အခန်း ( ၃၁ )

အရှက်ရခြင်း

ထိုလူပိန်လေး၏ သစ်သားဓားမှာ ထူဆန်းသောစွမ်းအင်များထွက်နေပြီး ပိုင်ရှောင်ချန်းဆီသို့ အလင်းတန်းတစ်ခုဖြာထွက်ကာ လေကိုခွင်း၍ ပျံဝဲလာသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနားမရောက်မှီပင် ပိုင်ရှောင်ချန်း၏ တစ်မီတာနှင့်တစ်ဝက်ထူသောဒိုင်းကာ၏ အပြင်ဘက်သားနှင့် ရိုက်ခတ်မိပြီး ဒေါင်ခနဲမြည်သံထွက်လာကာ ဓားမှာ နောက်သို့ ပြန်ကန်ထွက်သွားသည်။

အကာအကွယ်ဒိုင်းကာမှာ မီးရောင်များလက်သွားသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်တောက်လာပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူသည် လည်ချောင်းရှင်းလိုက်ကာ တင်ပျဥ်ခွေပင်ထိုင်ချလိုက်သည်။

ကြည့်ရှုနေသူများမှာ ကြောင်တောင်တောင်အကြည့်များဖြင့် ကြည့်နေကြသည်။ ပိုင်ရှောင်ချန်းနှင့် သူ၏ အလွန်အမင်းကာကွယ်ထားမှုကို ဘာပြန်ပြောရမည်မှန်းကိုမသိတော့ပေ။ အရင်ပြိုင်ပွဲများတုံးက အကာအကွယ်ကိုအားထားသည့် လူများအား တွေ့ဖူးသော်လည်း ပိုင်ရှောင်ချန်းလောက် အထပ်ထပ်ကာကွယ်မှုမျိုးကိုမူ မမြင်ဖူးချေ။

သူ၏ပြိုင်ဘက်မှာမူ မျက်နှာရဲသွားကာ ဖြူဖတ်ဖြူရော် ပြန်ဖြစ်သွားသည်။ အံကြိတ်လိုက်ကာ မာန်ပါပါဟိန်းဟောက်လိုက်ပြီး တောက်ပနေသောဒိုင်းကာများဆီသို့ သူ၏ဓားကို စွမ်းအားမြှင့်တင်ကာ ပစ်လွှတ်လိုက်သည်။

ဓားမှာ ဒိုင်းကာနှင့်ဝင်ဆောင့်တိုင်း ဒေါင်ဟူသောအသံတစ်သံသာ ထွက်ပေါ်လာပြီး နောက်သို့ ပြန်ကန်ထွက်သွားရလေသည်။

အဆုံးတွင် ထိုလူငယ်၏ စိတ်စွမ်းအင်မှာ တစ်ဝက်ကျော်ကျော်ကုန်ခန်းသွားပြီး မျက်နှာပေါ်တွင် စိတ်ပျက်သည့် အမူအရာများပေါ်လာသည်။

သူ ယှဥ်ပြိုင်တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်ငြားလည်း အခွံထဲပုန်းနေသည့်လိပ်တစ်ကောင်လို ပြိုင်ဘက်ကိုတော့ ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်ဖြစ်သည်။ သို့သော်လည်း သူကား လက်လျှော့ဟန် မရှိပေ။ တတိယနေရာအထိ တက်လမ်းရမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ဤပြိုင်ပွဲသို့ သူဝင်ခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းကို မျက်လုံးနီကြီးများဖြင့်ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

” ဟေ့ရောင်။ မင်း အဲ့ဒီဒိုင်းကာနောက်ကနေ အခုချက်ခြင်းထွက်ခဲ့စမ်း။”

ပိုင်ရှောင်ချန်းသည်ကား ထိုလူငယ်ကိုမကြောက်ပေ။ ဒိုင်းကာနောက်တွင်နေရသည်ကို ရှက်စရာတစ်ခုလို့မမြင်ပေ။ ထို့ကြောင့် အထဲကနေ၍ စိန်ခေါ်သောအသံဖြင့် ပြန်အော်ပြောလိုက်သည်။

“မင်းအစွမ်းအစရှိရင် အထဲထိရောက်အောင်လာခဲ့ပါလားကွ။”

ပိုင်ရှောင်ချန်းကိုကြည့်နေရင်း ငိုရမလို ရယ်ရမလိုဖြစ်နေသော ကြည်ရှူသူများ၏မျက်နှာများပေါ်တွင် နားလည်ရခက်သော အမူအရာများပေါ်လာသည်။ ထိုလူပိန်လေးမှာ ဒေါသထွက်လွန်းလှသည့်အတွက် အံများပင်ကြိတ်ထားရာ နဖူးပြင်ထက်တွင် အပြာရောင်သွေးကြောများပင် ပေါ်ထွက်လာသည်။

နောက်ဆုံးတွင် သူ့လျှာကိုသူ ကိုက်လိုက်ကာ ပါးစပ်ထဲပြည့်နေသော သွေးများကို ထွေးထုတ်လိုက်သည်။ ထိုသွေးများက သစ်သားဓားပေါ်ကျသွားသောအခါ ဓားတစ်ချောင်းလုံးမှာ သွေးရောင်ပြောင်းသွားသည်။

ကြည့်ရှုနေသူများထံမှ ငြင်းခုံဆွေးနွေးသံများ ချက်ခြင်းပေါ်ထွက်လာသည်။

” သွေးဝိညာဥ်မှော်အတတ်ပဲ ”

” ဒီမှော်အတတ်တောင်ထုတ်သုံးတဲ့အထိရောက်သွားတာကိုကြည့်ရင် သူရူးလောက်အောင် စိတ်တိုနေတဲ့ ပုံပဲ။”

ကြည့်ရှုနေကြသူများထံမှ ဟိုတစ်စသည်တစ်စအသံများ ပေါ်ထွက်လာသည်။

သွေးရောင်ထွက်နေသော ဓားမှာ အရင်ကထက် ပို၍ပင်မြန်လာပြီး ပြင်းအားမှာလည်း ၂ဆထိ တက်သွားတော့သည်။

ထိုဓားက သွေးရောင်အလင်းတန်းများ တောက်ပလျက် ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲသွားသည်။

ဒိုင်းကာအတွင်းသို့ ၃လက်မတိတိ ဓားကစိုက်ဝင်သွားသောအခါ အုန်းခနဲအသံကြီးတစ်သံထွက်လာသည်။ မိုးချုန်းသံများကဲ့သို့ ကျယ်လောင်သောအသံများပါ ဆက်၍ပေါ်လာသည်။ ဓားမှာ အတွင်းသို့ထပ်ပြီးထိုးဖောက်ရန်ကြိုးစားသော်လည်း အချည်းနှီးပင်။ ထို့အပြင် အားများစွာသုံးလိုက်ရသည့်အတွက် ဓားပေါ်တွင် အက်ကြောင်းရာများ ပေါ်ထွက်လာတော့သည်။

ခဏအကြာတွင်မူ ဖောက်ကနဲမြည်သံကိုကြားလိုက်ရပြီး ဓားတစ်ချောင်းလုံးမှာမူ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ မြေကြီးပေါ်သို့ ကျသွားတော့သည်။

လူပိန်လေး၏ မျက်လုံးများမှာ ပြူးသွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပွက်ခနဲထွက်ကျလာသည်။ သူ၏စိတ်စွမ်းအင်မှာ ကုန်လုနီးပါးဖြစ်သွားပြီး သူ၏မှော်အသုံးအဆောင်မှာ ပျက်စီးသွားသည့်အတွက် စိတ်တိုလွန်း၍ သတိမေ့မြောသွားတော့သည်။

လီချင်းဟောက်မှာ ထိုမြင်ကွင်းကိုကြည့်နေရင်း မျက်နှာမှာ ပိုမို အရုပ်ဆိုးလာတော့သည်။ အကြီးအကဲစွန်းက လူပိန်လေးကို ထမ်းခေါ်ရန် လူများကိုအချက်ပြလိုက်ပြီး ပိုင်ရှောင်ချန်းကို အနိုင်ရရှိသူအဖြစ် ကြေငြာလိုက်သည်။

“ဟာ… သူငါ့ကို အနိုင်ပေးလိုက်ပြီပဲဟ။”

ပိုင်ရှောင်ချန်းလည်း ထိုအခါမှ သက်ပြင်းချလိုက်ကာ သူ့၏ပတ်ပတ်လည်မှ ဒိုင်းကာအလင်းတန်းများလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ တည်ကြည်သောအမူအရာဖမ်းပြီး နောက်ကျောဖက်တွင်လက်ယှက်၍ ရင်ကော့ကာထွက်လာသည်မှာ လူရည်ချွန်တစ်ဦးနှင့်ပင် တူနေတော့သည်။ ကွင်းအပြင်သို့ထမ်းခေါ်သွားခံရသော လူပိန်လေးမှာမူ ပိုင်ရှောင်ချန်း၏စကားလုံးများကို ကြားလိုက်သောအခါ သတိပြန်လည်လာပြီး ပါးစပ်မှ သွေးများနောက်တစ်ခါထပ်ထွက်လာပြီး သတိပြန်လည်မေ့မျောသွားသည်။

ပိုင်ရှောင်ချန်းကမူ လည်ချောင်းရှင်းရင်း အကြီးအကဲစွန်း ဘက်သို့လှည့်၍ လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် အင်္ကျီလက်ကိုခါ၍ ကွင်းအပြင်ဘက်သို့ ထွက်သွားတော့သည်။

ပြိုင်ပွဲလာကြည့်ကြသော အပြင်ဘက်ဂိုဏ်းသားများမှာမူ ဖြစ်ပျက်နေသည်များကို ကောင်းကောင်းသဘောပေါက်သွားသည်။ သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများပေါ်လွင်နေကြသည်။ ပြိုင်ပွဲဝင်များမှာမူ ပိုင်ရှောင်ချန်းကို မျက်မုန်းကျိုးသော အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့၏သက်ဆိုင်ရာ ပြိုင်ပွဲများကို အနိုင်ရရှိပြီးသွားသော သူများမှာ ပို၍ပင်ဆိုးလေသည်။ လူပိန်လေး၏လက်ရှိအခြေအနေနှင့် ပိုင်ရှောင်ချန်းကို နှိုင်းယှဥ်ကြည့်လိုက်သောအခါ သူတို့လည်း သတိကြီးကြီးထားရမည်ဖြစ်ကြောင်း ရိပ်စားမိသွားတော့သည်။

ပြိုင်ပွဲကား ပြန်၍စတင်ပြီဖြစ်သည်။ မကြာမီပင် ကျန်သောပွဲများလည်း ပြီးမြောက်သွားသည်။ စစချင်း ပြိုင်ပွဲဝင်အယောက်၂၀မှ တစ်ဝက်မှာ ရှုံးနိမ့်သွားပြီး ၁၀ယောက်သာကျန်တော့သည်။

ထို၁၀ယောက်ထဲတွင် တုလင်ဖေး ၊ ချန်းကျိအန်းနှင့် ကျန်သောပြိုင်ပွဲဝင်ညီအစ်ကိုမောင်နှစ်မ များကို မေးငေါ့ကာလိုက်ကြည့်နေသော ပိုင်ရှောင်ချန်းတို့ပါဝင်သည်။

ပိုင်ရှောင်ချန်းက စိတ်ထဲတွင် တီးတိုးရေရွတ်နေတော့သည်။

” ကဲ… နောက်တစ်ပွဲထပ်နိုင်ရင် ဆရာလီချင်းဟောက်ခိုင်းထားတဲ့ အလုပ်ကို အောင်မြင်ပြီကွ။ ”

သူ၏ရှေ့တွင် မျှော်လင့်ချက်ရောင်ချည်လေးကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွားသည်။

အကြီးအကဲစွန်းက ထိုပြိုင်ပွဲဝင်၁၀ယောက်ကို ကြည့်နေရင်းမှ ပိုင်ရှောင်ချန်းကိုမူ ကြာကြာ စိုက်ကြည့်လိုက်သည်။ ထို့နောက်သူက

” အခု ထိပ်ဆုံး၅ယောက်ကို ရွေးမယ်။ မင်းတို့၁၀ယောက် ရှေ့တိုးခဲ့ပြီး ကျောက်လုံးလေးတွေ လာရွေးကြ။ ” ဟုအမိန့်ပေးလိုက်သည်။

ဤအခေါက်တွင် ပိုင်ရှောင်ချန်းမှာ ထိပ်ဆုံးက နှိုက်ရပြီး နံပါတ်နှစ်ပါသော ကျောက်တုံးရလေသည်။ ထို့နောက် သူက ပြိုင်ဘက်များသို့ လှည့်ကာ အကဲခတ်လိုက်သည်။

မကြာမီပင် ပြိုင်ပွဲဝင်တိုင်းက မဲနှိုက်ပြီး ဖြစ်သွားသည်။ ထို့နောက် အကြီးအကဲစွန်းက ပထမဦးဆုံး ပြိုင်ပွဲဝင်၂ယောက်ကို စ၍ယှဥ်ပြိုင်ရန် ကြေငြာလိုက်သည်။ ပိုင်ရှောင်ချန်း၏ပြိုင်ဘက်မှာ ကြီးမားသန်မာ၍ ဗလတောင့်တောင့်နှင့် လူတစ်ယောက်ဖြစ်သည်။ ထိုသူက ပိုင်ရှောင်ချန်းမှာ သူ၏ပြိုင်ဘက်ဖြစ်ကြောင်းသိလိုက်ရသောအခါ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

” တစ်ခြားလူတွေကတော့ မင်းရဲ့ ခုခံမှုကို ကြောက်ရင်ကြောက်လိမ့်မယ်။ အေး ငါကတော့ လုံးဝကို ဂရုမစိုက်တာဟေ့။ ခုခံတဲ့နေရာမှာ ငါလည်းကျွမ်းကျင်တယ်ကွ။ ကြည့်ကြတာပေါ့ ဘယ်သူက ပိုပြီးကြာကြာတောင့်ခံနိုင်မလဲဆိုတာ။” ထိုလူသန်ကြီးက အထင်သေးသောလေသံဖြင့် အော်ပြောလိုက်သည်။

သူ၏ ထည့်စရာအိတ်ကို ရယ်မောရင်း ပုတ်လိုက်သောအခါ ဒိုင်းအငယ်စားလေးတစ်ခုထွက်လာသည်။ ထိုဒိုင်းလေးကို စိတ်စွမ်းအင်များ ဖြည့်လိုက်သောအခါ အဝါရောင်လက်သွားပြီး ထိုလူကို လွှမ်းခြုံသွားသည်။

သို့သော် သူကား မပြီးသေးချေ။ သူအော်ဟစ်လိုက်သောအခါ ကြွက်သားနှင့် အသားစိုင်များမှာ ပြန့်ကားသွားပြီး လက်မ အနည်းငယ်ပင် အရပ်ပို၍ရှည်လာသည်။ ထိုမြင်ကွင်းတစ်ခုလုံးမှာ ရင်သက်ရှုမောစရာပင်။

” ဟာ အဲ့တာက ကိုယ်ခန္ဓာပုံသွင်းခြင်း မှော်အတတ်ပဲကွ။ ယုံတောင်မယုံနိုင်ဘူး။”

” အဲ့ဒီဒိုင်းကာလေးကို ငါရင်းရင်းနှီးနှီးမြင်ဖူးနေတယ်နော်။ မဟုတ်မှလွဲရော အဲ့တာ ရောင်နီလာဒိုင်းကာမလား။ အဲ့တာက စွမ်းဆောင်မှုရမှတ် ၉၀၀၀ တောင်တန်တာနော်။” လူအုပ်ထဲမှ အံ့သြနေသော လေသံများထွက်လာသည်။ ပိုင်ရှောင်ချန်းမှာမူ မျက်မှောင်ကြုံ့နေတော့သည်။

ထိုအဖြစ်အပျက်များကို အကြီးအကဲစွန်း မြင်သောအခါ ခေါင်းတငြိမ့်ငြိမ့်ဖြစ်ကာ မျက်လုံးများမှာ ချီးကျူးမှုများဖြင့် တောက်ပနေသည်။ လီချင်းဟောက်ဘက်သို့ လှည့်ကာ ဂုဏ်ယူသောလေသံဖြင့်

” အဲ့ကလေးနာမည်က လီရှန်းတဲ့။ ချီစုစည်းမှုအဆင့်ငါးကို ရောက်နေပြီ။ နတ်ဘုရားလိုအင်အားကြီးတဲ့ စွမ်းအားက မွေးကထဲက ပါလာတာ။ ပြီးတော့ ကိုယ်ခန္ဓာပုံသွင်းခြင်း မှော်အတတ်လည်း ကျင့်ထားတော့ လွယ်တဲ့ပြိုင်ဘက်တော့မဟုတ်ဘူးနော။ သန်မာရုံတင်မဟုတ်ဘူး။ ခုခံရေးမှာလည်း သူက အင်မတန်ကျွမ်းကျင်တယ် ”

လီချင်းဟောက်က ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းသည်ကား ထိုဗလကြီး၏ ပြောင်းလဲသွားသောခန္ဓာကိုယ်နှင့် သူ၏ဒိုင်းကို လေ့လာနေသည်။ ရတနာအဆောင်သို့ သွားခဲ့စဉ်က ထိုဒိုင်းကာကို သူမြင်ဖူးခဲ့သည်။ စွမ်းဆောင်မှုရမှတ် ဘယ်လောက်တန်သလဲဆိုသည်ကို သူမသိသော်လည်း မျက်မှောင်ပို၍ကြုံ့သွားသည်။

ပြိုင်ပွဲလာကြည့်သူပရိသတ်များကလည်း ဘာဆက်ဖြစ်သွားမလဲဟု ရင်တထိတ်ထိတ်နှင့် စိတ်ဝင်စားနေကြသည်။ ပွဲကြည့်စဥ်ပေါ်မှ ပြိုင်ပွဲဝင်များကလည်း အခြားပြိုင်ပွဲဝင်များ အခက်တွေ့နေသည်ကို ကြည့်နေရသည့်အတွက် ကျေနပ်နေကြသည်။

” အဲ့ဒီအသားအဖြူဖြူနဲ့ ဂိုဏ်းသားလေးကတော့ ဒီတစ်ခေါက်ကံဆိုးတာပဲဟေ့။”

” အရင်ပွဲက သူကံကောင်းသွားတာပါကွာ။ ဒီတိုင်းဆို အာပလာပါ။ အခု ဒီလို အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့တွေ့ပြီဆိုတော့ကိုယ့်အဆင့်ကိုယ်သိသွားတော့မှာပါ။” ပရိသတ်များထံမှ ဗလကြီးကို လေးစားသံများ တစ်စထက်တစ်စထွက်ပေါ်လာသည်။

သူ၏ ပြောင်းလဲမှုများအား ပရိသတ်ကြီးက ငြင်းခုံဆွေးနွေးနေသည်ကို ဗလကြီးကြားလိုက်ရသောအခါ ကြောက်စရာကောင်းစွာ ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ တစ်ဟုန်ထိုး ပြေးလာတော့သည်.

” မင်းလုပ်စရာအကွက်ကုန်ပြီ ကောင်လေး။ အရင်ပွဲတုံးက ကောင်ကို လက်နက်တောင်ထုတ်စရာမလိုပဲ ငါ တိုက်ခိုက်ခဲ့တာကွ။ ငါ့ရဲ့လက်သီးက ငါ့ရဲ့ စွမ်းအားအကြီးဆုံးမှော်အတတ်ပဲ။ ” ဗလကြီးက ပြောလိုက်ရင်း အရှိန်ကုန် ပြေးလာသည်မှာ လေများပင်ဟပ်နေသည်။

သူနီးလာသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်လက်သွားပြီး ရုတ်တရက်လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏သစ်သားဓားမှာ ထည့်စရာအိတ်ထဲကနေ ပျံထွက်လာသည်။

လျှပ်ပြက်သည့်အလား ထိုဓားမှာ ပိုင်ရှောင်ချန်းရှေ့ရောက်လာပြီး ထိုဗလကြီးဆီသို့ ထိုးခွင်းသွားသည်။

ဓားသည် ဓားချီများဝန်းရံထားလျက် တဂျုံးဂျုံးမြည်ဟည်းသံများနှင့်အတူ ဗလကြီးဆိသို့ တိုးဝင်သွားသည်။

ဗလကြီး၏မျက်နှာမှာ ညှိုးကျသွားပြီး သူ၏နဖူးရေများ တွန့်ကွေးသွားကာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ခံစားမိလိုက်သည့် ပြင်းထန်သော စွမ်းအားကြောင့် သူ၏မျက်လုံးများပြူးသွားကာ တုံ့ဆိုင်းမနေပဲ ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် အော်ဟစ်ကာ လက်နှစ်ဖက်ကိုဝှေ့ယမ်းပြီး ဓားလာသည်ကို တားဆီးရန် သူ၏ဒိုင်းကာအား ထုတ်လိုက်သည်။

သစ်သားဓားနှင့် ထို ဒိုင်းကာလေး ရိုက်ခတ်မိသောအခါ အုန်းခနဲအသံကြီးထွက်လာသည်။ သို့သော်လည်း ထိုဒိုင်းကာလေးမှာ ဓားကို အရှိန်ပင်လျော့မသွားစေပဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။ ဓားမှာမူ ဗလကြီးဆီသိူ့ တန်းတန်း ဆက်၍ပျံဝဲလာသည်။

ထိုလူ၏မျက်နှာတွင် တုန်လှုပ်မှုများပြည့်နှက်သွားတော့သည်။ လျင်မြန်စွာ ရှောင်နိုင်လျှင်သော်မှ ဘာမှထူးမည်မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့သို့ ရောက်လာသည့်အတွက် မျက်နှာမှာ ကြက်သေ သေသွားတော့သည်။

” ကျုပ် အရှုံးပေးပါပီဗျာ ” သူက မဆိုင်းမတွ ငယ်သံပါသည်အထိ အော်ဟစ်လိုက်ရင်း မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

ထိုလူ၏ နဖူးရှေ့တည့်တည့်တွင် သစ်သားဓားမှာရပ်သွားပြီး ဝှီးခနဲ အသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် ထိုဓားမှာ ပြန်လှည့်လာပြီး ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ထဲသို့ ပျံကာဝင်သွားသည်။

ပိုင်ရှောင်ချန်းလည်း မျက်တောင်တဖျပ်ဖျပ်ခတ်နေပြီး ဓား၏အစွမ်းကြောင့် တုန်လှုပ်နေတော့သည်။ သူလေ့ကျင့်ခဲ့စဥ်က ဤမျှအထိ စွမ်းအားကြီးမည်ဟု မထင်ထားပေ။ ထို့အပြင် ယခုမှာမူ သူသည် လေးလံခြင်းမှသည် ပေါ့ပါးခြင်းဆီသို့အတတ်ကိုပင် မသုံးရသေးချေ။

အနည်းငယ် တွေးတောလိုက်ပြီး သူကမေးငေါ့ကာ လက်နှစ်ဖက်ကို နောက်တွင်ယှက်၍ ဗလကြီးကို အေးတိအေးစက်ကြည့်လိုက်သည်။

ထိုလူ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသော်လည်း လက်မလျှော့ချင်သေးပေ။ မတ်တပ်ပြန်ထလိုက်ကာ ပိုင်ရှောချန်းကိုစိုက်ကြည့်ရင်း မကျေမချမ်းလေသံဖြင့်

” မှော်အသုံးအဆောင်တွေကို အားကိုးပြီး နိုင်တာကို အနိုင်ရတယ်လို့ ငါကတော့ မသတ်မှတ်ဘူး။ ငါ ဒီအရှုံးကို လက်မခံဘူးကွာ။”

ထိုသို့ပြောရင်း ထိုလူက လှည့်ကာ ကွင်းအတွင်းမှ ထွက်ခွာသွားသည်။

.အကြီးအကဲကျိုးက ပိုင်ရှောင်ချန်းကိုကြည့်ရင်း သစ်သားဓား၏ စွမ်းအားကို အံ့သြနေသော်လည်း တခြားပြောမနေတော့ဘဲ ပိုင်ရှောင်ချန်းကို အနိုင်ရရှိသူအဖြစ် ကြေငြာလိုက်သည်။

“ဟားဟား” ပိုင်ရှောင်ချန်း ကျေနပ်သွားသဖြင့် အော်ရယ်မိလိုက်သည်။

” နောက်ပွဲကျရင် တန်းအရှုံးပေးလိုက်တော့မယ်။ ငါ ကျင့်ကြံသူတစ်ယောက်လုပ်တာက ထာဝရရှင်သန်ချင်လို့ပဲလေကွာ။ ဒီလို သတ်ဖြတ် တိုက်ခိုက်နေတာတွေက ရက်စက်လွန်းပါတယ်။ အဲဒါတွေက ပိုင်ရှောင်ချန်းလုပ်တဲ့အရာတွေ မဟုတ်ဘူး ” ဟုတွေးကာ လီချင်းဟောက်ခိုင်းသည့်အတိုင်း ထိပ်ဆုံး၅ယောက်ထဲပါသွားပြီဖြစ်၍ ပျော်ရွှင်စွာ ကွင်းထဲမှ ထွက်ခွာသွားသည်။

လီချင်းဟောက်၏မျက်လုံးများကမူ ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေသည်။ လူတိုင်းက ဓားပျံ၏အစွမ်းထက်ပုံကို အာရုံစိုက်နေကြသော်လည်း လီချင်းဟောက်ကမူ ထိုဓားကို ဂရုပင်မစိုက်ဘဲ ဓားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ပုံကိုသာ စိတ်ဝင်စားနေခဲ့သည်။

ပိုင်ရှောင်ချန်းက နောက်တစ်ပွဲထပ်နိုင်သွားသောအခါ လူအုပ်ကြီးဆီမှ စိတ်ဓာတ်ကျစွာ သက်ပြင်းချသံများကို ကြားရသည်။

” ဒီကောင့်ကြည့်ရတာ တော်တော်ချမ်းသာမဲ့ပုံပဲ။ ဒါကြောင့်မို့လို့ ဒီလောက်ကောင်းတဲ့ ဓားရှိတာ။ ဟင်း… တစ်ခြားလက်နက်နဲ့ဆို သူနိုင်မှာကို မဟုတ်ဘူး။ ”

လူအုပ်ထဲမှ မြည်တွန်တီးတောက်သံများပေါ်လာသည်။

” ထူးဆန်းတဲ့ လက်နက်တွေက ကျင့်စဥ်နဲ့ဘာဆိုင်လဲ။ ပထမဆုံးသူက လက်ဖွဲ့အဆောင်တွေသုံးတယ်။ ဟောအခုလည်း အဲ့ဒီအစွမ်းထက်ဓားသုံးပြန်ပြီ။ နှမြောစရာပဲ။ ပူမနေနဲ့ ဒီပုံစံအတိုင်းဆို အဲ့ကောင်မွဲသေမှာပဲ။ ” လူအုပ်ကြီးက မကျေမချမ်းဖြစ်နေကာ အကြောင်းပြချက်များ ပေးနေတော့သည်။

သို့သော်လည်း ထိုအသံများမှာ ကြာကြာ မခံလိုက်ပေ။ နောက်တစ်ပွဲ ချက်ချင်း စတင်လာပြီဖြစ်၏။ တုလင်ဖေး၏ ပြိုင်ဘက်မှာ ကျင့်ကြံခြင်းအခြေခံ ကောင်းမွန်သော လူတစ်ယောက်ဖြစ်သည်။ ထိုပွဲမှာ ပြင်းထန်လွန်းလှသော်လည်း တုလင်ဖေးမှာ သူမ၏ တံခွန်ကို ထုတ်မသုံးခဲ့ဘဲ ထိုအစား ဓားပျံတစ်ချောင်းကိုသာ သုံးခဲ့သည်။ မျက်စိကျိန်းလောက်အောင် အပြန်အလှန်တိုက်ခိုက်ပြီးနောက် ရုတ်တရက်ကြီး တုလင်ဖေး၏ ဓားပျံက အရှိန်ပြင်းစွာ ပျံသန်းသွားပြီး သူမ၏ ပြိုင်ဘက်ရှေ့တည့်တည့်တွင် ပေါ်လာသည်။ ထိုအရှိန်မှာ ပုံမှန် ဂိုဏ်းသားများ ထိန်းချုပ်နိုင်သော အရှိန်ထက် များစွာသာလွန်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပရိတ်သတ်များကမူ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။

” ဟာ မယုံနိုင်စရာပဲ။ အဲ့တာက လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ဆိုတဲ့အတတ်မလား ”

” တုလင်ဖေးက အဲ့ဒီအဆင့်ထိတောင် ရောက်သွားပြီလားဟ… ” ပရိတ်သတ်များ မှင်သက်နေကြသည်။

” လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ဆိုတဲ့ အတတ်ပဲ။ ”

အကြီးအကဲစွန်းက ထောက်ခံနေသောမျက်လုံးများဖြင့် တုလင်ဖေးကိုကြည့်ကာ ဆိုလိုက်သည်။

လီချင်းဟောက်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

ချန်းကျိအန်းလည်း တုန်လှုပ်သွားပြီး ထိပ်ဆုံး ၁၀ယောက်အဆင့်ထိပါသော လူများသည်လည်း ထိုနည်းတူပင်။ သူမ၏ ပြိုင်ဘက်ကမူ ခါးသီးစွာရယ်မောလိုက်ပြီး လက်ယှက်ကာ အရှုံးပေးလိုက်သည်။

တုလင်ဖေးလည်း ထိုကွင်းထဲတွင်ရပ်နေရင်း ဘေးဘီဝဲယာကို ဂုဏ်ယူစွာကြည့်နေတော့သည်။ လီချင်းဟောက်နှင့် အကြီးအကဲစွန်းဘက်သို့ လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ကွင်းထဲမှထွက်ခွာသွားသည်။

လူအုပ်ကြီးမှာမူ ဆူညံပွက်လောရိုက်နေဆဲပင်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ကြောင်အန်းအန်းနှင့် မျက်တောက် တဖျတ်ဖျတ်ခတ်ရင်း

” အဲ့လောက် အရှိန်လေးကို လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ဆိုတဲ့ အတတ်လို့ခေါ်တယ်လားဟ။” ဟု အံသြစွာတွေးနေသည်။

တုလင်ဖေး ကွင်းထဲမှ ဂုဏ်ယူစွာထွက်သွားသောအခါ သူမ၏မျက်နှာပေါ်တွင် ချွေးစက်များ ကျနေသည်ကိုမြင်လိုက်ရသည်။

အဆင့်ငါးချီစုစည်းမှု စက်ဝန်းထဲတွင်ရောက်နေသော်လည်း နှစ်ပွဲဆက် တိုက်ခိုက်ရသည့်အတွက် သူမ၏စိတ်စွမ်းအင်များမှာ အတော်လေး ကုန်ခမ်းသွားပြီဖြစ်သည်။ ယခုပွဲ သူမပြိုင်ဘက်က ပို၍ပင်တိုက်ရည်ခိုက်ရည်ကောင်း၏။

ထို့ကြောင့် အဆုံးတွင် လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ဆိုသော အတတ်ကို ထုတ်သုံးလိုက်ရပြီး စိတ်စွမ်းအင်များစွာပို၍ ကုန်သွားတော့သည်။ ထိုမှသာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သူမ၏ ပန်းတိုင်မှာ အဆင့်တစ်နေရာဖြစ်သည်။ နောက်လာမည့် ပြိုင်ဘက်များမှာ ပို၍ပင် အစွမ်းထက်မည်ဆိုတာကိုလည်း သူမက သိထားသည်။ ဤဂိုဏ်းတွင်းပြိုင်ပွဲမှာ သေချာစီစဉ်ထားသည် မဟုတ်၍ နောက်တစ်ပွဲမစခင် နားစရာအချိန်ပင် သူမမှာ သိပ်မရှိပေ။

.ထို့ကြောင့် သူမက ချက်ချင်းပင် ဆေးလုံးတစ်လုံး ထုတ်ကာသောက်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ အနားရသောအချိန်ကို အကျိုးရှိစွာအသုံးချ၍ အင်အားဖြည့်တင်းနေလိုက်သည်။

ထိပ်ဆုံး ၅ယောက်တွင် ပိုင်ရှောင်ချန်း၊ တုလင်ဖေးနှင့် ချန်းကျိအန်းတို့ ပါဝင်လေသည်။ ထို့ပြင် အဆင့်ငါးချီစုစည်းမှုရှိသော လူငယ်နှစ်ယောက်လည်းပါဝင်လာ၏။

ယခုတွင်မူ လူတိုင်းက သူတို့၏ ကျင့်ကြံခြင်းအခြေခံကို လှည့်လည်နေပြီး ရသမျှအခွင့်အရေး အသုံးချကာ စိတ်စွမ်းအင်ပြန်ဖြည့်တင်းနေကြသည်။

ပိုင်ရှောင်ချန်းတစ်ယောက်သည်သာလျှင် စိတ်စွမ်းအင် လုံးဝနီးပါးထုတ်မသုံးရသေးပေ။ သူက ဘေးသို့ထွက်ရပ်ကာ သန်းပင်သန်းနေတော့သည်။ ထိုအချင်းအရာကို ပြိုင်ပွဲကထွက်သွားသူများ မြင်သောအခါ သူ့ကိုရိုက်နှက်ချင်စိတ်များပင်ပေါ်လာသည်။

သူက လီချင်းဟောက်၏ ဆန္ဒအတိုင်း ထိပ်ဆုံး၅ယောက်အဆင့်သို့ ဝင်သွားပြီဖြစ်၍ ပြိုင်ပွဲ၏ကျန်ပွဲစဥ်များကို ဂရုပင်မစိုက်တော့ချေ။

ပျင်းနေသည့်အတွက် ထိပ်ဆုံးအဆင့်ငါးယောက်ထဲက ကျန်လေးယောက်ကို လိုက်ကြည့်လိုက်သည်။ တုလင်ဖေးကိုကြည့်ရင်း သူမ သုံးလိုက်သော အရှိန်ကိုပင် လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ အတတ်ဟု သတ်မှတ်လျှင် သူ၏အဆင့်မှာ လွန်စွာသာလွန်နေပြီဟု တွေးလိုက်ရင်း ကျေနပ်နေသည်။

” အဲ့ဒီကောင်မလေးက သတ်ချင်ဖြတ်ချင်စိတ်ရှိနေတဲ့ တစ်ချက်က ဆိုးနေတာ။ ဒီလို မိန်းမကောင်းလေးတစ်ယောက်က ဘာလို့များ သတ်ရဖြတ်ရတာကို စိတ်ဝင်စားနေပါလိမ့်။ မဟုတ်မှလွဲရော အင်မော်တယ်ကျင့်စဥ် ကျင့်ကြံတဲ့ မိန်းကလေးတိုင်း ဒီလိုကြောင်တောင်တောင် တွေပဲလား။ ကျိုးရှင်းချီဆို အသေမာနကြီး။ ဟိုရှောင်မေ့ဆိုလည်း အသေ စိတ်ဆိုးလွယ်နဲ့။” ပိုင်ရှောင်ချန်းမှာ နားလည်ရခက်စွာနှင့် ခေါင်းကိုခါလိုက်သည်။

သူက တုလင်ဖေးဆီမှ အကြည့်ခွာလိုက်ရန်ပြင်လိုက်စဥ်မှာပင် သူမက သူမကို သူကြည့်နေသည်ဟုခံစားလိုက်ရဟန်တူသည်။ ချက်ချင်းပင်သူမ၏မျက်လုံးများပွင့်လာပြီး ပိုင်ရှောင်ချန်းကို အေးတိအေးစက်ကြည့်လာသည်။

တုလင်ဖေး၏ အမြင်တွင် ပိုင်ရှောင်ချန်းမှာ စိတ်ကူးထဲတွင်ထည့်ဖို့ပင် မတန်ပေ။ သူ၏ပထမဆုံး တိုက်ပွဲနှစ်ပွဲကိုကြည့်ကာ ကံကောင်း၍နိုင်သွားသည်ဟု ထင်မှတ်နေသည်။ သူမ၏စိတ်ထဲတွင် ပိုမိုလှောင်ရယ်နေတော့သည်။

“သြော်။ ရှင်က ကျွန်မကို ကြည့်ရဲတယ်ပေါ့။ ဟုတ်စ။” တုလင်ဖေးက လေသံမာမာနှင့် ပြောသည်။ ထိုစကားကိုကြားသောအခါ ပိုင်ရှောင်ချန်းလည်း အကြည့်မလွှဲတော့ဘဲ တုလင်ဖေးကို တည့်တည့်ကြီး ပြူးကြည့်လိုက်သည်။ အကြည့်ချင်းပြိုင်သည်မှာ သွေးထွက်သံယို ကိစ္စများနှင့် လားလားမျှမဆိုင်သည့်အပြင် ငယ်ငယ်ထဲမှ သူ့ကိုနိုင်ဖူးသူ ရှားသည်။

တုလင်ဖေးလည်း မျက်မှောင်ကြုံ့သွားသည်။ သူမ၏နောက်က သူမ၏ ပရိတ်သတ်များကမူ စိတ်ဆိုးမာန်ဆိုးနှင့် သူ့ကို ကြောက်မက်ဖွယ်ပြန်ကြည့်နေကြသည်။

ထိုမျက်လုံးများစွာက သူ့အားကြည့်နေသည်ကိုမြင်လိုက်ရသည်အတွက် ပိုင်ရှောင်ချန်းမှာ အကြပ်ရိုက်သွားသည်။ အချို့မျက်လုံးများမှာ အင်မတန်ကြောက်စရာပင် ကောင်းသည်။ သူ့တွင် မျက်လုံးနှစ်လုံးတည်းသာပါသည်ဖြစ်၍ ယှဥ်မကြည့်နိုင်တော့ပေ။

ထို့ကြောင့် ပိုင်ရှောင်ချန်းလည်း လည်ချောင်းရှင်းလိုက်ပြီး

” ထားပါတော့ သူတို့ဘက်က အရေအတွက်များနေတာပဲ။ ပြီးတော့ တကယ့်ယောက်ျားဆိုရင် မိန်းကလေးတွေနဲ့ ပြိုင်ပြီး ရန်မဖြစ်ဘူးကွ။” ဟု ရေရွတ်လိုက်ရင်း အကြည့်လွှဲလိုက်သည်။

ထိုအချိန်တွင် အကြီးအကဲစွန်း၏ အသံက ကွင်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

” မင်းတို့အားလုံး တကယ်တော်ကြပါတယ်။ ဒီပြိုင်ပွဲကတော့ အခုထိအဆင်ပြေပြေနဲ့ ရှေ့ဆက်နေတုံးပဲ။ အခု ပြိုင်ပွဲဝင်အရေအတွက်ထပ် လျှော့ချရမဲ့အချိရောက်လာပြီ။ မင်းတို့ငါးယောက် ရှေ့ထွက်ပြီး ကျောက်လုံးတွေ လာရွေးကြ။ ကျောက်လုံးငါးလုံးထဲမှာ ထိပ်ဆုံးသုံးယောက်ထဲကို ယှဥ်ပြိုင်စရာမလိုပဲ တန်းရောက်စေမဲ့ ကျောက်လုံးတစ်လုံးပါတယ်။” အကြီးအကဲစွန်းက ပြုံးရင်း အိတ်ကိုထုတ်လိုက်သည်။

ဤအခါတွင် ချန်းကျိအန်းသည် အရင်ဆုံးနှိုက်ရသည်။ ကျောက်လုံးကိုဆွဲထုတ်လိုက်သောအခါ နံပါတ်လေးဟုရေးထားသည်ကိုမြင်လိုက်ရ၍ မျက်မှောင်ကြုံ့သွားသည်။

တုလင်ဖေးက ဒုတိယမြောက်နှိုက်ကာ နံပါတ်နှစ် ကျောက်လုံးကိုရသည်။ ကျန်ဂိုဏ်းသားနှစ်ယောက်မှာလည်း နံပါတ် တစ်နှင့် သုံးပါသော ကျောက်လုံး အသီးသီးစီရကြသည်။

ပိုင်ရှောင်ချန်းသည်ကား နှိုက်စရာပင်မလိုလိုက်ချေ။ ကျန်သောတစ်လုံးမှာ ထိပ်ဆုံး၃ယောက်သို့ တိုက်ရိုက်ဝင်ခွင့်ကျောက်လုံးပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ရယ်မောလိုက်ပြီး မျက်လုံးများမှာ တောက်ပလာသည်။ ကွင်းအပြင်ဘက်တွင်နေရာယူလိုက်ပြီး လက်ပိုက်ကာ တုလင်ဖေးနှင့်အခြားသူများ တိုက်ခိုက်ကြသည်ကို ဇိမ်နှင့်ကြည့်ရန် ပြင်လိုက်သည်။ ပြိုင်ပွဲဆက်မပြိုင်ရန် သူကြံစည်ထားပါသော်လည်း ယခုတွင်မူ ဘာမှလုပ်စရာမလိုဘဲ ထိပ်ဆုံးသုံးယောက်ထဲသို့ ပါသွားလေပြီ။

“ကံ ဆိုတဲ့အရာကလည်း ခွန်အားတစ်မျိုးပဲကွ။” ဟု ကျေနပ်ကာ ပြုံးစိစိနှင့်တွေးတောနေတော့သည်။

ထိုကံကောင်းမှုကြောင့် ပရိတ်သတ်အချို့မှာ သူ့ကိုငေးကြည့်နေကြပြီး သူတို့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများပေါ်လာတော့သည်။ အများစုမှာ ဤအခြေအနေကို လက်မခံနိုင်ပေ။ အထူးသဖြင့် ရှုံးနိမ့်ကာထွက်သွားရသော ဂိုဏ်းသားများ၏စိတ်ထဲတွင် မနာလိုမှုများ၊ အားကျမှုများဖြင့် ပြည့်နှက်နေတော့သည်။

” ဒီကောင်က လုံးဝကိုအရှက်မရှိတာပဲကွ။ ထူးဆန်းတဲ့ ပစ္စည်းတွေသုံးပြီး ထိပ်ဆုံး ငါးယောက်ထဲ ဝင်တဲ့အထိထားဦးကွာ။ အခုလည်း ထိပ်ဆုံး၃ယောက်ထဲကို တိုက်ရိုက်ဝင်ခွင့်ရသွားပြန်ပြီ။”

” ရွံဖို့ကောင်းချက်ပဲ။ ဒီပြိုင်ပွဲမှာ ဒီကောင်လောက် ရွံဖို့ကောင်းတဲ့ကောင် တစ်ခါမှမမြင်ဖူးဘူး။” ပရိတ်သတ်ကြီးက မကျေမချမ်းဖြစ်ကာ ဆဲဆိုနေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset