အခန်း ( ၂၄ )

ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး

တိုက်ခိုက်ရေးအသင်းဂေဟာ၏ ဒုတိယထပ်တွင် ဆူညံပွက်လောရိုက်နေကြသည်။ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည့် ဒေါသတကြီး အော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်လာနေကြပြီး မည်သူ့ကိုမှ လူမထင်သည့် အသံမျိုးစုံကိုလည်း ကြားနေရသည်။

” အရှက်မရှိတဲ့ ယုန်ဖက်တီး။ မင်းက ခန္ဓာအချုပ်အနှောင်အဆင့်က လူတွေကိုပဲ အနိုင်ကျင့်ဖို့လောက် သိတာ။ မင်း သတ္တိရှိတယ်ဆိုရင် ဖွံ့ထွားသွေးကြောအဆင့်က စိန်ခေါ်သူတွေကိုပါ မင်းရဲ့ တိုက်ခိုက်ရေးကွင်းထဲကို ဝင်ခွင့်ပြုလိုက်လေ ”

” ဟုတ်တယ်။ မင်းက ခန္ဓာအချုပ်အနှောင်အဆင့်က ငါတို့လို လူတွေကိုပဲ အနိုင်ကျင့်နေပြီးတော့ မင်းကိုယ်မင်း ဟုတ်လှပါပြီ ထင်နေတာပဲ။ ငါကတော့ လက်မခံနိုင်ဘူးဟေ့ ”

သနားစဖွယ်ကောင်းစွာ ပေါင်ကြားကို အကန်ခံခဲ့ရသည့် လူများအပြင် သူတို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများမှာ အသံကျယ်ကြီးများဖြင့် ကျိန်ဆဲနေကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း သူတို့၏အော်ဟစ်သံများကို ကြားလိုက်ရသောအခါ မခံမရပ်နိုင်ဖြစ်သွားရသည်။

” ငါက ခန္ဓာအချုပ်အနှောင်အဆင့်မှာပဲ ရှိသေးတာလေ။ ဘာကိစ္စနဲ့ ငါက ခန္ဓာအချုပ်အနှောင်အဆင့်က လူတွေကို အနိုင်ကျင့်နေတာ ဖြစ်သွားရတာတုန်း။ အော်ဟစ်မနေကြနဲ့။ ထွက်လာပြီးတော့ တိုက်ခိုက်ကြစမ်းပါ ”

ဝမ်ပေါင်လဲ့၏ ပေါင်ကြားကန်ကျောက်သည့် တိုက်ကွက်အား အမြင်အာရုံတွင် ရှင်းလင်းစွာ မြင်ယောင်မိနေသောကြောင့်လားတော့ မသိပေ။ သူ့အား စိန်ခေါ်ရဲသည့် သူများမှာ မရှိသလောက် နည်းလာတော့သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့က လက်ချောင်းလှန်ချိုးခြင်းနှင့် ရုတ်တရက် ထ၍ ကန်ကျောက်ခြင်းတို့တွင် တိုးတက်လာပြီ ဖြစ်သည်။

သူက ထိုကဲ့သို့ ပုံစံမျိုးဖြင့် တိုက်ခိုက်ရာ၌ မွေးရာပါ အရည်အချင်းတစ်ခု ရှိနေသည့် အချက်ကို သူကိုယ်တိုင်ပင် သတိမထားမိဟန်တူသည်။ နောက်ဆုံးတွင် သူက ကိုယ်ပိုင်တိုက်ကွက်များကို ဖန်တီးကာ ပေါင်ကြားများကို ပုံစံမျိုးမျိုးဖြင့် ကန်ကျောက်နိုင်ခဲ့သည်သာ ဖြစ်သည်။

တချို့အချိန်များတွင် သူသည် ရှေ့ဘက် သို့မဟုတ် ဘေးဘက်မှ ကန်ကျောက်လေ့ရှိပြီး အခြားအချိန်များတွင်မူ အောက်ဘက်မှနေ၍ ကန်ကျောက်လေ့ရှိသည်။ ထို့အပြင် သူသည် နောက်ဘက်မှနေ၍ သူ၏ ခြေထောက်ကို ဆန့်ထုတ်ကာ ပြန်ကွေးလိုက်ပြီး ကန်ကျောက်ခဲ့ဖူးသေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် ပေါင်ကြားများကို ကန်ကျောက်နေစဉ် လူအုပ်ကြီးမှာ ကျိန်ဆဲနေကြပါသော်လည်း သူတို့၏အသိစိတ်ထဲရှိ ကြောက်ရွံ့မှုများမှာ ပို၍ ကြီးထွားလာကြတော့သည်။ သူတို့က ထိုနာကျင်မှုကို သူတို့ကိုယ်တိုင် ခံစားနေရသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့၏ ပေါင်ကြားများပင် နာကျင်လာရတော့သည်။ သူ့အား ကျိန်ဆဲနေကြသည့် အသံများမှာမူ ပို၍ပင် များပြားလာ၏။

နာတတ်သော လူတစ်ယောက်ဆိုပါက ထိုကျိန်ဆဲမှုများကြောင့် တံတွေးခွက်ထဲတွင် ပက်လက်မျောနေသကဲ့သို့ ဖြစ်နေမည်ဖြစ်သော်လည်း ဝမ်ပေါင်လဲ့မှာ အရေထူသည့်အပြင် မျက်နှာဖုံးတစ်ခုကိုပါ တပ်ဆင်ထားသေးသည်။

ထိုအခြင်းအရာအားလုံးကြောင့် သူသည် ရေထဲတွင် လွတ်နေသည့် ငါးတစ်ကောင်ကဲ့သို့ ခံစားနေရတော့သည်။ ထို့ကြောင့် သူ၏ စိတ်ကိုလွှတ်လိုက်သဖြင့် သူ၏ လှောင်ပြောင်နိုင်စွမ်းများမှာလည်း ပို၍ တိုးတက်လာ၏။

” ငါ့ကို စိန်ခေါ်ချင်တဲ့လူ ရှိလား ”

” ဟေ့ကောင် … မင်းကိုပြောတာ။ မင်းပဲ စောစော‌တုန်းက အသံကျယ်ကြီးနဲ့ အော်နေခဲ့တာလေ။ ငါ လက်ချောင်းတွေကို လှန်မချိုးသင့်ဘူးလို့ မင်း ပြောခဲ့တာမလား။ လာစမ်းပါ … ငါ လက်ချောင်းတစ်ချောင်းမှ လှန်မချိုးဘူးလို့ အာမခံတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ မောက်မာဝင့်ကြွားသည့် အမူအရာဖြင့် စိန်ခေါ်နေစဉ် ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။ ထိုဂေဟာကြီးတစ်ခုလုံး ဆူညံနေသည့်တိုင်အောင် သူမ၏အသံက တိုက်ခိုက်ရေးကွင်းအထိ ရောက်လာ၏။

” ငါ နင်နဲ့ တိုက်ခိုက်မယ် ”
၎င်းမှာ အမျိုးသမီးတစ်ယောက်၏ စကားသံဖြစ်သော်လည်း အလွန် ဩဇာညောင်းပြီး အားမာန်အပြည့် ပါနေ၏။ လူအုပ်ကြီးက ထိုအသံကို ကြားလိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် လမ်းဖယ်ပေးလိုက်ကြတော့သည်။

အကြည့်ပေါင်းများစွာက ထိုလမ်းပေါ်သို့ လျှောက်လှမ်းလာသော အမျိုးသမီးနှစ်ယောက်အပေါ်သို့ ကျရောက်သွားကြသည်။ ထိုနှစ်ယောက်မှာ အသက်အရွယ် မတူကြသည့် ချောမောလှပသော မိန်းမပျိုနှစ်ယောက်ဖြစ်သည်။ အသက်ငယ်သည့် မိန်းမပျိုလေးမှာ လေ့ကျင့်ရေး ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး ကြောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ သူမထက် အသက်ပိုကြီးသည့် မိန်းမပျိုလေးမှာမူ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားခြင်း မရှိပေ။ သူမ၏ မျက်နှာအသွင်အပြင်မှာ အလွန် ချောမောလှပပြီး သူမ၏ အဝတ်အစားမှာလည်း ညို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိနေ၏။ ထို အဝတ်အစားကြောင့် အချိုးအဆစ်ကျသော တင်းတင်းရင်းရင်း ခန္ဓာကိုယ်လေး ပေါ်လွင်နေသဖြင့် သူမထံမှ လက်ဖျားခါရလောက်သော အလှတရားများကို ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေသည်။

သူမ၏ လိမ်ကောက်နေသော ဆံပင်မှာလည်း သူမအား ညှို့ဓာတ်ပြင်းအောင် ကူညီပေးထားသကဲ့သို့ ဖြစ်နေ၏။ သူမ၏ မျက်လုံးများထဲမှ တိုက်ခိုက်လိုစိတ်များကြောင့် ကျားသစ်ရိုင်းတစ်ကောင်နှင့်ပင် တူနေသည်။ ထို့ကြောင့် ယောက်ျားသား အားလုံးက သူမအား စိုက်ကြည့်နေကြပြီး ရင်ခုန်သံများ မြန်လာကြတော့သည်။

ပို၍ မှင်တက်စရာကောင်းသည့် အချက်မှာ သူမ၏ အငွေ့အသက်ပင် ဖြစ်သည်။ ၎င်းမှာ ခန္ဓာအချုပ်အနှောင်အဆင့်တွင် မဟုတ်ဘဲ ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိနေ၏။

သွေးချီအဆင့်တွင် အလွန် များပြားသော သွေးချီများကို ပိုင်ဆိုင်လိုက်ရသည်ဖြစ်ရာ ၎င်းတို့မှာ နောက်ဆုံးတွင် ယိုစိမ့်သွားကြသည်သာ ဖြစ်သည်။ ခန္ဓာအချုပ်အနှောင်အဆင့်သို့ရောက်လျှင်မူ မိမိ၏ခန္ဓာကိုယ်အား အလုံပိတ်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် မိမိ၏ စွမ်းအားများ စုစည်းသွားကြ၏။ သို့သော် ထိုအခြေအနေကို အကြာကြီး ထိန်းသိမ်းထားနိုင်ရန်မှာ ခက်ခဲသဖြင့် နောက်ဆုံးတွင် စွမ်းအင်များ လွင့်စင်ပျောက်ကွယ်သွားကြရသည်သာ ဖြစ်သည်။

ရှေးဟောင်းသိုင်းအဆင့်၏ နောက်ဆုံးအဆင့်မှာ ဖွံ့ထွားသွေးကြောအဆင့် ဖြစ်သည်။ ထိုအဆင့်တွင် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းအားလုံးကို အလုံပိတ်လိုက်သဖြင့် မိမိ၏ အစွမ်းထက်ဆုံး အခြေအနေကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်စွမ်းရှိသွားမည် ဖြစ်သည်။ ရှိရှိသမျှ စွမ်းအားအကုန်လုံးကို ထိပ်ဆုံးအဆင့်အထိ ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်ရာ ထိုအဆင့်အား ခန္ဓာနှင့်ဝိညာဉ်တို့၏ ထိပ်ဆုံးအဆင့်ဟုပင် သတ်မှတ်နိုင်သည်။ ထိုအဆင့်တွင် ရှိနေကြသူများမှာ လူသားပုံစံတည်ဆောက်ထားသည့် သတ်ဖြတ်ရေးလက်နက်များနှင့် မထူးမခြားနားပင်။

သူမ၏ ရောက်ရှိလာမှုကြောင့် ဘေးနားတစ်ဝိုက်မှ လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။

” ဂေဟာရဲ့ မမလေး ကျိုးလုပဲ ”

” ဟားဟား … ယုန်ဖက်တီးတော့ ဒုက္ခရောက်ပြီဟေ့။ ကျိုးလုကိုယ်တိုင် ရောက်လာတာပဲ။ ဒီဂေဟာကို သူ့မိသားစုက ဖွင့်ထားတာလေ။ သူက မကောင်းမှုတွေကို စက်ဆုပ်ရွံရှာတဲ့အပြင် အရင်တုန်းကလည်း သူ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး လူယုတ်မာတွေကို နှိမ်နင်းခဲ့ဖူးတယ်။ သူက သမင်ဖြူတာအိုကျောင်းမှာ တက်နေတာလေ။ သိပ်မကြာခင် ကျောင်းပြီးတော့မှာလို့ ငါကြားထားတယ်။ ပြီးတော့ စစ်တပ်ကပါ သူ့ကို အလုပ်တစ်ခု ကမ်းလှမ်းထားတယ်လို့ ငါ ကြားထားသေးတယ် ”

” နတ်သမီးလေး။ သူက ငါ့ရဲ့ နတ်သမီးလေးပဲ ”

ထိုအမျိုးသမီး ရှေ့သို့ လျှောက်လှမ်းလာသောအခါ ဘေးပတ်ပတ်လည်မှ လူများ၏ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ လိုချင်တက်မက်မှုများဖြင့် တောက်လောက်နေကြသည့် မျက်လုံးများစွာက ကျိုးလုအား စိုက်ကြည့်နေကြသဖြင့် လူအားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရတော့သည်။

ဝမ်ပေါင်လဲ့ကမူ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်၏။ သူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိပါသော်လည်း လူအုပ်ကြီးဆီမှ ထွက်ပေါ်လာသည့် တအံတသြ အော်ဟစ်သံများကြောင့် သူမ၏ နောက်ကြောင်းကို ချက်ချင်းပင် နားလည်သွားလိုက်သဖြင့် အံ့ဩတုန်လှုပ်သွားရတော့သည်။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာအချုပ်အနှောင်အဆင့်ထက် သာလွန်နေသည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီး ထားလိုက်ရ၏။

သူသည် ထိုနေရာသို့ လေ့ကျင့်ဖော်တစ်ယောက် ရှာရန်အတွက်သာ ရောက်နေခြင်းဖြစ်သည်။ ရုပ်ပျက်ဆင်းပျက် နှိပ်စက်ညှဉ်းပန်းခံရရန် ရောက်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး ကျိုးလုတစ်ယောက် သူ့ တိုက်ခိုက်ရေးကွင်း၏ ဖန်သားပြင် အတားအဆီးရှေ့သို့ ရောက်မလာခင်မှာပင် အသာအယာ ချောင်းဟန့်လိုက်၏။

” စိတ်မကောင်းပါဘူး။ ငါက ခန္ဓာအချုပ်အနှောင်အဆင့် အောက်မှာရှိတဲ့ လူတွေရဲ့ စိန်ခေါ်မှုကိုပဲ လက်ခံတာပါ။ မိန်းကလေးရဲ့ ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ထားတာထက် မြင့်နေတာမလို့ ငါ တိုက်ခိုက်မှာ မဟုတ်ပါဘူး ”

” ပြီးတော့ ငါ့ရဲ့ အလဲထိုး တိုက်ကွက်တွေက တော်တော်ကို အစွမ်းထက်လွန်းတယ်။ မင်းက မိန်းကလေးတစ်ယောက် ဖြစ်နေတော့ အဲဒီတိုက်ကွက်တွေကို ထုတ်လိုက်ရင် ငါ အနေရခက်သွားမှာ ”

” ဒီတော့ မေ့လိုက်တော့။ ငါလည်း ပင်ပန်းနေပြီမလို့ ပြန်တော့မယ် ”
ဝမ်ပေါင်လဲ့သည် သူပြောခဲ့သည့်စကားများမှာ အပြစ်ဆိုဖွယ်ရာ မရှိကြောင်း ယုံကြည်နေ၏။ သူသည် သူ၏အသက်ကို ထုတ်မပြောခဲ့သလို သူမကိုလည်း ငြင်းဆန်ခဲ့သည်။ ထို့အပြင် သူသည် သတ္တိကြောင်သည့်ပုံလည်း ပေါက်မနေခဲ့ပေ။ ထို့ကြောင့် သူသည် ထိုသို့ပြောဆိုလိုက်ပြီးနောက် နောင်တကြီးစွာ သက်ပြင်းချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

ထိုအခါ လူတိုင်း ချက်ချင်းပင် လှောင်ပြောင်အော်ဟစ်လိုက်ကြတော့သည်။ ကြောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည့် မိန်မပျိုလေးမှာလည်း ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ လူအုပ်ကြီးနှင့်အတူ လိုက်၍ အော်ဟစ်နေ၏။

” နင်က ပြန်ချင်နေတာလား ”
ထိုအခိုက်အတန့်တွင် ဖန်သားပြင်အတားအဆီး၏ အပြင်ဘက်တွင်ရပ်နေသော ကျိုးလုက လှမ်း၍မေးလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင်မူ အထင်သေးသော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။ သူမသည် မကောင်းမှုများကို စက်ဆုပ်ရွံရှာသည်ဖြစ်ပြီး လက်ချောင်းလှန်ချိုးခြင်းကဲ့သို့ အရှက်မရှိသည့် လုပ်ရပ်များကို လုပ်ခဲ့သည့် လူယုတ်မာမျိုးကို ဂေဟာမှ ထုတ်ပယ်ရန်မှာ သူမ၏ တာဝန်ဖြစ်သည်ဟု မှတ်ယူထားသည်။

ထို့အပြင် သူသည် သူမ၏ ညီမဖြစ်သူကိုပါ အနိုင်ကျင့်ခဲ့သည့် ဖြစ်ရာ မည်သို့ဖြင့် သူ့အား ချမ်းသာပေးနိုင်ပါမည်နည်း။ ထို့ကြောင့် သူမသည် ညဘက်လက်ကိုမြှောက်ကာ ခရမ်းရောင်ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းပြားအား ဖန်သားပြင် အတားအဆီးပေါ်သို့ ဖိချလိုက်သောအခါ ချက်ခြင်းဆိုသလိုပင် ထို အလုံပိတ်ထားသည့် တိုက်ခိုက်ရေးကွင်းကြီး ပွင့်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွားကြသည်။

” မဩဇာကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ထပ်ပြီးတော့ သုံးလိုက်ပြန်ပြီဟေ့။ ဟားဟား ”

” ဒီ ယုန်ဖက်တီးကတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ ”

ဒုတိယထပ်တွင် အားပေးသံများဖြင့် ပြည့်နှက်သွားတော့သည်။ တတိယထပ်ရှိ လုံခြုံရေးအခန်းထဲမှ လူအုပ်ကြီးမှာမူ ခိုကိုးရာမဲ့နေသည့် အမူအရာဖြင့် ခေါင်းများကို ယမ်းလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း သူတို့ကဲ့သို့ အံ့ဩတုန်လှုပ်သွား၏။ သူသည် ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားလိုက်ပြီး တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်ရောက်လာသော ကျိုးလုအား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်တော့သည်။ သူမ၏ ဖွံ့ထွားသွေးကြောအဆင့်ကြောင့် သူ၏ မျက်ဝန်းများပင် ကျုံ့ဝင်သွားရ၏။ သူသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မတွေးထားမိသောကြောင့် ကျိန်ဆဲချင်စိတ်များ ပေါက်လာပြီး ဤဂေဟာမှာ လုံးဝအရှက်မရှိကြောင်း ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူက နောက်သို့ လျင်မြန်စွာဆုတ်ခွာသွားပြီး အဆက်မပြတ် အော်ဟစ်နေလိုက်တော့သည်။
” ငါက ဧည့်သည်တစ်ယောက်နော်။ ဧည့်သည်ဆိုတာ ဘုရင်ပဲကွ။ မင်း ငါ့ကို ထိုးနှက်ကန်ကျောက်လို့ မရဘူး… ငါ သက်ဆိုင်ရာကို တိုင်ကြားလိုက်မှာနော် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်လိုက်သဖြင့် ဘေးပတ်ပတ်လည်မှ လုံခြုံရေးအဖွဲ့များ တွေဝေတုံ့ဆိုင်းသွားကြ၏။ တတိယထပ်ရှိ လုံခြုံရေးအခန်းထဲတွင် တာဝန်ကျနေကြသော ပညာရှင်များမှာလည်း ဘာမှမလုပ်နိုင်သလို ခံစားနေကြတော့သည်။ သူတို့၏ မမလေး ယခုကဲ့သို့ ပြုမူသည်ကို သူတို့ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူတို့က သူမအား တားရန် ဆန္ဒရှိလျှင်တောင် နည်းနည်းကြာမှသာ တားဆီးနိုင်မည်ဖြစ်ကြောင်း သိထားကြသည်။

” သွားလေ။ ကြိုက်တဲ့နေရာသွားတိုင်။ ငါ့ဆီ တိုင်ကြားချက်တွေရောက်လာတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်ပဲ ”
တိုက်ခိုက်ရေးကွင်းထဲရှိ ကျိုးလု၏ မျက်လုံးများထဲတွင် မောက်မာဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေ၏။ သူမသည် ဂေဟာက သူမအား မတားဆီးခင် ထိုယုန်ဖက်တီးအား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်နေ၏။ ထို့ကြောင့် သူမ၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွားပြီး သူမ၏ အစောပိုင်းဖွံ့ထွားသွေးကြောအဆင့်ကို ချက်ချင်းဆိုသလိုပင် ထုတ်လွှတ်လိုက်တော့သည်။ ထို့နောက် သူမမှာ အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာ၏။

သူမသည် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီး၏ အားပေးသံများကို ကြားလိုက်ရသဖြင့် သူမ၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။

ဖွံ့ထွားသွေးကြောအဆင့်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသောကြောင့် သူမသည် မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီး သူမ၏ ညာလက်အားမြှောက်ကာ သူ၏မျက်နှာဖုံးအား လှမ်းဆွဲလိုက်၏။

ထိုကဲ့သို့ အန္တရာယ်နှင့် ကြုံနေရသည့် အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က သူ၏ အတွေးများအားလုံးကို ဖယ်ရှားလိုက်ပြီး အရှိန်မြှင့်တင်ကာ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားလိုက်သည်။ သူ၏ မျက်နှာဖုံးမှာ ကျိုးလု၏ လက်နှင့် သီသီကလေး ကပ်၍ လွဲသွား၏။ သို့သော် ဖွံ့ထွားသွေးကြောအဆင့်ရှိ ပညာရှင်တစ်ယောက်မှာ အစွမ်းထက်လှသောကြောင့် သူမ၏ လှုပ်ရှားမှုများမှ ပေါ်ထွက်လာသည့် လေပြင်းများမှာ ဝမ်ပေါင်လဲ့အား ရိုက်ခတ်သွားသဖြင့် သူ နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်းထွက်သွားရပြီး နောက်ထပ်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။

” ဈေးအဆမတန် တင်ထားတဲ့ ဂေဟာတစ်ခုပဲ။ မင်းတို့တွေက ဈေးအဆမတန် တင်ထားတဲ့ ဂေဟာတစ်ခုကို ဖွင့်ထားကြတာပဲ ”

သို့သော် ကျိုးလုကမူ လျစ်လျူရှုလိုက်ပြီး ဝမ်ပေါင်လဲ့ နောက်သို့ ဆုတ်ခွာသွားသည့်အချိန်တွင် ချာခနဲလှည့်၍ ညာခြေထောက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား ကန်ကျောက်လိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်သို့ထပ်၍ ဆုတ်ခွာသွားရပြန်သည်။

သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ကျိုးလု၏ တိုက်ကွက်များမှာ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေသည့် လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ပင်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် သာလွန်နေသည့်အပြင် ငယ်စဉ်ကတည်းက တိုက်ခိုက်ရေး အတွေ့အကြုံများကို ရှာဖွေထားသူဖြစ်သည်။ သူမသည် ထိုသို့ တိုက်ခိုက်လိုက်သောကြောင့် အသာစီးရရှိသွားသဖြင့် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဝမ်ပေါင်လဲ့၏အနားသို့ ချဉ်းကပ်သွားကာ သူ၏ မျက်နှာဖုံးအား လှမ်းဆွဲရန် ကြိုးပမ်းလိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ ဒေါသအမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ ဤနေရာမှာ ဈေးအဆမတန် တင်ထားသော ဂေဟာတစ်ခု ဖြစ်နေသည့်အချက်နှင့် ကျိုးလုတစ်ယောက် သူမ၏ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုကာ အားနည်းသူများအား အနိုင်ကျင့်နေသည့် အချက်ကို လျစ်လျူရှုနိုင်ပါသော်လည်း သူ၏ မျက်နှာဖုံးကို ချွတ်ရန်အထိ ကြိုးစားနေပြီဖြစ်ရာ အလွန် တရားလွန်နေပြီဖြစ်သည်။

” မင်း တော်တော်ကို တရားလွန်နေပြီ ”
ဝမ်ပေါင်လဲ့က ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်တော့သည်။ သူသည် သူတို့နှစ်ယောက်ကြားရှိ ခြားနားချက်များကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိသော ပြိုင်ဘက်တစ်ယောက်နှင့် လုံးဝမတိုက်ခိုက်ဖူးပါသော်လည်း ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံခဲ့ရသောကြောင့် သူ၏ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာပြီဖြစ်သည်။ သူသည် ဝါးမျိုခြင်းသစ်စေ့ကို ပျံ့နှံ့သွားစေလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် အလုံပိတ်လိုက်၏။

ထို့ကြောင့် ကျိုးလုမှာလည်း တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူမ၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းမှာ ဆွဲငင်ခံလိုက်ရသဖြင့် တစ်ဒင်္ဂမျှ ရပ်တန့်သွား၏။ ထိုကဲ့သို့ ခေတ္တမျှ ရပ်တန့်သွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့က ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းတစ်စုံဖြင့် သူမဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။ ထို့နောက် သူ၏ ဘယ်လက်ကိုမြှောက်ကာ ကျိုးလု၏ လက်ချောင်းအား ဖမ်းဆုပ်လိုက်ပြီး အပေါ်သို့ဆောင့်ဆွဲကာ လှန်ချိုးလိုက်တော့သည်။

” ဒူးထောက်ပြီးတော့ ငါ့ကို အဖေလို့ ခေါ်စမ်း ”
ဝမ်ပေါင်လဲ့က အော်ဟစ်အမိန့်ပေးလိုက်၏။ စူးရှသော နာကျင်မှုတစ်မျိုး ကျိုးလု၏ ခန္ဓာကိုယ်တစ်လျှောက် ချက်ချင်းပင် ပျံ့နှံ့သွား၏။ ထိုနာကျင်မှုကြောင့် သူမမှာ ငိုမဲ့မဲ့ ဖြစ်သွားရပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်ဖဝါးမှာ စုပ်ခွက်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် သူမသည် ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိနေသည့်တိုင်အောင် လွတ်မြောက်အောင် ရုန်းထွက်နိုင်စွမ်း မရှိပေ။

သို့သော် သူမ၏ တိုက်ခိုက်ရေး အတွေ့ကြုံများမှာ အလွန် ကြွယ်ဝ၏။ ထို့ကြောင့် သူမ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ထိုနာကျင်မှုအား သည်းညည်းခံကာ ခန္ဓာကိုယ်အား ချာခနဲ လှည့်လိုက်၏။ သူမက လွတ်မြောက်အောင် ရုန်းမထွက်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့၏နားထင်အား လက်သီးဖြင့်လှမ်း၍ ထိုးလိုက်နိုင်သည်။

ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာမူ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် ဖျတ်ခနဲလက်သွား၏။ သူသည် ထိုလက်သီးချက်အား မရှောင်တိမ်းဘဲ ခန္ဓာကိုယ်ကိုသာ အနည်းငယ် လှည့်လိုက်ပြီး ညာလက်အား လျင်မြန်စွာ မြှောက်လိုက်၏။ ကျိုးလုက သူ့အား ကျောပေး၍ နောက်ပြန်လက်သီးဖြင့် ထိုးလိုက်ချိန်တွင် သူသည် သူမ၏ လက်ကောက်ဝတ်အား အားဖြင့် ဖိချလိုက်တော့သည်။ ထိုအခါ ဖြောက်ခနဲမြည်သံတစ်သံ ပေါ်ထွက်လာ၏။

လက်ချောင်းများ လှန်ချိုးခံလိုက်ရပြီးနောက် ယခုတွင် လက်ကောက်ဝတ်အဆစ်ပါ လှန်ချိုးခံလိုက်ရသည်ဖြစ်ရာ ကျိုးလုမှာ ဝေဒနာကြီးစွာ ခံစားလိုက်ရပြီး ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ သို့သော် သူမမှာ မခံမရပ်နိုင်ဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ညာခြေထောက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ ပေါင်ကြားအား လှမ်း၍ ကန်လိုက်၏။

ထိုကန်ချက်ကြောင့် လေထဲတွင် ရွှီခနဲ မြည်သွား၏။ ထို‌ကဲ့သို့ အကန်ခံရလျှင် မည်သို့ဆက်ဖြစ်သွားမည်ကို သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ အစမ်းလေ့ကျင့်ခြင်းဆိုသည့် အဓိပ္ပါယ်ကိုနားလည်သောကြောင့် အားကုန်မထုတ်ခဲ့ပေ။ သူ့အား စီနီယာ လေ့ကျင့်ဖော်က သင်ခန်းစာကောင်းကောင်း ပေးထားသည်ဖြစ်ရာ ထိုနာကျင်မှုကို ကောင်းကောင်းသိထား၏။ ထိုစီနီယာလေ့ကျင့်ဖော်မှာ ခံစားချက်မရှိသလို ပုံရိပ်ယောင်နယ်မြေထဲတွင် လေ့ကျင့်ခဲ့ခြင်းသာဖြစ်သော်လည်း ထိုနာကျင်မှုမှာမူ အစစ်ဖြစ်သည်။ သို့သော် ယခုတွင်မူ ကျိုးလုမှာ အနည်းငယ်မျှပင် လျှော့ပေါ့ခြင်းမရှိဘဲ အားအကုန်ထုတ်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားရ၏။ သူသည် ချက်ချင်းဆိုသလိုပင် ရင်ဘတ်ထဲမှ စုပ်အားများကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ကျိုးလု၏ ကန်ချက်မှာ ဟန်ချက်ပျက်သွားပြီး လမ်းကြောင်းပြောင်းသွားတော့သည်။ ထိုစုပ်အားမှာမူ သူမအား အပေါ်ဘက်သို့ ဆွဲငင်သွားခြင်းဖြစ်ရာ သူမ၏ခန္ဓာကိုယ်မှာ မတည်မငြိမ် ဖြစ်သွားသောကြောင့် ကန်ချက်မှာလည်း သိသိသာသာ အားပျော့သွား၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ဗိုက် အကန်ခံရမည် ဖြစ်သော်လည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ညာခြေထောက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် ကျိုးလု၏ တင်ပါးအား အသံအကျယ်ကြီးမြည်အောင် ကန်ကျောက်လိုက်တော့သည်။

” ထိုင်နေစမ်း ”

အုန်းခနဲမြည်သွားပြီး သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်နက်တည်း ကန်ကျောက်မိလိုက်ကြတော့သည်။ ဝမ်ပေါင်လဲ့၏ အဆီမှာ ထူထဲနေသည့်အပြင် ကျိုးလု၏ ကန်ချက်မှာ သိသိသာသာ အားလျော့နေပြီ ဖြစ်ပါသော်လည်း ထိုကန်ချက်ကြောင့် သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရဆဲပင်။

ကျိုးလုမှာမူ တစ်ခါမှ မကြားဖူးသော အသံမျိုးဖြင့် အော်ဟစ်မြည်တမ်းလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူမ၏တင်ပါးအား ကန်ကျောက်လိုက်သောကြောင့် သူမမှာ ရှေ့သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ သူမက ထိုနာကျင်မှုကြောင့် သူမ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တင်ပါးကိုဆုပ်ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။ အဝေးမှ ကြည့်လိုက်ပါက သူမ၏ တင်ပါးနှစ်ဖက်မှာ အရွယ်အစား တူညီမှု မရှိတော့ဘဲ ကို့ယို့ကားယား ဖြစ်နေ၏။

လူအုပ်ကြီးက ထိုအခြင်းအရာများကို ချက်ချင်း မတုန့်ပြန်နိုင်လိုက်ပေ။ တိုက်ပွဲကြီး ပြီးဆုံးသွားသောအခါမှသာ ဂေဟာမှ အစောင့်များ ပြေးလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်နေပြီး တင်ပါးနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် ကျိုးလုအားကြည့်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ကန်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ထို့နောက် ဤဂေဟာအား သူမ၏မိသားစုက ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းကို ပြန်၍ အမှတ်ရသွားသဖြင့် ဝမ်ပေါင်လဲ့က လေသံကျယ်ကျယ်ဖြင့် ချောင်းဟန့်လိုက်ပြီး သူ ထွက်ခွာနိုင်မည့်နေရာသို့သွား၍ မတ်တတ်ရပ်နေလိုက်တော့သည်။ ထို့နောက် သူသည် စင်မြင့်ကြီးကိုထိန်းချုပ်ကာ အောက်သို့ဆင်းသွားပြီး သူ၏အခန်းထဲသို့ ပြန်သွားလိုက်တော့သည်။

အခန်းထဲသို့ရောက်သောအခါ သူသည် ဗိုက်ကိုဖိထားရင်း မျက်နှာဖုံးကို ချွတ်လိုက်၏။ ထို့နောက် သူသည် လမ်းကျဉ်းလေးထဲမှ အလျင်အမြန်ထွက်ခွာသွားပြီး ဒုတိယထပ်မှ လူများ အပြည့်အဝ မတုန့်ပြန်နိုင်သေးသည့် အချက်ကို အခွင့်ကောင်းယူကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ ဂေဟာထဲမှ ချက်ချင်းပင် ထွက်ခွာသွားလိုက်တော့သည်။

သူက ထိုနေရာမှ ထွက်ခွာလာပြီးသောအခါမှသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။ ထို့နောက် နာကျင်ကိုက်ခဲနေသော ဗိုက်ကိုဖိထားရင်း တဖြည်းဖြည်း စိတ်လှုပ်ရှားသွား၏။ ထို့နောက် ဇဝေဇဝါဖြစ်သွားရတော့သည်။

” ဒီမဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်က တကယ်ကိုအသုံးဝင်တာပဲ။ ဖွံ့ထွားသွေးကြောအဆင့်က လူကိုတောင် တိုက်ခိုက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဘာလို့ ဒီပညာရပ်က အမျိုးသမီးတစ်ယောက် သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက် ဖန်တီးထားတဲ့ ပညာရပ်တစ်ခုနဲ့ တူနေတယ်လို့ ငါက ခံစားနေရတာလဲ။ မျက်နှာဖုံးထဲက လူက အမျိုးသမီးတစ်‌ယောက်များ ဖြစ်နေမလား ”

ဝမ်ပေါင်လဲ့မှာ အတန်ငယ် တွေဝေသွားရ၏။ သို့သော် မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်က မည်မျှ အသုံးဝင်ကြောင်းကို တွေးတောမိလိုက်သောအခါ သူသည် သံသယဝင်မနေတော့ဘဲ စိတ်လှုပ်တရှားဖြင့် ထွက်ခွာသွားတော့သည်။

သို့သော် ဂေဟာထဲရှိ ဒုတိယထပ်တွင် ရှိနေကြသော လူအုပ်ကြီး သတိပြန်ဝင်လာသည့် အချိန်တွင်မူ ယခင်ကနှင့် လုံးဝမတူလောက်အောင် အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး တုန်လှုပ်ချောက်ချားသွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset