အခန်း ( ၂၃၈၅ )

လှည့်လည်သတ်ဖြတ်ခြင်း

ဒဏ္ဍာရီများအရ နတ်ဘုရားသင်္ချိုင်းကိုးခုကို နတ်ဘုရားကိုးပါးက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ အခြားဒဏ္ဍာရီများရဆိုလျှင် နတ်ဘုရားသင်္ချိုင်းမှာ ထိုနတ်ဘုရားများ ခေါင်းချအနားယူရာ နေရာဖြစ်သည်။ သို့သော် အမှန်တရားမှာ မည်သို့ပင် ဖြစ်စေကာမူ သေချာသည့်အချက်တစ်ချက်မှာ ထိုသင်္ချိုင်းကိုးခုသည် ရှေးဟောင်းနေရာများ ဖြစ်ကြပြီး ရှေးခေတ်က ဗိမာန်ကိုးခုအား အစွဲပြု၍ ၎င်းတို့ကို အမည်ပေးထားခြင်းဖြစ်သည်။ ထိုနာမည်များမှာ မီးသင်္ချိုင်း၊ ရွှေသင်္ချိုင်း၊ မြေသင်္ချိုင်း၊ နှင်းရေခဲသင်္ချိုင်း၊ အသက်ဓာတ်သင်္ချိုင်း၊ ဟင်းလင်းပြင်သင်္ချိုင်း၊ ကြယ်သင်္ချိုင်း၊ အသေင်္ချသင်္ချိုင်းနှင့် အချိန်သင်္ချိုင်းတို့ ဖြစ်ကြသည်။

ထိုဗိမာန်များထဲမှ ယခုအထိ တည်ရှိနေသေးသည့် ဗိမာန်များ၏ အဖွဲ့ဝင်များမှာ သူတို့၏ ဗိမာန်များနှင့် သက်ဆိုင်နေသည့် နယ်မြေများဆီသို့ သွားလေ့ရှိကြသည်။ မီးဗိမာန်မှ အဖွဲ့ဝင်များမှာ မီးသင်္ချိုင်းသို့ သွားကြပြီး ဟင်းလင်းပြင်ဗိမာန်မှ အဖွဲ့ဝင်များမှာ ဟင်းလင်းပြင်ဗိမာန်သို့ သွားကြသည်။

ဗိမာန်အဖွဲ့ဝင်မဟုတ်သော သူများကမူ သူတို့ရှာဖွေနေသည့် အရာနှင့် သက်ဆိုင်သော သင်္ချိုင်းများကို ရွေးချယ်ကြသည်။

ထိုသင်္ချိုင်းကိုးခုမှာ သီးခြားစီ ရှိကြပြီး ချီအမျိုးအစားအားလုံးကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့၏ နယ်နိမိတ်များမှာ စဉ်ဆက်မပြတ် ပြောင်းလဲနေကြ၏။

ထိုသင်္ချိုင်းကိုးခုမှာ စက်ဝိုင်းပုံသဏ္ဍာန်ရှိကြပြီး ၎င်းတို့အားလုံးတွင် ဘုံဖြစ်နေသည့် နယ်စပ်ဒေသတစ်ခု ရှိကြသည်။ ထိုနယ်စပ်ဒေသမှ အခြားသင်္ချိုင်းအားလုံးဆီသို့ သွားရောက်နိုင်ပါသော်လည်း ထိုနေရာမှာ အလွန်အန္တရာယ်များသည်။ အလွန်အစွမ်းထက်သည့် သူတော်စင်အနည်းငယ်မှလွဲ၍ အခြားမည်သူကမှ ထိုနေရာတွင် ကြာကြာမနေရဲပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ထိုနေရာသည် အမှတ်များရယူရန် အကောင်းဆုံးနေရာ ဖြစ်သည့်အပြင် အခြားသင်္ချိုင်းများဆီသို့ သွားနိုင်သည့် နေရာဖြစ်သောကြောင့်လည်း ဖြစ်သည်။

***

နတ်ဘုရားသင်္ချိုင်း၏ ညတစ်ညတွင် လမင်းကြီးမှာ ထိန်ထိန်သာနေ၏။ သင်္ချိုင်းများနှင့် နယ်စပ်ဒေသကြီးမှာ ငြိမ်းချမ်းနေကြသည်။

ထိုအချိန်တွင် လူတစ်ယောက်မှာ အဝေးသို့ လှမ်း၍ကြည့်နေ၏။

” မြေပုံထဲကအတိုင်းဆိုရင် အဲဒီတောအုပ်ကြီးကို ကျော်ပြီးရင် နယ်စပ်ဒေသဆီရောက်ပြီ။ အဲဒီနေရာက အရမ်းအစွမ်းထက်တဲ့ သူတော်စင်တွေ အများကြီးရှိနေပြီး ရှုပ်ယှက်ခတ်နေတဲ့ နေရာတစ်ခုလို့ ငါ ကြားထားတယ်။ သူတို့တွေက အမှတ်တွေရယူဖို့ အဲဒီနေရာကိုသွားရတာ နှစ်သက်ကြတယ် ”
လင်းဖန်က တွေးနေ၏။ မီးသင်္ချိုင်းကြီးမှာ အရွယ်အစား ကြီးမားလွန်းလှသဖြင့် လင်းဖန်က ခုနစ်ရက်ကြာပြီးမှ ယခုနေရာသို့ ရောက်လာခဲ့ရခြင်း ဖြစ်သည်။ သူသည် လမ်းတစ်လျှောက်တွင် နတ်ဘုရားသင်္ချိုင်း၏အကြောင်းနှင့် ပတ်သတ်၍ အမြောက်အမြား လေ့လာမိခဲ့သောကြောင့် ထိုရှုပ်ယှက်ခတ်နေသော နယ်စပ်ဒေသဆီသို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်၏ ကျင့်ကြံခြင်းအဆင့်ကို အတိုင်းသားမြင်နေရ၏။ သူသည် သူတော်စင်တစ်ပိုင်းဖြစ်သည်။ ထိုသို့မြင်နေရပါက အလွန် အစွမ်းထက်သည့် သူတော်စင်များမှာ အကျိုးရှိမည် မဟုတ်သောကြောင့် သူ့ကိုသတ်ရန် ကြိုးပမ်းကြမည်မဟုတ်ပေ။ သူတို့မှာ သူ့ကိုသတ်လျှင်လည်း အမှတ်ရမည်မဟုတ်ပေ။

လင်းဖန်မှာ ရှေ့သို့ဆက်သွားလိုက်သည်။ သူ၏ခြေသံများကို လုံးဝ မကြားနိုင်ပေ။ သူ၏ အာရုံခံနိုင်စွမ်းများမှာ စူးရှပြီး တိကျလွန်းသောကြောင့် သူသည် မြက်ပင်များနှင့် သစ်ပင်များ၏ လှုပ်ရှားမှုများကိုပင် အလွယ်တကူ အာရုံခံနိုင်စွမ်းရှိသည်။ မည်သည့်အရာကမှ သူ၏ အာရုံခံနိုင်စွမ်းထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

” ဘယ်သူတော်စင်ကမှ ငါ့ကို မတိုက်ခိုက်ဘူးဆိုရင်တောင် သတိထားဖို့တော့ လိုသေးတယ် ”
လင်းဖန်က တွေးနေ၏။ ထို့ကြောင့် သူသည် ဖြည်းညင်းစွာ တိတ်တိတ်ကလေး လမ်းလျှောက်နေ၏။

” လူတစ်ယောက် ရှိနေတယ် ”
လင်းဖန်မှာ သူ၏နောက်တွင် လူတစ်ယောက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ထိုလူ၏ တတိယမျက်လုံးပေါ်တွင် ‘ မီး ‘ ဟူသောစာလုံးကို ရေးထားသည်ဖြစ်ရာ သူသည် ဤသင်္ချိုင်းမှ ဖြစ်သည်။ ထိုလူကြီးသည် လင်းဖန်အား အန္တရာယ်မပြုနိုင်သောကြောင့် သူသည် ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားလိုက်သည်။

” ထူးဆန်းလိုက်တဲ့ သစ်ပင်ကြီးတစ်ပင်ပဲ ”
လင်းဖန်မှာ အကိုင်းအခက်နှင့် သစ်ရွက်များစွာ ရှိနေသည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကို သတိထားမိလိုက်သည်။ ၎င်းမှာ အလွန် တုတ်ခိုင်၏။ ထိုကဲ့သို့ လူသူနည်းပါးသော နေရာတွင် ထိုသစ်ပင်ကြီးမှာ အနှောင့်အယှက်မရှိဘဲ ကြီးထွားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ချီမှာ အလွန် ထူထဲပြီး လေးလံနေ၏။ ထိုသစ်ပင်ကြီးမှာ ထူထဲလွန်းလှသဖြင့် ရေစက်တစ်စက်ပင် ၎င်း၏ အကိုင်းအခက်များကြားမှ ဖြတ်မသွားနိုင်ပေ။

လင်းဖန်မှာ ထိုသစ်ပင်ကြီး၏ အခြေသို့ လျှောက်လှမ်းသွားလိုက်ပြီး မလှုပ်မယှက် ရပ်တန့်နေလိုက်သည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိနေ၏။

ရုတ်တရက် ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကြီးတို့မှာ အေးခဲသွားတော့မည့်အလား အပူချိန်မှာ သိသိသာသာ ကျဆင်းသွား၏။ လင်းဖန်မှာ သူ၏ သွေးနှင့်ဝိညာဉ်တို့မှာ အေးခဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ ထိုအအေးဓာတ်မှာ လူတစ်ယောက်၏ ဝိညာဉ်ဆီမှ ထွက်ပေါ်လာသည့်ပုံပင်။

” လူတစ်ယောက် ရှိနေတယ် ”
လင်းဖန်၏ မျက်လုံးများမှာ ရုတ်တရက် ဖြာခနဲ ဝင်းလက်သွားပြီး သူသည် သူ၏မျက်လုံးများထဲတွင် နတ်ဘုရားစွမ်းအားများကို စုစည်းကာ ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ ပုံရိပ်ယောင်တစ်ခု လင်းဖန်ဆီသို့ မြန်ဆန်စွာ ဦးတည်ရွေ့လျား‌လာနေသည်။ ထို့နောက် ထိုလူမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏အမူအရာမှာ အကြောင်းတစ်ခုခုကြောင့် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

လင်းဖန်မှာ ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ ထို့ကြောင့် သူသည် ရုတ်တရက် လေပေါ်သို့ ပျံတက်လိုက်ပြီး သူ၏လက်များကို မြှောက်လိုက်သောအခါ သန်းပေါင်းများစွာသော သေမင်းတံဆိပ်တော်များ သူ၏လက်ချောင်းများထဲမှ ထိုထွက်လာကြသည်။ ၎င်းတို့မှာ သူ့ကိုတိုက်ခိုက်ခဲ့သည့်လူ၏ ခန္ဓာကိုယ်အား အပြင်းအထန် ဝင်ဆောင့်လိုက်ကြသဖြင့် ထိုလူ၏မျက်နှာမှာ ပြာနှမ်းသွားပြီး သေဆုံးသွားတော့သည်။

ထိုအခါ အမည်မသိသော အရည်များ လင်းဖန်ပေါ်သို့ အစက်လိုက် ကျလာကြသည်။ လင်းဖန်ကမူ ထွေထွေထူးထူး သတိမထားမိလိုက်ပါသော်လည်း စိတ်ထဲတွင်မူ ထင့်သွား၏။

ထို့နောက် သစ်ပင်ပေါ်မှ ထိုအရည်များမှာ ထပ်၍ ကျဆင်းလာကြသည်။ လင်းဖန်မှာ ထိုသစ်ပင်ကြီးကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။

ထိုအခါ ထိုဧရာမသစ်ပင်ကြီး ပေါက်ကွဲသွား၏။ သို့သော် တချိန်တည်းမှာပင် အစက်အပေါက် သန်းပေါင်းများစွာ လင်းဖန်ပေါ်သို့ ကျဆင်းလာကြသည်။ သစ်ပင်ကြီး၏ သစ်ရွက်များမှာ အန္တရာယ်ပြုနိုင်လောက်အောင် ချွန်ထက်နေသည့် ဓားစွမ်းအင်တစ်မျိုးကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကြီးကိုပိတ်ဆို့ကာ ကမ္ဘာမြေကြီးကိုလည်း ဖုံးလွှမ်းသွား၏။ ၎င်းမှာ ဓားအလက်ပေါင်း သန်းပေါင်းများစွာအသွင် ပြောင်းလဲသွားပြီးနောက် ထိုသစ်ပင်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာကာ လင်းဖန်ဆီသို့ နွယ်ပင်များကို စေလွှတ်လိုက်သည်။ ၎င်းတို့မှာ နီးကပ်နေသောကြောင့် လင်းဖန်မှာ မရှောင်တိမ်းနိုင်လိုက်ဘဲ ထိုနွယ်ပင်များမှာ လင်းဖန်အား ဖျစ်ညှစ်လိုက်ကြတော့သည်။

” ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို ချောင်းမြှောင်းနေပေမဲ့ သူ့နောက်မှာရောက်နေတဲ့ ငှက်မည်းကြီးကိုတော့ သတိမထားမိလိုက်ပါဘူး ”

( ရေတိုကိုသာ မြင်တတ်ပြီး ခဏတာအမြတ်အစွန်းများနောက် လိုက်ရင်း နောင်ဖြစ်လာမည့် အန္တရာယ်များကို ထည့်မတွက်သော သူများကို ဆိုလိုသည့် တရုတ်စကားပုံတစ်ခု ဖြစ်သည် )

ထိုအခါ လင်းဖန်မှာ အံအားသင့်သွားရတော့သည်။ သူသတ်လိုက်သည့် သူတော်စင်မှာ ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပါသော်လည်း သူသည် သစ်ပင်ကြီးထဲတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေသည်ကိုမူ သတိမထားမိခဲ့ပေ။ ထိုအရည်အစက်အပျောက်များမှာ အားပြင်းပြီး ၎င်းတို့မှာ သူ၏ အတွင်းကလီစာများကို ဖျက်ဆီးရန်ကြံရွယ်နေကြောင်း သူသည် သတိထားမိလိုက်သည်။ ကံကောင်းသည့်အချက်မှာ သူသည် ထိုအစက်အပြောက်များကို အနည်းငယ်ခန့်သာ စုပ်ယူမိလိုက်ခြင်းဖြစ်သည်။ သစ်ပင်ကြီးထဲတွင် ပုန်းကွယ်နေခဲ့သည့်လူမှာ သူ၏ချီကို မကြာသေးမီက ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။ ထို အရည်အစက်အပျောက်များမှာမူ ချိန်ကိုက်ဗုံးများကဲ့သို့ ပြင်းထန်လှသည်။

ထိုသစ်ပင်လူသားကြီးမှာ အမှတ်ပို၍ရရန် သူတို့နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ထဲ သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုနှစ်ယောက်ကို တစ်ယောက်ချင်းစီ ခွဲ၍ တိုက်ခိုက်နိုင်ခဲ့ပါသော်လည်း ထိုသို့ မတိုက်ခိုက်ခဲ့ဘဲ စိတ်ရှည်ရှည်ထားခဲ့၏။

သစ်ပင်၏အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည့် အသွားချွန်ထက်သော ဓားတစ်လက်မှာ လင်းဖန်၏ တတိယမျက်လုံးဆီသို့ ဦးတည်လာ၏။

” ပုံရိပ်ယောင် ”
လင်းဖန်မှာ အေးစက်စက်အော်ဟစ်လိုက်သောအခါ သူတို့၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ ပြောင်းလဲသွားသည်။ လင်းဖန်မှာ နွယ်ပင်များ၏ ဖျစ်ညှစ်ခြင်းကို ခံနေရဆဲဖြစ်သော်လည်း ယခုတွင် သူသည် အခြားကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းဖန်သည် သူ၏ပါးစပ်ထဲမှ ဓားတစ်လက်ကို ထွေးထုတ်လိုက်ပြီး ထိုသစ်ပင်ကြီးကို တစ်စစီဖြစ်အောင် ခုတ်ထစ်လိုက်သည်။ ထိုအချိန်တွင် သူ၏ရန်သူမှာ သူ့ဆီသို့ ဖျတ်ခနဲရောက်ရှိလာပြီး သူ၏လက်သီးကို မြှောက်လိုက်သည်။ ထိုအခါ နွယ်ပင်များမှာ အသွားချွန်ထက်သော သံဆူးကြိုးများအသွင် ပြောင်းလဲသွားပြီး လင်းဖန်၏ ခန္ဓာကိုယ်အား ထိုးဖောက်ရန် ကြိုးစားလိုက်ကြသည်။ ရေစက်ပေါင်း သန်းပေါင်းများစွာ လင်းဖန်ဆီသို့ ကျဆင်းလာကြ၏။

” ပုံရိပ်ယောင် ”
လင်းဖန်ကမူ ဒေါသတကြီး ထပ်၍အော်ဟစ်လိုက်သည်။ ထိုအခါ သူ၏ပုံရိပ်ယောင်ထဲတွင် နောက်ထပ်ပုံရိပ်ယောင်တစ်ခု ထပ်၍ပေါ်လာပြီး သူသည် အိပ်မက်နှင့် ပုံရိပ်ယောင်စွမ်းအားတို့ကို မန္တန်အစီအရင်တစ်ခုထဲသို့ အတူတကွ ပေါင်းထည့်လိုက်သည်။ ထိုအခါ သူ၏ပြိုင်ဘက်မှာ လင်းဖန်နှစ်ယောက်နှင့် တိုက်ခိုက်နေရသည့်အလား ခံစားလိုက်ရတော့သည်။ တစ်ယောက်မှာ နွယ်ပင်များထဲတွင် ရစ်ပတ်နေဆဲဖြစ်ပြီး အခြားတစ်ယောက်မှာမူ သူ့ဆီသို့ ဦးတည်ပျံသန်းလာနေ၏။ ထို့ကြောင့် သူသည် မည်သည့်အရာများဖြစ်ပျက်နေမှန်း နားမလည်တော့ပေ။

” မိုးကောင်းကင်ဖျစ်ညှစ်ခြင်း ”
ထိုသူတော်စင်ကြီးက အေးစက်စက်အော်ဟစ်လိုက်သည်။ ထိုအခါ သစ်ပင်ကြီး၏အထက်တွင် မိုးကောင်ကင်တာအိုများ ပေါ်ပေါက်လာကာ သန်းပေါင်းများစွာသော နွယ်ပင်များ ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး လင်းဖန်နှစ်ယောက်ကို ဝန်းရံသွားကြသည်။

” ဒီကောင်က သစ်သားကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းက အသက်ဗိမာန်က ကျင့်ကြံသူတစ်ယောက်နဲ့ ဆင်တူတယ်။ ဒါပေမဲ့ အသက်ဗိမာန်က အဖွဲ့ဝင်တွေက လူတွေကို ကယ်တင်ဖို့ပဲ ကြိုးစားကြတာ။ ဒီတစ်ယောက်ကကျတော့ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ပဲ။ သူက သတိထားမခံရအောင်နေပြီး လူတွေကို သတ်ဖို့ကြိုးစားတာ။ တော်တော်ကို အန္တရာယ်များတဲ့ လူတစ်ယောက်ပဲ ”

” အံ့ဩဖို့ကောင်းလိုက်တဲ့ စွမ်းအားပါလား ”
လင်းဖန်က ချီးကျူးလိုက်လေသည်။ ထိုသူတော်စင်မှာ ဤနေရာတွင် ပုန်းကွယ်ရဲသည်ကို ကြည့်လျှင် အလွန် အစွမ်းထက်ရပေမည်။ လင်းဖန် သတ်ခဲ့သည့် တစ်ယောက်မှာ အစွမ်းထက်ပါသော်လည်း သေဆုံးသွားပြီဖြစ်သည်။

” ပုံရိပ်‌ယောင်ထဲမှာတောင် ငါ မင်းကို သတ်ပြမယ် ”
ထိုကျင့်ကြံသူက အေးစက်စက် ကြိမ်းဝါးလိုက်၏။ ထို့နောက် အလွန်အင်မတန်မှ ချွန်ထက်သည့် ဟင်းလင်းပြင်သစ်သားလှံများမှာ ကောင်းကင်ပေါ်မှနေ၍ လင်းဖန်နှစ်ယောက်ပေါ်သို့ ကျဆင်းလာကြသည်။ ထိုအခါ ချက်ချင်းပင် ပုံရိပ်ယောင်များမှာ တစ်စစီကျိုးပဲ့သွားပြီး ကမ္ဘာအစစ်ကြီး ပြန်၍ပေါ်လာတော့သည်။

” သူ့ရဲ့ ပုံရိပ်ယောင်တွေက ပျက်စီးသွားပြီပဲ။ သူ သေသွားပြီလား ”
ထိုလူကြီးမှာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပါသော်လည်း လင်းဖန်၏ ရုပ်အလောင်းကိုမူ ရှာမတွေ့ပေ။

” မဖြစ်ဘူး ”
ထိုအချိန်တွင် သူ၏အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် သူ၏နောက်မှ အန္တရာယ်များ ဦးတည်လာနေသည်ကို အာရုံခံမိလိုက်၏။ ဓားတစ်လက်က သူ့ဆီသို့ သူသတိမထားမိအောင် အသံတိတ် ဦးတည်လာနေပြီးနောက် ၎င်းမှာ သူ၏ဦးခေါင်းနှင့် တတိယမျက်လုံးထဲသို့ ထိုးဖောက်သွားတော့သည်။

” စိတ်မကောင်းပါဘူး။ ငါတို့က ပုံရိပ်ယောင်ထဲမှာ ရှိနေတုန်းပဲကွ ”
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ ထိုအခါမှသာ ကမ္ဘာအစစ်ကြီးမှာ အမှန်တကယ် ပြန်ပေါ်လာတော့သည်။ ညအချိန်သို့ ရောက်နေသည်ဖြစ်ပြီး ထိုလူ၏ တတိယမျက်လုံးထဲမှ သွေးများထွက်လာတော့သည်။ သူသည် ဆွံ့အနေသည့်ပုံ ပေါက်နေပြီး သူ မည်ကဲ့သို့ သေသွားသည်ကိုပင် မသိလိုက်ပေ။ သူသည် ဤကမ္ဘာကြီးထဲတွင် နှစ်ပေါင်းရှစ်ထောင်တိတိ ရှိနေခဲ့သည်ဖြစ်ပြီး ထိုအချိန်များတွင် ပုန်းကွယ်ရင်းအမဲလိုက်ကာ အမှတ်များစွာ ရရှိခဲ့ပါသော်လည်း ယခုတွင်မူ သေဆုံးသွားရပြီ ဖြစ်သည်။ သူ၏အမှတ်များမှာ သူ့အား သတ်ဖြတ်ခဲ့သည့် လူဆီသို့ ရောက်ရှိသွား၏။

သူ၏စာလုံးမှာ လင်းဖန်၏ တတိယမျက်လုံးဆီသို့ ရွေ့လျားသွားသည်။ ထိုအခါ လင်းဖန်မှာ သူ၏ခန္ဓာကိုယ်တလျှောက် အံ့သြဖွယ်ကောင်းသော စွမ်းအားတစ်မျိုး စီဆင်းသွားသည်ကို အာရုံခံမိလိုက်တော့သည်။

” သတ်မှတ်ထားတဲ့ အမှတ်တွေပဲ ရတာမဟုတ်ဘူး။ ကိုယ့်ရန်သူဆီက အမှတ်တွေကိုပါ ရတာပဲ ”
သူက သုံးသပ်လိုက်၏။ လူများသေဆုံးသွားသောအခါ သူတို့စုဆောင်းခဲ့သည့် အမှတ်များမှာ တစ်နေရာရာသို့ သွားရမည်ဖြစ်၍ သူတို့အသတ်ခံလိုက်ရသောအခါ သူတို့အား သတ်လိုက်သည့် သူများမှာ ထိုအမှတ်များကို ရရှိသွားခြင်းဖြစ်သည်။ လူအများစုမှာ ဤသစ်ပင်လူသားကဲ့သို့သော ကျင့်ကြံသူများကို မသတ်နိုင်ကြပေ။ လင်းဖန်ကဲ့သို့ တမူထူးခြားလောက်အောင် အစွမ်းထက်သောလူများသာလျှင် သတ်နိုင်ကြသည်။

လင်းဖန်မှာ ထိုသစ်ပင်လူသားကြီး၏ စာလုံးကို ယူလိုက်ပြီးနောက် သူ စောစောက သတ်ခဲ့သည့် ကျင့်ကြံသူ၏ စာလုံးကိုလည်း ခိုးယူလိုက်သည်။ သူ့ထံတွင်လည်း အမှတ်များစွာ ရှိနေခဲ့ပါသော်လည်း သူသည် ပို၍ ဝမ်းနည်းစရာကောင်းစွာ သေဆုံးသွားခဲ့ရသည်။ ထိုအချိန်တွင် လင်းဖန်မှာ ဘေးနားတစ်ဝိုက်မှ အသံအချို့ကို ကြားလိုက်ရသဖြင့် အမှောင်ထုထဲတွင် လူများစွာ ပုန်းကွယ်နေသည်ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူ၏ တိုက်ပွဲအား မြင်လိုက်ရပြီးနောက် အများစုမှာ အဝေးသို့ထွက်သွားကြတော့သည်။

” အဆင့်နိမ့်သူတော်စင်တွေကို သတ်ရင် ငါ အမှတ်ဘယ်လောက် ရမလဲ မသိဘူး ”
သူက သိချင်နေ၏။

အစပိုင်းတွင် လင်းဖန်မှာ နတ်ဘုရားသင်္ချိုင်းထဲ၌ သူတော်စင်များကို သတ်ရန် စိတ်ကူးမရှိပေ။ သူသည် သူတို့အား သူ၏ကမ္ဘာငယ်လေးတွင် လှောင်ပိတ်၍ အသုံးပြုချင်ခဲ့သည်။ သို့သော် သူသည် စည်းမျဉ်းများအကြောင်းကို ကြားသိလိုက်ပြီးနောက် သူ၏ဗျူဟာကို ပြောင်းလဲလိုက်၏။ ထိုသို့ပြောင်းလဲရသည့် အဓိကအကြောင်းအရင်းမှာမူ သူသည် အမှတ်များ ရယူလိုသောကြောင့်ဖြစ်သည်။ သူသည် သမိုင်းဝင်အမွေအနှစ်များ ပေါ်ထွက်လာအောင် လုပ်နိုင်စွမ်းရှိ၊မရှိ သိချင်နေ၏။ သူသည် အောင်မြင်လိမ့်မည်ဟု တထစ်ချ ယုံကြည်ထားသည်။

လင်းဖန်မှာ သူ၏ပတ်ပတ်လည်တွင် အသံများကို ကြားနေရဆဲဖြစ်သဖြင့် ပို၍ပင် စိတ်ဓာတ်တက်ကြွလာတော့သည်။ သူသည် သူတော်စင်များစွာရှိပြီး အရှုပ်အထွေးဆုံးနေရာဖြစ်သည့် အလယ်ပိုင်းဒေသ၏ အစွန်းဆီသို့ ဆက်၍ လျှောက်သွားလိုက်တော့သည်။

Comment

  1. Anonymous says:

    ထပျတငျ‌ေ
    ပးပါအုနျး

  2. Anonymous says:

    ထပ်မတင်တော့ဘူးလား ဝယ်ရမယ်ဆိုဘယ်ကဝယ်ရမှာလဲဗျ

    1. Anonymous says:

      မတင်တော့ဘူးလား

Leave a Reply

Options

not work with dark mode
Reset