အခန်း ( ၂၂ )

ဆရာ ကောင်းကင်ပြစ်ဒဏ်ခံယူနိုင်ရန် ကူညီခြင်း၏ ပထမအဆင့်

ချီယွမ်သည် သန်းခေါင်တိုင်အောင် သောက်စားပြီးမှ ချုံတောင်လေးသို့ ပြန်လာခဲ့သည်။ သူ၏ဆရာ ဤမျှပျော်ရွှင်နေသည်ကို လီချန်ရှို့နောက်ဆုံးမြင်ခဲ့ရသည်မှာ အနည်းဆုံး ခုနှစ်နှစ်၊ ရှစ်နှစ်ခန့် ရှိပေပြီ။ သူသည် လမ်းလျှောက်ရင်းပင် လီချန်ရှို့ တစ်ခါမျှ မကြားဖူးသည့် တေးသွားတစ်ပုဒ်အား ညည်းနေလေသည်။

လီချန်ရှို့၏တဲအရှေ့သို့ ရောက်သောအခါ ချီယွမ်က အော်ပြောလိုက်သည်။
“ ချန်ရှို့ …. ကျင့်ကြံနေတာလားကွ ”

“ ဆရာ ကျွန်တော်အနားယူနေတာပါ။ ဒီနေ့တစ်ရက် စိတ်ရောကိုယ်ရော အနားယူပြီးတော့ မနက်ဖြန်မှပြန်စပြီး ကျင့်ကြံမလို့ပါ ”
လီချန်ရှို့သည် ကောက်ရိုးအိပ်ရာပေါ်မှနေ၍ မျက်လုံးမှိတ်ထားရင်း ပြန်ဖြေလိုက်သည်။ သူသည် ထကာ ဆရာ့အတွက်တံခါးဖွင့်ပေးမည် လုပ်စဉ် ရယ်သံကို ကြားလိုက်ရသည်။
“ နား..နား… ငါလည်း အခန်းအောင်းပြီး ပြန်ကျင့်ကြံတော့မှာ။ မင်းဒီတစ်ခေါက် ကောင်းကောင်းလုပ်ခဲ့ပါတယ်။ မင်းရဲ့ ကိုယ်ရောင်ဖျောက်အတတ်တွေကို သုံးပြီး ကောင်းကင်ခွင်းတောင်ထိပ်က ဂိုဏ်းတူ တူမလေး ယုံချင်ရွှမ်းယာကို ကယ်နိုင်ခဲ့တယ်။ ဒီတစ်ခေါက်တော့ မင်း ငါတို့ချုံတောင်လေးရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီကွ။ ဒါပေမဲ့ မင်း အောက်ခြေလွတ်သွားလို့တော့မရဘူးနော်။ ကျင့်ကြံခြင်းကိုပဲ အလေးပေးရမယ်။ ကိုယ်ယောင်ဖျောက်အတတ်တွေကိုပဲ အချိန်ပေးလေ့ကျင့်မနေနဲ့။ မင်းရဲ့ ကိုယ်ပိုင် တာအိုအဆင့်က ဗဟိုချက်မှာရှိပြီး တည်ငြိမ်နေရမယ် ”

“ ကျွန်တော် နားလည်ပါပြီ ဆရာ ”
လီချန်ရှို့သည် တဲအတွင်းမှပင် ပြန်ဖြေလိုက်သည်။

ချီယွမ်သည် မုတ်ဆိတ်အားသပ်ကာ ပြုံး၍ပြောလိုက်သည်။
“ အင်း … မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အခြေခိုင်အောင် ဆက်ပြီးကြိုးစားကျင့်ကြံ။ ကျင့်ကြံခြင်းဆိုတာ အလျင်လိုလို့ မရဘူး။ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မယ်။ ကြီးကြီးမားမား အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဒီတစ်လမ်းပဲ ရှိတယ်။ ကဲ ကဲ နားတော့ … ဆရာလည်း အခန်းအောင်းကျင့်ကြံတော့မယ်။ လင်းအယ်လည်း ဒီရက်ပိုင်းအတွင်း မင်းအတွက်စိတ်ပူပြီး အိပ်ရေးတွေပျက်နေတယ်။ ပြီးရင် သူ့ကို နှစ်သိမ့်ပေးဖို့ မမေ့နဲ့ဦး ”

“ ဟုတ်ကဲ့ ဆရာ ”
လီချန်ရှို့ နွေးနွေးထွေးထွေး ပြန်ဖြေလိုက်သည်။

ချီယွမ်က ရယ်လိုက်ပြီး တေးသွားဆက်၍ ညည်းကာ သူ၏တဲဆီသို့ လျှောက်သွားတော့သည်။ တဲအတွင်းသို့ ဝင်သွားပြီးနောက် သူသည် တဲအား မန္တန်အစီအရင်အမြောက်အမြားဖြင့် ကာရံလိုက်လေသည်။

အခန်းအောင်းကျင့်ကြံနေသူတစ်ယောက်အတွက် တိတ်ဆိတ်ငြိမ်သက်နေရန် လိုအပ်ပေသည်။ ဆူညံသံပယ် မန္တန်အစီအရင်များသာမက အစောင့်အရှောက်မန္တန်အစီအရင်များလည်း မဖြစ်မနေ လိုအပ်ပေသည်။

လီချန်ရှို့သည် သူ၏ သိုလှောင်ဓမ္မအဆောင်များအတွင်းမှ ကျောက်စိမ်းဘူးများအား ကြည့်ကာ သက်ပြင်းချလိုက်လေသည်။ သူ ကာလကြာရှည် စိတ်ကူးယဉ်ခဲ့ရသော ဆေးဖော်ဆောင် ဆောက်လုပ်နိုင်ရန် ရက်ပေါင်းများစွာ ပြင်ဆင်ရပေဦးမည်။ နောက်ဆုံးတော့ သူသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးအား ဖော်စပ်နိုင်တော့မည် ဖြစ်ပေသည်။

သူသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်၍ သူ၏ဆရာ ကောင်းကင်ပြစ်ဒဏ်ခံယူချိန်တွင် ထိုဆေးကို အသုံးပြုရန် နားချနိုင်ခဲ့ပါက သူ၏ဆရာတွင် ကောင်းကင်ပြစ်ဒဏ်အား ရင်ဆိုင်ကျော်လွှားကာ အသက်ရှင်သန်နိုင်မည့် အခွင့်အရေး (၉၀)ရာခိုင်နှုန်း ရှိပေမည်။

အသက်ရှည်စွာနေထိုင်လိုသည့် သက်တမ်းနိမ့််သက်ရှိများအတွက် နတ်ဝိဇ္ဇာဖြစ်လာစေရန် ကောင်းကင်ပြစ်ဒဏ်ခံယူရခြင်းသည် ရှောင်လွှဲ၍မရနိုင်သော ဆင်းရဲဒုက္ခတစ်ခု ဖြစ်ပေသည်။

ကောင်းကင်လျှပ်စီးဖြင့် ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် ထိုလူ၏ ရှင်သန်ခြင်း၊ သေဆုံးခြင်းအား အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်သည်။

ရှေးကတည်းက ကောင်းပင်ပြစ်ဒဏ်အား အသက်နှင့်ကိုယ် ကျော်လွှားနိုင်မည်ဟု မည်သူမျှ ကံသေကံမ မပြောနိုင်ခဲ့ချေ။

ပြင်းထန်စွာ ဒဏ်ရာရခဲ့ဖူးသည်ဖြစ်၍ ချီယွမ်၏တာအိုအခြေခံ လျော့ရဲနေသည်။ ထို့ပြင် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်သည်လည်း တည်ငြိမ်မှု မရှိပေ။ သူ့ဝိညာဉ်၏ စွမ်းအားများသည်လည်း သာမန် တာအိုပေါင်းစည်းခြင်းနဝမအဆင့်ရှိသူတစ်ဦး ရှိသင့်ရှိထိုက်သည်ထက် ထက်ဝက်မျှသာ ရှိသည်။

လီချန်ရှို့သည်သာ သူ့ဆရာအား ကူညီနိုင်မည့် အခြားနည်းလမ်းများအား ရှာဖွေ၍မတွေ့ခဲ့လျှင် သူ၏ဆရာသည် ကောင်းကင်ပြစ်ဒဏ်ခံယူချိန်တွင် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

သို့သော်လည်း ချီယွမ်သည် နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာရေးအတွက် ကောင်းကင်ပြစ်ဒဏ်ခံယူရန် ဇွဲသန်နေလေသည်။

ချီယွမ်သည် လီချန်ရှို့နှင့် လန်လင်းအယ်တို့၏ဆရာဖြစ်သည်သာမက ချုံတောင်လေး၏ တောင်ထိပ်သခင်တစ်ဦးလည်း ဖြစ်ပေသည်။ သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်း နတ်ဝိဇ္ဇာအဆင့်သို့ မရောက်သေးသည် တစ်ဦးတည်းသော ‌တောင်ထိပ်သခင် ဖြစ်လေသည်။ ထို့ကြောင့် အခြားဂိုဏ်းတူတောင်ထိပ်သခင်များသည် ချုံတောင်လေးအား အရာမသွင်းဘဲ အရေးပေးဆက်ဆံခြင်း မပြုကြချေ။

နှိုင်းယှဉ်ရလျှင် ဆရာဒေါ်လေးကျိုးကျိုးသည် ချင်ယွမ်၏နောက် နှစ်ပေါင်းများစွာကြာမှ တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းဝင်ရောက်ခဲ့သော်လည်း အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးပင် ဖြစ်နေပေပြီ။ ကံဆိုးစွာပင် ချီယွမ်သည် သူမ၏နောက်တွင် များစွာပြတ်ကျန်ခဲ့လေသည်။

နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းရန် လူသားကျင့်ကြံသူများသည် အသက်(၃၀၀၀) အောက်ရှိရပေမည်။ ထိုအရာသည် တာအိုကန့်သတ်ချက်ပင်။ အမှန်တွင် လက်ရှိအသက်အရ ချီယွမ်သည် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းရန် နှစ်(၁၀၀၀)ကျော်မျှ ဆက်၍ ကြိုးစားနိုင်ပေသေးသည်။

သို့သော် သူ့အတွက်ဖြင့် လီချန်ရှို့တစ်ယောက် ကျင့်ကြံခြင်းအဆင့်အစစ်အမှန်အား ဖုံးကွယ်ထားရခြင်းကို သူက မလိုလားပေ။ ထို့ပြင် သူသည် အချိန်ကုန်ခံကာ ထိုင်၍စောင့်နေရခြင်းထက် ယခုမှာပင် စွန့်စား၍ နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းလိုသည်။

တချို့အချိန်များ၌ သူ၏ဆရာသည် ကောင်းကင်ပြစ်ဒဏ်ခံယူချိန်တွင် သေရန်ရည်ရွယ်ထားသည်ဟုပင် လီချန်ရှို့တစ်ယောက် ခံစားရသည်။ သူသည် အောင်မြင်ရန်မျှော်လင့်ကာ သေရန် ပြင်ဆင်၍ ကောင်းကင်ပြစ်ဒဏ်အား ခံယူလိုခြင်း ဖြစ်ပေမည်။

ထိုအခြင်းအရာသည် မြင့်မြတ်၍ စိတ်အားထက်သန်မှုရှိသည်ဟု ဆိုနိုင်သော်လည်း လီချန်ရှို့အတွက်မူ သူ့ဆရာ၏ စိတ်ထားသည် ခေါင်းမာ၍ မိုက်ရူးရဲဆန်သည်ဟုသာ ထင်လေသည်။

ထို့ကြောင့်ပင် လီချန်ရှို့သည် လွန်ခဲ့သော(၁၅)နှစ်မှပင် စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့်ပင် လီချန်ရှို့သည် သူ၏နိယာမအခြေခံမူများအား ပထမဆုံးအကြိမ် ချိုးဖောက်ကာ လုံခြုံသည့် သူ၏တောင်ကလေးမှထွက်၍ မြောက်ကျွန်းသို့သွားခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ပင် သူသည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်အား ရှာတွေ့သောအခါ မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါး၊ ယွီဝမ်လင်နှင့် အခြားသူများကို စွန့်စား၍ လှည့်ဖြားခဲ့ခြင်း ဖြစ်သည်။

သူ၏ဆရာ ကောင်းကင်ပြစ်ဒဏ်ခံယူနိုင်ရန် ကူညီခြင်း၏ ပထမအဆင့်သည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်အားသုံးကာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးဖော်စပ်ရန် ဖြစ်သည်။

ကောင်းကင်ပြစ်ဒဏ်ခံယူရန် အချိန်ကျရောက်လာပါက ချီယွမ်အနေဖြင့် နတ်ဝိဇ္ဇာ ဝိညာဉ်အရောင်အဝါတန်းလေးရရန် ပြစ်ဒဏ်ပထမအဆင့်ကိုသာ တောင့်ခံနိုင်ရန် လိုပေသည်။ ထို့နောက်တွင် သူသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးအား သောက်နိုင်သွားပေလိမ့်မည်။ ထိုဆေးသည် သူ့အားသေဆုံးသွားသည့်ဟန် ဖြစ်စေ၍ ‘ သံသရာမှလွတ်မြောက်ရာလမ်း ’ အား ပွင့်သွားစေလိမ့်မည် ဖြစ်သည်။ ထို့နောက် သူသည် ကောင်းကင်ပြစ်ဒဏ်အားဆက်၍ ခံယူရန် မလိုအပ်တော့ပေ။

နတ်ဝိဇ္ဇာများသည် ကောင်းကင်ပြစ်ဒဏ်ခံယူရာတွင် တောင့်မခံနိုင်လျှင် ‘ သံသရာမှလွတ်မြောက်ရာလမ်း ’ ကို ဖြတ်သန်းရကာ အဆင့်နိမ့်နတ်ဝိဇ္ဇာတစ်ပါး ဖြစ်သွားပေမည်။

အဆင့်နိမ့်နတ်ဝိဇ္ဇာများသည် ကျင့်ကြံခြင်းအဆင့်နှင့် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်များတွင် မူလနတ်ဝိဇ္ဇာနှင့် မယှဉ်နိုင်ပေ။ သို့သော် သူတို့၏ သက်တမ်းမှာမူ တူပေသည်။ သူတို့သည်လည်း ဆက်ကျင့်ကြံ၍ ရပေသည်။

ရှေးဟောင်းကျမ်းစာများအရ အဆင့်နိမ့်နတ်ဝိဇ္ဇာတစ်ပါး အမြင့်ဆုံးရောက်ခဲ့သော ကျင့်ကြံခြင်းအဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာအဆင့် ဖြစ်သည်။ ထိုလမ်းစဉ်အား ကောင်းကင်အမတတာအိုနှင့် ဆန့်ကျင်ဘက် မြေအမတတာအိုဟု ခေါ်ဆိုကြသည်။

ထိုပထမအဆင့်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လီချန်ရှို့သည် သူ၏ဆရာ အဆင့်နိမ့်နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာပြီးနောက်ပိုင်းအတွက်ပါ ကြိုတင်မြော်မြင်ထားသည်။

ချီယွမ်သည် မြေနတ်ဝိဇ္ဇာတစ်ပါးဖြစ်လာပြီး နှစ်ရာချီ ကျင့်ကြံနိုင်ပေသည်။ ထို့နောက်တွင် သူသည် တည်‌ထောင်ထားစ အလုပ်သမား အင်အားနည်းနေသော ကောင်းကင်ဘုံခုံရုံးများသို့ ဝင်ရောက်နိုင်ပေသည်။ ထိုခုံရုံးများတွင် သူသည် နယ်မြေအသေးတစ်ခု၏ မြေစောင့်နတ်ရာထူး၊ ‌တောင်စောင့်နတ်ရာထူး သို့မဟုတ် မြစ်စောင့်နတ်ရာထူး တစ်ခုခုအား အလွယ်တကူ ရရှိနိုင်ပေသည်။ ထို့နောက် သူသည် အမွေးတိုင်ထွန်းညှိပူဇော်မှုများအား မွေ့လျော်ခံစား၍ သာမန်အတုမဲ့နတ်ဝိဇ္ဇာတစ်ပါး၏ သက်တမ်းအတိုင်း ဘဝအားပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားရုံသာ ရှိလေတော့သည်။

အကယ်၍ ချီယွမ်သည် ကောင်းကင်ဘုံခုံရုံးမှဆုလာဘ်များရမည့် ကိစ္စတစ်စုံတစ်ခု စွမ်းဆောင်နိုင်ခဲ့လျှင် ကောင်းကင်နတ်မင်းတစ်ပါး၏ သက်တမ်းအထိ အသက်ရှည်ရှည် နေနိုင်ပေလိမ့်မည်။

တချိန်တည်း၌ပင် ချီယွမ်သည် ကောင်းကင်ဘုံခုံရုံများတွင် အဆက်အသွယ်များ ချိတ်ဆက်နိုင်ပေလိမ့်မည်။ လီချန်ရှို့နှင့် သူ၏ဆရာတူညီမလေးတို့ အဆင်သင့်ဖြစ်သောအချိန်တွင် သူတို့သည်လည်း ကောင်းကင်ဘုံခုံရုံးသို့သွားကာ လွယ်လင့်တကူရနိုင်သော ရာထူးတစ်ခုအတွက် လျှောက်ထားနိုင်ပေသည်။ အနာဂတ်တွင် သူတို့သည် လောကသုံးပါးအား စီမံအုပ်ချုပ်သောအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲများဖြစ်လာနိုင်ပေသည်။ ထို့နောက် သူတို့သည် လွယ်ကူသာယာသောဘဝတစ်ခုအား ဖြတ်သန်း၍ အိုမင်းသေဆုံးသွားကြပေလိမ့်မည်။

ထိုအရာသည် ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုပင်ဖြစ်သည်။

“ ဒီဆေးကို ဖော်စပ်ရတာ ကြာမယ်လို့တော့ မဆိုနိုင်ဘူး။ ဆရာ‌ဒေါ်လေးကျိုးကျိုးလို အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသာ ငါ့ကိုကူညီပေးမယ်ဆိုရင် ပြီးတော့ ငါသာပါဝင်ပစ္စည်းတွေ ကြိုပြင်ဆင်ထားမယ်ဆိုရင်… ငါဖော်စပ်နိုင်မှာပါ။ ဒါပေမဲ့ … ”

လီချန်ရှို့၏ဆရာသည် ဂိုဏ်းအတွင်းရှိ စံပြကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့၏ဂုဏ်သိက္ခာအကျခံမည့်အစား အသေခံမည့် လူမျိုးဖြစ်သည်။ အသက်ရှင်ရေးအတွက် ထိုကဲ့သို့နည်းလမ်းမျိုးသုံးရန် သူ့အားနားချရခြင်းသည် နတ်ဝိဇ္ဇာလွတ်မြောက်‌ဆေးပင် ရှာရသည်ထက် ပို၍ခက်ခဲပေလိမ့်မည်။

သို့သော်လည်း သူ၏တပည့်ဖြစ်သော လီချန်ရှို့အနေဖြင့် ထိုကံကြမ္မာအား ရင်ဆိုင်ရပေလိမ့်မည်။ ထိုအရာသည် ရှောင်ရှား၍မရနိုင်သော သူ၏တာဝန်ပင် ဖြစ်လေသည်။

နားချ၍ အဆင်မပြေခဲ့လျှင် လှည့်စား၍လိမ်လည်ရပေမည်။ အဆင်မပြေခဲ့ပါက နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးအား သကြားလုံးအတွင်းထည့်ကာ သက်စောင့်နတ်ဆေးဟု လိမ်၍ တိုက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိချေ။ ယင်းအားတွေးရုံဖြင့်ပင် လီချန်ရှို့ပြုံးသွားမိသည်။

သူ၏ခရီးစဉ်အတွင်း အတွေ့အကြုံများအား ပြန်လည်တွေးတောလိုက်သည်။ ကျေးငှက်သာရကာများနှင့် ပျားကလေးများ၏ ကျည်ကျည်ကျာကျာအော်မြည်သံများသည်လည်း သူ၏ပြတင်းပေါက်အား ဖြတ်ကာ ဝင်ရောက်နေလေသည်။ သူ လိုအပ်ခဲ့သော နေရာများကို ပြန်လည်ဆင်ခြင်သုံးသပ်လိုက်သည်။

လီချန်ရှို့သည် မူလနတ်ဝိဇ္ဇာအား ကိုင်တွယ်ရာတွင် လိုအပ်မှုရှိပေသေးသည်။ ခြေရာလက်ရာဖျောက်ရာတွင်လည်း နှေးကွေးသေးသည်။ သူ၏ ရုပ်ပြောင်းစက္ကူများကိုလည်း ပို၍အဆင့်မြှင့်ရပေမည်။ သူ၏ ကိုယ်ပွားများသည် အစစ်နှင့် ရာနှုန်းပြည့် မတူသေးချေ။

ဓာတ်ကြီးငါးပါးကိုယ်ယောင်ဖျောက်အတတ် တစ်ခုနှင့်တစ်ခု အကူးအပြောင်းတွင် သူ နှေးကွေးသေးသည်။ ထင်းရှူးပင်အိုကြီး၏ အမြစ်များအတွင်းသို့ဝင်ချိန်တွင် မြေပြင်မှာ လှိုင်းထသွားခဲ့သည်။

မိမိကိုယ်ကို ပြန်လည်ဆန်းစစ်မှု ပြီးဆုံးသွားပြီးနောက် လီချန်ရှို့သည် တိုးတက်အောင်ပြုလုပ်ရန် လိုအပ်သေးသည့် သူ၏ပြစ်ချက်များကို သိရှိလိုက်ရလေသည်။ ထို့ပြင် လီချန်ရှို့အတွက် အပြင်လောကသို့ ထပ်၍သွားရန် မလိုအပ်တော့ပေ။ သူသည် တောင်ပေါ်၌ပင် ကျင့်ကြံရင်း နေထိုင်နိုင်ပေသည်။

သူ ခံရမည့် ကောင်းကင်ပြစ်ဒဏ်အတွက်မူ အလျင်မလိုသေးပေ။ ကောင်းကင်ပြစ်ဒဏ်အား ဘေးကင်းကင်းခံနိုင်မည်ဟု ( ၉၉ ) ရာခိုင်နှုန်းမျှ မသေချာလျှင် ထိုအဆင့်သို့ သူ တက်မည် မဟုတ်ပေ။

ကျန်သည့် ( ၁ ) ရာခိုင်နှုန်းသည် ကောင်းကင်တာအို ပြတ်တောင်းပြတ်တောင်းဖြစ်သွားမည့်အချိန်အတွက် ထည့်မတွက်ထားခြင်း ဖြစ်သည်။


ဒေါက်…
ကျောက်ခဲလေးတစ်လုံးသည် သူ၏တဲအိမ်လေး၏ သစ်သားနံရံသို့ လာ၍မှန်လေသည်။ လီချန်ရှို့သည် သူ၏လက်ချောင်းများအားဖိ၍ ‌ရေတွက်လိုက်ရာ နံနက်အရုဏ်တက်ပင် ကျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူသည် ထ၍ရပ်လိုက်ကာ တဲအပြင်သို့ထွက်၍ ဆရာတူညီမလေး၏တဲရှိရာသို့ လျှောက်သွားလိုက်သည်။

***

ဆရာတူညီမလေး လန်လင်းအယ်သည် ဂိုဏ်းသို့ရောက်ရှိခဲ့သည့် ဆယ်နှစ်အတွင်း သင်ခန်းစာများ၊ ကြိုတင်စီစဥ်ထားသော သင်ခန်းစားများနှင့် ဘဝလမ်းညွှန်ချက်များကို နံနက် အရုဏ်တက်ချိန်တွင် သင်ကြားရလေသည်။

လီချန်ရှို့က တဲအိမ်အရှေ့သို့ ရောက်သောအခါ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ တံခါးသည် အနည်းငယ်ပွင့်၍သွားပြီးနောက် သူသည် တံခါးအား တွန်းကာ အတွင်းသို့ဝင်လိုက်၏။

ပန်းရောင် လိုက်ကာလေးသည့် သူ့ရှေ့တွင် ဝဲပျံနေသည်။ သူ၏ခြေထောက်အောက်ရှိ ကော်ဇောသည်လည်း ပန်းရောင်ဖြစ်နေပေပြီ။

လိုက်ကာပါးလေးအား ဖြတ်ကာ ကုတင်ပေါ်တွင် အတွင်းဘက်သို့ မျက်နှာမူ၍ တစောင်းကလေး လှဲနေသော ရင်းနှီးသည့်လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူမ၏ ပါးလျသောဝတ်ရုံကြောင့် လီချန်ရှို့သည် လှပသည့် မြင်ကွင်းများကို မြင်လိုက်ရသည်။

လိုက်ကာကလေးခြားနေ၍သာ ညစ်ညမ်းသည့်အတွေးများ ဝင်၍မလာခြင်းပေ။

လီချန်ရှို့သည် သူမအား နောက်တစ်ကြိမ်ထပ်၍ မကြည့်တော့ပေ။ သူသည် ဧည့်သည်နေရာတွင် ထိုင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ အိပ်ချင်ယောင်ဆောင်မနေနဲ့တော့။ ညီမက ပုံမှန်အိပ်ရင် အဲဒီလို ကြော့ကြော့မော့မော့ မရှိဘူးဆိုတာ အစ်ကိုသိတာပေါ့ ”

လိုက်ကာနောက်မှနေ၍ ညည်းညူလိုက်သံလေးကို သူ ကြားလိုက်ရသည်။
“ ဆရာတူအစ်ကို ညီမ ခုနလေးကမှ အားအင်မဲ့နတ်ဆေးဖော်စပ်ပုံကို လေ့လာနေတာ။ အခု ညီမခေါင်းနည်းနည်း နောက်နေတာ။ ဘာမှထပ်သင်နိုင်မယ် မထင်ဘူး။ တစ်ကိုယ်လုံးလည်း နုံးချိနေတာပဲ။ ဘာအားအင်မှကိုမရှိဘူး ”

လီချန်ရှို့ခေါင်းညိတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
“ အဲဒါဆိုလည်း အစ်ကိုတို့ မနက်ဖြန်မှပြောကြတာပေါ့။ အရေးကြီးကိစ္စမှ မဟုတ်တာ ”

လန်လင်းအယ်က ရုတ်ခြည်း အော်ပြောလိုက်သည်။
“ ဟင့်အင်း… ”
ထို့နောက် စိတ်ကောက်ဟန်ဖြင့် ဆက်၍ပြောလိုက်သည်။
“ ပြန်ထိုင်။ ညီမအခုထွက်လာပြီ။ ဟွန့်… ဘာလို့ပြန်လာဖို့ ကြာနေတာလဲဆိုတာ အစ်ကို သေချာရှင်းပြရမယ် ”

လန်လင်းအယ်သည် မထွက်လာမီ တရွှမ်းရွှမ်းဖြင့် အဝတ်ပုံအား မွှေနှောက်နေလေသည်။ ထို့နောက် ဝတ်ရုံရှည်တစ်ခုဝတ်ဆင်ကာ လိုက်ကာနောက်မှ ထွက်လာ၏။ သူမသည် စားပွဲဘယ်ဘက်တွင် ဝင်ထိုင်လိုက်ပြီး လီချန်ရှို့အား စိတ်ဆိုးသည့်ပုံစံဖြင့် ကြည့်နေလေသည်။

လီချန်ရှို့သည် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ တကယ်တော့ အစ်ကိုတို့ ပြဿနာတစ်ခုနဲ့ ကြုံခဲ့တာ။ ကောင်းကင်ခွင်းတောင်က ယွမ်ချင်းဆိုတဲ့သူကို ညီမလေး သိလား ”

“ ဟုတ် ”
လန်လင်းအယ်က ပြန်ဖြေလိုက်သည်။ သူမသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ပြောလိုက်သည်။
“ သူကအစ်ကိုနဲ့အတူ မြောက်ကျွန်းကိုသွားတဲ့ ကောင်းကင်ခွင်းတောင်က တပည့်ပဲ။ သူက ညီမတို့မျိုးဆက်ရဲ့ ဒုတိယအဆင့်လေ။ ပြီးတော့ တော်တော်လေး နူးညံ့ကြင်နာတတ်တယ်လို့ ပြောကြတာပဲ ”

“ လင်းအယ် မှတ်ထား… ယောက်ျားတွေက အမြဲ နူးညံ့ကြင်နာယောင်ဆောင်တတ်ကြတယ်။ သူက ဒီအခေါက် ယုံချင်ရွှမ်းယာကို အကောက်ကြံတာ။ ဒါပေမဲ့ ယုံချင်ရွှမ်းယာက သူ့ကိုသတ်လိုက်တယ်လေ ”
လီချန်ရှို့သည် ခေါင်းခါလိုက်ပြီး သူ၏မှတ်ဉာဏ်အတွင်းပေါ်လာသော ပုံရိပ်များအား ပြန်စုစည်းလိုက်သည်။
“ သူလုပ်ခဲ့တဲ့အရာတွေ အကုန်လုံးက အသေးအဖွဲအတွက် အဓိကအရာကို ဆုံးရှုံးလိုက်ရတာရဲ့ အကောင်းဆုံးဥပမာပဲ။ သူက တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ဆိုတဲ့ဂုဏ်ကို စွန့်ပြီးတော့ လူ့လောကရဲ့ နန်းတွင်းအာဏာကိုလိုချင်တာ ”

လန်လင်းအယ်သည် မေးစေ့လေးအား လက်ဖြင့်ထောက်လိုက်ပြီး စားပွဲပေါ်သို့ ကိုယ်ကိုကိုင်းလိုက်သည်။
ထို့နောက် နူးညံ့စွာပြောလိုက်သည်။
“ ဆရာတူအစ်ကို ဘာတွေဖြစ်ခဲ့တာလဲဟင် ”

လီချန်ရှို့က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
“ ယုံချင်ရွှမ်းယာက တောင်ကျွန်းမှာရှိတဲ့ တိုင်းပြည်တစ်ခုက ခြောက်ယောက်မြောက် မင်းသမီးတစ်ပါးပဲ။ ယွမ်ချင်းကတော့ အင်အားကြီးမိသားစုတစ်စုက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သားပေါ့။ သူ့ကို အမှတ်လေးသခင်လေးလို့ ခေါ်ကြတယ် ”

“ ယွမ်ချင်းရဲ့ မယ်တော်က ကိုယ်လုပ်တော်တစ်ယောက်ဆိုပေမယ့် အင်အားကြီးတဲ့သူတစ်‌ယောက်ပဲ။ သူက အင်အားကြီးမိသားစုတစ်စုရဲ့ သခင်မလေးလေ။ ပြီးတော့ သူ့မှာလည်း အာဏာနည်းနည်းပါးပါး ရှိတယ် ”

“ အဲဒီလူတွေက တုနတ်ဝိဇ္ဇာဂိုဏ်းကို စေလွှတ်ခံရတဲ့ မင်းသမီးခြောက်ကို မျက်စိကျနေကြတာ ”

“ တကယ်လို့ ယွမ်ချင်းသာ မင်းသမီးခြောက်ကို လက်ထပ်နိုင်ခဲ့ရင် သူက အဲ့တိုင်းပြည်ရဲ့ မင်းသားတစ်ပါးဖြစ်သွားမယ့်အပြင် သူ့မိသားစုအတွင်းမှာလည်း အာဏာပိုရှိလာလိမ့်မယ်။ ပြီးတော့ နောက်ပိုင်းကျရင် တိုင်းပြည်တစ်ခုလုံး အပိုင်စားရနိုင်မယ့် အခွင့်အရေးလည်း ရှိသေးတယ်။ ဒါကြောင့် သူတို့က အင်အားကုန်သုံးပြီး ယွမ်ချင်းကို တုနတ်ဝိဇ္ဇာဂိုဏ်းကို ဝင်နိုင်အောင် လုပ်ပေးခဲ့ကြတာပဲ ”

“ ဒါပေမဲ့ ယွမ်ချင်းက ငဖျင်း။ နှစ်(၆၀)လောက်ကြာတာတောင် မိန်းမလှလေးရဲ့ နှလုံးသားကို မရခဲ့ဘူး။ အဲဒီတော့ သူ့ကိုထောက်ပံ့ပေးနေတဲ့ သူတွေလည်း စိုးရိမ်လာတာပေါ့။ နောက်ဆုံးတော့ သူတို့ထပ်မစောင့်နိုင်တော့ဘဲ စွန့်စားကြရတော့တာပဲ… ”
လီချန်ရှို့သည် ဆရာတူညီမလေးအား ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို အကြမ်းဖျဉ်းရှင်းပြလိုက်သည်။

“ ဒီတော့ အဲ့လူတွေက ရှုံးနိမ့်သွားတာတင်မကဘဲ အကြီးကြီးဆုံးရှုံးလိုက်ရတယ်။ မိသားစုနှစ်စုလုံး ရင်ဆိုင်တွေ့ကြတော့မှာ။ သူတို့တိုင်းပြည်ရဲ့ ဘုရင်က တုနတ်ဝိဇ္ဇာဂိုဏ်းကို မျက်နှာလုပ်ဖို့ သူတို့မိသားစုကို အမြစ်ကလှန်ချင်လှန်ရလိမ့်မယ် ”
လန်လင်းအယ်တစ်ယောက် အတွေးနက်နေသည်ကိုမြင်သဖြင့် လီချန်ရှို့သည် နွေးထွေးစွာပြောလိုက်သည်။
“ လင်းအယ်လေး … ဒီဇာတ်လမ်းကနေပြီး ဘာသင်ခန်းစာတွေရလဲ ”

“ အဲ… ”
လန်လင်းအယ်သည် အတန်ငယ်စဉ်းစားပြီးနောက် ပြတ်ပြတ်သားသားဖြေလိုက်သည်။
“ အမျိုးသမီးတွေက ဘယ်တော့မှ ကိုယ်လုပ်တော် မလုပ်သင့်ဘူး။ လုပ်မိရင် အာဏာနည်းနည်းရဖို့‌တောင် တော်တော်ကြိုးစားယူရလိမ့်မယ် ”

“ အဟွတ်…အဟွတ် ”
လီချန်ရှို့သည် ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ရတော့သည်။
“ အင်း…ဘာများကျန်သေးလဲ ”

“ အဲ့ယွမ်ချင်းရဲ့ အကြံက မစွံပါဘူး။ အဲဒါထက် အဲ့အင်အားကြီးမိသားစုကဆိုတဲ့ သူတွေက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ အင်အားကို လျှော့တွက်လွန်းတယ် ”
လန်လင်းအယ်သည် စ၍ လေးလေးနက်နက် ကောက်ချက်ချနေသည်။
“ သူတို့ ယုံချင်ရွှမ်းယာထက်သာအောင် လုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ညီမထင်တယ်။ သူတို့ရဲ့ လောဘစိတ်တွေကို ယွမ်ချင်း ကောင်းကင်နတ်မင်းအဆင့်ရောက်တဲ့အထိ နှစ်ပေါင်းထောင်ချီ ချိုးနှိမ်ထားသင့်တယ်။ အဲဒီအခါကျရင် သူက တိုင်းပြည်တစ်ခုခုရဲ့ ဘုရင်အဖြစ် နောက်ကွယ်ကနေ ကြိုးကိုင်လို့ရပြီ။ အဲ့တော့မှ သူ့အာဏာတွေကိုသုံးပြီး သူ့လူတွေကို စည်းစိမ်ချမ်းသာတွေရှာပေးလို့ရတာပဲ။ ပြီးတော့ တုနတ်ဝိဇ္ဇာဂိုဏ်းကိုလည်း ပြန်လှူလို့ရတယ်။ အဲဒီလိုဆို ဂိုဏ်းအတွင်းမှာ အဆင့်တွေတက်လာပြီး အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာပဲ။ အဲဒီနည်းနဲ့သာဆို သူ့ရဲ့ ကျင့်ကြံခြင်းရော လောကီစည်းစိမ်ရော နှစ်မျိုးလုံးရမှာပဲ။ မင်းသမီးတစ်ပါးရဲ့ ကြင်ယာအနေနဲ့ အာဏာလိုချင်တာကတော့ တော်တော်စိတ်ကူးယဉ်ဆန်ပြီး အသုံးမကျလွန်းတာပဲ။ အဲ့ ဘုရင်တွေမှာ သားတော်တွေဆိုတာ ရိုက်သတ်လို့တောင်ကုန်မှာမဟုတ်ဘူး ”

လီချန်ရှို့ ဆွံ့အသွားသည်။
“ ကဲပါလေ အဲဒါတွေထားလိုက်ပါတော့။ ဒီအတိုင်း အပျင်းပြေစကားတွေလို့ပဲ သဘောထားလိုက်။ ညီမလေးကလည်း လောကီလူ့ဘောင်က အင်အားကြီးမိသားစုဝင်တစ်ယောက်ပဲ။ အစ်ကိုက ညီမသတိထားနိုင်အောင်ပဲ သတိပေးချင်တာပါ ”

“ ဟီးဟီး… ”
လန်လင်းအယ်တစ်ယောက် တခစ်ခစ်ရယ်လိုက်သည်။
“ စိတ်မပူပါနဲ့ ဆရာတူအစ်ကို။ လင်းအယ်က အစ်ကိုမပါဘဲ ဘယ်မှသွားမှာ မဟုတ်ပါဘူး ”

လီချန်ရှို့သည် ခေါင်းယမ်း၍သာ ရယ်လိုက်ရလေတော့သည်။
“ ညီမရဲ့ ဆေးအိတ်လေးတွေပေး။ အစ်ကို ညီမအတွက် ထပ်ဖြည့်ပေးမယ်။ ဒီအခေါက် တော်တော်သုံးလာပုံရတယ်။ ဟုတ်တယ်မလား ”

လန်လင်းအယ်သည် ရုတ်ခြည်းပင် လိပ်ပြာမလုံ​ဖြစ် သွားဟန်တူသည်။ သူမသည် ဖြည်းဖြည်းချင်း ခါးမတ်လိုက်ပြီး သူမ၏ချောမွေ့သွယ်လျသောခြေထောက်များကို ချိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမသည် လက်နှစ်ဖက်အား ဒူးနှစ်ဘက်ပေါ်သို့ တင်လိုက်သည်။ သူမ၏ လှပသည့် မျက်လုံးလေးများသည် အကြည့်လွှဲ၍နေလေသည်။ သူမသည် နာခံရိုကျိုးပြီး ချစ်စဖွယ်ကောင်းကာ စိတ်ပျံ့လွင့်နေသည့်ပုံ သရုပ်ဆောင်နေခြင်းပင်။
‘ အင်းလေ။ ဒီအခေါက် ဆရာတူအစ်ကိုပေးလိုက်တဲ့ အဆိပ်မှုန့်တွေနဲ့ ဆေးလုံးတွေကို ငါက အလကားသပ်သပ် ဖြုန်းပစ်တာမှမဟုတ်တာ…’

***

Comment

Leave a Reply

Options

not work with dark mode
Reset