အခန်း ( ၂၇၁ )

စစ်မှန်သောဗလာ၊ အံ့သြဖွယ်အကောင်းဆုံးအရှိတရား

အနောက်သို့လှည့်မကြည့်ပါပဲ လီချင်းဟောက်က တီးတိုးရေရွတ်လိုက်လေသည်။
” အရှိတရားမရှိတဲ့ အရှိတရားဟာ အံ့သြစရာကောင်းတဲ့ အရှိတရားပဲ။ ဗလာနတ္ထိမဟုတ်တဲ့ ဗလာနတ္ထိဟာ စစ်မှန်တဲ့ဗလာနတ္ထိပဲ ”
( ကိုယ်တွင်းစိတ်အေးချမ်းမှုကသာ စစ်မှန်သော ငြိမ်းအေးခြင်းဟု ဆိုလိုခြင်းဖြစ်ဟန်တူပါတယ်…ဘာသာပြန်သူ၏မှတ်စု )

ပိုင်ရှောင်ချန်းမှာ ထိုစကားများကြောင့် တုန်ရီသွားလေသည်။ ထိုစကားများထံ၌ နက်နဲသောအဓိပ္ပါယ်ပါဝင်ပြီး ထိုအဓိပ္ပါယ်က မည်သို့ဆိုလိုကြောင်း သူ မသိပေ။ သို့သော် လီချင်းဟောက်မှာ ထို့အတွက်ကြောင့် ပို၍အထင်ကြီးစရာကောင်းသွားလေသည်။

များမကြာမီ သူတို့မှာ တာအိုသစ်စေ့တောင်၏ အနောက်ဘက်ရှိ လေထဲသို့ရောက်သွားကြလေသည်။ သူတို့သွားသော အရပ်သို့နီးကပ်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းက သာမန်ထက်ထူးကဲသော အရာများအားတစ်ခုမှမတွေ့ရသေးပေ။ တစ်ခဏတွေးတောပြီးနောက် သူကသူ၏တတိယမျက်လုံးကို ဖွင့်လိုက်လေသည်။ လီချင်းဟောက်က သူလုပ်နေသည့်အရာအား သတိပြုမိသွားကာ ချီးကျူးရိပ်များလွှမ်းသောမျက်လုံးများဖြင့် သူ့အားလှည့်ကြည့်လာလေသည်။ ထို့နောက်သူက မည်သို့ဖြစ်ပျက်လာမည်ကို စောင့်ကြည့်ရန် လေထဲတွင် ပျံဝဲလျက် ရပ်တန့်လိုက်လေသည်။

ပိုင်ရှောင်ချန်းက ထိုနေရာအား ကောင်းကင်တံတားဓမ္မမျက်လုံးဖြင့် စူးစမ်းသောအခါ မည်သည့်အရာကိုမှမတွေ့ရပေ။ ထို့ကြောင့် သူက သူ၏စိတ်စွမ်းအင်ပင်လယ်သုံးခု၏ စွမ်းအားအချို့ကိုထုတ်ဖော်လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူတို့၏စွမ်းအားများအား ကောင်းကင်တံတားဓမ္မမျက်လုံးထဲသို့ သွန်းလောင်းလိုက်ကာ သူ၏ ကောင်းကင်တာအို အရှိန်အဝါတချို့ကပါ ထပ်ပေါင်းလိုက်ပြီး သူက နောက်တစ်ကြိမ်ထပ်၍ ကြည့်လိုက်လေသည်။

သူ၏တတိယမျက်လုံးထဲသို့ နာကျင်မှုများထိုးနှက်လာပြီး တချိန်တည်းမှာပင် ကမ္ဘာကြီးအပေါ် သူ၏အမြင်မှာပြောင်းလဲသွားခဲ့လေသည်။ ထိုခဏအတွင်း သူကလေထဲတွင်လွင့်မျောနေသည့် ခန်းညားထည်ဝါပြီး ကြီးကျယ်ခမ်းနားသော တောင်ကြီး၏မှုန်ဝါးဝါးပုံသဏ္ဍာန်အား တာအိုသစ်စေ့တောင်၏အနောက်ဘက်တွင်တွေ့လိုက်ရသည်။

“တောင်တစ်လုံး”
သူက ထိတ်လန့်အံ့သြစွာဖြင့် ပြောမိလိုက်သည်။ သူ၏ကောင်းကင်တံတားဓမ္မ မျက်လုံးအားဆက်လက် ဖွင့်နိုင်ခြင်းမရှိတော့သည့်အတွက် သူကပိတ်လိုက်လေသည်။ အမောတကာဖြစ်လျက် လုံးဝမယုံကြည်နိုင်သောအမူအယာဖြင့် သူကလီချင်းဟောက်အား မော့ကြည့်လိုက်လေသည်။

ရုတ်တရက် ဘယ်ဆီကမှန်းမသိသော ရှေးကျသည့်အသံကြီး ထွက်ပေါ်လာသည်။
” မင်းအခုမြင်နေရတာက ဂိုဏ်းခေါင်းဆောင်ကြီးရယ်၊ အမွေဆက်ခံသူအဆင့်ဂိုဏ်းဝင်တွေရယ်၊ ဂိုဏ်းစောင့်အကြီးအကဲတွေရယ်သာ သိတဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ နဝမမြောက်တောင်ထိပ်ပဲ ”

ထိုအသံနှင့်အတူ ပါးလွှာသောလေထုအတွင်းမှ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာလေသည်။သူ့ထံ၌ ရှည်လျားသောအဖြူရောင်ဆံပင်ရှည်များရှိကာ ချောင်ချိနေသောအပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားလေသည်။

သူ၏မျက်နှာမှာ နီကျင်ကျင်ဖြစ်နေပြီး သူ၏နဖူးထက်တွင် နီရဲကာ လက်သည်းခွံအရွယ်ရှိ မွေးရာပါအမှတ်အသား ရှိလေသည်။ သူက ဆံပင်ကဖြူသော်ငြားလည်း သူ၏မျက်နှာမှာ ပါးရေတွန့်ခြင်းသိပ်မရှိပေ။ သူ၏မျက်လုံးများမှာလည်း ထိုးဖောက်နိုင်လောက်အောင်စူးရှသော အကြည့်များဖြင့် တောက်ပနေသည်။ သူ၏ညာဘက်လက်တွင် ဆုပ်ကိုင်ထားသော လေးရောင်ခြယ်ကျောက်စိမ်းဆွဲပြားမှာ အရောင်စူးလွန်း၍မျက်စိပြာသွားလောက်သည်အထိ အလင်းရောင်များနှင့် တောက်ပနေသည်။

သူ၏ပတ်ပတ်လည်ရှိလေထုမှာ ချက်ချင်း တသိမ့်သိမ့်တုန်ခါလာကာ ကောင်းကင်ထဲတွင်မိုးတိမ်များ တလိပ်လိပ်ထလာသည်။ သူ့ထံမှ ထွက်ပေါ်လာသောထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် အရှိန်အဝါများက ကောင်းကင်ဘုံမှဖိအားများနှင့်တူသည်ဟု ပိုင်ရှောင်ချန်း မြင်နေမိသည်။ ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ့အားဝန်းရံနေသည့် လူသတ်ငွေ့များဖြစ်ကာ သူ့အား အဘိုးအိုကြီးတစ်ယောက်ထက် ရှေးဟောင်းသားရဲရိုင်းကြီးတစ်ကောင်နှင့်ပင် ပို၍တူနေစေသည်။

” ဆရာကို ဂါရဝပြုပါတယ်” လီချင်းဟောက်က လက်ကို ဆုပ်လျက် နူးညံ့ညင်သာစွာပြောလေသည်။

ပိုင်ရှောင်ချန်းက ထိုအဘိုးအိုအား ယခင်ကဘယ်တုန်းကမျှမမြင်ခဲ့ဖူးသော်လည်း ထိုသူ၏စွမ်းအားနှင့် အရှိန်အဝါအရ ထိုသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိလိုက်လေသည်။ အသက်ပြင်းပြင်းရှုလိုက်ကာ သူကလက်ကိုဆုပ်ကိုင်လျက် ဦးညွတ်လိုက်လေသည်။
” ပိုင်ရှောင်ချန်းက ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ ”

အဘိုးအိုက ပြုံးလိုက်ရင်း ပိုင်ရှောင်ချန်းအား ခေါင်းအစခြေအဆုံးကြည့်လိုက်လေသည်။ သူ၏လူသတ်ငွေ့များကြောင့် သူ၏ပုံမှာ အထူးပင်ရက်စက်ကြမ်းကြုတ်ပုံ ပေါ်နေလေသည်။

“မင်းက အမွေဆက်ခံသူအဆင့်မှာ မဟုတ်ဘူးပဲ။ အဲဒီအတွက် ဒီလိုမမြင်သင့်တဲ့အရာတွေကို မြင်ခွင့်မရှိဘူး။ မင်းရဲ့အပြစ်ကိုချက်ချင်း ဝန်ခံလိုက်တော့ ကလေး… ” ထိုအဘိုးအို၏ လူသတ်ငွေ့များမှာ ချက်ချင်းပင် ပိုင်ရှောင်ချန်းအား လွှမ်းခြုံလာသည့်အလားဖြစ်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားကာ သူ၏မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွားလေသည်။ သူ့အတွက်မူ သေမင်းက ပတ်ပတ်လည်တွင် ဝန်းရံထားသကဲ့သို့ခံစားရစေကာ ကြံရာမရပဲ ကြောက်ရွံ့တုန်လှုပ်နေသည်။

” ဆရာ…. ဆရာက ပိုင်ရှောင်ချန်းကို ကြောက်ရွံ့သွားစေတာပဲ ” လီချင်းဟောက်က အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်လျက် ပြောလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ကြောက်ရွံ့နေလေသည်။ အဘိုးအို၏အပြုံးနှင့်လူသတ်ငွေ့များကိုပါ ပေါင်းစပ်လိုက်သောအခါ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံးမှာ အဆုံးထိထောင်တက်သွားလေသည်။ သူက သေမင်း၏ချုပ်နှောင်ခြင်းကိုခံနေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ကိုယ်အတွင်းရှိသွေးချီများမှာ အဘိုးအို၏လူသတ်ငွေ့များနှင့် အပြိုင်ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။

အဘိုးအိုမှာ ထိတ်လန့်ဖွယ်ကောင်းအောင်ရယ်မောလိုက်ပြီး သူ၏လက်ကိုဝေ့ယမ်းလိုက်ရာ မြူခိုးတချို့မှာသူ၏ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူ၏ပုံသဏ္ဍာန်အား ဝိုးတဝါးသာ မြင်ရလေသည်။

” ကောင်းတယ် ”
သူက မြူခိုးများအကြားမှ ပြောလိုက်လေသည်။
“ဒါပေမဲ့ ဒါကိုတော့ မှတ်ထားရလိမ့်မယ် ကောင်လေး..။ မင်းအနာဂတ်မှာ ဘယ်လိုအမှားမျိုးပဲလုပ်ပါစေ.. အပြစ်ဒဏ်တွေက မင်းအတွက် အသင့်စောင့်ကြိုနေလိမ့်မယ်”

ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီးနောက် သူ၏မေးကိုမော့ကာ တတ်နိုင်သမျှ နာခံနေသည့်ပုံစံဖြစ်စေရန် ကြိုးပမ်းလိုက်လေသည်။ စိတ်ထဲတွင်တော့ အနည်းငယ် မတူမတန်သကဲ့သို့ခံစားနေရသည်။ ထိုအဘိုးအိုကြီးက သူ့အားကြောက်အောင်ခြောက်ကာ သင်ခန်းစားပေးလိုနေဟန် တူသည်။ ပိုင်ရှောင်ချန်းကိုယ်တိုင်ကလည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သွေးသခင်အဖြစ်နေရစဥ်က ထိုကဲ့သို့နည်းလမ်းများကို လုပ်ဆောင်ခဲ့ဖူးသည်။

“ဆရာကြီး.. ဆရာကြီးက ကျနော့်ဦးလေးရဲ့ ဆရာဆိုေတာ့ ကျနော့်ရဲ့ ဂိုဏ်းတူအဘိုးပေါ့…ဗျာ။ ဂိုဏ်းတူအဘိုးခင်ဗျာ…ကျေးဇူးပြုပြီး မျိုးဆက်သစ်ဂိုဏ်းသားတစ်ယောက်ရဲ့ ဂါရဝပြုပေးမှုကို လက်ခံပေးပါဗျာ ”
ပိုင်ရှောင်ချန်းက သိပ်၍အထင်မကြီးသော်လည်း ခေါင်းကိုတော့ အလေးအနက်ငုံ့ထားဆဲဖြစ်လေသည်။သူက မော့လိုက်ပြီးနောက် အိတ်လေးကို ပုတ်ကာ ဆေးတစ်ပုလင်းအားထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့်ကိုင်လျက် ဦးခေါင်းအထက်တွင်ထားကာ ပြောလိုက်လေသည်။

“ဂိုဏ်းတူအဘိုးခင်ဗျာ.. ကျနော်တို့စတင်တွေ့ဆုံမှုအနေနဲ့ ကျနော်ပိုင်ဆိုင်တဲ့ဒီအဖိုးတန်လှတဲ့ စိတ်စွမ်းအင်ဆေးလုံးတွေကို လက်ဆောင်ပေးပါ့မယ်။ ဒီဆေးလုံးတွေကို သုံးစွဲဖူးတဲ့ ဘယ်သူမဆို အဆုံးမရှိအောင်ကို ချီးကျူးစကားပြောကြပါတယ်။ ဒီဆေးလုံးတွေရဲ့ အသုံးဝင်မှုကလည်း အဆုံးမဲ့နီးပါးပဲ။ ဂိုဏ်းတူအဘိုးခင်ဗျ ဒီလက်ဆောင်လေးက ကျနော့်ရဲ့ မိသားစုဝင်တွေအပေါ် ချစ်ခင်လေးစားတဲ့အနေနဲ့ ပေးတာပါ။ ဒီလက်ဆောင်လေးကို အဘိုးလက်ခံလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” သူကစကားပြောသောအခါ မြူခိုးအတွင်းရှိ အဘိုးအိုအား သေချာလိုက်ကြည့်၍ ပြောလေသည်။ အထူးသဖြင့် အဖိုးတန်လှသော ပစ္စည်းတစ်ခုဟုထင်ရသည့် အဘိုးအိုကိုင်ထားသည့် လေးရောင်ခြယ် ကျောက်စိမ်းဆွဲပြားအား ကြည့်နေခြင်းဖြစ်လေသည်။

လီချင်းဟောက်မှာ ဖြစ်လာမည့်အရာများအတွက် ခေါင်းကိုက်နေလေသည်။ ဝါရင့်ဂိုဏ်းဝင်များအား တခြားလူများက လက်ဆောင်ပေးခြင်းသည် မထူးဆန်းသောအရာဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းအလှည့်သို့ရောက်လာသောအခါ လီချင်းဟောက်မှာ ကွဲပြားခြားနားသော တစ်စုံတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းမှာ မည်သည့်အရာအားကြည့်နေကြောင်း သဘောပေါက်သွားသည့်အခါ ခပ်ယဲ့ယဲ့ပြုံးနေတော့သည်။

ယခုအခြေအနေမှာ ဝါရင့်ဂိုဏ်းဝင်အား လက်ဆောင်ပေးရန် ကမ်းလှမ်းနေသည့်ပုံစံနှင့်လုံးဝမတူပဲ သူ့ထံမှ လက်ဆောင်ပြန်တောင်းနေကြောင်း ထင်ရှားနေလေသည်။

လီချင်းဟောက်က ရှုံမဲ့၍ပြုံးလိုက်သကဲ့သို့ အဘိုးအိုကြီးမှာလည်း ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ပိုင်ရှောင်ချန်းအား နောက်ထပ်အချိန်အနည်းငယ်ကြာသည်အထိ ကြည့်လိုက်ပြီးနောက် သူက ပိုင်ရှောင်ချန်းစဥ်းစားနေသည်ကို အနည်းငယ်နားလည်သွားကာ ရုတ်တရက်ရယ်မောလိုက်လေသည်။

“အာ..ဆိုတော့ မင်းကငါ့ဆီကနေ လက်ဆောင်လိုချင်နေတာပေါ့…။ ကောင်းပြီလေ ငါမင်းရဲ့ ဆေးလုံးတွေကိုလက်ခံလိုက်မယ်။ ပြီးတော့ ဒီကျောက်စိမ်းပြားကိုလည်း မင်းကိုပြန်ပေးမယ်” ထိုသို့ပြောပြီးနောက် လေးရောင်ခြယ်ကျောက်စိမ်းပြားလေးမှာ မြူခိုးထဲမှထွက်လာကာ ပိုင်ရှောင်ချန်း၏အရှေ့တွင် ရစ်ဝဲနေလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းလက်ထဲမှ စိတ်စွမ်းအင်ဆေးလုံးမှာ မြူခိုးထဲသို့ပျံသန်းသွားလေသည်။

ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ပင် အံ့သြသွားလေသည်။ ထိုအရာမှာ သူရည်ရွယ်ထားသောအရာအားလုံးမဟုတ်ပေ။ အမှန်တကယ်တွင် မမျှော်လင့်ထားသောလက်ဆောင်လေးဖြစ်သည့် ကျောက်စိမ်းပြားလေးမှာ သူ့အားအနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားစေသည်။ သို့သော် သူက တုံ့ဆိုင်းမှုမရှိပဲ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ဖောင်းပွလျက် လက်လှမ်းကာ ဖမ်းယူလိုက်လေသည်။ ၎င်းအားအနီးကပ်ဆန်းစစ်ပြီးနောက် သူက ၎င်းမှာ သာမန်အရာတစ်ခုသာဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ထို့အပြင် ၎င်းအတွင်းမှစွမ်းအားများက သူ့အား စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှပေးသော မီးအိမ်အား အလွန်သတိရသွားစေသည်။

” အဲ့တာက အမြုတေအဆင့်ကျင့်ကြံသူတွေသုံးနိုင်တဲ့ စိတ်စွမ်းအင်ရတနာတစ်ခုလေ” အဘိုးအိုမှာ ပြုံးလျက် ပြောလေသည်။
“မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက နည်းနည်းလေးအဆင့်နိမ့်သေးတယ်။ ဒါပေမဲ့ တကယ်လို့ မင်းရဲ့ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် အရှိန်အဝါကို ထည့်သွင်းလိုက်ရင် မင်းဒါလေးကို သုံးနိုင်လိမ့်မယ်” ပိုင်ရှောင်ချန်းအား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ အဘိုးအိုးမှာ ပြန်ရန်လှည့်လိုက်လေသည်။

“ချင်းဟောက်…ဒီကောင်လေးက သိပ်မဆိုးဘူးကွ။ မင်းဘာကြောင့်မို့ သူ့ကို မှော်အပင်လက်နက်မန္တန်ကို သင်မပြသေးတာလဲ”

” ကျေးဇူးအများကြီး တင်ပါတယ်..ဆရာ ” လီချင်းဟောက်က လက်ကိုဆုပ်ကာ ဦးညွတ်လိုက်လေသည်။ ဤနေရာသို့ လာရသည့်ရည်ရွယ်ချက်မှာ သူ့ဆရာဆီမှ ပိုင်ရှောင်ချန်းအတွက် မှော်အပင်လက်နက်မန္တန်သင်ပေးနိုင်ရန် သဘောတူညီချက် လာရောက်ရယူခြင်းဖြစ်လေသည်။

အမှန်တကယ်တွင်ပိုင်ရှောင်ချန်းမှာ သူ၏တပည့်မဟုတ်ဘဲ ဂိုဏ်းအတွင်းရှိ တခြားဆရာ၏ တပည့်ဖြစ်သည်။

ခေါင်းဆောင်ကြီး၏ သဘောတူညီချက်အားရရှိပြီးနောက် လီချင်းဟောက်က ပိုင်ရှောင်ချန်းအား စိုက်ကြည့်လိုက်ကာ တာအိုသစ်စေ့တောင်ဆီသို့ သူ့အားပြန်ပို့လိုက်လေသည်။ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူအပြင်ဘက်တွင် လီချင်းဟောက်က သူ့အား လျှို့ဝှက်မှော်ပညာဖြစ်သော မှော်အပင်လက်နက်မန္တန်ပါဝင်သည့် ကျောက်စိမ်းပေလွှာအားပေးလေသည်။

” မှော်အပင်လက်နက်မန္တန်က ထိန်းချုပ်တဲ့မှော်သိုင်းမဟုတ်ဘူး။ အပင်နဲ့ အသီးအရွက်တွေကိုသံုးပြီး အတိုက်အခိုက်စွမ်းအားတစ်ခု ဖန်တီးတာပဲ။ အပင်နဲ့ အသီးအရွက်အမျိုးအစားတိုင်းမှာ မင်းနှိုးဆော်နိုင်လောက်တဲ့ စိတ်စွမ်းအင်ရှိကြတယ်။ အဲ့ကနေ စွမ်းအားတစ်ခု ဖန်တီးနိုင်တယ် ”

” အမှန်တော့ ဒါက ပထမအဆင့်ပဲရှိသေးတယ်။ ဆေးပင်တွေအမျိုးမျိုးကို ပေါင်းစပ်ပြီး မင်းက စွမ်းအားတွေအများကြီးထုတ်လွှတ်နိုင်တဲ့ မန္တန်ဝင်္ကပါလိုဟာေတွ ဖန်တီးနိုင်သေးတယ်။ မှော်အပင်လက်နက်မန္တန်နဲ့ဆိုရငိ မင်းက လက်နက်တွေကို ချက်ချင်း ဖန်တီးနိုင်တယ်”

” စောစောက ငါပြောလိုက်တဲ့ မန္တန်ဝင်္ကပါဆိုတာ တကယ်တော့ မန္တန်ဝင်္ကပါမဟုတ်ဘူး။ အဲ့တာထက် ဆေးဖော်စပ်ပုံနည်းလမ်းတစ်ခုပဲ။ မင်း ဆေးပေါင်းဖိုနဲ့အသုံးပြုရမဲ့ ဆေးဖော်စပ်နည်းတော့မဟုတ်ဘူး။ အဲ့တာထက် အပင်နဲ့ အသီးအရွက်တွေရဲ့ သေစေလောက်တဲ့စွမ်းအားတွေကို ထုတ်လွှတ်နိုင်တဲ့ လက်နက်တွေကို ဖန်တီးပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ”

၎င်းမှာ အပင်နှင့်အသီးအရွက်များအပေါ် ကျွမ်းကျင်သောအဆင့်တစ်ခုရှိရန် လိုအပ်လေသည်။ ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာကျွမ်းကျင်မှုအရ သူက လီချင်းဟောက်ပြောနေသည့်အရာများကို ချက်ချင်းနီးပါး နားလည်သွားပြီး နောက်ထပ်လမ်းညွှန်မှုများ မလိုအပ်ပေ။ လီချင်းဟောက်က ကျောက်စိမ်းပေလွှာအား ပေးလိုက်ပြီးနောက် ပိုင်ရှောင်ချန်းအတွက် အရေးအကြီးဆုံးအပိုင်းကိုသာ ရှင်းပြရန်လိုအပ်ခဲ့ပြီး ကျန်အပိုင်းများကို သူကိုယ်တိုင် ကျင့်ကြံနိုင်ပေသည်။

အားလုံးတွင် အရေးအကြီးဆုံးမှာ ကျောက်စိမ်းပေလွှာတွင် လက်နက်ပြုလုပ်နည်းပါဝင်လေသည်။ ထိုအထဲတွင် အရင်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျင့်ကြံသူဆယ့်ရှစ်ဦး လုပ်ဆောင်ခဲ့သည့် အောင်မြင်သော စမ်းသပ်ချက်များကို ပေါင်းထားသေးလေသည်။

ညနေခင်းအချိန်သို့ ရောက်အံ့ဆဲဆဲတွင် လီချင်းဟောက်က ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။ သူက မသွားသေးမီ ပိုင်ရှောင်ချန်းက သူ၏ဆရာအားပေးခဲ့သည့် ဆေးလုံးလေးအား ပြန်၍စဥ်းစားမိလိုက်ကာ မေးလိုက်လေသည်။
” ခေါင်းဆောင်ကြီး ထျယ်မုကို မင်းပေးလိုက်တာ ဘယ်လို စိတ်စွမ်းအင်ဆေးများလဲကွ”

ပိုင်ရှောင်ချန်းက အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသော်လည်း အမှန်အတိုင်းပြောရုံကလွဲ၍ တခြားမရှိတော့လေရာ မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ကာ မေးကိုငေါ့လျက် ဝင့်ကြွားစွာပြောလေသည်။
” ခေါင်းဆောင်ကြီး ထျယ်မုလား။ အော်… ကျနော် သူ့ကို ကျနော့်အိတ်ထဲက အဖိုးအတန်ဆုံးဆေးကိုပေးခဲ့တာဗျ။ အဲ့ဆေးလုံးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း နာမည်ကြီးတဲ့ ကျနော်ကိုယ်တိုင်လုပ်ခဲ့တဲ့ဆေးလုံးဗျ”

လီချင်းဟောက်မှာ ထိုအရာအားကြားလျှင် မယုံနိုင်သောအမူအယာ ဖြစ်သွားလေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။ “ကာမအားတိုးဆေးလား”

ပိုင်ရှောင်ချန်းက လီချင်းဟောက်၏ ဖြူဖတ်ဖြူရော် မျက်နှာအားမြင်လိုက်ရသောအခါ အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းညိတ်ပြလိုက်ရင်းမှ ချက်ချင်း စိတ်ပူလာသည်။

” ဦးလေး…. အဲ့တာက ကောင်းပါတယ်ဗျ” သူကပြောလိုက်သည်။
” ပြီးတော့ ဒါက လိမ်နေတာမဟုတ်ဘူး။ တကယ်ပါဗျ။ လူတိုင်းဒီဆေးကို သဘောကျကြတာပဲ။ မြောက်ဘက်ခြမ်းက နဂါးအိုကြီးတောင် သဘောကျလွန်းလို့ မနားတမ်းချီးကျူးခဲ့တာဗျ။ တကယ်ဆို ခေါင်းဆောင်ကြီးကလဲ အသက်တော်တော်ကြီးနေပြီလေ…မဟုတ်ဘူးလားဗျာ ”

ခေါင်းတစ်ခုလုံး ချာချာလည်သွားကာ လီချင်းဟောက်မှာ ပိုင်ရှောင်ချန်းအား နောက်ဆုံးတစ်ကြိမ်စိုက်ကြည့်လိုက်ပြီးနဝမမြောက်တောင်ထိပ်ဆီသို့ လျင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်အပြစ်ရှိသကဲ့သို် ခံစားရဆဲဖြစ်ကာ လီချင်းဟောက် ထွက်သွားပြီးနောက် သူ့ကိုယ်သူရေရွတ်လိုက်လေသည်။
” အဲ့တာက မမှန်ပါဘူးလို့ ငါဘာမှမပြောခဲ့ပါဘူး။ အဲဒီဆေးလုံးက ငါ့ဆီမှာရှိတဲ့ အဖိုးအတန်ဆုံးဆေးလေးပဲကို။ အဲဒီ မြူထဲကအဘိုးကြီးက လူကို ဘာလို့ခြောက်နေတာလဲ။ ငါသူ့ကိုလဲ ဘာမှမလုပ်ခဲ့ပဲနဲ့ ”

ပိုင်ရှောင်ချန်းမှာ အမှန်တကယ်တွင် ကြောက်ရွံ့နေကာ အနည်းငယ်စဥ်းစားလိုက်ပြီးနောက် သူက တစ်နေရာထဲတွင်နေခြင်းမှာ ကောင်းသည့်အကြံမဟုတ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ဘရူဆာအားခေါ်လိုက်ပြီးနောက် သူ၏အင်မော်တယ်ဂူမှထွက်ကာ မြောက်ဘက်ခြမ်းဆီသို့ဦးတည်လိုက်လေသည်။

ထိုအချိန်တွင် ညမှာ မှောင်မိုက်နေပေပြီ။ ပိုင်ရှောင်ချန်းနှင့် ဘရူဆာမှာ မြောက်ဘက်ခြမ်းဆီသို့ တိတ်တိတ်ဆိတ်ဆိတ်သွားလိုက်ကြပြီး မကြာမီတွင် သားရဲမွေးမြူရေးခြံသို့ ရောက်သွားကြလေသည်။ ထိုအချိန်မှ သူက စ်ိတ်အေးလက်အေးဖြစ်သွားတော့သည်။

” ဘရူဆာကော နဂါးအိုကြီးကော ဒီမှာရှိနေသ၍ ခေါင်းဆောင်ကြီး ထျယ်မုက ငါ့ကိုလာပြီး သင်ခန်းစာပေးချင်ရင်တောင် အနည်းဆုံးတော့ သူတို့က ငါ့ကို အကူအညီပေးကြမှာပဲ ” သက်ပြင်းချလိုက်ကာ ပိုင်ရှောင်ချန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူ့ဘဝမှာပို၍ကောင်းမွန်လှကြောင်း စဥ်းစားမိလိုက်တော့သည်။ သွေးနတ်ဆိုးဖြစ်သည့်အတွက်ကြောင့် သူလက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် သူ့အားသင်ခန်းစာပေးရန်လာသော မည်သည့်ခေါင်းဆောင်မဆို သူတို့၏ကျင့်ကြံခြင်းအခြေခံ တစ်ဝက်တိတိလျော့ကျသွားပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset