အခန်း ( ၂၇၂ )

ဘရူဆာသာ ဘေးမှာရှိရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ကျုပ်အပိုင်ပဲ

သက်ပြင်းချရင်း ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အမှတ်တရများကို ခေါင်းထဲကထုတ်လိုက်ပြီးနောက် သားရဲမွေးမြူရေးခြံထဲရှိ ဂုဏ်ထူးဆောင်အစောင့်အရှာက်ဆောင်၏ အခန်းတစ်ခုထဲတွင် တင်ပျဥ်ခွေကာ ထိုင်လိုက်၏။ သူက ဘရူဆာကို အနားခေါ်ချင်သော်လည်း မြောက်ခြမ်းပြန်ရောက်စဥ်ကတည်းက ဘရူဆာ၏ အရိပ်ပင်မမြင်ရသေးကြောင်း သတိထားမိလိုက်သည်။

” ဘရူဆာတော့ ဘာတွေမွှေနေပြန်ပြီလဲ ” အတိတ်က ဘရူဆာလုပ်ခဲ့သမျှအရာအားလုံးနှင့် ယခုတွင် သူတို့က ကျင့်ကြံခြင်းအခြေခံတူလုနီးပါးအချက်ကို စဥ်းစား ကြည့်လိုက်သောအခါ မမျှတသလိုခံစားလိုက်ရသည့်အပြင် ပို၍ စိတ်လှုပ်ရှားလာ၏။

“မဖြစ်ဘူး..ငါကျင့်နိုင်သမျှ ကျင့်ရတော့မယ်.. အလယ်ပိုင်းအခြေခိုင်မာခြင်းကနော နှောင်းပိုင်းအခြေခိုင်မာခြင်းကို အဆင့်တက်ကို တက်ရမယ်” အသက်တစ်ချက်ရှိုက်လိုက်ကာ သူက လိပ်ကလေးကို ထုတ်လိုက်ပြီး ရှေ့နောက်လှုပ်ရမ်းလိုက်လိုက်သည်။

ပိုင်ရှောင်ချန်းက လှုပ်ရမ်းလိုက်သဖြင့် ထို လိပ်ကလေး၏ ခေါင်း၊ ခြေလက်နှင့် အမြီးတို့မှာ အခွံနှင့် ထိခတ်ပြီး တဖျပ်ဖျပ်လှုပ်ခါသွားသည်။ ၄င်းက အဝတ်ရုပ်ကလေးနှင့်ပင် တူလေသည်။

အတော်ကြာကြာ လှုပ်ခါနေသည့်တိုင်အောင် မည်သည့်အမွှေးရနံ့မှ ထွက်မလာတော့သဖြင့်ပိုင်ရှောင်ချန်းမှာ မပျော်တော့ပေ။

” ဒီလိပ်ကလေးကို ရဖို့အတွက်နဲ့. ငါမရေမတွက်နိုင်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ အကြပ်အတည်း ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရတယ်…မရေမတွက်နိုင်တဲ့ အန္တာရာယ်တွေကိုရင်ဆိုင်ခဲ့ရတယ် ။ အဲ့တော့.. ဒီဟာက ထာဝရတည်မြဲခြင်းအမွေအနှစ်ဖြစ်ပါတယ်လို့ ဂျင်းထည့်ခံရရင် ဘယ်လိုလုပ်မလဲ။ အနည်းဆုံး ဒီမွှေးရနံ့ကတော့ ငါ့ကို အကျိုးပြုနိုင်ကောင်းပါရဲ့”

လိပ်ခွံကို စိုက်ကြည့်ပြီး သူက ခပ်နာနာပင် လှုပ်လိုက်သဖြင့် ဂလောက်ဂလောက်မြည်သံများပိုထွက်လာ၏။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာသွားပြီးနောက် အတွင်းထဲမှ အမွှေးရနံ့စီးကြောင်းအချို့ လေနှင့်အတူ ထွက်ပေါ်လာလေသည်။

ပိုင်ရှောင်ချန်း၏စိတ်စွမ်းအင်များမှာ ရုတ်ခြည်း ဆိုသလို တက်ကြွလာ၏။ အသက်ပြင်းပြင်းရှုကာ ထိုမွှေးရနံကို ပါးစပ်နှင့် နှာခေါင်းပေါက်မှတစ်ဆင့် သူ၏ကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီးနောက် ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်နှင့် စတင်ကျင့်လိုက်သည်။ ချက်ချင်းလက်ငင်းပင် ထိုနေရာရှိ ကောင်းကင်နှင့်မြေကြီးစွမ်းအားများက မမြင်နိုင်သောလေပွေတစ်ခုဖန်တီး၍ သူ့ထံသို့ တဟုန်ထိုးပြေးလာကြ၏။ တချိန်တည်းမှာပင် တဝေါဝေါလှိုင်းသံကြီးကဲ့သို့ အသံကို ကြားလိုက်ရပြီး ရေစီးကြောင်းနှင့် သဏ္ဌာန်တူသည့်အရာတစ်ခု စတင်ပေါ်ပေါက်လာလေသည်။

စွမ်အားများ စုပုံပေါက်ကွဲခြင်းကြောင့် သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးခု၏ လေးခုမြောက်က ပုံဆောင်ခဲဖြစ်ပေါ်တော့မည့် လက္ခဏာများစတင်ပြလာ၏။

တပြိုင်နက်တည်းမှာပင် သူစုပ်ယူခဲ့သည့် ကောင်းကင်တံတားမြစ်ရေတစ်ခွက်က ပျော်ဝင်လာပြီး သူ၏ လေးခုမြောက်စိတ်စွမ်းအင်ပင်လယ်နှင့် ပေါင်းစပ်သွားလေသည်။ ပိုင်ရှောင်ချန်းမှာ ပို၍ စိတ်လှုပ်ရှားလာသည်။

“အလုပ်ဖြစ်တယ်ကွ…ဟားးး..ဟားးးး.ဟားး.ဒီလိပ်ကလေးက အမှိုက်တော့ မဟုတ်ဘူးပဲ” ပိုင်ရှောင်ချန်းက သူ၏ချီများကို အခြေကျစေလိုက်ပြီး စိတ်ကိုရှင်းလိုက်သည်။ ထို့နောက် သူ၏ လေးခုမြောက်စိတ်စွမ်းအင်ပင်လယ် ပုံဖော်ခြင်းတွင် စိတ်နှစ်ထားလိုက်သည်။ အချိန်တရွေ့ရွေ့ကုန်သွားသည်နှင့်အမျှ ၄င်းက ပို၍တည်ငြိမ်လာလေသည်။

တစ်ညတာကုန်ဆုံးသွားပြီးနောက် နှစ်ဆယ်ရာခိုင်နှုန်းသာ ပြီးမြောက်သေးသဖြင့် သူက စိုးရိမ်စပြုလာလေသည်။ သို့သော်လည်း သူဘာမှ မတတ်နိုင်ချေ။ သူ၏ လေးခုမြောက်စိတ်စွမ်းအင်ပင်လယ်တွင် အသည်းယားဖွယ်ပြောင်းလဲချိန်ကျရောက်ပါက စိတ်ရှည်ရန်လိုလေသည်။

အချိန်ကာလ သုံးရက်က လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။ ဘရူဆာက ပါးစပ်တွင် ရောင်စုံအတွင်းခံတစ်ပုံတစ်ခေါင်းကြီးပြည့်လျက် ပြန်ရောက်လာသည်။ သူက ပိုင်ရှောင်ချန်းအပေါ် ပြေးတက်ရန်ကြံလိုက်သော်လည်း ကျင့်ကြံနေကြောင်းသိလိုက်သောအခါ သူ၏ မျက်လုံးများတွင် လေးနက်သည့်အရိပ်များဖြတ်ပြေးသွား၏။ ထို့နောက် သူက စောင့်ရှောက်ပေးရန် တံခါးအပြင်တွင် သွားရပ်လေသည်။

ဘရူဆာအတွက်မူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများနှင့်သားရဲများ၊ ကောင်းကင်နှင့်မြေပြင်ရှိ မည်သည့်အရာကမှ ပိုင်ရှောင်ချန်းထက် အရေးမကြီးပေ။ ပိုင်ရှောင်ချန်းက သူ၏ ကမ္ဘာပင်။

အကယ်၍ လူတစ်ဦးတစ်ယောက်က ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းကို နှောင့်ယှက်ရန် ကြိုးစားလျှင် သို့မဟုတ် သူ့ကို အန္တာရာယ်ပြုလျှင် ဘရူဆာက အသက်နှင့် လဲ၍ ကာကွယ်မည်ဖြစ်သည်။

မြောက်ခြမ်းရှိတိုက်ပွဲဝင်သားရဲအကုန်လုံးက ဘရူဆာမည်မျှလေးနက်နေကြောင်း အာရုံရသဖြင့် အကျိုးဆက်အနေဖြင့် မြောက်ခြမ်းတစ်ခုလုံး အလွန် တိတ်ဆိတ်သွား၏။ သားရဲသခင်များမှာ သူတို့၏ သားရဲများက သားရဲမွေးမြူရေးခြံနယ်နိမိတ်ကို စောင့်ရှောက်ရန် သူ့တို့ဘာသာသူတို့ ပျံသန်းသွားသည်ကို မြင်ရသောအခါအလွန်တရာ အံ့သြသွားကြ၏။

သားရဲမွေးမြူရေးခြံထဲရှိ သားရဲများသည်လည်း ထိုနည်းတူပင်။

တစ်ညနေတွင် ပိုင်ရှောင်ချန်း၏ လေးခုမြောက် စိတ်စွမ်းအင်ပင်လယ်က ကိုးဆယ်ရာခိုင်နှုန်းခန်း ပုံပေါ်လာသောအခါ မြောက်ခြမ်းရှိ ဝိညာဥ်စွယ်တောင်နှင့် တောင်ခြမ်းရှိ မြစိမ်းတောင်တို့တွင် ရုတ်တရက် စွမ်းအားအထွတ်အထိပ်သို့ရောက်သွားကြပြီး တာအိုသစ်စေ့တောင်မှာကဲ့သို့ ထိုတောင်များမှ အလင်းများက လေထဲသို့ ထိုးတက်သွား၏။ တခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသော ထစ်ခြုန်းမြည်ဟည်းသံကြီးများ ထွက်ပေါ်လာပြီး အလင်းတိုင်ကြီးနှစ်ခုက ကောင်းကင်တွင်ပေါ်ပေါက်လာလေသည်။

ဝုန်းးးးး

နားကွဲလုမတတ်ထစ်ခြုန်းသွားပြီး မြေကြီးမှာ တုန်ခါသွား၏။တိမ်များကို ဖြတ်၍ အလင်းတိုင်ကြီးနှစ်တိုင်ထွက်လာသဖြင့် အပေါ်ထက်ရှိ ေလဝဲကြီးက ပို၍ပင်ကြီးမားသွားကာ ကောင်းကင်သည် တုန်လှုပ်သွားလေသည်။

ဂိုဏ်းအတွင်းရှိ ဂိုဏ်းသားအားလုံး ဖြစ်ပျက်နေသည်များအား သတိထားမိလိုက်သဖြင့် မျက်ဝန်းများတောက်ပလျက် မော့ကြည့်လိုက်ကြသည်။ ရုတ်ခြည်းပင် စကားသံများ ပွက်လောရိုက်သွား၏။

” ဒုတိယအသုတ် သိပ်မကြာခင် ထွက်ခွါတော့မှာပဲ”

အလင်းတိုင်ကြီးများကြောင့် အရာအားလုံးက ဆက်လက်လှုပ်ခါထစ်ခြုန်းနေစဥ်တွင် လူအတော်များများက မြစိမ်းတောင်နှင့် ဝိညာဥ်စွယ်တောင်ကို ဦးတည်သွားကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဒုတိယအသုတ် နေရာရွှေ့ပြောင်းခြင်းစပြီဖြစ်သောကြောင့် မရေမတွက်နိုင်သော အလင်းတန်းများက လေကိုခွင်း၍ တဟုန်ထိုးသွားနေကြသည်ကို မြင်ရလေသည်။

လွန်ခဲ့သောရက်အနည်းငယ်ကမှ ထွက်သွားခဲ့သော ခေါင်းဆောင်ကြီးလီကျစ်မိုခေါင်းဆောင်သည့် ပထမအသုတ်မှာ လူပေါင်း နှစ်ထောင်ပတ်ဝန်းကျင်ပါလေသည်။ ထိုအဖွဲ့က လောချိန်တောင်တန်းတွင် နေရာယူပြီးဖြစ်၏။ ဒုတိယအသုတ်တွင်မူ ပထမအသုတ်ထက် လူအတော်များများပါပြီး လူပေါင်းငါးထောင်နီးပါး ပါလေသည်။

ထိုလူငါးထောင်တွင် ရွှီဆုန် ၊ ကုန်းစွန်းယွင်နှင့် ဟိုယွင်ဖေးတို့အပါအဝင် အခြားလက်ရွေးင်အချို့ပါဝင်လေသည်။ အတွင်းစည်းဂိုဏ်းသားအတော်များများသာမက အပြင်စည်းဂိုဏ်းသားများပင်လျှင် ပါလေသည်။

သူတို့အကုန်လုံး၏မျက်နှာများမှာ လေးနက်တည်ကြည်နေကြပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် အဆုံးအထိ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြလေသည်။ တောင်နှစ်လုံးမှ အလင်းများ ပို၍ ထွန်းလင်းတောက်ပလာသဖြင့် ဂိုဏ်းစောင့် အကြီးအကဲများနှင့်အတူ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ ပေါ်ပေါက်လာလေသည်။

ဂိုဏ်းစောင့်အကြီးအကဲများပြီးနောက် ရွှေရောင်အလင်းများ တောက်ပနေသော ပုံရိပ်အနည်းငယ်ပေါ်လာ၏။ သူတို့၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူတို့က ဂိုဏ်းစောင့်အကြီးအကဲတို့ထက် များစွာ သာလွန်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေလေသည်။ ခေါင်းဆောင်ကြီးများနှင့် မယှဥ်နိုင်သော်ငြား သူတို့ထုတ်လွှတ်နေသည့် အကန့်အသတ်မဲ့ အထိအတွေ့တို့ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများမှာ အလွန်တရာ တုန်လှုပ်သွားကြလေသည်။

“ရွှေရောင်ပုံရိပ်တွေ… မဟုတ်မှလွဲရော.. သူတို့က…..”

“အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတွေပဲ … ”

ထိုရွှေရောင်ပုံရိပ်များက လူများ၏အာရုံကိုဖမ်းစားရန် တခဏသာကြာလိုက်သည်။ မကြာမီပင် ထိုရွှေရောင်ပုံရိပ်များက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံး၏ ချီစီးဆင်းမှုကို မွှေနှောက်ပစ်နိုင်ကြောင်း လူများက သဘောပေါက်သွား၏။

သူတို့၏ ရွေ့လျားမှုတစ်ခုချင်းစီနှင့် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကျင့်ကြံသူအပေါင်းအား ချောက်ခြားသွားစေပြီး သူတို့၏ နှလုံးအိမ်တွင် ကြည်ညိုလေးစားမှုနှင့် ချစ်ခင်မြတ်နိုးမှုအဟုတ်တို့ဖြင့် ပြည့်နှက်သွားစေလေသည်။

သူတို့က အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများဖြစ်သည်သာမက တစ်ဂိုဏ်းလုံး၏ အားထားရာအင်အားစုများပင်ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက သူတို့မျိုးဆက်များ၏ လက်ရွေးစင်များဖြစ်ပြီး အားလုံးက အာရုံစိုက်ထားသူများလည်းဖြစ်ကြ၏။

အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတို့နှင့်အတူ ခေါင်းဆောင်ကြီးငါးဦးအနက်မှ တစ်ဦးလည်းပါလာ၏။ သူက လူငယ်တစ်ယောက်နှင့်တူသော်လည်း သူ၏ မျက်လုံးအကြည့်များက လေးနက်ကာ ရှေးကျလေသည်။ သူ၏ ခံစားချက်များအရ ထိုသူမှာ နှစ်အင်္သေချေပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်မည်။

“ကျုပ်က ခေါင်းဆောင်ကြီး ချီယွဲ့ ” မာထန်ပြီး အေးစက်သော အမူအရာဖြင့် သူကပြော၏။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်ဆိုရင်… ကျုပ်တို့အကုန်လုံး…” သူ၏ စကားမဆုံးခင် မရေမတွက်နိုင်သော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ဂိုဏ်းသားအားလုံးက တစ်ခဲနက် ထိုစကားကို ဆက်အော်လိုက်ကြသည်။

“တိုက်မယ်”

ဂိုဏ်းသားများ၏ တိုက်ခိုက်လိုစိတ်ကို တွေ့လိုက်ရသည်တွင် ခေါင်းဆောင်ကြီး ချီယွဲ့ က ခေါင်းကိုနောက်လှန်ကာ အော်ရယ်လိုက်၏။ သူ၏ အင်္ကျီလက်ကို ခါလိုက်ကာ တောင်ထိပ်နှစ်ခု ထွန်းလင်းနေသော အလင်းတို့ကို ပေါက်ကွဲသွားစေလိုက်ပြီး နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ထိုလူငါးထောင် ပျောက်ကွယ်ရန် တခဏသာကြာလိုက်လေသည်။

ဒုတိယအသုတ်တည်နေရာရွှေ့ပြောင်းခြင်း ပြီးဆုံးသွားသည်တွင် ပိုင်ရှောင်ချန်းက သားရဲမွေးမြူရေးခြံထဲတွင် တံခါးပိတ်ကျင့်နေပြီး သူ၏ လေးခုမြောက်စိတ်စွမ်းအင်ပင်လယ်က ၉၇ရာခိုင်နှုန်းပင် ပုံဆောင်ခဲဖြစ်နေချေသည်။

နှစ်နာရီကြာပြီးနောက် သူ၏ မျက်လုံးတို့က ဖျတ်ခနဲပွင့်သွားပြီး မျက်စိကျိန်းမတတ် အလွန်စူးရှသော အလင်းများဖြင့် တဖျတ်ဖျတ်တောက်ပနေလေသည်။ လေးခုမြောက်စိတ်စွမ်းအင်ပင်လယ်ပုံပေါ်သွားသဖြင့် သူ၏ကိုယ်ထဲတွင် တဝုန်းဝုန်းအသံများဖြင့် မြည်လာ၏။

ဘရူဆာက ပိုင်ရှောင်ချန်းမျက်လုံးပွင့်လာသည်ကို ရုတ်ခြည်း သတိပြုမိသွားပြီး အခန်းထဲ တဟုန်ထိုးပြေးဝင်သွား၏။ ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူကခေါင်းကို နောက်ပစ်၍ ပျော်ရွှင်အူမြူးစွာ ဟိန်းဟောက်လိုက်လေသည်။

ပိုင်ရှောင်ချန်း၏မျက်နှာတွင် နှစ်လိုဖွယ်အပြုံးပေါ်လာပြီး သူက စကားပြောရန်ပြင်လိုက်စဥ် သားရဲမွေးမြူရေးခြံထဲမှ သားရဲအကုန်လုံးက ဘရူဆာ၏ ဟိန်းသံကို တုံ့ပြန်လိုက်ကြပြီး အတူဟိန်းဟောက်ကြလေသည်။

ထိုမျှတင်မပြီးသေး သားရဲမွေးမြူရေးခြံအပြင်တွင် နေရာယူစောင့်ကြပ်နေသည့် သားရဲအကုန်လုံးသည်လည်း ဟိန်းဟောက်လိုက်ကြသည်။ ဘရူဆာ၏ အပြုအမူက အခြားသားရဲအားလုံး၏စိတ်ခံစားချက်အပေါ် လှုံ့ဆော်စွမ်းအားကြီးတစ်ခု သက်ရောက်မှု ရှိလေသည်။

သူ့ကိုဝမ်းမြောက်ဂုဏ်ယူကြောင်းပြောနေသကဲ့သို့ မရေမတွက်နိုင်သော ဟိန်းဟောက်သံများဖြင့် မြောက်ခြမ်းတစ်ခုလုံး ပြည့်သွားလေသည်။ ထိုနေရာမှ ကျင့်ကြံသူများမှာ ထိတ်လန့် သွား၏။ သို့သော်လည်း ဟိန်းဟောက်သံများမှာ သိပ်မကြာလိုက်ပဲ ကွယ်ပျောက်သွားလေသည်။ သို့ထိတိုင်အောင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွား၏။

ပိုင်ရှောင်ချန်းက မျက်ခုံးပင့်ပြီး ဘရူဆာကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။
” ငါ..ငါ.. အဆင့်နဲနဲပဲတက်သေးတာပါ.. ဒီလောက်ထိ အကြီးအကျယ်လုပ်စရာမလိုပါဘူး”

ဘရူဆာက ရှက်သွားဖြင့် ခေါင်းငုံ့သွား၏။

ရင်တဒိန်းဒိန်း ခုန်လျက် ပိုင်ရှောင်ချန်းက မေးလိုက်သည်။
” ဘရူဆာ.. မင်းဒီသားရဲအကုန်လုံးကိုတကယ်ကြီးထိန်းချုပ်နိုင်တာလား”

ဘရူဆာက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်ကို တွေ့ရသောအခါ ပိုင်ရှောင်ချန်းမှာ ချာချာလည်သွားပြီး မျက်လုံးပြူးသွား၏။ သူက ညမုဆိုးအနေဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပြန်လာစဥ်ကတည်းက ဘရူဆာထံမှ အခြားတိုက်ပွဲဝင်သားရဲတို့က အမိန့်နာခံနေကြောင်း ခံစားခဲ့ရလေသည်။

သို့သော်လည်း ထိုစဥ်က သူမှာ ထိုကိစ္စများကို အနီးကပ် သေချာမဆန်းစစ်နိုင်ခဲ့ပေ။ ထိုမှတ်ဉာဏ်နှင့် ပြန်လာစဥ်က တွေ့ခဲ့ရသည့်အရာများကြောင့် အလွန် အံ့သြတုန်လှုပ်ဖွယ်ကောက်ချက်ချလိုက်လေသည်။

ယခုတွင် သူ၏ သံသယများမှာ သေချာသွားလေသောကြောင့် ချာချာလည်မူးနောက်သွား၏။ သို့သော်လည်း အချိန််အနည်းငယ်ကုန်ဆုံးသွားပြီးနောက် ထိုအခြေအနေကို လက်ခံလိုက်ရလေသည်။

” ဒီတော့.. ဒါက သားရဲဘုရင် လုပ်နိုင်တဲ့ဟာပေါ့.. .ဟမ်” သူက မနာလိုအားကျစွာ ရေရွတ်လိုက်၏။ ရုတ်တရက်သူ့ကိုယ်သူကျေနပ်သွားပြီး သူ၏ မျက်လုံးများက တောက်ပလာလေသည်။ သူ့အပါး၌ ဘရူဆာနှင့်ဆိုလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဝက်နီးပါးကို သူထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထိုအတွေးကြောင့် ပို၍ပင်စိတ်လှုပ်ရှားလာလေသည်။ သူ၏ ခေါင်းကို နောက်လှန်ကာ ခွက်ထိုးခွက်လှန်ရယ်လိုက်၏။ နောက်ဆုံးတော့ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရှိခဲ့သည်လိုမျိုး ခံစားလာရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset