အခန်း ( ၂၆ )

အကျိုးတော်ဆောင် ရှဲ့ဟေးရန်

မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ပုံရိပ်ယောင်နယ်မြေထဲရှိ ယခင်က စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကြောက်စရာကောင်းခဲ့သည့် စီနီယာလေ့ကျင့်ဖော်မှာ ဝမ်ပေါင်လဲ့၏ လက်ချောင်းများကို လှန်ချိုးခြင်း၊ ပေါင်ကြားကို ကန်ကျောက်ခြင်းနှင့် အရိုးအဆစ်များအား လိမ်ချိုးခြင်းတို့ကို မလုပ်နိုင်တော့ပေ။ သူသည် ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုကိုပင် ခံနေရပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွား၏။

” ငါ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်မလာအောင် ဘယ်သူတားဆီးနိုင်တော့မှာလဲကွ။ ဘယ်သူမှ မရှိတော့ဘူးကွ ”
သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားပြီးနောက် နတ်ဝိဇ္ဇာဂူအပြင်ဘက်ရှိ ကောင်းကင်ပြာကြီးနှင့် အဖြူရောင်တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ ထို့နောက် ခါးထောက်လျက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

သူ၏အတွေးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာများကို သိသွားခဲ့သည့် အချိန်ကတည်းက ထိုကဲ့သို့ ဖြစ်လာရန်အတွက် တစ်နှစ်တိတိ ပင်ပင်ပန်းပန်း ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီး ဓမ္မလက်နက်ဌာနမှ ကျောင်းသားများအားလုံးကို ကြီးကြပ်ကွပ်ကဲနိုင်သွားမည်ဆိုလျှင် သူသည် အရေးပါသော လူတစ်ယောက်ဖြစ်လာမည်ဟု ယုံကြည်နေ၏။ တာအိုကျောင်းထဲတွင် စိတ်ကြိုက်ပြုမူနိုင်စွမ်း ရှိသည့်အဆင့်အထိ ရောက်သွားမည် မဟုတ်ပါသော်လည်း မည်သူကမှ သူ့ကို စော်ကားရဲတော့မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့က ထိုအချက်ကို တွေးလိုက်ရုံမျှဖြင့် ပို၍ စိတ်လှုပ်ရှားလာရတော့သည်။

ဝမ်ပေါင်လဲ့က ထိုကဲ့သို့ တွေးတောမိလိုက်တိုင်း စိတ်လှုပ်တရှားဖြစ်ကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရသည် ဖြစ်သော်လည်း အချိန်အများစုတွင် ပို၍သာ လုံးလဝီရိယရှိစွာ ကြိုးစားခဲ့၏။ သို့သော် ယခုတွင်မူ သူသည် ထိုအခြင်းအရာများ အမှန်တကယ် ဖြစ်ပေါ်လာတော့မည်ကို မျက်လုံးထဲတွင် မြင်ယောင်မိနေပြီ ဖြစ်သည်။ သူ၏ ကျောင်းသားခေါင်းဆောင်တစ်‌ယောက် ဖြစ်လာရန်ဆိုသော အိပ်မက်မှာ လက်တစ်ကမ်းအလိုတွင် ရှိနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့က သူ၏ ရည်မှန်းချက်ပန်းတိုင်နှင့် အလွန် နီးကပ်နေပြီ ဖြစ်သောကြောင့် ရင်ခုန်နှုန်းများ မြန်လာရတော့သည်။ သူ၏ မျှော်လင့်ချက်များမှာလည်း တစ်စတစ်စ ကြီးထွားလာ၏။

ဝမ်ပေါင်လဲ့က ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်နေရင်း အတန်ငယ် ရှုံ့တွနေသော သူ၏ ဗိုက်ကို ပွတ်လိုက်၏။ ထိုအခါ သူသည် အနာဂတ်အကြောင်းကို ကြိုတင်မှန်းဆရင်း သူ့အတွက်သူ စိတ်မကောင်း ဖြစ်သွားရတော့သည်။

” ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် ငါ အစားအသောက်တွေကို မေ့ပြီးတော့ ရစ်ပတ်ခြင်းပညာရပ်ကို လေ့ကျင့်ခဲ့ရတာ။ အခု ငါ့ရဲ့ အဲဒီပညာရပ်က အထွတ်အထိပ်ကို ရောက်သွားပြီဆိုတော့ ထမင်းတစ်နပ်လောက် စားလိုက်လို့ ဘာမှမဖြစ်လောက်ပါဘူး ”
ဝမ်ပေါင်လဲ့က ထိုသို့တွေးမိလိုက်သဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ ထို့နောက် သူသည် တာအိုကျောင်း၏ စားသောက်ဆိုင်ဆီသို့ သွားကာ လူသုံးယောက်စာ အစားအစာများကို မှာလိုက်ပြီး အားရပါးရ စားသုံးလိုက်တော့သည်။

နောက်ထပ် နှစ်နာရီအကြာတွင် ဝမ်ပေါင်လဲ့က ကြက်ပေါင်တစ်ချောင်းကို ကိုက်ရင်း ဖောင်းကားနေသော ဗိုက်တစ်လုံးဖြင့် ပြန်လာတော့သည်။ ထို့နောက် သူသည် ထိုကြက်ပေါင်အရိုးကို လွှင့်ပစ်လိုက်ပြီး ဗိုက်ကိုပုတ်ကာ အိတ်လေးထဲမှ ဝိညာဉ်ရေခဲရေ တစ်ဘူးကို ထုတ်ယူလိုက်သည်။ ထိုရေဘူးထဲမှ ရေများကို တဝကြီး သောက်ပြီးသွားသော အခါမှသာ နတ်ဝိဇ္ဇာဂူထဲသို့ ကျေကျေနပ်နပ်နှင့် ပြန်ဝင်သွားတော့သည်။ အထဲသို့ ရောက်သည့်အခါတွင်လည်း သူသည် လေချဉ်များတက်ကာ နောက်ထပ် မုန့်ထုပ်အနည်းငယ် ထပ်၍ စားလိုက်ပြန်သည်။ ထိုကဲ့သို့ ဗိုက်ဝအောင် စားပြီးသောအခါမှသာ သူ၏ ပါးစပ်ကို သုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်တော့သည်။

” ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ပြောင်းဖို့ အချိန်ကျပြီ ”
သူ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာမည့်ပုံရိပ်များမှာ အတွေးထဲတွင် တစ်ဖန်ပြန်၍ ပေါ်လာ၏။ ထို့ကြောင့် သူသည် ပို၍ပင် စိတ်လှုပ်ရှားသွားရပြန်သည်။

” ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးရေ။ ငါလာပြီဟေ့ ”
သူသည် ထိုကဲ့သို့ ကြိမ်းဝါးလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က ချက်ချင်းဆိုသလိုပင် အစွမ်းများကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံး အာကာသတွင်းနက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။

သူသည် ရစ်ပတ်ခြင်းပညာရပ်ကို လေ့ကျင့်လိုက်ပြီးနောက် ဝါးမျိုခြင်းသစ်စေ့အား စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းရှိသည့် အနေအထားသို့ ရောက်လုဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ ထိုစုပ်အားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသဖြင့် သူက ဝိညာဉ်စွမ်းအင်များကို ယခင်ကထက်ပင် ပို၍ အားကောင်းစွာ စုပ်ယူနိုင်စွမ်း ရှိသွားတော့သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်း နတ်ဝိဇ္ဇာဂူ အထက်ရှိ ဟင်းလင်းပြင်ကြီး တွန့်လိမ်ပုံပျက်သွားသည်။ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ကြောင့် နတ်ဝိဇ္ဇာဂူကြီးမှာ လေဟာနယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သူသည် နတ်ဝိဇ္ဇာဂူအပြင်ဘက်ရှိ ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအင်များကို သူ့ထံ စီးဆင်းလာအောင် ထိန်းညှိလမ်းကြောင်းပေးလိုက်ပြီး ထိုစွမ်းအင်အားလုံးကို ချက်ချင်းစုပ်ယူလိုက်တော့သည်။ ထိုအခါ ထိုစွမ်းအင်များမှာ သူ၏ လက်ဖဝါးပေါ်တွင် အလျင်အမြန် စုဝေးလာကြ၏။

များမကြာမီ ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲမှ ဝင်းလက်တောက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာတော့သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် အဆင့်ြမင့် ဝိညာဉ်ကျောက်တုံးများကြားရှိ ခြားနားချက်မှာ သန့်စင်မှု ရှစ်ဆယ့်လေးရာခိုင်နှုန်းမှ ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ တိုးတက်ပြောင်းလဲသွားသည့် ဖြစ်စဉ်ပင်ဖြစ်သည်။ ၎င်းမှာ လူတိုင်းကြုံတွေ့ရသည့် အတားအဆီးတစ်ခုဖြစ်ပြီး ဝမ်ပေါင်လဲ့ကိုလည်း အများကြီး ဒုက္ခပေးနိုင်ခဲ့သည် ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားမှာ တိုးတက်လာပြီဖြစ်သည့်အပြင် ရစ်ပတ်ခြင်းပညာရပ်အား ကျင့်ကြံထားသောကြောင့် သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများထဲတွင် ရှိနေသည့် စွမ်းအင်များမှာလည်း အတားအဆီးမရှိ စီးဆင်းနေကြပြီဖြစ်ရာ အရာအားလုံး ယခင်တုန်းကနှင့် လုံးဝမတူတော့ပေ။

ထို့ကြောင့် သူ၏ ဝိညာဉ်ကျောက်တုံးမှာ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကြားရှိ ကြီးမားသော ကွာဟမှုကြီးကို ချက်ချင်းပင် ကျော်ဖြတ်သွားနိုင်တော့သည်။ ထို့နောက် သူ၏ လက်ထဲတွင် ရှစ်ဆယ့်ခြောက်ရာခိုင်နှုန်းအထိ သန့်စင်သော ဝိညာဉ်ကျောက်တုံးတစ်တုံး ချက်ချင်းပင် ပေါ်လာ၏။

သတိထားစရာ အချက်တစ်ချက်မှာ သူ၏ ခန္ဓာကိုယ်ဖြစ်သည်။ သူသည် ဝိညာဉ်ကျောက်တုံးများကို မသန့်စင်ခဲ့သည်မှာ အချိန်အတော်အတန် ကြာနေသောကြောင့်လားတော့ မသိပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အဆီများ စုဝေးလာခြင်း မရှိရုံသာမက ဝိညာဉ်ကျောက်တုံးများကို သန့်စင်နေသည့် အတောအတွင်း သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် သန်မာလာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် စိတ်လှုပ်ရှားသွားရတော့သည်။

” ငါ ဝိတ်တက်လာရင်တောင် ကိစ္စမရှိပါဘူး။ ဝိတ်ကျနိုင်မဲ့ နည်းလမ်းတစ်ခုခုကို စဉ်းစားလိုက်ရုံပဲ။ ငါ့ရဲ့ လက်ရှိ ပန်းတိုင်က ကျောင်းသားခေါင်းဆောင်တစ်ယောက် အမြန်ဆုံးနည်းနဲ့ ဖြစ်လာဖို့ပဲ ”
ဝိတ်ကျအောင် လုပ်ရခြင်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်ရန်မှာ ပို၍အရေးကြီးကြောင်း ဝမ်ပေါင်လဲ့ မှတ်ယူလိုက်သည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲမှုများကို အရေးလုပ်မနေတော့ဘဲ ဝိညာဉ်ကျောက်တုံးသန့်စင်ခြင်းထဲတွင်သာ အာရုံအပြည့် စိုက်ထားလိုက်တော့သည်။

အချိန်များကုန်ဆုံးသွားပြီး ရက်အနည်းငယ်ခန့်အကြာ ဝမ်ပေါင်လဲ့မှာ ရှစ်ဆယ့်ကိုးရာခိုင်နှုန်းခန့် သန့်စင်သော ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

” တံခါးပိတ် လေ့ကျင့်ရမယ်။ တံခါးပိတ် လေ့ကျင့်ရမယ် ”
ဝမ်ပေါင်လဲ့၏ အတွေးထဲတွင် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် သေချာစေရန်အတွက် ခန်းမဆီသို့ပင် သွားလိုက်ပြီး ဝိညာဉ်ကျောက်တုံးခန်းမထဲမှ အဆင့်တစ်နေရာ၌ ရှိနေသူမှာ ကျန်းလင်ဖြစ်‌ကြောင်း အတည်ပြုလိုက်၏။ ကျန်းလင်က ကိုးဆယ့်တစ်ရာခိုင်နှုန်းခန့် သန့်စင်သော ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ယုံကြည်မှုအပြည့်ဖြင့် စားစရာ အမြောက်အမြား ဝယ်ခြမ်းလိုက်ပြီး ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာရန်အတွက် အရူးတစ်ယောက်ကဲ့သို့ တံခါးပိတ်ကျင့်ကြံလိုက်တော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံးသန့်စင်ခြင်းထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားလိုက်တော့သည်။ နောက်ဆုံးတွင် သူ၏ ဝိညာဉ်ကျောက်တုံးသန့်စင်မှုမှာ ရှစ်ဆယ့်ကိုးရာခိုင်နှုန်းအား ကျော်လွန်သွားပြီး တစ်ပတ်အကြာတွင် ကိုးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။

အကယ်၍ ထိုအခြင်းအရာကို အခြားလူများသာ သိသွားကြမည်ဆိုပါက တာအိုကျောင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြမည်သာဖြစ်သည်။ သန့်စင်မှု ရှစ်ဆယ့်ငါးရာခိုင်နှုန်းထက် ကျော်အောင် လုပ်ရန်မှာ အလွန် ခက်ခဲ၏။ ကျန်းလင်ကဲ့သို့ ပါရမီပါသော လူများပင် ခုနစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းသို့ တက်လှမ်းနိုင်ရန်အတွက် အချိန်နှစ်နှစ်ကျော် ပေးခဲ့ရသည်။ ထို့နောက် ကျန်းလင်မှာ ယခုလက်ရှိ ကိုးဆယ့်တစ်ရာခိုင်နှုန်းအထိ ရောက်လာရန်အတွက် နောက်ထပ်အချိန်တစ်နှစ် ပေးခဲ့ရသေးသည်။

ဝမ်ပေါင်လဲ့မှာမူ သန့်စင်မှု ငါးဆယ်ရာခိုင်နှုန်းမှနေ၍ ယခုလက်ရှိအဆင့်ထိ ရောက်လာအောင် မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ တိုးတက်မှုမျိုးမှာ အလွန် အံ့ဩစရာကောင်းပြီး မည်သူကမှ မမြင်ဖူးပေ။ ထို့အပြင် သူသည် နှစ်ဝက်အတွင်း ထိုကဲ့သို့ မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

လူတစ်ယောက်၏ ဝိညာဉ်ကျောက်တုံးမှာ သန့်စင်မှုကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားပါက ထိုလူအား ဝိညာဉ်ကျောက်တုံးသန့်စင်ခြင်းတွင် ဆရာတစ်ဆူအဖြစ် လူအများက သတ်မှတ်ကြသည်။ ကောင်းကင်တာအိုကျောင်း၏ ဝိညာဉ်ကျောက်တုံးခန်းမရှိ အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် ကိုးဆယ်ရာခိုင်နှုန်းအထိရောက်အောင် သန့်စင်နိုင်သည့် ထိုကဲ့သို့လူအရေအတွက်မှာ လက်ရှိတွင် နှစ်ယောက်သာ ရှိသေးသည် မဟုတ်ပါလော။

တစ်ယောက်မှာ ကိုးဆယ့်တစ်ရာခိုင်နှုန်းအထိ ရောက်နေပြီဖြစ်ပြီး အခြားတစ်ယောက်မှာ ကိုးဆယ်ရာခိုင်နှုန်းတိတိသို့ ရောက်နေပြီဖြစ်သည်။

ရှစ်ဆယ့်ငါးရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိရောက်အောင် တက်လှမ်းရသည်မှာ ခဲယဉ်းပါသော်လည်း ကိုးဆယ်ရာခိုင်နှုန်း၏ အထက်သို့ ရောက်လျှင်မူ ရာခိုင်နှုန်း တစ်ခုနှင့်တစ်ခုကြားတွင် အလွန် ကွာခြားနားနေသည်။

ကောင်းကင်တာအိုကျောင်း၏ သမိုင်းတစ်လျှောက် ကျောင်းသားခေါင်းဆောင်တစ်ယောက် အမြန်ဆုံးဖြစ်လာသည့်လူ၏ စံချိန်မှာ နှစ်နှစ်ဖြစ်သည်။ သူသည် မှင်တက်စရာကောင်းလောက်အောင် ပါရမီပါနေသောကြောင့်သာ ထိုကဲ့သို့ စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားဌာနများတွင် ကျောင်းသားသစ် ကျောင်းသားခေါင်းဆောင်များ ရှိနိုင်ပါသော်လည်း ဓမ္မလက်နက်ဌာနတွင်မူ တစ်ခါမှ မရှိခဲ့ဖူးပေ။

ဝမ်ပေါင်လဲ့က ထိုစံချိန်အား လျင်မြန်စွာ ချဉ်းကပ်လာနေပြီဖြစ်သည်။ သူသည် အအိပ်အစားကိုပင် မေ့ထားလိုက်ပြီး အရူးအမူး သန့်စင်နေ၏။ သူ၏ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လုံးဝ ဂရုစိုက်မနေဘဲ သန့်စင်မှု ကိုးဆယ်ရာခိုင်းနှုန်းအား ဖောက်ထွက်ကာ ကိုးဆယ့်တစ်ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေတော့သည်။

သူ၏ဝိညာဉ်ကျောက်တုံး သန့်စင်မှုများက ထိုကဲ့သို့ တိုးတက်လာနေစဉ် သူ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အဆီများ တဖြည်းဖြည်း စုဝေးလာနေသောကြောင့် သူ၏ အလေးချိန်မှာလည်း တဖြည်းဖြည်းနှင့် တက်လာတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အဆမတန် ကြီးလာ၏။ သူ ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဝိတ်ကျအောင် ကြိုးစားခဲ့သည့် အချိန်တုန်းကထက်ပင် ပို၍ပင် ကြီးမားနေပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်ကျောက်တုံးသန့်စင်မှုမှာမူ နောက်ထပ်တစ်ကြိမ် ဖောက်ထွက်သွားနိုင်ခဲ့ပြီး ကိုးဆယ့်တစ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။

အောင်မြင်မှုြ လက်တကမ်းအလိုတွင် ရှိနေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ဝိတ်ကျအောင်လုပ်ရန် မတွေးနိုင်တော့ပေ။ သူသည် သူ၏ ဆွေစဉ်မျိုးဆက်ဇယားနှင့် ဖက်တီးဘိုးဘေးကြီးများကိုပင် မတွေးမိတော့ချေ။ သူက အသက်မှန်မှန်ရှူလိုက်ပြီး သူ့ကိုယ်သူ အားပေးကာ ‌နောက်ထပ်တစ်ကြိမ် သန့်စင်လိုက်ပြန်သည်။

တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝိညာဉ်ကျောက်တုံးများ၏ သန့်စင်မှုမှာ နောက်ထပ်တစ်ကြိမ် ဖောက်ထွက်သွားပြီး ကိုးဆယ့်နှစ်ရာခိုင်နှုန်းသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိပေ။ လတ်တ‌လောအတွင်း ကျန်းလင်တစ်ယောက် ဖောက်ထွက်သွားနိုင်ခဲ့မည့် ဖြစ်နိုင်ခြေကို သူ ထည့်တွက်ထားခဲ့သည်။ ထိုသို့သာ ဆိုလျှင် စိတ်ကသိကအောက် ဖြစ်စရာကောင်းနေမည်မှာ အမှန်ပင်။ ထို့ကြောင့် သူသည် အံကြိတ်ရင်း မည်မျှအထိ သန့်စင်နိုင်မည်နည်းဟု တွေးတောကာ ဆက်လက် သန့်စင်နေလိုက်တော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ကြီးမှာ အလွန် အရွယ်အစားကြီးမားနေသည်ကို သူ သတိမထားမိပေ။ ၎င်းမှာ သူ၏ သမိုင်းတစ်လျှောက် အဝဆုံးသော အခြေအနေထက်ပင် ကျော်လွန်သွားပြီဖြစ်ပြီး မှင်တက်စရာကောင်းသော အရွယ်အစားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကျောက်တုံးသန့်စင်မှုမှာ သူမတူလောက်အောင် ဖောက်ထွက်သွားနိုင်ခဲ့ပြီး ကိုးဆယ့်နှစ်ရာခိုင်နှုန်းမှ ကိုးဆယ့်သုံးရာခိုင်နှုန်းသို့ ပြောင်းလဲသွားတော့သည်။ ထိုအခါ သူ၏ လက်ထဲမှ ဝိညာဉ်ကျောက်တုံးမှာ ဝင်းလက်တောက်ပြောင်နေသည့် သလင်းကျောက်တစ်လုံးကဲ့သို့ ဖြစ်မနေတော့သည်ကို ဝမ်ပေါင်လဲ့ မြင်လိုက်ရသည်။ ၎င်းမှာ ကျောက်မျက်ရတနာတစ်ပါးကဲ့သို့ သက်တန့်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီဖြစ်သည်။ ထိုအခါ သူသည် ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

” ဒဏ္ဍာရီလာ သက်တန့်ရောင်ဝိညာဉ်ကျောက်တုံးဆိုတာ ဒါကိုးကွ…. ”

ဝမ်ပေါင်လဲ့မှာ ပထမဆုံး သင်ခန်းစာထဲတွင် ဆရာက သက်တန့်ရောင် ဝိညာဉ်ကျောက်တုံးအကြောင်းအား ထည့်ပြောခဲ့သည်ကို ကြားဖူးခဲ့၏။ ထို့နောက် သူသည် ၎င်းမှာ ဝိညာဉ်ကျောက်တုံး သန့်စင်ခြင်းတွင် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိလိုက်ရသည်။

” ငါ ကျောင်းသားခေါင်းဆောင် ဖြစ်ပြီဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီး ရုတ်တရက်ဆိုသလို မတ်တတ်ထရန် ပြင်လိုက်သည်။ သူသည် ဝိညာဉ်ကျောက်တုံးခန်းမရှိ အဆင့်သတ်မှတ်ချက် စာရင်းဆီသို့သွားကာ ကျောင်းသားခေါင်းဆောင်စာမေးပွဲကို ဖြေဆိုချင်နေပြီဖြစ်သည်။ သူသည် ထိုနေရာတွင် ဝိညာဉ်ကျောက်တုံးတစ်တုံး သန့်စင်ပြီး အဆင့်သတ်မှတ်ချက်စာရင်းတွင် မှတ်တမ်းတစ်ခု ထားရစ်လိုက်လျှင် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သွားမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်နေသည့် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထရန် ကြိုးစားလိုက်သည့်အချိန်တွင် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ ထို့နောက် သူသည် တွေဝေမိန်းမောစွာဖြင့် သူ၏ ဘေးပတ်ပတ်လည်အား အကဲခတ်လိုက်၏။

” ဘာလို့ နတ်ဝိဇ္ဇာဂူကြီးက သေးသွားရတာလဲဟ။ မဟုတ်မှလွဲရော …. ”

ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ အသက်မရှုနိုင်ဘဲ ဖြစ်သွားရတော့သည်။ သူသည် ထိုကဲ့သို့ တတွတ်တွတ်ရေရွတ်ရင်း သူ၏ ဗိုက်အား ငုံ့ကြည့်လိုက်ပြီးနောက် ပတ်ပတ်လည်အား နောက်တစ်ကြိမ်ပြန်၍ အကဲခတ်ကြည့်လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးမှသာ သူသည် စူးရှကျယ်လောင်သော အသံဖြင့် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထိုအသံမှာ နတ်ဝိဇ္ဇာဂူ အပြင်ဘက်အထိပင် ရောက်သွား၏။

လက်ရှိတွင် နတ်ဝိဇ္ဇာဂူထဲ၌ ရှိနေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ဆွံ့အစရာကောင်းသည့် အရွယ်အစားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ နတ်ဝိဇ္ဇာဂူ၏ တစ်ဝက်ကျော်အထိ နေရာယူထား၏။ ထိုနတ်ဝိဇ္ဇာဂူမှာ နဂိုထဲမှ သိပ်၍မကြီးသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီး မည်မျှပင် ကြီးမားနေကြောင်း ပို၍ ပေါ်လွင်နေရတော့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပုံစံကြီးနှင့် အဓိပ္ပါယ် မရှိနိုင်လောက်အောင် ကြီးမားနေသော ခန္ဓာကိုယ်ကြီးတို့ကို မြင်လိုက်ရသူတိုင်း ပင့်သက်ရှိုက်သွားကြပြီး တုန်လှုပ်ချောက်ချားသွားကြမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မတ်တတ်ထနိုင်ရန်ပင် မဆိုထားဘိ နတ်ဝိဇ္ဇာဂူကိုကြည့်ကာ ငိုမဲ့မဲ့ ဖြစ်နေရပြီဖြစ်သည်။ သူ တွားသွားလိုက်လျှင်တောင် တံခါးအပြင်ဘက်သို့ ထွက်လိုက်မည်မဟုတ်ကြောင်း သိလိုက်ရ၏။

” သောက်ကျိုးတော့ နည်းပြီဟေ့ … ငါ အပြင်တောင် မထွက်နိုင်တော့ဘူးဟ။ ငါ ဘယ်…ဘယ်လိုနည်းနဲ့ ဝိတ်ကျအောင် လုပ်ရပါ့ ”
ဝမ်ပေါင်လဲ့မှာ ဝမ်းနည်းပူဆွေးစွာ ညည်းတွားလိုက်၏။ သူသည် စိုးရိမ်ကြောင့်ကြမှုများကြောင့် အသိစိတ်ပျောက်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ သူ ကျောင်းသားခေါင်းဆောင် ဖြစ်သွားပြီဟု တွေးရင်း သူ့ဘဝ၏ အမြင့်ဆုံး အခြေအနေသို့ တက်လှမ်းနိုင်ရန်အတွက် စာမေးပွဲဖြေရန် ပြင်လိုက်စဉ်မှာပင် နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ မထွက်နိုင်ဘဲ ဖြစ်သွားရတော့သည်။

ထို့အပြင် သူသည် ထိုကဲ့သို့ မထွက်ခွာနိုင်သောကြောင့် ချော်ရည်အခန်းသို့သွားကာ ဝိတ်ကျအောင် လုပ်နိုင်တော့မည်လည်း မဟုတ်ပေ။ ထိုအခြင်းအရာအားလုံးမှာ အဆိုး သံသရာလည်သွားသည့်အလား ဖြစ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်ကာ ရူးသွပ်နေရတော့သည်။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရုန်းကန်ရင်း စဉ်းစားတွေးတောလိုက်ပါသော်လည်း အတွေးထဲတွင်ပေါ်လာသည့် နည်းလမ်းများမှာ အသုံးဝင်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ ဝမ်းနည်းညှိုးငယ်စွာဖြင့် အသံလွှင့်လက်စွပ်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် အနည်းငယ် ကြိုးစားရုန်းကန်လိုက်ပြီး လျှိုတောင်ပင်းအား အကူအညီ လှမ်းတောင်းလိုက်တော့သည်။

လျှိုတောင်ပင်းမှာ ထိုကိစ္စကို ကြားသိလိုက်ရသောအခါ ချက်ချင်းပင် ပြေးလာ၏။ သူသည် နတ်ဝိဇ္ဇာဂူထဲရှိ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားတော့သည်။

” မင်းမေဘ … ဝမ်ပေါင်လဲ့၊ မင်း ဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်လိုက်တာတုန်း ”

ဝမ်ပေါင်လဲ့မှာမူ အလွန် စိတ်ပျက်ညှိုးငယ်နေ၏။ လျှိုတောက်ပင်းမှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ နည်းလမ်းမျိုးစုံ အကြံပေးလိုက်ပါသော်လည်း တစ်ခုတလေပင် အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူသည် အခြားသူများကိုသာ ဆက်သွယ်လိုက်ရတော့သည်။ ထိုအခါ ဘန်နီလေးဖြစ်သော ကျိုးရှောင်ရနှင့် တုမင်တို့ ရောက်ရှိလာ၏။ ထို့နောက် ချန်းကျစ်ဟန်ပင် ရောက်လာတော့သည်။

ချန်းကျစ်ဟန်မှာ မျက်လုံးများပြူးသွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
” မယုံနိုင်စရာပဲ ”

တုမင်ကမူ ဝမ်ပေါင်လဲ့အား အထင်သေးသည့်အကြည့်ဖြင့် မျက်စောင်းထိုးကာ ဆိုလိုက်၏။

” သောက်ဖက်တီးကောင်။ အစားလေးဘာလေး လျှော့စားဦး ”

ဘန်နီလေး ကျိုးရှောင်ရမှာမူ စိုးရိမ်ပူပန်နေ၏။

ဝမ်ပေါင်လဲ့မှာမူ နတ်ဝိဇ္ဇာဂူအပြင်ဘက်မှ လူအုပ်ကြီးအားကြည့်ရင်း အသက်ရှင်လိုသော ဆန္ဒများ၏ စေ့ဆော်မှုကြောင့် ချက်ချင်းပင် တောင်းဆိုလိုက်တော့သည်။
” ငါတို့တွေက တစ်မြို့ထဲသားချင်းတွေလေ။ မင်းတို့ ငါ့ကို ကယ်တင်မှ ရမယ် ”

သို့သော် လျှိုတောက်ပင်းနှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့ မျှော်မှန်းထားသလောက် အသုံးမဝင်ခဲ့ပေ။ မည်သူကမှ အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုတလေကိုပင် မစဉ်းစားနိုင်ကြချေ။ နောက်ဆုံးတွင် ဘန်နီလေးမှာ ရှဲ့ဟေးရန်ဟု အမည်ရသော စီနီယာတစ်ယောက်ကို ရှာတွေ့သွားပြီး သူ့အား လှမ်း၍ခေါ်လိုက်၏။

ရှဲ့ဟေးရန်မှာ တာအိုကျောင်းထဲတွင် အတော်အသင့် နာမည်ကျော်ကြားသော လူတစ်ယောက်ဖြစ်သည်။ သူသည် ပါမောက္ခမှ ကျောင်းသားများအားလုံးအထိ အချိတ်အဆက်ရှိသည်ပြီး သူ မဖြေရှင်းနိုင်သည့် အရာ တစ်ခုတလေပင် မရှိဟု လူအများက ချီးကျူးကြသည်။ ဘန်နီလေးမှာ ဆေးလုံး အရောင်းအဝယ်လုပ်ရာမှတစ်ဆင့် သူနှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

သိပ်မကြာခင် သာမန်အရပ်အမောင်းရှိသော လူငယ်တစ်ယောက်က ဝမ်ပေါင်လဲ့၏ ဂူအပြင်ဘက်ရှိ လမ်းအတိုင်း ဆင်းလာ၏။ သူသည် ဆံပင်ကို နံ့သာဆီများဖြင့် သုတ်လူးထားသောကြောင့် နေရောင်အောက်တွင် တလက်လက်ထနေ၏။ သူ အဝေးမှနေ၍ လျှောက်လှမ်းလာနေသည့်ပုံမှာ ထိန်ထိန်လင်းနေသော မီးအိမ်တစ်လုံးနှင့် တူသည်။

သူသည် ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ရောက်သောအခါ အထဲသို့ လှမ်း၍ကြည့်လိုက်၏။ ထိုအခါ သူ၏ တောက်ပနေပြီးသားဖြစ်သော မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်သွားတော့သည်။

” ရောင်ရင်း … ငါက မင်းရဲ့ အကျိုးေတာ်ဆောင် ရှဲ့ဟေးရန်ပါ။ ငါ့ကို ခေါ်ထားပြီးပြီဆိုတော့ ဘာမှစိတ်ပူမနေနဲ့တော့။ ငါက ဓမ္မလက်နက်ဌာနက လူတွေနဲ့ အလုပ်တွဲလုပ်ရတာကို သိပ်ကြိုက်တာ ”

” မင်းဆီမှာ ‌ငွေရှိသရွေ့ ရှဲ့ေဟးရန်‌ဆိုတဲ့ငါ မလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မင်းလိုမျိုး အသေးအဖွဲ ကိစ္စလေးတွေ မပြောနဲ့။ ပါမောက္ခကိုယ်တိုင် မင်းအတွက် ဓမ္မအဆောင်တစ်ခုကို သန့်စင်ပေးတာ လိုချင်လား။ ဒါမှမဟုတ် မှော်ငွေရောင်သဲကို အသုံးပြုပြီးတော့ မင်းတို့ ဓမ္မလက်နက်ဌာနရဲ့ ဌာနမှူးဆီမှာရှိတဲ့ ရှူေဆးဘူးနဲ့ တစ်ပုံစံထဲတူတဲ့ ဘူးကို သွန်းလုပ်ချင်လား။ ငါ အကုန်လုပ်ပေးနိုင်တယ်။ အခု မင်းရဲ့ ကိစ္စလောက်ကတော့ အသေးအဖွဲပါ။ မင်း အပြင်ဘက်ကို ထွက်ချင်ရုံပဲမလား။ အဲဒါဆို ငါ မင်းရဲ့ နတ်ဝိဇ္ဇာဂူကို ဖြိုပစ်လိုက်လို့ရတယ်။ အဲဒီလိုဆိုရင် မင်း အပြင်ကို ထွက်လို့ရပြီမဟုတ်လား ”
ရှဲ့ဟေးရန်မှာ စိတ်အားထက်သန်စွာဖြင့် တဲ့တိုးသာ ပြောချလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset