အခန်း ( ၂၆ )

အကြံဉာဏ်များ

‘ ဆရာဒေါ်လေးကျိုးကျိုးက…ကွက်တိပဲ ’

လီချန်ရှို့သည် အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ကျဉ်းမြောင်းသောနေရာအကြားအလပ်လေးများမှနေ၍ လျင်မြန်စွာ ပျံသန်းကာ မန္တန်အစီအရင်များကို တစ်ခုပြီးတစ်ခု ကျော်ဖြတ် သွားနေလေသည်။ တစ်ခုအား ဖြတ်ကျော်ပြီးသွားတိုင်း လီချန်ရှို့သည် တစ်ခါ အလွန်အမင်းစိတ်ကျေနပ်နေသည်။

အဘယ်ကြောင့် သူသည် ဆရာဒေါ်လေးကျိုးက ကွက်တိဖြစ်သည်ဟု ဆိုရသနည်း။

ကျိုးကျိုးသည် မန္တန်အစီအရင်များအကြောင်း သိပ်မသိပေ။ သူမသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်တွင်ရှိပြီး ကောင်းကင်နတ်မင်းအဆင့်သို့ ချည်းကပ်နေပြီဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းသည် အခြေခိုင်၍ သူမ၏နတ်တန်ခိုးများသည်လည်း သန့်စင်ကြသည်။ မထင်မှတ်ထားသော်ငြား သူမသည် သူမ၏နတ်တန်ခိုးများကို ခိုင်ခိုင်မြဲမြဲထိန်းချုပ်နိုင်လေသည်။

ပို၍အရေးကြီးသည်မှာ သူမသည် မျိုးဆက်သစ်များ၏ ညွှန်ကြားမှုများအား လိုက်နာနိုင်လေသည်။

‘ညွှန်ကြားမှု’ ဟုဆိုခြင်းသည် အနည်းငယ်စည်းကျော်သကဲ့သို့ ဖြစ်ကောင်းဖြစ်ပေမည်။

အနည်းငယ်လှည့်ဖျားမှုလည်း ပါသည်ကိုမူ ချန်ရှို့ ဝန်ခံပေသည်။ သို့သော် တစ်ဦးသည် ရိုက်လို၍ တစ်ဦးသည် အရိုက်ခံချင် သကဲ့သို့ပင်။ နှစ်ဘက်စလုံး ကျေနပ်ကြသည်ဖြစ်၍ လှပေ၏။

‘ ဆရာ‌ဒေါ်လေးကျိုးကျိုးက အခုတစ်ခေါက် ငါ့ကိုတော်တော်လေး ကူညီ‌ပေးခဲ့တာပဲ။ ဆရာဒေါ်လေးကျိုးကို အရက်သောက်ခွင့်ပိတ်လိုက်တဲ့ အပြစ်ပေးခန်းမက အကြီးအကဲတွေကိုတောင် ကျေးဇူးတင်ရမလိုပဲ။ ဆရာဒေါ်လေးကျိုးကျိုး ငယ်ငယ်တုန်းက ရေချိုးဖို့ဆိုပြီး အရက်စည်ထဲမှားထည့်မိတဲ့ ဆရာဦးလေးကျိုးဝူကိုလည်း ကျေးဇူးတင်ရမယ်။ တာအိုကျမ်းစာတိုက်က စာအုပ်စင်ချောင်ထဲက အဲ့စုတ်ပြဲနေတဲ့ သိုးသာရေအပိုင်းအစနည်းနည်းကို ရှာတွေ့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ရမှာပဲ။ အဲဒီကနေမှ တိုက်ပွဲတွေမှာ သုံးနိုင်တဲ့ အရက်မူးနတ်ဝိဇ္ဇာတို့ အားအင်မဲ့နတ်ဆေးတို့လို အင်အားမဲ့ဆေးတွေကို စမ်းသပ်နိုင်ခဲ့တာမလား … ’

အစိမ်းရောင်အခိုးအငွေ့များသည် ဆယ်ကျန့်ခန့် ခပ်နိမ့်နိမ့် ပျံသန်း၍ ကျောက်တုံးနှစ်တုံးကြားရှိ ကျဉ်းမြောင်းသော မြေကွက်လပ်တစ်ခုအလယ်တွင် ရပ်တန့်သွားသည်။ ထို့နောက် လီချန်ရှို့သည် လူသားအသွင်ပြန်၍ ပြောင်းလဲသွားလေသည်။

သူ၏လက်ထဲတွင် မန္တန်အစီအရင်များကို ထိန်းချုပ်နိုင်သည့် ကျောက်စိမ်းပြားတစ်ပြားအား ကိုင်ထားလေသည်။ သူ၏လက်ချောင်းများသည် ကျောက်စိမ်းပြားမျက်နှာပြင်အား အကြိမ်များစွာ ပွတ်သပ်လိုက်ရာ ကျောက်စိမ်းပြားပေါ်ရှိ ပုံများသည် အနည်းငယ် ပြောင်းလဲသွားသည်။

တစ်ပြိုင်နက်တည်း သူ၏ရှေ့ရှိကျောက်တုံးပေါ်တွင် ရေဂယက်များကဲ့သို့ လှိုင်းဂယက်များ ပေါ်ပေါက်လာပြီး သူက ကျောက်တုံးအတွင်းသို့ ဝင်သွားလိုက်သည်။ ထို့နောက် ကျောက်တုံးသည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။

မည်သူမျှမရှိသည့် ကျောက်တုံးကြီးအတွင်း၌ လီချန်ရှို့ ခြေလှမ်းအနည်းငယ်လျှောက်လိုက်ပြီး‌နောက် သေးငယ်သည့် သစ်သားတံခါးလေး အရှေ့သို့ ရောက်သွားသည်။ သူသည် ထိုတံခါးလေးအား တွန်းဖွင့်လိုက်ကာ လျှို့ဝှက်အခန်းတွင်းသို့ ဝင်သွားလေသည်။ ထိုအခန်းသည် အလျားအနံ (၃)ကျန့် ပတ်လည်ရှိလေသည်။

သူသည် မန္တန်အစီအရင်ထိန်းချုပ်ကျောက်စိမ်းပြားအားထုတ်လိုက်ပြီး လက်ဝါးပေါ်တွင် လှည့်လိုက်သည်။ အပြင်ရှိ မန္တန်အစီအရင်များသည် ထပ်မံ၍ အတန်ငယ် ပြောင်းလဲသွားလေသည်။ မြေအောက်လျှို့ဝှက်ခန်းရှိသည့်ကျောက်တုံသည်လည်း ထိုမန္တန်အစီအရင်များ၏အကြားအလပ်များတွင် တစ်သားတည်းကျကာ ပျောက်ကွယ်သွားလေသည်။

ထိုလျှို့ဝှက်ခန်းအား တမင်လိုက်ရှာနေသော ကောင်းကင်နတ်မင်းအဆင့်ရှိသူများပင် အပြင်ရှိ မန္တန်အစီအရင်များအား မဖျက်ဆီးပစ်သ၍ ရှာတွေ့နိုင်မည် မဟုတ်ချေ။

ထိုလျှို့ဝှက်အခန်းသည် လီချန်ရှို့တစ်ယောက် ဆေးဖော်ဆောင်တည်ဆောက်ရခြင်း၏ အဓိအရည်ရွယ်ချက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

‘ လူတွေအတွက် လုံခြုံမှုရှိတဲ့နေရာတစ်ခုတော့ လိုတယ် ’

လျှို့ဝှက်အခန်းအတွင်း ရှေးဟောင်းကျမ်းစာများနှင့်ပြည့်နေသော စာအုပ်စင်နှစ်စင် ရှိလေသည်။

လီချန်ရှို့သည် စားပွဲတစ်ခု၏နောက်တွင်ထိုင်လိုက်ပြီး သိုးသားရေဆယ်ချပ်အား ယူလိုက်သည်။ သူသည် ထိုသားရေများကို စေ့စေ့စပ်စပ် ဖတ်ရှုလေ့လာလိုက်ပြီးနောက် ကျောက်စိမ်းပြားအား ထပ်မံထုတ်ယူလိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်တွင် သူ၏စိတ်ထဲတွင် သုံးဖက်မြင် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခု ပေါ်လာတော့သည်။

ထိုသုံးဘက်မြင်ဖွဲ့စည်းတည်ဆောက်ပုံသည် ယခင်ဘဝက သူ မကြာခဏမြင်တွေ့ဖူးသည့် မြို့တစ်မြို့ရှိ အဆောက်အဦတစ်ခု၏ ပုံနှင့်ဆင်တူလေသည်။ သို့သော် ထိုအဆောက်အဦသည် ချုံတောင်လေးအပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။

လီချန်ရှို့သည် ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်၏။

‘ ငါလုံခြုံတယ်လို့ နောက်ဆုံးခံစားခဲ့ရတာတောင် တော်တော်ကြာခဲ့ပြီပဲ ’

“ ဟူး… ”

လီချန်ရှို့သည် သက်ပြင်းချကာ ပြုံးလိုက်သည်။

“ ဒီမှာပဲ ရေချိုးမယ့်အကြံကမဆိုးဘူး။ ဟာသပဲ… ငါ အသက်တစ်ရှိုက်စာတောင် စိတ်အေးအေးထားလို့ မရဘူး။ ဒီမန္တန်အစီအရင်ကြီးရဲ့ မတူတဲ့အစိတ်အပိုင်းတွေကို စစ်ဆေးရဦးမယ် ”

ဆရာဒေါ်လေးကျိုးကျိုးသည် ကျင့်ကြံခြင်းအဆင့်မြင့်နေ၍ တော်ပေသေးသည်။ ထို့ကြောင့်သာ သူ၏စိတ်ကူးယဉ်များအား လက်တွေ့အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏စိတ်ကူးမှာ ကြီးမားသည့် သုံးဖက်ရှိ ရှုပ်‌ထွေးသော မန္တန်အစီအရင်အစုအဖွဲ့များပင်။

လီချန်ရှို့သည် ကျိုးကျိုးအား အသုံးချကာ ထိုမန္တန်အစီအရင်ကြီးအတွက် သူ၏ စိတ်ကူးပုံစံများကို တစ်ခုခြင်းစီ အကောင်အထည်ဖော်ခဲ့လေသည်။

ဆရာဒေါ်လေးကျိုးကျိုး နားလည်သလောက် ပြောရမည်ဆိုလျှင် သူမသည် လီချန်ရှို့အား မန္တန်အစီအရင် အသေးစား၊ အလတ်စား (၁၀၀)ကျော်အား ကူညီတည်ဆောက်ပေးခဲ့သည်။ ထို့ပြင် ထိုမန္တန်အစီအရင်များသည် တစ်ခုနှင့်တစ်ခု ထပ်၍နေကာ သဘာဝကျသည့် မန္တန်အစီအရင်ကြီးတစ်ခုအဖြစ် တည်ရှိနေသည်။ ထိုမန္တန်အစီအရင်ကြီးသည် ဆေးဖော်ဆောင်အား ဗဟိုပြုကာ အချင်းလီ(၃၀)ပတ်လည်အား လွှမ်းခြုံထားလေသည်။

ယင်းမန္တန်အစီအရင်ကြီးသည် လီချန်ရှို့နှင့် ကျိုးကျိုးတို့၏ ပူးပေါင်းအားထုတ်မှု၏ အသီးအပွင့်ပင်။ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးကိုယ်တိုင်တည်ဆောက်ထားသည့် ထိုမန္တန်အစီအရင်ကြီးအား ကောင်းကင်နတ်မင်းအဆင့်ရှိသူများပင် ချိုးဖြတ်နိုင်မည် မဟုတ်ပေ။

မန္တန်အစီအရင်များအကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်သည့် ကောင်းကင်နတ်မင်းအဆင့်ရှိသူများသာ ချိုးဖြတ်နိုင်ချင် ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော် ကျိုးကျိုးသည် ကနဦးအဆင့်သာ သိရှိလေသည်။ သူမသည် ဒုတိယ၊ တတိယနှင့် စတုတ္ထအဆင့်များကို မသိရှိချေ။

ပင်မမန္တန်အစီရင်များ၏ အောက်ခြေများအား တန်ဖိုးကြီး ပစ္စည်းများ၊ ဝိညာဉ်ကျောက်တုံးများနှင့် အထူးပြင်ဆင်ထားသည့် ရတနာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အောက်ခြေများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြကာ ကောင်းကင်နှင့် မြေကြီးတို့၏ တန်ခိုးများကို ပွင့်စေသည်။ ထို့ကြောင့် ၎င်းမန္တန်အစီအရင်ကြီးတွင် ကွဲပြားသောစွမ်းရည်များ ရှိလေသည်။

မန္တန်အစီအရင်တာအိုသည် နက်ရှိုင်းကျယ်ပြန့်လေသည်။ လီချန်ရှို့သည် ကျွမ်းကျင်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံနိုင်ရသည်အထိ မတတ်ကျွမ်းသေးကြောင်း ကိုယ့်ကိုယ်ကိုသိလေသည်။

မိမိ၏ အရည်အချင်းနှင့် နားလည်တတ်မြောက်မှုအား အရှိအတိုင်း တိတိပပ သိမြင်နိုင်ရန် လိုအပ်ပေသည်။

သို့သော်ငြား သူသည် သူ၏ရဲတင်းကာ အကန့်အသတ်မဲ့သော စိတ်ကူးများကိုမူ မထိန်းချုပ်နိုင်ပေ။ ထို့ပြင် သူသည် သူ၏စိတ်ကူးအိမ်မက်များအား အဖန်ဖန်သုံးသပ်ကာ တစ်ဆင့်ခြင်းဖြင့် လက်တွေ့ဖြစ်လာအောင် လုပ်နိုင်သည့် အရည်အချင်းရှိလေသည်။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ် ခုနှစ်ဆယ်ခန့်တွင် လီချန်ရှို့သည် ကျင့်ကြံခြင်းမှ ခေတ္တအနားယူခဲ့သည်။ ထိုသို့အနားယူနေစဉ် သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းအား လွှမ်းခြုံထားသည့် မန္တန်အစီအရင်အား လေ့လာခဲ့လေသည်။ အာဒိကပ္ပခေတ်ရှိ သာမန်မန္တန်အစီအရင်များ၏ အောက်ခြေသည် အလျားလိုက် မျက်နှာပြင်ပေါ်တွင်သာ ရှိကြောင်း မမျှော်လင့်ဘဲ သိရှိခဲ့ရသည်။

ထိုအချိန်တွင် သူတွေးမိသွားခဲ့သည်။

‘ အောက်ခြေတွေကို ဒေါင်လိုက်မျက်နှာပြင်မှာ ထားနိုင်ရင် ဘယ်လိုများဖြစ်သွားမလဲ။ စွမ်းရည်တွေကတော့ ကွာခြားသွားမယ် မထင်ဘူး ’

စက်ဝန်းပုံ တောင်ကာမန္တန်အစီအရင်အား ဥပမာအားဖြင့် ကြည့်နိုင်သည်။ ထိုအစီအရင်၏ အောက်ခြေအား ဒေါင်လိုက်မျက်နှာပြင်တွင်ထားလိုက်လျှင် ထိုစက်ဝန်းခြမ်းကြီးသည် (၉၀)ဒီဂရီလည်သွားပေလိမ့်မည်။

တောင်ကာမန္တန်အစီအရင်အများစုသည် မြေကြောများမှစွမ်းအားကိုယူရသည်မှာကား အမှန်ပင်။ ထို့ကြောင့် ၎င်းတို့၏ အောက်ခြေအား ဒေါင်လိုက်ထား၍ မဖြစ်နိုင်ပေ။

သို့သော် ထိုသို့ကာကွယ်အစီအရင်များမှလွဲ၍ ဝင်္ကပါများ၊ ထောင်ချောက်မန္တန်အစီအရင်များ၊ သတ်ဖြတ်မန္တန်အစီအရင်များကိုမူ လိုသလို လှည့်နိုင်လေသည်။

‘ အဲဒါကိုအခြေခံပြီး ဆက်စဉ်းစားရမယ်ဆို ငါ မန္တန်အစီအရင်တွေကို တစောင်းမျက်နှာပြင်တွေမှာ ထားလိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲ။ မန္တန်အစီအရင်တွေအများကြီးကို ကန့်လတ်ဖြတ်တွေပုံစံထားလိုက်မယ်ဆိုရင်ရော ဘာဖြစ်မလဲ။ ဥပမာအနေနဲ့ဆိုရင် မန္တန်အစီအရင်နှစ်ခုမှာ တစ်ခုရဲ့အောက်ခြေက အလျားလိုက်ဆိုရင် နောက်တစ်ခုကို ဒေါင်လိုက်ထားမယ်။ သူတို့ရဲ့အောက်ခြေ သုံးပုံတစ်ပုံလောက်က တစ်ထပ်တည်းသွားကြမှာပဲ။ ငါက အလျားလိုက်တစ်ခုကို နှိုးလိုက်မယ်ဆိုရင် ဒေါင်လိုက်ကပိတ်သွားမယ်၊ ‌ဒေါင်လိုက်ကိုနှိုးရင် အလျားလိုက်ကပိတ်မယ်။ အဲဒါဆို နှိုးချိန်ပိတ်ချိန် အကြားအလပ်မရှိတဲ့ မန္တန်အစီအရင်ကို ရလောက်မှာပဲ ’

လီချန်ရှို့သည် ထိုကဲ့သို့ တစ်မျိုးပြီးတစ်မျိုး ဖြည်းဖြည်းချင်းစမ်းသပ်၍ နောက်ဆုံးတွင် မန္တန်အစီအရင်များအတွင်း စိတ်တန်ခိုးများ စီးဆင်းနေအောင် မည်သို့လုပ်ရမည်ကို သိရှိခဲ့လေသည်။ သူသည် ထိုအယူအဆများအား မန္တန်အစီအရင်မျိုးစုံတို့၏ အောက်ခြေအပေါ်တွင် လက်တွေ့အသုံးချရာ၌ ပေါ်လာသည့် ပြဿနာများကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။

ယခုအခါတွင် သူ ကြိုးစားခဲ့မှုများ၏ အသီးအပွင့်အား ခံစားနေရပေပြီ။

ချုံတောင်လေးရှိ ဆေးဖော်ဆောင်အား လွှမ်းခြုံထားသည့် ကြီးမားသည့် သုံးဖက်ရှိ ရှုပ်ထွေးသော မန္တန်အစီအရင်အစုဝေးကြီးသည် လီချန်ရှို့၏ အယူအဆများကို အောင်မြင်စွာ သက်သေပြနိုင်ခဲ့ပေပြီ။

၎င်းမန္တန်အစီအရင်ကြီးအား အလျားလိုက်မျက်နှာပြင်မှ ပိုင်းခြားကြည့်ခဲ့လျှင် အလွှာသုံးလွှာအား တွေ့ရပေမည်။

ကျိုးကျိုးသည် ဆေးဖော်ဆောင်အား ဝန်းရံထားသည့် အပေါ်ဆုံးအလွှာကိုသာ သိရှိလေသည်။ ထိုအလွှာတွင် ထောင်ချောက်မန္တန်အစီအရင်နှင့် ဝင်္ကပါ (၁၀၀)ကျော် ရှိလေသည်။

ထိုအလွှာသည် တောင်အတွင်းပိုင်းသို့ပင် ကျန့်(၁၀၀) အထိ ထိုးဖောက်နေသည်။ ထိုအလွှာ၏အောက်တွင် အလယ်အလွှာနှင့် အောက်အလွှာဟူ၍ နှစ်လွှာရှိသေးသည်။

ကျိုးကျိုးသည် ထိုအလွှာနှစ်ခုရှိ အဓိကကျသောအစီအရင်များ၏ အောက်ခြေကို ကူညီတည်ဆောက်ပေးခဲ့သည်။

သို့သော်လည်း ထိုသို့တည်ဆောက်နေချိန်တွင် အလျားလိုက်မျက်နှာပြင်ရှိ မန္တန်အစီအရင်များအား နှိုးထားသည်ဖြစ်ရာ တခြားမျက်နှာပြင်ရှိ အစီရင်များက ပိတ်နေသည်။ ထို့ကြောင့် ကျိုးကျိုးသည် ကူညီဆောက်လုပ်ပေးခဲ့သော်ငြား မသိရှိခဲ့ခြင်းပင်။

ထိုမန္တန်အစီအရင်များ၏ အောက်ခြေတွင်လည်း လျှို့ဝှက်ညွှန်ကြားချက်အစီအစဉ်များကိုလည်း ဒေါင်လိုက်သာမက အစောင်းလိုက်ပါ ထည့်ထားလေသည်။ ထိုအရာများအကြားတွင် သတ်ဖြတ်မန္တန်အစီအရင်အမြောက်အမြားလည်း ပါရှိလေသည်။

ယခုအခါ လီချန်ရှို့ရောက်ရှိနေသည့် လျှို့ဝှက်အခန်းသည် ထိုမန္တန်အစီအရင်များအားလုံး၏ ဗဟိုချက် ဖြစ်သည်။

၎င်းလျှို့ဝှက်အခန်းသည် အဓိကဒေါင်လိုက် မန္တန်အစီအရင်များကိုနှိုးကာ အလျားလိုက်များအား ပြောင်းပြန်လှန်လိုက်သောအခါမှသာ ထိုကျောက်တုံးကြီးထဲတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြေကိုယ်ယောင်ဖျောက်အတတ်ကျွမ်းကျင်သည့် လူများကိုပင် ကြောက်စရာမလိုပေ။ လီချန်ရှို့၏လက်အတွင်းရှိ ကျောက်စိမ်းပြားနှင့် သူ၏ ထိန်းချုပ်သည့် အထူးလက်ကွက်များသာ မရှိပါက ချုံတောင်လေးတစ်ခုလုံးကို ဖြိုချကာရှာပါမှ ထိုလျှို့ဝှက်အခန်းအားတွေ့ပေလိမ့်မည်။

ချုံတောင်လေးပြိုကျသည့်နေ့သို့ ရောက်လာရန် တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း ပျက်ဆီးသွားမှသာ ဖြစ်နိုင်ပေသည်။ ထိုသို့အချိန်ရောက်ရှိခဲ့လျှင် လီချန်ရှို့သည်…

‘ အဟွတ်..အဟွတ်… ဂိုဏ်းနဲ့အတူ သေမတူရှင်မကွာ ပျက်ဆီးသွားဖို့က ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဆရာတွေနဲ့ ဂိုဏ်းသားတွေအတွက် လက်စားခြေပေးနိုင်အောင် ဆက်အသက်ရှင်ကျန်ခဲ့တာကမှ ဖြစ်သင့်တာ ”

မန္တန်အစီအရင်များ၏ အောက်ဆုံးအလွှာသည် မြေကြောများမှနေ၍ စွမ်းအားများ စုပ်ယူလေသည်။

မြေကြော၊ ဝိညာဉ်ကြောများမှနေ၍ စွမ်းအင်အမြောက်အမြားစုပ်ယူမိလျှင် ဂိုဏ်းရှိ ကျင့်ကြံသူများနှင့် အကြီးအကဲများ သတိထားမိသွားပေလိမ့်မည်။ ထိုအရာအား ရှောင်ရှားနိုင်ရန် လီချန်ရှို့သည် ဝိညာဉ်ကြောများမှ မစုပ်ယူမိစေရန် ပြုလုပ်ထားရသည်။ ထိုအစား မြေကြီးတွင် အများဆုံးဖြစ်သော သန့်စင်မှုသိပ်မရှိသည့် မြေစွမ်းအားများကိုသာ စုပ်ယူစေ၍ စုန်း၊ကဝေမျိုးနွယ်စုတို့၏ သန့်စင်မန္တန်အစီအရင်အားသုံးကာ ပြန်လည်သန့်စင်လေသည်။

ထိုသို့ပြုလုပ်ခြင်းသည် သတ်ဖြတ်မန္တန်အစီအရင်များ၏ အစွမ်းကို အနည်းငယ်ထိခိုက်နိုင်သော်လည်း ထိုနည်းသည် အသင့်တော်ဆုံးနည်းဖြစ်သည်။

ထို့ပြင် ဂိုဏ်းအတွင်းရှိကျွမ်းကျင်သူများသည် ချုံတောင်လေးအပေါ်ရှိ မန္တန်အစီအရင်များအား သတိထားမိသော်ငြား ဒေါင်လိုက်နှင့် အစောင်းမျက်နှာပြင်များအား နှိုးမထားလျှင် ထောင်ချောက်မန္တန်အစီအရင်များနှင့် ဝင်္ကပါများကိုသာ တွေ့ရပေလိမ့်မည်။ သူတို့သည် သူ့အား ဂိုဏ်းစည်းကမ်းချိုးဖောက်သည်ဟု အပြစ်တင်နိုင်တော့မည် မဟုတ်ပေ။

ထိုမတိုင်ခင်က သူသည် သိုသိုသိပ်သိပ် ပြုမူနေထိုင်ခဲ့ပြီး ထိုသည်ကို “ ပတ်ဝန်းကျင်အလိုက် အရောင်ပြောင်းလဲခြင်း “ ဟူ၍ အမည်ပေးခဲ့သည်။

ယခုတွင်မူ သူသည် ဆေးလုံးများဖော်ရန်အတွက် ဆေးဖော်ဆောင်ဆောက်လုပ်ရန် လိုအပ်လာသဖြင့် ပို၍အားထုတ်ရန် လိုအပ်လာသည်။ ထို့ကြောင့် သူသည် အသံတိတ်လှုပ်ရှားခြင်းအား ကျင့်သုံးလာရသည်။ နောင်တွင် ပြုလုပ်မည့် အစီအစဉ်များကိုလည်း လီချန်ရှို့ တွေးတောထားပြီး ဖြစ်သည်။

သူသည် မန္တန်အစီအရင်အားလုံး၏ အောက်ခြေအား ဆေးဖော်ဆောင်အောက်သို့ ပို့ဆောင်ကာ သူ၏လျှို့ဝှက်နေရာအဖြစ် ပြုလုပ်ရပေမည်။ ထိုနေရာကို ဗဟိုပြုကာ အပြင်သို့ ဖြန့်ကားထွက်မည်ဖြစ်သည်။ ချုံတောင်လေးသည် မည်သူမျှ သတိမထားမိသော ခံတပ်အသေးစားလေးတစ်ခု ဖြစ်လာပေလိမ့်မည်။

သူ့တွင် အသက်တစ်ချောင်းသာရှိ၍ အာဒိကပ္ပခေတ်သည် အလွန်အန္တရာယ်များလှသည် မဟုတ်လော။

‘ ငါတို့မျိုးဆက်က ကျင့်ကြံသူတွေအတွက် အသက်ရှည်နည်းရှာဖို့နဲ့ ကြီးမြတ်တဲ့တာအိုက ပထမဦးစားပေးပဲ။ အဲဒါတွေရပြီးမှ စကြဝဠာတိုက်တစ်သောင်းရဲ့ အလှကိုရှုစားလည်း နောက်မကျသေးပါဘူး ’

“ နောက်ဆုံးတော့လည်း… ”

လီချန်ရှို့သည် သူ၏လက်နှစ်ဘက်အား ပွတ်၍ပြောလိုက်သည်။ သူသည် သိုးသာရေများနှင့် ကျောက်စိမ်းပြားအားသိမ်းလိုက်ပြီး သိုလှောင်ဓမ္မအဆောင်အိတ်ကလေးများကို ယူလိုက်သည်။ ထို့နောက်ထိုအိတ်များအတွင်းမှ အခြား သိုလှောင်ဓမ္မအဆောင်များကိုထုတ်လိုက်သည်။

( ၂ ) နှစ်ကြာပြီးသောအခါ သူ၏မြောက်ကျွန်းခရီးစဉ်မှ မမျှော်လင့်ဘဲ ရရှိခဲ့သော ဆုလာဘ်များကို ပြန်၍ ကြည့်နိုင်ပြီ ဖြစ်သည်။

“ အရင်ဆုံး နတ်ဝိဇ္ဇာယွီဝမ်လင်တစ်ယောက် ဘယ်လောက်မွဲလည်းဆိုတာ ကြည့်ရမယ် ”

လီချန်ရှို့သည် ရယ်လိုက်ပြီး ပုံပြောင်းစက္ကူရုပ်နှစ်ရုပ်အားထုတ်ကာ သူ့ကိုယ်ပွားများအဖြစ် ပြောင်းလဲလိုက်သည်။ ကိုယ်ပွားများသည် သိုလှောင်ဓမ္မအဆောင်နှစ်ခုအား ယူကာ အခန်းထောင့်တစ်နေရာသို့ယူသွား၍ ထိုအဆောင်နှစ်ခုအား စတင်အရည်ဖျော်လေသည်။

နေ့ဝက်ခန့်ကြာပြီးသောအခါ ဆေးပေါင်းဖိုအား တာဝန်ယူထားသည့် စက္ကူရုပ်သည် အစွမ်းကုန်ခါနီးပြီ ဖြစ်သည်။ လီချန်ရှို့သည် သူ၏ဆုများအား သိမ်းလိုက်ပြီး လျှို့ဝှက်ခန်းမှ ထွက်သွားလေသည်။

သူသည် လက်ထဲတွင် ပန်းထိုးထားသည့်အိတ်နှစ်အိတ်အား ကိုင်ထားလေသည်။ ထိုအိတ်အတွင်း အိပ်စက်နေသော ပိုးကောင်နှစ်ကောင်ရှိလေသည်။

သူ၏အထင်မမှားလျှင် ထိုပိုးကောင်နှစ်ကောင်သည် အချစ်ကပ်ပါးပိုးကောာင်ဖြစ်ပေလိမ့်မည်။

“ ပစ္စည်းကောင်းပဲ… ”

လီချန်ရှို့က ပြောလိုက်သည်။

“ အခုတော့ ငါ့မှာ သုံးစရာနေရာမရှိသေးဘူး။ နောက်ကျရင် ငါမွေးထားတဲ့ နတ်သားရဲတွေ မျိုးမပွားကြဘူးဆိုရင် ဒါကိုသုံးပြီး ကူပေးလို့ရတယ်။ အဲဒါဆို သူတို့လည်းမျိုးပွားနိုင်ပြီး ရှားပါးတဲ့မျိုးစိတ်တွေကို မျိုးတုန်းမယ့်ရန်က ကယ်တင်နိုင်မှာပဲ ”

***

အချိန်များကုန်ဆုံးခဲ့ချေပြီ။ ဆေးဖော်ရာတွင်ကူညီရန် ကျိုးကျိုးတစ်ယောက် လီချန်ရှို့အား ကတိပေးထားသည့် နေ့သို့ရောက်ရှိခဲ့ပေပြီ။

ကျိုးကျိုးသည် သူမ၏ ဆရာတူအစ်မတစ်ယောက် လျှော်ဖွတ်ပေးထားသော ဖျင်ကြမ်းအင်္ကျီအား ဝတ်ဆင်လိုက်ပြီး သမ်းဝေလိုက်သည်။ သူမ၏ အရက်အိုးကြီးအပေါ်သို့ အိပ်ချင်မူးတူးတက်ကာ ချုံတောင်လေးဆီသို့ ပျံသန်းသွားလိုက်သည်။

ဂိုဏ်းအတွင်းရှိ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါး ဖြစ်သည့်အားလျော်စွာ ကျိုးကျိုး၏နောက်တွင် အာဏာရှိလူများ အများအပြားရှိလေသည်။ ထို့ကြောင့် သူမသည် အကန့်အသတ်သိပ်မရှိဘဲ ပျံသန်းနိုင်လေသည်။ သူမသည် တားမြစ်ထားသောနေရာများမှလွဲ၍ ကြိုက်ရာနေရာသို့ သွားနိုင်လေသည်။

“ ဒီနေ့က ရက်(၂၀)ပြည့်တဲ့နေ့လား ”

ကျိုးကျိုးသည် လက်ချောင်းများအား ချိုးကာ ရေတွက်လိုက်သည်။

ရုတ်ခြည်းပင် သူမစိတ်ရှုပ်ထွေးသွားသည်။

ထိုနေ့မတိုင်မီ ရှေ့ရက်များတွင် သူမသည် ပို၍ပျော်စရာကောင်းရန် ပိုပြင်းသည့် အရက်မူးနတ်ဝိဇ္ဇာအား သောက်ခဲ့သည်။ သောက်ပြီးသောအခါ သူမသည် ငါးရက် ခြောက်ရက်ဆက်တိုက် အိပ်ပျော်သွားလေတော့သည်။

သူမသည် အလျင်လိုနေသဖြင့် သူမ၏နတ်အာရုံများကို မဖြန့်ကျက်တော့ပေ။ ထို့ကြောင့် သူမသည် သူမ၏အောက်ဘက်ရှိတောတွင်းမှ လွင့်မြောနေသော တိမ်တိုက်အား ဂရုမပြုမိတော့ချေ။

ကျိုးကျိုး ချုံတောင်လေးသို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ထိုတိမ်တိုက်အတွင်းမှ ခေါင်းနှစ်လုံးပြူထွက်လာပေသည်။ လက်ဝဲဘက်မှလူသည် တာအိုရသေ့ဂျပု ကျိုးဝူဖြစ်ပြီး လက်ယာဘက်ရှိလူသည် (၁၆)နှစ် (၁၇)နှစ်ခန့်ရှိေသာ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ဖြစ်သည်။

သူမသည် ဆယ်ကျော်သက်တစ်ယောက်ပုံဖြစ်နေကာ လှပသောမျက်နှာကလေးနှင့် ဖွံ့ထွားတင်းရင်းသောကောက်ကြောင်းများရှိပြီး ငယ်ရွယ်သွက်လက်နေပါသော်လည်း ထိုလူနှစ်ယောက်လုံးသည် အသက်အတူတူဖြစ်ကာ အသက်(၂၀၀၀)ကျော်ရှိပြီ ဖြစ်သည်။

ထိုဆက်ကျော်သက်ပုံစံမိန်းကလေး၏ တာအိုနာမည်သည် ကျိုးရှစ်ဖြစ်ပြီး အရှင်ဝမ်ချင်း၏ လေးယောက်မြောက်တပည့်ဖြစ်လေသည်။ သူမသည် ကျိုးဝူ၏ တာအိုလက်တွဲဖော်လည်းဖြစ်ကာ ကျိုးဝူတစ်ယောက် မျက်စိကြီး ခေါင်းသုံးလုံးပင့်ကူ၏ ပင့်ကူမျှင်များကိုသုံးကာ ချောင်းကြည့်ခဲ့သောသူလည်း ဖြစ်သည်။

ကျိုးဝူသည် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ ကျနော်တို့ ဒီလိုလုပ်လို့ သင့်တော်မယ် မထင်ဘူးနော်။ ပြီးတော့ ဒီနေရာက ချုံတောင်လေးလေ… ”

ဆယ်ကျော်သက်မိန်းကလေးသည် စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

“ ရှင် ဘာတွေကြောက်နေတာလဲ။ ကျမတို့လာတာ မကျေနပ်ရင် ဒီတောင်က တောင်ထိပ်သခင်နဲ့ တိုက်ဖို့ပဲရှိတာပဲ… ”

ထို့နောက်သူမသည် တရုတ်ဆီးသီးနှင့်ဆင်တူသည် သူမ၏မျက်လုံးများအား ကျုံ့ကာ ပြောလိုက်သည်။

“ သူက နိုးနိုးချင်း ဒီကိုတန်းပြီး ထွက်လာတာပဲ။ တစ်ခုခုတော့ရှိရမယ်။ ကျမတို့ ဘယ်တုန်းက ကျိုးအာဒီလောက် အလုပ်ကြိုးစားတာမြင်ဖူးလို့လဲ။ ဒီ ဂိုဏ်းတူမောင်လေးချီယွမ်တစ်ယောက် ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ဖြစ်နေလားဆိုတာ မြင်ရမှ ဖြစ်မယ်။ သူက နတ်ဝိဇ္ဇာအဆင့်တောင်မရောက်သေးဘဲ ကျမတို့ရဲ့ ကျိုးအာလေးကို ဘယ်လိုများ နေ့တိုင်းဆွဲဆောင်ထားနိုင်ရတာလဲ ”

ကျိုးဝူသည် ခါးသက်သက်ပြုံးကာ သူ၏တိုတောင်းထူထပ်သော မျက်ခုံးများကို ပင့်လိုက်သည်။

“ အဲဒီမှာ မန္တန်အစီအရင်တွေရှိတယ်။ ကျနော် ကျိုးကျိုးရဲ့ ကိုယ်ရောင်ကိုယ်ဝါကို အာရုံခံလို့မရတော့ဘူး ”

“ ကျမတို့ကြောက်ရမယ့် မန္တန်အစီအရင်ရှိလို့လား။ ကျမတို့ အဲဒါတွေအကုန်လုံးကို တတ်ထားပြီးပြီလေ ”

ကျိုးရှစ်သည် နှုတ်ခမ်းတင်းတင်းစေ့ကာ ကျိုးဝူ၏ အင်္ကျီကော်လံအား ဆွဲလိုက်သည်။ စကားဆက်၍ပြောမနေတော့ဘဲ သူတို့သည် သူတို့၏ ပုံရိပ်များနှင့် ကိုယ်ရောင်ကိုယ်ဝါများကို ဖျောက်လိုက်ပြီး အရိပ်နှစ်ခုအဖြစ်ပြောင်းလဲသွားကာ ချုံတောင်လေးရှိ သစ်တောအတွင်းသို့ ပျံသန်းသွားလေသည်။

“ ကျမတို့က ကောင်းကင်နတ်မင်းအဆင့်ကိုရောက်ဖို့ လမ်းတစ်ဝက်ကျိုးနေပြီ။ နတ်ဝိဇ္ဇာအဆင့်တောင် မရောက်သေးတဲ့သူတစ်ယောက် ဆင်ထားတဲ့ မန္တန်အစီအရင်တွေကို ဘာလို့ကြောက်နေရမှာလဲ… ”

***

Comment

Leave a Reply

Options

not work with dark mode
Reset