ပိုင်ရှောင်ချန်းအပါအဝင် ဓမ္မစောင့်ရှောက်သူဆယ်ဦးမှာ စုန့်ကျင်းဝမ်၏ စကားကြောင့် အမူအရာအမျိုးမျိုးဖြစ်သွားကြသည်။ စုန့်ချွဲအတွက်မှာမူ သူက မအီမသာဖြစ်သွားသော်လည်း ထိုသည်က လွဲပြီး များများစားစား မပြောင်းသွားပေ။ စုန့်မျိုးနွယ်စုထဲ၌ သူ၏ ရာထူးအဆင့်အတန်းကြောင့် သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲ အကြောင်းကို လူတကာထက် ပိုသိလေသည်။
ထို့ပြင် သူသာ ကောင်းတာအိုအခြေခိုင်မာခြင်းအဆင့်ရောက်ရန် မကျရှုံးခဲ့လျှင် ယခုသွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲကို ဦးဆောင်နေသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း သူက ရွှယ်မေ့၏ ပြိုင်ဘက်မဟုတ်သောကြောင့် စုန့်မျိုးနွယ်စုက စုန့်ကျင်းဝမ်ကို မျိုးရိုးစဥ်ဆက် ဆက်ခံလာခဲ့သည့် အလယ်တောင်ထိပ်သွေးသခင်နေရာအတွက် ယှဥ်ပြိုင်ရန် ရွေးချယ်ခဲ့သည်။
ထိုကဲ့သို့ကိစ္စများဖြစ်ပျက်သွားသောကြောင့် စုန်ချွဲက စုန့်မျိုးနွယ်စု အကြီးအကဲများစွာ၏ အဆိုးမြင်ခံရလေသည်။ တဖန် ညမုဆိုးနာမည်ကြီးလာခြင်းပင် သူ့အပေါ် ဖိအားအများကြီး သက်ရောက်စေသည်။ စုန့်ကျင်းဝမ်က ညမုဆိုးကို ကူညီရန် လာရောက်စေခြင်းမှာ အမှန်တကယ် တွေးတောစရာပင်။စုန့်ချွဲက အတွေးများစွာဖြင့် ကျန်ခဲ့သည်။
စုန့်မျိုးနွယ်စုက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် နက်ရှိုင်းသော အဆက်အသွယ်များရှိပြီး သွေးမျိုးဆက် အဖွဲ့ဝင်များစွာလည်း ရှိသည်။ စုန့်ချွဲက ယခုသွေးမျိုးဆက်၏ အဓိကဆက်ခံသူဖြစ်သော်လည်း သူကျရှုံးမည်ကို မျှော်လင့်စောင့်စားနေကြသည့် လူများစွာရှိလေသည်။ သို့မှသာ သူတို့က သူနေရာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
သူက သူ့အတွက်သူ လမ်းရှင်းဖို့လိုလေသည်။သူ့မှာ ရှိရှိသမျှအရာအကုန်လုံးကို ထုတ်သုံးပြီး သူ၏ အဒေါ်အသေအချာ အောင်မြင်ရန်အတွက် ရေကုန်ရေခမ်းကြိုးစားရမည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့်သာ သူက မည်မျှတန်ဖိုးရှိကြောင်း သက်သေပြနိုင်လေမည်။ ထိုအရာက နောင်အနာဂတ်တွင် သူ့အဒေါ်ကို အနိုင်ယူပြီး သွေးသခင်နေရာရရန်အတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။
ထို့ကြောင့် ညမုဆိုးအား စက်ဆုပ်ရွံရှာနေမှုကို ချုပ်ထိန်းလိုက်လျက် စုန့်ကျင်းဝမ်စကားပြောပြီးနောက် သူက ပထမဆုံးစကားပြောလိုက်သည်။
“သွေးမြေရိုင်းထဲမှာ အောင်မြင်မှုကို ရရှိဖို့အတွက်ဆို ဘာပဲ ပေးဆပ်ရ .. ပေးဆပ်ရ… ကျုပ် အစွမ်းကုန်တိုက်မယ်။ ပြီးတော့ အဖွဲ့သားအချင်းချင်း တိုက်ခိုက်ခြင်းကို လုံးဝ ခွင့်မပြုနိုင်ဘူး။ မဟာအကြီးအကဲခင်ဗျား.. ..သက်သက်သာသာပဲနေပါ.။ တကယ်လို့ တစ်ယောက်ယောက်က ပြဿနာစရှာလို့ကတော့ အပြင်ဘက်ကို အသက်ရှင်လျက်ပြန်ရောက်ရင် ကျုပ် သူ့ကို သေရတာထက်ဆိုးတဲ့ အသက်ရှင်ရခြင်းက ဘာလဲဆိုတာကို သင်ပေးလိုက်မယ် ”
စုန့်ချွဲ၏ မျက်လုံးများက စူးရှရှအလင်းဖြင့် တောက်ပနေပြီး သတ်ဖြတ်လိုစိတ်အခိုးအငွေ့များနှင့် ပြည့်နေလေသည်။
အခြား ဓမ္မစောင့်ရှောက်သူများအတွက်မူ ရွေးချယ်စရာ အနည်းငယ်သာကျန်ခဲ့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကျင့်ကြံသူများက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေရခြင်းကို လွန်စွာ နှစ်ခြိုက်လေသည်။ သို့သော် ယခုအခြေအနေတွင်မူ ရှုံးသည်နှင့် အကုန်လုံးသေလိမ့်မည်။ ထို့ကြောင့် အဖွဲ့တစ်ခုအနေဖြင့် စုပေါင်းပြီး ရန်သူကို တိုက်ခိုက်ရမည်ဖြစ်သည်။
တခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဓမ္မစောင့်ရှောက်သူများက စတင်စကားပြောတော့သည်။
“မဟာအကြီးအကဲ .. ခင်ဗျား ကတိ ခင်ဗျားတည်နေသရွေ့ ကျုပ် အသက်စွန့်ဖို့ ဝန်မလေးဘူး”
” စုန့်မျိုးနွယ်စုက ကောင်းကောင်း ဆက်ဆံထားတာမလို့ ကျုပ်ပြန်ကျေးဇူးဆပ်မယ်”
သူတို့က ဘေးတွင်ရပ်နေသည့်လူများကို သတိပင်မထားကြတော့ချေ။
ပိုင်ရှောင်ချန်းက စတင် စိတ်လှုပ်ရှားလာပြီး စုန့်ကျင်းဝမ်က သူကို တစ်ပတ်ရိုက်လိုက်သည်ဟုပင် ခံစားလာရသည်။ နတ်မီးလျှံစမ်းသပ်ပွဲက အန္တာရာယ်များလိမ့်မည်ဟု သူ သတိထားမိသော်လည်း သူထင်သည်ထက်ပို၍ ဒုက္ခ များလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်မကူးခဲ့ဖူးချေ။ တစ်ဖွဲ့လုံးသာ ကျရှုံးပါက သူသေသွားမည်ဖြစ်သည်။
သူက သက်ပြင်းကြိတ်ချနေပါသော်လည်း သူ့ကို တစ်ဖွဲ့လုံးက ကြည့်နေသည်ဟု ရုတ်တရက် သိလိုက်လေသည်။ တုံ့ဆိုင်းနေခြင်း အလျဥ်းမရှိပဲ သူက ဝင့်ကြွားစွာ ခေါင်းကို နောက်လှန်လိုက်ပြီး သူ၏မျက်လုံးထဲ၌ သွေးအေးရက်စက်မှုများဖြင့် တောက်ပနေစေလျက် သူက ပြောသည်။
“ကျင်းဝမ်အတွက်ဆိုလို့ကတော့ ဓားတောင်ကိုပဲ ကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရ ၊ ကျုပ်လုပ်မယ် ”
အခြားဓမ္မစောင့်ရှောက်သူတို့၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး စုန့်ချွဲက အံကြိတ်လိုက်သည်။ သို့သော်လည်း သူက ရွေးချယ်စရာ မရှိသည့်အတွက် ညမုဆိုးကို မုန်းတီးနေမှုအား မြိုသိပ်လိုက်ရသည်။ အေးစက်စက် နှာမှုတ်လိုက်ပြီး သူက အကြည့်လွှဲလိုက်၏။
စုန့်ကျင်းဝမ်က ပိုင်ရှောင်ချန်းကို အားတုံ့အားနာ ကြည့်လိုက်သော်လည်း နှစ်သိမ့်စကားတစ်ခွန်းမပြောပေ။ ထိုအစား သူမက နောက်ဆုံး သတိပေးချက်အား ကြေညာလိုက်သည်။
“မင်းတို့ အထူးဂရုစိုက်သတိထားရမယ့် လူသုံးယောက်ရှိတယ်။ သူတို့က ရန်ဟုန်ဝူ၊ ရှောင်ချင်း နဲ့ ကျန်းယွမ်ရှန်းတို့ပဲ ။ အဲဒီလူသုံးယောက်ထဲက ရန်ဟုန်ဝူ နဲ့ ကျန်းယွမ်ရှန်မှာ စွမ်းအားကြီးမှော်ပစ္စည်းတွေရှိတယ် ။ ရှောင်ချန်းကတော့…” သူမ၏ အမူအရာမှာ ရုတ်ခြည်း စိုးရိမ်ပူပန်သွား၏။
” သူက အမြုတေအဆင့်ကို ရောက်သင့်နေတာကြာပြီ။ ဒါပေမယ့် မရောက်ခဲ့ဘူး။ အရင်က ခေါင်းဆောင်ကြီးအတုမဲ့ရဲ့ ကိုယ်ရံတော်အဖြစ်ဆောင်ရွက်ခဲ့ဖူးတယ် ”
ထို့နောက် သူမက ကျင့်ကြံသူသုံးယောက်အဖွဲ့အကြောင်း အသေးစိတ်ကို ဆက်လက်ပြောပြနေသည်။
ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုမှာ မြင့်တက်လာနေသည်။ စုန့်ကျင်းဝမ်စကားပြောပြီးသည်နှင့် တချိန်တည်းမှာပင် ရွှယ်မေ့ကလည်း သူမ၏ သတ်ဖြတ်လိုစိတ်များတောက်လောင်နေသည့် ဓမ္မစောင့်ရှောက်သူများကို ရှင်းပြနေသည်ခြင်းကိစ္စ ပြီးဆုံးသွားသည်။ ထိုလူများက ပိုင်ရှောင်ချန်းနှင့် သူ့ပတ်လည်ရှိ လူများကို စိန်းစိန်းဝါးဝါး ကြည့်နေကြသည်။
ထုံးစံအတိုင်း စုန့်ချွဲကလည်း ထိုနည်းတူ ကြည့်နေပြီး ပိုင်ရှောင်ချန်းမှာ အားရကျေနပ်စွာ ထိုလူတို့ကို ပြန်စိုက်ကြည့်လိုက်လေသည်။။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာပင်လျှင် သူက ထိုကဲ့သို့ အကြည့်ချင်းပြိုင်ပွဲများ ဆင်နွှဲခဲ့ဖူးလေသည်။
“ဟင်းးး ဒီလိုပြိုင်ပွဲဆိုလိုကတော့ ဘယ်ကောင်မှ မကြောက်ဘူး ”
သူက မျက်လုံးပြုုးပြီး ပြန်ကြည့်နေစေကာမူ စုန့်ကျင်းဝမ် ဖော်ပြခဲ့သည့် လူသုံးယောက်အကြောင်းအား မတွေးမနေနိုင်ပေ။ အဖွဲ့ထဲတွင် သူတို့အား ရှာပြီးနောက် သူတို့၏ မျက်နှာပုံစံကို စွဲနေအောင် စိတ်ထဲတွင် အသေ မှတ်ထားလိုက်သည်။
သွေးမြေရိုင်းထဲ သူတို့နှင့် ထိပ်တိုက်တွေ့ပါက သော့အတွက် သွေးထွက်သံယိုတိုက်ခိုက်ရမည်ဖြစ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။
ရှေးဟောင်းသွေးလမ်း ဖြစ်သည့် တတိယမြောက်အဆင့်ကို လူခုနစ်ယောက်သာတက်ခွင့်ရှိလေသည်။ ထိုသို့တက်နိုင်သွားသော လူများက နောက်ဆုံးတွင် သွေးသခင်ဖြစ်လာမည့်သူကို အကြီးအကျယ်လွှမ်းမိုးနိုင်မည်ဖြစ်သည်။
ထိုအခိုက်တွင် ရွှယ်မေ့က အသက်ပြင်းပြင်းရှူလိုက်ကာ ပြော၏။
” ငါတို့ တံခါးဖွင့်သင့်ပြီမလား..စုန့်ကျင်းဝမ်”
သူမက ညာဖက်လက်ကို လေထဲ၌ ဝှေ့ယမ်းလိုက်ပြီး တောက်ပနေသော အနီရောင် အလင်းတစ်ခုက သူမ၏ လက်ဝါးတွင် ပေါ်လာသည်။ ၄င်းက သွေးရောင်အမိန့်လည်ဆွဲတစ်ခုပုံစံဖြင့် လေထဲသို့ ပျံဝဲသွားသည်။
ထိုအမိန့်လည်ဆွဲကို လူတိုင်း ချက်ချင်း အာရုံစိုက်လိုက်ကြသည်။ ပိုင်ရှောင်ချန်းပင်လျှင် အနီးကပ်ကြည့်လိုက်၏။ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့နှစ်ယောက်လုံးက ပထမဆင့်ကိုကျော်သွားနိုင်စေရုံသာမက ရှေးဟောင်းသွေးလမ်း ကို ဝင်ရောက်ရန် သော့တစ်ခုမှ မလိုစေသော ထိုကဲ့သို့အမိန့်လည်ဆွဲ များကို ပိုင်ဆိုင်လေသည်။
” ပိတ်ထားတဲ့ တံခါးနောက်မှာ နတ်မီးလျှံစမ်းသပ်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချပုံပဲ.. လူတိုင်းလဲ သိတယ်” သက်ပြင်းချလျက် သူက စုန့်ကျင်းဝမ်ကို လှမ်းကြည့်လိုက်သည်။ စုန့်ကျင်းဝမ်၏ မျက်လုံးများက အရောင်လဲ့သွားပြီး သူမက ညာဖက်လက်ကို ဆန့်တန်းလိုက်သောကြောင့် ဒုတိယ အမိန့်လည်ဆွဲက သူမလက်ဝါးထဲ ပေါ်လာသည်။
သွေးရောင်အလင်းစူးစူးများက အမိန့်လည်ဆွဲနှစ်ခုမှ ပြန့်ကားထွက်လာပြီး စင်မြင့်ပေါ်ရှိ လေထဲသို့ ပျံတက်သွားသည်။ အလင်းများထွက်လာသည်နှင့် အရာအားလုံးကို ကြက်သွေးရောင်လွှမ်းခြုံသွားပြီး တချိန်တည်းမှာပင် ဧရာမတံခါးကြီးပေါ်ပေါက်လာ၏။ ထိုတံခါးပွင့်လျှင်ပွင့်ချင်း ကောင်းကင်ပြိုလဲ၍ မြေပြင်ကွဲထွက်သွားစေသော တဒုန်းဒုန်းမြည်သံကြီးများ ဟိန်းသွားလေသည်။ သွေးရောင်အလင်းတန်းနှစ်ခုက စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့ထံ ပစ်လိုက်ပြီး သူတို့၏ အမိန့်လည်ဆွဲနှင့် ခန္ဓာကိုယ်ကို ပေါင်းသွားစေသည်။
“ဒုတိယအဆင့် စပြီ။ ငါ့နောက်လိုက်ခဲ့ကြ”
ထိုသို့ပြောပြီး စုန့်ကျင်းဝမ်က လေထဲသို့ ပျံသန်းသွားကာ စုန့်ချွဲက နောက်က နီးကပ်စွာ လိုက်သွားသည်။ ပိုင်ရှောင်ချန်းအပါအဝင် အခြားဓမ္မစောင့်ရှောက်သူများက စုန့်ကျင်းဝမ်ပတ်ပတ်လည်တွင် နေရာယူလိုက်ပြီးနောက် တစ်ဖွဲ့လုံးက ကြက်သွေးရောင်တံခါးကြီးထံ ဦးတည်သွားလိုက်ကြသည်။
သူတို့က ရွှယ်မေ့ထက် မြန်နိုင်သွားပြီး သူတို့ ဆယ့်တစ်ယောက်လုံး တံခါးထဲပျံသွားသည့်အချိန်တွင် ရွှယ်မေ့နှင့် အပေါင်းအဖော်တို့က တံခါးထဲသို့ အလင်းတန်းများအသွင်ပြောင်းကာ နောက်မှ အရှိန်မြှင့်လာကြသည်။
မကြာမီ တစ်ယောက်မှ စင်မြင့်တွင် မတွေ့ရကြတော့ချေ။ သွေးတံခါးကြီးမှာ တဖြေးဖြေးပျောက်ကွယ်သွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်း လုံးလုံးမရှိတော့ပေ။
သွေးမြေရိုင်းမှာ သူ့နာမည်အတိုင်းပင်။ ၄င်းက အလွန်ကျယ်ပြောသော သဲကန္တာရကြီး တစ်ခုဖြစ်ပြီး ကြက်သွေးရောင်သဲပွင့်၊ သဲကြမ်းများဖြင့် ပြည့်နှက်နေသည်။ ဝေ့ကြည့်လိုက်ပါက ၄င်းက ဖုန်ဆိုးနယ်မြေတစ်ခုဖြစ်ပုံရလေသည်။
လေပူများက တဝေါဝေါ ထန်နေလျက် သဲမှုန်များက နေရာတိုင်းတွင် လွင့်ပျံနေသည်။ ၄င်းက တိတ်ဆိတ်ခြောက်ကပ်နေကာ လုံးဝစိတ်ပျက်ဖွယ်စရာကောင်းလေသည်။
ကန္တာရသဲများ၏ ဝေ့ဝဲတိုက်ခတ်နေသော သေမင်းလေပြည်ကြောင့် ယခင်သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲ၌ သေဆုံးသွားသူများ၏ အကြွင်းအကျန်များဖြစ်သော အရိုးဖြူဖြူများက တစ်ခါတရံပေါ်လာသည်။
ပိုင်ရှောင်ချန်းမှာ နေရာအနှံ့ သေမင်းတရားအငွေ့အသက်များလှိုင်နေသည်ကို ချက်ချင်း ခံစားမိလိုက်သည်။ ထို့နောက် အနီးရှိ အရိုးခြောက်တစ်ခုကို မြင်လိုက်ပြီး သူ၏မျက်လုံးအိမ် ကျဥ်းမြောင်းသွားသည်။
သူတစ်ယောက်သာ ထိုကဲ့သို့ ဖြစ်သွားခြင်းမဟုတ်ပေ။
“အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ပြီးကျရင် ပထမဆုံးသော့ပေါ်လာလိမ့်မယ်” စုန့်ကျင်းဝမ်ကပြောသည်။
” သော့တစ်ချောင်း ပေါ်လာတဲ့အချိန်တိုင်း သူက အလင်းတိုင်ကြီးတစ်ခုကို ကောင်းကင်ပေါ်လွှတ်တင်ပေးလိမ့်မယ် ။ အလင်းတိုင်က သော့ကို မရမချင်းပျောက်သွားမှာ မဟုတ်ဘူး ”
“အားလုံး လူစုခွဲကြ။ ပထမအလင်းတိုင်ပေါ်လာရင် အဲ့နေရာကို သွားကြ။ မှတ်ထားမယ်နော်.. သော့ရဖို့အတွက် အချင်းချင်းတိုက်ဖို့ တားမြစ်ထားတယ်။ သော့ပထမဆုံးရတဲ့သူကို ကျန်တဲ့သူတွေက ကာကွယ်ပေးရမယ်”
“ငါက ရွှယ်မေ့ကို မျှားခေါ်သွားမယ် ။ အဲ့မိန်းမက ကောက်ကျစ်တာကြောင့် ရှေးဟောင်းသွေးလမ်း ပေါ်လာတဲ့အထိမစောင့်ပဲ မင်းတို့ကို သတ်ဖို့ ကြိုးစားမှာ ။ သူက ဒီနေရာမှာ အသေအချာ တိုက်မှာ..။ အေး…ငါ့ကို သတ်ဖို့တောင်မှ သူရဲ့ဓမ္မစောင့်ရှောက်သူတွေကို မှာထားလောက်တယ်”
“အဲဒီလို သူ မလုပ်ရင်တောင်မှ ငါသူ့ကို ထောင်ချောက်ဆင်မယ် ။ သူ့မှာ အစီအစဥ်ရှိရင်တော့.. အေး… ဘယ်လိုဖြစ်မလဲဆိုတာ အံ့သြသွားစေရမယ်။ နောက်ဆယ့်လေးနာရီကတော့ မင်းတို့ ဓမ္မစောင့်ရှောက်သူတွေပေါ် မူတည်တယ်” ထိုသို့ပြောပြီး သူမက ပျံထွက်သွားလေသည်။
ခပ်လှမ်းလှမ်းရောက်သည်နှင့် သူမက အရပ်မျက်နှာတစ်ခွင်ကို ပျံ့သွားသည့် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
” ရွှယ်မေ့… ထွက်လာပြီး ငါ့ကို တိုက်ရဲလား”
ပိုင်ရှောင်ချန်းတို့အဖွဲ့နှင့် မလှမ်းမကမ်း၌ ရွှယ်မေ့နှင့် သူမ၏ အဖွဲ့က ပေါ်လာသည်။ သူမက စုန့်ကျင်းဝမ်၏ အသံကို ကြားသောအခါ သူမမျက်လုံးတို့က သွေးအေးရက်စက်သွားလေသည်။
“ငါ့ကို စိတ်မပူနဲ့” သူမက သူမ၏လူတွေကို ပြောလိုက်သည်။
” မင်းတို့ သော့သွားယူကြ။ ငါက စုန့်ကျင်းဝမ်ကို ထိန်းမယ်” ထို့သို့ပြောပြီး သူမက စုန့်ကျင်းဝမ်ထံ ဦးတည်ပျံသွားသည်။
တခဏမျှသာကြာပြီးသော် သူတို့၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များ တဝင်းဝင်းတောက်လောင်လျက် တစ်ယောက်နှင့်တစ်ယောက်နီးကပ်နေကြသည်။ ခေါင်းဆောင်ကြီးအတုမဲ့နှင့် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးတို့၌ သဘောတူချက်တစ်ခုရှိခဲ့သည်။ စုန့်ကျင်းဝမ်က ကျင့်ကြံခြင်းအခြေခံပို၍ မြင့်သော်လည်း တန်ခိုးကြီး အဖိုးထိုက်တန်သော ရတနာများမရှိပေ။ ရွှယ့်မေမှာမူ သူမ၏ ကျင့်ကြံခြင်းအခြေခံက သိပ်မမြင့်သော်ငြား သူမ၌ အဖိုးတန်ရတနာများရှိပြီး မြေစီးကြောင်းအခြေခိုင်မာခြင်း၏အထွတ်အထိပ်တွင် ဖြစ်လေသည်။ ထို့ကြောင့် သူမတို့နှစ်ဦးမှာ တန်းတူနီးပါးပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သောတိုက်ပွဲစဖြစ်နေလေပြီ။
သူတို့နှစ်ဦး စတိုက်သည်နှင့် တအုန်းအုန်း တဒိုင်းဒိုင်းအသံများ ကောင်းကင်တွင် ပြည့်နှက် သွားပြီး အရပ်မျက်နှာတစ်ခွင်သို့ ထစ်ခြုန်းမြည်ဟည်းနေသည်။
အခြားသူများက လေးလေးနက်နက်ရပ်ကြည့်နေကြသည်။ စုန့်ချွဲမှာ စုန့်ကျင်းဝမ်၏ ရဲစွမ်းသတ္တိအား အမှန်တကယ်အံ့အားသင့်သွားသည်။ သို့စေကာမူ ခဏမျှသာတုံ့ဆိုင်းနေပြီးနောက် သူ၏ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ပြီး ပျံသွားသည်။တခြားသူများလည်း စုန့်ကျင်းဝမ်ကို လေးစားစိတ်များ တဖွားဖွားပေါ်လျက် နောက်ကထပ်ကြပ်မကွာလိုက်သွားကြသည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖြတ်ဖြတ်ခတ်ပြီး စုန့်ကျင်းဝမ်ကို ကြည့်မိသည်။ထို့နောက် သူလည်း လမ်းကြောင်းတစ်ခုကို ခပ်မြန်မြန်ရွေးချယ်လိုက်ပြီး လှစ်ခနဲ ပျံသွားလေသည်။
” စုန့်ကျင်းဝမ်က ရွှယ်မေ့ကို တိုက်ဖို့ သူ့ကိုယ်သူ ဓားစာခံအဖြစ်ထားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..။ ဒီဟာအတွက် သူတော်တော် ပြင်ထားပုံပဲ ။ ဒါပေမယ့် ရွှယ်မေ့ကလည်း တော်ရုံ မဟုတ်ဘူး ။ ထင်ရသလောက်တော့ ဒုတိယအဆင့်က နိုင်ဖို့မလွယ်ဘူး။ အဲ့ဘွားတော်နှစ်ယောက်က တစ်ယောက်ယောက် ရှုံးသွားတာကို ခံစားဖို့လောက်ပဲ လုပ်နေတာလို့ ငါလောင်းရဲတယ်”
ခေါင်းတခါခါနှင့် သူက အရှိန်မြှင့်လိုက်ပြီး မည်သည့်အခြေအနေမျိုးပင်ဖြစ်စေ ပထမဆုံးသော့အတွက် ကြိုးစားမတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးလေသည်။
“ပထမဆုံးသော့အတွက် တိုက်ကြစမ်းကွာ။ ဂရုမစိုက်ဘူး။ အဲ့သော့ကို ရတဲ့ ဘယ်သူဖြစ်ဖြစ် နောက်ဆုံးအချိန်အထိ အသည်းအသန်ရုန်းကန်နေရမှာ ” မြေခဓားကမ္ဘာကဲ့သို့ ဤနတ်မီးလျှံစမ်းသပ်ပွဲက မပြင်းထန်သော်လည်း ၄င်း၌ အချိန်အကန့်အသတ်ရှိလေသည်။ ထို့ပြင် သေခြင်းတရား၏ ခြိမ်းခြောက်သံက လူတိုင်းခေါင်းထဲတွင် မြည်ဟည်းနေသည်။ တိုက်ခိုက်ခြင်းကြောင့် သွေးမြေကျကာ အစုလိုက်အပြုံလိုက်သေဆုံးခြင်းဖြင့်သာ အဆုံးသတ်မည်မှာ အသေအချာပင်။
“ဟမ်း.. သော့ရတဲ့သူ ဘယ်သူဖြစ်ဖြစ် ကံဆိုးမိုးမှောင်ကျမှာပဲ ။ မဟုတ်သေးဘူး… နေစမ်းပါဦး… ဆိုးတာတောင် မဟုတ်တော့ဘူး ကြောက်ခမ်းလိလိကံကြမ္မာနဲ့ ကြုံရတာပဲ ” သူကအရှိန်မြန်မြန်သွားနေလျက် အနီးအနားတွင် အန္တရာယ်ကင်းစွာရှောင်နေနိုင်မည့် အကောင်းဆုံးနေရာကို ရှာနေလေသည်။ ထိုအချိန်တွင် ရုတ်တရက် သူ၏ ခေါင်းတည့်တည့်တွင် သွေးရောင်အလင်းတစ်ခုပေါ်လာ၏။
” ဘာကြီးလဲဟ ” သူက နောက်ဆုတ်ပြီး ပြောလိုက်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုအလင်းအားကပြင်းလွန်းသဖြင့် သူ၏ မျက်လုံးများ ပင် အောင့်လာလေသည်။ ထို့နောက် ၄င်းက တိုင်ကြီးတစ်ခုအသွင်ပြောင်းသွားပြီး ကောင်းကင်အထိထိုးတက်သွားလေသည်။