သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် စကားသံများပွက်ပွက်ညံသွား၏။ တုန်လှုပ်ဖွယ်အဖြစ်အပျက်တို့က တစ်နေ့တည်းမှာပင် တစ်ခုပြီးတစ်ခုဖြစ်ပျက်သွားသဖြင့် တစ်ဂိုဏ်းလုံးမှာ လုံးဝချောက်ချားကုန်လေသည်။
သွေးနတ်ဆိုးပေါ်လာပြီး ခေါင်းဆောင်ကြီးများအနက်တစ်ဦးက သူလျှိုဖြစ်ပြန်သည်။ထိုကိစ္စများမှာ ခြေသုတ်ခုံကိုရှင်းသကဲ့သို့ မရိုးရှင်းပေ။ ဂိုဏ်းတစ်ခုလုံးမှာ ငေးကြောင်ကြောင်ဖြစ်ကျန်ခဲ့ပြီး အရှက်တကွဲအကျိုးနည်းကုန်လေသည်။
အဓိကခေါင်းဆောင်ကြီး၏မျက်နှာမှာ ခါးသီးနာကြည်းသည့်ပုံဖြစ်နေ၏။ သူက အံတင်းတင်းကြိတ်လျက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများကိုကြည့်ပြီးနောက် သတိလစ်နေသော ပိုင်ရှောင်ချန်းကိုကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဂိုဏ်းနှစ်ခုက တိုက်ခိုက်နိုင်သလို အင်းအားပေါင်းစည်းသွားနိုင်လေသည်။ အဓိကခေါင်းဆောင်ကြီးက တခဏမျှ နှုတ်ဆိတ်နေသော်လည်း တစ်စုံတစ်ယောက်က သူ့ကိုတိုက်ရိုက်စကားပြောနေသကဲ့သို့ သူ၏နားက ရုတ်တရက်လှုပ်သွား၏။ သူ့အမူအရာမှာဝင်းလက်သွားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ပြတ်ပြတ်သားသားချလိုက်လေသည်။
“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက တစ်ယောက်နဲ့တစ်ယောက် အသေအကြေတိုက်ဖို့ ရည်ရွယ်ချက်နဲ့ ကျုပ်ဂိုဏ်းနှစ်ဂိုဏ်းကြား မသင့်မြတ်အောင် သွေးထိုးခဲ့တယ်။ သူတို့တတွေက တာအိုရောင်ရင်းဟန်ရန်ကို လုပ်ကြံခဲ့ရုံတင်မကဘူး ကျုပ်တို့သွေးသခင်ထဲကတစ်ယောက်ကို သတ်ဖို့ကြိုးစားပြန်တယ်။ ဒီကိစ္စတွေကို ကျုပ်တို့ သည်းမခံနိုင်ဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စစ် စတိုက်ပြီဆိုတာနဲ့ သွေးထွက်သံယိုမဖြစ်မချင်း အိမ်မပြန်ဘူး။ ဒါကြောင့် ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကို အမြစ်ဖြုတ်ချေမှုန်းကြရမယ်” သူ၏စကားလုံးတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတို့၏ စိတ်နှလုံးထဲထိ ရောက်သွားပြီး သူတို့၏တွေဝေငေးမောမှုများတွင် အမျက်ဒေါသများအစားထိုးဝင်ရောက်လာတော့သည်။
” ကျုပ် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ဖယ်ရှားဖို့ ကတိပြုတယ်”
“ခေါင်းဆောင်ကြီးဟန်ရန်အတွက် ကလဲ့စားချေကြရအောင်” သူတို့နှလုံးအိမ်တွင် ပန်းတိုင်အသစ်က ခိုင်မြဲစွာကိန်းအောင်းသွားပြီး သူတို့၏မျက်လုံးတို့က တောက်ပလာကာ ကျမ်းကျိန်ကုန်ကြလေသည်။ အဓိကခေါင်းဆောင်ကြီး၏ စကားလုံးတို့က သူတို့၏သွေးများကို တပွက်ပွက်ဆူသွားစေပြီး သတ်ဖြတ်လိုစိတ်များ ဆူပွက်လာလေသည်။
သွေးတိမ်တိုက်များက တလိပ်လိပ်ထလာပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတပ်က တဟုန်ထိုးပျံသန်းသွားသဖြင့် သွေးပင်လယ်များမှာပို၍ လှိုင်းထန်လာသည်။ သွေးဘီလူးကြီးတို့က ဟိန်းဟောက်လိုက်ကြပြီး သွေးရောင်စစ်သင်္ဘောများက တရှိန်ထိုးခုတ်မောင်းသွားကြသည်။ မရေမတွက်နိုင်သော အပြင်စည်းဂိုဏ်းသားများစွာက ဧရာမကျိုင်းကောင်အုပ်လိုက်ကြီးသဖွယ် လေထဲတွင် ပျံသန်းသွားသဖြင့် မြေပြင်ကြီးမှာ တဂျိန်းဂျိန်းမြည်ဟည်းသွားလေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများမှာ လှည့်ထွက်သွားပြီး သွေးတိမ်တိုက်များထံ ပျံတက်လိုက်ကြသည်။
တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးမှာ ဂိုဏ်း၏အခြားအဖွဲ့သားအပေါင်းအား ဝေ့ဝိုက်ကြည့်လိုက်သည်တွင် သူတို့၏မျက်လုံးတို့တွင် စိတ်ပိုင်းဖြတ်ထားမှုတို့ကို တွေ့လိုက်ရလေသည်။ မည်သူမျှ အာရုံစိုက်မနေသည့် လောချိန်တောင်တန်းတစ်နေရာကို တစ်ချက်ကြည့်လိုက်ပြီး တခဏမျှ သူ၏စိတ်ထဲတွင်ပြောနေသည့်စကားတို့အား နားထောင်လိုက်သည်။ ထို့နောက် သူကအံကြိတ်လိုက်သည်။
“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ကျုပ်တို့မျိုးနွယ်စုနှစ်ခုအရေးကို ဝင်စွက်ဖက်ပြီး ကျုပ်တို့ရဲ့ ခေါင်းဆောင်ငယ်ကိုတောင် သတ်ဖို့ကြိုးစားတယ်။ ဒါ့အတွက်ကြောင့် သူတို့သေကိုသေရမယ်” ထိုသို့ပြောပြီး သူကညာလက်ကိုဝှေ့ယမ်းလိုက်သည်။ “စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း..ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို သုတ်သင်ရှင်းလင်းဖို့ အချိန်ကျပြီ”
ကောင်းကင်နှင့်မြေကြီးတွင် ထစ်ခြုန်းမြည်ဟည်းသံများပြည့်သွား၏။ သတ်ဖြတ်လိုစိတ်များတဟုန်ထိုး ထွက်ပေါ်လာပြီး မန္တန်အစီအရင်များ၏အလင်းက ကောင်းကင်ပေါ်ထိုးတက်သွားသည်။ ဘီလူးကြီးများက အရှိန်တင်၍ ပြေးသွားကြပြီး ခေါင်းပေါ်ရှိ အဖြူရောင်နေလုံးကြီးက မိုးကောင်းကင်ကို တုန်ခါသွားစေသည်။
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးအပါအဝင် လူအတော်များများက တခဏမျှရပ်ပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။ ချိုင့်ခွက်ထဲတွင် သတိလစ်မေ့မြောကာ လဲလျောင်း နေသည့်သူ့ကို ခဏကြာ ငေးမောကြည့်ပြီးနောက် သူတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ပူးပေါင်းရန် တဟုန်ထိုးထွက်သွားကြပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတည်ရှိရာနယ်မြေသို့ ဦးတည်လိုက်ကြသည်။
ကျင့်ကြံခြင်းလောက၏အရှေ့ဘက်အောက်ပိုင်းဒေသ၌ နှစ်တစ်သောင်းကြာ မဖြစ်ပေါ်ဖူးသည့် စစ်ပွဲကြီးစတင်တော့လေမည်။
ဂိုဏ်းသစ်တစ်ခုက အာရုဏ်ဦးနေမင်းကြီးကဲ့သို့ မရေမတွက်နိုင်သည့် ခမ်းနားတင့်တယ်သောအလင်းတန်းတို့ဖြင့်တောက်ပလာကာ သွေးနှင့်သေခြင်းတရားတို့ရောယှက်လျက် ပေါ်ထွက်လာသည်။
အဓိကတပ်ဖွဲ့ကထွက်ခွာသွားသော်လည်း ခေါင်းဆောင်ကြီးထျယ်မုနှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးအပါအဝင် ဂိုဏ်းတစ်ဂိုဏ်းဆီမှ ကိုယ်စားပြုတပ်ဖွဲ့သေးတစ်ဖွဲ့က လောချိန်တောင်တန်းတွင်နေရစ်ခဲ့သည်။
သူတို့နောက်တွင် ကျန်ရစ်နေခဲ့သည့်တစ်ခုသော အကြောင်းမှာ ပိုင်ရှောင်ချန်းပင်။
ပိုင်ရှောင်ချန်းမှာ နှစ်ဂိုဏ်းစလုံးအတွက် အလွန်တရာအရေးပါလှသဖြင့် အခြားဂိုဏ်း၏လက်ထဲတွင် စောင့်ရှောက်ရန်ထားခဲ့ရမည်မှာ အဆင်မပြေပေ။ မျက်နှာတစ်ထောင်သခင်ရှင်းရှင်းလင်းလင်းပြောခဲ့သကဲ့သို့ ပိုင်ရှောင်ချန်းက ဂိုဏ်းနှစ်ခုလုံး၏ အားနည်းချက်လည်းဖြစ်သည်။ သူအသက်ရှင်နေသရွေ့ ကိစ္စအားလုံးအဆင်ချောမွေ့နိုင်သည်။ သို့သော် အကယ်၍ သူသာ သေဆုံးသွားခဲ့လျှင် ဂိုဏ်းနှစ်ဂိုဏ်းကြားအဆက်အသွယ်မှာပြတ်တောက်သွားနိုင်ပြီး ဆိုးရွားသည့်ကိစ္စများစွာဖြစ်ပေါ်လာလိမ့်မည်။
ထုံးစံအတိုင်း ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းနားက ဖယ်မပေးချေ။ သူမက စုန့်ကျင်းဝမ်ကို သတိထားမိစဥ်ကတည်းက သူမနှင့်ပိုင်ရှောင်ချန်းကြားတစ်ခုခုရှိနေကြောင်း ချက်ချင်းအလိုလိုသိလိုက်လေသည်။
စုန့်ကျင်းဝမ်ကလည်း ဖယ်မပေးချေ။ သတိလစ်နေသည့်ပိုင်ရှောင်ချန်းမြင်ကွင်းကြောင့် စုန့်ကျင်းဝမ်မှာ ရင်နာလာပြီးဖော်မပြနိုင်သော ခံစားချက်များဖြစ်ပေါ်လာလေသည်။
ထို့နောက် အချိန်တို့ကုန်ဆုံးသွား၏။ လောချိန်တောင်တန်းမှာ နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ တစ်ဖက်နှင့်တစ်ဖက်ကပ်လျက် စခန်းနှစ်ခုချလိုက်လေသည်။
စခန်းနှစ်ခု၏ အလယ်တည့်တည့်တွင် တင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားသည့် အင်မော်တယ်ဂူတစ်လုံးရှိလေသည်။ ခေါင်းဆောင်ကြီးနှစ်ဦးကပင်လျှင် မည်သည့်ထိခိုက်မှုမှ မရှိအောင် ထိုနေရာကို စောင့်ကြည့်နေသည်။
အင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်းက သတိမေ့ကာ လှဲလျောင်းနေသည်။ နေ့စဥ်နေ့တိုင်း ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့က သူ့ကိုလာရောက်ပြုစုကြသည်။ အချိန်တို့တရွေ့ရွေ့ကုန်လာသည်နှင့် ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းနှင့်စုန့်ကျင်းဝမ်တို့ကြားတစ်ခုခုဖြစ်ခဲ့ကြောင်း ပိုမိုပြီး ယုံကြည်ချက်ခိုင်မာလာလေသည်။ စုန့်ကျင်းဝမ်ကလည်း ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းနှင့် တစ်ခုခုဆက်နွယ်နေမည်ဟု အတပ်ပြောနိုင်လေသည်။
မကြာမီ ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများမှာ ထိုအမျိုးသမီးနှစ်ဦးကြား၌ ပြင်းထန်သော အမျက်ဒေါသမီးများ ပေါက်ဖွားနေကြောင်း သတိပြုမိကြ၏။ နောက်ဆုံးတွင် သတိလစ်နေသော ပိုင်ရှောင်ချန်းကိုထား၍ သူတို့နှစ်ယောက်သား ကျယ်ကျယ်လောင်လောင်ငြင်းခုံရန်ဖြစ်နေသည်ကိုကြားလိုက်ရသည်။ ထိုသို့ဖြစ်လာသောအခါ ကျင့်ကြံသူအားလုံး၏နှလုံးသားထဲတွင် ကရုဏာသက်လာကြလေသည်။
အချိန်တို့ထပ်ကုန်သွားပြန်၏။ တစ်လကြာသော် ပိုင်ရှောင်ချန်း၏အသက်ရှူသံမှာ တည်ငြိမ်လာ၏။ ထာဝရအသက်ရှည်နည်းပညာရပ်၏အတွင်းပိုင်းလုပ်ဆောင်ချက်များကျေးဇူးဖြင့် သူက တဖြေးဖြေး သက်သာလာလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ စိတ်စွမ်းအင်ဆေးတို့၏ အဆက်မပြတ်ကုသမှုနှင့် ပေါင်းစပ်ပြီး သူက ခပ်မြန်မြန်ပင် ပြန်ကောင်းလာလေသည်။
တစ်ခုသောနေ့လည်တွင် သူ၏ကျင့်ကြံခြင်းအခြေခံက ရုတ်တရက်လှည့်ပတ်လာပြီး သူ၏မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ သူ အသက်ရှိသေးကြောင်းသိလိုက်ရသောအခါ သူ၏နှလုံးအိမ်တွင် စိတ်လှုပ်ရှားမှုများထိုးထွက်လာလေသည်။
သူသတိမလစ်ခင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်လည်စဥ်းစားလိုက်သည်နှင့် သူ၏နှလုံးသားမှာ အထိတ်တလန့် တဒုန်းဒုန်းခုန်လာ၏။ နောက်ဆုံးအခိုက်တွင် သူ့ကိုယ်သူကာကွယ်ရန် လိပ်ဒယ်ဒိုးကိုသာ မဆွဲထုတ်ခဲ့လျှင် သူ၏အသက်နှင့်ခန္ဓာအိုးစားကွဲသွားမည်မှာ အသေအချာပင်။
“အဲဒီ ဟန်ရန်ကြီးက သောက်ရမ်းရက်စက်တာပဲ.. ချီးပဲ… နေနှင့်ဦးပေါ့ ငါသာ သန်မာလာလို့ကတော့ သေချာပေါက် ကလဲ့စားပြန်ချေမယ်”
အံတင်းတင်းကြိတ်ပြီး သူကထထိုင်ရန်ပြင်လိုက်စဥ် တစ်ခုခုမှားနေမှန်း သတိပြုမိလိုက်သည်။ သူ၏ခေါင်းကို ဘေးသို့ ဖြေးညင်းစွာ လှည့်လိုက်သည်တွင် နီးနီးကပ်ကပ်ရပ်နေသည့် ဟိုရှောင်မေ့ကို တွေ့လိုက်သည်။ သူမ၏အသွင်က ငရုတ်သီးတောင့်ပူပူနှင့်လွန်စွာဆင်တူနေကာ ခါးထောက်လျက် သူမနှင့်မျက်နှာချင်းဆိုင်တွင် ပုံမှန်အတိုင်းယုံကြည်ချက်ရှိစွာ မတ်တတ်ရပ်နေသည့် စုန့်ကျင်းဝမ်ကို စိုက်ကြည့်နေလေသည်။
သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်အာရုံစိုက်ထားသဖြင့် ပိုင်ရှောင်ချန်း၏မျက်လုံးပွင့်လာသည်ကိုပင် သတိမထါးမိကြပေ။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားလေသည်။ ထိုမြင်ကွင်းမှာထူးဆန်းလှသဖြင့် သူက မျက်လုံးကိုမြန်မြန်ပြန်ပိတ်ကာ တခဏကြာသော် ထပ်ဖွင့်ကြည့်လိုက်ပြန်သည်။ သူက သွေးလေချောက်ချားနေသည်မဟုတ်ကြောင်း အတည်ပြုမိပြီးသည်နှင့် သူ့မှာရင်တုန်လာပြီး အလွန်အမင်းဂနာမငြိမ်ဖြစ်လာသည်။ ထိုအခိုက်တွင် ဟိုရှောင်မေ့က စကားပြောလိုက်သည်။
“ဘာလာလုပ်နေပြန်တာလဲ…ဒေါ်ကြီးစုန့်”
သူမက စိမ်းစိမ်းဝါးဝါးးကြည့်လျက် ပြောလိုက်သည်။
” ရှင်က အတော့်ကို အိုနေပြီ.. အိမ်မှာ နားနေတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေသင့်တာမဟုတ်ဘူးလား.. ဘာကြောင့် ထွက်သွားပြီး အနားမယူသေးတာတုန်း.. ကိုကြီးရှောင်ချန်းကို ကျမဘာသာ ပြုစုပေးနိုင်တယ်ရှင့်”
စုန့်ကျင်းဝမ်၏ ဖီးနစ်ငှက်ကဲ့သို့သော မျက်ဝန်းတို့မှာ ပြူးကျယ်သွားပြီး စိုက်ကြည့်လိုက်သည်။ ခါတိုင်းထက်ပို၍ မဟာဆန်သည့်ပုံဖြင့် သူမက ဟိုရှောင်မေ့ကိုချေပရန်ဆုံးဖြတ်လိုက်သည်။
” မိန်းကလေး..ကြည့်… မင်းက ငါနဲ့ မင်းရဲ့ဂိုဏ်းတူဦးလေးပိုင်ရှောင်ချန်းကြားက ဆက်ဆံရေးကိုနားလည်ဖို့ သိပ်ငယ်လွန်းတယ်။ မင်းက ညမုဆိုးရဲ့ တူမလေးဆိုတာကိုစဥ်းစားကြည့်ရင် ငါ မင်းပါးကို ဘယ်ပြန်ညာပြန်ချပစ်လို့ရတယ်နော်”
ဟိုရှောင်မေ့က နှာမှုတ်လိုက်သည်။ “ရှင်ကသာ တူမ။ ရှင်တို့တစ်မိသားစုလုံးက တူမတွေလေ။ကျမနဲ့ ကိုကြီးရှောင်ချန်းက နေနဲ့လ ရွှေနဲ့မြပဲ။ ဂိုဏ်းထဲစတင်ကတည်းက ကျမတို့က တစ်ယောက်နဲ့ တစ်ယောက် သဘောကျခဲ့ပြီး ငယ်သူငယ်ချင်းတွေရှင့်။ တကယ်တမ်း ကျွန်မအပြင်စည်းဂိုဏ်းထဲဝင်လို့ရတာကလဲ ကိုကြီးရှောင်ချန်းရဲ့ အကူအညီကြောင့်မလို့သာပေါ့”
သူတို့နှစ်ယောက်ရန်ဖြစ်သည်မှာ ယခုအကြိမ်က ပထမဆုံးမဟုတ်ချေ။ အပြန်အလှန်စကားနာထိုးမှုများမှာ နေ့တိုင်းလိုလိုဖြစ်နေကြဖြစ်သည်။ စုန့်ကျင်းဝမ်မှာ ဒေါသထိန်းထားပါသော်လည်း ရံဖန်ရံခါ ဟိုရှောင်မေ့ကို သတ်ပစ်လုနီးပါးဖြစ်သွားတတ်သည်။
သို့သော်လည်း ဂိုဏ်းနှစ်ဂိုဏ်းအတူတကွပေါင်းစည်းမည့်အစီအစဥ်ကိုချင့်ထောက်လိုက်ပါက ပိုင်ရှောင်ချန်း၏အခန်းကဏ္ဍပါဝင်နေသဖြင့် သူမမှာ မြိုသိပ်လိုက်ရသည်။
ပိုင်ရှောင်ချန်းမှာ နှုတ်ခမ်းသပ်လိုက်ပြီးနောက် ထိုအမျိုးသမီးနှစ်ဦး တစ်ဦးကိုတစ်ဦးမည်မျှသတ်ဖြတ်နေချင်ကြမှန်း တွေးမိလိုက်ပြီး အလျင်အမြန်ပင် မျက်စိစုံမှိတ်လိုက်ပြီး မေ့ချင်ယောင်ဆောင်လိုက်သည်။ သို့သော်လည်း မကြာမီ ယခင်ထက်ပို၍ အခြေအနေပိုဆိုးလာကြောင်း သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အလွန် တိတ်ဆိတ်ငြိမ်သက်လာြခင်းပင်။
ထိုတိတ်ဆိတ်မှုကြောင့် သူပို၍ ရင်တုန်လာပြီး သူဂရုတစိုက်နားထောင်လိုက်သည်တွင် ခေါင်းကြိမ်းသွားလေသည်။ သူ၏ကိုယ်ပိုင်အသက်ရှူသံအပြင် မိန်းမပျိုနှစ်ယောက်၏ အသက်ရှူသံကိုသာ ရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး သူနှင့်အလွန်နီးကပ်လွန်းနေလေသည်။
သူ၏ နဖူးတွင် ချွေးသီးချွေးပေါက်များကျလာလေသည်။ ယခုလေးတင် နိုးလာချင်ယောင်ဆောင်ကာ သူက မျက်လုံးတို့ကိုဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဘေးဘီဝဲယာကို ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည့်အရာမှာ ပန်းကလေးများသဖွယ် လှပလွန်းသော မျက်နှာနှစ်ခုပင်။
တစ်ယောက်က ရင့်ကျက်ဟန်ရှိပြီး နောက်တစ်ယောက်က အတွေ့အကြုံနုနယ်ဟန်ရှိလေသည်။ တစ်ယောက်မှာ ကျက်သရေရှိကာတင့်တယ်လှပပြီး နောက်တစ်ယောက်က ဖြူစင်ပြီး ချစ်စဖွယ်ကောင်းလေသည်။
“မင်္ဂလာနံနက်ခင်းပါ…. ”
သူက မျက်တောင်တဖြတ်ဖြတ်ခတ်ပြီး ရင်တုန်တုန်ဖြင့်ပြောလိုက်သည်။
စုန့်ကျင်းဝမ်က ရုတ်တရက်ပြုံးလိုက်ပြီး သူမအကြည့်တို့ကနူးညံ့သွားလေ၏။ အနားရောက်လာပြီး သူမ၏လက်ကို သူ့နဖူးပေါ်တင်ကာ ကိုယ်ပူချိန်တိုင်းလိုက်လေသည်။ မျက်လုံးတို့က ရေကန်များသဖွယ် ကြည်လင်နက်ရှိုင်းနေပြီး သူမက နူးညံ့ပျော့ပျောင်းစွာပြောလိုက်သည်။ ” ကြောက်မနေပါနဲ့..။ မေ့ချင်ယောင်ဆောင်နေတာမလား..။ ဒါအကုန်ပါပဲ။ ကဲ..အစ်မကို ပြောပါဦး မင်းဘယ်နှရက်တောင် မေ့ချင်ယောင်ဆောင်နေခဲ့တာလဲ”
ပိုင်ရှောင်ချန်းက တံတွေးကို ကွတ်ခနဲမြိုချလိုက်ပြီးနောက် ပြောလိုက်သည်။
” ကျုပ်….”
သို့သော်လည်း သူ့စကားမဆုံးမီ ဟိုရှောင်မေ့က စုန့်ကျင်းဝမ်၏လက်ကို ဘေးသို့ပုတ်ချလိုက်ပြီး ရှေ့တိုးကာ ပိုင်ရှောင်ချန်းဘေးတွင်ရပ်လိုက်သည်။ စုန့်ကျင်းဝမ်ကို အမျက်ချောင်းချောင်းထွက်လျက်စိုက်ကြည့်ပြီး သူမက ပြောသည်။
” ရှင်ဘာလုပ်နေတယ်ထင်လဲ..။ကိုကြီးရှောင်ချန်းက အရမ်းအပြစ်ကင်းပြီး ဖြူစင်ရိုးသားတာ။ သူမေ့ချင်ယောင်ဆောင်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမ၏ပါးစပ်ထဲမှ ထိုစကားများထွက်သွားပြီးသည်နှင့် သူမက ပိုင်ရှောင်ချန်းကို သံသယဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
” ကိုကြီးရှောင်ချန်း ..အကျင့်တွေ ပျက်လာပြီ။ မေ့ချင်ယောင်ဆောင်တာက မကောင်းဘူးနော် ”
သူ၏နဖူးတွင် ချွေးသီးများပိုစီးကျလာ၏။ ထိုမိန်းမပျိုနှစ်ယောက်၏ အဝိုင်းခံနေရခြင်းက သူ၏ကျောကို အပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားနေရလေသည်။
“ကိုကြီးက…”
မျက်လုံးကစားလိုက်ပြီး စုန့်ကျင်းဝမ်က အေးစက်စက်ပြောလိုက်သည်။
” ညမုဆိုး.. မင်းနဲ့နှစ်ယောက်တည်း စကားပြောချင်တယ် ။ မင်းငါ့ကို ရှင်းပြစရာတွေရှိတယ်”
“ကိုကြီးရှောင်ချန်းးး ကိုကြီးနဲ့ ညီမလဲ နှစ်ယောက်တည်းစကားပြောချင်တယ်”
ဟိုရှောင်မေ့က စုန့်ကျင်းဝမ်၏အကြောမခံလိုသဖြင့်ပြောလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ဆွံအသွားလေသည်။ မိန်းမပျိုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဒေါသတဝင်းဝင်းနှင့် စိုက်ကြည့်လိုက်ပြီးနောက် သူ့ဆုံးဖြတ်ချက်ကိုကြားရန် နှစ်ယောက်လုံးသူ့ကို လှည့်ကြည့်လိုက်သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာပေါ်တွင် ဝမ်းနည်းညှိုးငယ်သည့်အမူအရာဖမ်းလိုက်သည်။
“ကောင်းပြီ”
သူက လေးလေးနက်နက်အသံဖြင့် ပြောလိုက်သည်။ ဟိုရှောင်မေ့က ပိုင်ရှောင်ချန်း၏ ထိုစကားပြောပုံကိုသော်လည်းကောင်း သူ့မျက်နှာအမူအရာကိုသော်လည်းကောင်း တစ်ခါမှမမြင်ဖူးပေ။ သူမ တုန်လှုပ်သွားပြီး ရုတ်တရက်ပင် ယခင်ပုံစံဟောင်းထက် သူမအစ်ကိုကြီးပိုင်ရှောင်ချန်း၏ယခုပုံစံမှာ ပိုဆွဲဆောင်မှုရှိကြောင်း ခံစားလိုက်ရလေသည်။
စုန့်ကျင်းဝမ်၏အမူအရာမှာ တောက်ပသွားပြီး ထိုသည်က သူမသတိရနေသည့် ညမုဆိုးပင်ဖြစ်လေသည်။
” ငါ သတိလစ်ပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းကြား ဘာတွေဖြစ်သွားသေးလဲ ပြောပါဦး…။ ပြီးတော့ ငါတို့အခု ဘယ်ရောက်နေတာလဲ။ လောချိန်းတောင်တန်းလား… ဒါမှမဟုတ်.. တခြားနေရာလား” ပိုင်ရှောင်ချန်း၏ ဗျူဟာအသစ်မှာ အလုပ်ဖြစ်လေသည်။ လေးနက်သည့်ပုံဖမ်းနိုင်သမျှဖမ်းလျက် သူသတိလစ်နေစဥ်က အဖြစ်အပျက်ကုန်စင်အား နားထောင်လိုက်လေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူ့ကို မွေးရနံ့တိမ်တောင်ပြန်သွားရန် ဘယ်တော့မှခွင့်ပြုမည်မဟုတ်ကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလည်း အလယ်တောင်ထိပ်ကို ပြန်သွားခွင့် ပြုမည်လည်း မဟုတ်ချေ။
ထို့ကြောင့် ဂိုဏ်းနှစ်ဂိုဏ်းလုံးက သူ့ကိုစောင့်ရှောက်ရန်အတွက် လောချိန်တောင်တန်းတွင် ကိုယ်စားပြုတပ်ဖွဲ့ကို စီစဥ်ပေးခဲ့လေသည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီး ထျယ်မုတို့ပင်လျှင် ဓမ္မအစောင့်အရှောက်များအနေနှင့် နေရစ်ခဲ့သည်။ ပိုင်ရှောင်ချန်းမှာခံစားသွားရလေသည်။
ထို့နောက် စုန့်ကျင်းဝမ်က စစ်ပွဲရှေ့ကြောင်းတွင် ဖြစ်ပျက်နေသည်တို့ကို ဆက်ရှင်းပြလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို လတ်တလောတွင် တိုက်ခိုက်နေကြသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ ဤကဲ့သို့ ဧရာမ စစ်တပ်ကြီးနှင့် မယှဥ်နိုင်သဖြင့် အထိအခိုက်အကျအဆုံးများနေလေသည်။ သူတို့၏ နယ်မြေတစ်ဝက်ခန့်ပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သူ့အပေါ်ဂိုဏ်းနှစ်ခု မည်မျှအလေးအနက်ထားကြောင်းသိလိုက်ရသဖြင့် တုန်လှုပ်သွားလေသည်။ သူ့မှာ စစ်ထွက်တိုက်လိုသော်လည်း ခေါင်းဆောင်ကြီးများးက လက်မခံပေ။
” အင်မတန် တော်လွန်းနေတဲ့ ငါ့အမှားကြောင့်ပဲ ဖြစ်မယ်… အီးး” ဘဝင်လေဟပ်လျက် ယခုအခိုက်အတန့်တွင် အကောင်းဆုံးလုပ်ရမည်က စစ်မြေပြင်ကို စေလွှတ်ခြင်းခံရရန်အတွက် တောင်းဆိုခြင်းကို အောင့်အည်းသည်းခံရမည်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချလိုက်လေသည်။ ဤနည်းဖြင့် သူက ဖိအားပေးခံရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပြီး သူတို့ရုတ်တရက်ရူးသွားပြီး သူ့ကို တိုက်ခိုက်ခွင့်ပြုမည့်အခြေအနေကိုလည်း ရှောင်နိုင်မည်ဖြစ်သည်။
“အ.. ဘာပဲဖြစ်ဖြစ်ကွာ။ အတတ်နိုင်ဆုံးခေါင်းဆောင်ကြီးတွေ စစ်မြေပြင် ကို မလွှတ်ဖို့ ဆင်ခြေကောင်းကောင်းပေးရမယ် ။ ငါ.ငါ့ရဲ့ .. ဗိုက်က..ရုတ်တရက်နာလိုက်တာ..။ ဒဏ်ရာတွေအရှင်းမပျောက်သေးဘူးထင်တယ် ။ သိပြီ.. နဲနဲကြာကြာ အားပြန်ဖြည့်ရမယ်. ” သူ၏အတွေးစများက ထိုအချက်ကိုရောက်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ သူက အလွန်ဥာဏ်ကောင်း သည့်လူဖြစ်ကြောင်း ကောက်ချက်ချလိုက်လေသည်။ ဗိုက်ကိုဖိထားပြီး နေမကောင်းချင်ယောင် ဆက်ဆောင်လိုက်လေသည်။