စုန့်ချွဲက သတ်ဖြတ်လိုစိတ်များဖြင့် အရှိန်ကုန်ပြေးကာ သူ၏ ဒေါ်လေးက တရားမျှတစွာ ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သူမက ညမုဆိုး ကိုသတ်လျှင်သတ်၊ မသတ်လျှင် စုန့်ချွဲအား တောင်းပန်ခိုင်းလိမ့်မည်ဟု တွေးနေတော့သည်။
” ငါက စုန့်မျိုးနွယ်စုရဲ့ အကြီးဆုံးသားကွ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ပိုင်ရှောင်ချန်းကြောင့်သာ မဟုတ်ရင် ငါအခုချိန် သေချာပေါက် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကို ရောက်နေလောက်ပြီ။ အဲ့တာဆို ငါ့ဒေါ်လေးကို သွေးသခင်ဖြစ်အောင် ကူညီပေးစရာကိုလိုမှာ မဟုတ်ဘူး။ ငါကိုယ်တိုင် အဲ့နေရာကို ယူနိုင်နေမှာ။ ” သူက လျှပ်စီးတန်းတစ်ခုအလား လျင်မြန်စွာဖြင့် လက်ချောင်းအထက်ပိုင်းသို့ ပြေးသွားတော့သည်။
” ထားပါတော့။ အခုမှပြောနေလည်း ဘာမှ ထူးတော့မှာမဟုတ်ဘူး။ ပြီးတော့ ဒေါ်လေးကျင့်ဝမ်က ရွှယ်မေ့ကို အဲ့ရာထူးမရစေချင်လို့ အကွက်ကျကျစီစဥ်ပြီး သွေးသခင် ရာထူးကိုယူဖို့ ကြံနေတာလေ။ ငါ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် ရောက်လို့ကတော့ သွေးသခင်ရာထူးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပြမယ်။ ဒီ မလောက်လေးမလောက်စား ညမုဆိုး ကို အနာဂတ်မှာ အသုံးချလို့ရရင် အသုံးချမယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ သဘောထားကြီးမားမှုကိုမှ ငြင်းဆိုနေရင်တော့ မြုပ်စရာအလောင်းမရှိအောင်ကို သတ်ပစ်မယ်။” သူက ယုံကြည်ချက်ပြင်းထန်စွာဖြင့် လက်ချောင်းအထက်ပိုင်း၏ သွေးကန်နောက်ရှိ မဟာအကြီးအကဲ စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူဆီသို့ ပြေးသွားတော့သည်။
ရေတံခွန်နောက်သို့ ရောက်သွားသောအခါ သူက အစောင့်လေးယောက်ကို မြင်လိုက်ရသည်။ သူတို့မျက်လုံးမှာ ချက်ချင်း ပွင့်သွားပြီး သူတို့ဆီ ချဥ်းကပ်လာနေသည့် စုန့်ချွဲကို တောက်ပနေသည့် မျက်ဝန်းများဖြင့် အကဲခတ်လိုက်ကြတော့သည်။
စုန့်ချွဲကမူ ရပ်ပင်မရပ်ချေ။ သူက အင်မော်တယ်ဂူထဲသို့ဝင်ရန်ပြင်လိုက်ချိန်တွင် အစောင့်လေးယောက်မှာ လမ်းတွင်ပိတ်ရပ်လိုက်တော့သည်။
ထိုလေးယောက်ထဲမှ အစောင့်ငယ်တစ်ယောက်မှာ စုန့်ချွဲ၏ ရာထူးကြီးမားပုံကို သိလေသည်။ သို့သော်လည်း သူက လမ်းပိတ်ရပ်လိုက်ရုံမှလွဲ၍ မတတ်နိုင်ပေ။ အားတင်းကာ သူက ထစ်ထစ်ငေါ့ငေါ့နှင့် ဆိုလိုက်လေသည်။
” အကြီးအကဲစုန့်…. ခဏလေးစောင့်….”
အစောင့်ငယ်လေးများက သူ၏လမ်းအားပိတ်နေသည်ကို မြင်လိုက်ရသောအခါ စုန့်ချွဲမှာ မျက်မှောင်ကြုတ်သွားတော့သည်။ သူ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များမှာ ပေါ်ထွက်လာပြီး အော်ဟစ်လိုက်တော့သည်။
” ငါ့ရှေ့က ဖယ်စမ်းကွာ။ မဟာအကြီးအကဲနဲ့ ပြောစရာ စကားရှိတယ်။”
ပုံမှန်ဆိုလျှင် သူက ထိုအင်မော်တယ်ဂူထဲသို့ အခက်အခဲမရှိ ဝင်ထွက်နိုင်သည်။ သူ၏ရာထူးအရဆိုလျှင် စိတ်ရှိသည့်အတိုင်း ဝင်ထွက်သွားလာခွင့်မရှိသော်လည်း သူကမူ ထိုသို့လုပ်နေကြဖြစ်သည်။ စုန့်ကျင်းဝမ်က သူမ၏ တူလေးကို အတော်လေးချစ်ခင်သည် မဟုတ်ပါလော။
ယခုတွင်မူ အစောင့်ငယ်များမှာ သူ၏လမ်းတွင် ပိတ်ရပ်ရဲနေပြီဖြစ်သည်။ စုန့်ချွဲက အေးစက်စက်နှာမှုတ်ကာ ထိုအစောင့်များကို ဘေးသို့ တွန်းထုတ်ကာ ရှေ့ဆက်သွားလိုက်တော့သည်။
အစောင့်ငယ်လေးယောက်၏ မျက်နှာမှာ အမူအရာပြောင်းလဲသွားပြီး သူ့ကိုတားဆီးတော့မည်အလားဖြစ်သွားတော့သည်။ ဂူထဲရှိ အခြားလူ၏ နာမည်ကို လျှို့ဝှက်ထားရန်မှာ အရေးကြီးကြောင်း သူတို့ကသိပေသည်။ သို့သော်လည်း စုန့်ချွဲကို သူတို့ မတားဆီးနိုင်ပေ။
သူတို့ မည်သည်မှ မလုပ်နိုင်လိုက်ခင်မှာပင် စုန့်ချွဲက တံခါးထဲသို့ ဝင်သွားပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် စုန့်ချွဲက စိတ်လိုက်မာန်ပါ လုပ်လေ့မရှိပေ။ သို့သော်လည်း သူမသည် သူ၏ဒေါ်လေးဖြစ်သည့်အပြင် သူကိုယ်တိုင်ကလည်း ဒေါသတထောင်းထောင်းထွက် နေသည်ဖြစ်သည်။ ထို့ကြောင့် သူ၏ အေးဆေးသည့်အမူအရာမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ ထို့အပြင် သူ၏အတွေးတွင်လည်း သူတောင်းဆိုနေသည့်အရာမှာ လွန်လွန်ကျူးကျူး မဟုတ်ကြောင်း ယူဆထားပေသည်။
အင်မော်တယ်ဂူထဲသို့ သူခြေထောက်ချလိုက်ပြီး ပင်မခန်းမထဲသို့ပင် မဝင်ရသေးသည့် အချိန်တွင်ပင် သူ့ဒေါ်လေး၏တခစ်ခစ်ရယ်မောနေသံကို သူ ကြားလိုက်ရလေသည်။ ထိုရယ်သံမှာ ထူးဆန်းပြီး နှစ်လိုဖွယ်ကောင်းကာ တချိန်ထဲမှာပင် အပြစ်တင်သည့် လေသံပေါက်နေတော့သည်။
စုန့်ချွဲကမူ အံ့သြသွားသဖြင့် ရှေ့သို့ အပြေးသွားလိုက်တော့သည်။ သူက တံခါးခန်းဆီးကို ဖယ်လိုက်သောအခါ သူ၏ စိတ်ထဲတွင် မိုးကြိုးပစ်သွားသည့်အလား ဖြစ်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။ သူ၏အသိစိတ်မှာ ချာချာလည်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ သူ၏ရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။
သူ၏ ဒေါ်လေး စုန့်ကျင်းဝမ်မှာ ကုလားထိုင်ပေါ်တွင်ထိုင်ရင်း မိန်းမပျိုတစ်ယောက်က သူမ၏ ချစ်သူရှေ့တွင်ရယ်နေသည့်အလား ဘယ်လက်ဖြင့် ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်နေလေသည်။ ညမုဆိုးက သူမ၏ဘေးတွင်ထိုင်ကာ သူမ၏ ညာလက်ကိုဆုပ်ကိုင်ရင်း အနီးကပ်ကြည့်ရှုနေလေသည်။ သူက ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ်ပင် ကိုင်းညွှတ်ကာ လက်ကို ညင်သာစွာပင် နမ်းရှုံ့လိုက်သေးသည်။
စုန့်ချွဲမှာ ကြက်သေသေနေတော့သည်။ ထိုကဲ့သို့ တုန်လှုပ်ဖွယ်ကြီးကြောင့် သူက လဲကျလုနီးပါး တဆတ်ဆတ် တုန်ယင်နေပြီး သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် တွေးနေတော့သည်။
သို့သော်လည်း သူ၏မှတ်ဥာဏ်ထဲတွင် မီးလောင်ရာတစ်ခုပမာ ကျန်ရစ်ခဲ့ပြီဖြစ်သည့် ထိုသိက္ခာကျ အရှက်ရဖွယ်မြင်ကွင်းကြီးမှာ အခြား မည်သည့်အရာနှင့်မှ အထင်လွဲနိုင်စရာမရှိချေ။ စုန့်ချွဲမှာ ငေးကြောင်နေတော့သည်။
စုန့်ချွဲ အခန်းထဲဝင်လာသောအခါ စုန့်ကျင်းဝမ်က သူမ၏လက်ကို ပိုင်ရှောင်ချန်း၏ လက်ထဲမှ ကပျာကယာ ဆွဲထုတ်လိုက်လေသည်။ သူမ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်တော့သည်။ သူမက တည်ကြည်စွာဖြင့် ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ပုံစံဖမ်းကာ စုန့်ချွဲကို စိုက်ကြည့်လိုက်လေ၏။
” ဒီလို မပြောမဆိုနဲ့ ဝင်လာတာ ရိုင်းစိုင်းလှပါလား။ ဘာကိစ္စတုံး။” သူမက ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ပုံစံဖြင့် ခပ်မာမာပြောလိုက်ပါသော်လည်း သူမ၏ ပါးနှစ်ဖက်မှာ ရှက်သွေးဖြန်းကာ နီရဲနေဆဲပင်။ ထိုရှက်ရွံ့နေသောအမူအရာနှင့် တည်ကြည်သောအမူအရာတို့ ပေါင်းစပ်လိုက်သောအခါ သူမမှာ မယုံနိုင်စရာကောင်းအောင် ဆွဲဆောင်မှုရှိနေသည်။
တချိန်ထဲမှာပင် သူမမှာ အရှက်ရကာ ဒေါသထွက်နေတော့သည်။ အခြားလူသာ စုန့်ချွဲလို မပြောမဆိုနှင့် ဒုန်းစိုင်းဝင်လာပါက သူမက ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်သာ ဖြစ်သည်။ သို့သော်လည်း စုန့်ချွဲက သူမ၏ တူဖြစ်နေသဖြင့် သူမမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
စုန့်ချွဲ၏ ရုတ်တရက်ဝင်ရောက်လာမှုကြောင့် အံ့အားသင့်သွားရသည့် ပိုင်ရှောင်ချန်းမှာ မတ်တတ် ထရပ်လိုက်လေသည်။ သူက တန်းလန်းကြီး မိသွားသဖြင့် အနည်းငယ် အပြစ်ရှိသလို ခံစားနေရလေသည်။ သူဖော်စပ်ထားသည့် ဝိညာဥ်ဆေးကို စုန့်ကျင်းဝမ်အားပေးပြီးနောက် သူက အချိန်အခါကို အခွင့်ကောင်းယူကာ သူမ၏ လက္ခဏာအား ဖတ်ကြားခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူက အံ့သြစရာကောင်းအောင် လုပ်ဆောင်ပြခဲ့သည်ကို စုန့်ကျင်းဝမ်က မမေ့နိုင်သဖြင့် ချက်ချင်းပင် သူမ၏လက်ကို ကိုင်ခွင့်ပေးလိုက်လေသည်။ ထို့နောက် သူက စုန့်ကျင်းဝမ်ကို ဆက်တိုက်ဆိုသလို ချီးကျူးနေတော့သဖြင့် သူမမှာ ကျေနပ်အားရကာ တခစ်ခစ် ရယ်မောနေတော့သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူကာ နေရာတကျထိုင်၍ စုန့်ချွဲကို စုန့်ကျင်းဝမ်ကဲ့သို့ပင် တည်ကြည်လေးနက်စွာ ကြည့်လိုက်လေသည်။
စုန့်ချွဲကမူ အသိစိတ်ပြန်ဝင်အောင် မနည်းလုပ်နေကာ အသက်ရှူသံများပင် မြန်နေတော့သည်။ သူက ယခုထက်ထိအောင် မြင်လိုက်ရသည်များကို မယုံကြည်နိုင်သေးချေ။ သူ၏ မျက်ဝန်းထဲတွင် သူ့ဒေါ်လေးက အရှိန်အဝါကြီးမားသည့် လူတစ်ယောက်ဖြစ်နေပါသော်လည်း ယခုတွင်မူ သူမက သူစိမ်းတစ်ယောက်အား လက်ကိုင်ခွင့်ပေးထားသည်။ ထို့အပြင် သူမမှာ ညှို့မြူသည့်လေသံဖြင့် တခစ်ခစ် ရယ်မောနေသေးသည်။
စုန့်ချွဲထင်ထားသည်ထက် လုံးဝကို မသင့်တော်ပါသော်လည်း သူ၏ဒေါ်လေးလက်ကို ကိုင်နေသည့်လူမှာ သူစိတ်တိုနေသည့် ညမုဆိုး မဟုတ်ပဲ အခြားလူဆိုပါက သူ လက်ခံနိုင်ဦးမည်ဖြစ်သည်။
စုန့်ချွဲ၏ ဒေါသမှာ တစ်ပူပေါ်တစ်ပူဆင့်လာသည့်အတွက် အသက်ပင် မှန်မှန်မရှူနိုင်တော့ချေ။ သူ၏မျက်လုံးများမှာ နီရဲနေပြီး ပိုင်ရှောင်ချန်းကိုကြည့်ကာ စိတ်တိုတိုနှင့် အော်ဟစ်လိုက်လေသည်။
” ညမုဆိုးးးးး။”
သူက ရှေ့တစ်လှမ်းတိုးကာ သူ၏ဒေါ်လေး မဟာအကြီးအကဲ စုန့်ကျင်းဝမ်ကို ကြည့်လိုက်သည်။
ဒေါသထွက်ကာ ကယောက်ခြောက်ခြားနှင့် သူက အော်ပြောလိုက်သည်။
” ဒေါ်လေး ကျင်းဝမ်။ အလယ်တောင်ထိပ်ကို ညမုဆိုး ရောက်လာထဲက သူက ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု လုပ်နေတာလေ။ ဂိုဏ်းသားတွေအားလုံးကို သူက နှောင့်ယှက်ခဲ့လို့ အကုန်လုံးက သူ့ကို မုန်းတီးနေကြပြီ။ ကျွန်တော်ကတော့ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ရှုပ်ထွေးအောင်လုပ်ဖို့လာတဲ့ သူလျှိုလို့ ထင်တယ်။ ဒေါ်လေး ကျင်းဝမ်… သူ့လိုလူတွေကို သင်ခန်းစာဖြစ်သွားအောင် ဂိုဏ်းက ထုတ်ပယ်လိုက်တော့ဗျာ။ ”
သူက အင်မော်တယ်ဂူထဲတွင် ထိုသို့အော်ဟစ်နေသည့်အခါ ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ စုန့်ချွဲက သူ့ကိုအပြစ်တင်ရန် လာကြောင်းသိလိုက်ရသောအခါ ဒေါသမီးများတောက်လောင်လာတော့သည်။ သို့သော်လည်း စုန့်ချွဲ၏ စွပ်စွဲချက်အချို့မှာ မှန်နေသဖြင့် ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားရတော့သည်။ သူ့ကိုယ်သူ ထိုစွပ်စွဲချက်များထံမှ ချေပရန် စကားပြောရန်ပြင်လိုက်စဥ်တွင် စုန့်ကျင်းဝမ်၏ မျက်နှာမှာ တင်းမာသွားပြီး စားပွဲခုံပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ထိုသို့ရိုက်ချလိုက်သောအခါ ထွက်ပေါ်လာသည့် အသံကြောင့် စုန့်ချွဲ၏ အသံမှာ ပျောက်သွားလေသည်။
” ပါးစပ်ပိတ်စမ်း။ ” သူမက တင်းမာသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ အသံထွက်လာသောအခါ အင်မော်တယ်ဂူကြီးမှာ အလွန်အေးစက်သွားသဖြင့် စုန့်ချွဲမှာ တုန်ရီနေတော့သည်။ ငယ်ငယ်လေးထဲက သူ၏ဒေါ်လေးကို ကြောက်ခဲ့ရသည်ဖြစ်ရာ ဤကဲ့သို့ ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် သူ၏ခြေချောင်းများကို ငုံ့ကြည့်ကာ ခေါင်းပင် မဖော်ရဲတော့ချေ။
စုန့်ချွဲ၏ ထိုအမူအရာကို မြင်သောအခါ စုန့်ကျင်းဝမ်၏ အမျက်ဒေါသမှာ အနည်းငယ် ပြေလျော့သွားသည်။ သူသည်ကား သူမအလွန်ချစ်မြတ်နိုးရသည့် တူလေးပင် မဟုတ်ပါလော။ သူမက အလွန်တရာ စိတ်ပျက်သွားသည့်အမူအရာနှင့် ရိုးရိုးသားသားလေသံဖြင့် ပြောလိုက်လေသည်။
” ချွဲအာရေ။ တူလေးက စုန့်မျိုးနွယ်စုရဲ့ အကြီးဆုံးသားလေ။ အနာဂတ်မှာ မင်းလုပ်နိုင်မဲ့ အရာတွေဆိုတာ အတိုင်းအဆမရှိဘူးနော်။ မင်းက ဘာလို့များဒီလောက် အမြင်ကျဥ်းပြီး တုံးအ ရတာလဲ။ ညမုဆိုး ရဲ့ နောက်ကြောင်းက ရှင်းတယ်။ ပြီးတော့ သူက ဂိုဏ်းအတွက် တာဝန်အကြီးကြီးတွေ ထမ်းဆောင်ပေးထားတာ။ ဂိုဏ်းဝင်အချို့ကို သူစိတ်အနှောင့်အယှက်ပေးခဲ့တာ မှန်ပေမဲ့ တမင်လုပ်တာမှ မဟုတ်တာ။ ဂိုဏ်းအတွက် တာအိုဆေးပညာလေ့လာဖို့ သူ ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို တူလေးရော ဒေါ်လေးရော မသိနိုင်ဘူးနော်။ “ထို လေသံအရ သူမ တူလေး၏ လက်မခံနိုင်ဖွယ် အမူအရာကြောင့် ဝမ်းနည်းနေသည်ကို သိနိုင်ပေသည်။
ပိုင်ရှောင်ချန်းကမူ ဘေးနားတွင်ထိုင်ရင်း စိတ်နှလုံး လှုပ်ရှားနေတော့သည်။ သူက စုန့်ကျင်းဝမ်ကို မြတ်နိုးစွာကြည့်လိုက်ပြီး သူမပြောသည့်အရာအားလုံးမှာ မှန်ကန်သဖြင့် ကျေနပ်နေတော့သည်။ သူက အခြားလူများနာကျင်ကာ စိတ်အနှောင့်အယှက်ဖြစ်စေရန် မည်သည့်အခါကမှ တမင်လုပ်ခဲ့သည်မဟုတ်ချေ။
စုန့်ကျင်းဝမ်က သူ့အား အတိုင်းအတာတစ်ခုအထိ နက်နက်ရှိုင်းရှိုင်းရင်းနှီးနေသည်ကို ခံစားလိုက်ရလေသည်။ အမှန်ဆိုလျှင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူ့ကို ဆက်ဆံခဲ့ပုံနှင့်ပတ်သတ်၍ သူ့တွင် မကောင်းပြောစရာ လုံးဝမရှိပေ။
ပိုင်ရှောင်ချန်းက ကြိတ်၍ သက်ပြင်းချနေစဥ်တွင် စုန့်ချွဲမှာ အသားများ တဆတ်ဆတ် တုန်နေတော့သည်။ သူ ငယ်စင်တောင်ကျေးဘဝထဲမှ သူ့ဒေါ်လေး၏ အပြစ်တင်ခြင်းကို မကြာခဏ ခံခဲ့ရသည်ဖြစ်ပြီး သူက အမြဲလိုလိုပင် တစ်ခွန်းမှ ပြန်မပြောခဲ့ချေ။ သို့သော်လည်း ယခုလက်ရှိအခြေအနေသည်ကား သူလက်မခံနိုင်သည့် အခြေအနေတစ်ရပ် ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ခံစားမှုပေါင်းစုံရောယှက်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ ပို၍ပင် ဆိုးလေသည်။ ညမုဆိုး က သူ့ဒေါ်လေး၏ လက်ကိုကိုင်ကာ နှစ်ယောက်သား မျက်စိရှက်စရာများကို လုပ်နေသည့်မြင်ကွင်းကိုသာ သူက တွေးမိနေတော့သည်။ စုန့်ချွဲမှာ အသက်ရှူပင် မမှန်တော့ပဲ မော့ကြည့်ကာ ဆိုလိုက်လေသည်။
” ညမုဆိုး။ မင်း….”
စုန့်ချွဲက သူ၏ အမှားများကို ဝန်မခံပဲ ငြင်းဆိုနေသည်ကို မြင်လိုက်သောအခါ စုန့်ကျင်းဝမ်၏ မျက်နှာထားပို၍ပင် တင်းမာသွားပြီး ဒေါတသကြီး အော်ဟစ်လိုက်တော့သည်။
” ချွဲအာ။ တော်တော့နော်။”
ထို့နောက်သူမက ပိုင်ရှောင်ချန်းကိုကြည့်ကာ ပြောလိုက်လေသည်။
” ဂိုဏ်းတူမောင်လေး ညမုဆိုး ရေ။ ဗွေမယူပါနဲ့နော်။ ချွဲအာက လူကြီးကိစ္စတွေကို နားမလည်ဘူး။ အဲ့ကောင်ဆိုးလေးက အဲ့တိုင်းပဲ။”
ပိုင်ရှောင်ချန်းကမူ သက်ပြင်းချလိုက်လေသည်။ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အလား သူက ခေါင်းညိတ်ကာ ခါးသက်သက် ပြုံးလိုက်လေသည်။
” ကိစ္စမရှိပါဘူးဗျာ။ ချွဲအာက လူငယ်ဆိုတော့ ဒေါသကိုရှေ့တန်းတင်တယ်။ ကျုပ်တို့လို ဝါရင့်ဂိုဏ်းဝင်တွေက အကောင်းဆုံးကြိုးစားပြီး သူတို့ကို သင်ကြားပေးရမှာပဲလေ ”
ပိုင်ရှောင်ချန်းက သူ့အား ချွဲအာဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ စုန့်ချွဲမှာ ရူးသွပ်လုမတတ် ဖြစ်သွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများ ချက်ချင်းထွက်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ထွက်လာတော့သည်။
” ညမုဆိုး။ ငါ မင်းကိုသတ်မယ်။ ”
သူက ထိုသို့အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုး ပြေးသွားလေသည်။ သူတို့က နီးကပ်လွန်းနေသည့်အတွက် စုန့်ကျင်းဝမ်မှာ ဝင်တားရန် အချိန်ပင် မရလိုက်ချေ။
စုန့်ချွဲက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ တဂျုန်းဂျုန်းမြည်သံများ ထွက်လာပြီး ပိုင်ရှောင်ချန်း၏ မျက်နှာ ရှေ့တွင် သွေးရောင်လက်ကြီးတစ်ဖက် ထွက်လာတော့သည်။ ထိုလက်ကြီးမှ စွမ်းအင်များ ပေါ်ထွက်နေပြီး ကုလားထိုင်နှင့် စားပွဲကို ဖျက်ဆီးလိုက်လေသည်။ ပိုင်ရှောင်ချန်းက လျင်မြန်စွာတွေးတောလိုက်ပြီး တောက်ပနေသည့် မျက်ဝန်းများဖြင့် ရှောင်ရှားခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုလက်ကြီးက သူ့ကိုရိုက်ခတ်သွားသောအခါ သူ၏မျက်နှာမှာ သွေးဆုတ်ဖြူဆုတ်သွားတော့သည်။ ထို့နောက် သူက သွေးတစ်ပွက်အန်ကာ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ စုန့်ကျင်းဝမ်မှာ စိတ်ပူသွားသလို ဒေါသလည်း ထွက်သွားတော့သည်။ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ စွမ်းအင်လှိုင်းတစ်ခုထွက်လာပြီး စုန့်ချွဲကို ထိန်းထားလေသည်။ ရှေ့သို့ဆက်မတိုးနိုင်တော့သဖြင့် စုန့်ချွဲက မျက်ထောင့်နီကြီးများဖြင့် တုန်ရီစွာ နေရာတွင်ရပ်နေတော့သည်။ ညမုဆိုး က သွေးများကို တမင်အန်လိုက်ခြင်းဖြစ်ကြောင်း သူ သိသည်။ သူ ဒဏ်ရာရရှိလျှင်တောင် သွေးအန်စရာအကြောင်း မရှိချေ။
” စုန့်ချွဲ။ နင်တော်တော် အတင့်ရဲလှပါလား။”
စုန့်ကျင်းဝမ်က အသံကုန် အော်ဟစ်လိုက်တော့သည်။ စုန့်ချွဲကို သူမက အပြစ်တင်ဆူပူရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက ညာလက်ကိုမြှောက်ကာ သူမကို တားလိုက်လေသည်။
မေးစေ့ပေါ်ရှိ သွေးစက်များကို သုတ်ကာ သူက စုန့်ကျင်းဝမ်ကို လှမ်းကြည့်ပြီး ဆိုလိုက်လေသည်။
” ချွဲအာ လုပ်တာ မမှားပါဘူး။ ကျုပ်က ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပေမဲ့ သူတော်စင်တစ်ယောက်မှ မဟုတ်ပဲ။ အမှားတွေ လုပ်ခဲ့ဖူးပါတယ်။ ကျုပ် အမှားကြောင့် အခု ချွဲအာရဲ့ ဆံပင်တွေ မရှိတော့တာလေ။ အဲ့တာမလို့ အခုချက်ချင်းပဲ ဂူပိတ်ပြီး သူ့ဆံပင်ပြန်ပေါက်စေမဲ့ ဆေးတွေကို ဖော်စပ်ပေးပါ့မယ်။”
သူက သူမ၏လက်ကိုပင် ဆုပ်ကိုင်လိုက်ကာ သူ၏ ရိုးသားဖြူစင်မှုကို ပြလိုက်လေသည်။
စုန့်ကျင်းဝမ်၏ ပါးနှစ်ဖက်မှာ ချက်ချင်းပင် နီရဲသွားတော့လေသည်။ သူမ၏ တူလေးရှေ့တွင် လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံလိုက်ရသည့်အတွက် ချက်ချင်းပင် နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ အလွန်တရာ ထူးဆန်းသည့် ခံစားချက် တစ်ခုပင်။
သူမက လက်ကို ပြန်ရုတ်လိုက်ပြီး စုန့်ချွဲကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
” ချွဲအာ။ နင့်ရဲ့ ဂိုဏ်းတူဦးလေးကို အခုချက်ချင်း တောင်းပန်လိုက်စမ်း။”
စုန့်ချွဲ၏ လည်ပင်းနှင့် မျက်နှာပေါ်တွင် သွေးကြောကြီးများ တပြိုင်းပြိုင်းထကာ တုန်တုန်ရီရီနှင့် မတ်တတ်ရပ်နေတော့သည်။ ထို့နောက် သူက စူးစူးရှရှရယ်မောကာ ဆိုလိုက်လေသည်။
“ ခင်ဗျားကြီးတို့ နှစ်ယောက်…”
သူစကားမဆုံးခင်မှာပင် စုန့်ကျင်းဝမ်၏ မျက်ဝန်းများက အေးစက်စွာ တောက်ပသွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပြင်းထန်သော လေတစ်ချက်တိုက်ခတ်သွားပြီး စုန့်ချွဲကို အင်မော်တယ်ဂူ အပြင်ဘက်သို့ တိုက်ထုတ်သွားတော့သည်။
” စုန့်ချွဲ။ မင်းရဲ့ ရိုင်းပြမှုတွေကြောင့် အပြစ်ပေးတဲ့အနေနဲ့ သုံးလတိတိ ဂူပိတ်လေ့ကျင့်ရမယ်။ အဲ့အချိန်အတွင်း အင်မော်တယ်ဂူအပြင်ဘက်ကို ခြေတစ်လှမ်းမှ မလှမ်းနဲ့။ “
လူယုတ်မာပိုင်ရှောင်ချန်း