အခန်း (၂၄၈)

တိုက်တိုင်းအောင်ဗုဒ္ဓ၊ အင်မော်တယ်ဧကရာဇ်အား သတ်ဖြတ်ခြင်း

အခန်း (၂၄၈) တိုက်တိုင်းအောင်ဗုဒ္ဓ၊ အင်မော်တယ်ဧကရာဇ်အား သတ်ဖြတ်ခြင်း

“မင်း ဘယ်သူလဲ” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဒေါသတကြီး မေးလိုက်ပါတယ်။

“ငါ့မေးခွန်းကို မင်းမဖြေဘူးဆိုရင် သေပေတော့” ဟန်ကျွယ်ရဲ့ဝိညာဉ်ထဲက ဘီလီယံချီတဲ့ ကြယ်တွေကနေ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာပြီး လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို ဖိနှိပ်လိုက်ပါတယ်။

“နေပါအုန်း… နေပါအုန်း၊ ငါ ဖြေပါ့မယ်… ငါ ဖြေပါ့မယ်” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ကြောက်လန့်တုန်လှုပ်စွာ အော်ပြောလိုက်ပါတယ်။

ဒီတော့မှာ ဟန်ကျွယ်ဟာ ဖိအားကို ပြန်ရုပ်သိမ်းလိုက်ပြီး လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို စိုက်ကြည့်လိုက်ပါတယ်။

[လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိမုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ စကားပြောလာတာကို စောင့်နေပါတယ်။ တစ်ခဏအကြာတဲ့ အခါမှာတော့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ငြိမ်သက်သွားပြီး စကားစပြောပါတယ်။

“ငါက ကောင်းကင်ရုံးတော်က….”

“လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ” ဟန်ကျွယ်ရဲ့ ရုတ်တရက် အော်သံကြောင့် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ မျက်လုံးပြူးသွားပါတယ် ‘ဒီလူက ငါ့နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးထဲဝင်ပြီး လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာရဲ့ ဇစ်မြစ်ကို စစ်ဆေးလိုက်ပါတယ်။

[လောကဦး ပဋိပက္ခ ကောင်းကင်မိစ္ဆာ: ကျင့်ကြံမှုမသိ။ ပဋိပက္ခတားမြစ်နယ်မြေမှ လာခဲ့သူဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုသည် ရှေးခေတ် အနန္တကပ်ဘေး၌ ရှုံးနိမ့်ကာ ကောင်းကင်တာအို၏ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည့် အနန္တကပ်ဘေး၌ ဗုဒ္ဓဂိုဏ်း၏ ဆင့်ဆိုခြင်းကို ခံခဲ့ရသည်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် ဝတ်ရုံဖြူဗုဒ္ဓ၏ မိစ္ဆာနှလုံးသားနှင့် ချိတ်ဆက်နေသည်။ ဝတ်ရုံဖြူဗုဒ္ဓက အင်မော်တယ်ဧကရာဇ် ဖြစ်ရန် နီးကပ်လာသောကြောင့် ကောင်းကင်မိစ္ဆာသည် ဝတ်ရုံဖြူဗုဒ္ဓ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သင်က သူ့အား ဟန့်တားခဲ့သဖြင့် ကောင်းကင်မိစ္ဆာသည် သင့်အား အမုန်းကြီး မုန်းနေ၏။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

‘မိစ္ဆာမျိုးနွယ်စုကိုမှ ရှေးဟောင်း မိစ္ဆာမျိုးနွယ်စုပဲ’

‘ဗုဒ္ဓဂိုဏ်းက ဘာတွေလုပ်နေတာလဲ၊ ကောင်းကင်တာအိုဗုဒ္ဓက ရှေးဟောင်း မိစ္ဆာတစ်ပါး ရုပ်ဖျက်ထားတာလား’

လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ငါက ပဋိပက္ခတားမြစ်နယ်မြေကနေ လာခဲ့တာ၊ ငါ့ကို ဗုဒ္ဓဂိုဏ်းရဲ့ မိစ္ဆာနှလုံးသားကို ဆင့်ခေါ်ခဲ့လို့ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး သေမျိုးကမ္ဘာကို ဆင်းသက်နိုင်တာ…”

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် နားထောင်ပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာပြောတဲ့ အကြောင်းအရာတွေက စနစ်ထဲက သတင်းအချက်အလက်နဲ့ အတူတူပါပဲ။ ဟန်ကျွယ်က မေးလိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းနဲ့ မိစ္ဆာမျိုးနွယ်စုက ဘယ်လို ပတ်သက်နေတာလဲ”

“ငါလည်း သေချာမသိဘူး၊ ငါ့သိစိတ် မွေးဖွားလာကတည်းက ပဋိပက္ခတားမြစ်နယ်မြေထဲ လွှင့်မျောပြီး မိစ္ဆာနှလုံးသား ဆင့်ခေါ်တာကို စောင့်ဆိုင်းနေခဲ့တာ၊ ဘိုးဘေးက မှတ်ဉာဏ်နည်းနည်းလေးပဲ ချန်ထားခဲ့ပြီး စောင့်ဖို့ပဲ ပြောတယ်၊ ငါ့လိုမျိုး ကောင်းကင်မိစ္ဆာတွေက ပဋိပက္ခတားမြစ်နယ်မြေမှာ ရေတွက်လို့မရဘူး”

‘ရေတွက်လို့ မရဘူး၊ အံဩစရာမရှိတော့ပါဘူး၊ ဒါကြောင့်လည်း တားမြစ်နယ်မြေ ဖြစ်နေတာကိုး’

“ငါ့ကို လွှတ်ပေးပါ၊ ငါ ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူး” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက လေးလေးနက်နက် ပြောလိုက်ပါတယ်။ သူ့အသံက အကျဉ်းချခံထားရတဲ့ပုံ လုံးဝမပေါက်ပါဘူး။

ဟန်ကျွယ်က လေသံအေးအေးလေးနဲ့ ပြန်ပြောလိုက်ပါတယ် “မင်းငါ့ကို ဒီလောက် မုန်းနေတာ၊ ငါ့ကို ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ မင်းကမှ ငါ့ကို မသတ်တာ ငါ့က ဘာလို့ မုန်းရမှာလဲ”

“ဒါပေမဲ့ ငါ ခံစားနိုင်တယ်”

“ငါ…” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ထိတ်လန့်တုန်လှုပ်သွားပါတယ် ‘ဒီလူက တကယ် မလွယ်တာပဲ’

ဟန်ကျွယ်ကလည်း လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို ဘယ်လိုလုပ်ရရင် ကောင်းမလဲ ဆုံးဖြတ်ရခက်နေပါတယ် ‘ဒီကောင်ကို သတ်ပစ်လိုက်သင့်လား ဒါမှမဟုတ် နောက်ကျရင် အသုံးချဖို့အတွက် ချန်ထားသင့်လား’

[လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ အသိပေးချက်ကိုကြည့်ပြီး ဆွံအသွားပါတယ်။

‘ဘာလဲဟ… ပြောင်းလဲတာ မြန်လှချည်လား’

လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး ငါ မင်းကို မမုန်းတော့ဘူး၊ ကျေးဇူးအရမ်းတင်နေမှာပါ” ကောင်းကင်မိစ္ဆာရဲ့အသံဟာ ကျောက်တောင်လို ခိုင်မြဲလှပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အပြင်ပိုင်းမှာ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ ဇောချွေးပျံနေပါတယ်။

[လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

‘ဒီကောင်က ပြောင်းလွယ်ပြင်လွယ်ပါလား၊ ဒီလောက်တောင် အပြောင်းအလဲမြန်တာဆိုတော့ လုံးလုံးကြီး စိတ်ချလို့ မရသေးဘူး’

“မင်း ဒီမှာခဏနေပြီး ကိုယ်ကိုကိုယ် ပြန်သုံးသပ်အုန်း” စကားဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သိစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။

လောကဦး ကြယ်တာရာခန္ဓာကိုယ်ရဲ့ အစွမ်းကြောင့် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ မဆိုထားနဲ့ ထွက်ပြေးဖို့တောင် မတက်နိုင်ရှာပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပါတယ်။ အဲဒါကတော့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို အလွယ်တကူ ဖမ်းယူလိုက်နိုင်တာပါ။ ဘယ်လောက်တောင် လွယ်လဲဆိုရင် တူကောက်ကိုင်လိုက်ရသလိုပါပဲ။

‘ဖမ်းဖို့ ဒီလောက်လွယ်နေတာကို ဝတ်ရုံဖြူဗုဒ္ဓက ဘာလို မခုခံနိုင်ရတာလဲ… ဒါမှမဟုတ် ငါကပဲ စွမ်းအားကြီးနေလို့လား’

ဟန်ကျွယ်ဟာ ဂရုတစိုက်တွေးလိုက်ပြီးနောက် ဒီကိစ္စရဲ့ အကြောင်းရင်းက လောကဦး ကြယ်တာရာခန္ဓာကိုယ်ကြောင့်လို့ ကောက်ချက်ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို စလေ့ကျင့်ကတည်းက ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို ရှင်းရှင်းလင်းလင်းကြီး ခံစားလာရလို့ပါပဲ။ လောကမှာရှိတဲ့ အရာအားလုံးက ဟန်ကျွယ်ရဲ့ အာရုံထဲမှာ ပျက်လွယ်ကျိုးလွယ် ဖြစ်လာပါတယ်။

ဝိညာဉ်စွမ်အား မသုံးပဲ ရိုးရိုးလက်ဝါးတစ်ချက်နဲ့တင် သေမျိုးကမ္ဘာတစ်ခုလုံးကို ကွဲကြေသွားစေနိုင်တယ်လို့ ဟန်ကျွယ် ခံစားလာရပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ဘက် မောင်းထုတ်လိုက်ပြီး မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ် ရှိလား”

တစ်ခဏအကြာမှာတော့ ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ ဟန်ကျွယ်နားထဲ ဝင်လာပါတယ် “ဘာကိစ္စရှိလို့လဲ”

“အရှင်မင်းကြီး ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးမျိုးနွယ်စုကြားက ဆက်ဆံရေးကို သိလား”

“အို… မင်း ဘာလုပ်မလို့ မေးတာလဲ”

ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာနဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကိစ္စကို မခြွင်းမချန် ပြောပြလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်းကြီး ဘာမှပြန်မပြောတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ဆီက စကားသံ ထွက်ပေါ်လာပါတယ် “ဒီကိစ္စက လူသိရှင်ကြားဖြစ်လို့ မရဘူး၊ တကယ်တော့ ဒီကိစ္စကို ငါသိတာ ကြာပြီ၊ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်လည်း ဒီအကြောင်းကို သိတယ်၊ ဒါကြောင့်လည်း မိစ္ဆာတွေက အခုအချိန်အထိ ရှင်သန်နိုင်နေတာ”

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “ဘာလို့ အင်အားစုသုံးစုပေါင်းပြီး ဗုဒ္ဓဂိုဏ်းကို ဝိုင်းမတိုက်တာလဲ”

“ဗုဒ္ဓဂိုဏ်းမှာ ပညာရှိတွေ ရှိတယ်၊ တစ်ပါးတည်းတောင် မဟုတ်ဘူး”

ဟန်ကျွယ်လည်း ကောင်းကင်ဧကရာဇ်ရဲ့ အဖြေကြောင့် တိတ်ဆိတ်သွားပါတယ်။

ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ဗုဒ္ဓဂိုဏ်းတင် မဟုတ်ပါဘူး၊ နတ်ဆိုးရုံးတော် ရှန်နန်းတော်နဲ့ ကောင်းကင်ရုံးတော်မှာတောင် စိတ်နဲ့ကြံဆလို့မရတဲ့စွမ်းအားတွေ ရှိတယ်၊ ဒါကြောင့်လည်း ငါတို့အင်အားစုလေးစုက အင်မော်တယ်ကမ္ဘာမှာ ထိပ်သီးအင်အားစုတွေ ဖြစ်နေကြတာ၊ မင်း နတ်မင်း ဖြစ်လာရင် အကုန်လုံးကို နားလည်သွားပါလိမ့်မယ်”

‘နတ်မင်း’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တုန်လှုပ်သွားပါတယ် ‘ဒီအတိုင်းဆိုရင် ငါ နတ်မင်းမဖြစ်ခင် သိုသိုသိပ်သိပ် နေအုန်းမှာပဲ၊ မဟုတ်ရင် ပြဿနာတွေ ငါ့ဆီ ရောက်လာအုန်းမှာပဲ’

“မင်းကျင့်ကြံမှုရော အခြေအနေ ဘယ်လိုရှိလဲ” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။

“မဆိုးပါဘူး၊ အရှင်မင်းကြီးရဲ့ ရတနာအတွက် ကျေးဇူးတင်ပါတယ်”

“အင်း… မင်း အကောင်းဆုံးကြိုးစားကျင့်ကြံပြီး ကျန်းယီကို ဖိနှိပ်နိုင်အောင်လုပ်”

“ဒါက ခက်ခဲတယ်ဆိုပေမဲ့ ကျွန်တော် ကြိုးစားပါ့မယ်”

စကားပြောပြီးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြန်ခေါ်လိုက်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

…..

ခမ်းနားကြီးကျယ်လှတဲ့ ရွှေနန်းတော်ကြီးအထဲမှာ။

ကောင်းကင်တာအိုဗုဒ္ဓဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး စကြာဝဠာထဲက အနန္တကမ္ဘာကို ဆင်ခြင်လိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို ခံစားမိသွားပါတယ် “ဝတ်ရုံဖြူဗုဒ္ဓ… မင်းက နောက်ဆုံးတော့လည်း ဗုဒ္ဓဂိုဏ်းနဲ့ ငါ့ကို သစ္စာဖောက်သွားတာပဲ… ထားလိုက်ပါတော့လေ” ကောင်းကင်တာအိုဗုဒ္ဓဟာ လက်မြှောက်ပြီး ဗုဒ္ဓတံဆိပ်တစ်ခုကို ခန်းမအပြင်ဘက် ပစ်လွှတ်လိုက်ပါတယ်။

မကြာခင်မှာပဲ ကိုယ်ကာယကြံ့ခိုင်သန်မာပြီး ရွှေရောင်တောက်နေတဲ့ ဘုန်းကြီးတစ်ပါး ခန်းမထဲ ဝင်လာပါတယ်။ ရွှေရောင်တောက်နေတာကြောင့် ဒီဘုန်းကြီးရဲ့ ပုံရိပ်အစစ်အမှန်ကို မမြင်တွေ့နိုင်ပါဘူး။ ဒါပေမဲ့ သူ့နောက်မှာရှိနေတဲ့ သူ့အရွယ်အစားထက် ကြီးမားတဲ့ တိုင်ကြီးတစ်တိုင်ကိုတောင် အထင်းသား မြင်တွေ့နိုင်ပါတယ်။

“တိုက်တိုင်းအောင်ဗုဒ္ဓ… ဝတ်ရုံဖြူဗုဒ္ဓနဲ့ မဟာအဂ္ဂဗုဒ္ဓက ဗုဒ္ဓဂိုဏ်းကို သစ္စာဖောက်သွားပြီ၊ သူတို့ကို သွားနှိမ်နင်းချည်”

ကောင်းကင်တာအိုဗုဒ္ဓရဲ့အသံဟာ ခန်းမထဲမှာ‌ ခေါင်းလောင်းသံလို မြည်ဟိန်းသွားပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကောင်းကင်တာအိုဗုဒ္ဓရဲ့ ညွှန်ကြားချက်ကြောင့် ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ် “အော့မီတော်ဖော”

အဲဒီနောက် ခန်းမထဲကနေ ချာခနဲလှည့်ထွက်ပြီး ပျောက်ကွယ်သွားပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဘယ်နေရာမှာရှိတယ်ဆိုတာနဲ့ ဘာကြောင့်သတ်ခိုင်းတယ်ဆိုတာကိုတောင် မမေးပါဘူး။

ကောင်းကင်တာအိုဗုဒ္ဓဟာ ဖြည်းညင်းစွာ မျက်လုံး ပြန်မှိတ်လိုက်ပါတယ်။

နှစ်သုံးဆယ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အတော်လေး တိုးတက်သွားပါတယ်။ အခုဆိုရင် ကျန်းယီကိုသတ်ဖို့ တစ်နာရီတောင် မကြာတော့ပါဘူး။

ဟန်ကျွယ်ရဲ့ဝိညာဉ်စွမ်းအားကလည်း အရင်ကထက် လေးငါးခြောက်ဆ ပိုတိုးပွားလာပါတယ်။ ဟန်ကျွယ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာရှိတဲ့ ဘီလီယံချီတဲ့ ကြယ်တွေဟာလည်း သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ ပြည့်နှက်လာတာကြောင့် တောက်ပလာပါတယ်။

ဟန်ကျွယ်ဟာ အခုဆိုရင် သေခြင်းရှင်ခြင်း မဟာတာအိုရဲ့စွမ်းအားကို အသုံးပြုနိင်နေပါပြီ။ ဒီမဟာတာအိုစွမ်းအားကို ဝိညာဉ်စွမ်းအားထဲ ပေါင်းထည့်လိုက်တဲ့အခါမှာ ဟန်ကျွယ်ဝိညာဉ်စွမ်းအားရဲ့ ဖျက်ဆီးနိုင်စွမ်းက တော်တော်လေးကို ပြင်းထန်သွားပါတယ်။

ဒါတင်မကသေးပါဘူး။ အခုဆိုရင် ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ ချီလုံးတစ်လုံး ရှိနေတယ်လို့တောင် ခံစားနေရပါပြီ။ ဒီချီက ကောင်းကင်ဖာကျောက်တုံးထဲက ချီနဲ့ တော်တော်လေး ဆင်တူပေမဲ့ နည်းနည်းတော့ ကွဲပြားပါတယ်။

‘ပဋိပက္ခချီလား’

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ပြောခဲ့တာကို ပြန်သတိရသွားပြီး အနာဂတ်ကို ခရီးနှင်ချင်လာပါတယ်။ ဟန်ကျွယ် အတွေးရေယာဉ်ထဲမှာ မျောပါနေတုန်းမှာပဲ ဝတ်ရုံဖြူဗုဒ္ဓရဲ့အသံကို ရုတ်တရက် ကြားလိုက်ရပါတယ် “စီနီယာ… ခဏလောက် အပြင်ထွက်လာလို့ရမလား”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင် ဘာလာလုပ်ပြန်ပြီလဲ’ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို ထွက်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တောအုပ်ဆီရောက်လာပြီး ဝတ်ရုံဖြူဗုဒ္ဓနဲ့ တွေ့ဆုံပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ မရှိတော့ကတည်းက ဝတ်ရုံဖြူဗုဒ္ဓဟာ ပိုပိုချောလာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset