ပိုင်ရှောင်ချန်း၏ပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့်တစ်ပြိုင်နက် စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးက အေးစက်စက်နှာမှုတ်ပြီး နားကွဲလုမတတ် မိုးခြိမ်းသံကြီးဖြင့် ပြောလိုက်သည်။
” မင်း အပြစ်ကို ဝန်ခံစမ်း…ညမုဆိုး”
ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာတုန်ယင်နေကာ ခေါင်းဆောင်ကြီး၏တင်းမာခက်ထန်သောလေသံကြောင့် သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားလေသည်။ ခေါင်းဆောင်ကြီး၏ အမျက်ဒေါသက လှိုင်းထန်နေသော ပင်လယ်ပြင်တွင် လူးလှိမ့်နေသည့် အကြမ်းထည်လှေငယ်လေးသဖွယ် အချိန်မရွေး မှောက်သွားနိုင်သည့်ပမာ သူ ခံစားလိုက်ရသည်။
သူက တောင့်မခံနိုင်တော့သဖြင့် ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအခြေခံကို ကမောက်ကမဖြစ်သွားစေန်အတွက် သူ၏ စွမ်းအားသစ်များကို သုံးရန်ပင်ကြံစည်လိုက်၏။ သို့သော်လည်း စုန့်ကျင်းဝမ်၏စကားများကို သူ့နားတွင် ပြန်ကြားယောင်လာသည်။ သူမပြောသည်က မှန်ကြောင်း သူက မသေချာပါသော်လည်း သူတို့ နှစ်ကိုယ်ကြား ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို တွေးဆလိုက်ပြီးနောက်တွင် သူဆုံးဖြတ်လိုက်သည်။ ဖိအားကြောင့် နောက်ဆုတ်ကာ ခေါင်းမော့အံကြိတ်ပြီး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် အကြည့်ချင်းဆုံလိုက်သည်။
“ညမုဆိုးက ဘာအပြစ်ကျူးလွန်ခဲ့မိလို့လဲ” သူက အေးစက်စက်ပြောလိုက်ပြီး တဖြည်းဖြည်း သွေးချီများထွက်ပေါ်လာကာ သံမဏိသွေးကြောများပင် ထောင်လာ၏။
“အလယ်တောင်ထိပ်ရဲ့ သွေးသခင်နေရာက စုန့်ကျင်းဝမ်နဲ့ ရွှယ်မေ့ .. သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ပဲ သက်ဆိုင်တာ” စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
” ဘယ်လိုကိစ္စပဲရှိခဲ့.. သွေးသခင်ဘွဲ့ကို ရတဲ့သူမှန်သမျှ ပြန်အပ်တာကလွဲလို့ ရွေးချယ်စရာမရှိဘူး။ မင်းနဲ့မတန်တဲ့ အဆင့်ကို ရသွားတာလေ..။ အဲ့တော့.. ငါ ဒီဘွဲ့ကို ပြန်သိမ်းမှာကို မင်း နာခံရမယ်”
“ကျုပ်.. ညမုဆိုးက.. ဂိုဏ်းအပေါ်ကို သစ္စာစောင့်သိ ရိုသေတယ်..။ ကျုပ်က သွေးသခင်ဘွဲ့နဲ့ မတန်ဘူးဆိုရင်လဲ…မတန်ဘူးပေါ့…။ ..ခင်ဗျားက ပြန်ယူချင်တယ်တဲ့လား.. ။ ကောင်းပြီလေ… ကျုပ် ခင်ဗျားကိုမတားဘူး… နာလဲ မခံနိုင်ဘူးဗျ” ပိုင်ရှောင်ချန်းက ကြောက်ဒူးတုန်နေသော်လည်း အရိပ်ပြအကောင်မြင်လေသည်။ အကယ်၍ ခေါင်းဆောင်ကြီးသာ သူ့ထံမှ သွေးသခင်ဘွဲ့ကို သိမ်းချင်ပါက စကားအများကြီးပြောကာ အချိန်ကုန်ခံနေစရာ မလိုချေ။ခေါင်းဆောင်ကြီးက သူ့ကို ခပ်လွယ်လွယ်ပင် သတ်နိုင်လေသည်။
သို့သော် စကားများနေခြင်းးက စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ထံမှ သွေးသခင်ဘွဲ့ကို တကယ်မဖယ်ရှားချင်ကြောင်း ညွှန်ပြနေလေသည်။ လက်တွေ့တွင် ထိုကဲ့သို့သော ဘွဲ့ထူးဂုဏ်ထူးမျိုးက ပေးလိုက်ယူလိုက် လုပ်ချင်သလို လုပ်မရချေ။နောက်သွေးသခင်ပေါ်ပေါက်ရန်အတွက် ပိုင်ရှောင်ချန်းက အရင်သေဆုံးရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်အချိန်ကာလတစ်ခုရှိလေသည်။
ထို့ကြောင့် အလယ်တောင်ထိပ်တွင် သွေးသခင်က နှစ်ပေါင်းအတော်ကြာ ကင်းမဲ့နေခြင်းဖြစ်သည်။
ထိုကဲ့သို့သောအတွေးများကြောင့် ပိုင်ရှောင်ချန်းက တည်ကြည်သော မျက်နှာဖြင့် နေရာတွင် ရပ်နေလေသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီး အေးစက်စက် ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။
” အဲ့ကလေးမ ကျင်းဝမ်က ငါ့အကြောင်းတော်တော်သိတာပဲ..မင်းကို တစ်ခုနှစ်ခုလောက် သင်ပေးလိုက်တယ်မလား ”
ပိုင်ရှောင်ချန်းက မျက်တောင်ခတ်လိုက်သော်လည်း စကားတစ်ခွန်းမဟချေ။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ၏အင်္ကျီလက်ကို ဆတ်ခနဲ ခါလိုက်ပြီး ကျောက်ဖျာပေါ်မှ မြောက်ကြွလာသည်။ ” ညမုဆိုး… ငါ့ကို မင်းရဲ့ မွေးစားဖခင်အဖြစ် လက်ခံပေးချင်လား…”
သူက ခပ်အေးအေးပင်ပြောလိုက်စေကာမူ ထိုအသံမှာ ကျယ်လောင်လှသဖြင့် အင်မော်တယ်ဂူမှာ ပေါက်ကွဲတော့မတတ်ပင်ဖြစ်သွားလေသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ စကားလုံးများကြောင့် ပိုင်ရှောင်ချန်းမှာ လုံးဝ တုန်လှုပ်သွား၏။ သူတို့၏ အသက်မှာ အလွန်ကွာခြားသော်လည်း ခေါင်းဆောင်ကြီးက သူ့အပေါ် အကြင်နာတရားထားကာ အလွန် အရေးပါသည့်လူတစ်ယောက် သဖွယ် သတ်မှတ်ထားကြောင်း ပြောနိုင်လေသည်။
သူ၏ နှလုံးအိမ်တွင် ရှုပ်ထွေးသောခံစားချက်များနှင့် မွန်းကြပ်သွားသဖြင့် တိတ်တဆိတ်ပင် နေရာ၌ ရပ်နေမိသည်။ အချိန်အတော်ကြာသွားပြီးနောက် သူက ခေါင်းဆောင်ကြီး၏မျက်လုံးတွေကို တည့်တည့် ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ လှိုက်လှိုက်လှဲလှဲ ခေါင်းညွှတ်လိုက်သည်။
” ညမုဆိုး..မွေးစားအဖေကို ဂါဝရပြုပါတယ်..”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ခက်ထန်သော မျက်နှာတွင် အပြုံးရေးရေးထင်သွားပြီး ထိုအပြုံးတွင် ညမုဆိုးကို သဘောကျမှုများထင်ဟပ်နေသည်။ သူ့အတွက်မူ သွေးသခင်ဖြစ်လာသည့် ပုဂ္ဂိုလ်က စွမ်းအားကြီးပြီး စုန့်မျိုးနွယ်စုနှင့် ရင်းနှီးသည့်သူ ဖြစ်သရွေ့ ထိုသွေးသခင်ကမည်သူဖြစ်ဖြစ် ကိစ္စမရှိပေ။
သွေးသခင်များက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခရာဖြစ်ပြီး တောင်ထိပ်တို့၏ခွန်အားတို့ဖြင့် ပြည့်စုံကြသည်။ လာမည့်စစ်တွင် သူတို့က တစ်ဂိုဏ်းလုံး၏ အလွန်အရေးကြီးသည့်လူများဖြစ်ကြလိမ့်မည်။
ခေါင်းဆောင်ကြီးက ညမုဆိုးလုပ်ဆောင်ချက်များကို စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူလုပ်သမျှ အရာအားလုံးက အောင်မြင်နေသောကြောင့် မသင်္ကာသော်လည်း ကျေနပ်အားရနေသည်။ သူ၏ တာအိုဆေးပညာကျွမ်းကျင်မှုကလည်း အံ့မခန်းပင်။
သူသဘောမကျသည့် တစ်ခုတည်းသောအချက်မှာတော့ ညမုဆိုး၏ ကျင့်ကြံခြင်းအခြေခံပင်။ သူက လူသားတာအိုအခြေ ခိုင်မာခြင်းအဆင့်ထဲတွင်သာ ရှိပြီး ထိုအားနည်းချက်မှာ အနာဂတ်ကျင့်စဥ်တွင် ခက်ခဲစေလိမ့်မည်ဖြစ်သည်။
” စစ်ဖြစ်ဖို့ နီးနေပြီ… တကယ်လို့.. မင်းသာ ကောင်းကောင်းတိုက်ရင် ငါ တခြားခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးပေးမယ်… ငါတို့ မိုးကောင်းကင်ကချီးမြှင့်တဲ့ အခွင့်အရေးကို ရယူပြီး မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်ကို ပြန်ပုံသွင်းလို့ရနိုင်လောက်တယ်… အဲ့လိုအရာတွေက…နေ့ချင်းညချင်း ဗြုန်းစားကြီး မပြီးနိုင်ပေမယ့်… ငါတို့.. မင်းကို လူသားတာအိုအမြုတေအဆင့်ကို တင်ပေးနိုင်တယ်..”’
“မင်းသာ အမြုတေအဆင့်ကို ရောက်သွားရင်.. သွေးအေးလူသတ်သမားဖြစ်မယ်… ။ ပြောရရင်…. မင်းဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာ… မင်းရဲ့ ကံကောင်းခြင်းနဲ့လဲ ဆိုင်တယ်.. ။ ဘာဖြစ်သွားမလဲဆိုတာ..ငါလဲ တပ်အပ်မပြောနိုင်ဘူး… အေး.. ဒါပေမယ့်..မင်းရဲ့ ကံအရဆိုရင်တော့.. မင်းလမ်းမင်းလျှောက်နိုင်မှာပါ..” ထိုသို့ပြောပြီး သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သဖြင့် လက်သီးဆုပ်အရွယ် ခရမ်းရောင်မီးအိမ်တစ်ခုက ပိုင်ရှောင်ချန်းရှေ့သို့ ပျံဝဲလာ၏။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက အသံအနည်းငယ်ပျော့သွားပြီး ပြောပြန်သည်။
” အခု မင်းက ငါ့မွေးစားသားဆိုတော့. ဒီဟာကို မင်းအန္တရာယ်ကင်းဖို့ ပေးတာ။ ဒါက ငါနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ မှော်ပစ္စည်းတစ်ခုပဲ။..သူ့ဆီကနေ.ဘယ်အရာဆို လောင်ကျွမ်းသွားစေနိုင်တဲ့.. .သွေးမီးတောက်ထုတ်လို့ရတယ်.။ ဒီပစ္စည်းက အမြုတေအအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းစွမ်းအားနဲ့ ညီတယ်..”
ပိုင်ရှောင်ချန်းက ခရမ်းရောင်မီးအိမ်ကိုကြည့်လိုက်သည်နှင့် ၄င်းမှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး အလေးအနက်တန်ဖိုးထားသည့်အရာဖြစ်ကြောင်း ပြောနိုင်လေသည်။ သူသွားရောက် ကိုင်လိုက်သောအခါ ပူနွေးသော စီးကြောင်းတစ်ခုက သူ့ထံ ဖြတ်စီးသွားကြောင်း အာရုံခံလိုက်သည်။ ထိုမီးအိမ်မှာ အလင်းဖျော့ဖျော့လေးထုတ်ပေးနေပြီး သာမန်ဖြစ်ဟန်တူသည်။ တချိန်တည်းမှာပင် ၄င်းက ပြင်းထန်သောဖိအားများထုတ်လွှတ်လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ မီးတောက်ကြီးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ထိုကဲ့သို့သော ပစ္စည်းမျိုးကို ချီးမြှင့်သည့်အချက်ကြောင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ကို သားအဖြစ် အမှန်တကယ် သဘောထားကြောင်း သိသာလှသည်။
ပိုင်ရှောင်ချန်းက ထိုလက်ဆောင်မျိုးရသဖြင့် ထခုန်မတတ် ဝမ်းမြောက်သွားပြီး ယခင်ကထက်ပင် ရောထွေးသော ခံစားချက်များဖြင့် ပြည့်သွား၏။
“ကျေးဇူးအများကြီးတင်ပါတယ်…မွေးစားအဖေ” သူက ခေါင်းညွှတ်ပြီး ညင်သာစွာပြောလိုက်လေသည်။
ထို့ကြောင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ နှစ်လိုဖွယ် ပြုံးလိုက်ပြီး ပြော၏။
” သွေးသခင်တစ်ယောက်အနေနဲ့.. မင်း နွံအိုင်တောင်ကနေ အင်မော်တယ်ဂူတစ်လုံးယူနိုင်ပြီး ကြိုက်တဲ့နေရာ သွားနိုင်လာနိုင်တယ်.. ။ ဒါ့အပြင်.. ငါ့သားအနေနဲ့.. ငါ့ဆီကို အချိန်မရွေးလာနိုင်တယ်…။ ကျင့်ကြံခြင်းအခြေခံနဲ့ ပတ်သက်ပြီး မေးစရာတွေရှိရင်လဲ… အဖြေရဖို့ ငါ့ဆီလာပြီး လွတ်လွတ်လပ်လပ်သာမေး.. ”
“ကောင်းတယ် ကောင်းတယ်… ။ သွားလို့ရပြီ.. ။ နောက်ခုနစ်ရက်အတွင်းမှာ… ကောင်းကင်အောက်က လူတိုင်းကို ညမုဆိုးက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့အလယ်တောင်ထိပ်သွေးသခင်ဖြစ်ကြောင်း ကြေညာဖို့ . ..အခမ်းအနား အကြီးအကျယ် ကျင်းပမယ်.. ”
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားလေသည်။ ယခုကဲ့သို့ စစ်ဆေးမှုကို လွယ်လွယ် အောင်သွားလိမ့်မည်ဟု မထင်ခဲ့ချေ။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး ပြောကြားခဲ့သည့် အရာများမှ ညမုဆိုးကိုမည်မျှ အရေးထားကြောင်း သိသာလေသည်။ အလယ်တောင်ထိပ်သို့ ပြန်လာပြီးနောက် သူက သူ၏ အင်မော်တယ်ဂူထဲတွင် ထိုင်က အရာအားလုံးက အိပ်မက်ဖြစ်နေသည်လားဟု အံ့အားသင့်နေလေသည်။
ကိစ္စအတော်များများ ဖြစ်ပျက်သွားခဲ့သည်။ ပထမမှာ ရွှယ်မေ့က တုလင်ဖေးအဖြစ် ပေါ်သွားခြင်းဖြစ်သည်။ ထို့နောက် သူ သွေးသခင်ဖြစ်လာ၏။ ထို့နောက် သွေးနတ်ဆိုး။ ထို့အပြင်စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မွေးစားသားအဖြစ် သတ်မှတ်သည်။ နောက်ဆုံးတွင်မူ ပိုင်ရှောင်ချန်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကသူ့ကို လွန်စွာ ကောင်းကောင်းဆက်ဆံသည်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။ သူတို့၏ ဆုံးဖြတ်ချက်အားလုံးနှင့်ပတ်သက်ပြီး အလွန်ပင် စိတ်မကောင်းဖြစ်လာတော့သည်။
သူက သက်ပြင်းချပြီး ထိုင်နေစဥ် ညရောက်သွား၏။ ရုတ်တရက် ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဝင်းလက်သွားပြီး အပေါ်မော့ကြည့်လိုက်သည်။ သူ၏ အင်မော်တယ်ဂူအပြင်တွင် တိုးသော်လည်း ကြားနိုင်ပြီး လေးစားမှုနှင့်ပြည့်နေသော အသံကို ကြားလိုက်လေသည်။
” ညမုဆိုး. ..သခင်လေး ။ ခဏလောက် တွေ့လို့ရမလား..။ ကျုပ်က နတ်ဆရာပါ”
နတ်ဆရာက အင်မော်တယ်ဂူအပြင်တွင် ရပ်နေကာ စိတ်လှုပ်ရှားလေးစားမှုဖြင့် မျက်နှာလို မျက်နှာရလုပ်နေ၏။ ညမုဆိုးမှာ သွေးသခင်ဖြစ်ကြောင်း သိသွားသည်နှင့် သူက ပို၍ ပင် တုန်လှုပ်လာသည်။ သူတို့နှစ်ဦးကြား ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို တွေးတောပြီးနောက် သူက ကျောချမ်းသွားလေသည်။
ကိစ္စများကို အချိန်ဆွဲမနေချင်သောကြောင့် သူက သုတ်တီးသုတ်ပြာပြေးလာပြီး လက်ထဲတွင် တန်ဖိုးကြီးလက်ဆောင်တစ်ခုဆုပ်ကိုင်ကာ ပိုင်ရှောင်ချန်းထံ ချက်ချင်း ဦးတည်သွားလေသည်။
သူ၏စဥ်းစားခန်းကို နတ်ဆရာက နှောင့်ယှက်လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ အတော်လေး စိတ်ကသိကအောက်ဖြစ်သွားသည်။
” ဘာလိုချင်လို့လဲ ”
သူက အေးစက်စက်ပင် ပြောလိုက်၏။ ထို စကားလုံးများကို ကြားလိုက်လျှင် နတ်ဆရာမှာ နှလုံံးခုန်ရပ်မတတ်ဖြစ်သွားပြီး သူ့ကိုယ်သူ နာနာကြည်းကြည်း ကျိန်ဆဲလိုက်သည်။ ညမုဆိုး၏ လေသံအရ သူက အကြွေးချေချင်ပုံပေါ်နေလေသည်။ နတ်ဆရာက ထိုကဲ့သို့ဖြစ်လာနိုင်ကြောင်းကို နည်းလမ်းအသွယ်သွယ်ဖြင့် တွေးပြီးပြီဖြစ်သည်။ ညမုဆိုးက သူ့ကို သွေးအကျဥ်းထောင်သို့ ပို့နိုင်သည်။ သို့မဟုတ် လာမည့်စစ်တွင် ရှေ့တန်းသို့ ပို့ပစ်နိုင်လေသည်။ သူ သေလမ်းသို့ ရောက်နိုင်သည့် နည်းလမ်းများစွာရှိလေသည်။
ညမုဆိုးက အလယ်တောင်ထိပ်၏ အကြီးအကဲဖြစ်သည်ကို တွေးလိုက်ပြီး ယခု အခြေအနေမှာ သူ့နည်းသူ့ဟန်နှင့် လွတ်ရန် မလွယ်ချေ။ သေမင်းနှုတ်ခမ်းဝမှာ ယိုင်တီးယိုင်တိုင် လျှောက်နေရသကဲ့သို့ ရင်တလှပ်လှပ်ခုန်ကာ သူက အံတင်းတင်းကြိတ်ပြီး ဒူးထောက်ချလိုက်သည်။
” သွေးသခင်ခင်ဗျား….ကျုပ် တောင်းဆိုပါတယ် ။ ခင်ဗျားလို ဂုဏ်သတင်းကျော်ကြားတဲ့ လူအတွက် ကျုပ်လိုလူယုတ်မာရဲ့ အပြစ်တွေကို ဗွေမယူပါနဲ့ ခင်ဗျာ..။ သွေးသခင်.. သက်ညှာထောက်ထားပေးပါ.။ ကျုပ်ဖြတ်ကျော်ခဲ့တဲ့.. ဒီ ရှေးဟောင်းနတ်ဘုရားစွမ်းအင်လက်ဖွဲ့အဆောင်ကို လက်ခံပေးဖို့ အနူးအညွတ်တောင်းပန်ပါတယ်… ။ ဒီဟာက ခင်ဗျားဒေါသပြေစေမယ်လို့ ထင်ပါတယ်” စွမ်းအားကြီးရတနာကို လက်လွှတ်လိုက်ရသည့် ရင်နာမှုကို မြိုသိပ်ကာ သူက အစိမ်းရောင်အဆောင်စာရွက်ကို ထုတ်လိုက်သည်။
အဆောင်မှာ ရှေးပဝေဏသီကတည်းက တည်ရှိလာခဲ့ဟန်တူသော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် ပိုင်ရှောင်ချန်းက သူ၏ ဂူထဲမှပင်လျှင် ခံစားလိုက်ရလေသည်။သူ၏ အင်မော်တယ်ဂူထဲမှ ရင်ခုန်လျက်ထွက်ပေါ်လာပြီး နတ်ဆရာ၏ ရှေ့တွင်ရပ်ကာ အဆောင်စာရွက်ကို တခဏမျှ လေ့လာလိုက်သည်။
ရှေးဟောင်းနတ်ဘုရားစွမ်းအင်လက်ဖွဲ့အဆောင်ကို ပြုလုပ်ရန် အသုံးပြခဲ့သည့်ပညာရပ်မှာ ကမ္ဘာပေါ်တွင် အချိန်အကြာကြီးပျောက်ဆုံးနေခဲ့သည်။ ၄င်းက ယာယီသာ ထောက်ပံ့ပေးစေကာမူ လူတစ်ယောက်၏ အသွေးအသားကို မယုံကြည်နိုင်ဖွယ် မြှင့်တင်ပေးပြီး ပို၍ စွမ်းအားကြီးလာစေသည်။
ပိုင်ရှောင်ချန်းအတွက်မူ ၄င်းဖြင့် မယုံကြည်နိုင်ဖွယ် အံ့မခန်း အဆင့်သို့ပင် တက်နိုင်လေသည်။
သူ၏အိတ်ထဲသို့ အဆောင်စာရွက်ကို ထည့်လျက် နတ်ဆရာကို တစ်ချက် လှမ်းကြည့်ပြီး လည်ချောင်းရှင်းလိုက်သည်။
“ကျုပ်တို့အားလုံးက ဂိုဏ်းသားရောင်ရင်း တွေပါပဲ” သူက ပြော၏။
” အခုလို လုပ်စရာမလိုပါဘူးဗျာ.. ဒီကိစ္စတွေကို မေ့နေတာဖြင့် ကြာပေါ့” ထိုသို့ပြောပြီး သူက နတ်ဆရာ၏ပခုံးကို ပုတ်လိုက်သည်။
နတ်ဆရာမှာ အလွန်တရာကြောက်ဒူးတုန်နေပြီး ဤ အခြေအနေမှ အသက်ရှင်လျက်လွတ်မြောက်နိုင်မည်လားဟုပင် တွေးနေလေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ စကားလုံးများကို ကြားလိုက်ရသည်နှင့် တချိန်တည်း နှလုံးအိမ်တွင် တင်းကြပ်မှုများ ပြေလျော့သွား၏။ သေမင်းတံခါးဝမှ မထင်မှတ်ထားဖွယ် တွန်းထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သဘောထားကြီးကြီးပင် ခွင့်လွှတ်ခြင်းခံလိုက်ရသဖြင့် ယခင်ကထက်ပင် ပို၍ကျေးဇူးတင်သွားလေသည်။
ခေါင်းငုံ့၍ အကြိမ်ကြိမ် အဖန်ဖန် အရိုအသေပြုပြီး ညမုဆိုးနောက်သို့ သေဆုံးသည်အထိ လိုက်ပါမည်ဟု ထပ်ခါ ထပ်ခါ ကျိန်ဆိုနေလေသည်။ ပိုင်ရှောင်ချန်း၏မျက်နှာ၌ အားတက်ဖွယ် အပြုံးကို တွေးရပြီးနောက် သူကပို၍ပင်ခံစားသွားရသည်။ နောက်ဆုံးတွင် သူထွက်ခွာသွား၏။
ပိုင်ရှောင်ချန်း မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး သူ၏ လက်ရှိရာထူးကို တွေးတောလိုက်ပြီးနောက် သူလုပ်ရမည့်အရာမှာ လူများကို အနည်းငယ်ကူညီပေးရုံသာဖြစ်ပြီး အကျိုးဆက်အနေနှင့် အလွန်များပြားသောအကျိုးအမြတ်များရလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။