အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။ ထိုအတောအတွင်း အလယ်တောင်ထိပ်မှ ကျင့်ကြံသူများက လာရောက်လည်ပတ်ကြလေသည်။ ထို့အပြင် ညမုဆိုးနှင့် အတိတ်က ရန်ကြွေးများပြေရန် မျှော်လင့်လျက် လက်ဆောင်များပါ ယူလာကြသည်။
ပိုင်ရှောင်ချန်းက လူအများစုကို နတ်ဆရာအားကိုင်တွယ်ဖြေရှင်းသလိုမျိုးပင် ဆက်ဆံလေသည်။ အကျိုးဆက်အနေဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း သူ၏ အောင်မြင်ကျော်ကြားမှုမှာ တိုးပွားလာရုံမျှမက လူအချို့က သူ၏နောက်လိုက်ဖြစ်လိုသဖြင့် သွယ်ဝိုက်ကျေးဇူးတင်နေကြသည်။
ပိုင်ရှောင်ချန်းက လွန်စွာပီတိဖြာနေပြီး အကြောင်းကိစ္စအားလုံးကို ပြီးပြည့်စုံစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ ကျေနပ်နေလေသည်။ နောင်တွင် ထိုနည်းလမ်းများကို ဆက်လက်အသုံးချမည်ဟု ဆုံးဖြတ်လိုက်လေသည်။
နောက်ဆုံးတွင် ညမုဆိုးကို သွေးသခင်တင်မြောက်မည့် တရားဝင်အခမ်းအနားသို့ ကျရောက်လာ၏။ ထိုနေ့တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူအားလုံး ရောက်ရှိနေကြသည်။ ဂိုဏ်းစောင့်အကြီးအကဲများ၊ သွေးအေးလူသတ်သမားများနှင့် ခေါင်းဆောင်ကြီး လေးဦးပင်လျှင် ညမုဆိုး၏ နေရာဆက်ခံခြင်းကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုရန် ရောက်လာကြသည်။
အလယ်တောင်ထိပ်၏ မဟာအကြီးအကဲ စုန့်ကျင်းဝမ်က ပိုင်ရှောင်ချန်းကို သွေးသခင်ဝတ်ရုံ တရားဝင်ပေးအပ်လေသည်။ ထိုအဝတ်အစားများ သူ့ပခုံးပေါ်ကျရောက်သွားသည်နှင့် ညမုဆိုး၏ တင်းမာခက်ထန်သောပုံစံမှာ ပို၍ပင်တည်ကြည်လေးနက်သွားသည်။
စုန့်ကျင်းဝမ်အပါအဝင် အလယ်တောင်ထိပ်၏ ကျင့်ကြံသူအားလုံးက ဒူးထောက်၍ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
” သွေးသခင်အား…ဂါဝရပြုပါတယ်”
သူတို့အသံများက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားကာ ကောင်းကင်ကြီးတုန်လှုပ်ပြီး မြေပြင်တို့ကွဲအက်သွားစေလုမတတ် သွေးချီများက အလင်းတိုင်ကြီးသဖွယ် ကောင်းကင်တို့ ထိုးတက်သွားလေသည်။
ထိုအချိန်တွင် ညမုဆိုး၏ နာမည်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သမိုင်းကျမ်းတွင် အသေအချာရေးထိုးပြီးဖြစ်လေသည်။ သူက အလယ်တောင်ထိပ်၏ သွေးသခင် တရားဝင်ဖြစ်သွားလေသည်။
အခြားတောင်ထိပ်တို့မှ ကျင့်ကြံသူများက ဒူးထောက်ဦးမညွှတ်သော်လည်း လက်ယှက်၍ ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။ ညမုဆိုးက ထိုတောင်ထိပ်များ၏ သွေးသခင်မဟုတ်သော်ငြား သူက သွေးသခင်တစ်ပါးဖြစ်ပြီး ထိုလေးစားဖွယ်ပုံရိပ်က ဂိုဏ်းရှိ တစ်ဦးတစ်ယောက်မှ မစော်ကားရဲသည့် အကြီးအကဲတစ်ပါးလည်း ဖြစ်သည်။
ပိုင်ရှောင်ချန်းက အရိုအသေပေးနေသည့်ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်ပြီး ရင်ထဲမှာ မရေမတွက်နိုင်သော အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် သက်ပြင်းအခါတစ်ထောင်ခန့်ချနေလေသည်။
အလယ်တောင်ထိပ်သွေးသခင်ဘုံကျောင်းတွင် လူမရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော် ယနေ့မှ စ၍ ၄င်းကို ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူဟု အခေါ်ခံရတော့မည်။ သူ၏ ဖိတ်ခေါ်ချက်မပါပဲ မည်သူမျှ အထဲသို့ ခြေတစ်လှမ်းပင် မချနိုင်ပေ။
မဟာအကြီးအကဲစုန့်ကျင်းဝမ်ပင် ထိုသို့ မလုပ်နိုင်ချေ။
အခမ်းအနားက တစ်နေကုန်ပင်ကြာမြင့်လေသည်။ ပြီးဆုံးခါနီးတွင် အခြား တောင်သုံးလုံးမှာ သွေးသခင်များနှင့် မဟာအကြီးအကဲများက လာရောက် အရိုအသေပြုကြပြီးနောက် စားပွဲ သောက်ပွဲကြီးကို သွေးသခင်ဘုံကျောင်းထဲ၌ ခြိမ့်ခြိမ့်သဲ ကျင်းပလေသည်။
အကုန်လုံးက ပျော်ရွှင်ရယ်မောနေကြကာ မည်သူမျှ ညမုဆိုးက ထိုနေရာနှင့် မအပ်စပ်ကြောင်း အတွန့်မတက်ကြချေ။ စုန့်ကျင်းဝမ်က သူနှင့် နီးကပ်ရန်အလို့ငှာ ဘေးတွင်ကပ်ထိုင်လျက်ရှိပြီး တစ်ချက်တစ်ချက်သူမက သူ့ကို လှမ်းကြည့်လိုက်လျှင် အမျိုးအမည်မသိသော ခံစားချက်များကို သူမမျက်လုံးထဲတွင် မြင်ရသော်လည်း ထိုမျက်လုံးဝိုင်းဝိုင်းလေးများက အရည်လဲ့ကာ ရွှန်းရွှန်းတောက်နေလေသည်။
ပွဲတစ်ခုလုံးတွင် ပိုင်ရှောင်ချန်းက ရွှယ်မေ့သော်လည်းကောင်း၊ ခေါင်းဆောင်ကြီး အတုမဲ့ကိုလည်းကောင်း တစ်ခါမျှ မမြင်ခဲ့ချေ။ စားသောက်ပွဲကြီး ပြီးဆုံးသွားသောအခါ ဧည့်သည်များ ပြန်ကုန်ကြ၏။ ပိုင်ရှောင်ချန်းတစ်ယောက်တည်း သွေးသခင်ဘုံကျောင်းတွင် ထိုင်ပြီး စွမ်းအားကို ခံစားလျက် ပျော်ရွှင်ကာ အဝေးကို ကြည့်နေလေသည်။
“အလယ်တောင်ထိပ်က လူတိုင်းရဲ့ ဘဝတွေက ငါ့လက်ထဲမှာပဲ” သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ အနောက်ဖက်သို့ တဖြည်းဖြည်း နစ်မြှုပ်သွားသော နေမင်းကြီးကို ကြည့်ပြီး အလယ်တောင်ထိပ်မှ ထုတ်လွှတ်နေသည့် အခိုးအငွေ့တို့ကို အာရုံခံလိုက်ကာ အတိတ်မှ အကြောင်းအရာများက သူ့စိတ်ထဲတွင် ပေါ်လာလေသည်။
ထိုအရာက သွေးသခင်တစ်ပါး၏ အနှိုင်းမဲ့ စွမ်းရည်ဖြစ်သည်။ထို့အပြင် သူ့စွမ်းအားများက အလယ်တောင်ထိပ်မှာသာ မဟုတ်ချေ။ အကယ်၍ လိုအပ်လျှင် တခြားတောင်များပေါ်ရှိ လူများကို ဖိနှိပ် နှိပ်ရန်အတွက် ထိုတောင်များရှိသွေးသခင်များထံ ဝင်ရောက်စွက်ဖက်နိုင်လေသည်။
“တုလင်ဖေးက ငါ့ကို မတွေ့ချင်ဘူးပဲ” သူက ခပ်တိုးတိုးညည်းလိုက်သည်။
” ဒါမယ့်….ငါ့မေးခွန်းအတွက် အဖြေက ငါ့မှာ ရှိပြီးသားပဲ” သူကခေါင်းခါလိုက်၏။ သူက သွေးသခင်အဖြစ် တရားဝင်သတ်မှတ်ခံရပြီးသည့် အချက်မှာ သူ့သရုပ်မှန်က မည်သူမည်ဝါဖြစ်ကြောင်း မည်သူမှမသိသေးကြောင်း ညွှန်ပြနေသည်။
ထိုအချက်က အတော်ရှင်းသဖြင့် ပိုင်ရှောင်ချန်း စိတ်သက်သာရာရသွား၏။
“လူတိုင်းက သူတို့သဘောကျ ရွေးခွင့်ရှိတာပဲ..။ ဒါက မင်းရဲ့ရွေးချယ်မှုပဲလို့ ငါထင်ပါတယ်”
အနည်းငယ်ထပ်တွေးပြီးနောက် သူအနားယူရန် ဆုံးဖြတ်လိုက်လေသည်။
ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လိုအပ်သည်ထပ်ပို၍ ဆက်မနေချင်တော့ပေ။ သူ၏ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သို့မဟုတ် စစ်မကြာခင်ဖြစ်တော့မည်ဖြစ်သောကြောင့် တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်ပြီဖြစ်သည်။
” နှုတ်ဆက်ရတော့မယ့် အချိန်တောင်ရောက်တော့မယ်…” သူက သက်ပြင်းချလိုက်ပြီး စုန့်ကျင်းဝမ်၏အင်မော်တယ်ဂူရှိရာ တောင်သို့ ငုံ့ကြည့်လိုက်သည်။
သွေးသခင်တစ်ပါးအနေဖြင့် စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူထဲသို့ စိတ်တိုင်းကျ ဝင်ထွက်နိုင်သည်။ သူက အကာအကွယ်မန္တန်များနှင့် ဂူအပြင်ဘက်ရှိအစောင့်များကို လက်ကလေးမှောက်သည့်အလား ခပ်လွယ်လွယ်ပင် ရှင်းပစ်နိုင်သည်။
သို့သော်လည်း သူက ထိုအလုပ်ကို ပေါ့တီးပေါ့ပျက်မလုပ်ချင်ပေ။ အဆုံးတွင် သူ၏ သွေးသခင်လုပ်ပိုင်ခွင့် ကို အသုံးချကာ စုန့်ကျင်းဝမ်ကို အထူးတာဝန်တစ်ခု ပေးအပ်လိုက်၏။
သူမက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း လျှို့ဝှက်အမွေနယ်မြေ တစ်ခုသို့ စေလွှတ်ခံရမည်ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထိုနယ်မြေမှာ သွေးသခင်များအတွက် အခြေခိုင်မာခြင်းအဆင့်၏မဟာစက်ဝန်းသို့ရောက်လျှင် အမြုတေအဆင့်ရောက်ရန် သွားရသည့်နေရာဖြစ်သည်။ စုန့်ကျင်းဝမ်အတွက်မူ သူမက အမြုတေအဆင့်သို့ ရောက်ရှိလုဆဲဆဲ ဖြစ်သဖြင့် ထိုနယ်မြေကို ဝင်ခွင့်ရခြင်းသည် မယုံကြည်နိုင်ဖွယ် အကျိုးအမြတ်ပင်။
သာမန်အားဖြင့် ၄င်းမှာ သွေးသခင်များသာ ဝင်ရောက်နိုင်သည့် နေရာတစ်ခုဖြစ်သည်။ ခေါင်းဆောင်ကြီးများပင်လျှင် အခြားသူများဝင်ရန်အတွက် အလွယ်တကူ မစီစဥ်ပေးနိုင်ချေ။ သွေးသခင်များကိုယ်တိုင်သာ ထိုအခွင့်အရေးကို အခြားသူတစ်ယောက်ကို လွှဲပြောင်းနိုင်လေသည်။
စုန့်ကျင်းဝမ်က ထိုစီစဥ်ချက်ကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းကို တလက်လက်တောက်ပနေသော မျက်ဝန်းရွဲကြီးများဖြင့်ကြည့်လိုက်သည်။ ထိုအပြုအမူက သူမ၏နှလုံးသားထဲရှိ သံသယမြူမှုန်များကို ပျောက်ကင်းသွားစေလေသည်။ ပိုင်ရှောင်ချန်းမှာ သူမ၏အကြည့်ကို မတောင့်ခံနိုင်သဖြင့် သူမ၏ မာယာနည်းလမ်းတို့ကို စိတ်ထဲ ကျိန်ဆဲနေလေသည်။
ဤသို့ဖြင့် စုန့်ကျင်းဝမ်ကို ကိုင်တွယ်ပြီးနောက် သူက သူမ၏အင်မော်တယ်ဂူအစောင့်များအတွက်လည်း အလုပ်တစ်ခုစီစဥ်လိုက်သည်။ အကျိုးဆက်နေဖြင့် ရှားပါးသော အခြေအနေအဖြစ် စုန့်ကျင်းဝမ်၏အင်မော်တယ်ဂူမှာ လုံးဝစောင့်ရှောက်သူ ကင်းမဲ့သွားလေသည်။
၄င်းက ဂိုဏ်းအတွက် သတိပြုစရာမဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မည်သူမှ မဟာအကြီးအကဲတစ်ယောက်၏ အင်မော်တယ်ဂူထဲ ခိုးမဝင်ရဲကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ထိုကိစ္စမျိုးလုပ်ပါလည်း ဘာအကျိုးမှရှိမည်မဟုတ်ချေ။
အကွက်ကျကျ သေချာပြင်ဆင်ပြီးနောက် ပိုင်ရှောင်ချန်းက သွေးသခင်ဘုံကျောင်းမှထွက်လာပြီး အလယ်တောင်ထိပ်၏ လမ်းများအတိုင်း လမ်းလျှောက်လာသည်။ အပေါ်ရှိ မိုးကောင်းကင်မှာ လိမ္မော်ရောင်ရင့်ရင့်ယှက်သန်းနေပြီး လေပြေ၊လေညင်းတို့က သူ့ပါးကို ရိုက်ခတ်သွားသည်။ စုန့်ကျင်းဝမ်၏ ဂူအနားသို့ ပိုင်ရှောင်ချန်းကတဖြေးဖြေးချဥ်းကပ်လာသည်ကို မည်သူမှ မမြင်လိုက်ကြချေ။
သွေးရေကန်ကို ဖြတ်ပြီးနောက် သူက တံခါးရှေ့သို့ရောက်သွား၏။ ရှေ့တိုးပြီး တံခါးမျက်နှာပြင်ပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။ ယခု သူက အလယ်တောင်ထိပ်၏ မန္တန်အစီအရင်ဟူသမျှကို ထိန်းချုပ်နိုင်နေပြီဖြစ်သောကြောင့် အနည်းငယ်တွန်းလိုက်ရုံဖြင့် ထိုတံခါးက တိတ်တဆိတ်ပွင့်သွားလေသည်။
တံခါးပွင့်သွားသည်နှင့် သူ့နှလုံးမှာ တဒိန်းဒိန်းခုန်နေပြီး သူ၏ မျက်လုံးတွင် မျှော်လင့်ချက်ရောင်ခြည်များတလက်လက်ထနေ၏။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အချိန်အတော်ကြာနေခဲ့ပြီး သူရောက်ရှိသည့်အချိန်မှစ၍ မည်သူမှ သူ့လက်ရှိအခြေအနေဖြစ်သည့် ထာဝရတည်မြဲခြင်းအမွေအနှစ်ကိုရရန် အရာအားလုံးလုပ်ခဲ့သည်ကို မရိပ်စားမိကြပေ။
ယခုအခိုက်အတန့်တွင် သူ၏ ပန်းတိုင်မှာ လက်တကမ်းသာ လိုတော့သည်။
” ထာဝရတည်မြဲခြင်းအမွေအနှစ်ဆိုတာက ဘယ်လိုမျိုးပါလိမ့်” အသက်ဝဝရှိုက်လိုက်ပြီးသူက စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူထဲသို့ ဣန္နြေမပျက်ဝင်သွား၏။ ထိုနေရာနှင့် ရင်းနှီးနေသောကြောင့် စုန့်ကျင်းဝမ်၏ အိပ်ခန်းတည်ရှိသည့် ဂူအတွင်းပိုင်းသို့ မြန်မြန် လျှောက်သွားလေသည်။
သူက ဘေးပတ်လည်တွင် အလှဆင်ထားသည်ကို မြင်ရသောအခါ မိန်းမပျိုတစ်ဦး၏အခန်းမှန်း တပ်အပ်သိလိုက်၏။ သူက အကျင့်မကောင်းသူတစ်ယောက်ကဲ့သို့ ပြုမူနေသည်ဟု ခံစားလိုက်ရသဖြင့် အရှက်ပြေလည်ချောင်းရှင်းလိုက်လေသည်။
သူ့ကိုယ်သူ စိတ်တည်ငြိမ်စေလိူက်ပြီး မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်ပြီးနောက် လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ သွေးချီတို့မှာ ဓားတစ်ချောင်းပုံဖြစ်သွားသည်။ ထို့နောက် ထိုဓားကို မြေပြင်သို့ ထိုးစိုက်ချလိုက်လေသည်။
သူက အပေါက်ကြီးတစ်ခုဖြစ်သည်အထိ တူးဖော်လိုက်ရာ သတ္တုနှင့်လုပ်ထားသည့်အရာတစ်ခုကို ထိတွေ့မိသွားသည်။ ထိုမာကြောသောအရာနှင့် သွေးဓားတိုက်မိသွားသောအခါ ချီများ လွင့်ပျောက်သွား၏။
သူက ထိုပစ္စည်းကို ပုံမှန်အတိုင်း ကြည့်နိုင်စေကာမူ ၄င်းကိုနတ်ဘုရားစွမ်းရည်ဖြင့် လုံးလုံး မမြင်ရချေ။
“အီးးး” အပေါက်၏ အောက်ခြေထိ ဆင်းလိုက်သောအခါ အမည်းရောင်သံပြားပမာ တစ်စုံ တစ်ခုပေါ်တွင် ရပ်နေမိကြောင်း ခံစားလိုက်ရလေသည်။
” ဒီနေရာပဲ ” ဆက်သွားလိုက်ပြီး သူက သံပြားကို ပွတ်တိုက်လိုက်သည်တွင် အအေးလှိုင်းတစ်ခုက သူ၏အရိုးထဲထိ ဖောက်ထွင်းသွားလေသည်။ ထို အေးစိမ့်လာသောဝေဒနာကို ဖယ်ရှားရန် နည်းမျိုးစုံသုံးပြီးနောက် ထာဝရ အသက်ရှည်နည်းပညာရပ်ကို ဖော်ထုတ်ကာ ပျောက်သွားစေလိုက်သည်။
နောက်ထပ်တစ်ကြိမ် သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သွေးချီများဖြင့် ဓားတစ်ချောင်းဖြစ်သွားစေလိုက်သည်။ ထိုဓားဖြင့် သံပြား၏ အစွန်းတလျှောက်ခုတ်ဖြတ်ပစ်လိုက်သည်။ တဖြည်းဖြည်းနှင့် နောက်ထပ်သတ္တုများ ပေါ်လာပြန်လေသည်။
ထို့ပြင် မှော်သင်္ကေတတစ်ခုက ထင်လာ၏။ ၄င်းက လွန်စွာ ရှုပ်ထွေးပြီး များစွာတန်ဆာဆင်ထားသဖြင့် ပိုင်ရှောင်ချန်းဖတ်မရချေ။ သို့သော်လည်း သင်္ကေတ၏အလယ်ကျကျတွင် ဆေးလုံးတစ်လုံးပံုစံ အခွက်တစ်ခုပါ၏။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဖော်ခဲ့သည့် ဆေးလုံးကို မထည့်သေးဘဲ သူက သံပြားကို ထပ်မံ လေ့လာလိုက်သည်။ ရုတ်တရက် သူ ပါးစပ်အဟောင်းသားဖြစ်သွား၏။
“ဒီနေရာက သွေးဘိုးဘေးကြီးရဲ့လက်ခလယ်ဖြစ်တဲ့ အလယ်တောင်ထိပ်ပဲ။ ဒီသံပြားက သွေးဘိုးဘေးကြီးရဲ့ လက်ချောင်းပေါ်က လက်စွပ်များဖြစ်နေမလား… သွေးဘိုးဘေးကြီးပိုင်တဲ့ လက်စွပ် ”
ထိုသို့ပြောပြီး သူအမွေအနှစ်ကို လက်ခံခဲ့ချိန်က အဖြစ်အပျက်များနှင့် သွေးဘိုးဘေးကြီးဖြစ်လာခြင်းတို့ကို ပြန်တွေးကြည့်လိုက်သည်။ ထိုအကြောင်းတွေးပြီးသည်နှင့် သူက လက်ခလယ်ပေါ်၌ လက်စွပ်တကယ်ရှိကြောင်း သေချာသွားလေသည်။
“မှော်ပစ္စည်းအိတ်တွေ အများကြီးပဲ. မဟုတ်မှလွဲရော ဒီလက်စွပ်က…သိုလှောင်လက်စွပ်များလားဟ”
အနည်းငယ်ထပ်မံတွေးတောပြီးနောက် သူက သူ၏ အိတ်ကို ပုတ်လိုက်ပြီး ဆေးလုံးကို ဖော်ထုတ်လိုက်သည်။ ထို့နောက် အသေအချာ ဂရုစိုက်၍ မှော်သင်္ကေတထဲရှိ အခွက်လေးသို့ ထည့်လိုက်သည်။
၄င်းက နေရာတကျ အံခွင်ဝင်ကျဖြစ်သွားသည်နှင့် အရည်ပျော်သွားပြီး မှော်သင်္ကေတက လင်းသွားကာ မျက်စိကျိန်းလုမတတ် အလင်းများဖြာထွက်လာ၏။ ထိုအလင်းများကြောင့် အင်မော်တယ်ဂူအတွင်း လင်းထိန်သွားရာ အတန်ငယ်ဝေးကွာသောနေရာမှပင် အရာအားလုံးကို မြင်နေရလိမ့်မည်။
ပိုင်ရှောင်ချန်းသည်
နောက်ဆုတ်လိုက်ပြီး မှော်သင်္ကေတကို ကြည့်ကာ သူ့နှလုံးခုန်နှုန်း မြန်လာသည်။ ချက်ချင်းပင် အလင်းမှာ ပျောက်ကွယ်စ ပြုလာပြီး အက်ကွဲသံများကြားလိုက်ရသည်။ ပိုင်ရှောင်ချန်းသည် မှော်သင်္ကေတက ပိတ်လှောင် ထားခြင်းကိုဖြိုခွဲ၍ ပုံစံပြောင်းသွားသည်ကို ကြည့်နေမိသည်။ များမကြာမီ ၄င်းက တံခါးပုံစံ ပြောင်းသွားလေသည်။
ပိုင်ရှောင်ချန်းက ထိုတံခါးကို အချိန်အတော်ကြာ ရပ်ကြည့်ပြီးနောက် အံကြိတ်လိုက်လေသည်။
” ဒီထိတောင် ရောက်လာခဲ့ပြီပဲ.. အခုမှတော့ ရပ်မနေတော့ဘူး … ထာဝရတည်မြဲခြင်းအမွေအနှစ်က ဘာလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ” အသက်ပြင်းပြင်းရှုလျက် သူက တံခါးတွင်း ခြေလှမ်းလိုက်ကာ ပျောက်ကွယ်သွား၏။
သူပြန်ပေါ်လာသောအခါ မှုန်ဝါးဝါးအမှောင်ထု လွှမ်းခြုံထားသည့် အခြားနေရာတစ်ခုသို့ ရောက်နေလေသည်။ သူရောက်နေသည့်နေရာက မည်မျှကြီးမားကြောင်း သေချာ မသိသော်လည်း သူရှေ့တည့်တည့်တွင် မြင်လိုက်ရသည်ကတော့ လက်ဖဝါးအရွယ်လိပ်ခွံတစ်ခုပင်။
လိပ်ခွံပေါ်တွင် ရွှေရောင်သစ်ရွက်တစ်ရွက်ရှိသည်။
၄င်းပစ္စည်းနှစ်မျိုးအပြင် မည်သည့်အရာမှ မတွေ့ရချေ။