ကျောင်းက ပြန်လာပြီးနောက် လီလော့ စံအိမ်ကို မပြန်ဘဲ ရှီးယန်စံအိမ်ဆီသာ သွားခဲ့လိုက်သည်။
ရှီးယန်ရဲ့ အစောင့်များက လီလော့ကို မြင်သည်နှင့် အရိုအသေပေးလိုက်ကြပြီး တာဝန်ဆက်လက်ထမ်းဆောင်နေကြသည်။
စံအိမ်ထဲကို ရောက်ကတည်းက လီလော့ အတော်လေး တက်ကြွနေပြီဖြစ်သည်။လေ့လာသင်ယူနေရင်းနဲ့ ဒီပညာရပ်ကို အမှန်ပင် စိတ်ဝင်စားလာခဲ့မိလေပြီ….
” ဟားဟား သခင်လေးက တကယ့်ကို ကြိုးကြိုးစားစား သင်ယူနေတာပဲ……”
လီလော့ အတွေးထဲနစ်မြောနေစဉ်မှာ ကြားလိုက်ရတဲ့ စကားသံကြောင့် သတိပြန်ဝင်လာခဲ့သည်။
လှည့်ကြည့်လိုက်သည့်အခါ သူ့ဆီလျှောက်လာနေသော ဇောင်ရီ့ကို မြင်လိုက်ရ၏။
” သခင်လေးမှာ အဆင့်ငါး ရေပဲ့တင်ထပ်သံရှိနေပြီလို့ ကျွန်တော်ကြားထားတယ်…..”
ဇောင်ရီက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အလျင်စလို မေးမြန်းနေ၏။
လီလော့ ရှီးယန်မှာ လေ့လာသင်ယူနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သောကြောင့် သူ့ထံတွင် အဆင့်ငါး ရေပဲ့တင်ထပ်သံရှိနေသည့် သတင်းများ ပျံ့နှံနေပြီဖြစ်သည်။
ဖေဟောင့်ဘက်တော်သား ဒုဌာနမှုး ဇောင်ရီကို လီလော့သေချာစွာ အကဲခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ…..
“ဟုတ်တယ်….ကျွန်တော် အစ်မလင်းချီဆီကနေ ပညာရပ်တွေ သင်ယူနေတယ်….”
ဇောင်ရီက ပြုံးလိုက်ပြီး…..
” ဒုဌာနမှုးယန်က ကြယ်တာယာခရီးရှည်ကောလိပ်က ပါရမီရှင်တစ်ယောက်ဆိုတော့ အရည်အချင်းကသိပ်မဆိုးပါဘူး ဒါပေမယ့် အတွေ့အကြုံတော့နုသေးတယ်…..အကယ်၍ သခင်လေးသာ သင်ယူချင်မယ်ဆို ကျွန်တော့်မှာအရည်အချင်းသိပ်မရှိပေမယ့် အသုံးဝင်မယ့် အကြံကောင်းတစ်ချို့တော့ ပေးနိူင်မှာပါ….”
ဇောင်ရီရဲ့စကားတွေက စိတ်စေတနာအပြည့်နဲ့ ပြောနေတယ် ထင်ရပေမယ့် တကယ်တန်းမှာတော့ လီလော့ကို အနီးကပ်စောင့်ကြည့်ပြီး ဖေဟောင့်ဆီ သတင်းပို့ချင်နေမှန်း ရူးနေသူတောင် သိလောက်ပေသည်။
ကျန်းချင်းအာ၏ အချစ်ဆုံးသူငယ်ချင်းနဲ့ ဖေဟောင်ရဲ့ လက်ပါးစေတို့ကို ယှဉ်ပြီး ရွေးချယ်ရမည်တဲ့လား….
လီလော့ စဉ်းစားမနေဘဲ ချက်ချင်းခေါင်းခါပြလိုက်ပြီး……
” အစ်မလင်းချီဆီကနေ သင်ယူရတာ အဆင်ပြေပါတယ်…အကယ်၍ ကျွန်တော်နားမလည်တဲ့အချက်တွေရှိလာရင် ဒုဌာနမှုးဆီလာမေးပါ့မယ်…..”
” စိတ်မကောင်းဖြစ်မိတယ်ဗျာ. ”
ဇောင်ရီ အပြင်ပန်းမှာ ဟန်ဆောင် ပန်ဆောင် သက်ပြင်းချပြနေသော်လည်း စိတ်ထဲတွင်မူ တကယ်ကို အခြေနေမကောင်းတော့ပေ။
လီလော့ ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့်………..
“အော်…မေ့တော့မလို့… ကျွန်တော် ဒုဌာနမှုးဇောင်ကို မေးစရာလေးရှိတယ်…..အစ်မလင်းချီတို့ဘက်က သန့်စင်ရေး အလုပ်ရုံတွေမှာ ပစ္စည်းပြတ်နေတဲ့ ပါဝင်ပစ္စည်းတွေက ဌာနမှုးဇောင်တို့ဘက်မှာ ပစ္စည်းပိုနေတယ်ဆို….အပန်းမကြီးရင် အစ်မလင်းချီတို့ဆီမျှပေးပါဉီး…..”
ဇောင်ရီက မျက်မှောင်ကြုံ့လိုက်ပြီး ဒုက္ခရောက်နေသော လေသံဖြင့်…..
” သခင်လေး…ဒါတော့ ကျွန်တော်လည်း မကူညီနိုင်ဘူး….. တစ်ခါတစ်လေ ဝယ်ထားတဲ့ဘပစ္စည်းတွေမှာ အရည်အသွေးချို့ယွင်းချက်တွေရှိလို့ ပစ္စည်းပြတ်သွားတာမျိုးတွေ ဖြစ်တတ်တယ်. ဒါပေမယ့် သခင်လေးက သတိတရပြောလာတယ်ဆိုတော့ ကျွန်တော် နည်းနည်း အာရုံစိုက်လိုက်ပါ့မယ်…”
ဇောင်ရီ့ဘက်က တလေးတစားနဲ့ ပြောဆိုလာသည့်အတွက် လီလော့ ထပ်ပြောမနေတော့ဘဲ ဒီအတိုင်း လှည့်ထွက်လာခဲ့လိုက်သည်။
ဇောင်ရီသည် လီလော့ကျောပြင်ကို ကြည့်နေရင်းကနေ အပြုံးများပျောက်ကွယ်သွားပြီဖြစ်သည်။
ဇောင်ရီ့ဘေးနားမှရှိနေတဲ့ လက်ပါးစေတစ်ယောက်က….
” ဒုဌာနမှုး….သခင်လေးမှာ အဆင့်ငါး ပဲ့တင်ထပ်သံရှိနေတယ်ဆိုတာ တကယ့်ကို အံ့သြစရာကောင်းနေပြီ…..”
” အိမ်တော်သခင်နှစ်ပါး ချန်ထားပေးခဲ့တဲ့ ကောင်းကင်ရတနာကြောင့်ပဲဖြစ်ရမယ်….ဒီလို အမှိုက်ကောင်မျိုးအတွက် ဖြုန်းတီးပစ်နေသလိုပဲ….. ”
ဇောင်ရီက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့လိုက်လေ၏။
” ဒါက အဆင့်ငါး ပဲ့တင်သံပဲလေ…သိပ်ပြီး ထူးခြားနေတာမှမဟုတ်တာ….အဲ့တော့ အိမ်တော်သခင်ဂုဏ်ပုဒ်ကို ကြာကြာဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး….ကဲ…ဒီသတင်းကို သခင်လေးဖေဟောင်ဆီ အမြန်သတင်းပို့လိုက်….ပြီးရင် အဆင့်တစ် သန့်စင်ရေးအလုပ်ရုံတွေကို သိမ်းနိုင်သမျှ သိမ်းယူရမယ်.. ဟိုခွေးမ ယန်းလင်းချီကို ငါတကယ် မျက်စိနောက်နေပြီ…”
” ဟုတ်ကဲ့ပါ ……”
………………….. ……………………………………….
လီလော့ အဆင့်တစ် သန့်စင်ရေး အလုပ်ရုံထဲဝင်လာခဲ့လိုက်သည်။အလုပ်ခန်း တစ်ခန်းချင်းစီကို မာကျောလှသော ကြည်လင်သည့်သလင်းကျောက်သားနံရံတို့ဖြင့် ပိုင်းခြားကာဆီးထားသည်။ထို့ကြောင့် ယန်လင်းချီတစ်ယောက် အိတ်ကပ်ထဲ လက်နှိုက်ပြီး ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်နေသည်ကို အတိုင်းသားမြင်တွေ့နေရ၏။
ထို့နောက် သူမသည် သီးသန့်ခန်းတစ်ခုရှေ့တွင် ခေတ္တရပ်ကာ အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်၏ သန့်စင်ရေးလုပ်ငန်းစဉ်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။
ယန်လင်းချီ ကြည့်နေသည့်အတွက် ပဲ့တင်ထပ်သံပြုပြင်သူ ခင်မျာ စိတ်လှုပ်ရှားနေရှာသည်။ ထိုသူသည် သလင်းကျောက်ဖြင့်ပြုလုပ်ထားသော သေးသွယ်လှသည့် အပ်တစ်ချောင်းကို ဆွဲယူလိုက်သည်။ ထိုအပ်ပေါ်တွင် တိကျသေချာသော အမှတ်အသားများ ရှိနေ၏။
ထိုအပ်သည် သန့်စင်မှု စမ်းသပ်သောအပ်ဖြစ်ပြီး ထိုအပ်ဖြင့် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများ၏ သန့်စင်မှုရာခိုင်နှုန်းကို စမ်းသပ်နိုင်သည်။
ထိုအပ်ကို ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများရှိနေသည့် ပုလင်းထဲသို့ ထိုးစိုက်က်လိုက်သောအခါ သန့်စင်မှု အမှတ်များ တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးတွင် 46% ဟူသော အမှတ်၌ ရပ်တန့်သွားခဲ့သည်။
ယန်လင်းချီက ထိုအရာကို မြင်သောအခါ…..
” ဒါမျိုးကိုသာ စျေးကွက်ထဲ ထုတ်ရောင်းလိုက်လို့ကတော့ ရှီးယန်စံအိမ် နာမည်ပျက်တော့မှာပဲ.. …”
ပဲ့တင်ထပ်သံပြုပြင်သူသည် ချက်ချင်း ခေါင်းငုံ့လိုက်လေသည်။
ယန်လင်းချီသည် ထိုသူ၏ အမူအရာကြောင့် စိတ်ပျော့မသွားသည့်အပြင်….
“နင်အခု သန့်စင်လိုက်တဲ့ အထဲမှာ အမှား လေးခုမကရှိနေတာ သိရဲ့လား….အရွက်ဖြူသစ်သီးကို လုံလောက်အောင် အပူပေးပြီး မသန့်စင်ထားဘူး….လရောင်ချည်ပျော်ရည်က အရမ်း ပျစ်လွန်းနေတယ်…မီးခိုးမဲ့ရေကလည်း ပါးလွန်းနေတယ်….အရေးကြီးဆုံးအချက်က နောက်ဆုံးအဆင့်မှာ နင် ပေါင်းထည့်လိုက်တဲ့ ပဲ့တင်ထပ်သံစွမ်းအားအရင်းမြစ်က တန်းမမှီဘူး….”
” နောက်တစ်ခေါက် သန့်စင်…..”
ယန်လင်းချီက အခြားသော သူများကို မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ အကုန်လုံး ခေါင်းငုံ့နေကြလေသည်။
ယန်လင်းချီက မျက်မှန်ကို ချွတ်ပြီး သုတ်နေသော်လည်း အမူအရာကတော့ အေးစက်နေဆဲပင်….
ကြည့်ရသည်မှာ အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူများသည် စံချိန်မှီကြပုံ မရပေ။
ယန်လင်းချီ၏ မျက်ဝန်းများ အုံ့မှိုင်းနေ၏။ သူမသည် ကျန်းချင်းအာ အကူညီတောင်းထားသောကြောင့်သာ ရှီးယန်စံအိမ်သို့ရောက်လာခဲ့ခြင်း ဖြစ်သည့်အတွက် ရှီးယန်စံအိမ်တွင် ဇောင်ရီလောက် သြဇာသက်ရောက်မှု မရှိသေးပေ။
ရှီးယန်စံအိမ်လက်အောက်တွင် သန့်စင်ရေးအလုပ်ရုံပေါင်းများစွာကို အဆင့်တစ်၊အဆင့်နှစ်၊ အဆင့်သုံး ဟူ၍အဆင့်သုံးဆင့် ခွဲခြားထားသည်။
ထို့ကြောင့် မတူညီသော အဆင့်လိုက် သန့်စင်ရေး အလုပ်ရုံများသည် အဆင့်မတူသော ဝိညာဉ်အရည်များနှင့်သန့်စင်သောအလင်း
များကို သန့်စင်ပေးရန် တာဝန်ရှိသည်။
ကျန်းချင်းအာ၏ အမိန့်ကြောင့် ယန်လင်းချီသည် အဆင့်တစ်နှင့် အဆင့်နှစ် သန့်စင်ရေးအလုပ်ရုံများကို တာဝန်ယူကြီးကြပ်ရပြီးအဆင့်သုံး အလုပ်ရုံများသည် ဇောင်ရီ့လက်အောက်တွင်ရှိနေသည်။
ထို့ကြောင့် အလုပ်ရုံများကို ထိန်းချုပ်နိုင်ရန် ဇောင်ရီနှင့် ယန်လင်းချီတို့သည် လျှို့ဝှက်၍ တစ်ဖုံ ဗြောင်ကျ၍တစ်မျိုး အကြိမ်ကြိမ် အချေတင် ထိပ်တိုက်တွေ့ခဲ့ကြသည်
အလုပ်ရုံများကို မည်သူထိန်းချုပ်နေပါစေ တစ်ဖက်လှည့်နှင့် ပဲ့တင်ထပ်သံပြုပြင်သူများကို ထိန်းချုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေခဲ့ကြသည်။ရှီးယန်စံအိမ်သည် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို ထုတ်လုပ်သည့်နေရာဖြစ်သည့်အတွက် ပဲ့တင်ထပ်သံပြုပြင်သူများသည် ရှီးယန်စံအိမ်အတွက် အလွန်ပင်အရေးပါလှပေသည်။
သို့သော် ဇောင်ရီ ငြိမ်မနေနိုင်တော့တာကြောင့် အဆင့်တစ် သန့်စင်ရေး အလုပ်ရုံများကို ထိန်းချုပ်ရန် စတင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။အကြောင်းပြချက်မှာ အဆင့်ဆစ် ဝိဉာဉ်ရည်ကို 56 % အထိသန့်စင်အောင် သန့်စင်နိုင်သော တပည့်တစ်ယောက်မွေးထုတ်နိူင်ခြင်းကြောင့်ပင်ဖြစ်သည်။
ဤသည်မှာ ရှီးယန်တွင်ရှိသော အဆင့်တစ်ပဲ့တင်ထပ်သံပြုပြင်သူများထဲတွင် အမြင့်မားဆုံး သန့်စင်နိူင်သည့်ရာခိုင်နှုန်း ဖြစ်သည်။ထို့ကြောင့် ယန်လင်းချီသည် အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူများကို ကောင်းစွာ မသင်ပြနိုင်သည်ဟု ဇောင်ရီဘက်က ကောလဟာလများ လွှင့်ခဲ့လိုက်သည်။ကျိုးကြောင်းဆီလျော်သော ကောလဟာလကြောင့် အဆင့်တစ်ပဲ့တင်ထပ်သံပြုပြင်သူများသည် ဤရက်ပိုင်းအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသည်။
ဤသည်မှာ အဆင့်တစ် သန့်စင်ရေးအလုပ်ရုံများကို ဇောင်ရီ လက်ဝါးကြီးအုပ်လို၍ အကွက်ဆင်ခြင်းဖြစ်ကြောင်း ယန်လင်းချီ သံသယရှိနေခဲ့သည်။
ကျန်းချင်းအာနှင့် ချိုင်ဝေတို့ ရှိနေသောကြောင့် ဇောင်ရီသည် ယန်လင်းချီကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။လက်ဆုပ်လက်ကိုင်ပြနိူင်သော အမှားမျိုး မကျူးလွန်သေးသ၍ ဇောင်ရီ့ကို ရှီးယန်ကနေ ကန်ထုတ်နိူင်ဉီးမည်မဟုတ်ပေ။ ဇောင်ရီ ရှိနေခြင်းသည် ရှီးယန်အတွက် အန္တာရယ်ရှိနေသည်။
အချိန်တန်လာသောအခါ ရှီးယန်စံအိမ်၏ ဝိဉာဉ်ရည် ထုတ်လုပ်မှုနှုန်းများ ကျဆင်းလာမည်ဖြစ်ပြီး လော့လန်အိမ်တော်၏ အကျိုးစီးပွားကို များစွာထိခိုက်စေလိမ့်မည်။
ယန်လင်းချီ တုန်လှုပ်နေသော်လည်း လီလော့ကို မြင်လိုက်သောအခါတွင် ဘာမှ မပြောခဲ့ပေ။
လီလော့ သန့်စင်ရေးအလုပ်ခန်းဆီ ပေါ့ပေါ့ပါပါး လျှောက်လာသည်ကို မြင်သောအခါ လှပကျော့ရှင်းသော မိန်းမပျိုလေးတစ်ဉီးက…..
“သခင်လေး ရောက်လာပြီလား …”
လီလော့ ထိုမိန်းကလေးကို ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်က ပစ္စည်းများကို သပ်သပ်ရပ်ရပ် စီရီီနေရင်းကနေ…..
” စီနီယာရင်းဟွာ…..ဒုဌာနမှူးယန်ကို ကြည့်ရတာ စိတ်အခြေနေသိပ်မကောင်းသလိုပဲနော်….”
ရင်းဟွာဆိုသော မိန်းမပျိုလေးက…..
“ငါတို့အကုန်လုံး တစ်နေ့ခင်းလုံး အဆူခံနေရတာ…. ”
သူမသည် ထိုသို့ အစချီကာ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်ပြောပြခဲ့လေသည်။
ရင်းဟွာ ပြောပြသမျှကို နားထောင်ပြီးနောက် လီလော့ အခြေနေကို ခန့်မှန်းနိုင်ခဲ့လေသည်။ ဤသည်မှာ အဆင့်တစ် သန့်စင်ရုံကို လက်ဝါးကြီးအုပ်လိုခြင်းဖြစ်သည့်အတွက် ပေါ့သေးသေးပြသာနာတစ်ခုမဟုတ်ပေ။ အကယ်၍ ဤအကြံစည်သာ အောင်မြင်သွားပါက ရှီးယန်တွင် ယန်လင်းချီ၏ သြဇာသက်ရောက်နိုင်မှု များစွာကျဆင်းသွားမည်ဖြစ်ပြီး သူမသည်လည်း အနေကျုံ့ရပေလိမ့်မည်။
လီလော့ မျက်မှောင်ကြုံ့ကာ သက်ပြင်းချလိုက်မိသည်။ ထျန်ရှုစီရင်စုတွင်ရှိနေသော ရှီးယန်စံအိမ်သည် လော့လန်အိမ်တော်၏ ဝင်ငွေတစ်ဝက်ခန့်ကို ရှာပေးနေခြင်းဖြစ်သည်။လီလော့အတွက် ငွေများများ လိုအပ်နေသည့်အချိန်ဖြစ်သည့်အတွက် ပြသာနာမတက်လိုပေ။
ဇောင်ရီသည် ဖေဟောင့် လက်ပါးစေဖြစ်ငည့်အတွက် ဇောင်ရီအကြံသာ အောင်မြင်သွားပါက ရှီးယန်စံအိမ်တစ်ခုလုံး မျက်ဖြူဝံပုလွေ ( ကျေးဇူးကန်းသူ ) လက်ထဲသို့ ရောက်သွားရလိမ့်မည်။
သို့သော် တွေးပူနေရုံဖြင့် ဘာမျှ ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် လက်ရှိ လုပ်ဆောင်ရမည့် တာဝန်များကိုသာ အာရုံစိုက်ထားရပေမည်။
လီလော့သည် မိုးပြာရောင်ကျောက်စိမ်းအရည် ထုတ်ဖော်ခြင်းကို စတင်လေ့ကျင့်ရန်ပြင်ဆင်လိုက်သည်။
နှစ်နာရီခန့် လေ့ကျင့်ပြီးသွားသောအခါ လီလော့သည် သန့်စင်ရေးလုပ်ငန်းစဉ်နှင့် ပို၍ အသားကျလာခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် အဆင့်တစ် သန့်စင်ရေးအလုပ်ရုံ တံခါးမကြီး ပွင့်လာပြီး ဇောင်ရီနှင့်သူ့အပေါင်းအပါများ ရောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူစုသည် ကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်ပေ။