အခန်း ( ၃၂၈ )

ကောင်းကင်ညောင်ပင်ကြီး

သွေးဘိုးဘေးကြီးကို အလယ်ပိုင်းဒေသသို့ စေလွှတ်နေစဥ် ပိုင်ရှောင်ချန်းမှာ အမှန်တကယ် အနှောင်အဖွဲ့ကင်း၍ လွတ်လပ်ပေါ့ပါးနေလေသည်။ ယခုအခါ သူက သွေးဘိုးဘေးကြီး၏ခန္ဓာကိုယ်အား သွက်လက် ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်နေလေပြီ။

မြစ်သည် ပိုမိုနက်ရှိုင်းလာပြီး မကြာမီ သွေးဘိုးဘေးကြီး၏ရင်ခေါင်းထိပင်ရောက်လာတော့သည်။

ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းမှာမူ စိတ်စွမ်းအင်အများအပြားကြောင့် ပို၍လျင်မြန်စွာရွေ့လျားနိုင်လာကာ ဘီလူးကြီးကို အလွယ်တကူ လိုက်မီလာကြလေသည်။

ထိုအဖွဲ့ကြီးက မြစ်ကိုဆန်တက်လာကြသဖြင့် ကောင်းကင်တံတားမြစ်ထံမှ တဝုန်းဝုန်းအသံများထစ်ခြုန်းမြည်ဟည်းနေတော့သည်။

ထိုအချိန်တွင် အဖွဲ့သုံးဖွဲ့၏ ခေါင်းဆောင်ကြီးများက အမိန့်ပေးလိုက်ကြ၍ စစ်သင်္ဘောများ၏ ဧရာမရွက်လိပ်များအား ဖြန့်ချလိုက်ကြသည်။ ထိုရွက်လိပ်တစ်ခုစီ၏ထိပ်တွင် တလက်လက်တောက်ပနေသော ရွှေရောင်စာလုံးလေးခုကိုမြင်ရလေသည်။

“ အဏ္ဏဝါခေါ်သံဂိုဏ်း “

ဤသည်မှာ ကျင့်ကြံခြင်းကမ္ဘာ၏ အလယ်ပိုင်းဒေသတွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏နာမည်အား ပထမဆုံးအကြိမ်ကြေညာခြင်းဖြစ်သည်။ လေအဝှေ့တွင် ရွက်တိုင်မှာ တလူလူလွင့်ပျံနေသဖြင့် ထိုစာလုံးတို့မှာ အလွန်တရာခမ်းနားအထင်ကြီးစဖွယ်ဖြစ်နေတော့သည်။

အဖွဲ့လေးဖွဲ့စလုံးမှ ခေါင်းဆောင်ကြီးလေးဦးက ဤကိစ္စကိုဆောင်ရွက်ရန် ယခင်ကတည်းက သဘောတူညီပြီးဖြစ်သည်။ ထိုစဥ်က အဓိကခေါင်းဆောင်ကြီး ဖုန်းရှိန်ကျစ်က သွေးဘိုးဘေးကြီးနှင့်ပတ်သက်သည့် အစီအစဥ်မှာ
အလုပ်ဖြစ်နိုင်ကြောင်း မသေချာမရေရာဖြစ်ခဲ့သည်။ ထို့ကြောင့် အစီအစဥ်မှာ ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းအား အဖွဲ့ဝင်ဂိုဏ်းသားများအား သယ်ယူပို့ဆောင်ရန်အတွက်သာမက ၄င်းတို့အားမြင်လိုက်ရသည့်သူအပေါင်း အံ့သြမှင်သက်အထင်ကြီးသွားစေရန်အတွက်အသုံးပြုရန်ဖြစ်သည်။

ထိုသည်မှာ လတ်တလောတွင်ကုံမြစ်ဂိုဏ်းခွဲထိန်းချုပ်ထားသည့် ပိုက်နက်အတွင်းရှိ ကိုယ်ပိုင်နယ်မြေများအဖြစ် ခွဲထွက်ရန်ကြိုးစားနေသောအတွေးများကိန်းအောင်းနေသည့်လူများကို ခြောက်လှန့်ရန် အကြံအစည်ဖြစ်သည်။

သိသာထင်ရှားစွာပင် ထိုနည်းလမ်းက အလုပ်ဖြစ်နေလေသည်။

အလယ်ပိုင်းဒေသ၏ ကျင့်ကြံခြင်းကမ္ဘာသည် အောက်ပိုင်းဒေသထက် အကျယ်အဝန်းအားဖြင့် လွန်စွာပို၍ကြီးမားလေသည်။ အောက်ပိုင်းဒေသတစ်ခုလုံးက လက်အောက်ခံအလယ်ပိုင်းဒေသ၏ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ်ထိန်းချုပ်ခံရသည်ကို ထည့်သွင်းစဥ်းစားကြည့်ပါက နယ်နိမိတ်မှာ မည်မျှကျယ်ဝန်းကြောင်းခန့်မှန်းကြည့်နိုင်လေသည်။

ရံဖန်ရံခါ ဂိုဏ်းငယ်များနှင့် ကျင့်ကြံသူမျိုးနွယ်စုများကို မြစ်ကမ်းစပ်ပေါ်တွင် မြင်တွေ့ရ၏။ ထိုကဲ့သို့သော အဖွဲ့အစည်းများက မြစ်နှင့်အလွန်နီးကပ်စွာ အခြေချထူထောင်ရန်ခွင့်ပြုထားခံရသဖြင့် ကုံမြစ်ဂိုဏ်းခွဲနှင့် မတူသောဆက်ဆံရေးတို့ သိသိသာသာပင်ရှိနေချေသည်။

ပုံမှန်အားဖြင့် သူတို့က အလယ်ပိုင်းဒေသတွင် သူတို့၏ လေးစားအားကျဖွယ်နေရာကြောင့် ဇိမ်ကျရင်း အလွန်တရာ ဘဝင်ခိုက်၍ စိတ်ကြီးဝင်နေကြသော အုပ်စုတစ်စုပင်။ အောက်ပိုင်းဒေသမှာမူ သူတို့အား စက်ဆုပ်ရွံရှာအထင်သေးသွားကြသည်။

သို့သော်လည်း ယခုအချိန်တွင် ကုံမြစ်ဂိုဏ်းခွဲကအပြစ်ပေးခံနေရသဖြင့် ထိုအဖွဲ့အစည်းများမှာ ပို၍စိတ်လှုပ်ရှားလာကြသည်။ ထို့နောက်သူတို့က ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းအားမြင်လိုက်ကြပြီးနောက် မျက်လုံးများမှာ ပြူးကျယ်လာကုန်ကြသည်။ အံ့သြထိတ်လန့်မှုအပေါင်းက သူတို့အား ထိုးနှက်သွားပြီး မြင်နေရသည်အား ယုံကြည်ရန်ပင်ခဲယဥ်းနေတော့သည်။ ထိုသည်မှာ စစ်သင်္ဘောများအားဦးဆောင်လာသော ဧရာမဘီလူးကြီးကို မဖော်ပြရသေးရုံသာရှိသေးသည်။

“သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်းလား”

“အောက်ပိုင်းဒေသက လာတာ… ”

“သူတို့က.. ကုံမြစ်ဂိုဏ်းခွဲကို အစားထိုးပစ်ဖို့ လာတိုက်ကြတာ”

ကျင့်ကြံသူမျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များအားလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် တဆတ်ဆတ်တုန်ရီနေကြကာ မြင်နေရသည်တို့အားတုန်လှုပ်ခြောက်ခြားနေကြသည်။

စစ်သင်္ဘောများနှင့် ဘီလူးကြီးတို့ ခပ်လှမ်းလှမ်းရောက်သွားသည်နှင့် ကျင့်ကြံသူမျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များသည် ချက်ချင်းပင် အလယ်ပိုင်းဒေသရှိ သူတို့သိသောသူများထံ သတင်းများပေးပို့တော့သည်။ မကြာမီ လူတိုင်းမှာ တုန်လှုပ်နေကြပြီး အခြားမြစ်များပေါ်ရှိ ဂိုဏ်းခွဲများပင်လျှင် ဖြစ်ပျက်နေသမျှတို့အား သတိထားမိလာကြသည်။

ကုံမြစ်ဂိုဏ်းခွဲ၏နယ်နိမိတ်အတွင်းရှိ အခြားသောဂိုဏ်းများနှင့် မျိုးနွယ်စုများရှိ အချို့မှာ ထိတ်လန့်နေကြပြီး တချို့မှာ စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း မည်သည်တို့ကိုဆောင်ရွက်ရန်ကြိုးစားဆုံးဖြတ်နေသည့်အလား ရဲရဲနီနေသောမျက်လုံးများကျဥ်းမြောင်းသွားသည့် လူအချို့ရှိလေသည်။

သို့သော်လည်း ဘယ်သောအခါကမှ ကောင်းကောင်းမွန်မွန်ဆက်ဆံမခံရသည့် အခြားအဖွဲ့များ အထူးသဖြင့် ကုံမြစ်ဂိုဏ်းခွဲပိုင်နက်၏ နယ်စပ်ဒေသရှိ အဖွဲ့အများအပြားမှာ အလျင်အမြန်ပင် စိတ်ပိုင်းဖြတ်လိုက်ကြသည်။

” ဒါက အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အခွင့်အရေးသာမကဘူး ကျိူးရှီမျိုးနွယ်စုအတွက်အခွင့်အရေးဆိုလဲဟုတ်တယ်”

“အဏ္ဏဝါခေါ်သံဂိုဏ်းအကြီးအကျယ်လိုအပ်နေတဲ့အချိန်မှာ ငါတို့ပါဝင်နိုင်တယ်။ ကုံမြစ်ဂိုဏ်းခွဲကိုသာ ဝိုင်းတိုက်ပေးရင်တော့ တိုက်ပွဲကရတဲ့အမြတ်က ငါတို့မျိုးနွယ်စုအတွက် အကာအကွယ်ဖြစ်လိမ့်မယ်။ ငါတို့ အနည်းဆုံးနှစ်ပေါင်းတစ်ထောင်တော့ တည်မြဲနိုင်လိမ့်မယ်”

“ကဲ… ပုံအောလိုက်ရအောင်။ ငါတို့အခုမတိုက်ရင်.. နောက်ထက်အခွင့်အရေးရဦးမလားဆိုတာ ဘုရားပဲသိလိမ့်မယ်”

များမကြာမီ ကုံမြစ်ဂိုဏ်းခွဲ၏ဌာနချုပ်များဘက်သို့ မြောက်မြားစွာသောအဖွဲ့များဦးတည်လာကြသဖြင့် ကုံမြစ်ဂိုဏ်းခွဲ၏ပိုင်နက်တစ်ခုလုံးမှာ အုတ်အုတ်ကျက်ကျက်ဖြစ်လာတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ကောင်းကင်တံတားမြစ်ကိုဆန်တက်သော ခရီးစဥ်မှာ အရှိန်အနည်းငယ်လျော့သွားလေသည်။ ၄င်းသည် အဖွဲ့လေးဖွဲ့ခေါင်းဆောင်ကြီးများ၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ သူတို့စိုးရိမ်ပူပန်ရသရွေ့ ကုံမြစ်ဂိုဏ်းခွဲသို့ တစ်ရက်စောရောက်သည်ဖြစ်စေ၊ နောက်ကျမှရောက်သည်ဖြစ်စေ မည်သည့်ပြောင်းလဲမှုမှမရှိပေ။

ထို့အပြင် သူတို့က ထိုနေရာတစ်ကြောတွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏သတင်းများပျံ့သွားသည်အထိစောင့်လိုကြသည်။ ထိုနည်းအားဖြင့် သူတို့နှင့်ပူးပေါင်းလိုသည့် မည့်သည့်ဂိုဏ်းနှင့် မျိုးနွယ်စုမဆို ဆုံးဖြတ်ချက်ချရန် အချိန်ယူနိုင်ပေမည်။ ထိုမျှသာမက နယ်စပ်တွင်ရှိနေကြသည့်မည်သူမဆို ဖြစ်ပျက်နေသမျှအားလေ့လာရန် ကုံမြစ်ဂိုဏ်းခွဲအနီးပတ်ဝန်းကျင်ဒေသသို့ လာရောက်ရန် အခွင့်အရေးရလိမ့်မည်။

ကုံမြစ်ဂိုဏ်းခွဲအား ရိုက်ချရန် ချက်ကောင်းကိုစောင့်ခြင်းအားဖြင့် အောင်မြင်ခြင်း၏ အကျိုးအမြတ်တို့ကို တိုးပွားလာစေနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူတို့၏အစီအစဥ်အားကြားရသောအခါ သက်ပြင်းမချပဲမနေနိုင်တော့ပေ။ သိသာစွာပင် ခေါင်းဆောင်ကြီးများက စွန့်စားနေကြခြင်းဖြစ်သော်လည်း သူတို့အားလုံးက အကွက်ချခြင်းနှင့် အစီအစဥ်ရေးဆွဲခြင်း၌ အလွန်တရာအသိဉာဏ်ကြွယ်လှပြီး မာယာများသော မြေခွေးအိုကြီးများဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

သူတို့အားလုံးအစီအစဥ်ချချိန်တွင် အသေးစိတ်အထိ ခွဲခြမ်းစိတ်ဖြာလိမ့်မည်။

ထိုအခိုက်တွင် အခြားသောအဖွဲ့သုံးခုမှ ခေါင်းဆောင်ကြီးများသည် သွေးဘိုးဘေးကြီး၏ပခုံးပေါ်၌ စုဝေးလိုက်ကြသည်။ သူတို့က ထိုနေရာတွင် တင်ပျဥ်ခွေထိုင်လိုက်ကြကာ ပုံရိပ်တစ်ခုအသွင်ဖြစ်တည်နေသော ဖုန်းရှိန်ကျစ်က သူတို့နှင့်အတူ တိုင်ပင်ဆွေးနွေးရန် သွေးဘိုးဘေးကြီး၏ နားပေါက်ဝ၌ ပေါ်လာ၏။
“ကျုပ်တို့ရဲ့ ကုံမြစ်ဂိုဏ်းခွဲအပေါ်တိုက်ခိုက်ရာမှာ အဓိကတိုက်စစ်သုံးမျိုးပါမယ်”

မည်သူမှ ခိုးနားမထောင်ကြောင်းသေချာစေရန်အလို့ငှာ အချုပ်အနှောင် မန္တန်များအား စီရင်ထား၏။

ပိုင်ရှောင်ချန်းမှာမူ သူ့ပခုံးပေါ်ရှိ ပုရွက်ဆိတ်ကဲ့သို့ပုံစံများအား စွေစောင်းကြည့်ရင်း အတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေချေသည်။

“ပထမတိုက်စစ်က ရေကနေတိုက်မယ်..။ ဒီလိုဝင်တိုက်တာက လျှပ်စီးလိုမြန်မှရမယ်။ ဒါမှ ငါတို့ မြန်နိုင်သမျှမြန်မြန်နိုင်မှာ။ အဲဒီနည်းလမ်းနဲ့မှ ငါတို့ ကျင့်ကြံသူမျိုးနွယ်စုတွေနဲ့ အခြားဂိုဏ်းတွေကို ဆွဲဆောင်နိုင်ပြီး ငါတို့နဲ့အတူလာပူးပေါင်းဖို့ ယုံကြည်ချက်ရှိလာစေမှာ”

“ဟုတ်တယ်.။ ဒုတိယတိုက်စစ်ကတော့ တောထဲကနေ ဖြစ်မယ်။ ကုံမြစ်ဂိုဏ်းခွဲက တော်တော်ကြီးတော့ တစ်ဖက်တစ်ချက်မှာ တောနက်ကြီးနဲ့ ဝန်းရံထားတယ်။ တိုက်ပွဲကလဲ တော်တော်တော့ပြင်းထန်လိမ့်မယ်။ ငါတို့ရဲ့အဓိကပန်းတိုင်က ကုံမြစ်ဂိုဏ်းခွဲရဲ့ ဌာနချုပ်တွေဆီရောက်ဖို့ပဲ”

“ဟမ်..ဟမ်..။ ဒါဆို မင်းပြောနေပုံအရ တတိယတိုက်စစ်က ဂိုဏ်းဌာနချုပ်တွေပေါ်မှာပေါ့”

“ဟုတ်တယ်။ ဒါပေမယ့် နောက်ဆုံးတိုက်စစ်ရဲ့ အခက်ခဲဆုံးအပိုင်းက ကုံမြစ်ဂိုဏ်းခွဲက ကျင့်ကြံသူတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူး။ နှစ်ပေါင်းရာချီကြာတိုင်း ကျင့်ကြံသူဆယ်သိန်းရဲ့ခန္ဓာကိုယ်နဲ့အသွေးအသားတွေကိုစားတဲ့ ကြောက်စရာကောင်းတဲ့ ကောင်းကင်ညောင်ပင်ကြီးဖြစ်မှာ။ ကုံမြစ်ဂိုဏ်းခွဲရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးက သေရင်သေလိမ့်မယ်..ဒါပေမယ့် ငါတို့ရဲ့ တိကျတဲ့သတင်းသမားတွေပြောကြားချက်အရ သူတို့ရဲ့ ကြောက်စရာေကာင်းတဲ့ ကောင်းကင်ညောင်ပင်ကြီးက အသက်ရှိသေးတယ်ဆိုပဲ။ ဒါ့အပြင် သူ့ရဲ့စွမ်းအားက နတ်အဆင့်တစ်ကောင်နဲ့တူတယ်တဲ့”

ခေါင်းဆောင်ကြီးများက သူတို့၏အကြံအစည်များအား ဆွေးနွေးနေစဥ် ပိုင်ရှောင်ချန်းက အံ့သြတုန်လှုပ်စွာ ရင်တဒိန်းဒိန်းခုန်ရင်း နားထောင်နေလေသည်။ ကြောက်မက်ဖွယ်ကေါင်းကင်ညောင်ပင်ကြီးအကြောင်းပြောသည်ကိုကြားလိုက်ရသောအခါ စိတ်မဝင်စားပဲ မနေနိုင်ဖြစ်သွားတော့သည်။

အချိန်တို့ကုန်လွန်လာ၏။ လဝက်ခန့်ကြာမြင့်သောအခါ ပထမဆုံးကျင့်ကြံသူမျိုးနွယ်စုသည် မြစ်ကမ်းပါးပေါ်ရှိအဏ္ဏဝါခေါ်သံဂိုဏ်းထံရောက်ရှိလာကြကာ သစ္စာခံကြသည်။

သူတို့က ကုံမြစ်ဂိုဏ်းခွဲကိုတိုက်ခိုက်ရာတွင် အဏ္ဏဝါခေါ်သံဂိုဏ်းနှင့်အတူ ပူးပေါင်းမည်ဖြစ်သည်။

မပူးပေါင်းခင် တိုက်ပွဲအခြေအနေမည်သို့မည်ဖုံရှိမည်ကို စောင့်ကြည့်ရန် ခံစားနေရသော ထိုအဖွဲ့များကို အဏ္ဏဝါခေါ်သံဂိုဏ်းက လေးလေးနက်နက်အရေးပေးလေသည်။ သူတို့ကို စစ်သင်္ဘောများအပေါ်မဖိတ်ခေါ်သော်လည်း နောက်တစ်ချိန်တွင် အကျိုးအမြတ်များစေရမည်ဟု ကတိပြုထားကြလေသည်။

နောက်ရက်များတွင် များပြားလှသောအဖွဲ့များက သစ္စာခံရန် ရောက်ရှိလာကြသည်။ နောက်ထပ်လဝက်ကုန်သွားပြန်ပြီး ထိုအချိန်တွင် ကျင့်ကြံသူမျိုးနွယ်စုသုံးဆယ်နှင့် ဂိုဏ်းငယ်ငါးခုက အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် လာရောက်သစ္စာခံကြသည်။

ကုံမြစ်ဂိုဏ်းခွဲနှင့် နီးကပ်လာချိန်တွင် သူတို့၏ ဂုဏ်သတင်းက အခြားအဖွဲ့အစည်းအမြောက်အမြားအား လွှမ်းမိုးသွားပြီး သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များတွင် အဓိကအချက်တစ်ချက်ဖြစ်လာတော့သည်။

ထိုအချိန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းက အဆင်သင့်ဖြစ်နေပြီဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူတို့က ရှေ့သို့ အရှိန်အမြင့်ဆုံးဖြင့် ချီတက်ကြတော့သည်။ သွေးဘိုးဘေးကြီးက ကောင်းကင်တံတားစစ်သင်္ဘောသုံးစင်းနှင့်အတူ ရေပြင်ကို ခွဲ၍ ကောင်းကင်တံတားမြစ်ကို ဖြတ်ပြေးလာသဖြင့် တဝုန်းဝုန်းမြည်ဟည်းသံတို့အား ကြားနေရလေသည်။

ရက်အနည်းငယ်ကြာသော် အဏ္ဏဝါခေါ်သံဂိုဏ်းအဖွဲ့ဝင်များသည် မြစ်ရှေ့တည့်တည့်ရှိ အံ့အားသင့်ဖွယ်မြင်ကွင်းအား နောက်ဆုံး၌ မြင်လိုက်ကြရသည်။ ၄င်းက မိုးကောင်းကင်အထိထိုးတက်သော ဧရာမသစ်ပင်ကြီးတစ်ပင်ဖြစ်ကာ မြစ်ကမ်းပါးနှစ်ခုလုံးနှင့် ချိတ်ဆက်နေလေသည်။

၄င်းက ကောင်းကင်ညောင်ပင်ဟုခေါ်သည့် ဧရာမညောင်ပင်ကြီးပင်ဖြစ်လေသည်။

ထိုအပင်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှင်သန်နေခဲ့ပြီး မီတာတစ်သောင်းအရှည်ရှိလေသည်။ ၄င်း၏အမြစ်များက မြစ်ကမ်းပါးနှစ်ခုလုံးအောက်တွင် ကုပ်တွယ်ထားပြီး အမြစ်လက်တံများက အောက်ဖက်ရေမျက်နှာပြင်တွင်ပွတ်တိုက်ကာ တွဲလောင်းကျလျက်ရှိသည်။ အမြစ်လက်တံများစွာက အစုလိုက်အတူတကွကြီးထွားနေသဖြင့် လူများအပေါ်မှ နင်းလျှောက်သွားရန် လူသွားလမ်းများပြုလုပ်ပေးထားလေသည်။

မြစ်ကမ်းပါးအတွင်းနစ်မြုပ်နေသည့် အမြစ်များမှာ မိခင်ဖြစ်သောဧရာမသစ်ပင်ကြီး၏ ကလေးများအလား မရေမတွက်နိုင်သော ညောင်ပင်ငယ်လေးများအသွင် အမှန်ပင်ဖြစ်ပေါ်နေလေသည်။ ၄င်းတို့အားလုံးအတူတကွပေါင်းစပ်နေခြင်းကြောင့် ဧရာမတောအုပ်ကြီးတစ်ခုနှင့် တူလေသည်။

ထိုတောအုပ်မှ သွေးအရှိန်အဝါများအား အတော်အတန်ထုတ်လွှတ်နေ၏။ ၄င်းက အသွေးအသားစွမ်းအင်များဖြင့်ပြည့်ဝနေသည့် ဧရာမသင်္ချိုင်းကြီးတစ်ခုအလားပင်။

ထိုအကြောင်းမှာ ကောင်းကင်ညောင်ပင်များက အသွေးအသားများအား စားသုံးရန်အလွန်နှစ်ခြိုက်သည့် သစ်ပင်များဖြစ်သောကြောင့်ပင်ဖြစ်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများက ကောင်းကင်ညောင်ပင်ကြီးများအကြောင်း ပြောပြထားပြီးဖြစ်သော်လည်း အဖွဲ့ဝင်များမှာ မျက်စိဖြင့်တပ်အပ်မြင်လိုက်ရသောအခါ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားသွားကြလေသည်။

ပင်မသစ်ပင်ကြီးက သေမင်းအငွေ့အသက်များအား ထုတ်လွှတ်နေပြီး ၎င်း၏ အကိုင်းအခက်များစွာမှာ ညှိုးနွမ်းခြောက်သွေ့နေကာ ၄င်းကို ဝန်းရံထားသည့် တောအုပ်ထဲရှိ သစ်ပင်ငယ်လေးများသည်လည်း ထိုနည်းတူပင်။

ထို့ထက်ပို၍ အံအားသင့်ဖွယ်ကောင်းသည်မှာ ပင်မသစ်ပင်ကြီး၏ ပင်စည်၏အလယ်တွင် ၄င်းကို ဖျက်စီးရန်ရည်ရွယ်ချက်ဖြင့် လက်ဝါးဖြင့် ရိုက်ချထားသည့်အလား ဧရာမလက်ရာကြီးတစ်ခုအားမြင်ရလေသည်။

သိသိသာသာပင် ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင် ကြီးမှာ မသေဆုံးသေးသော်လည်း အသက်မျှင်မျှင်သာကျန်ရှိတော့သည်။ သို့တိုင်အောင် ထိုနယ်ပယ်တစ်ဝှမ်းရှိအရာအားလုံးအား ခြောက်လှန့်နိုင်လောက်သည့် စွမ်းအားအနည်းငယ်တော့ ကျန်ရှိနေသေးသည်။

ကုံမြစ်ဂိုဏ်းခွဲမှာ အန္တရာယ်ရှိသောအငွေ့အသက်များလှိုင်နေသည့် နေရာတစ်ခုဖြစ်လေသည်။ ယခုအခိုက်တွင် ထိုနေရာမှာ ကျင့်ကြံသူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရသော်လည်း ကောင်းကင်ညောင်ပင်များအတွင်းမှ အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ်ကျရောက်နေသည့် နာကြည်းမုန်းတီးမှု အကြည့်များကို သတိပြုမိလေသည်။ ထိုအကြည့်အများစုက ပိုင်ရှောင်ချန်းနှင့် သွေးဘိုးဘေးကြီးအပေါ် သက်ရောက်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset