အခန်း ( ၂၁၈ )

ဆွေးနွေးမှုပျက်ပျယ်ခြင်း

ပိုင်ရှောင်ချန်းမှာ ဘရူဆာကို ရင်တထိတ်ထိတ်နှင့် ကြည့်လိုက်သည်။ မျက်နှာဖုံးနောက်တွင်မူ ဘရူဆာ၏ စွမ်းအားကြီးမားမှုကိုပီတိဖြစ်လျက် နွေးထွေးကြင်နာစွာ ပြုံးနေ၏။

ထို့အပြင် သူ့ဘေးပတ်လည်မှ အာမေဍိတ်အသံများကြောင့် ပို၍ စိတ်လှုပ်ရှားလာသည်။ ယခုအချိန်တွင် ” ဒါက ကျုပ်ရဲ့ ဘရူဆာဗျ ” ဟူ၍ ကျယ်ကျယ်လောင်လောင်ပင် ဟစ်ကြွေးချင်၏။

သို့သော်လည်း ထိုအရာမှာ မဖြစ်နိုင်ကြောင်း ပိုင်ရှောင်ချန်းက သိလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ကျင့်ကြံသူများကြားထဲနေလျက် ဘရူဆာအား သူတို့ နှစ်ကိုယ်ကြားသာ နားလည်နိုင်မည့် အကြည့်ဖြင့် ကြည့်လိုက်၏။

လိမ်လိမ်မာမာနေနော် ကောင်လေး ။ အဖေ့မှာ လုပ်စရာ ကိစ္စတွေရှိသေးတယ်။ ပြီးမှ မင်းကို လာကြည့်မယ်။

ဘရူဆာက တုံ့ခနဲရပ်သွား၏။သူက ဉာဏ်ကောင်းပြီး ပိုင်ရှောင်ချန်းက ကောင်းမွန်စွာ ထိန်းကျောင်းထားခြင်းကြောင့် ပိုင်ရှောင်ချန်းဆိုလိုချင်သည်ကို နားလည်ရန် ခဏသာကြာလေသည်။ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထုတ်လွှတ်လျက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လူများကို မာန်ဖီလိုက်၏။ ထို့နောက်တွင်တော့ သူ့အကြည့်သည် စုန့်ကျင်းဝမ်၏ ရင်သားဆီသို့ ရုတ်ခြည်းရောက်သွား၏။ သွားရည်တမြားမြားကျလျက် ထိုနေရာက အကြည့်မခွာနိုင်ဖြစ်နေလေသည်။

ထိုအကြည့်အဓိပ္ပါယ်ကို ရှိသမျှလူတိုင်းသိကြောင်း ပိုင်ရှောင်ချန်းက နားလည်သဖြင့် နောက်တစ်ကြိမ် စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်ပြီး ဘရူဆာကို စိုက်ကြည့်လိုက်၏။

မာန်ဖီဟိန်းဟောက်နေသော ဘရူဆာမှာ ခေါင်းငုံ့သွားပြီး နောက်သို့ လှည့်ပြန်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘရူဆာ၏အမြီးပင်မမြင်ရတော့ချေ။ အခြားတိုက်ပွဲဝင်သားရဲများကလည်း အလွန်စွမ်းအားကြီးစွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့သခင်ဘေးသို့ ပြန်သွားကြသည်။

လွန်ခဲ့သော တခဏအတွင်းက တောင်တန်းများကို ပြိုလဲစေနိုင်ပြီး ပင်လယ်များကို ခမ်းခြောက်သွားစေနိုင်သည့် အားကြီး မှာ ပျောက်ကွယ်သွားပြီး ရှာဖွေ၍ပင် မရတော့ချေ။ ထိုအချိန် မည်သူမျှ မသိလိုက်မီ တစ်စုံတစ်ခုဖြစ်သွားလေသည်။ ယန်ဝေ့တောင်ရှိ လူအုပ်ထဲမှ လူတစ်ယောက်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ ပိုင်ရှောင်ချန်းကို မော့ကြည့်နေလေသည်။

ထိုလူမှာ ရိုးရှင်းသော အရပ်အဝတ်အစားနှင့် ငယ်ရွယ်လှပသော မိန်းမပျိုတစ်ယောက်ပင်ဖြစ်သည်။ သူမ၏ မျက်လုံးအတွင်းမှာ အလွန်ထူးဆန်းသော အကြည့်ကို တွေ့နိုင်ပြီး သူမ၏မျက်နှာမှာလည်း လွန်စွာ ဖျော့တော့လျက်ရှိသည်။ သို့သော်လည်း ၄င်းအရာများက သူမ၏အလှကို လျော့မသွားစေဘဲ ပို၍ပင် ကရုဏာသက်လောက်အောင် လှပသွားစေလေသည်။

ထိုမိန်းမပျိုက ပြုံးလိုက်၏။ သို့သော် လက်ဖြင့်အုပ်လိုက်ပြီး တစ်ယောက်ထဲ ကြားသာရုံမျှ ခပ်တိုးတိုး ရေရွတ်လိုက်၏။

” အော်… အချစ်လေးက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာကိုး ”

သူမ၏ မျက်လုံးတွေထဲမှာ ထူးဆန်းသည့် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသွား၏။ ထိုမိန်းမပျိုမှာ မြေခဓားကမ္ဘာတွင် ပျောက်ဆုံးနေသည့် ကုန်းစွန်းဝမ်အာမှလွဲ၍ တခြားသူမဟုတ်ချေ။ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၌ အချိန်ကုန်နေစဥ်အတွင်း သူမက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပြန်ရောက်လာခဲ့သည်။

ကုန်းစွန်ဝမ်အာက ပိုင်ရှောင်ချန်းကို ကြည့်နေစဥ် သူ၏ကိုယ်အတွင်းရှိကောင်းကင်တာအိုအရှိန်အဝါက ထကြွလာ၏။ တစ်စုံတစ်ယောက်က ကြည့်နေသည်ကို ခံစားရသောကြောင့် မည်သူမှန်း သိရန် အောက်သို့ ငုံ့ကြည့်လိုက်သည်။ တချိန်တည်းမှာပင် ယန်ဝေ့တောင်မှ အဘွားအိုက ဘရူဆာကို သူမသက်တမ်းတစ်လျောက်လုံးဆူနေခြင်းမှာ အထမြောက်သွားကြောင်း တွေးနေလျက် ပြုံးလိုက်၏။ သူမ အမိန့်တစ်ချက်ဖြင့် ဘရူဆာကို နှင်ထုတ်နိုင်လိုက်လေသည်။

” တောင်းပန်ပါတယ် ” သူမက ပြောလိုက်၏။

” ဂုဏ်သရေရှိအမျိုးသမီးများနဲ့ လူကြီးမင်းတို့.. ကျွန်မတို့ မြောက်ပိုင်းကနေ ဝေးဝေးရှောင်နေတာ ကောင်းမယ်ထင်တယ် ”

သူမအမူအရာမှာ ဝမ်းနည်းနေသည့်ပုံပေါ်ပါသော်လည်း စိတ်ထဲမှာ အလွန်အမင်း ဝမ်းမြောက်နေ၏။

စုန့်ကျင်းဝမ်မှာ စိတ်တည်ငြိမ်စေရန်အလို့ငှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထိုကဲ့သို့ သားရဲဘုရင်အား စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ပိုင်ဆိုင်ထားကြောင်း သူမ၏ မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသဖြင့် ယခင်ကထက်ပို၍ တမူထူးခြားစွာ တုန်လှုပ်သွားသည်။

“လျှို့ဝှက်အစီရင်ခံစာတွေအရ သားရဲဘုရင်ကို ပိုင်ရှောင်ချန်းက စောင့်ရှောက်ထားတယ်ပြောတယ် ” ဟု သူမတွေးနေမိသည်။

“သူက ကောင်းကင်တာအိုခိုင်မာခြင်းကို ရောက်ပြီးတော့ ရွှယ်ကျဲကော်တုပညာရပ်ရဲ့ ဉာဏ်အလင်းကိုလဲ ရပြီးပြီ။ ဒီလူက ဘယ်လိုလူမျိုးပါလိမ့်။ သူသာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကသာ ဆိုလိုကတော့….”

စုန့်ကျင်းဝမ်မှာ လှည့်ပတ်ကြည့်ရှုနေရသည်ကို စိတ်မပါတော့ချေ။ ထို့ကြောင့် ယန်ဝေ့တောင်မှ အဖွားအိုကို ပြောရန် ပြင်လိုက်စဥ် အေးစက်စက် နှာမှုတ်သံတစ်ခုက ကောင်းကင်ယံ၌ ပဲတင့်ထပ်သွား၏။ အလွန်တရာကြီးမားသော ရေဝဲတစ်ခုပေါ်လာပြီး တစ်လက်လက် မီးတောက်များနှင့် ဝန်းရံထားသည့် စုန်အဖွဲ့ခေါင်းဆောင်ကြီးက က္ကန္နြေမပျက်ရောက်လာ၏။

သူနောက်တွင် ညှိုးငယ်နေသည့် လီကျစ်မိုက နီးနီးကပ်ကပ်လိုက်ပါ၏။

တင်းမာခက်ထန်သည့် အမူအရာဖြင့် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ရေဝဲထဲသို့ ပြန်ကြည့်လိုက်ပြီး လီကျစ်မို ကို ကြည့်လိုက်၏။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တာအို ရောင်ရင်းတို့ အမှားမလုပ်မိပါစေနဲ့ ။ စစ်ပွဲ ဖြစ်လာရင် တစ်ဖက်မျိုးသုဥ်းမသွားမီအထိ ရပ်တော့မှာမဟုတ်တော့ဘူး”

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးကို ခွန်းတုံ့ပြန်လိုက်သည့်သူမှာ လီကျစ်မို မဟုတ်ချေ။ အသက်ကြီး၍ သုန်မှုန်နေသည့်မျက်နှာက ရေဝဲအတွင်း ပေါ်လာ၏။ ထိုမျက်နှာမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ရဟန် ရှိလေသည်။ ထိုသူစကားပြောလိုက်သောအခါ ပါးစပ်လှုပ်ရုံမျှပြောဟန်ရှိသော်လည်း အရပ်မျက်နှာတစ်ခွင်သို့ ဂယက်ရိုက်သွား၏။

“မင်းတောင်းဆိုချက်တွေက မလွန်ဘူးလား တာအိုရောင်းရင်စုန့်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက စစ်တိုက်တာထက်စာရင် ဖြည်းဖြည်းချင်း နှစ်ထောင်ပေါင်းများစွာ အုပ်ချုပ်သွားမှာပါ”

ဤလူကြီးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီး ဟန်ဇောင်ပင်။

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက အေးစက်စက်နှာမှုတ်လိုက်ပြီး အကြည့်လွှဲလိုက်၏။ အင်္ကျီလက်ကို ဆတ်ခနဲခါလိုက်ပြီး သွေးတိမ်တိုက်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ကျင့်ကြံသူများအား လှမ်းခေါ်လိုက်၏။

” ကျုပ်တို့ ပြန်ပြီ”

သူကပြောလိုက်၏။ ပိုင်ရှောင်ချန်းနှင့်တကွ အခြားသူများသည် လေပေါ်သို့ ပျံတက်သွားပြီး သွေးတိမ်တိုက်ပေါ်၌ ဆင်းသက်လိုက်ကြသည်နှင့် ချက်ချင်း ထွက်သွားကြသည်။ မကြာမီ အစအနပင် ရှာမတွေ့ရတော့ချေ။

အဖြစ်အပျက်များမှာ လွန်စွာလျင်မြန်လှသောကြာင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူများမှာ အံအားသင့်လျက်ရှိသည်။ ရေဝဲ၌ ပေါ်လာသည့် မျက်နှာသည် ထွက်ခွာသွားသည့် သွေးတိမ်တိုက်ကို စောင့်ကြည့်နေပြီး ပို၍ပင် တင်းမာခက်ထန်နေ၏။

” ကျွန်တော်တို့ စုန့်အဘိုးကြီးကို တားသင့်လား”

လီကျစ်မိုက တစ်လုံးချင်း မေးလိုက်၏။

တခဏကြာပြီးနောက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ပြန်ဖြေလိုက်၏။

“စုန့်အဘိုးကြီးမှာ သာမန်ထက်ထူးကဲတဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ရှစ်ယောက်ထဲမှာ သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံက ထိပ်ဆုံးအဆင့်သုံးမှာ ရှိတယ်။ အခုလို ငါတို့ဆီ တစ်ယောက်ထဲ ရောက်လာတာက သေချာပြင်ဆင်ပြီးလာတာ…အထူးသဖြင့် ဉာဏ်နီဉာဏ်နက်တွေ။ ငါတို့သူ့ကို သွားရန်စတာနဲ့ ပြန်တိုက်မယ့် စိတ်ဓာတ်ရှိတာ သေချာတယ် ”

ပထမအချက်နှင့် ဒုတိယအချက်တွင် မည်သည်က ပိုအရေးကြီးကြောင့် တစ်ဦးတစ်ယောက်မှ တပ်အပ် မပြောနိုင်ချေ။

လီကျစ်မိုသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွား၏။ မည်မျှရက်စက်လှမည့်စစ်ပွဲတွေ ပေါ်ပေါက်လာမည်ကို မတွေးနိုင်ကာ နူးညံပျော့ပျောင်းစွာပြောလိုက်လေသည်။

” အစ်ကိုကြီး ဟန်ဇောင် ..သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလဲ စစ်မဖြစ်ချင်ပုံပါပဲ။ သူတို့တောင်းဆိုတာတွေကြည့်ပါ့လား။ တတ်နိုင်သမျှနောက်ဆုတ်ပေးထားတာ အကိုကြီးတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလို့… ”

“ကျစ်မို.. မင်းက စိတ်နှလုံးနူးညံ့လွန်းတယ် ။ ဒီအချိန်မှာ ပျော့ညံသဘောကောင်းနေတာက ဘယ်သူမှ အကျိုးမရှိဘူး။အေး.. စစ်ဖြစ်ရင် လူ့အသက်တွေ အများကြီး ဆုံးရှုံးရမှာ ငါသိတာပေါ့ ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလဲ စက်ဆုပ်ဖွယ် အဖြစ်အပျက်တွေကို အလိုမရှိဘူး ။ ဒါကြောင့် အစတုန်းကတော့ စစ်ကိုတားဖို့ စုန့်ယွင်ဝမ်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမလို့ပဲ။ အဲ့လိုလုပ်တာက ငါတို့ဂိုဏ်းကို ကာကွယ်နိုင်ပြီး လူငယ်လူရွယ်တွေရဲ့အသက်ဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်ဖို့ အခွင့်အရေးကောင်းဆိုပေမယ့်…”

အခြားခေါင်းဆောင်ကြီးများနှင့် လီကျစ်မို မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်သော်လည်း ဟန်ဇောင်၏ အသံမှာ ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါ်နေလေသည်။

“ငါတို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို တိုက်လဲ မတိုက်ခိုက်ဘူး။ ကုံမြစ်ဂိုဏ်းခွဲနဲ့လဲ မဆက်သွယ်ဘူးလို့ သဘောတူထားခဲ့တယ်။ အဲဒီအချက်တွေကိုပဲ လိုက်လျောနိုင်တယ်လေ။ ဒါပေမယ့် ကောင်းကင်တံတားမြစ်မှာ မန္တာန်အစီအရင်ဖန်တီးမှုကိုတော့ လုံးဝလက်မခံနိုင်ဘူးကွ ”

” စစ်ဘေးကို တားဆီးဖို့အတွက်နဲ့ ငါတို့ခွင့်ပြုပေးလိုက်ရင် ဒီပတ်ဝန်းကျင် မှာ ကောင်းကင်တံတားမြစ်ရေခမ်းခြောက်သွားလိမ့်မယ် . စိတ်စွမ်းအင်တွေလဲ တဖြည်းဖြည်းရှားပါးလာလိမ့်မယ်။ အဲ့လိုဖြစ်ပြီး နှစ်တစ်ထောင်ကြာလာရင် ဂိုဏ်းထဲက လူတွေရဲ့ ကျင်ကြံခြင်းအခြေခံတွေလဲ တည်ငြိမ်မှာ မဟုတ်တော့ဘူး။ ဒီလိုဖြစ်ဖို့က မဖြစ်နိုင်ဘူးဆိုပေမယ့်လဲ နှစ်တစ်ထောင်ကြာပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ညှိုးနွမ်းပြီးပျောက်ကွယ်သွားဖို့ ရာစုနှစ်အနည်းငယ်လောက်ပဲ ကြာလိမ့်မယ် ။ နှစ်တစ်ထောင်လောက်ထပ်ရှင်သန်နေရင်တောင်မှ အတူယှဥ်နိုင်ဖို့ နေနေသာသာ အရမ်းအားနည်းတဲ့ ဂိုဏ်းဖြစ်သွားမှာ။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့ လက်လျော့လိုက်ရပြီး လူတကာလာပြီး ဖျက်စီးဖို့ကို စောင့်ရတဲ့အခြေအနေဖြစ်သွားလိမ့်မယ်”

“ငါတို့ ကံတရားတွေကလဲ လည်ပင်းမှာ ဓားနဲ့တေ့ထားသလိုမျိုး ဘယ်တော့ခေါင်းပြတ်မလဲ စောင့်နေရလိမ့်မယ်။ အဲ့ဒါအပြင် နှစ်တစ်ထောင်အတွင်းမှာပဲ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဒီနေ့လိုမျိုး မဟုတ်တော့ပဲ လုံးဝခြားနားသွားမှာ။ အလယ်ပိုင်းမှာ အင်အားအကောင်းဆုံး ဂိုဏ်းဖြစ်သွားပြီး ပိုပြီး စွမ်းအားကြီးလာလိမ့်မယ်။ အဲ့အချိန်မှာ ငါတို့ကိုတောင် သနားပြီး သဘောတူညီမှုကြောင့် ချီးမြောက်ကောင်း ချီးမြောက်လိမ့်မယ်။ မဟုတ်ရင်တော့ လက်ကိုပြောင်းပြန်လှန်လိုက်သလို ခပ်လွယ်လွယ်ပဲ ဖျက်စီးပစ်လိမ့်မယ်။”

ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီး၏ အမြင်အာရုံတွေထဲမှာ အနာဂတ်မှ သေဆုံးခြင်းများကို မြင်နေသည်။ သူ့အသံက အလွန်ပင် တင်းမာ ခက်ထန်လျက်ရှိသည်။

” နှစ်တစ်ထောင် ပိတ်ခံရတာက လတ်တလောတော့ သေဆုံးခြင်းတွေကို တားဆီးနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ပျက်စီးစေဖို့ ကြန့်ကြာနေရုံလောက်ပဲရှိမှာ။ အခုငါတို့က မတူညီတဲ့ စွမ်းအားတွေနဲ့ သာတဲ့ အခြေအနေမှာ ရှိတာမလို့ စစ်ဖြစ်လာခဲ့ရင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို တစ်ဂိုဏ်းထဲ မတိုက်နိုင်ရင်တောင် အခြားဂိုဏ်း တွေနဲ့ ပူပေါင်းရင်တော့ အလားအလာရှိပါတယ် ”

” ကျစ်မိုရေ….တစ်ခါတလေတော့ ငါတို့ ခေါင်းဆောင်ကြီးတွေက မျက်စိရှေ့မှာ ဖြစ်နေတာတွေထက်စာရင် ပိုအရေးကြီးတဲ့ ကိစ္စကို မျှော်ကြည့်ရတယ်။ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေကို ထည့်စဥ်းစားရသေးတယ်”

“အခုကစပြီး နောင်နှစ်တစ်ထောင်အတွင်းဖြစ်လာမယ့် သေခြင်းတရားတွေကို ဖယ်ရှားပစ်ဖို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအနေနဲ့ စစ်ပွဲထဲ ဝင် တိုက်သင့်တယ်ကွ။ အဲဒီနည်းကသာ တစ်ခုတည်းသောနည်းလမ်းပဲ ”

ဂိုဏ်းတည်ထောင်သူကြီးသည် အလွန်ပင် စိတ်နှလုံးနွမ်းလျနေသည့်ပုံပေါ်၏။ စကားပြောပြီးသည်နှင့် ရေဝဲအတွင်း၌ ပျောက်ကွယ်သွားလေသည်။ မကြာမီ ရေဝဲသည်လည်း အလိုလိုလွင့်စဥ်ပျောက်ကွယ်သွား၏။ လီကျစ်မိုမှာမူ ကျောက်ရုပ်ကြီးသဖွယ် တခဏမျှ တောင့်တောင့်ကြီး ရပ်ကျန်နေခဲ့ပြီး သူ့မျက်လုံးထဲတွင် စစ်တိုက်လိုသည့် ဆန္ဒများ စတင်ပေါ်ပေါက်လာလေသည်။ ခေါင်းဆောင်ကြီး ပြောစကားများကို နားလည်သဘောပေါက်သွားသဖြင့် ရပ်လျက် မသေချာမရေရာသည့် အဆုံးသတ်ပင်ဖြစ်လင့်ကစား တိုက်ခိုက်ပြီး အသက်ရှင်သန်ရမည့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားလိုက်၏။

နောက်ဆုံး၌ ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်၏ အမိန့်စာသည် တောင်ခြမ်း မြောက်ခြမ်း နှစ်ဖက်စလုံးသို့ ရောက်လာ၏။

“ဂိုဏ်းရဲ့ မဟာမန္တန်အစီအရင်ကို လောချိန်းတောင်တန်းတစ်လျောက်မှာ အသက်သွင်းရတော့မယ်။ စစ်ပွဲအတွက် ပြင်ဆင်ရန် ဂိုဏ်းသားတွေအားလုံး ဂိုဏ်းသို့ ရောက်ရှိရာနေရာမှ အမြန်ဆုံးပြန်လာခဲ့ကြ”

ထိုအချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြား လေထု၌ သွေးတိမ်တိုက်သည် အမြင့်ဆုံးအရှိန်နှင့် ဖြတ်သွား၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ သတိလက်လွတ် ကြောက်လန့်နေကြသည်။ စုန့်အဖွဲ့ခေါင်းဆောင်ကြီး၏ မျက်နှာသည်ပင်လျှင် ဖြူဖတ်ဖြူလျော်ဖြစ်နေကာတိမ်တိုက်ကြီး၏ အရှေ့တွင် မျက်မှောင်ကြုတ်လျက် အတွေးထဲ နစ်မြောနေပြီး ထိုင်နေ၏။

ရေဝဲမှထွက်သွားသောအခါ ပြောသွားသည့် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ စကားများကို ချင့်ချိန်တွေးဆလိုက်ပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း နှင့် ညှိုနှိုင်းမှုမှာ ကောင်းစွာ အဆုံးမသတ်ခဲ့ကြောင်း နားလည်လိုက်လေသည်။

ယခုအချိန်တွင် ဂိုဏ်းနှစ်ဂိုဏ်းကြား၌ အချိန်မရွေး စစ်ထဖြစ်နိုင်လေသည်။ ဂိုဏ်းသို့ အပြန်ခရီးမှာ အန္တရာယ် များသဖြင့် စိုးရိမ်သောကများနှင့် အတိပြီးနေလေ၏။

နတ်ဆရာ၏ မျက်နှာမှာလည်း သွေးဆုတ်နေကာ သူ့ပေါင်ကို ငုံ့ကြည့်လိုက်ပြီး နိမိတ်ဖတ်နေ၏။ ပိုင်ရှောင်ချန်းမှာလည်း အလွန်ပင် တိတ်ဆိတ်နေလေသည်။ သူက အရေးကြီးကိစ္စကိုသိသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အဘယ့်ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်မှန်းသဘောပေါက်၏။ သူက သက်ပြင်းချလိုက်လေသည်။ဂိုဏ်းတစ်ခုလုံးကို သက်ရောက်နေသည့် အလွန်ကြီးမားသည့် ဖြစ်ရပ်မှာ သူဝင်ရောက်စွက်ဖက်ခြင်းပြုရန်အတွက် အရည်အချင်းမမှီသည့် အရာများပင်ဖြစ်သည်။

စိုးရိမ်သောကများကြောင့် သူ့ နှလုံးသားမှာ တဆစ်ဆစ်ကိုက်လျက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်သို့ လှည့်ကြည့်ရုံသာ တတ်နိုင်လေသည်။

အရှေ့ဘက်တွင် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး ဘေး၌ ထိုင်နေသည့် စုန့်ကျင်းဝမ်မှာ လမ်း၌ ပေါ်လာမည့် အန္တရာယ်ကိုကြိုတွေးပြီး စောင့်ကြည့်သတိထားနေလေသည်။ သွေးတိမ်တိုက်ပေါ်ရှိလူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြ၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ သွေးတိမ်တိုက်ကြီးသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနယ်နိမိတ်အတွင်းရောက်ရန် လောချိန်းတောင်တန်းကို ဖြတ်ကျော်သွား၏။ ထိုအချိန်မှာပင် စုန့်အဖွဲ့ခေါင်းဆောင်ကြီး၏ မျက်လုံးမှာ ဖျတ်ခနဲ ပွင့်သွားပြီး လေးနက်သော အေးစက်မှုများဖြင့် တောက်ပသွား၏။

ချောင်းမြောင်းတိုက်ခိုက်ခြင်း တစ်စုံတစ်ရာမှ မဖြစ်ပွားလိုက်ပြီးနောက် သူတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနယ်စပ်မှ ကျော်လွန်သွားသည်နှင့် လောချိန်းတောင်တန်းတွင် တအုံးအုံးနှင့် ထစ်ချုန်းမြည်ဟည်းသွားကာ အလင်းတန်းများ ကောင်းကင်ယံသို့ ပစ်လွှင့်လာသည်။ ကြီးမားသည့် အကာအကွယ်တံတိုင်းကြီး ပေါ်ပေါက်လာပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် ထင်ရှားသော နယ်နိမိတ်စည်းဖြင့် ဘောင်ခတ်သွား၏။

ထို့နောက် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ခပ်တိုးတိုး ပြောလိုက်၏။

“သိပ်ကောင်းတယ်.. စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း”

သူ၏ မျက်လုံးတွေထဲမှာ စိတ်သက်သာခြင်းနှင့် လေးစားမှုများ ပြည့်နှက်နေသည်။ သူက ရုတ်တရက် အင်္ကျီလက်ကိုဝှေ့ယမ်း လိုက်ပြီး အလင်းတန်းသုံးခု ပေါ်ထွက်လာကာ အရိပ်သုံးခုအသွင်ပြောင်းသွား၏။ ထိုထဲမှ လူတစ်ယောက်အား ပိုင်ရှောင်ချန်း ချက်ချင်း မှတ်မိလိုက်သည်။ ထိုလူကား ခေါင်းဆောင်ကြီး အတုမဲ့ပင်ဖြစ်၏။

“ဒီတော့ သူတို့ ငါတို့ကို ကြားဖြတ်မတိုက်ဘူးပေါ့”

ထိုအရိပ်သုံးခုမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ခေါင်းဆောင်ကြီးများ၏ ပုံရိပ်ယောင်များပင် ဖြစ်သည်။ သူတို့ပေါ်လာသည့်အချိန်မှာပင် ပိုင်ရှောင်ချန်းအပါအဝင် သွေးတိမ်တိုက်ပေါ်ရှိကျင့်ကြံသူများက လေးစားစွာ လက်ယှက်နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူကမော့ကြည့်လိုက်ပြီး ထိုအရိပ်သုံးခုမှ ထွက်နေသည့် ထူးဆန်းသော အခိုးအငွေ့များကြောင့် တုန်လှုပ်သွား၏။

“ငါ့ကိုယ်ငါ တည်ကြက်အဖြစ်ထားတာပဲ”

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ညင်သာစွာပြောလိုက်၏။

“သူတို့ရဲ့ တည်ကြည်ဖြောင့်မတ်မှုကြောင့်လား၊ သံသယဝင်သွားတာကြောင့်ပဲလား.. ငါ့ကို အသာတကြည်ပြန်လွှတ်လိုက်တယ်။ အဲ့တာကလည်း အကြောက်တရားကင်းမဲ့တဲ့ ပုံစံမျိုး.. ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကတော့ တကယ့်ကို ပြိုင်ဘက်ကောင်းပဲ ”

တခြား ခေါင်းဆောင်ကြီး သုံးဦးမှာ နှုတ်ဆိတ်နေ၏။ ခေါင်းဆောင်ကြီး အတုမဲ့အတွက်မူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်နေရာကို ကြည့်၍ ခေါင်းခါလိုက်သည်။ ဖြည်းညင်းစွာ သက်ပြင်း ချလိုက်ပြီး သူက ပြော၏။

” အင်မတန် ဆိုးဝါးလွန်းတယ်..။ ငါတို့ သူတို့ကို ငါတို့ မယုံနိုင်သလို သူတို့ကလဲ ငါတို့ကို မယုံနိုင်ဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset