အခန်း (၂၁) နှောက်ယှက်ရတာ စိတ်မကောင်းပါဘူး
ကျန်းလန် မြူခိုးများထဲတွင် လမ်းလျှောက်လာလေသည်။
သူ့ရှေ့မှ သွားနေသူက နှေးကွေးလွန်းလှသည်ဟု ကျန်းလန် တွေးလိုက်မိသည်။ ထိုသူ နှေးကွေးနေခြင်းက ကျန်းလန်အတွက် အချိန်ကုန်လေသည်။
ယခုအချိန်သာ… လုန်ယွိ သူ့အတွက် ပြုလုပ်ပေးထားသည့် အကာအကွယ်စည်းဝိုင်းရှိရာသို့ တစ်စုံတစ်ယောက် ရောက်ရှိသွားပြီး သူ့ကိုရှာမတွေ့လျှင် ဖြေရှင်းရ ခက်နေပေလိမ့်မည်။
ကျန်းလန် ခပ်မြန်မြန် ကိစ္စပြတ်ချင်ပြီ ဖြစ်၏။
“ကဲ… ဒီကောင့်ကို မြန်သွားအောင် ကူညီပေးလိုက်တာပေါ့…”
ကျန်းလန် ရေရွတ်လိုက်သည်။
ထို့နောက် ကျန်းလန်က လက်ဖျောက်တစ်ချက်တီးလိုက်လေရာ…
“ဘုန်း…”
ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ရှေ့မှသွားနေသူ၏နံဘေးတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
ပေါက်ကွဲမှုက ပြင်းထန်လွန်းသောကြောင့် မြေပြင်ထက် တွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာ၏။
သူ့ကိုယ်သူ အန္တရယ်ကင်းသည်ဟုယူဆပြီး အေးအေးဆေးဆေး လမ်းလျှောက်နေသော ထိုသူမှာ ချက်ချင်းပင် အံ့သြမှင်တက်သွားသည်။
ထို့နောက်… ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခြေကုန်သုတ်ကာ ပြေးလေတော့၏။
“ဝုန်း…”
နောက်ထပ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တော့ ပေါက်ကွဲသံက ထိုသူ၏ အနောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဘန်း…”
ထိုသူ၏ ခြေထောက်များ မြောက်တက်သွားပြီး အတော်ဝေးဝေးသို့ လွင့်စင်ထွက်သွားသည်။
ရန်သူက သူနှင့် မဝေးတော့ကြောင်း ထိုသူ ချက်ချင်း သိလိုက်သည်။
ရန်သူက သူနှင့် ပြိုင်ဘက်မဟုတ်ပေ။ ရန်သူ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရပါက မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ပတ်ဝန်းကျင်တွင် မြူခိုးများဝေနေသောကြောင့်သာ ရန်သူက သူ့ကို ထိခိုက်အောင် မတိုက်ခိုက်နိုင်ခြင်း ဖြစ်မည်ဟု ထိုသူ တွေးလိုက်သည်။ ရန်သူသာ အနားကပ်လာပါက သေချာပေါက် အသက်ပျောက်ကိန်းရှိ၏။
ထို့ကြောင့် ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ပင် သူ့လူများရှိရာသို့ အမြန်ဆုံး ခြေကုန်သုတ်လေတော့သည်။ သူ့နောက်မှလူ မည်မျှ နီးကပ်လာပြီလဲဆိုသည်ပင် အရေးမစိုက်နိုင်တော့ပေ။
ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်ရှိနေကြောင်း သူ့လူများကို ပြန်ပြီး သတင်းပို့ရပေမည်။ ရန်သူက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပြီး ခွန်လွန်တောင်မှ တပည့်များကြားတွင် ပုန်းအောင်းနေကြောင်း အားလုံးသိအောင် ပြောရပေမည်။
သူ့ရှေ့မှလူ လျှင်မြန်စွာ ထွက်ပြေးသွားတော့မှ ကျန်းလန် ကျေနပ်သွားပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။
သို့သော်… သူ့ခြေသံများကို တစ်ဖက်လူကြားအောင် တဒုန်းဒုန်းအသံမြည်အောင်ပြုလုပ်ရင်း ခြေလှမ်းနေလိုက်၏။ သို့မှသာ… ရှေ့မှလူက နောက်မှ သူ လိုက်လာကြောင်း သိရှိနေမည် ဖြစ်သည်။
“ကျန်းလန်တဲ့ကွ… တစ်ချက်နှေးရင် အသက်ပေးသွားရမယ်… ဟင်း…ဟင်း…”
“ဒုန်း…”
“ဒုန်း…”
“ဒုန်း…”
ထိုသူ၏ နားထဲတွင် ခြေသံပြင်းပြင်းအသံများကို ကြားနေရသည်။
ခြေသံတိုင်းက စိတ်အာရုံထဲတွင် ပဲ့တင်ထပ်လျှက် ရှိသည်။ ထိုခြေသံများက သူ၏စိတ်ကို မတည်မငြိမ်ဖြစ်စေရုံသာမက သေမင်း၏ ခြိမ်းခြောက်သံများအလား ခံစားရစေသည်။
သူ့ခြေလှမ်းများနှေးသွားသည်နှင့် နားထဲတွင် ရန်သူ၏ ခြေလှမ်းသံကြီးက ဒုန်းကနဲ မြည်ဟည်းလာသည်။
ထို့ကြောင့် အရှိန်မလျှော့ရဲဘဲ ခွေးပြေးဝက်ပြေး ပြေးနေရသည်။
ရန်သူနှင့်ဝေးသွားပြီဟု ယူဆပြီး စိတ်လျှော့လိုက်မိသည်နှင့် ထိုခြေသံကြီးက ထပ်မံထွက်ပေါ်လာစမြဲ ဖြစ်၏။ သေမင်းက သူ့နောက်လိုက်နေသည့်အလားပင် ဖြစ်သည်။ သူ့မှာ တစ်ချက်မှ အနားမယူရဲပေ။
“သိပ်မလိုတော့ဘူး… ရောက်တော့မယ်… ရောက်တော့မယ်…”
ထိုသူက အားတင်းရင်း ရှေ့ဆက်ပြေးနေ၏။
ပြေးနေရင်း နောက်သို့ လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးသည်။ သို့သော်… ပြေးနှုန်းကိုတော့ လုံး၀ မလျှော့ဝံ့ပေ။
“ဂါး…”
သားရဲဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကြီးကိုကြားသည်နှင့် ရှေ့မှပြေးနေသူ စိတ်သက်သာရာရသွားလေသည်။
နောက်ဆုံးတော့… သူတို့အဖွဲ့ခေါင်းဆောင်ရှိရာသို့ အရောက်လာနိုုင်ခဲ့ပြီ ဖြစ်သည်။
………..
“ဝေါ့…”
လုန်ယွိ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် လွင့်ထွက်သွားပြီး သွေးများ အန်ချလိုက်သည်။
မိစ္ဆာသားရဲများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ရသောကြောင့် သူမ အားနည်းပင်ပန်းကာ ဒဏ်ရာများလည်း ရလျှက်ရှိသည်။
ထို့ကြောင့် … အနက်ရောင်ဝတ်လူ၏ တိုက်ခိုက်မှုကို သူမ ခံနိုင်ရည် မရှိတော့ပေ။
သူမ ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း တစ်ကိုယ်လုံး လေးလံလျှက် ရှိသည်။ သူမကိုယ်သူမ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
လုန်ယွိ အနက်ရောင်ဝတ်လူကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။
မိစ္ဆာသားရဲများဖြင့်သာ ရင်ဆိုင်ရခြင်းမရှိလျှင်သူမ ထိုသူကို ကောင်းကောင်းအနိုင်ယူနိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။
အနက်ရောင်ဝတ်လူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရင်း…
“လုန်ယွိ… မင်း သေရမယ်…”
ပြောပြီးသည်နှင့် ဓားရှည်ကို တစ်ချက်ဝှေ့ရမ်းလိုက်သည်။
“ရွှမ်း…”
ဓားရှည်က အလွန်လျှင်မြန်သည့်အရှိန်ဖြင့် လုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
“ဝေါ့…”
ဓားရှည်က ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားသည်နှင့် လုန်ယွိ သွေးများ ထပ်မံအန်ထုတ်လိုက်သည်။
“နောက်ဆုတ်…”
အနက်ရောင်ဝတ်လူက သူ့လူများကို အော်ဟစ်အမိန့်ပေးလိုက်သည်။
လုန်ယွိအန်ချလိုက်သည့်သွေးများက သာမန်သွေးများမဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်၏ သွေးစွမ်းအားအနှစ်သာရများ ဖြစ်သည်။
ထိုသွေးများက အလွန်စွမ်းအားမြင့်မားလှ၏။ လုန်ယွိက ရန်သူကို တိုက်ခိုက်ရန်အတွက် သူမ၏ သွေးစွမ်းအားအနှစ်သာရများကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သွေးစက်များက အနက်ရောင်ဝတ်လူရှိရာသို့ ဖွာကနဲ လွင့်စင်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
လုန်ယွိ၏ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျနေသည်။ သွေးစအချို့က သူမ၏မျက်နှာနှင့် လည်ပင်းထက်သို့ စီးကျသွားလေ၏။
သွေးစများနှင့် ထိလိုက်သည်နှင့် လုန်ယွိ၏ မျက်နှာညာဘက်ခြမ်းနှင့် လည်ပင်းတစ်လျှောက်တွင် အနီရောင်သင်္ကေတတစ်ခုပမာ ဒဏ်ရာကြီး ဖြစ်ပေါ်လာသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် လုန်ယွိ၏ သွေးစွမ်းအားအနှစ်သာများက မည်မျှ စွမ်းအားမြင့်မားကြောင်း သိနိုင်သည်။
“ဝုန်း…”
သွေးစများ ပေါက်ကွဲထွက်သွားပြီး အနက်ရောင်ဝတ်လူ လေထဲသို့ မြောက်တက်သွားသည်။
လုန်ယွိမှာလည်း လုံး၀ မတ်တတ်ရပ်နေခြင်းငှာ မတတ်နိုင်တော့ဘဲ မြေပြင်ထက်သို့ ဒူးထောက်ကျသွားလေသည်။ ရန်သူကိုတိုက်ခိုက်ရန် သွေးစွမ်းအားအနှစ်သာရများ အသုံးပြုလိုက်ရသောကြောင့် သူမ၏အားအင်များ လုံး၀ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်… သူမ၏ သွေးစွမ်းအားအနှစ်သာရဖြင့် တိုက်ခိုက်မှုက အနက်ရောင်ဝတ်လူကို ထိခိုက်စေခြင်းမရှိသည့်အခါ လုန်ယွိ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
အနက်ရောင်ဝတ်လူက မြေပြင်ထက်သို့ တည်တည်ငြိမ်ငြိမ်ပြန်လည်ဆင်းသက်လာသည်။
လုန်ယွိ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်နေမိ၏။
သူမ… ဤနေရာတွင် သေရပေတော့မည်။
အနက်ရောင်ဝတ်လူက ကျိုးပဲ့ပျက်စီးနေသည့် မှော်ဝင်ပစ္စည်းတစ်ခုကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
ထိုမှော်ဝင်ပစ္စည်းကသာ ကာကွယ်ပေးထားခြင်းမရှိလျှင် လုန်ယွိ၏ သွေးအနှစ်သာရစွမ်းအားများကြောင့် သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားနိုင်သည်။
“မင်းကို လျှော့မတွက်ခဲ့မိတာ… ကျေးဇူးတင်ရမယ်…”
အနက်ရောင်ဝတ်လူ ရေရွတ်လိုက်သည်။
ထို့နောက်… သူက လုန်ယွိကို လက်ဝါးဖြင့် ရိုက်ချရန် ဟန်ပြင်လိုက်ရင်း…
“မင်း… သွားသေလိုက်တော့…”
သူ၏ လက်ဝါးရိုက်ချက်ထိမှန်ခံရပါက လုန်ယွိ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
နဂါးမျိုးနွယ်များက အသက်ပြင်းကြပြီး သတ်ဖြတ်ရန် မလွယ်ကူလှပေ။ သို့သော်… ဒဏ်ရာအပြင်အထန်ရသွားလျှင်တော့ အနှေးနှင့်အမြန် ဇီဝိန်ကြွေသွားမည်ပဲ ဖြစ်သည်။
သို့သော်…
အနက်ရောင်ဝတ်လူက လုန်ယွိကို တိုက်ခိုက်ရန် ဟန်ပြင်နေစဉ်မှာပင်… ပြင်းထန်လှသည့် ခြေသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
“ဒုန်း…”
ခြေသံက ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ့နံဘေးရောက်လာသည့်အလား ခံစားလိုက်ရသည်။
အနက်ရောင်ဝတ်စုံနှင့်လူ အံ့သြမှင်တက်သွားပြီး ချက်ချင်းပင် ခြေသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
“ဘယ်သူလဲ…”
အနက်ရောင်ဝတ်လူ ဒေါသတကြီးဖြင့် မေးလိုက်၏။
အနက်ရောင်ဝတ်လူ၏ နောက်လိုက်များမှာလည်း အူကြောင်ကြောင်ဖြင့် ခြေသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့ရှိရာသို့ … လူတစ်ယောက် ချဉ်းကပ်လာနေလေပြီ…။
လုန်ယွိလည်း စိတ်များ ရှုတ်ထွေးသွားရသည်။
ဒီအချိန်… မည်သူက ဒီနေရာကို ချဉ်းကပ်လာရဲပါသနည်း။
သူမ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။ သို့သော်… သူမခန္ဓာကိုယ်ထဲသို့ ဓားတစ်လက် စိုက်ဝင်နေလေရာ သိပ်ပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
“ဘုတ်… ဘုတ်.. ဘုတ်…”
ထိုအချိန်မှာပင်… ထိတ်လန့်တခြားပြေးလွှားလာသည့် ခြေသံများကို ကြားလိုက်ရသည်။
မြူခိုးများထဲမှ လူတစ်ယောက် ပြေးလွှားထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူ့ကိုကြည့်ရသည်မှာ အလွန်တရာ ကြောက်ရွံ့တုန်လှုပ်နေဟန် ရှိ၏။
လုန်ယွိ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုသူမှာ စောစောက ဝူကျိတို့အဖွဲ့နှင့်အတူ သူမ ကယ်ထုတ်ပေးခဲ့သည့် စတုတ္ထတောင်ထွတ်မှ တပည့်ဖြစ်ကြောင်း မှတ်မိလိုက်သည်။
ထိုသူက အဘယ့်ကြောင့် ဒီနေရာသို့ ရောက်လာရပါသနည်း။ သူမ ကယ်ထုတ်ပေးခဲ့သည့် အခြားသူများရော အန္တရယ် ကင်းပါရဲ့လား။
မဟုတ်မှလွဲရော… ထိုသူက လမ်းမှားပြီး ဒီနေရာသို့ ပြန်ရောက်လာသည်လား…။
လုန်ယွိ၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းပြေးလွှားသွားသည်။
သို့သော်… စတုတ္ထတောင်ထွတ်မှတပည့်က အနက်ရောင်ဝတ်လူရှိရာသို့ တန်းတန်းမတ်မတ် ပြေးလွှားလာပြီး ထိုသူကို ဦးညွှတ်လိုက်သည့်အခါ လုန်ယွိ အံ့အားအသင့်ကြီးသင့်သွားရတော့သည်။
ကြည့်ရသည်မှာ… ထိုသူများက တစ်ဖွဲ့တည်း ဖြစ်ဟန်တူ၏။
လုန်ယွိရင်ထဲ မချိအောင် နာကျင်သွားသည်။
“ဒီလိုအဖြစ်မျိုး … ဖြစ်ပြန်ပြီလား…”
“ခွန်လွန်တောင်မှာ သူလျှိုတွေ ဘယ်လောက်တောင် ရှိနေခဲ့တာလဲ…”
လုန်ယွိ တွေးလိုက်မိသည်။
အနက်ရောင်ဝတ်လူကတာ့ ထိုသူကိုကြည့်ပြီး မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။
ထိုသူ အဘယ့်ကြောင့် အလွန်တရာ ကြောက်ရွံ့တုန်လှုပ်နေရပါသနည်း။
ထိုသူက တုန်တုန်ယင်ယင်ဖြင့်…
“တစ်ခုခု… တစ်ခုခု… ဖြစ်နေပြီ… လူတစ်ယောက်… သူ… သူ… အား…”
သို့သော်… ထိုသူ၏ စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွား၏။
သူ့ခန္ဓာကိုယ်အောက်ပိုင်းသို့ ငုံ့ကြည့်လိုက်သည့်အခါ တစ်စစီကြွေမွနေသည်ကို တွေ့လိုက်ရသည်။
သူ… ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ… မည်သူမည်ဝါမှန်း သေသေချာချာ မတွေ့မြင်ရသည့် မှုံဝါးဝါး လူရိပ်တစ်ခု မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူရိပ်မှာ… စောစောက သူ့နောက်လိုက်လာသည့် နဝမတောင်ထွတ်မှ တပည့်ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်… ထိုသူ မည်သူဖြစ်ကြောင်း အခြားသူများကို သူ… ဘယ်တော့မှ ပြောပြနိုင်တော့မည် မဟုတ်ပေ။
“နတ်… နတ်ဆိုး…”
ဗလုံးဗတွေးရေရွတ်ရင်း… ထိုသူ မြေပြင်ထက်လဲကျကာ အသက်ပျောက်သွားတော့၏။
ကျန်းလန်က ထိုသူကို တစ်ချက်လေးပင် အရေးမစိုက်ပေ။
သူက အနက်ရောင်ဝတ်လူကို ကြည့်လိုက်ရင်း…
“ခုလို… နှောက်ယှက်ရတာ … စိတ်မကောင်းပါဘူး…”