အခန်း (၂၅၀) စွန်းဝူခုံးဇာတ်လမ်း၊ တာအိုအသိဉာဏ်ပွင့်လင်းမှု
‘ကျန်းယီ…’
‘ဒီခွေးစုတ်က ဘာလာလုပ်ပြန်ပြီလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကျန်းယီရဲ့ ကျင့်ကြံမှုကို ပုံတူကူးလိုက်ပါတယ်။ ပြီးတော့မှာပဲ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဆီ ဦးတည်လိုက်ပါတယ်။
ရွှေရောင်ဝတ်ရုံနဲ့ ကျန်းယီဟာ တရားထိုင်ပြီး ဒဏ်ရာတွေကို ကုသနေပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီရဲ့ ရောင်ဝါက မတည်မငြိမ် ဖြစ်နေတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။
‘ဓားနတ်ဧကရာဇ်ကလည်း သာမန်တော့ မဟုတ်ဘူးပဲ’
ဓားနတ်ဧကရာဇ်ကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ သက်ပြင်းသာ ချမိပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာမကြာ ဒဏ်ရာရတက်တဲ့ ဓားနတ်ဧကရာဇ်က သနားစရာကောင်းနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက ငါ့ကို ဘယ်သူများ မှတ်နေလို့ အားတိုင်းယားတိုင်း ဇာတ်လမ်း လာပြောပြခိုင်းနေရတာလဲ”
ကျန်းယီက အားပျော့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ငါ သေတော့မယ်၊ မင်းဆီက ဇာတ်လမ်းကိုကြားရမှ အသက်ရှင်မှာ၊ မြန်မြန်ပြောစမ်းပါကွာ”
ဟန်ကျွယ်ဟာ တွေးတောချင့်ချိန်လိုက်ပါတယ် ‘သူအားနည်းနေတုန်း ငါ သူ့ကို သတ်လိုက်သင့်လား၊ ဒီလိုဆိုရင် ငါ ဒီကောင် ဒုက္ခပေးတာကို မခံရတော့ဘူး’
“ဟင်း… ရှန်နန်းတော်ရဲ့ ဓားနတ်ဧကရာဇ်က အရမ်းစွမ်းတယ်၊ သူက ငါ့ထက် အင်မော်တယ်ဧကရာဇ် စောဖြစ်ပေမဲ့ ငါ့ကို အနိုင်မယူနိုင်သေးဘူး” ကျန်းယီဟာ ဘဝခိုက်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။ တကယ်လည်း ဓားနတ်ဧကရာဇ်နာမည်က လောကကို တုန်လှုပ်စေပါတယ်။
ဟန်ကျွယ်ဟာ ဘာမှတ်ချက်မှမပေးဘဲ ရယ်မောလိုက်ပါတယ် ‘ငါက အင်မော်တယ်ဧကရာဇ် မဖြစ်ဘဲနဲ့တောင် မင်းကို သတ်နိုင်နေပြီ’
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပြီး လှောင်ပြုံးပြုံးလိုက်ပါတယ် “ငါ မင်းကို ပါရမီရှင်တစ်ယောက်အကြောင်း ပြောပြမယ်’
‘ပါရမီရှင်တစ်ယောက်လား’ ကျန်းယီက ပြန်ဖြေလိုက်ပါတယ် “ပြောလေ”
ဟန်ကျွယ်ဟာ ကျန်းယီရှေ့မှာထိုင်လိုက်ပြီး ဖြည်းညင်းစွာ စပြောပါတယ် “ဒဏ္ဍာရီထဲမှာ နွီဝါက ကောင်းကင်ကို ဖာထေးခဲ့တယ်….”
ဟန်ကျွယ်ဟာ ကျန်းယီကို စွန်းဝူခုံးအကြောင်းပြောဖို့ စီစဉ်ထားတာပါ။ ဟန်ကျွယ်ဟာ သူ့စိတ်ကူးထဲက အကောင်းဆုံးအကြံဉာဏ်တွေကိုသုံးပြီး စွန်းဝူခုံးရဲ့ အရည်အချင်းနဲ့ သူရဲကောင်းဆန်မှုကို ချဲ့ကား ပြောဆိုပါတယ်။
မကြာခင်မှာပဲ ကျန်းယီဟာ စွန်းဝူခုံးကို သဘောကျသွားပါတယ်။
ဒီလိုနဲ့ ခုနစ်နာရီ ရှစ်နာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ စွန်းဝူခုံးအကြောင်းကို ပြောပြလို့ ပြီးသွားပါတယ်။
“ဒီလိုနဲ့ မာနအရမ်းကြီးတဲ့ ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင်က ဗုဒ္ဓဂိုဏ်းရဲ့ တိုက်တိုင်းအောင်ဗုဒ္ဓ ဖြစ်လာတော့တာပဲ၊ အဲဒီအချိန်ကစပြီး ချောမောပြီးအရိုင်းဆန်တဲ့ မျောက်ဘုရင်က လောကမှာ မရှိတော့ဘူး၊ ဗုဒ္ဓဂိုဏ်းက အခုဆိုရင် သစ္စာရှိ… ဟင်း”
ဟန်ကျွယ်ဟာ ဝမ်းနည်းတဲ့မျက်နှာထားနဲ့ သက်ပြင်းချလိုက်ပါတယ်။
ကျန်းယီကိုတော့ ဇာတ်လမ်းအဆုံးသတ်ကို ဘဝင်မကျပါဘူး “မင်းက ဒါကို ပါရမီရှင်လို့ ခေါ်တာလား၊ ငါသာဆိုရင် အညံခံမဲ့အစား အသေပဲခံမယ်”
“တိုက်တိုင်းဗုဒ္ဓက ဒီလိုမျိုးနောက်ခံရှိတာကိုး၊ ဒါကြောင့်လည်း တိုက်ခိုက်ရတာကကို ဒီလောက်ကြိုက်နေတာ ဖြစ်မယ်၊ လူတွေက ဘယ်လောက်ပဲစွမ်းအားကြီးကြီး စရိုက်ကိုတော့ဖျောက်လို့ရမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ သူ့ကိစ္စပြီးပြီလို့ ခံစားလိုက်ရတာကြောင့် မေးလိုက်ပါတယ် “ဘာလဲ၊ မင်းက တိုက်တိုင်းအောင်ဗုဒ္ဓကို သိလို့လား”
ကျန်းယီဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “နာမည်ကြားဖူရုံပါ”
“ဒါဆိုရင် ဘယ်သူက ပိုစွမ်းလဲ၊ မင်းက တိုက်တိုင်းအောင်ဗုဒ္ဓကိုတော့ ကျိန်းသေပေါက် အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
“မဖြစ်နိုင်တာ၊ ငါတို့တွေ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး၊ ငါတို့သာတွေ့ခဲ့ရင် သူ့ကို ဒူးထောက်တောင်းပန်ခိုင်းမယ်၊ ထန်စန်းကို သူတောင်းပန်သလိုမျိုးပေါ့”
ကျန်းယီဟာ မကျေမနပ်ဖြစ်သွားပြီး ဟန်ကျွယ်ကို ဝါးစာမတက် ကြည့်လိုက်ပါတယ် “မင်းက ငါ့အစွမ်းကို မယုံတာလား၊ တိုက်ကြမလား”
ဟန်ကျွယ်ဟာ ကျန်းယီကို စိတ်ထဲမှာ အထင်အမြင်သေးသွားပါတယ် ‘ငါတို့တိုက်ရင် မင်းရဲ့တာအိုနှလုံးသား ကွဲကြေသွားမှာပေါ့’ ဒါပေမဲ့ အပေါ်ယံမှာတော့ ဟန်ကျွယ်ဟာ ကြောက်လန့်ချင်ယောင် ဆောင်လိုက်ပြီး လက်ခါယမ်းလိုက်ပါတယ် “ငါက ဘယ်လိုလုပ်ပြီး မင်းကိုယှဉ်နိုင်မှာလဲ၊ မင်း ကိုယ့်အစွမ်းအစကို ယုံတယ်ဆိုရင် တိုက်တိုင်းအောင်ဗုဒ္ဓကို သွားစိန်ခေါ်သင့်တယ်၊ မင်း တိုက်တိုင်းအောင်ဗုဒ္ဓကို အနိုင်ယူနိုင်ရင် မင်းနားထောင်ချင်သလောက် ငါ ဇာတ်လမ်းတွေ ပြောပြမယ်”
ဟန်ကျွယ်ဟာ ကျန်းယီကို တစ်ချက်တည်း မသတ်နိုင်မချင်း သူ့အစွမ်းကို ထုတ်မပြချင်ပါဘူး။ အစွမ်းကို ထုတ်ပြပြီဆိုရင်လည်း ကျန်းယီကို သေလောက်အောင် ကြောက်သွားစေချင်တာပါ။
“ဟမ်… စောင့်ကြည့်နေလိုက်၊ ငါ့ဒဏ်ရာ ပြန်ကောင်းလာရင် တိုက်တိုင်းအောင်ဗုဒ္ဓကို စိန်ခေါ်မယ်” ကျန်းယီဟာ မပျော်မရွှင် ပြောလိုက်ပါတယ်။ ကျန်းယီဟာ ဧကရာဇ်အဆင့်ကို ရောက်ကတည်းက မာနကြီးဘဝမြင့်ပြီး သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ခံယူထားတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ဓားနတ်ဧကရာဇ်ကို အနိုင်မယူနိုင်တာကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ဟန်ကျွယ်က တိုက်တိုင်းအောင်ဗုဒ္ဓကို မိုးပေါ်မြှောက်ပင့်ပြီး ပြောလိုက်တဲ့အတွက် ကျန်းယီဟာ ဘယ်လိုမှ မခံနိုင်တော့ပါဘူး။
“တိုက်တိုင်းအောင်ဗုဒ္ဓက ဒီနှစ်ထဲ ကောင်းကင်ရုံးတော်ကို ရောက်နေတယ်လို့ ငါကြားတယ်၊ မင်းက ပရိယာယ်သုံးတာဆိုပေမဲ့ မင်းမှားကြောင်း ငါ သက်သေပြပေးမယ်” ကျန်းယီဟာ နှာခေါင်းရှုံ့လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဒဏ်ရာတွေကို ဆက်ကုသပါတယ်။
ကျန်းယီဟာ ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်ကို ခန်းမှန်းမိပေမဲ့ ဂရုမစိုက်ပါဘူး။ သူ့အတွက် အရေးကြီးဆုံးက ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး ပြိုင်ဘက်ကင်းဖြစ်ဖို့ပါပဲ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကျန်းယီနဲ့ တိုက်ခိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျန်းယီကို သတ်လိုက်နိုင်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီရလဒ်ကို မကျေနပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်အရမ်းကြာလွန်းလို့ပါပဲ။
ကျန်းယီကလည်း တိုးတက်လာတာဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အလျင်လိုသလို ခံစားလိုက်ရပါတယ် ‘ငါက တဖြည်းဖြည်း စွမ်းအားကြီးလာသလို ကျန်တဲ့သူတွေကလည်း တဖြည်းဖြည်း စွမ်းအားကြီးလာကြတာပဲ၊ ငါ လျှော့တွက်လို့မဖြစ်ဘူး’
ဟန်ကျွယ်ဟာ တစ်ခြားသူတွေထက် ပိုတိုးတက်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အမြဲတမ်း အန္တရာယ်ကင်းမှာပါ။
ငါးနှစ်ကြာတဲ့အခါမှာတော့ ကျန်းယီ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီနဲ့ တိုက်တိုင်းအောင်ဗုဒ္ဓကြားက တိုက်ပွဲကို စောင့်မျှော်လာပါတယ်။ ဒါပေမဲ့လည်း ဘာတွေပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု မဖျက်ပါဘူး။ တရစပ်မရပ်မနား ဆက်ကျင့်ကြံတဲ့အတွက် အခုဆိုရင် ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ သူ့ခန္ဓာကိုယ်ထဲက ကြယ်တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ဖြည့်ပြီးသား ဖြစ်သွားပါပြီ။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘီလီယံချီတဲ့ကြယ်တွေကို ဝိညာဉ်စွမ်းအားနဲ့ ဖြည့်လို့ ပြီးသွားပါတယ်။ အဲဒီအခါမှာ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားက ပြင်းထန်စွာ တုန်လှုပ်သွားတာကြောင့် အကျဉ်းကျနေတဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ကြောက်လန့်ပြီး ထအော်ပါတော့တယ်။
“တိတ်စမ်း၊ ငါ မင်းကို သတ်မလို့ မဟုတ်ဘူး”
ဟန်ကျွယ်အသံက ပဲ့တင်ထပ်သွားတာကြောင့် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့လောကဦး ကြယ်တာရာခန္ဓာကိုယ်ကို ဆက်ပြီးတော့ အာရုံခံပါတယ်။ ကြယ်တွေအကုန်လုံးက ဝိညာဉ်စွမ်းအားတွေဟာ သက်ဝင်လှုပ်ရှားလာတာကြောင့် ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာပါတယ်။
ဒီအဖြစ်ကြောင့် ဝူတောက်ကျန့်ဟာ ထိတ်လန့်သွားပါတယ် “ဒါက…” ဝူတောက်ကျန့်ဟာ အံအားသင့်သွားပြီး အရင်တုန်းကခံစားခဲ့ရဲ့ ဖိအားကို ပြန်ခံစားလိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ အရင်ကထက် အများကြီး ပိုအားကောင်းလာပါတယ်။ ဒါကြောင့် ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ချက်ချင်းထွက်ပြေးပါတယ်။
ဟန်ကျွယ်ဟာ အသိဉာဏ်ပွင့်လင်းတဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။
ဟန်ကျွယ်ရဲ့သိစိတ်ဟာ သူ့ခန္ဓာကိုယ်ထဲကို ကြယ်တွေကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ဖြတ်သန်းပြီး ခရီးနှင်ပါတယ်။ ဒီကြယ်တွေပေါ်မှာ သက်ရှိတွေ မရှိတာကြောင့် ဝိညာဉ်စွမ်းအားကနေ ဖြစ်ပေါ်လာတာ မုန်တိုင်းတွေပဲ ရှိပါတယ်။ ဒီမုန်းတိုင်းတွေက ကြီးမားကျယ်ပြန့်လွန်းပြီး ကမ္ဘာအဆုံးသတ်လိုပါပဲ။
ဟန်ကျွယ်သိစိတ်က ကြယ်တွေကို ဖြတ်သန်းသွားတဲ့အခါမှာတော့ ဝိညာဉ်စွမ်းအားက အချင်းချင်း ချိတ်ဆက်ပြီး မျဉ်းကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ အဝေးတစ်နေရာကနေ ကြည့်မယ်ဆိုရင် ဒီကြယ်မျဉ်းကြောင်းတွေက အလွန်တရာသိမ်မွေ့နက်နဲတဲ့ ပန်းချီကားတစ်ချပ်ကို ပုံဖော်နေတာ မြင်တွေ့နိုင်ပါတယ်။ ဒီပန်းချီးကားချပ်ကာ စစ်မြေပြင်လိုလို တောတောင်ပုံရိပ်လိုလို မြစ်ချောင်းပင်လယ် သမုဒ္ဒရာလိုလိုနဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ ပန်းချီကားတစ်ချပ်ပါ။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကြယ်တွေကြားထဲမှာ နှစ်နှစ်ကာကာ ခရီးနှင်နေတုန်း မဟာတာအိုအသံကို ကြားလိုက်ရပါတယ်။ ပညာရှိတစ်ဦးရဲ့ တာအိုဟောကြားမှုကို နားထောင်ရသလိုမျိုး ဟန်ကျွယ်ရဲ့ သိမြင်နားလည်စိတ်ဟာ တဟုန်ထိုး တိုးတက်သွားပါတယ်။
ဒီလိုနဲ့ အချိန်တစ်ခု ကုန်ဆုံးသွားပါတယ်။ နှစ်တစ်ရာဖြစ်နိုင်သလို တစ်စက္ကန့်လည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသိဉာဏ်ပွင့်လင်းရာကနေ နိုးထလာတဲ့အခါမှာတော့ သက်တမ်းတစ်ခုကို ဖြတ်သန်းခဲ့ရသလိုမျိုး ခံစားလိုက်ရပါတယ်။
[တာအိုအသိဉာဏ် ပွင့်လင်းမှုအတွက် ဂုဏ်ယူပါသည်။ စနစ် စတင် အဆင့်မြှင့်တင်နေပါပြီ။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီစာကြောင်းကို ဂရုမစိုက်ဘဲ လောကဦး ကြယ်တာရာခန္ဓာကိုယ်ကြောင့် ရရှိလာတဲ့ တာအိုအသိဉာဏ်ပွင့်လင်းမှုကို ဆက်သုံးသပ်ပါတယ်။
‘ကြယ်ဆိုတာဘာလဲ’
‘ကြယ်ဆိုတာ အရာအားလုံးပဲ၊ ကြယ်ထဲမှာ အရာအားလုံး ပါဝင်တယ်’
‘ကမ္ဘာကလည်း ကြယ်တစ်စင်းပဲ၊ ကြယ်တွေစုဝေးနေတဲ့ ကြယ်ပင်လယ်က ကောင်းကင်တာအိုပဲ’
‘မဟာတာအိုလည်း အတူတူပဲ’
ဟန်ကျွယ်ရဲ့သိစိတ်ဟာ အလွန်တရာကျယ်ပြန့်ပြီး မှောင်မိုက်တဲ့ကမ္ဘာတစ်ခု ပဋိပက္ခအစလိုမျိုး နေရာတစ်ခုကို ထပ်ရောက်လာပါတယ်။ ဟန်ကျွယ်ရဲ့ရှေ့က ထူထပ်သိပ်သည်းလှတဲ့ မြူခိုးတွေကြားထဲမှာ အလွန်ကြီးမားတဲ့တံခါးတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီတံခါးဟာ မေယုတောင်လို အလွန်တရာကြီးမားလှပြီး အလွန်တရာလည်း မြင့်မားလှပါတယ်။
ဒီတံခါးမှာ လျှိုဝှက်ဆန်းကြယ်ပြီး နားလည်ရခက်တဲ့ သင်္ကေတတွေ ထွင်းထုထားပါတယ်။ ဟန်ကျွယ်ဟာ ဒီတံခါးဆီ တဖြည်းဖြည်း ချဉ်းကပ်သွားတဲ့ အခါမှာတော့ တံခါးဟာ ရွှေရောင်တောက်ပလာပြီး ပြင်းထန်တဲ့ လေအဟုန်တွေ ထွက်ပေါ်လာကာ ဟန်ကျွယ်ကို တားဆီးဖို့ ကြိုးစားပါတယ်။
ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်ပါတယ်။
“မင်းတကယ်ပဲ ဒီတံခါးကို တွန်းဖွင့်တော့မှာလား” အလွန်တရာကျယ်လောင်ပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ အသံတစ်သံဟာ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဘာလို့ မဖွင့်ရမှာလဲ”
“မင်း ဒီတံခါးကို ဖွင့်လိုက်ရင် ကယ်တင်ခံရမှာ မဟုတ်တော့ဘူး၊ ပြန်လည်မွေးဖွားခြင်းကလည်း မင်းကို မကယ်နိုင်တော့ဘူး”
“ကျုပ်က ထာဝရအသက်ကို လိုချင်တာ၊ ပြန်မွေးဖွားတာ မဟုတ်ဘူး”
“မင်း ပြဿနာတွေကို ကြောက်တယ်မလား၊ ဒီတံခါးကို တွန်းဖွင့်လိုက်ရင် မရေမတွက်နိုင်တဲ့ ပြဿနာတွေက မင်းဆီ ရောက်လာလိမ့်မယ်”
“ဟုတ်တယ်၊ ကျုပ်က ပြဿနာတွေကို ကြောက်တယ်၊ ဒါပေမဲ့ ကျုပ်ကြောက်တာက ကျုပ်ရဲ့ထာဝရအသက်ကို သက်ရောက်စေမဲ့ပြဿနာတွေပဲ၊ ထာဝရအသက်ကြောင့် ပြဿနာတက်ရမယ်ဆိုရင်တော့ အဲဒီပြဿနာတွေက ကျုပ်က ကျူပ်လက်ထဲကဓားနဲ့ ခုတ်ဖြတ်ပစ်မယ်”
အဖြေဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တံခါးရှေ့ကို ရောက်သွားပါပြီ။ ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး ကြီးမားတဲ့တံခါးကို တွန်းလိုက်ပါတယ်။ ဒီတံခါးကြီးဟာ ဟန်ကျွယ်ထင်ထားသလို မတည်မြဲပါဘူး။ အသာတွန်းရုံနဲ့ တံခါးရွက်ဟာ လှုပ်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်စုံတစ်ရာ တွေဝေခြင်းမရှိဘဲ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ တံခါးရွက်ကို တွန်းဖွင့်လိုက်ပါတယ်။
“ဝုန်း…”
တံခါးကြီးပွင့်သွားတဲ့အခါ ဟန်ကျွယ်ကိုယ်ပေါ်ကို ရွှေရောင်အလင်းတွေ ဆင်းသက်လာပါတယ်။ ဟန်ကျွယ်ဟာ သေသေချာချာ မမြင်ရပေမဲ့ တစ်ကိုယ်လုံး နွေးထွေးသွားတာကိုတော့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ မှတ်ဉာဏ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာတာကြောင့် ဟန်ကျွယ်သိစိတ်ဟာ ဟာလာဟင်းလင်း ဖြစ်သွားပါတယ်။
တစ်ခြားတစ်ဖက်က မှောင်မိုက်တဲ့ခန်းမတစ်ခုထဲမှာ လေပေါ်ပေါလောမျောနေတဲ့ ရှေးဟောင်း ခေါင်းလောင်းတစ်လုံးဟာ သူ့ဘာသာ မြည်ဟိန်းလာပါတယ်။ ဒီခေါင်းလောင်းသံဟာ ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။