အခန်း (၂၄၉)

လျှို့ဝှက်ဆန်းကြယ်တံခါး

အခန်း (၂၄၉) လျှို့ဝှက်ဆန်းကြယ်တံခါး

“ဘာကိစ္စလဲ” ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို သေချာကြည့်လိုက်တဲ့အခါမှာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကျင့်ကြံမှုက တိုးတက်လာတာကို တွေ့လိုက်ရပါတယ်။

‘ဒီကောင်က ကျင့်ကြံမှုတိုးတက်လာပါလား၊ ငါ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်ရင် အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဒီကောင်နဲ့ တိုက်ခိုက်အုန်းမှာပဲ’

ဝတ်ရုံဖြူဗုဒ္ဓက ရင်တထိတ်ထိတ်နဲ့ ပြောလိုက်ပါတယ် “တိုက်တိုင်းအောင်ဗုဒ္ဓက ကျွန်တော်နဲ့ စီနီယာရဲ့ မြေးတပည့်ကိုသတ်ဖို့ လာနေပြီ”

‘တိုက်တိုင်းအောင်ဗုဒ္ဓလား’ ဟန်ကျွယ်ဟ ထူးထူးဆန်ဆန်း ဖြစ်သွားပြီး ပြန်မေးလိုက်ပါတယ် “စွန်းဝူခုံးလား”

“စွန်းဝူခုံးက ဘာကိုပြောတာလဲ”

“အင်း… အဲဒီတိုက်တိုင်းအောင်ဗုဒ္ဓက တော်တော်စွမ်းအားကြီးလို့လား”

“အရမ်းစွမ်းတယ်၊ သူက ဗုဒ္ဓဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ ခေါင်းဆောင်ပဲ၊ နှစ်တစ်သန်းတည်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာ”

“သက်တမ်းတစ်သန်းက ငယ်သေးတာလား”

“ငယ်တာပေါ့၊ ဘာပဲဖြစ်ဖြစ် သူက အရမ်းစွမ်းတယ်၊ ကျွန်တော် သူ့ကို မနိုင်ဘူး၊ မဟာအဂ္ဂဗုဒ္ဓကလည်း ပြန်မွေးဖွားထားတာဆိုတော့ သူ့ကို အနိုင်မယူနိုင်သေးဘူး”

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။

ဝတ်ရုံဖြူဗုဒ္ဓက ရင်ထိတ်စွာ မေးလိုက်ပါတယ် “စီနီယာ… ရှန်စစ်သူကြီးကို အကူအညီတောင်းကြည့်ပါလား၊ မဟုတ်လို့ရှိရင် ကျွန်တော်တို့နှစ်ယောက်တည်းနဲ့ တိုက်တိုင်းအောင်ဗုဒ္ဓကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

တိုက်တိုင်းအောင်ဗုဒ္ဓ အကြောင်းကို ပြောလိုက်တိုင်း ဝတ်ရုံဖြူဗုဒ္ဓရဲ့ မျက်နှာဟာ သွေးဆုတ်သွားပါတယ်။

ဝတ်ရုံဖြူဗုဒ္ဓရဲ့ အမူအရာကြောင့် ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “သူက အဲဒီလောက်တောင် ကြောက်ဖို့ ကောင်းတာလား”

“ဟုတ်တယ်၊ အရင်တုန်းက ဗုဒ္ဓတိုက်ပွဲမှာ သူက တစ်ယောက်တည်းနဲ့ ဗုဒ္ဓဆယ်ပါးကျော်နဲ့ ဗုဒ္ဓဂိုဏ်းဝင်တစ်ထောင်ကို အနိုင်ယူခဲ့တာ၊ နောက်ဆုံး ဗုဒ္ဓဘိုးဘေးထွက်လာမှ ရှုံးနိမ့်သွားတာ”

“အင်း ငါနားလည်ပြီ၊ ငါ ကြည့်လုပ်လိုက်မယ်၊ မင်းပြန်လို့ရပြီ”

“ကျေးဇူးတင်ပါတယ်” ဝတ်ရုံဖြူဗုဒ္ဓဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်တဲ့အခါမှာ ပထမဦးဆုံး အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဝတ်ရုံဖြူဗုဒ္ဓနဲ့ တိုက်ခိုက်ပါတယ်။

တစ်ချက်တည်း အသေသတ်။

‘ဟင်း… ဒီလိုကျတော့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ပါလား’

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ဘက် မောင်းထုတ်လိုက်ပြီး ကောင်းကင်ဧကရာဇ်နာမည်ကို ခေါ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓအကြောင်း ပြောပြလိုက်ပါတယ်။

“အင်း… ငါသိပြီ၊ ရှန်စစ်သူကြီးကို တားဆီးခိုင်းလိုက်မယ်”

“ကျေးဇူးပါပဲ အရှင်မင်းကြီး”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်စကား ပြောပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဝီရိယတောင်ထဲမှာ ဘာဖြစ်နေလဲဆိုတာကို မမြင်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ သူ့အင်မော်တယ်နတ်ဘုရားတွေကိုသာ ဟန်ကျွယ်က ကျိန်စာတိုက်နေမှန်းသိရင်း ကျိန်းသေပေါက် ယမ်းပုံမီးကျဖြစ်မှာပါ။ နောက်ပြီး ဟန်ကျွယ်က သူ့နာမည်ကို မတရင် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးတဲ့အခါမှာတော့ ဝူတောက်ကျန့်ကို ပြန်ခေါ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ခုနစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီ မိတ်ဆွေဟောင်းတစ်ယောက် ရောက်လာပါတယ်။ ဒီမိတ်ဆွေဟောင်းကတော့ မိုးကာဝတ်ရုံဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးပြီး ယခုအချိန်မှာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲဖြစ်နေတဲ့ ဟွမ်ဇွမ်တျန်ပါ။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို နဂါးကိုးကောင်ဂိုဏ်းဆီ သူလျှိုအနေနဲ့ စေလွှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟွမ်ဇွမ်တျန်ဟာ နဂါးကိုးကောင်ဂိုဏ်းချုပ် ဖြစ်လာခဲ့ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပြီး စိတ်လှုပ်တရှား လေးငါးကြိမ် ရှိခိုးလိုက်ပါတယ်။ ဝူတောက်ကျန့်ကတော့ ဟွမ်ဇွမ်တျန်ကို စိတ်ဝင်တစား ကြည့်ရှုနေပါတယ် ‘သခင်ကိုတောင် အထူးတလည် တွေ့ဆုံခွင့်ရတယ်ဆိုတော့ သူက ဘယ်သူများလဲ’

“စီနီယာ… ကျွန်တော် ကောင်းကင်ဘုံဝင်အဆင့် ရောက်ပြီ၊ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လို့ရမလား၊ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ရဖို့ဆိုရင် ကျွန်တော် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲရာထူးကိုလည်း ကျွန်တော် မလိုချင်ပါဘူး၊ ကျွန်တော် ယွီဂျင်ဂိုဏ်းတော်ကြီးအတွက် တစ်ခြားသူတွေထက် ပိုပြီးတော့ အကျိုးဆောင်ခဲ့ပြီးပါပြီ”

ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ဟွမ်ဇွမ်တျန်ကိုသာ စိုက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် အတိတ်ကဖြစ်ရပ်တွေကို သေသေချာချာ ပြန်စဉ်စားတဲ့အခါ ဟွမ်ဇွမ်တျန်ကလည်း အရည်အချင်းရှိတဲ့လူ တစ်ယောက်ဆိုတာကို တွေ့သွားပါတယ်။

“မင်းငါ့ဆီမှာ အမှုထမ်းချင်တာလား ဒါမှမဟုတ် ဝီရိယတောင်မှာ ကျင့်ကြံအားထုတ်ချင်တာလား”

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်အမေးကြောင့် တစ်ခဏမှင်သက်သွားပေမဲ့ ချက်ချင်း ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က စီနီယာဆီမှာ အမှုထမ်းချင်တာပါ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဒါဆို မင်းအပြင်မှာ ကျင့်ကြံအားထုတ်ချည်၊ နှစ်တစ်ရာအတွင်း ဘုံပျံတက်နိုင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ မင်းကို တာဝန်တစ်ခု ပေးမယ်”

ဟွမ်ဇွမ်တျန်ဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းပဲ ဟန်ကျွယ်ကို ကျေးဇူးတင်စကား ဆိုပါတယ်။ အဲဒီနောက် ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဟွမ်ဇွမ်တျန် ထွက်သွားတဲ့အခါမှာတော့ ဝူတောက်ကျန့်က စပ်စုပါတော့တယ် “သူ့အရည်အချင်းက ထက်မြက်လို့လား၊ ကျွန်မတော့ သာမန်ပဲထင်တယ်”

ဝူတောက်ကျန့် ဒီလိုပြောရတဲ့ အကြောင်းရင်းက တိတ်ဆိတ်ဂိုဏ်းထဲမှာရှိတဲ့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေက ဟွမ်ဇွမ်တျန်လောက် အားမနည်းကြလို့ပါပဲ။

“သူမှာလည်း အရမ်းထက်မြက်တဲ့ အရည်အချင်းတစ်ခု ရှိတယ်၊ အဲဒါက ကျင့်ကြံမှုနဲ့ ဘာမှမဆိုင်ဘူး၊ ဒါပေမဲ့ ငါ့အတွက် အရမ်းအသုံးဝင်တယ်” ဟန်ကျွယ်ဟာ လေသံအေးနဲ့ ပြောလိုက်ပြီး ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပါတယ်။ ဟန်ကျွယ်စကားကြောင့် ဝူတောက်ကျန့်ဟာ ဟွမ်ဇွမ်တျန် အကြောင်းကို ပိုလို့တောင် သိချင်သွားပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်အကြောင်း မတွေးဘဲ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်စက်ဝန်းခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံတာ ကြာလာလေလေ သူ့ကျင့်ကြံမှုအဆင့် တိုးတက်ရုံသာမက သူ့လောကဦး ကြယ်တာရာခန္ဓာကိုယ်ကလည်း တစ်စတစ်စ ပြောင်းလဲလာတာကို သတိပြုမိလာပါတယ်။

အတိအကျပြောရရင် နှစ်သိန်းသန်းချီ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင် နိုးထလာသလိုပါပဲ။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ လျှိုဝှက်ဆန်းကြယ်တဲ့ တံခါးတစ်ခုဆီ ချဉ်းကပ်နေတယ်လို့ ခံစားမိလိုက်ပါတယ်။ ဒီတံခါးကို ဖွင့်လိုက်တာနဲ့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ရင် ထိုးဖောက် မဟုတ်ရင် စွမ်းအားတွေ ထိုးတက်သွားနိုင်ပါတယ်။

ဒီတံခါးကို ဖွင့်ဖို့ဆိုရင် ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြယ်တိုင်းကို ဝိညာဉ်စွမ်းအားနဲ့ ပြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီနေ့ကလည်း သိပ်မဝေးလှတော့ပါဘူး။ စိတ်ဓာတ်တက်ကြွနေတဲ့ ဟန်ကျွယ်ဟာ ကြိုးကုတ်ကြိုးခဲ ဆက်ကျင့်ကြံပါတယ်။

….

မှောင်မိုက်နေတဲ့နန်းတောင်တစ်ဆောင်။

ဓားနတ်ဧကရာဇ်ဟာ ဖျာပေါ်မှာ ထိုင်နေပြီး သူ့ရှေ့မှာ ဒူးထောက်နေတဲ့ လူတစ်ယောက်ကိုကြည့်ကာ မျက်နှာကဖြူသလိုလို ဖြစ်နေပါတယ်။

“စုချီ မင်းပြန်လာပြီပေါ့” ဓားနတ်ဧကရာဇ်ဟာ စိတ်မပါတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

စုချီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဒီနှစ်တွေမှာ ကျွန်တော့်ကို တဟွမ်အဂ္ဂပြည်က လိုက်သတ်နေလို့ ချက်ချင်းကြီး ပြန်မလာနိုင်တာပါ၊ ဒီအတွက် နန်းတော်သခင်က ကျွန်တော့်ကို အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်”

“ဘာလို့ အပြစ်တင်ရမှာလဲ၊ ရှန်နန်းတော်ထဲကို မင်းဝင်လိုက်တာနဲ့ မင်းက ရှန်နန်းတော်ရဲ့ အမြဲတမ်း တစ်စိတ်တစ်ပိုင်းပဲ” ဓားနတ်ဧကရာဇ်ဟာ အပြုံးနဲ့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး နောက်ကျိသွားပါတယ် ‘ဒီတဟွမ်အဂ္ဂပြည်က တော်တော်လေး အားနည်းတာပဲ၊ စုချီတစ်ယောက်ကိုတောင် မထိန်းသိမ်းထားနိုင်ဘူး’

အရင်တုန်းက ဟန်ကျွယ်မျက်နှာကြောင့် ဓားနတ်ဧကရာဇ်ဟာ စုချီကို လက်ခံခဲ့တာပါ။ ဒါပေမဲ့ စုချီရဲ့ ကြမ္မာဆိုးက ပြင်းထန်လွန်းတဲ့အတွက် သူ့ဘေးနားက တပည့်တွေကို အမြဲတမ်း ဒုက္ခပေးလေ့ရှိပါတယ်။ ဒါကြောင့် ဓားနတ်ဧကရာဇ်ဟာ စုချီကို ရှန်နန်းတော်ထဲမှာ မထားဘဲ အမြဲတမ်း တာဝန်တွေပေးပြီး အပြင်လွှတ်လေ့ရှိပါတယ်။ ဒီလိုနဲ့ မိုးကောင်းကင်ရဲ့ ကောင်းချီးပေးမှုကြောင့် တဟွမ်အဂ္ဂပြည်က စုချီကို ဖမ်းခေါ်သွားပြီး ရှန်နန်းတော်က ကြမ္မားဆိုးဒဏ်ကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ ကံဆိုးစွာပဲ နောက်ဆုံးမှာတော့ စုချီ ပြန်ရောက်လာခဲ့ပါပြီ။ ဓားနတ်ဧကရာဇ်ဟာ ခေါင်းကိုက်သွားပါတယ် ‘ငါ သူ့ကို ဘယ်လိုလုပ်ရပါ့မလဲ’

“နန်းတော်သခင်… ကျွန်တော် ဂူအောင်းကျင့်ကြံလို့ရလား” စုချီက မော့ကြည့်ပြီး မေးလိုက်ပါတယ်။

“ရတာပေါ့” ဓားနတ်ဧကရာဇ်ဟာ အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ်။ ဒီစကားက ဓားနတ်ဧကရာဇ် အကြားချင်ဆုံး စကားပါ။ အဲဒီနောက် စုချီနဲ့ ဓားနတ်ဧကရာဇ်ဟာ စကားနည်းနည်းပါးပါး ပြောဆိုကြပါတယ်။ ပြီးတော့မှာ စုချီဟာ နန်းတော်ခန်းမထဲကနေ ထွက်သွားပါတယ်။

ဓားနတ်ဧကရာဇ်ဟာ ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ ခန်းမထဲမှာ အသံတစ်သံ ပဲ့တင်ထပ်သွားပါတယ်။

“နတ်ရွှေကျီးမျိုးနွယ်စုက ကျန်းယီ ရောက်လာပြီး ပြဿနာရှာနေတယ်၊ ဓားနတ်ဧကရာဇ် သူ့ကို သင်ခန်းစာ သွားပေးချည်”

ဓားနတ်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။

‘ဒီနတ်ရွှေကျီးတွေက အေးအေးဆေးဆေး နေရရင် သေမှာမို့လို့လား’

‘အရင်တုန်းက ငါတို့တွေ သဘောတူညီမှု ရထားပြီးပါပြီ၊ ဘာလို့ ထပ်ရောက်လာတာလဲ’

ကျန်းယီရောက်လာတိုင်း ဓားနတ်ဧကရာဇ်ဟာ တစ်ယောက်ထဲ ထွက်ရင်ဆိုင်ရတာကြောင့် အမြဲတမ်း ဒုက္ခရောက်ပါတယ်။ ဒါပေမဲ့လည်း ဓားနတ်ဧကရာဇ်ဟာ အမိန့်ကို မလွန်ဆန်နိုင်တာကြောင့် သက်ပြင်းတစ်ချက်ချပြိး မတ်တတ်ရပ်လိုက်ပါတယ်။

နှစ် ၂၀ ကြာပြီးနောက် ဟန်ကျွယ် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြယ်အများစုဟာ ဝိညာဉ်စွမ်းအားနဲ့ ပြည့်ကုန်ပါပြီ။ ဟန်ကျွယ်ဟာ ကန့်သတ်စည်းနဲ့ တဖြည်းဖြည်း နီးကပ်လာတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားလာရပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်‌တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် သင့်မိတ်ဆွေ ကျန်းယီ၏ တိုက်ခိုက်မှုကြောင့် နှစ်ယောက်လုံး ဒဏ်ရာရသွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေဆက်ခံရန် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာသရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၅၉၇၂၇

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၇၄၃၀

[သင့်အိမ်မွေးနတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် ဘုံပျံတက်သွားပါပြီ။]

[သင့်အိမ်မွေးနတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ်ဟာ စာအိတ်တွေကိုဖတ်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီခွေးစုတ်က ဘုံပျံတက်တာနဲ့ ချက်ချင်း အဖမ်းခံလိုက်ရတာလား၊ စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတော့ အနည်းဆုံး အင်မော်တယ်ဧကရာဇ်ပဲ’

‘ရှန်စစ်သူကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ဆိုတော့… တိုက်တိုင်းအောင်ဗုဒ္ဓကြောင့်များလား’

ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘တိုက်တိုင်းအောင်ဗုဒ္ဓက ဒီလောက်တောင် စွမ်းတာလား၊ ရှန်စစ်သူကြီးတောင် သူ့ကို အနိုင်မယူနိုင်ဘူးလား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ လန့်သွားတယ်ဆိုပေမဲ့ သူလုပ်နေကျကိစ္စတွေကို အရင်အတိုင်း ဆက်လုပ်ပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓကိုလည်း ကျိန်စာတိုက်ရမဲ့စာရင်းထဲ ထည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓ ပြဿနာတက်အောင် ဆယ်ရက်ကြာ ကျိန်စာတိုက်လိုက်တဲ့အတွက် သက်တမ်း သုံးလေးရာ ဆုံးရှုံးသွားပါတယ်။ ဒီပမာဏက ဟန်ကျွယ်သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ဘာဆိုဘာမှမဟုတ်ပေမဲ့ ဟန်ကျွယ်ဟာ နှလုံးသားတစ်ခုလုံး နာကျင်သွားပါတယ်။

ကျိန်စာတိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ အမြန်ဆုံးနည်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်ချင်နေပါပြီ။ ဒီလိုမှသာ တိုက်တိုင်းအောင်ဗုဒ္ဓကို ပြန်တိုက်နိုင်မှာပါ။

အင်မော်တယ်ဧကရာဇ်ဖြစ်သွားလို့ တိုက်တိုင်းအောင်ဗုဒ္ဓကို မနိုင်ဘူးဆိုရင်တောင် ထွက်ပြေးဖို့တော့ စိတ်ပူရမှာ မဟုတ်ပါဘူး။

နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရင်းနှီးတဲ့အသံတစ်သံကို ကြားလိုက်ရပါတယ်။

“စီးမာယိ… အပြင်ထွက်လာပြီး ငါ့ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြအုန်း”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset