တာအိုသစ်စေ့တောင်မှ နဝမမြောက်မန္တန်အစီအရင်ကို ဂိုဏ်းခေါင်းဆောင်ကြီးက
ပိုင်ရှောင်ချန်းအတွက်သာလျှင် အထူးစီရင်ထားခြင်းဖြစ်သည်။။ သူက ကောင်းကင်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ထိုအစီအရင်၏ စစ်မှန်သော တိုက်ပွဲစွမ်းအားကိုထုတ်ပေးနိုင်သည့်တစ်ဦးတည်းသောသူဖြစ်သည်။။ ထို့ကြောင့် စောစောက အစီအရင်မှာ အားပျော့နေခဲ့ခြင်းဖြစ်သည်။
စွမ်းအားပြည့်သွားသောအခါ ၄င်းက ရွှေအမြုတေအဆင့်နှင့်ပင်တူသည့် အင်အားတို့ကို ထုတ်ပေးနိုင်လေသည်။
ပိုင်ရှောင်ချန်း မရောက်ခင်က ရွှေအမြုတေအဆင့်၏ပတ်လည်သို့သာ နဝမမြောက်အစီအရင်က ထုတ်ဖော်နိုင်သည်။။ သို့သော် ယခုတွင် ဧရာမဘီလူးကြီး၏ စွမ်းအင်မှာ တစ်ဟုန်ထိုးမြင့်တက်လာပြီး အရင်နှင့် လုံးဝခြားနားသွားလေသည်။။
အနက်ရောင်ရုပ်သေးရုပ်က ပိုင်ရှောင်ချန်းနာမည်ကို အော်လိုက်သည်နှင့် အစီအရင်ဘီလူးကြီးက ရှေ့သို့တစ်လှမ်းတိုးလိုက်သဖြင့် အရပ်မျက်နှာတစ်ခွင်ကို အရှိန်အဝါများ ဖုံးလွှမ်းသွားကာ အရာအားလုံး တုန်လှုပ်သွားလေသည်။
အံ့သြစရာကောင်းလောင်အောင် အစီအရင်ဘီလူးက တောင်ဖြိုသိုင်းကိုသုံးနေလေသည်။
ထိုဘီလူးကြီးက လျှပ်တပြက်လှုပ်ရှားသွားသည်နှင့် တအုန်းအုန်း တဒိုင်းဒိုင်းအသံများ ပေါက်ကွဲထွက်လာ၏ ။ တခဏမျှကြာသော်၄င်းက အနက်ရောင်ရုပ်သေးရုပ်ရှေ့တည့်တည့်သို့ရောက်ရှိသွား၏။ ရောက်လာမည့်တိုက်ကွက်အတွက် ရုပ်သေးရုပ်က မည်မျှပြင်ဆင်ထားစေကာမူ အလွယ်လေးရှောင်တိမ်းမရနိုင်ပေ။
ဝုန်းခနဲမြည်သံကြီးက အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွား၏။
အနက်ရောင်ရုပ်သေးရုပ်အပေါ် ပိုင်ရှောင်ချန်းရိုက်ချလိုက်သည့်အားက မိုးကောင်းကင်ကိုပါ အစိတ်စိတ်အမြွှာမြွာကွဲသွားစေနိုင်သည်။ တဆတ်ဆတ်တုန်လျက် ရုပ်သေးရုပ်မှာ နောက်သို့လန်ကျသွားပြီး အက်ကွဲသံများပေါ်ထွက်လာလေသည်။ ရုပ်သေးရုပ်၏မျက်နှာအမူအရာမှာ ရုပ်သေဖြစ်သော်လည်း ၄င်းအတွင်းရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းအခြေခံများပရမ်းပတာဖြစ်ကုန်ကြသဖြင့် မျက်နှာပျက်သွားကြသည်။ သူတို့၏ ချီနှင့် သွေးများ ချက်ချင်းကမောက်ကမဖြစ်ကုန်ကာ ပါးစပ်မှ သွေးအန်ကုန်ကြသည်။
” လက်သီးတစ်ချက်လေးတောင်မခံနိုင်ဘူးလား ”
ပိုင်ရှောင်ချန်းက ရေခဲတမျှအေးစက်စက်အသံဖြင့်ပြောလိုက်သည်။ သူက နောက်တစ်လှမ်းတိုးလာကာ မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် အနက်ရောင်ရုပ်သေးရုပ်အပေါ်တည့်တည့်သို့ရောက်လာပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ၄င်းပေါ်သို့ နင်းချလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားလုမတတ် ဝုန်းခနဲ မြည်ဟည်းသံကြီးထွက်ပေါ်လာသည်။ အနက်ရောင်ရုပ်သေးရုပ်မှာ အနည်းငယ်မျှပင် ပြန်မတိုက်နိုင်တော့ဘဲ မြေပြင်သို့ထိုးကျသွားတော့သည်။
၄င်းအောက်သို့မရောက်ခင် ပိုင်ရှောင်ချန်းက လျှပ်တပြက်လှုပ်ရှားပြီး ဘေးတွင်ပေါ်လာကာ လက်မောင်းကိုဖမ်းဆွဲလိုက်ပြီး ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်သည်။
ရုပ်သေးရုပ်ကြီးမှာ အပေါ်သို့ တဖန်မြောက်တက်သွားပြီး ၄င်းထံလက်သီးတစ်ချက်ပြီးတစ်ချက်ပစ်သွင်းနေသည့် ပိုင်ရှောင်ချန်းနှင့်တွေ့ပြန်သည်။
ရုပ်သေးရုပ်ကြီးမှာ ရှောင်တိမ်းထွက်ပြေးရန် ကြိုးပမ်းသော်လည်း မတတ်နိုင်ပေ။ ကြောက်မက်ဖွယ် လက်သီးချက်များက တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ဝင်ရောက်လာပြီး ၄င်း၏ အပြင်ဘက်ဒိုင်းအကာအကွယ်တို့မှာ တဖြေးဖြေးကွဲကြေလာလေသည်။
“အထင်သေးစရာပဲ ” အနက်ရောင်ရုပ်သေးရုပ်က ဟိန်းဟောက်လိုက်သည်။ “ဒီလိုနတ်ဆိုးပုံနဲ့ဘယ်လိုတောင်တိုက်ရဲတာလဲ”
ရုပ်သေးရုပ်အတွင်းရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့မှာ ဘီလူးကြီးက ပိုင်ရှောင်ချန်းပြန်လည်ပုံသွင်းပြီးနောက် အလွန်အစွမ်းထက်လာလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်ပင်မကူးခဲ့ဖူးချေ။ လက်ဦးမှုမရယူနိုင်လိုက်ပြီးနောက် သူတို့မှာလုံးဝဖိနှိပ်ခံနေရပြီး သူတို့ကိုယ်သူတို့ကာကွယ်ရန်ပင်မစွမ်းနိုင်တော့ပေ။
အနက်ရောင်အလင်းများ ပေါ်ပေါက်လာသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်သွားပြီး နောက်ဆုတ်လိုက်သည်။ သို့သော်လည်း တဆက်တည်းမှာပင် အနက်ရောင်ရုပ်သေးရုပ်၏ လက်ကောက်ဝတ်ကို ရိုက်ချိုးရန် သူ၏ဘယ်ခြေကို လှည့်လိုက်လေသည်။ မြေပေါ်သို့ ပြုတ်ကျသွားသောကြောင့် တဂျွတ်ဂျွတ်အက်ကွဲသံများထွက်ပေါ်လာပြီး ရုပ်သေးရုပ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ တွန့်လိမ်ကောက်ကွေးစွာ ပျံ့နှံ့သွား၏။
အနက်ရောင်အဖျက်အဆီးအလင်းတန်းတစ်ခုက အနက်ရောင်ရုပ်သေးရုပ်ကြီးကို အေးစက်စက်ဖြင့် ရပ်ကြည့်နေသည့် ပိုင်ရှောင်ချန်းကိုဖြတ်သွားသည်။ သူက နှာမှုတ်လိုက်ပြီး ပြော၏။
” မင်းတို့ရှိတာဒါအကုန်ပဲလား။ မင်းတို့က တာအိုသစ်စေ့တောင်ရဲ့ နဝမမြောက်မန္တန်အစီအရင်ရဲ့စွမ်းအားအပြည့်ကိုခံနိုင်ဖို့ အရည်အချင်းးတောင်မမှီသေးဘူးပဲ”
ဆန်းကြယ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မခံမရပ်နိုင်အော်ဟစ်သံများက အနက်ရောင်ရုပ်သေးရုပ်ကြီးအတွင်းမှ ပဲ့တင်ထပ်လာ၏။မြေကြီးနှင့်မရိုက်မိခင်အခိုက်၌ ၄င်းကတစ်ပတ်လှည့်လိုက်ပြီး ၄င်း၏ အဟုန်ကိုပြောင်းရန်ညာလက်ကိုအောက်သို့ရိုက်ချလိုက်သည်။ ၄င်း၏ခန္ဓာကိုယ်အား ခက်ခက်ခဲခဲထိန်းချူပ်ပြီးနောက် ရုပ်သေးရုပ်ကြီးက ဘယ်လက်ဖြင့်မန္တန်လက်ကွက်တစ်ခုဖော်လိုက်ကာ ရုပ်သေးရုပ်အတွင်းရှိလူတိုင်း၏ စွမ်းအားတို့ကိုစုစည်းသွားစေပြီး ဓားရှည်တစ်ချောင်းနှင့် အရိပ်ကိုယ်ပွားတစ်ခုအား ဆင့်ခေါ်လိုက်သည်။ တွေဝေ တုံ့ဆိုင်းမနေဘဲ ကိုယ်ပွါးက ဓားကို ပိုင်ရှောင်ချန်းထံ ခုတ်ပိုင်းချလိုက်လေသည်။
ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ကိုယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာ၏။ ထိုအလင်းများက မန္တန်အစီအရင်ဘီလူးကြီးကို ရွှေရောင်တောက်ပသွားစေလေသည်။
တုန်လှုပ်ဖွယ်ကောင်းစွာ ၄င်းက ထာဝရရွှေအရေပြားဖြစ်သည်။ကောင်းကင်နတ်ဆိုးတစ်ကောင်၏ပုံရိပ်က မန္တန်အစီအရင်ဘီလူးကြီးနှင့် တစ်နေရာထဲ ပေါ်လာသဖြင့် နှစ်ကောင်မှာ တစ်ကောင်တည်းဖြစ်လုနီးပါးဖြစ်သွားလေသည်။
ထိုနေရာရှိလူတိုင်းမှာ မန္တန်အစီအရင်ဘီလူးကြီးကို မကြည့်ကြတော့ပဲ ထိုအစားကောင်းကင်ကိုမော့ကာ ဟိန်းဟောက်နေသော ကောင်းကင်နတ်ဆိုးကို ကြည့်နေကြသည်။
ပိုင်ရှောင်ချန်း၏ ကောင်းကင်နတ်ဆိုးက ၄င်း၏ လက်သီးကိုဆုပ်လိုက်ပြီး လာနေသည့်အရိပ်ကိုယ်ပွားအား လက်သီးဖြင့်ထိုးချလိုက်သည်။
လက်သီးက ၄င်း၏ပစ်မှတ်ကို ထိသွားသောကြောင့် လေပြင်းများ တိုက်ခတ်သွား၏။ ထိုကိုယ်ပွားမှာ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားသောမှန်တစ်ချပ်အလား ချက်ချင်းပေါက်ကွဲသွားလေသည်။
“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့ မှော်ရုပ်သေးရုပ်တွေက တစ်မိုးအောက်မှာ ကျော်ကြားတယ်။” ပိုင်ရှောင်ချန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ “အထူးသဖြင့် ရွှေရောင်နဲ့အနက်ရောင် ရောစပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ ဒီနေ့လိုတိုက်ကွက်မျိုးနဲ့မြင်ရတာ ဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းလိုက်လဲ”
သူ၏စကားလုံးတို့မှာ အစောပိုင်းက အနက်ရောင်ရုပ်သေးရုပ်အတွင်းရှိကျင့်ကြံသူပြောခဲ့သည်နှင့် တစ်ထပ်တည်းပင်။
ထိုစကားတို့ကို ပြောခဲ့သည့် ဘဝင်ရူးကျင့်ကြံသူမှာ ဆွေ့ဆွေ့ခုန်သွားပြီး ဟိန်းဟောက်လိုက်ကာ ပိုင်ရှောင်ချန်းထံ ရုပ်သေးရုပ်ကြီးကို ပစ်လွှတ်လိုက်သည်တွင် ၄င်း၏လက်မှာ မန္တန်လက်ကွက်တစ်ခုပေါ်သွားကာ မှော်သိုင်းကွက်ထွက်ပေါ်လာသည်။
သို့သော်လည်း မှော်သိုင်းကွက်က ရုပ်လုံးမပေါ်သေးမီ မီတာ၃၀၀၀မြင့်သော ဧရာမခရမ်းရောင်ဒယ်ဇောက်အိုးကြီးက အနက်ရောင်ရုပ်သေးရုပ်၏ ခေါင်းတည့်တည့်တွင် ပေါ်လာပြီး ၄င်းပေါ်သို့ ကျဆင်းလာကာ ဟန့် တားလိုက်လေသည်။
” ကစားပွဲပြီးပြီ ”
ပိုင်ရှောင်ချန်း၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး ပြောလိုက်သည်။ တချိန်တည်းမှာပင် ကောင်းကင်နတ်ဆိုးကြီးက တရှိန်ထိုးပြေးသွားပြီး ရုပ်သေးရုပ်ထံရောက်သွားလေသည်။
ရုပ်သေးရုပ်၏ မျက်လုံးများ ဝင်းလက်သွားပြီး ပါးစပ်ကိုဟကာ ခုနစ်ရောင်ခြယ်အဆိပ်ငွေ့စီးကြောင်းတစ်ခုကိုထုတ်လိုက်သည်။ တဆက်တည်းမှာပင် ရုပ်သေးရုပ်၏ကိုယ်မှာ ချက်ချင်း ပျက်စီးလာ၏။ အဆိပ်ငွေ့တို့ကြောင့် လေထုပင်တုန်ခါသွားပြီး ပိုင်ရှောင်ချန်းပြေးဝင်လာနေသည်။
” သေပေတော့.. ”
ရုပ်သေးရုပ်က မျှော်လင့်ချက်များနှင့် ရယ်မောကာပြောလိုက်သည်။ရုပ်သေးရုပ်အတွင်းရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအဖွဲ့မှာ အဆိပ်ငွေ့ထုတ်နိုင်မည့်အခွင့်ရေးကိုစောင်နေခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ရုပ်သေးရုပ်၏လက်က မန္တန်လက်ကွက်ဖော်လိုက်ရာ လင်းလက်သွားပြီး မရေမတွက်နိုင်သော ဓားကြီး လေထဲတွင် ထွက်ပေါ်လာသည်။ အရေအတွက်အားဖြင့် ၅ဝကျော်မျှရှိပြီး ဓားအစီအရင်တစ်ခုပုံစံစုပေါင်းလာကာ တဝီဝီမြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် လျှပ်စီးလက်သည့်အလား အလင်းများက ပိုင်ရှောင်ချန်းထံဦးတည်သွားလေသည်။
ဓားအစီအရင်နှင့် အဆိပ်ငွေ့များ အတူတကွ ဝင်ရောက်လာသည်မှာ သေစေနိုင်သော ပေါင်းစည်းမှုတစ်ခုပင်။
“ကလေးကွက်တွေ ”
ပိုင်ရှောင်ချန်းက ခပ်အေးအေးပင်ပြော၏။ သူ၏ကောင်းကင်တံတားဓမ္မ မျက်လုံးမှာ ဖျတ်ခနဲပွင့်လာကာ မီတာ ၃၀၀မြင့်သည့် ကောင်းကင်နတ်ဆိုး၏နဖူးမှာလည်း တတိယမြောက်မျက်လုံး ပေါ်လာ၏။
ချက်ချင်းပင် မျက်လုံးကြီးက အဆိပ်ငွေ့ကိုမဟုတ်ပဲ ဧရာမဓားအစီအရင်ကို စိုက်ကြည့်လိုက်ရာ ကောင်းကင်မှာတုန်ခါလာလေသည်။
ဓားကြီး ၅၀ကျော်ခန့်မှာ ရုတ်တရက် လေထဲတွင် ရပ်တန့်သွား၏။
တခဏမျှသာရပ်တန့်သွားသော်လည်း ထိုအခိုက်အတန့်က ပိုင်ရှောင်ချန်းအတွက် လှုပ်ရှားရန်အဆင်ပြေသည်။ တုံ့ဆိုင်းမနေပဲ သူက အဆိပ်ငွေ့ကိုဖောက်ထွက်သွားပြီး အနက်ရောင်ရုပ်သေးရုပ်ရှေ့တည့်တည့်တွင် ပေါ်လာ၏။
“မဖြစ်နိုင်တာ.. ”
ရုပ်သေးရုပ်အတွင်းမှ ထိတ်လန့်အံ့သြမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် အော်သံအများအပြားပေါ်ထွက်လာလေသည်။ အဆိပ်ငွေ့မှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင်လှုပ်ခါပစ်နိုင်သည့် ရုပ်သေးရုပ်၏ဝှက်ဖဲများထဲမှတစ်ချပ်ဖြစ်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများသည် အစီအရင် ဘီလူးကြီးကို ဖျက်စီးပစ်နိုင်မည်ဟု မုချယုံကြည်ချက်ရှိလေသည်။
သို့သော်လည်း သူတို့က မန္တန်အစီအရင်ဘီလူးကြီးကိုသာမက ပိုင်ရှောင်ချန်း၏ကောင်းကင်နတ်ဆိုးကြီးကို အမှန်အကန် ရင်ဆိုင်နေရလေသည်။ ၄င်းအတွက် အဆိပ်ငွေ့မှာ ဘာမှမဖြစ်သလောက်ပင်။
မီးတစ်ခတ်ကြာချိန်အတွင်း ပိုင်ရှောင်ချန်းက အနက်ရောင်ရုပ်သေးရုပ်၏ပခုံးကို ဆွဲယူပြီး ၄င်း၏လက်မောင်းကို ဆုတ်ဖြဲပစ်လိုက်သည်။ တုန်လှုပ်သွားသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူလေးယောက်က ကွဲကြေသွားသော အစိတ်အပိုင်းတို့မှပျံထွက်လာကြပြီး အဝေးသို့ ထွက်ပြေးသွားရန်ပြင်လိုက်စဥ် အနီးအနားရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများအဝိုင်းခံလိုက်ရလေသည်။
သူတို့၏မချိတင်ကဲ ညည်းညူသံများထွက်ပေါ်လာသည်နှင့်အတူ ပိုင်ရှောင်ချန်းက ညာဖက်လက်မနှင့် လက်ညှိုးကို အတူဖိလိုက်ပြီး လည်မျိုဖမ်းဆုပ်ကွက်ဖြင့် အနက်ရောင်ရုပ်သေးရုပ်ကြီး၏ လည်ပင်းကိုလိမ်ချိုးလိုက်သည်။
ကြောက်မက်ဖွယ်အက်ကွဲသံပေါ်ထွက်သွားပြီး ရုပ်သေးရုပ်၏ လည်ပင်းတစ်ခုလုံး ကြေမွသွားကာ ၄င်း၏ခေါင်းပြတ်က လေထဲသို့မြောက်တက်သွားလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအတော်များများ လွင့်ထွက်လာကြသည်။ လက်မောင်းနှင့်ခေါင်းမရှိတော့သော်လည်း အနက်ရောင်ရုပ်သေးရုပ်မှာ အလုံးစုံမပျက်စီးသေးဘဲ ၄င်းအတွင်းရှိကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကြောင့် ရင်တဒိန်းဒိန်းခုန်လျက် ကြောက်လန့်နေပြီး ချက်ချင်းပင် ရုပ်သေးရုပ်ကို နောက်သို့ဆုတ်လိုက်လေသည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက ရုပ်သေးရုပ်ကို လွှတ်ပေးမည်နည်း။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ပတ်လည်တွင် လေပွေတစ်ခု ထွက်ပေါ်လာ၏။ လေပြင်းများတိုက်ခိုက်လာပြီး သူ၏မျက်လုံးများ ဝင်းလက်သွားကာ ကောင်းကင်နတ်ဆိုးက တောင်ဖြိုသိုင်းကို ထုတ်ဖော်လိုက်လေသည်။
ဝုန်းးးး။
၄င်းက အလွန်တရာ လျင်မြန်စွာလှုပ်ရှားသွားသဖြင့် မျက်လုံးနှင့် လိုက်ကြည့်ရန် ခက်ခဲလေသည်။ မှုန်ဝါးဝါးပုံရိပ်များကိုသာ သာမြင်လိုက်ရပြီး ၄င်းက အနက်ရောင်ရုပ်သေးရုပ်ထံ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
ရုပ်သေးရုပ်မှာ အပိုင်းပိုင်းပေါက်ကွဲသွားပြီး ၄င်းအတွင်းရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူဒါဇင်ကျော်မှာ ဆိုးဆိုးရွားရွားဒဏ်ရာရသွားကြကာ အချို့မှာမူ ပွဲချင်းပြီးသေသွားကြသည်။ လွတ်မြောက်သွားသည့်လူများမှာ သွေးများအန်နေကြပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်တို့က သူတို့ကိုသတ်ဖြတ်ရန် အနားသို့ ရောက်လာကြသည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလျက် လေထဲတွင် ရပ်နေသည်။ သူက အင်အားကြီးသိုင်းကွက်များကို ထုတ်သုံးခဲ့သော်လည်း အမှန်တကယ်တွင် သူ တဆတ်ဆတ်တုန်ရီနေသည်။ သူက ထိုနည်းလမ်းဖြင့် မတိုက်ချင်လျှင်ပင် ယခုကဲ့သို့အဆိုးဆုံးအခိုက်အတန့်တွင် သူ့မှာ ရွေးချယ်စရာမရှိပေ။
သက်ပြင်းချရင်း နောက်တစ်နေရာကို သွားရန်ပြင်လိုက်စဥ် မီတာတစ်ထောင်ခန့်ဝေးသည့်နေရာကို ကြည့်ပြီး ရုတ်တရက် တုန်ခါသွားလေသည်။
ထိုနေရာတွင် ရပ်နေသည်က မျက်နှာဖုံးတပ်ဆင်ထားသော ရွှယ်မေ့ပင်။
သူမမှာ အင်အားနည်းနေသည့်အခြေအနေတွင်ရှိပုံပေါ်ပြီး မြေပြင်သို့ ထပ်ကာထပ်ကာပြုတ်ကျနေသဖြင့် သူမ၏မျက်နှာဖုံးအောက်မှ သွေးများ တရစပ်စီးကျနေလေသည်။
သူမကို ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက ဝန်းရံထားပြီး သူတို့အကုန်လုံးမှာ သတ်ဖြတ်လိုစိတ်များတဟုန်းဟုန်းတောက်လောင်နေလေသည်။