာဂတ်တွင် ဓမ္မအဆောင်များအား သန့်စင်ရသည်မှာ ပို၍ လွယ်ကူလေလေ ဖြစ်သည်။

ထို့ကြောင့် ချီအားဖြည့်ပညာရပ် ဒုတိယတွဲထဲတွင် အတော်အတန် ရှည်လျားသော မှတ်တမ်းများ ပါရှိ၏။ ထိုမှတ်တမ်းများထဲတွင် ကမ္ဗည်းစာလုံး အမျိုးအစားအားလုံး ပါဝင်သည်။ ဝမ်ပေါင်လဲ့မှာ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သောအခါ ချီအားဖြည့်ပညာရပ် ဒုတိယတွဲထဲတွင် မှတ်တမ်းတင်ထားသည့် ကမ္ဗည်းစာလုံး အရေအတွက်က တစ်သိန်းထက် မနည်းနိုင်ကြောင်း သိလိုက်ရသည်။

ထိုအထဲတွင် ကမ္ဗည်းစာခန်းမမှ ထုတ်ပေးသည့် ကမ္ဗည်းစာ အဘိဓာန် မပါဝင်သေးပေ။ ထို အညွှန်းစာအုပ်ထဲရှိ ကမ္ဗည်းစာလုံး အရေအတွက်မှာ တစ်သန်းအထိ ရှိနေနိုင်သည်။ အကယ်၍ ကမ္ဗည်းစာလုံး တစ်လုံးနှင့်တစ်လုံး ယှဉ်တွဲပေါင်းစပ်သွားခြင်းကြောင့် ကမ္ဗည်းစာလုံးများ ပြောင်းလဲသွားမည် ဆိုပါက ထပ်၍ မှတ်သားရမည်သာ ဖြစ်သည်။ ၎င်းအား အချက်အလက် ပင်လယ်ကြီးတစ်ခုဟု နာမည်ပေးလျှင်တောင် ချဲ့ကားရာ ကျမည် မဟုတ်ပေ။

ဓမ္မလက်နက်ဌာနရှိ ခန်းမသုံးခုထဲမှ ကမ္ဗည်းစာခန်းမမှာ ကျောင်းသားများ၏ ကမ္ဗည်းစာလုံး မှတ်သားနိုင်စွမ်းကို စစ်ဆေးသည် ထိုကဲ့သို့ မှတ်သားနိုင်ရန်အတွက် မည်သည့် လှည့်ကွက်မှ မရှိသောကြောင့် အောင်မြင်မှုမှာ လူတယောက်ချင်းစီပေါ်တွင်သာ မူတည်၏။ စုစုပေါင်း ကမ္ဗည်းစာလုံး တစ်သန်းစလုံးကို မှတ်သားလေ့လာနိုင်ရန်မှာ အလွန် ခက်ခဲ၏။

ကမ္ဗည်းစာခန်းမ၏ လက်ရှိ ကျောင်းသားခေါင်းဆောင်ပင်လျှင် ကမ္ဗည်းစာလုံး အရေအတွက် လေးသိန်းကိုသာ မှတ်သားနိုင်သည်။ ထိုထက်ပို၍ မှတ်သားလိုပါက အရည်အချင်းရှိရန် လိုအပ်ရုံသာမက ဇွဲလုံ့လဝီရီယနှင့် အချိန်ရှိရန်လည်း လိုအပ်ပေသည်။

ကမ္ဗည်းစာလုံးများကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုလျှင် ထို မူရင်းကမ္ဗည်းစာလုံး တစ်သန်းကို အတိုင်းအတာ တစ်ခုအထိ ရောယှက်ပေါင်းစပ်ကာ အစွမ်းအသစ်များကို ဖန်တီးနိုင်သည်။ သို့သော် ထိုကဲ့သို့ ရောယှက်ပေါင်းစပ်နိုင်ရန်အတွက် အခြေခံအုတ်မြစ် ‌ကောင်းကောင်းတစ်ခု လိုအပ်သည်။ ဓမ္မအဆောင်သန့်စင်ခြင်း ဝိဇ္ဇာများသာ ထိုကဲ့သို့ လုပ်နိုင်ကြသည်။

ထိုကဲ့သို့ မှတ်သားရသည်မှာ အလွင် ခက်ခဲသောကြောင့် ကောင်းကင်တာအိုကျောင်း၏ ဓမ္မလက်နက်ဌာနမှ ကမ္ဗည်းစာခန်းမမှာ မှတ်သားနိုင်သည့် ကမ္ဗည်းစာလုံး အရေအတွက်ကိုသာ စစ်ဆေးကြသည်။ ကမ္ဗည်းစာလုံးအရေအတွက် တစ်သိန်းကျော် မှတ်သားနိုင်ပါက အောင်မြင်သွားမည်ဖြစ်ပြီး ဝိညာဥ်အမြုတေပညာရပ်ကို ဆက်၍ လေ့လာခွင့် ရသွားမည်ဖြစ်သည်။

ကမ္ဗည်းစာလုံး အရေအတွက်မှာ အလွန် များပြားလွန်းနေသည် ဖြစ်ရာ သာမန်လူတစ်ယောက်က ထိုစာလုံးများအားလုံးကို မှတ်သားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့အတွက် အထောက်အကူပြုပေးနိုင်သည့် ကမ္ဗည်းစာအဘိဓာန် ရှိနေရခြင်းဖြစ်သည်။ သို့သော် ကမ္ဗည်းစာ အဘိဓာန်မှာ စကားလုံးအဘိဓာန်နှင့် လုံးဝမတူညီပေ။ ထို့အပြင် အဆောင်များကို သန့်စင်ရာ၌ အချိန်စည်းကမ်းမှာ အလွန် တင်းကြပ်ပြီး ပြောင်းလဲမှုများစွာလည်း ပေါ်ထွက်လာတတ်သည်။ ကမ္ဗည်းစာ အဘိဓာန်အား ကြည့်ရှုစစ်ဆေးရန်အတွက် အချိန်လိုအပ်သလို ကိစ္စအဝဝကိုလည်း အခြေခံအဆင့်အထိ နားလည်ကျွမ်းကျင်ထားရန် လိုအပ်သေးသည်။ ထို့ကြောင့် ကမ္ဗည်းစာ အဘိဓာန်မှာ အသုံးဝင်ပါသော်လည်း ၎င်းမှ ပေးစွမ်းနိုင်သည့် အကူအညီ အထောက်အပံ့မှာ ကြီးကြီးမားမားတော့ မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ချီအားဖြည့်ပညာရပ် ဒုတိယတွဲထဲတွင် ကျန်ရှိနေသေးသည့် သင်ခန်းစာများကို အကြမ်းဖျင်း လေ့လာလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် လက်ရှိတွင် ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်နေပါသော်လည်း ဓမ္မလက်နက်များနှင့် ပတ်သက်သော ပညာရပ်ထဲသို့ ပထမဆုံးခြေလှမ်းသာ လှမ်းရသေးသည် ဖြစ်ကြောင်း နားလည်ထားသည်။

ငါ ဆက်ပြီးတော့ ကြိုးစားဖို့လိုတယ် …
ဝမ်ပေါင်လဲ့က ကမ္ဗည်းစာအဘိဓာန်ကို ကောက်ယူလိုက်ပြီး ၎င်းအား သာမန်ကာလျှံကာ လှန်လှောဖတ်ရှုလိုက်၏။ သူသည် ထူထဲလှသော မှတ်တမ်းများနှင့် တွန့်လိမ်ကောက်ကွေးနေသော ကမ္ဗည်းစာလုံးများကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ခေါင်းခဲသွားရ၏။

အနည်းငယ် ကြာပြီးနောက် သူသည် အံကြိတ်ကာ စတင် ကျက်မှတ်လိုက်တော့သည်။

သို့သော် ထိုကဲ့သို့ ကျက်မှတ်ခြင်းမှာ အတိုင်းအတာ တစ်ခုအထိသာ အသုံးဝင်၏။ ကမ္ဗည်းစာလုံး အရေအတွက် တစ်သန်းတိတိ ရှိနေသည်ဖြစ်ရာ သူ့ကိုယ်သူ မှတ်ဉာဏ်ကောင်းသည်ဟု ယုံကြည်ထားသော ဝမ်ပေါင်လဲ့ပင် ခိုကိုးရာမဲ့သလို ခံစားလိုက်ရတော့သည်။ ကမ္ဗည်းစာ အဘိဓာန်ထဲတွင် မှတ်ဉာဏ်ကို အထောက်အကူပြုနိုင်မည့် ဆေးလုံးတချို့ကို ဖော်ပြထားပါသော်လည်း ဝမ်ပေါင်လဲ့က ဝိညာဉ်ကွန်ရက်ပေါ်တွင် ရှာကြည့်လိုက်သောအခါ ထိုဆေးလုံးများမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ သန့်စင်ဆေးလုံးထက်ပင် ပို၍ရှားပါး၏။ ထိုကဲ့သို့သော ဆေးလုံးများကို ရရှိရန်မှာ ကံကောင်းရန် လိုအပ်သည်။

ထို့အပြင် ထိုဆေးလုံးများမှာ အသုံးဝင်ပါသော်လည်း နောက်ဆုံးတွင်မူ ဆေးယဉ်သွားမည်သာဖြစ်သည်။ အကယ်၍ ဆေးလုံးအများကြီး မှီဝဲမိပါက သွေးလေချောက်ချားမှုများကို ခံစားရနိုင်သည်။ ထို့ကြောင့် ဆေးလုံးများကိုသာ အားကိုး၍ ကျက်မှတ်ရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဆေးလုံးများကိုရှာဖွေရင်း သက်ပြင်းချလိုက်ပြီး သည်းညည်းခံ၍ တဖြည်းဖြည်းချင်း လေ့လာကျက်မှတ်နေလိုက်တော့သည်။

အချိန်များ လျင်မြန်စွာကုန်ဆုံးသွားပြီး သိပ်မကြာခင် နောက်ထပ် ရက်သတ္တပတ် ကုန်ဆုံးသွား၏။

ထိုရက်သတ္တပတ်အတွင်း သူ့ဆီသို့ ရက်တိုင်းနီးပါး လာလည်ခဲ့သည့် ကျောင်းသားများရှိခဲ့သည်။ သူတို့က သူ့ဆီသို့ လက်ဆောင်အမျိုးမျိုး ပေးပို့ခဲ့ကြပါသော်လည်း ဝမ်ပေါင်လဲ့ကမူ ချက်ခြင်းပင်ပြန်၍ ငြင်းဆန်ခဲ့သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိများကို ဖတ်ထားသောကြောင့် ထိုကိစ္စနှင့် ပတ်သက်လာလျှင် အလွန် ပြတ်သား၏။ တံစိုးလက်ဆောင်များကို ပြောင်ပြောင်တင်းတင်း ရယူခြင်းမှာ ဖြောင့်မတ်မှန်ကန်သော အရာတစ်ခု မဟုတ်ကြောင်း သူက သိထား၏။

ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ၏ လာရောက်လည်ပတ်မှုများနှင့် လက်ဆောင်များအပြင် အခြားဌာနများမှ ကျောင်းသားခေါင်းဆောင်များကလည်း သူ့အား ဂုဏ်ပြုလက်ဆောင်များကို ဆက်တိုက် ပေးပို့ခဲ့ကြသည်။ ၎င်းတို့မှာ ရိုးရှင်းသော လက်ဆောင်များ ဖြစ်ကြပါသော်လည်း ထို လက်‌ဆောင်အားလုံးထဲတွင် အသံလွှင့်လက်စွပ် အမှတ်အသားတစ်ခုစီ ပါ‌ဝင်နေ၏။ သူတို့က ဝမ်ပေါင်လဲ့နှင့် မိတ်ဆွေဖွဲ့ချင်နေကြသည်မှာ အထင်အရှားပင်။

ဝမ်ပေါင်လဲ့မှာ ထိုအခြားဌာနမှ ကျောင်းသားခေါင်းဆောင်များကို အထူးအလေးပေး၍ ဆက်ဆံလိုက်၏။ သူသည် လူမှုရေးအသိုင်းအဝိုင်းတစ်ခု၏ အရေးပါမှုကို နားလည်ထားသောကြောင့် သူတို့၏ လက်ဆောင်များကို လက်ခံလိုက်၏။ ထို့အပြင် သူသည်လည်း သူတို့ဆီသို့ လက်ဆောင်များ ပြန်၍ပေးပို့လိုက်သည်။ ထို့ကြောင့် သူတို့မှာ အပြင်တွင် မဆုံဖူးကြပါသော်လည်း ထိုနည်းဖြင့် ဆက်သွယ်နေကြတော့သည်။

နောက်ထပ်ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ကမ္ဗည်းစာလုံးများကို လေ့လာကျက်မှတ်ရခြင်းကြောင့် မူး‌နောက်နောက်ဖြစ်လာသော ဝမ်ပေါင်လဲ့က မှော်ဆေးရည်ဌာနရှိ အသီးအရွက် ကျောင်းသားခေါင်းဆောင်ဖြစ်သော ကျန့်လျန်ထံမှ လက်ဆောင်တစ်ခုကို ရရှိခဲ့သည်။ ထိုလက်ဆောင်မှာ အလွန် အဖိုးတန်ပြီး အခြားကျောင်းသားခေါင်းဆောင်များဆီမှ ရရှိခဲ့သော လက်ဆောင်အားလုံးထက် ပို၍ကောင်းမွန်၏။ ၎င်းမှာ မှတ်ဥာဏ်ကြည်လင်ဆေးလုံးတစ်လုံး ဖြစ်သည်။

ကမ္ဗည်းစာအဘိဓာန်ထဲတွင် ထိုဆေးလုံးအား လူတစ်ယောက်၏ မှတ်ဉာဏ်အား အထောက်ကူပြုပေးနိုင်သည့် ဆေးလုံးတစ်လုံးအဖြစ် မှတ်တမ်းတင်ထားသည်။ ထိုဆေးလုံးကို ဈေးကွက်ပေါ်တွင် ဝယ်ယူရန်မှာ ခက်ခဲပြီး ၎င်း၏ တန်ဖိုးမှာလည်း မနည်းပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် အံ့အားသင့်သွားရ၏။

သူသည် ထိုဆေးပုလင်းကို ကိုင်၍ အတွင်းထဲရှိ သလင်းကျောက်နှင့်တူသော ဆေးလုံးအား ကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားပြီး တခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူသည် အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်ပြီး လက်ဆောင်နှင့်အတူ ပါလာသော အမှတ်အသားကို အသုံးပြုကာ အသီးအရွက် ကျောင်းသားခေါင်းဆောင် ကျန့်လျန်၏ အသံလွှင့်လက်စွပ်နှင့် လှမ်း၍ ချိတ်ဆက်လိုက်တော့သည်။

တခဏအကြာတွင် ကျန့်လျန်နှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်လိုက်နိုင်၏။ ဝမ်ပေါင်လဲ့မှာ အရင်ဆုံး သူ၏ ဆေးလုံးများအတွက် ယဉ်ကျေးပျူငှာစွာ ကျေးဇူးတင်လိုက်၏။ သူတို့နှစ်ဦးက စကားစမြည် ပြောဆိုလိုက်ကြပြီးနောက် ကျန့်လျန်မှာ ဝမ်ပေါင်လဲ့အား မှော်ဆေးရည်ဌာနသို့ ဖိတ်ခေါ်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးကြောင့် ဇဝေဇဝါ ဖြစ်နေလောက်မည် ဖြစ်ကြောင်း ရိပ်မိခဲ့၏။ ထို့ကြောင့် ကျန့်လျန်မှာ ပြုံးရယ်နေသည့်လေသံဖြင့် အသံလွှင့်လက်စွပ်မှတစ်ဆင့် လှမ်း၍ပြောလိုက်သည်။

” ညီလေးပေါင်လဲ့ရေ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အစ်ကိုက ဆေးလုံးတစ်လုံးကို သန့်စင်နေရင်း ဒယ်အိုးမီးအတွက် မီးစာအဖြစ် အသုံးပြုဖို့ သန့်စင်မှု ကိုးဆယ်ရာခိုင်နှုန်းအထက်ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အသည်းအသန် လိုနေလို့ကွာ။ ညီလေးသိတဲ့အတိုင်း အဲဒီလိုမျိုး ဝိညာဉ်ကျောက်တုံးတွေက စျေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့မရဘူးလေ။ အဲဒီတော့ အစ်ကိုက မင်းဆီမှာ ပူဆာဖို့ တွေးမိသွားလို့ပါ ”

ဝမ်ပေါင်လဲ့မှာ ကျန့်လျန်၏ စကားများကို ကြားလိုက်ရသောအခါ အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် အသံအကျယ်ကြီးဖြင့် အော်ရယ်လိုက်ပြီး ကျန့်ချန်၏ ကမ်းလှမ်းချက်ကို ငြင်းဆန်မနေတော့ဘဲ သူ၏ ဖိတ်ကြားမှုကို လက်ခံလိုက်၏။

ထိုအခါ ကျန့်လျန်မှာလည်း အလွန် ကျေနပ်သွားပြီး ဝမ်ပေါင်လဲ့နှင့် အချိန်းအချက် ပြုလုပ်ကာ စကားကို အဆုံးသတ်လိုက်တော့သည်။

ကောင်းကင်တာအိုကျောင်းထဲတွင် ဌာနမတူညီကြသည့် ကျောင်းသားခေါင်းဆောင်များမှာ အချင်းချင်းကြားတွင် ဖော်ရွေသော ဆက်ဆံရေးများရှိကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးလာအောင်လုပ်ရန်လည်း ဆန္ဒရှိကြ၏။ သူတို့အားလုံးမှာ တူညီသော အဆင့်အတန်းများတွင် ရှိနေကြသည့် လူများမဟုတ်ပါလော။ အကယ်၍ သူတို့၏ ခင်မင်ရင်းနှီးမှုများမှာ အဆင့်တစ်ခုအထိ ရောက်သွားမည်ဆိုပါက တစ်ယောက်ကိုတစ်ယောက် အကျိုးပြုနိုင်မည် ဖြစ်သည်။

ရပ်အနည်းငယ် ကြာပြီးနောက် ဝမ်ပေါင်လဲ့က ချိန်းဆိုထားသော အချိန်သို့ ရောက်သောအခါ သူ၏ နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူက မှော်ဆေးရည်ဌာနဆီသို့ လျှောက်လှမ်းသွားလိုက်၏။

ဝမ်ပေါင်လဲ့က ကောင်းကင်တာအိုကျောင်းထဲတွင် ရှိနေခဲ့သည်မှာ နှစ်တစ်ဝက်တိတိ ရှိနေပြီဖြစ်သော်လည်း သူ၏ အချိန်အများစုကို ဓမ္မလက်နက်တောင်ထိပ်ပေါ်တွင်သာ ကုန်ဆုံးစေခဲ့သည်။ အခြားဌာနများသို့ သူ သွားလေ့သွားထ မရှိပေ။ ယခုမှာ သူ့အတွက် မှော်ဆေးရည်ဌာနသို့ သွားလည်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် မှော်ဆေးရည်တောင်ထိပ်ပေါ်တွင် လမ်းလျှောက်နေရင်း သူ၏ ပတ်ပတ်လည်တွင် ထူးထပ်ပေါများစွာ ပေါက်ရောက်နေသော အသီးအရွက်များ၊ အဆောင်များနှင့် အဆောက်အဦများကို ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် ဓမ္မလက်နက်ဌာနနှင့် မှော်ဆေးရည်ဌာနကြားရှိ ခြားနားချက်ကို ချက်ချင်းပင် သတိထားမိလိုက်သည်။

” ဒီနေရာမှာရှိတဲ့ ဝိညာဉ်ချီက ဓမ္မလက်နက်ဌာနမှာရှိတဲ့ ဝိညာဉ်ချီထက် ပိုပြီးတော့ ကြွယ်ဝတာပဲ။ ပြီးတော့ ပိုပြီးတော့လည်း နူးညံ့သိမ်မွေ့မှုရှိတယ် ”
ဝမ်ပေါင်လဲ့က မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်အား လေ့လာထားသောကြောင့် ဝိညာဉ်ချီများကို ကောင်းမွန်စွာ အာရုံခံနိုင်စွမ်း ရှိ၏။

သူသည် ထိုကဲ့သို့ တအံ့တသြနှင့် ရှေ့သို့ဆက်၍ လျှောက်လှမ်းလာရင်း ဘေးနားတစ်ဝိုက်ရှိ လေထုထဲမှ ဆေးရနံ့တစ်ခုကို အာရုံခံမိလိုက်သည်။ သူသည် ရှေ့သို့ လျှောက်လှမ်းလာလေလေ ထိုရနံ့မှာ ပို၍ မွှေးအီလာလေလေ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် မှော်ဆေးရည်တောင်ထိပ် တစ်ခုလုံး ထိုဆေးရနံ့ဖြင့် လွှမ်းခြုံနေကြောင်း သိလိုက်ရတော့သည်။

သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသော ဆေးရနံ့မှာ သူ၏ ကျင့်ကြံခြင်းကို အထောက်အကူ မပြုနိုင်ပါသော်လည်း စိတ်ဓာတ်များကို တက်ကြွသွားစေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ အဆောက်အဦတိုင်း၏ အပြင်ဘက်တွင် ဆေးပင်များ စိုက်ထားသည့် ဥယျာဉ်များ ရှိနေကြပြီး စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်နေကြသည့် ကျောင်းသားများစွာကို လှမ်း၍ မြင်လိုက်ရသည်။

ထို့အပြင် လမ်းမကြီးတစ်လျှောက် ဆိုင်ခန်းများ ဖွင့်နေကြသည့် ကျောင်းသားများကိုလည်း မြင်လိုက်ရသေးသည်။ သူတို့က သူတို့ သန့်စင်ထားသော ဆေးလုံးများကို ကြော်ငြာနေကြသည်။ တချို့ မှော်ဒယ်အိုးများကိုပင် ရောင်းချနေကြ၏။ လူများစွာက ဘေးမှ ဖြတ်သွားကြရင်း ထိုပစ္စည်းများကို ကြည့်ရှုနေကြသည်။ သူတို့ နှစ်သက်သော ပစ္စည်းများကို ချက်ချင်း ဝယ်ယူလိုက်ကြသည့် လူတချို့လည်း ရှိကြ၏။

ထိုမြင်ကွင်းမျိုးကို ဓမ္မလက်နက်ဌာနထဲတွင် မမြင်ရနိုင်ပေ။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ဆက်သွားနေရင်း မှော်ဆေးရည်ဌာနမှာ ပို၍ရိုးရှင်းပြီး တပ်မက်စရာကောင်းသည်ဟု မှတ်ယူလိုက်တော့သည်။ အထူးသဖြင့် ကျောင်းသူအရေအတွက်မှာ ပို၍များနေသောကြောင့် မျက်လုံးအေးပေသည်။

” ဒီနေရာက တော်တော်ကိုကောင်းတာပဲ။ ငါ မှော်ဆေးရည်ဌာနကို ရွေးချယ်ခဲ့သင့်တာ ”
ဝမ်ပေါင်လဲ့မှာ မှော်ဆေးရည်ဌာနကြောင့် အံ့အားသင့်နေရစဉ်တွင် ဆိုင်ခန်းများဖွင့်နေကြသည့် မှော်ဆေးရည်ဌာနမှ ကျောင်းသားအများစုမှာ သူ့အား သတိထားမိသွားကြ၏။ သူတို့က ဝမ်ပေါင်လဲ့အား ချက်ချင်းပင် မှတ်မိသွားကြသောကြောင့် လေသံတိုးတိုးဖြင့် ရေရွတ်ကာ ဆွေးနွေးငြင်းခုံနေကြတော့သည်။

ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာ အလွန် ကျော်စောနေပြီဖြစ်သည်။ သူ တာအိုကျောင်းထဲသို့ ဝင်ခဲ့သည့်အချိန်မှစ၍ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့သည် အဖြစ်အပျက်များကြောင့် နာမည်ကြီးနေပြီဖြစ်သည်။ အထူးသဖြင့် သူသည် ကျောင်းသားခေါင်းဆောင်အဖြစ်သို့ ရာထူးတက်သွားသောကြောင့် ပို၍ပင် လူသိများသွားခဲ့၏။ ထိုသတင်းမှာ တာအိုကျောင်းတစ်ခုလုံးသို့ ပျံနှံ့သွားခဲ့သည်။ သူ၏ ဂုဏ်သတင်းမှာ အလွန် မွှေးပျံ့လှသောကြောင့် အခြား ဌာနအမျိုးမျိုးမှ ကျောင်းသားများပင် သူ့အကြောင်းကို ကြားဖူးထားကြပြီဖြစ်သည်။

” အဲဒါ ဝမ်ပေါင်လဲ့ပဲ ”

” ဓမ္မလက်နက်ဌာနက ‌လူတွေက အစကတည်းက ချမ်းသာတာ။ ဝမ်ပေါင်လဲ့က ကျောင်းသားခေါင်းဆောင်မလို့ သန့်စင်မှုကိုးဆယ်ရာခိုင်နှုန်းအထိ ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်နိုင်စွမ်း ရှိတယ်လို့ ငါ ကြားထားတယ်။ သူက လမ်းလျှောက်နေတဲ့ ငွေထုပ်ကြီးနဲ့ အတူတူပဲ ”

” ဟွန်း။ ဘာများ ကြီးကျယ်လို့လဲကွာ။ သူက ဝိညာဉ်ကျောက်တုံးတွေ သန့်စင်တာလောက်ပဲ လုပ်တတ်တာပါ။ ငါတို့ရဲ့ မှော်ဆေးရည်ဌာနကို လုံးဝ ယှဉ်နိုင်မှာမဟုတ်ပါဘူး ”

သူရောက်နေသည့် နေရာမှာ ဓမ္မလက်နက်ဌာန မဟုတ်သောကြောင့် ကျောင်းသားများက သူ့အကြောင်း ဆွေးနွေးရာတွင် သူ့အား ကြောက်ရွံ့နေသည့် အရိပ်အယောင် မရှိကြပေ။ ဓမ္မလက်နက်ဌာန၏ ငွေရိုက်ထုတ်သော ဂုဏ်သတင်းကြောင့် အခြားဌာနများမှာ မနာလိုဖြစ်ကာ အားကျနေရသည်ဖြစ်ရာ တချို့လူများမှာ မစားရသည့် စပျစ်သီး ချဉ်နေသည့်အလား ပြုမူနေကြ၏။

ဝမ်ပေါင်လဲ့မှာ ခန္ဓာအချုပ်အနှောင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် နားအလွန်ပါးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ထို ဆွေးနွေးငြင်းခုံသံများကို ကြားလိုက်ရသဖြင့် မျက်ခုံးများပင့်ကာ ပြုံးလိုက်၏။ ထို့နောက် သူသည် ဆိုင်ခန်းထောင်ထားသော ကျောင်းသားများဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ သူ ရောက်လာသောအခါ ကျောင်းသားအားလုံး သူ့အား ဝိုင်းကြည့်နေကြသည်။

ဝမ်ပေါင်လဲ့ကမူ လူအုပ်ကြီး၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူတို့ ရောင်းချနေသော ဆေးလုံးများကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူသည် ညာလက်ကိုမြှောက်ကာ ဆေးလုံးအချို့အား လက်ညှိုးထိုးပြလိုက်သည်။

” ဒီဆေးလုံးနဲ့ အဲဒီဆေးလုံး။ အဲ့နှစ်လုံးကို ဖယ်လိုက် ”
ဝမ်ပေါင်လဲ့က ဆံပင်အား မြင်းမြီးပုံစံ ကျစ်ဆံကဲ့သို့ ကျစ်ထားသည့် ကောင်မလေးတစ်ယောက် ဖွင့်ထားသော ဆိုင်ခန်းအား လက်ညှိုးထိုး၍ ပြောနေခြင်း ဖြစ်သည်။ ထိုကောင်မလေးမှာ မနာလိုသောလေသံဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ သူမမှာ ဝမ်ပေါင်လဲ့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ စစချင်း ဆွံ့အသွားရပါသော်လည်း တခဏအကြာတွင် အံ့အားသင့်ကာ ကျေနပ်သွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သာမန် ဆေးလုံးနှစ်လုံးကိုသာ ဝယ်ယူမည့်ပုံ ပေါက်နေသောကြောင့် သူမ၏ စိတ်အားထက်သန်မှုများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရတော့သည်။

ထို့ကြောင့် သူမမှာ နှုတ်ခမ်းဆူလိုက်ပြီး စိတ်ထဲတွင် ဓမ္မလက်နက်ဌာနမှာ အခြားသူများ ထင်ထားသလောက် အံ့ဩစရာမကောင်းကြောင်း ‌တွေးလိုက်၏။ သူ၏ ငွေသုံးစွဲပုံမှာ အခြားဌာနမှ ကျောင်းသားများထက်ပင် ပို၍ လျော့နည်းနေ၏။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့ လက်ညှိုးထိုးပြခဲ့သော ဆေးလုံးများကို ပျင်းရိပျင်းတွဲဖြင့် ကောက်ယူလိုက်၏။ သို့သော် သူမက ထိုဆေးလုံးများကို ဝမ်ပေါင်လဲ့အား ပေးရန် ပြင်လိုက်စဉ်မှာပင် သူက ဝင်ပြောလိုက်၏။
” ငါ အဲ့ဆေးလုံးနှစ်လုံးကို မလိုချင်ဘူး။ တခြားဟာတွေ အကုန်ယူမှာ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထို မြင်းမြီးပုံစံ ကျစ်ဆံမြီးနှင့် ကောင်မလေးမှာ မျက်လုံးများပြူးသွားတော့သည်။ သူမမှာ အတန်ငယ် မှင်တက်သွားရပြီး ဆိုင်ခန်းဖွင့်ထားသည့် အခြားကျောင်းသားများနှင့် ဆေးလုံးများ ရွေးချယ်နေကြသည့် ကျောင်းသားများပင်လျှင် အသားများ တုန်ရီသွားကြတော့သည်။ ထို့နောက် သူတို့အားလုံး ဝမ်ပေါင်လဲ့အား ဝိုင်းကြည့်လိုက်ကြ၏။

” ဘာလဲ။ မရောင်းဘူးလား ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အလွန် ကျေနပ်သွားသည်ဟန်ဖြင့် ချောင်းဟန့်လိုက်၏။ သို့သော် သူ၏ အမူအရာမှာမူ တည်ငြိမ်မှုအပြည့် ရှိနေသည်။ သူသည် ဆေးလုံးဝယ်နေသည်နှင့်ပင် မတူဘဲ ဈေးထဲတွင် ဂေါ်ဖီထုပ်များ ဝယ်နေသကဲ့သို့ပင်။

” ရောင်း… ရောင်းမှာပေါ့ရှင့် ”
ထိုမြင်းမြီးပုံစံ ကျစ်ဆံမြီးနှင့် ကောင်မလေးမှာ အလွန် စိတ်လှုပ်ရှားသွား၏။ သူမသည် တွေဝေမနေတော့ဘဲ အလောတကြီးဖြင့် ထိုဆေးလုံးများအားလုံးကို ထုပ်ပိုးကာ ဝမ်ပေါင်လဲ့အား လှမ်း၍ပေးလိုက်၏။ ထို့နောက် သူမက အတန်ငယ် တွေးတောလိုက်ပြီး ထိုအထုပ်အပိုးများကို ကိုင်ကာ ဝမ်ပေါင်လဲ့၏ နောက်တွင် ရပ်နေလိုက်တော့သည်။

” ကျောင်းသားခေါင်းဆောင် ကိုယ်တိုင် ဒါတွေကို သယ်နေစရာ မလိုပါဘူး။ ကျမ သယ်ပေးပါ့မယ်။ နောက်ကျရင်လည်း တစ်ခုခု လိုချင်တာရှိရင် ကျမကို အချိန်မရွေး ပြောလို့ရတယ်။ ဒီလိုလုပ်ပါလား … ကျောင်းသားခေါင်းဆောင်ကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကို ကျမကို ပေးထားလိုက်လေ။ တစ်ခုခု လိုချင်တာရှိရင် ကျမကိုယ်တိုင် ကျောင်းသားခေါင်းဆောင်ရဲ့ နတ်ဝိဇ္ဇာဂူဆီကို ယူလာပေးမယ် ”
ထိုကောင်မလေး၏ ရုပ်ရည်မှာ သာမန်သာဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် စွဲမက်ဖွယ်ရာ ကောင်းနေ၏။ သူမမှာ စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုကို ခပ်ရေးရေး မြင်နေရသည်။

” ကောင်းပြီလေ။ အဲဒါဆိုလည်း ငါ့အတွက် သယ်ခဲ့လိုက် ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အခြားဆိုင်ခန်းတစ်ခန်းဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ ဆိုင်ခန်းများဖွင့်ထားကြသည့် ကျောင်းသားအားလုံးနီးပါး ကျားမ၊ မရွေး အလွန် စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့က ရှေ့သို့ပြေးထွက်လာကြပြီး အကောင်းဆုံးကြိုးစားကာ သူတို့၏ ဆေးလုံးများကို ကြေညာလိုက်ကြတော့သည်။

” ကျောင်းသားခေါင်းဆောင်က အရမ်းခန့်တာပဲ။ ဒီ ဆေးလုံးတွေကို တစ်ချက်ကြည့်လိုက်။ အဲဒီ ဆေးလုံး တစ်လုံးချင်းစီတိုင်းကို ကျနော်ကိုယ်တိုင် သန့်စင်ထားတာ ”

” ကျောင်းသားခေါင်းဆောင်ခန့်ချောကြီး။ ကျမဆီမှာလည်း ဆေးလုံးတွေရှိတယ်ရှင့်။ လာကြည့်လှည့်ပါဦး ”

ဝမ်ပေါင်လဲ့မှာ မကြာသေးမီက မနာလိုသော အမူအရာများဖြင့် ရှိနေခဲ့သည့် လူများမှာ သူ့အား ချက်ချင်းဆိုသလိုပင် မြှောက်ပင့်နေကြသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းသာချလိုက်တော့သည်။ သူသည် ဓမ္မလက်နက်ဌာနမှ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် မှော်ဆေးရည်ဌာနမှ လူများအား ဓမ္မလက်နက်ဌာန၏ ငွေကြေးသုံးစွဲပုံကို ပြသရမည်ဟု တွေးလိုက်၏။ ထို့ကြောင့် သူသည် များများစားစား တွေးမနေတော့ဘဲ သူ၏ လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်တော့သည်။

” ဝယ်မယ်ဟေ့ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ပတ်ပတ်လည်ရှိ မှော်ဆေးရည်ဌာနမှ ကျောင်းသားအားလုံး ချက်ချင်းပင် စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြတော့သည်။ သူတို့ထဲမှ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ သူတို့၏ မျက်နှာလေးများမှာ ရှက်သွေးဖြာသွားကြ၏။ သာမန်ရုပ်ရည်ရှိသူများပင် နီရဲနေပြီး ရှက်သွေးဖျာနေသော မျက်နှာ‌လေးများကြောင့် တစ်မျိုးတစ်ဖုံ စွဲမက်စရာ ကောင်းသွားတော့သည်။ ထို့ကြောင့် ထိုနေရာသို့ အသီးအရွက်ခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်သော ကျန့်လျန် အပြေးရောက်ရှိလာသောအခါ အရွယ်အစားမျိုးစုံရှိသော အိတ်များကိုလွယ်၍ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ဝိုင်းနေကြသည့် အဖွဲ့တစ်ဖွဲ့ကို လှမ်း၍ မြင်လိုက်ရ၏။ သူတို့အားလုံး ထူးဆန်းသောအရိပ်အရောင်များ ပြည့်နှက်နေကြသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ဆက်သွယ်နိုင်မည့် အချက်အလက်များကို တောင်းဆိုနေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset