အခန်း ( ၃၃ )

အရည်အချင်းကင်းမဲ့သော ပိုင်ရှောင်ချန်း

ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများများနှင့် အထူးသဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံလိုက်ရသော ဂိုဏ်းသားများက ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ လူအများစုမှာ စတင်အော်ဟစ်နေကြတော့သည်။

“အရှက်မရှိလိုက်တာကွာ။ မင်းတော်တော် အရှက်တရားကင်းမဲ့တဲ့ ကောင်ပဲကွ ပိုင်ရှောင်ချန်းရ။”

“အဲ့ဒီနည်းနဲ့နိုင်တာ ဘောင်မဝင်ဘူးကွ။ ငါတို့အကုန်အသိပဲ။”

” သူ့ကို ပြိုင်ပွဲကနေထုတ်ပေးပါ။”

လူအုပ်ကြီးဆီမှ မကျေမနပ် ဒေါသတကြီး ဆဲဆိုသံများထွက်လာသဖြင့် ပိုင်ရှောင်ချန်းပင်လန့်၍ ထခုန်မိသည်။ ဤအချိန်တွင် သူ၏ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့အတတ်ကို ထုတ်ကြွားလိုက်လျှင် ပရိတ်သတ်မှာ ဒေါသမီးများတိတ်သွားမည်မဟုတ်ပဲ အခြေအနေ ပို၍ပင်ဆိုးသွားနိုင်ကြောင်း သူသိလိုက်သည်။ ထို့​ကြောင့် သူက အကြီးအကဲစွန်းဘက်သို့ လှည့်၍ ခပ်မြန်မြန်ပြောလိုက်သည်။

“အကြီးအကဲစွန်း။ ကျွန်တော် ပထမ ရတာမလား။ အခုပဲ ကြေငြာပေးလိုက်ပါတော့ဗျာ။”

အကြီးအကဲစွန်းကမူ ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။ လီချင်းဟောက်မှာလည်း ပိုင်ရှောင်ချန်းကို ပြိုင်ပွဲဝင်ပြိုင်ခိုင်းရာတွင် ပထမရသွားမည်ဟု ထင်မှတ်ထားခြင်းမရှိခဲ့ပေ။

အကြီးအကဲစွန်းမှာ ခေါင်းခါပြီး ရယ်လိုက်ကာ

” အာ…. ဒီလိုပဲလုပ်ရတော့မှာပဲ။ ပြိုင်ပွဲမှာ ပထမ ရရှိသွားသူကတော့ ပိုင်ရှောင်ချန်းဖြစ်ပါတယ်။” ဟု ကြေငြာလိုက်သည်။

ထိုအခါ လူတိုင်းက ပိုင်ရှောင်ချန်းကို ဒေါသတကြီး ဝိုင်းကြည့်နေကြသ​ည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အမှန်တကယ်ထက်မြက်သူဟု သတ်မှတ်ထားသော်လည်း ပရိသတ်လူအုပ်ကြီးမှာ များလွန်းလှ၍ ကြောက်ဒူးတုန်လာတော့သ​ည်။ သူ ဤအန္တရာယ် အပေါင်းလွှမ်းခြုံနေသောကွင်းကြီးထဲမှ သူထွက်ခွာရန်ပြင်လိုက်စဥ်မှာပဲ ဘေးကရပ်ကြည့်နေသူများ၏ ကူညီဖေးမမှုကြောင့် တုလင်ဖေးမှာ ပြန်သတိလည်လာပြီး ထထိုင်လိုက်လေသ​ည်။ သူမသည် အံကြိတ်လျှက် အသက်ပြင်းပြင်းရှူကာ ပိုင်ရှောင်ချန်းကို ဒေါသတကြီးကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ပိုင်ရှောင်ချန်း။ ငါအရှုံးမပေးသေးဘူး ”

ခပ်မာမာလေသံဖြင့် သူမက ” နင် ပထမရတယ်ဆိုတာ ငါပေးလိုက်လို့ပါကွာ။ နင် ပထမရသွားလို့လဲ ငါနင့်ကိုမုန်းနေတာတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ နင်သတ္တိရှိရင် နောက်တစ်ပွဲ ပြန်​ပြိုင်ရဲလား။” ဟု အော်ဟစ်နေတော့သည်။

ပိုင်ရှောင်ချန်သည်ကား လှောင်ရယ်ရယ်လိုက်ပြီး​ ရှေ့သို့ဆက်၍ လျှောက်သွားသည်။ သူကား ဒီရူးနေသောမိန်းမနှင့် ထပ်၍ တိုက်ခိုက်ရလောက်အောင် မရူးသွပ်ပေ။ အကယ်၍ သူမ ထပ်၍ မေ့မြောသွားလျှင် အမှုပတ်မည်မှာလည်း ကြောက်ရသေးသည်။

” ငါနင့်ကို မှော်ပညာနဲ့ တိုက်ခိုက်မှာမဟုတ်ဘူးနော်။” သူမက ဆက်ပြောသည်။

” အပြင်စည်းဂိုဏ်းသား ဖြစ်တဲ့ ငါတိူ့၂ယောက်လုံး​က မွှေးရနံတိမ်တောင်ရဲ့ သမားတော်တွေဆိုတော့ အပင်နဲ့ အသီးအရွက်မှာ ကျွမ်းကျင်မှုချင်း ပြိုင်မယ်။ ဘယ်လိုလဲ။ ”

တုလင်ဖေးကမူ တစ်ပြားမှ မာန်မလျှော့သေးပဲ ပိုင်ရှောင်ချန်းကို စေ့စေ့ကြည့်ကာ ဆုံးဖြတ်ချက်အပြည့်ချပြီးသော လေသံဖြင့် ဖြည်းညင်းစွာပြောကြားလိုက်သည်။ ထို့နောက် သူမကပင် ဆက်လက်၍

” နင်ငါ့ကိုနိုင်ရင် ငါ့ရဲ့ ထင်းရှူးသစ်သားဓားကို အပိုင်ပေးမယ်။ ဒါပေမယ့် နင်ငါ့ရဲ့ စိန်ခေါ်မှုကို လက်မခံရင်တော့ နောင်တ ကောင်းကောင်း ရစေရမယ်။”

ပိုင်ရှောင်ချန်းမှာ လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်လိုက်သည်။ အပင်နှင့်အသီးအရွက်ဆိုသည့် စကားကိုကြားလိုက်ရသောအခါ သူမနေနိုင်တော့ဘဲ တုလင်ဖေးဘက်သို့ လှည့်ကြည့်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ရပ်သွားသော်လည်း တွန့်ဆုတ်နေသေးသည်ကို မြင်၍ သူမက ထပ်ပြီး ရန်စသောလေသံဖြင့် လောင်းကြေးမြှင့်လိုက်သည်။

” ပိုင်ရှောင်ချန်း။ နင်ငါ့ကို အပင်နဲ့အသီးအရွက်တွဲမှာ အသာရရင် ငါ ဒီ တိမ်ပျံအမွှေးတိုင်ကိုပါ ထပ်ပေးမယ်ဟာ။” ထိုသို့ဆိုရင်း သူမက ခရမ်းပြာရောင်ရှိသော အမွှေးတိုင်တစ်ချောင်းကို ထုတ်ပြလိုက်သည်။

ထိုအမွှေးတိုင်မှ စိတ်စွမ်းအင်များ ပေါ်ထွက်နေပြီး ပတ်ဝန်းကျင်ရှိ အပြင်စည်းဂိုဏ်းသားများ၏ မျက်လုံးတွင် အားကျမှုများဖြင့် ပြည့်နှက်သွားသည်။

” အဆင့်တစ် စိတ်စွမ်းအင်ဆေးပဲ။ တိမ်ပျံအမွှေးတိုင်တဲ့ဟ။ အဲ့တာနာမည်ကြီး အဆင့်တစ်စိတ်စွမ်းအင်ဆေးလေ။ စျေးက အသေကြီးတာ။ ချီစုစည်းမှုအဆင့်၇အောက်မှာရှိတဲ့ လူတွေအတွက် အလွန်အသုံးဝင်တယ်ကွ။”

” တုလင်ဖေးက ချီစုစည်းမှု အဆင့်ငါးကို ကျော်ဖြတ်ရအောင်လို့ စွမ်းဆောင်မှုရမှတ်တွေ အများကြီးသုံးပြီးဝယ်ထားတာပဲနေမှာ။ ”

” ဂိုဏ်းတူအစ်မတု ရဲ့ အပင်နဲ့အသီးအရွက်မှာ ကျွမ်းကျင်မှုက ဆေးပေါင်းတစ်သောင်းအဆောင်ရှေ့က ပထမဆုံးကျောက်တိုင်၃တိုင်မှာ ထိပ်ဆုံး အယောက်၂၀အတွင်း ဝင်တယ်ကွ။ သေချာပါတယ်.. ပိုင်ရှောင်ချန်း ဒီတစ်ခေါက်တော့ရှုံးပြီ။”

ပိုင်ရှောင်ချန်းမှာ တိမ်ပျံမြက်ပင်အကြောင်းလေ့လာစဥ်က တိမ်ပျံ အမွှေးတိုင်အကြောင်း ဖတ်ခဲ့ဖူးသဖြင့် ထိုအမွှေးတိုင်ကို မြင်မြင်ချင်း မျက်မှန်းတန်းမိလိုက်သည်။ သူစိတ်လှုပ်ရှားသွားပြီး လူများက တုလင်ဖေးသည် ကျောက်တိုင်များ၏ ထိပ်ဆုံး အယောက်၂၀ထဲဲတွင်သာ ပါကြောင်းပြောဆိုနေသည်ကို ကြားလိုက်သောအခါ မျက်လုံးများမှာ အရောင်တောက်လာသည်။

နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ မယုံကြည်နိုင်သော လေသံဖြင့် ထစ်ငေါ့စွာ

” နင်….နင်က အပင်နဲ့ အသီးအရွက်ကျောက်တိုင်တွေပေါ်မှာ ထိပ်ဆုံး အယောက်၂၀ထဲပါတာလား။” ဟုမေးလိုက်သည်။

ထိုသို့မေးလိုက်ခြင်းမှာ သူကြားရသောအရာများက မှန်မမှန်သိချင်၍သာ မေးလိုက်ခြင်းဖြစ်သည်။

“နင် ပြိုင်မှာလား မပြိုင်ဘူးလားပဲပြော ” တုလင်ဖေးကစိတ်မရှည်သောလေသံဖြင့် အံကြိတ်ရင်းမေးလိုက်သည်။

ပိုင်ရှောင်ချန်းက ကြောက်ရွံ့သောလေသံဖြင့် မချင့်မရဲ ပြန်ဖြေလိုက်သည်။

” ဒါပေမဲ့ငါကပထမ၃တွဲပဲ လေ့လာရသေးတာဟ။”

” ငါပြောနေတာလည်း အဲ့တာပဲလေ။ ပထမ၃တွဲနဲ့ပတ်သတ်တဲ့ ကျွမ်းကျင်မှုချင်းပြိုင်မယ်။ လာစမ်းပါ ဇမရှိဘူးလား။ ” တုလင်ဖေးက ပေါက်ကွဲတော့မည့်ပုံစံဖြင့် ဒေါသတကြီး ပြန်ပြောသည်။

“အေးဟေ့ အေးဟ။ ပြိုင်မယ် ပြိုင်မယ်။ ကျေနပ်ပြီးလား။” ဟု သူက စိတ်မပါလက်မပါ ပြန်ဖြေလိုက်သည်။ သူသည် အပြင်ပန်းတွင် ငိုမဲ့မဲ့ရုပ်ဖြစ်နေသော်လည်း စိတ်ထဲတွင်မူ အပြုံးပန်းများဝေဆာနေသည်။ ဒီကောင်မလေး ဉာဏ်တိမ်လှချည်လားဟုပင် တွေးနေတော့သည်။

ပိုင်ရှောင်ချန်း၏ လက်ခံစကားကိုကြားလိုက်ရသောအခါ လူအုပ်ကြီးက သူ့ကိုဝိုင်း၍ လှောင်ကြလေသည်။ တုလင်ဖေးက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်စွမ်းအင်အနည်းငယ်စုစည်းလိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို ငြိမ်သက်စေလိုက်သည်။ ပိုင်ရှောင်ချန်းကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်ရင်း အကြီးအကဲကျိုးရှေ့သွားကာ လက်ယှက်၍ ဦးညွှတ်လိုက်သည်။

” အကြီးအကဲရှင့်။ ဂိုဏ်းသူ တုလင်ဖေး ပိုင်ရှောင်ချန်းကို အပင်နဲ့ အသီးအရွက်အတွဲမှာ ကျွမ်းကျင်မှုချင်း ယှဥ်ပြိုင်ဖို့ အကြီးအကဲကို မျက်မြင်သက်သေအဖြစ် နေပေးစေလိုပါတယ်ရှင့်။” သူမက ရိုကျိုးစွာ တောင်းဆိုလိုက်သ​ည်။

တုလင်ဖေးအပေါ် အကြီးအကဲစွန်း၏ လေးစားမှုများမှာ ပို၍ပင်တိုးလာလေသည်။ သူက မှုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ပြုံးကာ ဆိုလိုက်သည်။

” ကောင်းပြီလေ။ ငါမျက်မြင်သက်သေလုပ်ပေးမယ်။ ဒါပေမဲ့ အခုဟာက အပင်နဲ့ အသီးအရွက်တွေအ​ကြောင်းဆိုတော့ အနိုင်အရှုံးဆုံးဖြတ်ဖို့ ဂိုဏ်းချုပ်ကို တာဝန်ပေးတာ ပိုကောင်းမယ် လို့ထင်တယ်။”

သူက လီချင်းဟောက်ကို ကြည့်လိုက်သည်။ လီချင်းဟောက်က ပိုင်ရှောင်ချန်းကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ တုလင်ဖေးကမူ လီချင်းဟောက်ဘက်သို့ လှည့်ကာ လက်ယှက်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။

ပိုင်ရှောင်ချန်းလည်း နာမည်တစ်လုံးရရန် အန္တရာယ်များသော တိုက်ခိုက်ပွဲများဝင်စရာမလိုပါလား ဆိုသည်ကို သိလိုက်ရသဖြင့် ဝမ်းမြောက်နေတော့သည်။ သူက စောစောကလို ငိုတော့မည့်ရုပ်မပေါက်တော့ပဲ လက်ရွေးစင်တစ်ယောက်အလား ဝင့်ကြွားနေသည့်အသွင်ဖြင့် ခေါင်းမော့ရင်ကော့ကာ လူအုပ်ကြီးကို ကြည့်လိုက်သည်။ တုလင်ဖေးကမူ သူ့ကို အေးစက်စွာဖြင့် ပြက်ရယ်ပြုနေ၏။

ထိုအချိန်တွင် လီချင်းဟောက်က ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးကိုကြည့်ကာ တည်ကြည်သောလေသံနှင့်

” အပင်နဲ့ အသီးအရွက် တာအိုက ခန့်မှန်းရခက်တယ်။ ပထမ၃တွဲပဲပြိုင်မယ်သာပြောတာ အဲ့ဒီသုံးတွဲထဲမှာကို အမျိုးအစား အများကြီးပါတယ်။ ဒီနေ့ ငါမင်းတို့ကို စိန်ခေါ်မှု၂ခုနဲ့ ယှဥ်ပြိုင်ခိုင်းမယ်။ ဘယ်သူနိုင်မလဲ ကြည့်ကြတာပေါ့။” ဟု စည်းကမ်းချက်ကို ကြေငြာလိုက်ကာ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး အစေ့၂စေ့ကို ထုတ်လိုက်သည်။

” ဒီ ပန်းပင်အစေ့တွေကို စိတ်စွမ်းအင်နဲ့ ရောစပ်လို့ရတယ်။ မင်းတို့ရဲ့ အပင်နဲ့အသီးအရွက်အတွဲမှာ ကျွမ်းကျင်မှု အဆင့်ပေါ်မူတည်ပြီး စိတ်စွမ်းအင်ပန်းပွင့်တွေ ပွင့်လာလိမ့်မယ်။ ဒီနည်းနဲ့ ပထမပွဲမှာ အနိုင်အရှုံးသတ်မှတ်မယ်။” ဟု ခပ်တိုတို ရှင်းပြလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ အစေ့၂စေ့ကို ပိုင်​ရှောင်ချန်းနှင့် တုလင်ဖေးဆီသို့ အသီးသီး ပေးလိုက်သည်။

တုလင်ဖေးကမူ တုံ့ဆိုင်းမနေပဲ အစေ့ကို ချက်ချင်း ဖမ်းလိုက်သ​ည်။ တစ်ချိန်ထဲမှာပင် လီချင်းဟောက်က ဆေးလုံးတစ်လုံးကို သူမဆီသို့ လှမ်းပစ်ပေးလိုက်၏။ သူမက ထိုဆေးလုံးကိုဖမ်းလိုက်ရင်း အံ့ဩတုန်လှုပ်သည့်အမူအရာတစ်ခု မျက်နှာထက်တွင် ပေါ်ထွက်လာသည်။

“အဲ့ဒီဆေးလုံးသောက်ပြီး မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို ပြန်လုပ်လိုက် ” ဟု လီချင်းဟောက်က တည်ငြိမ်စွာ ပြောကြားလိုက်သည်။ ထိုအခါ တုလင်းဖေ၏မျက်နှာမှာ ဝင်းလက်သွားကာ ကျေးဇူးတင်ကြောင်းပြောပြီး ဆေးလုံးကိုသောက်လိုက်သည်။ အနည်းငယ်မျှကြာသောအခါ သူမ၏ခန္ဓာကိုယ်မှာတုန်ခါသွားပြီး မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ အပြည့်အဝ ပြန်ဖြစ်သွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ ထိုအချင်းအရာကို သိပ်မကျေနပ်သော်လည်း ဘာမှဝင်မပြောရဲပေ။ လက်ထဲရှိ စိတ်စွမ်းအင်သစ်စေ့ကိုသာ ငုံ့ကြည့်လိုက်ပြီး အနီးကပ်လေ့လာလိုက်တော့သည်။

” ဘာလဲ။ မမှတ်မိဘူးလား။” တုလင်ဖေးက သရော်သည့်လေသံဖြင့် မေးလိုက်သည်။

” ငါပြောပြမယ်။ အဲ့တာ အပြာရောင်ဆူးလေးပင် စိတ်စွမ်းအင်သစ်စေ့ပဲဟ။” ဟု နှိမ်သည့်လေသံဖြင့်ပြော၍ ပိုင်ရှောင်ချန်းကို လျစ်လျူရှူလိုက်ပြီး သူမ၏ စိတ်စွမ်းအင်ကို လည်ပတ်စေလိုက်ကာ လက်ထဲရှိ သစ်စေ့ထဲသို့ စီးဝင်သွားစေလိုက်သည်။

ချက်ချင်းပင် အစေ့မှ မြစိမ်းရောင် အညွှန့်လေးတစ်ခု ပေါ်ထွက်လာပြီး တစ်မီတာ၏ သုံးပုံပုံ တစ်ပုံရောက်သည်အထိ လျှင်မြန်စွာကြီးထွားသွားတော့သည်။ ထို့နောက် အပြာရောင် စိတ်စွမ်းအင်ပန်းတစ်ပွင့် ဖူးပွင့်လာပြီး ဆက်၍ကြီးထွားနေတော့သည်။

ပိုင်ရှောင်ချန်းမှာထိုအရာကိုကြည့်လိုက်ပြီး သူ၏သစ်စေ့ကို ပြန်အာရုံစိုက်လိုက်ကာ အသေးစိတ် လေ့လာနေတော့သည်။

လီချင်းဟောက်သည် ပိုင်​ရှောင်ချန်းကို တစ်ချိန်လုံးကြည့်နေပြီး မကြာမီ သူ၏မျက်ဝန်းများထဲတွင် အံ့သြမှုများဖြင့် ပြည့်နှက်လာသည်။

ပိုင်ရှောင်ချန်းသည် မတ်တတ်ရပ်ကာ တွေးတောနေစဥ် ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများကမူ တုလင်ဖေးကိုသာ ကြည့်နေကြသည်။ သူမ၏လက်ထဲရှိ အပင်မှာ တစ်မီတာ၏ ၃ပုံ ၂ပုံခန့် ရှိနေပြီး ဒုတိယမြောက်ပန်းပွင့်ပင် ပွင့်နေလေပြီ။

ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်အချို့ကို သူ၏အစေ့ထဲသို့ ထည့်လိုက်သောအခါ တုလင်ဖေး၏ စိတ်စွမ်းအင်အပင်မှာ ပန်းပွင့်၃ပွင့် ပွင့်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ စိတ်စွမ်းအင်ကို ပုံသေမစီးဆင်းစေပဲ အစုလိုက် အပြုံလိုက် အစေ့ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့အပြင် အညွှန့်ထွက်လာသောအခါ ပထမဆုံးအညွှန့်လေးများကို လေနှင့်ပင်မှုတ်ထုတ်ပစ်လိုက်သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ကုန်ဆုံးသွားသောအခါ တုလင်ဖေး၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး အံကြိတ်နေသည်။ သူမ၏နောက်ဆုံးကျန်သော စွမ်းအင်များဖြင့် ၆ပွင့်မြောက် ပန်းပွင့်ကို ပွင့်စေလိုက်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အပင်ကို သူမ၏ဘေးသို့ချရင်း လက်ယှက်ကာ လီချင်းဟောက်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

လီချင်းဟောက်က ခေါင်းငြိမ့်ကာ

” ဝိညာဥ်ပန်းပွင့် ၆ပွင့်။ ၆ပွင့်စလုံး အဆင့်လွန်အဆင့်မှာရှိတယ်။ တော်ပါပေတယ်။” ဟု ချီးကျူးလိုက်သည်။

သူမကိုယ် သူမကျေနပ်သွားသောအခါ တုလင်ဖေးက ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ သူ၏ဝိညာဥ်အပင်မှာ တစ်မီတာ၏ ၃ပုံပုံ၁ပုံ ပင်မရှိသေးသည်ကို မြင်လိုက်ရသောအခါ သူမ၏ လှောင်ရယ်သံမှာ ပို၍ပင်ကျယ်လာသည်။

ဘေးနားရှိအပြင်စည်းဂိုဏ်းသားများကမူ စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

” ဂိုဏ်းတူအစ်မတု က နာမည်ကြီးနေတာနဲ့ လိုက်ဖက်ပါပေတယ်။ အပြာရောင်ဆူးလေးပင် စိတ်စွမ်းအင်အပင်ကနေ ပန်းပွင့်၆ပွင့်တောင် ထွက်အောင်လုပ်နိုင်တယ်။ အံ့သြစရာပဲ။ ပိုင်ရှောင်ချန်းကတော့ ပန်းတစ်ပွင့်တောင် ပွင့်အောင် မလုပ်နိုင်သေးဘူး။ အလကား အာပလာကောင်ပါကွာ။”

” အပင်တွေကို စိတ်စွမ်းအင်နဲ့ ကြီးထွားအောင်လုပ်တဲ့ ​ပြိုင်ပွဲတွေမှာ ပထမဆုံး အစေ့ကို လေ့လာရတယ်။ ပြီးတော့ ထူးခြားဆန်းပြားတဲ့ စိတ်စွမ်းအင်ရောစပ်နည်းတွေသုံးပြီး ကြီးထွားအောင်လုပ်ရတာကွ။ အဲ့ပြိုင်ပွဲတွေမှာတော့ ဂိုဏ်းတူအစ်မတုက အများစုထက်သာတယ်။” လူအုပ်ကြီးထဲမှ တုလင်ဖေးကို ချီးကျူးအားပေးသံများ ထွက်လာသည်။

ထိုစကားသံများကြားထဲတွင် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်အပင်မှာ တဖြည်းဖြည်းချင်း တစ်မီတာ၏ ၃ပုံပုံ၁ပုံအထိ ရှည်ထွက်လာသည်။ ထို့နောက် ရှုံတွနေသော အပြာရောင်ပန်းတစ်ပွင့်ပေါ်ထွက်လာသည်။ တုလင်ဖေး၏ ပန်းပွင့်များနှင့် ယှဥ်လိုက်သောအခါ သူ့ပန်းပွင့်မှာ အဟာရချို့တဲ့နေဟန်ရှိသည်။ ထိုပန်းပွင့်ကို မြင်သော် လူအုပ်ကြီးထဲမှ ရယ်သံအချို့ပင်ထွက်လာသည်။ သို့သော်လည်း ချက်ချင်းပင် ဒုတိယမြောက်ပန်းပွင့် ထွက်လာလေသည်။ ထို့နောက် တတိယမြောက်၊ စတုထ္ထမြောက်၊ ပဥ္စမမြောက်၊ ဆဌမမြောက်၊ သတ္တမမြောက် ပန်းပွင့်များက ဆက်တိုက် ဖူးပွင့်လာသည်။

အသက်တစ်ခါရှူချိန်အတွင်း ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်အပင်မှာ ပန်းပွင့် ၉ပွင့်ထွက်လာတော့သည်။

ထိုအချင်းအရာကြောင့် အကုန်လုံး တုန်လှုပ်သွားကာ မယုံမကြည်ဖြစ်ကုန်ကြသည်။

တုလင်ဖေးကမူ သူမအတွက် စိတ်ကူးထဲပင်မရှိဖူးသော မြင်ကွင်းကိုမြင်နေရသလိုပင်။

” အပြာရောင်ဆူးလေးပင် စိတ်စွမ်းအင်အပင်က တစ်မီတာရဲ့ ၃ပုံပုံ၁ပုံမှာမှ ပန်းတစ်ပွင့် ပွင့်တာလေ။ ဘာလို့ သူ့အပင်က တစ်မီတာရဲ့ ၃ပုံပုံ၁ပုံပဲ ရှိသေးတာကို ပန်းပွင့် ၉ပွင့်ထွက်နေရတာလည်း။” သူမကား မှင်သက်နေသည်။

သို့သော်လည်း ထိုအရာများမှာ မပြီးဆုံးသေးပေ။ အပြာရောင်ပန်း၉ပွင့် ပွင့်လာသောအခါ ပိုင်ရှောင်ချန်းက မျက်လုံးမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ အလျှင်အမြန် မှုတ်ထုတ်လိုက်သည်။ ထို အသက်ရှူထုတ်လိုက်ခြင်းတွင် စိတ်စွမ်းအင်များပါဝင်ပြီး ထိုစွမ်းအင်များသည် ပန်း၉ပွင့်ပေါ်တွင် ကျသွားသောအခါ မျက်စိတစ်မှိတ်အတွင်း ပန်းပွင့်များမှာ လှုပ်ခါသွားပြီး အရောင်ပြောင်းသွားတော့သည်။ မကြာမီပင် သူတို့သည် အပြာရောင်မဟုတ်တော့ပဲ မဲနယ်ရောင်ဖြစ်သွားကြသည်။

မဲနယ်ရောင်ဆိုသည်မှာ အပြာရောင်ကဆင်းသက်လာခြင်းဖြစ်ပြီး ပို၍ရင့်ကာ ပို၍နက်နဲသိမ်မွေ့သော အရောင်တစ်မျိုးဖြစ်သည်။

ဖြစ်ပျက်နေသည်များကို လူများကမြင်လိုက်သောအခါ သူတို့၏မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြူးကုန်ကြသည်။

” အဲ့ဒီအပင်က အပြာရောင်ဆူးလေးပင်မှ မဟုတ်တာပဲ။”

” မဲနယ်ရောင်ဆူးလေးပင်ပဲ။ သူ့ရဲ့အစေ့က အပြာရောင်ဆူးလေးပင် အစေ့နဲ့ ချွတ်စွတ်နီးပါးကိုတူတာ။ အဲ့အစေ့ကို အပြာရောင်ဆူးလေးပင်မှာသုံးတဲ့ စိတ်စွမ်းအင်ရောစပ်နည်းနဲ့သုံးမိရင် အပြာရောင်ဆူးလေးပင်ပဲထွက်လာတာကွ။ အစေ့ကိုတော ဖြုံးတီးသလိုဖြစ်တာပေါ့ကွာ။” ပရိသတ်ဆီမှ မှတ်ချက်များက ဟိုတစ်စ ဒီတစ်စထွက်လာသည်။

လူတိုင်းမှာ တုန်လှုပ်နေပြီး ပိုင်ရှောင်ချန်း ကို မယုံသင်္ကာအကြည့်များဖြင့် ကြည့်နေကြသ​ည်။

ပိုင်ရှောင်ချန်းကမူ မျက်လုံးဖွင့်လိုက်ပြီး မဲနယ်ရောင်ဆူးလေးပင်ကို ဘေးသို့ချလိုက်သည်။ လှောင်ရယ်ရယ်လိုက်ရင်း နောက်ဘက်သို့လက်ယှက်လိုက်ကာ တုလင်ဖေးကို ကြည့်လိုက်လေသည်။

သူ၏ အပင်နှင့်အသီးအရွက်ကျွမ်းကျင်မှုမှာ မှန်းဆ၍မရလောက်အောင် မြင့်မားနေပြီဖြစ်သ​ည်။ အစေ့ကို တစ်ခဏတာ လေ့လာလိုက်ရုံမျှနှင့် ကွဲပြားချက်များကို သတိထားမိပြီး မည်သည်အစေ့ဖြစ်ကြောင်း အလွယ်တကူ​ပြောနိုင်သည်။

တုလင်းဖေ၏ မျက်နှာက အရောင်မျိုးစုံပြောင်းလဲသွားသည်။ သူမအတွက်မူ တစ်စုံတစ်ယောက်က သူမ၏ပါးကိုရိုက်လိုက်သည့်အလားပင်။ နောက်သို့ ​ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သူမ၏ အပြာရောင်ဆူးလေးပင်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်း၏ မဲနယ်ရောင်ဆူးလေးပင်ကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်နှာ နီမြန်းသွားသည်။ စောစောကပင် ပိုင်ရှောင်ချန်းကို ဗဟုသုတနည်းသော လူအဖြစ် သူမကလှောင်ပြောင်ခဲ့သည်မဟုတ်ပါလော။ ယခုမှာမူ ပိုင်ရှောင်ချန်းက သူမသ​ည် သစ်စေ့ကို ဖြုန်းတီးလိုက်ပြီ ဖြစ်ကြောက်း သက်သေပြလိုက်လေပြီ။

” ဒီပိုင်ရှောင်ချန်းဆိုတဲ့ သတ္တဝါက တော်တော်ကို ကံကောင်းနေတာပဲ။” သူမက အရှုံးကိုလက်မခံချင်သော စိတ်ဖြင့် အံကြိတ်ကာ တွေးနေသ​ည်။

” ငါက အပြာရောင်ဆူးလေးပင်လို့ ယူဆလိုက်တယ်။ သူကတော့ မဲနယ်ရောင်ဆူးလေးပင်ဆိုပီး ခန့်မှန်းလိုက်တာဖြစ်မယ်။ သူ ကံကောင်းသွားတာရယ်။ ဘာမှ အစေ့ကို အမျိုးအစားခွဲခြားနိုင်တာမဟုတ်ဘူး။”

လီချင်းဟောက်က တည်ကြည်စွာပြောလိုက်သည်။

” ပထမပွဲကို ပိုင်ရှောင်ချန်းအနိုင်ရရှိသွားပါတယ်။”

“အဲ့ဒီအစေ့က တကယ် မဲနယ်ရောင်ဆူးလေးပင်အစေ့ပါ။ အပြာရောင်ဆူးလေးပင်အစေ့မဟုတ်ပါဘူး။ ပုံစံကတော့ဆင်တူပဲ။ ဒါပေမဲ့ အ​ကြောတွေက မတူဘူး။ အသေးစိတ် မစစ်ဆေးမိရင် မှားဖို့လွယ်တယ်။”

ပိုင်ရှောင်ချန်းကိုကြည့်ရင်း သူကထပ်၍ လက်ကိုဝှေ့ယမ်းလိုက်သောအခါ စိတ်စွမ်းအင်အပင်တစ်ပင်ပေါ်လာသည်။

ထိုအပင်ကား အလွန်ထူးကဲပီး အရောင်လေးရောင်ပါကာ ပုံစံမတူသော သစ်ရွက်ကိုးရွက်ပါသည်။ အဖြူရောင်ပန်းတစ်ပွင့်နှင့် အနက်ရောင်ပန်းတစ်ပွင့်လည်းပါသည်။ ထိုပန်းနှစ်ပွင့်ကိုကြည့်ရသည်မှာ တစ်ပွင့်နှင့် တစ်ပွင့်အားပြိုင်နေသည့်အလားပင်။ ထိုအပင်သည် တစ်ပင်ထဲဟုထင်ရသော်လည်း သေချာကြည့်လိုက်လျှင် ကိုင်းဆက်ကာစိုက်ပျိုးထားသော အပင်ဖြစ်ကြောင်း သိနိုင်လေသည်။

“ပထမပွဲက စိတ်စွမ်းအင်သုံးပြီး အပင်ကြီးထွားအောင်လုပ်ရတာ။ ဒုတိယပွဲကတော့ အမျိုးအစားခွဲဲခြားရမယ်။ ဒီအပင်က အပင်အများကြီးကနေ ကိုင်းဆက်ပြီး စိုက်ပျိုးထားတဲ့အပင်ပဲ။ ကိုင်းဆက်ထားတဲ့ အရေအတွက်အများဆုံးနဲ့ မှန်မှန်ကန်ကန် ပြောနိုင်တဲ့လူကို အနိုင်ပေးမယ်။”

.

လီချင်းဟောက်က ထိုအပင်ကို သူ၏ရှေ့တွင်ပျံဝဲစေလိုက်ပြီး ပိုင်ရှောင်ချန်းကို လှမ်ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းကို ဂိုဏ်းထဲသို့ခေါ်လာသူဖြစ်ပြီး ပိုင်ရှောင်ချန်း ဘာများအံ့အားသင့်ဖွယ် ထပ်လုပ်ပြဦးမလဲဟု သိချင်နေမိသည်။

တုလင်းဖေကား အံကြိတ်လိုက်သည်။ သူမ၏အတွေးထဲတွင် စောစောက ပေါ့ဆမိ၍သာ ရှုံးခြင်းဖြစ်သည်ဟု ခံယူထားသည်။ ယခုတွင်မူကား သူမမှာ အာရုံအပြည့်အဝစိုက်နေလေပြီ။ ကျောက်စိမ်း ပုရပိုက်ကိုထုတ်လိုက်ကာ စိတ်စွမ်းအင်အပင်ဆီသို့ သွားလိုက်သည်။

ပိုင်ရှောင်ချန်းလည်း ရှေ့ထွက်လာပြီး အပင်ကိုစစ်ဆေးသောအခါ သူ၏မျက်လုံးများမှာ တောက်ပလာတော့သည်။ စစ်ဆေးနေရင်းနှင့် ကျောက်စိမ်းပုရပိုက်ထဲတွင် အမှတ်အသားများ မှတ်ထားလေသည်။ အနည်းငယ်ကြာသောအခါ တုလင်ဖေးက နှာခေါင်းပွတ်ကာ နောက်ဆုတ်လိုက်ပြီး ပိုင်​ရှောင်ချန်းကို တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် အပင် ( ၈ )မျိုး တိတိ ခွဲခြားနိုင်ခဲ့ပြီး ကျန် အမျိုးအစားများကိုမူ သူမ မမှတ်မိချေ။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ မပြီးသေးပေ။ အပင်ကို စက်ဝိုင်းပုံစံလှည့်ကာလေ့လာရင်း သူ၏ မျက်လုံးများမှာ ပို၍အရောင်လက်လာသည်။ တစ်ခါတစ်ခါ ထူးဆန်းသောအရာတစ်ခုကိုတွေ့သည့်အလား ထထအော်လေသည်။

” ဝိုး။ ဒီလို လုပ်လို့ရတယ်လားဟ။”

” အင်း… တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။”

လူအုပ်ကြီးကမူ တိတ်ဆိတ်စွာကြည့်နေကြသည်။ ပိုင်ရှောင်ချန်းက အပင်များကိုအမျိုးအစားခွဲနိုင်မည်မဟုတ်ဟု အကုန်လုံးက ယုံကြည်ထားကြသ​ည်။ အများစုကလည်း သူ မဲနယ်ရောင်ဆူးလေးပင်ကို စိုက်ပျိုးနိုင်သည်မှာ ကံကောင်း၍ ဖြစ်သည်ဟု ထင်နေကြသည်။

” နင်က လူလိမ်ပဲ ” တုလင်ဖေးတွေးလိုက်သ​ည်။

” အေး။ နင်ဆက်ပြီးဟန်ဆောင်နေစမ်း။”

အတွင်းစိတ်တွင်မူ သူမမှာ မရိုးမရွဖြစ်လာပြီး ပိုင်ရှောင်ချန်းကို ပို၍ မုန်းတီးလာတော့သ​ည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ကုန်ဆုံးသွားလေပြီ။ ပိုင်ရှောင်ချန်းမှာ ဆက်၍ စစ်ဆေးနေဆဲပင်။ သူသည် အလုပ်ထဲတွင် နစ်မြောနေပြီး ပြိုင်ပွဲပြိုင်နေရသည်ကိုပင် မေ့သွား၏။

ဤကဲ့သို့ ကိုင်းဆက်အပင်ကိုမြင်လိုက်ရသည်မှာ သူ့အတွက် အပင်နှင့်အသီးအရွက်စွမ်းအင်နှင့် ပတ်သက်ပြီး သူ၏စိတ်ထဲမှာ ကြီးမားသောတံခါးတစ်ချပ် ပွင့်သွားသလိုပင်။ ချက်ချင်းပင် သူသိခဲ့သော ဆေးပင်ထောင်သောင်းများစွာက တစ်ပင်ချင်းစီသာ သုံး၍ရသည်မဟုတ်ပဲ ရောနှော၍ရ​ကြောင်းသိသွားသည်။

နောက်ဆုံးတွင်မျက်လုံးထဲမှာ လေးစားအားကျမှုများနှင့်အတူ မချင့်မရဲဖြစ်ဟန်နှင့် နောက်ဆုတ်လိုက်တော့သည်။

လီချင်းဟောက်နဲ့ အကြီးအကဲစွန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် လီချင်းဟောက်က ” ကောင်းပြီ။ မင်းတို့ဘာအပင်တွေ ခဲဲခြားနိုင်လည်း ပြောဖို့အချိန်ရောက်ပြီ။ တုလင်ဖေး အရင်ပြောမယ် ”

တုလင်ဖေးလည်း အံကြိတ်ကာ သူမ၏ ကျောက်စိမ်းပုရပိုက်ကို ထုတ်လိုက်ပြီး စပြောတော့သည်။

” ကျွန်မ အပင် ( ၈ )မျိုးတွေ့ပါတယ်။ ရေကောင်းကင်အပင်၊ ခြေဖဝါးအေး အမြစ်၊ မြေနဂါး သစ်သီး၊ အာရုဏ်မြူ ရေညှိပင်…..” ဟုဆိုကာ နောက်ဆုံး အပင်ဖြစ်သော ချုပ်နှောင်ပန်း အထိရောက်သွားသည်။

ထို့နောက်သူမက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကာ သူမကိုဒီတစ်ခေါက်တော့ ကျော်နိုင်မည်မဟုတ်ဟု တွေးနေသ​ည်။

အမျိုးအစား ( ၈ )မျိုးမှာ မများသော်လည်း ဤကဲ့သို့ အသေအချာ ကိုင်းဆက်ထားသော အပင်မှ ခွဲခြားရသည်မှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်သ​ည်။ ( ၈ )မျိုးသည် များသည်ဟုပင်ဆိုနိုင်၏။

” ဟွန်း။ ပိုင်ရှောင်ချန်းက အရှက်မရှိပဲ ငါနဲ့တူတဲ့ အပင်၈မျိုးလိုက်ပြောရင် ကျောက်စိမ်းပုရပိုက်နဲ့ တိုက်စစ်ရုံပဲ။” သူမက အေးစက်စွာတွေးတောနေသည်။

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းကာ ဘေးဘီကိုကြည့်လိုက်ပြီး အင်္ကျီလက်ကို ခါလိုက်၍ သူမှတ်သားထားသော ကျောက်စိမ်း ပုရပိုက်ကို ဆွဲထုတ်လိုက်သည်။

” ဂိုဏ်းတူအစ်မတု ပြောတဲ့ ( ၈ )ပင်ကို မေ့ထားလိုက်မယ်။ အဲ့တာကျွန်တော် ထည့်မပြောတော့ဘူး။ ကျွန်တော်စုစုပေါင်း ၆၇မျိုးတွေ့တယ်။ ဒါပေမဲ့ ၃၁ မျိုးကို မသိဘူး။ အဲ့တာကြောင့် ၃၆ မျိုးပဲ ကျွန်တော်သိတယ်။” သူ၏ ပြတ်သားသောစကားလုံးများက ဘေးနားရှိ ဂိုဏ်းသားများကို အုပ်အော်သောင်းနင်းဖြစ်သွားစေတော့သ​ည်။

” ၃၆မျိုး ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

” ၇မျိုး ၈မျိုးလောက်ဆိုရင်တောင် များနေပြီ။ ဘယ်လိုနည်းနဲ့များသူက အဲ့လောက် ဒါဇင်လိုက်ကြီး ခွဲခြားနိုင်ရတာလဲ။”.

တုလင်ဖေးကမူ ပိုင်ရှောင်ချန်းကို အေးစက်စက်ကြည့်လိုက်သည်။ သူ အပင်များကို လျှောက်ပြီးခန့်မှန်းတော့မည်ဟု တွေးလိုက်သည်။

ထို့နောက် သူမက လှောင်သောလေသံဖြင့်

” ဂိုဏ်းတူမောင်လေးပိုင်။ အတွဲနံပါတ်၃ထဲမှာရှိတဲ့ အပင်ပေါင်း ၃သောင်းလုံးကိုတွေ့တယ်လို့သာ​ပြောလိုက်ပါတော့လား။ အဲ့ဒီအခါကျရင် နင် ခန့်မှန်းတာ မှန်သွားမှာပေါ့ ” ဟု ဆိုလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset