အခန်း ( ၂၉၃ )

ဝမ်းလျှောမိစ္ဆာက အတားအဆီးကို ဖျက်ဆီးမယ်

ပိုင်ရှောင်ချန်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ရှေ့တစ်ပြန်၊နောက်တစ်ပြန် ကြည့်လိုက်သည်။

“မင်းတို့ကောင်တွေ ဘာလုပ်နေကြတာတုံး… ” ခြောက်ကပ်ကပ်ချောင်းဟန့်ပြီး သူကဆက်ပြောသည်။
“ဒီဟာက တာဝန်အတွက်လေ..။ အံမာ ငါက ဆေးဖော်တာမှာ ဆရာတစ်ဆူပဲနော်..”

လူများမှာ အကြံပေးလာကြသည်။

“ဂိုဏ်းတူဦးလေးပိုင်.. ဘာဆေးမှ ဖော်စရာမလိုပါဘူး…ဟုတ်ပြီနော်”

“ဂုဏ်ကျက်သရေကြီးမားလှပါသော သွေးသခင်ခင်ဗျား…. ဒီကျင့်ကြံသူမျိုးနွယ်စုကို အလွတ်ပေးလိုက်ပါဗျာ… နော် နော်”

လူတိုင်းသာမက နတ်ဆရာပင်လျှင် တပြိုက်နက်တည်း စကားတို့ပြောလာကြသည်။

အေးစက်စက်နှာမှုတ်လျက် ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုတစ်ခုထုတ်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဟင့်အင်း.. .။ သူတို့ငါ့ကို တံခါးပိတ်ထားတာကို လက်မခံနိုင်ဘူး”

ဆေးပေါင်းဖိုပေါ်လာလျှင်ချင်း ဝန်းရံနေသော ဂိုဏ်းနှစ်ဂိုဏ်းမှကျင့်ကြံသူများမှာ နောက်သို့ခပ်ဝေးဝေးထပ်ဆုတ်သွားကြလေသည်။ ပိုင်ရှောင်ချန်းက ရှန်ကွမ်းမျိုးနွယ်စုကို ကြည့်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ ရယ်လိုက်သည်။ ဆေးပေါင်းဖိုကြီးကို တဖြန်းဖြန်းပုတ်ကာ သူက ဆေးပင်အမြောက်အမြားကိုထုတ်ကာ ဆေးစဖော်တော့လေသည်။

ဂိုဏ်းနှစ်ခုလုံး၏ ဂိုဏ်းသားအပေါင်းမှာ မျက်ဝန်းတို့တွင် ကြောက်ရွံ့မှုရိပ်များဖြတ်သန်းလျက် ရင်တထိတ်ထိတ်ဖြင့် နောက်သို့ဆက်ဆုတ်နေကြသည်။ သို့တိုင်အောင် တချိန်တည်းမှာပင် သူတို့က ရလဒ်ကို မျှော်လင့်စောင့်စားနေကြလေသည်။

“ရှန်ကွမ်းမျိုးနွယ်စု.. ဘယ်လိုများ ကံဆိုးမိုးမှောင်ကျမလဲ”

“ကျုပ်ဖြင့်ဗျာ.. ဝမ်းလျှောမိစ္ဆာကို သူတို့ရန်စရဲတာ ယုံတောင်မယုံနိုင်ဘူး”

“ခင်ဗျားတို့လူတွေသိလား.. ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဆေးဖော်တုန်းကလေ သူက ကောင်းကင်ဘုံက မိုးကြိုးနဲ့ အက်စစ်မိုးတွေကိုတောင် ဆင့်ခေါ်ခဲ့တာတဲ့”

” ဘာလို့မသိရမှာလဲ. ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုန်းကလဲ နွံအိုင်တောင်ထိပ်ကို ဖောက်ခွဲပစ်တော့မလို့ပဲဗျ”

ပိုင်ရှောင်ချန်းတွင် ဆေးပေါင်းဖိုတစ်လုံး၊ မီးလျှံသလင်းကျောက်အိတ်အပြည့်နှင့် ဆေးပင်ဆေးရွက်များစွာ ရှိလေသည်။ ဆေးတာအိုပညာရပ်တွင် သူ၏ကျွမ်းကျင်မှုကို ထည့်တွက်ကြည့်ပါက သူကမြန်မြန်ဆန်ဆန်ပင် စိတ်စွမ်းအင်ဆေးလုံးများစွာကို ပြုလုပ်နိုင်လေသည်။

ပြန်လည်တွေးခေါ်ထားသည့်အရာပေါ်အခြေခံ၍ ဤစိတ်စွမ်းအင်ဆေးက သူရုပ်အလောင်းတောင်တွင် ပထမဆုံးဖော်စပ်ခဲ့သည့်
ကယောင်ကတမ်းဖြစ်စေသော အမျိုးအစားပင်ဖြစ်သည်။ ဆေးပေါင်းဖိုကြီး မတုန်ခါခင်အထိ တစ်ရက်သာကြာလိုက်ပြီး အမည်းရောင်မီးခိုးငွေ့တန်းများက ၄င်းထံမှ ပျံ့နှံ့လာလေသည်။

ဂိုဏ်းနှစ်ဂိုဏ်း၏ ကျင့်ကြံသူများက ထိုမီးခိုမည်းတို့ကို မြင်သောအခါ လန့်သွားကြပြီး နောက်အတော်ဝေးဝေးကို ဆုတ်လိုက်ကြလေသည်။

ရှန်ကွမ်းမျိုးနွယ်စုအတွင်းရှိလူများပင် ရင်တမမဖြစ်လာကြသည်။ သူတို့က ပိုင်ရှောင်ချန်း၏ အမည်ပြောင် မှာ “ဝမ်းလျှောမိစ္ဆာ” ဟုကြားသိထားသဖြင့် သတိဖြင့်စောင့်ကြပ်နေကြသည်။ သူတို့မှာ ယခုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မကြုံဖူးသော်ငြား အဆင်သင့်ဖြစ်နေကြသည်။

နောက်ထပ်နေ့ဝက်ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုကို လက်နှစ်ဖက်ဖြင့် တဖြန်းဖြန်းရိုက်ရင်း ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ အမည်းရောင်မီးခိုးငွေ့တိမ်တိုက်ကြီး မြင့်တက်လာသည်တွင် သူကအင်္ကျီလက်ကိုခါလိုက်ပြီး ရှန်ကွမ်းမျိုးနွယ်စု၏တောင်ဆီသို့ ပို့လွှတ်လိုက်သည်။

အမည်းရောင်မီးခိုးငွေ့တို့က တလက်လက်တောက်ပနေသော်လည်း အလင်းဒိုင်းအကာအကွယ်ကို ထိသွားသောအခါ ဒိုင်းမှာ တုန်ခါသွားကာ မီးခို့ငွေ့တစ်ဝက်ခန့်ကိုတားဆီးနိုင်လိုက်သည်။ ကျန်မီးခိုးတို့က အဆုံးထိ ဖြတ်သွားလေသည်။ သို့သော်လည်း ထိုကဲ့သို့ မီးခိုးငွေ့အနည်းငယ်က တောင်အရွယ်အစားနှင့်ယှဥ်ပါက မပြောပလောက်သဖြင့် ဘာမှဖြစ်မသွားပေ။

ပိုင်ရှောင်ချန်းက အရင်ထက်ပို၍ စိတ်ပျက်သွားပြီး အထူးသဖြင့် ရှန်ကွမ်းမျိုးနွယ်စုထံမှ လှောင်သံများကြားလိုက်ရသည်တွင်ဖြစ်သည်။

“ကျုပ် အမြဲထင်နေတာက.. ဝမ်းလျှောကပ်မိစ္ဆာကိုကြားရတာ တကယ်ကို အထင်ကြီးစရာပဲပေါ့..။ ဒါပေမယ့် ဒီတိုင်း ဗန်းပြတာပဲဖြစ်နေပါလား.။ ပိုင်ရှောင်ချန်းရေ..ကျုပ်တို့ ရှန်ကွမ်းမျိုးနွယ်စုက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အညံ့ခံရင်ခံမယ်… ဒါပေမယ့်.. အဲဒါက ခင်ဗျားလိုချင်တဲ့အချိန်တိုင်း ကျုပ်တို့ဆီလာပြီး ခြိမ်းခြောက်လို့ရတယ်လို့ မဆိုလိုဘူး။ ခင်ဗျား ရဲ့ ဘွဲ့ဂုဏ်ပုဒ်တွေကြောင့် ကျုပ်တို့က တံခါးအမြဲဖွင့်ပေးထားမယ်လို့ ထင်နေတာလား။ သွားစမ်းပါ.. ခင်ဗျား အမြုတေအဆင့်မရောက်မချင်း ပြန်မလာစမ်းနဲ့”

ပိုင်ရှောင်ချန်းမှာ ပို၍ပင် ဆွေ့ဆွေ့ခုန် ဒေါသထွက်သွား၏။ ရှန်ကွမ်းမျိုးနွယ်စု၏တောင်ကို တခဏမျှစိုက်ကြည့်ပြီးနောက် သူ့မျက်လုံးတို့မှ တဖျတ်ဖျတ်တောက်ပလာ၏။

“မီးခိုးစီးကြောင်းတစ်ခုနဲ့ မရရင် တစ်ရာလုပ်မယ်။ မဟုတ်ဘူး.. ရာပေါင်းများစွာ”
လူအများကြီးက သူ့အား စိုက်ကြည့်နေသည်ကို တွေးလိုက်ပါက ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူကညာလက်ကို ဝှေ့ယမ်းကာ ဆေးတို့ ထပ်ဖော်ပြန်သည်။ သည်တစ်ကြိမ်တွင် သူအမည်းရောင်မီးခိုးငွေ့အတော်များများထုတ်ထားလေသည်။ သို့သော်လည်း သူက ၄င်းတို့ကို မန္တန်အစီအရင်ဒိုင်းအကာအကွယ်ထံသို့ မပို့လွှတ်သေးပေ။ ထိုအစား သူက လက်ကွက်ဖော်ပြီး တချိန်တည်းမှာပင် သူ၏ဆွဲငင်ခြင်းနှင့် တန်ပြန်သက်ရောက်ခြင်းအားကိုသုံးကာ မီးရောင်တို့ဖြာနေသော စက်လုံးကြီးတစ်ခုဖော်ထုတ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံက ထိုစက်လုံးအားကြောင့်အဝတ်များအား အပိုင်းပိုင်း မွစာကြဲခြင်းမှ ကာကွယ်နိုင်သည့်အဆင့်ကို ရောက်နေခဲ့ပြီးဖြစ်သည်။ အတွင်းရှိစွမ်းအားတို့အား ပြောင်းပြန်လုပ်လိုက်ခြင်းဖြင့် စီးဆင်းနေသာစက်ဝန်းတစ်ခုဖန်တီးလိုက်သောကြောင့် စက်လုံးမှာ ထည့်စရာအိုးကြီးအသွင် အဆင်ပြေသွားလေသည်။

ယခု သူက မီးခိုးငွေ့အချို့ကို အလုံးစုံပြည့်သွားသည်အထိထည့်လိုက်သည်။ ထိုအရာပြီးမြောက်သွားပြီးနောက် ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါလိုက်ကာ ကျားလဲ့ထံသို့ ထိုစက်လုံးကြီးကို ပစ်ပေးလိုက်သည်။

” ယူထား ” ခေါင်းပင်မလှည့်ပဲသူကပြောလိုက်သည်။ ကြောက်ဒူးတုန်လျက် ကျားလဲ့က စက်လုံးကိုဖမ်းလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ဆေးဆက်ဖော်ပြန်သည်။ အံ့သြစွာပင် ကုန်ဆုံးသွားသည့် ၅ရက်အတောအတွင်း သူက သွေးလေခြောက်ခြားခြင်းအငွေ့များထည့်သွင်းထားသည့် မီးရောင်ဖြာစက်လုံးရာချီပြုလုပ်ခဲ့သည်။ ပြုလုပ်ထားသည့် စက်လုံးတစ်လုံးစီတိုင်းကို ကျင့်ကြံသူနှစ်ရာအုပ်စုထံ ပစ်ပစ်ပေးထားသည်။

လူစေ့ရသွားသောအခါ ပိုင်ရှောင်ချန်းက ရဲရဲနီနေသော မျက်လုံးတို့ဖြင့် ရှန်ကွမ်းမျိုးနွယ်စုတောင်ကို မော့ကြည့်လိုက်သည်။ ထို့နောက်သူက ညာလက်ကို ဆန့်တန်းပြီး တောင်ကို လက်ညှိုးထိုးလိုက်သည်။

“ရှန်ကွမ်း မျိုးနွယ်စု” သူက အော်လိုက်ကာ
” မင်းတို့အဲ့လောက် မိုက်ရင် ဒိုင်းနောက်ကနေထွက်လာဖို့ တွေးတောင် မတွေးနဲ့ ။ စက်လုံးတွေပစ်ကြဟေ့” ချက်ချင်းပင် ကျင့်ကြံသူအပေါင်းက ကြောက်မက်ဖွယ်ပစ္စည်းတို့ကို လက်လွှတ်လိုက်ရသဖြင့် ပျော်ပျော်ရွှင်ရွှင် စက်လုံးတို့ကို သူတို့ရှိသမျှအားကုန်ပစ်တင်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းရာပေါင်းများစွာက ရှန်ကွမ်းမျိုးနွယ်စု၏ မန္တန်အစီအရင်ထံ တဟုန်ထိုးဦးတည်သွားကြသည်။ သူတို့ ထိသွားသည်နှင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွား၏။ စက်လုံးများ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး သူတို့အတွင်းမှ ဆွဲငင်ခြင်းနှင့် တန်ပြန်သက်ရောက်ခြင်းအားတို့က ဒိုင်းအကာအကွယ်ကို ပုံပျက်ရှုံ့တွသွားစေကာ လှိုင်းဂယက်များထလာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပွင့်ထွက်လာလေသည်။

အက်ကွဲကြောင်းတို့က အလိုအလျောက် အလျင်အမြန်ပြန်ဖာထေးသွားသော်လည်း ပေါက်ကွဲနေသော စက်လုံးတို့မှ ထွက်လာသည့် သွေးလေချောက်ခြားခြင်းမီးခိုးငွေ့တို့မှာ မန္တန်အစီအရင်ထဲ တသဲသဲဝင်ရောက်လာလေသည်။

မကြာမီပင် ထိုတောင်မှ အချက်ပေးသံများ မြည်လာကာ ကျွတ်ကျွတ်ညံဆူလာ၏။ ထို့နောက် တစ်တောင်လုံး တိတ်ဆိတ်သွားလေသည်။ ပိုင်ရှောင်ချန်းက ရှန်ကွမ်းမျိုးနွယ်စုကို မျက်လုံးပြူး၍ ကြည့်နေသည်။ သူ့နောက်ရှိ ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့အပါအဝင် ကျင့်ကြံသူနှစ်ရာလုံးမှာလည်း မျက်လုံးတို့တောက်ပလျက် စိတ်လှုပ်တရှား ကြည့်နေကြသည်။ ဤသည်မှာ ဆေးဖော်ခြင်းတွင် သူတို့ပိုင်ရှောင်ချန်းနှင့်အတူ ပူးပေါင်းသည့်ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့ကိုယ်တိုင် မီးရောင်ဖြာစက်လုံးများပစ်လွှတ်ထားသည်ကို တွေးကြည့်ပါလျှင် သူတို့မှာ ရလဒ်ကိုသိရန် စိတ်အားထက်သန်နေကြသည်။

အတော်ကြာကြာတိတ်ဆိတ်နေပြီးနောက် စူးစူးဝါးဝါးရယ်သံတို့ ရုတ်တရက် တောင်မှ ပေါ်ထွက်လာလေသည်။ ထို့နောက် ငိုသံများကြားလာရသည်။ ထို့နောက် ဟစ်ကြွေးဟိန်းဟောက်သံတို့ ထွက်လာ၏။ ထူးဆန်းပြီး မတွေးတတ်သော အသံပေါင်းစုံတို့ကို ကြားလာရလေသည်။

ထိုအသံတို့က ပေဟန်လဲ့၏အရေပြားကို တွန့်သွားစေသည်။ အခြားကျင့်ကြံသူများ အထူးသဖြင့် ရုပ်အလောင်းတောင်၏ကံဆိုးမိုးမှောင်ကျမှုကြီးကို မျက်မြင်ကိုယ်တွေ့ကြုံထားသည့်သူများထံမှ အာမေဍိတ်သံများ ကြားလိုက်ရလေသည်။

ရုပ်အလောင်းတောင်မှကျင့်ကြံသူများမှာမူ အတိတ်ကိုပြန်တွေးရင်း မျက်နှာအမူအရာတို့မှာ ရှုပ်ထွေးနေကြသည်။

သုံးရက်ကြာပြီးသော် ရှန်ကွမ်းမျိုးနွယ်စု အညံ့ခံလေသည်။ သူတို့က မည်သည့်သဘောတူညီချက်မှ မတောင်းဆိုပဲ ပိုင်ရှောင်ချန်းကို အသာတကြည် တောင်ကိုဖွင့်ပြီး လက်ခံလေသည်။ ထို့အပြင် လက်ဆောင်ပဏ္ဍာအမြောက်အမြားကိုလည်း ပေးအပ်သေးသည်။ ပိုင်ရှောင်ချန်းကိုကြည့်လိုက်ချိန်တွင် ကြောက်ရွံထိတ်လန့်မှုတို့က ကျင့်ကြံသူများ၏ မျက်ဝန်းများတွင် ပို၍ မပြတ်မသားဖြစ်နေလေသည်။ ထိုသုံးရက်မှာ သူတို့ဘဝတစ်လျှောက်လုံးမေ့မရသော အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လေတော့မည်။

ဝမ်းလျှောမိစ္ဆာနာမည်မှာ တျန်ကုံးဒေသတွင် ပေါ်ပေါက်လာကာ ပုံပြင်ဇာတ်လမ်းတို့လည်း ပျံ့နှံ့နေပြီးဖြစ်သည်။

အံ့သြစရာကောင်းစွာပင် ဂိုဏ်းနှစ်ဂိုဏ်း၏ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင်ပိုင်ဆိုင်သည့် ထိုမှော်စွမ်းကို မကြာမီချစ်မြတ်နိုးသွားကြလေသည်။

ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့သည်လည်း ထိုနည်းတူပင်။

ပိုင်ရှောင်ချန်းက ကိုယ်ကျိုးမမက်သည့်လူဖြစ်သောကြောင့် သိမ်းပိုက်၍ရသော အကျိုးအမြတ်တို့ကို နောက်လိုက်များအား ခွဲဝေပေးလေသည်။ အမှန်တွင် သူ၏ဗျူဟာကို လူအားလုံးက အသိအမှတ်ပြုသည်ကို ကြည့်ပြီး အလွန်စိတ်ကျေနပ်နေလေသည်။ အကျိုးဆက်အနေဖြင့် သူက ခံစစ်အတွက် ရည်ရွယ်ချက်ဖြင့် တစ်ယောက်ချင်းစီ၌ အနည်းဆုံးလေး ငါးလုံးရှိသည်အထိ နောက်ထပ် စက်လုံးများကြီးလုပ်ကာ အချိန်ကုန်စေလိုက်သည်။

မီးရောင်ဖြာ စက်လုံး အမျိုးအစား အမျိုးမျိုးရှိလေသည်။ တချို့ အတွင်းထဲမှာ အက်စစ်မိုးများရှိသည်။ တချို့တွင် သွေးလေခြောက်ခြားခြင်းအငွေ့များရှိ၏။ အချို့မှာမူ မိုးကြိုးကိုပင်ဆင့်ခေါ်နိုင်ပြီး တချို့က ချက်ချင်းဝမ်းပျက်ဝမ်းလျှောဒုက္ခသည် ဖြစ်စေနိုင်လေသည်။

တဖြေးဖြေးနှင့် တစ်ဖွဲ့လုံး၏သဘောထားတို့ကို ပိုင်ရှောင်ချန်းက လွှမ်းမိုးသွားလေသည်။ ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့ပင်လျှင် မသိစိတ်ထဲတွင် သဘောထားများ ပြောင်းလဲနေကြပြီဖြစ်သည်။

အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွား၏။ နောက်ထပ်နှစ်လကုန်သွားပြန်သည်။ ထိုအချိန်အတောအတွင်း အဖွဲ့ထဲတွင် ထိခိုက်ဒဏ်ရာများ ရခဲ့ကြသည်။ တစ်ခါက ကျင့်ကြံသူမျိုးနွယ်စုတစ်ဖွဲ့ကိုစစ်ဆေးရာတွင် တည်နေရာရွှေ့ပြောင်းခြင်းအကြီးစားကိုပြီးဆုံးခါနီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားအဖွဲ့ကြီးနှင့် သူတို့ ထိပ်တိုက်တိုးကြသည်။

အကယ်၍ ထိုတည်နေရာရွှေ့ပြောင်းခြင်းသာ ပြီးမြောက်သွားပါက ရှေ့တန်းမှ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားတို့အား နေရာတစ်ခုကို တည်နေရာရွှေ့ပြောင်းပေးနိုင်ပြီး အဓိကရုဏ်းများဖြစ်စေနိုင်လေသည်။

ထိုတိုက်ပွဲအတွင်း သူ၏အဖွဲ့က မီးရောင်ဖြာစက်လုံးကြီးအမြောက်အမြားကို ပစ်ပေါက်ခဲ့ကြပြီး တိုက်ပွဲတွင် ပိုင်ရှောင်ချန်းနောက်လိုက်ကိုသဲကြီးမဲကြီးလိုက်သည့် ရန်သူတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူခဲ့သည်။ ရလဒ်မှာ အံသြတုန်လှုပ်ဖွယ်အောင်မြင်မှူပင်။

ပိုင်ရှောင်ချန်းက ရှေ့တန်းသို့သွားမတိုက်သော်လည်း သူ၏နာမည်ဂုဏ်သတင်းမှာကျော်ကြားလာပြီး လက်အောက်ခံနယ်မြေများတစ်လျှောက်ပျံ့နှံသွားလေသည်။

ထို့ပြင် သူ၏ဂုဏ်သတင်းသာတိုးလာခြင်းမဟုတ်ပေ။ သူ့အဖွဲ့ထဲရှိ အခြားကျင့်ကြံသူများသည်လည်း အကျိုးရှိလေသည်။သူတို့၏ အဆိပ်စက်လုံးတို့ကို ရေရှည်အသုံးပြုနိုင်စွမ်းနှင့် ထွက်ပေါ်လာသော ကြောက်လန့်ဖွယ်ရလဒ်တို့ကြောင့် သူတို့သည်လည်း တူညီသောနာမည်ဂုဏ်သတင်းဖြင့်ကျော်ကြားကြလေသည်။ သူတို့က ရန်သူကို တိုက်ခိုက်ရာတွင် အလွန် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုစိတ်အငွေ့အသက်များ တဟုန်းဟုန်းတောက်လောင်နေသည်။

ထို့ကြောင့် သူတို့က ပိုင်ရှောင်ချန်း၏ စိတ်အားထက်သန်သောလက်ရုံးတော်ဘက်တော်သားဖြစ်လာကြသည်။ သူဖန်တီးသည့် တိုက်ပွဲပုံစံအသစ်ကိုလည်း အမှန်တကယ် စွဲလမ်းနှစ်ခြိုက်ကြလေသည်။

သူတို့သတိမပြုမိလိုက်ခင်မှာပဲ တာဝန်ပြီးမြောက်သွားပြီး သူတို့၏ ဖျက်ဆီးခြင်းလမ်းကြောင်းရှည်ကြီးကြောင့် ရှေ့တန်းနှင့်ပင် အလွန်နီးကပ်လာကြသည်။

ပိုင်ရှောင်ချန်းကို အလုံးစုံပြောင်းလဲသွားပြီဖြစ်သည့် ကျင့်ကြံသူအဖွဲ့က ဝန်းရံထားလေသည်။ သူနှင့်အတူရှိနေခဲ့သည့်နှစ်လအတွင်း သူတို့မှာ အတိုင်းအတာတစ်ခုအထိပြောင်းလဲလာခဲ့သည်။

သူတို့၏ အိတ်များတွင် စစ်ပွဲမှ သိမ်းပိုက်ရရှိလာသော ပစ္စည်းများဖြင့် ပြည့်နေကြသည့်အပြင် သူတို့တစ်ဦးနှင့်တစ်ဦးလည်း အလွန်ရင်းနှီးလာကြသည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ကျင့်ကြံသူများ တစ်ယောက်နှင့်တစ်ယောက် မည်သည့်အဆိပ်စက်လုံးက အကောင်းတကာ့အကောင်းဆုံးဖြစ်ကြောင်း ဆွေးနွေးကာ စကားစမြည်ပြောနေကြကာ ရယ်မောနေကြသည်ကို တွေ့နိုင်လေသည်။ တိုက်ပွဲတွင်လည်း ကောင်းမွန်စွာပင် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းတိုက်ခိုက်ကြလေသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က ဂိုဏ်းတစ်ဂိုဏ်းစီရှိ လူတစ်ဦးတစ်ယောက်မှ ထိုသို့ပူပေါင်းတိုက်ခိုင်ခြင်းအဆင့်က ဖြစ်နိုင်လိမ့်မည်ဟု ယုံပင်မယုံခဲ့ပေ။

သို့သော်လည်း ၄င်းမှာ ပိုင်ရှောင်ချန်းအဖွဲ့၏ မျက်မြင်ကိုယ်တွေ့ပင်။

ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မျက်နှာတွင် တစ်ခါတရံလှောင်ပြုံးများတွေ့ရာသော်လည်း သူတို့၏နှလုံးသားထဲတွင်မူ သူ့ကိုမြင်သည့်အမြင်မှာ မည်သို့မည်ပုံဖြစ်ကြောင်း တစ်ယောက်မှမသေချာသော်ငြား ယခင်နှင့်တော့ ကွဲပြားလေသည်။

ပေဟန်လဲ့အတွက်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူက ဂိုဏ်းသားအချို့ကို လှည့်ပတ်ကြည့်လိုက်စဥ်တွင် တချို့က ချီစုစည်းမှုအဆင့်တွင် ရှိပြီး အချို့မှာ အခြေခိုင်မာခြင်းအဆင့်တွင်ရှိကြကာ ယခင်ကထိခိုက်ဒဏ်ရာရထားပြီး ပရမ်းပတာဖြစ်နေသာ အဖွဲ့မှာ ယခုတွင် တိုက်ပွဲစွမ်းအားများဖြင့် ပြည့်ဝနေသည်ကို တွေ့ရသောအခါ သူ အတော်လေးအံ့အားသင့်သွားလေသည်။

ထိုတိုက်ပွဲစွမ်းအားက ရှေ့တန်းတွင် သူမြင်ခဲ့ရသည့် လက်ရွေးစင်ကျင့်ကြံသူများထက်ပင် သာလွန်နေလေသည်။ ဤတိုက်ခိုက်မှုပုံစံကို သူတို့မည်မျှနှစ်ခြိုက်ကြောင်းစဥ်းစားလိုက်သည်တွင် အကယ်၍သူတို့သာ ရှေ့တန်းသွားပါက အံမခန်းမြင်ကွင်းတစ်ခုဖြစ်ကြောင်း သူအသေအချာသိလေသည်။

ထိုအရာအားလုံးကား ပိုင်ရှောင်ချန်းကြောင့်ပင်။

Comment

Leave a Reply

Options

not work with dark mode
Reset