အခန်း ( ၂၃ )

ယင်းသည်လည်း ဆရာတူအစ်ကို၏ အစီအစဉ်လော

လီချန်ရှို့သည် သူ့အရှေ့ရှိ အခွံနီးပါးဖြစ်နေသည့် သိုလှောင်ဓမ္မအဆောင် ( ၁၃ ) ခုအား ကြည့်ကာ မျက်ခုံးပင့်သွားရသည်။ သူသည် ပြင်းထန်သည့် မုန်တိုင်းတစ်ခု စတင်လာသည့် လေသံဖြင့် မိမိကိုယ်ကို ပြောနေဟန် ဆိုလိုက်သည်။

“ ငါ့ဆရာတူညီမလေးက အသုံးအဖြုန်းကြီးတဲ့သူပဲ။ လူသာမန်လောက်ပဲ အစွမ်းရှိတဲ့ ပုစွန်မိစ္ဆာတွေနဲ့ တိုက်ရတာတောင် ငါ သူ့အတွက် ပြင်ပေးထားတဲ့ အဆိပ်မှုန့်တွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကို သုံးပစ်လိုက်တာပဲ။ အဲ့လောက်ပမာဏဆိုရင် အင်အားကြီး လူသားစစ်သည် (၁၀၀,၀၀၀) လောက်ကို သတ်ပစ်လို့ရတယ်… ”

လန်လင်းအယ်သည် သူ၏ရှေ့ရှိ ဆုတောင်းဖျာပေါ်တွင် ဒူးထောက်နေပြီး ပါးပြင်ထက်တွင်လည်း မျက်ရည်စီးကြောင်းနှစ်ကြောင်း စီးကျနေလေသည်။ ဆရာတူအစ်ကို၏ အပြစ်ပေးခြင်းမှ လွတ်ရန် သနားစဖွယ်မကောင်းကောင်းအောင် လုပ်ပြနေလေသည်။

လီချန်ရှို့သည် အိတ်တစ်အိတ်အား ကောက်ယူကာ နှုတ်ခမ်းတွန့်၍ ပြောလိုက်သည်။

“ ညီမလေးက အရှေ့ပင်လယ်မှာ စွမ်းအားကြီးမိစ္ဆာတွေကိုများ သွားနှိမ်နင်းလာရတာလား ”

“ ဟင်း…အစ်ကိုပဲ ညီမအန္တရာယ်ကြုံလာရင် သုံးဖို့ပြောလိုက်ပြီးတော့။ အဲ့ ပုစွန်မိစ္ဆာတွေ သတ်တာခံရတော့မလို့ နည်းနည်းပဲလိုတယ်…သိရဲ့လား။ အဲဒါကြောင့် အဆိပ်မှုန့်တွေကို သတိလက်လွတ်သုံးမိသွားတာပါ ”

လီချန်ရှို့၏မျက်နှာထားသည် မည်းမှောင်သွားသည်။

“ အဲ့အဆိပ်မှုန့်မျိုး ကိုးပုလင်းတောင် ထည့်ပေးလိုက်တာပါ ”

“ ဟွန်း သေမလိုဖြစ်တာ တစ်ကြိမ်တည်းလို့ ဘယ်သူက ပြောလဲ… ”

လန်လင်းအယ်သည် နှုတ်ခမ်းလေးကိုကိုက်ကာ ဆက်၍ငိုနေပြီးနောက် မကျေမနပ်ဟန်ဖြင့် ဆက်၍ပြောပြန်၏။

“ စိတ်မဆိုးပါနဲ့ အစ်ကို … အဲဒါတွေဖော်ဖို့ အစ်ကိုအားစိုက်ထားရတာတော့ သိပါတယ်။ ဒါပေမဲ့ ညီမလေးလည်း တမင်ဖြုန်းလာတာမှ မဟုတ်တာ အဟင့်… ”

လီချန်ရှို့သည် ဆရာတူညီမလေး၏ ထိုကဲ့သို့ ပုံစံအား တွေ့ရသောအခါ မဆူရက်တော့ချေ။

သူသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ အားစိုက်ရတာက မပြောပလောက်ပါဘူး။ ပါဝင်ပစ္စည်းတွေက ရှာရမလွယ်တာ။ တုနတ်ဝိဇ္ဇာဂိုဏ်းမှာ အဆိပ်ဆေးလုံးတွေ ဘယ်လိုဖော်ရမလဲဆိုတာသိတဲ့သူ နည်းနည်းပဲရှိတယ်။ အစ်ကိုက ကိုယ့်လစဉ်အသုံးစရိတ်ထဲက နည်းနည်းချင်းဆီဖဲ့ပြီး အဲ့ပစ္စည်းတွေနဲ့ လဲထားရတာ ”

“ ဆရာတူအစ်ကို … ညီမလည်း အဲဒါကို စဉ်းစားမိပါတယ် ”

လန်လင်းအယ်သည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ သေးသွယ်သောခါးတွင်ပတ်ထားသည့် ခါးစည်းကို ဖြည်လိုက်သည်။ ထို့‌နောက် ၎င်းအတွင်းမှ ရိုးရှင်းသည့် သိုလှောင်ဓမ္မအဆောင် ခုနှစ်ခု၊ ရှစ်ခုအား ထုတ်ယူလိုက်သည်။

“ ဒါကြောင့် ဒီတစ်ခေါက်ညီမရတဲ့ ဆုတွေနဲ့ ဂိုဏ်းမှာတွေ့တဲ့ အဆိပ်ဆေးပင်တွေ အဆိပ်ဆေးတွေနဲ့ လဲလာခဲ့တယ်။ ညီမတို့ ဒီတစ်ခေါက် မရှုံးပါဘူး။ မြတ်တောင်မြတ်ဦးမယ်… ”

လီချန်ရှို့ ရယ်ရအခက်ငိုရအခက် ဖြစ်သွားသည်။ သူသည် သန့်စင်သောကျောက်မျက်နှစ်လုံးနှင့်တူသည့် သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများကို ကြည့်လိုက်ရာ ဝေ့လည်ကြောင်ပတ်လုပ်လိုသည့် အရိပ်အယောင်များအား တွေ့လိုက်ရသည်။

‘ ဒီကောင်မလေးကတော့… ’

“ တခြားဘာကိစ္စတွေများ ရှိသေးလဲ။ အစ်ကို စိတ်ကောင်းဝင်နေတုန်း အကုန်ပြောထားနော် … ”

လန်လင်းအယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရုတ်တရက် လက်နှစ်ဘက်အား မြှောက်လိုက်သည်။ သူမသည် အားအကုန်သုံးကာ ခေါင်းငုံ့၍ သူမ၏နဖူးနှင့် လက်ဖဝါးနှစ်ဘက်တို့ တစ်ပြိုင်တည်း ကြမ်းပြင်ဖြင့်ထိသည်အထိ ဦးညွှတ်ချလိုက်သည်။ ဆံပင်ရှည်များသည် သူမ၏မျက်နှာ တစ်ဖက်တစ်ချက်ဆီတွင် ကျသွားလေသည်။

သူမသည် အပြစ်အားဝန်ခံရန် ဦးညွှတ်ကန်တော့လိုက်ခြင်းပင်။

လန်လင်းအယ်သည် မျက်စိစုံမှိတ်၍ သတ္တိမွေးကာ အော်ပြောလိုက်သည်။

“ ဆရာတူအစ်ကို…လင်းအယ်အမှားပြုမိပါတယ်။ အစ်ကိုဖော်တဲ့ အဆိပ်မှုန့်ကို ဆရာဦးလေးနှစ်ယောက်က သတိထားမိသွားတယ်။ သူတို့က ညီမမှာရှိတဲ့ အပြင်းဆုံးအဆိပ်ပုလင်းတွေကို ယူသွားတယ်။ သူတို့ကိုဘယ်လိုငြင်းလိုက်ရမလဲ ညီမ မသိလို့ပါ။ အစ်ကိုက အဆိပ်ဖော်တဲ့နေရာမှာ ကျွမ်းတယ်ဆိုတာ ညီမ မတော်တဆ ဖော်မိသွားပြီ… ”

တဲအတွင်း အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လန်လင်းအယ်၏ ပုခုံးလေးများသည် တဆတ်ဆတ်တုန်ရီနေလေသည်။

သူမသည် ဆရာတူအစ်ကို ဆူမည်ကို ကြောက်ခြင်းမဟုတ်ပေ။ ဆိုရလျှင် ဆရာတူအစ်ကို ဒေါသပြေစေရန် သူ့အား ရိုက်ပင်ရိုက်စေလိုသည်။

သူမ သိသမျှသည် ဆရာတူအစ်ကို သင်ပေးထားခြင်းသာ ဖြစ်၍ သူ၏ အခြေခံနိယာမများကို သူမ သိလေသည်။ ထို့ကြောင့်ပင် သူမ တုန်လှုပ်နေခြင်းဖြစ်သည်။ လန်လင်းအယ်သည် ဆရာတူအစ်ကို သူမအား လျစ်လျူရှု၍ နောင်တွင်လည်း သူမအား အရေးမလုပ်တော့မည်ကို ကြောက်နေခြင်းဖြစ်သည်။

‘ ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ… ငါတော့သွားပြီ..သွားပြီပဲ။ ဒီတစ်ခေါက်တော့ အစ်ကိုက ငါ့ကိုလုံးလုံးစိတ်ပျက်သွားပြီ။ လန်လင်းအယ်…လန်လင်းအယ်… အပြင်လောကကိုထွက်ရုံရှိသေးတယ် ဘာလို့ဒီလောက် သတိလက်လွတ်နိုင်ရတာလဲ။ ကိုယ့်ကိုယ်ကိုလည်း သိုသိုဝှက်ဝှက်မနေဘဲ တခြားသူတွေရှေ့မှာ ဟန်ထုတ်ခဲ့သေးတယ်။ အခုတော့ ဂိုဏ်းကအကြီးအကဲတွေက နင့်ကိုသတိထားမိနေပြီ… ’

ဤလောကတွင် လန်လင်းအယ်သည် ဆရာတူအစ်ကို၏ အကျင့်စရိုက်များကို နားအလည်ဆုံးလူတစ်ယောက် ဖြစ်လေသည်။ လီချန်ရှို့သည် သူ့အရည်အချင်း(၉၀)ရာခိုင်နှုန်းအား ဝှက်ဖဲအဖြစ် ဖုံးကွယ်ထားနိုင်သူဖြစ်သည်။ အရာအားလုံးအနက် သိုသိုသိပ်သိပ်နေထိုင်ခြင်းအား အဓိကအ‌လေးပေးသူဖြစ်သည်။ သူသည် မလိုအပ်သော ကြမ္မာနှောင်ကြိုးများအား ရစ်ပတ်ခံမည့်သူ မဟုတ်ချေ။

လန်လင်းအယ်သည် ဆရာတူအစ်ကို ချစ်ခင်ကြင်နာဂရုစိုက်သည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်ပေသည်။ ထိုသို့ဂရုစိုက်ခြင်းသည်လည်း ဆရာတူသည့် အချက်ကြောင့်သာဖြစ်၏။ ထိုသို့မဟုတ်လျှင် ဆရာတူအစ်ကိုသည် သူမအား တစ်ချက်မျှပင် ကြည့်မည် မဟုတ်ပေ။

လန်လင်းအယ်သည် တရှိုက်ရှိုက်ဖြင့်ပြောလိုက်သည်။

“ ဆရာတူအစ်ကို… ညီမကိုရိုက်ချင်ရိုက်နိုင်ပါတယ်။ ဒါပေမဲ့ ညီမကိုတော့ လျစ်လျူမရှုလိုက်ပါနဲ့။ ညီမမှားမှန်း သိပါပြီ။ နောင်ဘယ်တော့မှ တခြားသူတွေရဲ့ရှေ့မှာ ဟန်မလုပ်တော့ပါဘူး… ”

လန်လင်းအယ်သည် သူ့ထံလာနေသော လက်တစ်ခု၏ပုံရိပ်အားတွေ့လိုက်ရ၍ မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်လေသည်။

လန်လင်းအယ်သည် ဂိုဏ်းသို့ဝင်စမှ ယနေ့အထိ တစ်ခါမျှ ရိုက်နှက်အပြစ်ပေးခြင်း မခံဖူးချေ။ သူမ၏ပထမဆုံး အကြိမ်သည် သူမ၏အစ်ကိုထံမှ အရိုက်ခံရခြင်းဖြစ်ပေမည်လော။

သူမအား ရိုက်လိုက်လျှင် ကောင်းသောအခြင်းအရာဖြစ်သည်။ အနည်းဆုံးတော့ သူမအား အပြစ်ပေးဖော်ရပေသေးသည်။

များစွာပူပန်မှုပေးသော လက်ကြီးသည် နောက်ဆုံးတွင် ရောက်ရှိလာပေပြီ။ သို့သော်လည်း ထိုလက်သည် သူမအား မရိုက်ပေ။ ထိုအစား သူမ၏နားရွက်ကိုသာ ဆွဲ၍ ဘယ်ညာလှည့်ကာ လိမ်လိုက်လေသည်။

“ အား…ဆရာတူအစ်ကို…ဖြည်းဖြည်း..အ..နာတယ်…နားတွေတော့ပြတ်တော့မှာပဲ… ”

“ ငါ့ကို အဲ့လိုလေသံနဲ့ မပြောစမ်းပါနဲ့။ ဆရာသာကြားသွားရင် ငါက တခြားဟာတစ်ခု လုပ်နေတယ် ထင်သွားဦးမယ်… ”

လီချန်ရှို့သည် နားရွက်လေးအားလွှတ်ပေးလိုက်ပြီး တည်ငြိမ်စွာပင်ပြောလိုက်သည်။

“ ထ … အဲဒါက အဲ့လောက်လည်း ပြဿနာမကြီးပါဘူး ”

လန်လင်းအယ်သည် ရုတ်ခြည်းပင် ခါးပြန်မတ်ကာထိုင်ပြီးနောက် ထ၍ရပ်လိုက်သည်။ ထိုလှုပ်ရှားမှုကလေးသည် သူမ၏သွယ်လျသော ခန္ဓာကိုယ်ကလေးကို ပေါ်လွင်သွားစေသည်။

သူမက ဆရာတူအစ်ကိုအား စိတ်လှုပ်ရှားဟန်ဖြင့်ကြည့်ကာ လေသံဖျော့ဖျော့ဖြင့်မေးလိုက်သည်။

“ ဆရာတူအစ်ကို…အစ်ကိုရဲ့ အရည်အချင်းတွေကို ဖုံးမထားတော့ဘူးလား။ ဂိုဏ်းနဲ့ထိပ်တိုက်တွေ့တော့မယ်ပေါ့… ”

“ ထိပ်တိုက်တွေ့မယ်…ဟုတ်လား… ”

နောက်ထပ်တစ်ကြိမ် လီချန်ရှို့ ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။

“ အစ်ကိုက ညီမအကြောင်းကို မသိဘူးလို့ ထင်လို့လား ”

“ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ညီမလေးကို အဲ့အဆိပ်မှုန့်တွေပေးလိုက်ကတည်းက ညီမအဲ့လိုလုပ်နိုင်တယ်ဆိုတာ ကြိုတွက်ပြီးသားပါ။ အမှန်တော့ အစ်ကိုက အဲ့အဆိပ်မှုန့်တွေကို ညီမ သုံးအောင် တမင်တကာ ပေးလိုက်တာ။ အစ်ကို့မှာ တခြား အရေးကြီးတဲ့ အကြံအစည် ရှိတယ် ”

“ လာပါ ထိုင်ပါဦး ”

“ ညီမဆီက အဆိပ်တွေယူသွားတဲ့ နှစ်ယောက်ထဲမှာ သုံးချောင်းထောက်ဆေးတောင်က ဆရာဦးလေး ဝမ်လင်းယွင် ပါတယ်မလား ”

“ အဲ့ဆရာဦးလေးက ဘယ်ဘက်ခြေထောက်မှာ ရောဂါတစ်ခုရှိလို့ ကြေးချိုင်းထောက်နဲ့ လမ်းလျှောက်နေရတယ်လေ။ ပြီးတော့ သူက အေးတိအေးစက်နဲ့။ ဒါပေမဲ့ သူများတွေနဲ့စကားပြောရင်တော့ တောင့်တောင့်ကြီး ပြုံးထားတတ်တယ်လေ… ”

‘ တမင်တကာ ငါ့ကို သုံးစေလိုက်တာ… တခြားအရေးကြီးအကြံအစည်…ဟုတ်လား… ’

လန်လင်းအယ် အံ့အားသင့်သွားသည်။

“ ဆရာတူအစ်ကို ဘယ်လိုသိတာလဲ။ ဟုတ်တယ် အဲ့ဆရာဦးလေးပဲ။ အစ်ကို မနေ့ညက ပြန်ရောက်တာ မဟုတ်ဘူးလား။ ညီမဆီက အဆိပ်မှုန့်ကို အရင်ဆုံးတောင်းတဲ့သူက ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲရဲ့ စီစဉ်သူ အကြီးအကဲကော ပဲ။ လွန်ခဲ့တဲ့နှစ်ရက်လောက်က နေ့လယ်လောက်ကြီး အဲ့ချိုင်းထောက်နဲ့ အဘိုးကြီးရောက်လာတာပဲ။ သူက ညီမကို ဆေးပင်တွေအများကြီးပေးပြီး အဆိပ်မှုန့်နဲ့လဲယူသွားတာပဲ။ ဆရာတူအစ်ကို …”

လန်လင်းအယ်သည် လျင်မြန်စွာသဘောပေါက်သွားပြီး ဆရာတူအစ်ကို၏ နက်ရှိုင်းသည့် မျက်ဝန်းများကို ကြည့်လိုက်သည်။ ထို့နောက်အံကြိတ်ကာ ပြောလိုက်လေသည်။

“ အဲဒါေတွအကုန် အစ်ကို ကြံစည်ထားတာတွေပဲပေါ့ …”

“ ဘာလို့ အစ်ကိုတို့နှစ်ယောက်ကြားမှာ အဲ့လိုတွေပြောနေရတာလဲ ညီမလေးရဲ့။ အစ်ကိုက ညီမကို ကာကွယ်ချင်ရုံပါ။ ညီမပိုသိလေလေ ပိုတာဝန်ကြီးလေလေဖြစ်မှာဆိုးလို့ပါ ”

လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပင် လက်ကို‌ဝှေ့ရမ်းကာ ပြုံးလိုက်သည်။

“ အစ်ကို ညီမကိုပေးလိုက်တဲ့ အဆိပ်မှုန့်က ဆေးပင်အမျိုးမျိုးရဲ့ ပမာဏတွေ အဆိပ်ပုံစံတွေနဲ့ တူအောင် သေချာဂရုစိုက်ပြီး ဖော်ထားတာပါ။ အဆင့်မြင့်ဖော်စပ်နည်းတွေ ဘာမှမပါပါဘူး။ တခြားသူတွေသိသွားလည်း ကိစ္စမရှိဘူး ”

“ တောင်ပေါင်းစုံက တပည့်တိုင်း ဖော်စပ်နည်းကို တာအိုကျမ်းစာတိုက် အပြင်ဆောင်ကနေရနိုင်တာပဲ။ ‌ဆေးပင်တွေကိုလည်း ပိုင်ဖန်ခန်းမကနေ ရနိုင်တယ်လေ ”

“ အခုက ဂိုဏ်းထဲမှာတင်မကဘူး ကျွန်းကြီးငါးကျွန်းလုံးက တခြားဂိုဏ်းတွေမှာလည်း အဆိပ်စွမ်းအားကို အထင်သေးကြတယ်။ သူတို့က အဲဒါကို ရှက်စရာကောင်းတဲ့အတတ်လို့ထင်တယ်။ အဆိပ်သုံးတဲ့သူတွေကိုလည်း လူရာမသွင်းဘဲ အထင်သေးကြတယ် ”

“ အဲဒါကြောင့် အစ်ကို အဆိပ်ဖော်တာ ကျွမ်းတယ်ဆိုတာသိသွားလဲ ဘာမှမဖြစ်ပါဘူး။ စောင့်ကြည့်နေတဲ့သူတွေရဲ့ အာရုံစိုက်ခံရမှာ မဟုတ်ဘူး။ အဲဒီအစား အစ်ကိုက လမ်းမှားနေတဲ့ သာမန်တပည့်တစ်ယောက်လို့ ထင်သွားကြမှာပဲ ”

လီချန်ရှို့သည် စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပါးနပ်သောအပြုံးတစ်စ လက်သွားလေသည်။

“ ပြီးတော့ အစ်ကို ညီမကိုပေးလိုက်တဲ့ အဆိပ်မှုန့်မှာ တာအိုကျမ်းစာတိုက်က အဆိပ်ကျမ်းမှာ ဖော်ပြထားတဲ့ ထူးခြားတဲ့ အဆိပ်တွေအများကြီးပါတယ်။ အဲ့အဆိပ်ကျမ်းကို ရေးတဲ့သူက အကြီးအကဲ ဝမ်လင်းယွင်ပဲ။ သူက အစ်ကိုတို့ တုနတ်ဝိဇ္ဇာဂိုဏ်းမှာ အဆိပ်အကြောင်း နားအလည်ဆုံးသူပဲ။ အခုကိစ္စကနေပြီးတော့ အဲ့အကြီးအကဲနဲ့ အဆက်အဆံရှိသွားမယ်ဆိုရင် အစ်ကို သူ့ဆီက အဆိပ်အကြောင်း ညွှန်ကြားပြသမှု နည်းနည်းရမယ်ထင်တယ် ”

“ ဆရာတူအစ်ကိုကတော့… ”

လန်လင်းအယ်သည် မကျေမနပ်ရေရွတ်လိုက်သည်။

“ အစ်ကိုရဲ့ အကြံအစည်တွေမှာ ဘာလို့ညီမလေးကို အသုံးချရတာလဲ။ အဲ့လိုဆိုလည်း ညီမကို ကြိုပြောထားသင့်တယ်မလား။ အစ်ကိုရဲ့ သိမ်မွေ့ချစ်စရာကောင်းတဲ့ ဆရာတူညီမလေးကို အသုံးချတယ်ပေါ့လေ။ အစ်ကိုက…သိပ်တရားလွန်တာပဲ…. ”

လီချန်ရှို့သည် သူမအား မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။

“ စကားလမ်းကြောင်းမလွှဲနဲ့။ အစ်ကိုတို့က ညီမ အဆိပ်ဆေးလုံးတွေ ဖြုန်းတဲ့အကြောင်း ပြောနေတာလေ။ အဲဒါအတွက် မှတ်လောက်သားလောက်ရှိအောင် အပြစ်ပေးရမယ်။ နောက်နေ့ကျရင် တောင်အနောက်ဘက်က တောမှာ မြေရှင်းဖို့ သစ်ပင်ခုတ်ရမယ်။ ပြီးတော့ ဓမ္မတန်ခိုးသုံးပြီးလည်း လုပ်လို့မရဘူး ”

“ ရတယ်လေ။ အဲ့လောက်‌တော့အပျော့ပဲ… ”

လန်လင်းအယ်သည် မျက်လွှာချကာ ပြောလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် နာခံသည့်အရိပ်အယောင်များ ရှိနေလေသည်။

နောက်ဆုံးတွင် သူမသည် အောင့်၍မထားနိုင်တော့ဘဲ မေးလိုက်လေသည်။

“ ဘာလို့ မြေရှင်းမှာလဲဟင် ”

“ ဆေးတွေနဲ့ အဆိပ်တွေဖော်ဖို့ ဆေးဖော်ဆောင် ဆောက်မလို့လေ။ ညီမလေးကနေပြီး အစ်ကိုက အဆိပ်ဖော်တာ ကျွမ်းတယ်ဆိုတဲ့အကြောင်း ဂိုဏ်းရဲ့အုပ်ချုပ်ရေးအဖွဲ့ကို အသိပေးလိုက်ပြီလေ။ သူတို့သိပြီးသွားပြီဆိုရင် အစ်ကိုတို့ ချုံတောင်လေးမှာ ဆေးတွေနဲ့ အဆိပ်တွေကို သဘာဝကျကျ၊ စနစ်ကျကျ ဖော်လို့ရပြီပေါ့။ အစ်ကို ထပ်ပြီး ခိုးကြောင်ခိုးဝှက်လုပ်စရာ မလိုတော့ဘူး ”

လီချန်ရှို့သည် စကားပြောပြီးသည်နှင့် ထရပ်လိုက်ပြီး ဆေးအိတ်များကို ကောက်ယူလိုက်သည်။ ထို့နောက် အကြောဆန့်ကာပြောလိုက်သည်။

“ အစ်ကိုတရားထိုင်ပြီးတဲ့ မွန်းတည့်လောက်ကျရင် ဆေးဖော်ဆောင် ဆောက်လို့ကောင်းမယ့်နေရာ ‌ရွေးပေးမယ် ”

“ ဆရာတူအစ်ကိုကတော့ ရှောင်ထွက်ဖို့လုပ်နေတာပဲ။ အစ်ကို့ရဲ့ နူးညံ့တဲ့ ဆရာတူညီမ‌လေးကို ဘယ်လိုတောင် သစ်ပင်ခုတ်ခိုင်းနိုင်ရတာတုန်း ”

လန်လင်းအယ်သည် လီချန်ရှို့၏ကျောပြင်အား ကြည့်ကာ စူပုတ်ပုတ်ဖြင့်ပြောလိုက်သည်။

“ အဲဒါက အပြစ်ဒဏ်ပဲလေ နူးညံ့တဲ့ ကျင့်ကြံသူလေးရဲ့ … ”

လီချန်ရှို့သည် တံခါးဝသို့ရောက်သောအခါ တစ်စုံတစ်ခုအား အမှတ်ရသွားသည်။ သူသည် အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းဘူးတစ်ဘူးကိုထုတ်၍ သူ၏ဆရာတူညီမလေးထံ ပစ်ပေးလိုက်သည်။

“ လက်ဆောင်လား… ”

လန်လင်းအယ်သည် စိတ်ဆိုးနေမှုအား ချက်ချင်းပင်မေ့သွားကာ ကျောက်စိမ်းဘူးလေးအား စိတ်လှုပ်တရှား ဖမ်းယူလိုက်သည်။

သူမသည် ဖွင့်ကြည့်ရန် ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုအား သတိရသွားသည်။ ဘူးလေးအား ဓမ္မတန်ခိုးဖြင့်ကိုင်၍ ခြေဆယ်လှမ်းခန့် အကွာသို့ ပို့လိုက်ပြီး အဝေးမှနေ၍ ဖွင့်လိုက်သည်။

သိမ်မွေ့သောရနံ့တစ်ခုသည် သူမ၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။ ကျောက်စိမ်းဘူးအတွင်း ပွင့်ဖတ်(၆)ဖတ်ပါသည့် အဖြူရောင်ပန်းတစ်ပွင့်ရှိလေသည်။

‘ ဟွန်း..ဆေးပင်ကြီးပဲ။ ရတနာတွေဘာတွေများလားလို့.. ’

လန်လင်းအယ်သည် ဆရာတူအစ်ကိုအား ကျိန်ဆဲရန်ပြင်လိုက်သော်လည်း သူသည် တဲအတွင်းမှ ထွက်ခွာသွားပြီဖြစ်သည်။ သူ၏ အတန်ငယ်နွမ်းနယ်နေသည့် အသံဩဩတစ်ခုသာ ကျန်ခဲ့လေသည်။

“ နောက်တစ်ခါ ညီမလေးရေချိုးရင် အဲဒီပန်းကို ရေနွေးနွေးထဲထည့်ချိုး။ အဲဒါက ပျိုမြစ်မှုကို ပိုတိုးစေလိမ့်မယ်။ ပြီးတော့ မျက်နှာကအဆိပ်အတောက်တွေကိုလည်း ဖယ်ပေးပြီး အားဖြည့်ပေးလိမ့်မယ်။ အသားအရည်လေး ကြည်သွားလိမ့်မယ်။ ကဲ မနက်ဖြန်မှတွေ့ကြတာပေါ့ ”

“ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို။ မနက်ဖြန်တွေ့ကြမယ် ”

ဟူး…

လန်လင်းအယ်သည် စိတ်အေးသွားဟန် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခုံပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ ပြုံးလိုက်လေသည်။

သူမ ဘေးကင်းကင်း ဖြတ်ကျော်နိုင်ခဲ့ပေပြီ။

ဆရာတူအစ်ကိုသည် သူမအား အလိုလိုက်သေးသည်။ လန်လင်းအယ်သည် အဆိပ်မှုန့်များအား ဖြုန်းတီးခဲ့သဖြင့် ကောင်းကောင်းအရိုက်ခံရပြီ တွေးထားပါသော်လည်း နားရွက်သာဆွဲလိမ်ခံရမည်ဟု မမျှော်လင့်ထားချေ။

ဆရာတူအစ်ကိုသည် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲအတွက် အသေးစိတ်မှစ၍ ကြိုတင်စီစဉ်ထားပြီး ဖြစ်နေပေသည်။

လန်လင်းအယ်သည် ယခုအထိ ဆရာတူအစ်ကိုသည် သူမအား မယုံကြည်သေးဟု ခံစားရသဖြင့် သိပ်၍ကျေနပ်ခြင်းမရှိပေ။

‘ ထားလိုက်ပါတော့။ ဆရာတူအစ်ကိုက အမြဲအဲ့လိုပါပဲလေ.. ’

ဆရာတူအစ်ကိုသည် ဆံပင်ညှပ်ပြီးလျှင် ထိုဆံပင်များအား မြူမှုန်မျှမကျန်သည်အထိ မီးရှို့ပစ်သည်။ ထို့ပြင် သူ၏ ညှပ်ထားသည့် လက်သည်းခြေသည်းများကိုလည်း အဆိပ်သုံးကာ လုံးဝပျော်သွားသည်အထိ အရည်ဖျော်ပစ်တတ်သည်။

ဆရာတူညီမလေး တမင်အရက်မူးအောင် သောက်သောအခါတွင်လည်း နတ်ဝိဇ္ဇာချုပ်သော့အား သုံး၍ သူမကို ကုတင်တွင် ချုပ်၍ထားတတ်သည်။

‘ အာ…ငါပြောတာ နည်းနည်းများသွားပြီ ’

လန်လင်းအယ် ရှက်သွေးဖြန်းသွားသည်။

‘ မနှစ်ကတော့ တမင်အမူးသောက်တာ မဟုတ်ပါဘူး…’

***

တဲအိမ်လေးသို့ ပြန်ရောက်သောအခါ လီချန်ရှို့သည် အိပ်ရာဘေးတွင် တရားထိုင်နေလိုက်သည်။ သူ၏စိတ်ကူးထဲတွင် ဆေးဖော်ဆောင်အား ဆောက်ရန် စတင်စီစဉ်နေသည်။

ယခင်က သူသည် ကိုယ်နှင့်မကွာဆောင်ထားသည့် သုံးချောင်းထောက်ဆေးချက်ဖိုအား အသုံးပြုခဲ့ပါသော်လည်း သူ လိုအပ်သည့်ဆေးများ ဖော်ရန်အတွက် မလုံလောက်ချေ။ ထို့ပြင် နတ်ဝိဇ္ဇာပျော်ဝင်ဆေးကဲ့သို့ စွမ်းအားကြီးဆေးများ ဖော်စပ်နိုင်ရန် ပိုကြီးပိုကောင်းသည့် သုံးချောင်းထောက်ဆေးချက်ဖို လိုအပ်ပေသည်။

ရှေးဦးစွာ သူသည် ဆေးဖော်ဆောင် ဆောက်ရမည်ဖြစ်သည်။ ထို့နောက် ပိုင်ဖန်ခန်းမသို့သွားရောက်ကာ ရင်းနှီးသည့် ဆရာဦးလေး၊ ဆရာ‌ဒေါ်လေးများ၏ အကူအညီယူရပေမည်။

သူသည် ပို၍ကောင်းသော သုံးချောင်းထောက်ဖိုများကို လိုချင်သော်လည်း မမျှော်လင့်ဝံ့ပေ။ ယင်းသည် သူ၏ကံတရားပေါ်တွင်မူတည်လေသည်။

အိုဟောင်းနေသော သုံးချောင်းထောက်ဆေးချက်ဖိုအစုတ်တစ်ခု ရလျှင်ပင် သူ့အတွက်‌ကောင်းနေပေပြီ။ သူသည် ထိုဖိုအား ပြန်လည်ပြုပြင်၍ အံ့ဖွယ်တစ်ခုအဖြစ်ပြောင်းလဲနိုင်မည်လော ကြည့်ရပေမည်။ အမှန်တွင် လီချန်ရှို့သည် ဆေးဖော်ဆောင် ဆာက်လုပ်ရန်စိတ်ကူးနေသည်မှာ နှစ် သုံးလေးဆယ်ရှိပေပြီ။ သူ ေတွဝေတွန့်ဆုတ်နေခဲ့ခြင်းသာ ဖြစ်ပေသည်။

ပုံမှန်အတိုင်း ထားရှိခြင်းသည် အကောင်းဆုံး ရုပ်ဖျက်မှုပင်ဖြစ်ပေသည်။

သူ၏ဆရာနှင့်အတူတကွ နေထိုင်ရာ နေရာအား လွှမ်းခြုံထားသည့် မန္တန်အစီအရင်မှစ၍ သူနှင့် သူ၏ ဆရာတူညီမလေး တဲအပြင်ရှိ မန္တန်အစီအရင်၊ ချုံတောင်လေးပတ်လည်ရှိ တောင်များ၊ ရေကန်များနှင့် သစ်ပင်များသည် အားလုံးသာမန်မျှပင် ဖြစ်သည်။

ဆေးဖော်ဆောင်ဆောက်ရာတွင် သူ၏ ဆေးချက်၊ အဆိပ်ဖော် ပညာရပ်များကို အခြားသူများ မသိရှိနိုင်စေရန် ဆေးဖော်ဆောင်၏ အတွင်းရော အပြင်၌ပါ ပြင်ဆင်မှုများလုပ်ရပေမည်။

လီချန်ရှို့သည် စတင်ကျင့်ကြံခဲ့သည့်အချိန်မှစ၍ သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်အား အဆင့်မြင့်ကျွမ်းကျင်သူများ သတိမထားမိစေရန် ဖုံးကွယ်ထား၍မရနိုင်ကြောင်း နားလည်ခဲ့သည်။ ထိုအစား ဖုံးကွယ်ထားခြင်းအား သိရှိသွားလျှင် ပို၍ပင် အာရုံစိုက်ခံရပေလိမ့်မည်။ ထိုအဆင့်မြင့်ကျွမ်းကျင်သူများ၏ စောင့်ကြည့်ခံရခြင်းသည် ကောင်းသည့် အခြင်းအရာတစ်ခု မဟုတ်ချေ။

တစ်နည်းဆိုရသော် ထိုသူတို့၏ သတိထားမိမှု မခံရလျှင် လီချန်ရှို့ထံတွင် မည်သည့်အခြေအနေဆိုးမျှ ဖြစ်လာမည် မဟုတ်ပေ။ အနည်းဆုံး ကိစ္စဆိုးများတွေ့ကြုံနိုင်မည့် အခွင့်အလမ်းနည်းပါးပေလိမ့်မည်။

“ ဆေးဖော်ဆောင်က ငါတို့နေတဲ့နေရာနဲ့ သိပ်ကပ်လို့ မဖြစ်ဘူး။ အဆိပ်အရောင်အဝါတွေ ထွက်လာရင်…”

လီချန်ရှို့သည် ကိုယ့်ကိုယ်ကို တီးတိုးပြောရင်း သူစာအုပ်များသိမ်းရန်သုံးသည့် သိုလှောင်ဓမ္မအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းအတွင်းမှ သိုးသားရေ အထပ်တစ်ထပ်အား ယူလိုက်လေသည်။

သိုးသားရေအပေါ်တွင် မန္တန်အစီအရင်များနှင့် အဆောက်အဦများ၏ ပုံစံအသေးစိတ်များ ရှိ၏။ ပုံတစ်ပုံချင်းစီတွင် ထပ်မံဖြည့်စွက်ပြင်ဆင်ထားမှုများလည်း တွေ့ရလေသည်။ အဟောင်းဆုံး သိုးသားရေချပ်အပေါ်ရှိ မှင်များသည်ပင် ပျောက်ကွယ်စပြုနေပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset