အခန်း ( ၂၀ )

တိုက်ခိုက်ရေးအသင်းဂေဟာ

” ဂျူနီယာ လေ့ကျင့်ဖော်နဲ့ လေ့ကျင့်ရင် ငါ့ရဲ့ မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာက လုံးဝကို တိုးတက်မလာဘူး ”
ဝမ်ပေါင်လဲ့မှာ လက်ချောင်းလှန်ချိုးခံလိုက်ရပြီးနောက် ပုံရိပ်ယောင်နယ်မြေထဲမှ ဒေါသတကြီးဖြင့် ထွက်ခွာလာပြီး ကူရာကယ်ရာမဲ့သလို ခံစားနေရတော့သည်။ ထို့ကြောင့် သူသည် မုန့်များကိုစားသုံးကာ အချိန်အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်၏။ နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာသွားတော့သည်။ ထို့နောက် သူသည် ကောင်းကင်တာအိုကျောင်းမှ ထွက်ခွာသွားပြီး ကောင်းကင်မြို့တော်ဆီသို့ ဦးတည်သွားလိုက်၏။

ဝမ်ပေါင်လဲ့မှာ လူအစစ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်သည်။ သူသည် စီနီယာလေ့ကျင့်ဖော်ကြောင့် ရူးသွပ်လုမတတ် ဖြစ်ခဲ့ရသည် ဖြစ်ပြီး မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်မှာ အရှက်မရှိပါသော်လည်း တိုက်ပွဲထဲတွင် အလွန် အစွမ်းထက်သည်ကို သိလိုက်ရသည်။

သူသည် စီနီယာလေ့ကျင့်ဖော်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို မခံရဘဲ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်လိုပါက တစ်ခုတည်းသော နည်းလမ်းမှာ အခြား လူအစစ်များနှင့် လေ့ကျင့်ရန် ဖြစ်သည်။ ထိုသို့လေ့ကျင့်ခြင်းဖြင့် သူ၏ ကျွမ်းကျင်တတ်မြောက်မှုနှုန်းကို မြန်ဆန်လာအောင် လုပ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် တိုက်ခိုက်ရေးအသင်းဂေဟာအကြောင်းကို စဉ်းစားမိလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ကောင်းကင်မြို့တော်ထဲသို့ ဝင်သွားလိုက်ပြီး တိုက်ခိုက်ရေးအသင်းဂေဟာဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ သူသည် လမ်းတွင် အရုပ်ဆိုင်တစ်ဆိုင်၏ ဘေးမှ ဖြတ်လျှောက်မိသွားသောအခါ အကြံတစ်ခုရသွားသဖြင့် ရပ်တန့်လိုက်၏။ ထိုအရုပ်ဆိုင်ထဲသို့ ဝင်သွားကာ ပြန်ထွက်လာသောချိန်တွင်မူ သူသည် ကျောင်းဝတ်ရုံများကို ဆင်မြန်ထားခြင်း မရှိတော့ဘဲ ယုန်မျက်နှာဖုံးတစ်ခုကိုပါ ကိုင်ထား၏။

” ငါက တာအိုကျောင်းရဲ့ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်လေ။ အဲဒီတော့ ငါ သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲ ”
ဝမ်ပေါင်လဲ့မှာ အရာအားလုံးကို သေသေချာချာ စဉ်းစားသုံးသပ်ပြီးသွားပြီ ဖြစ်ကြောင်း ယုံကြည်သွား၏။ ထို့နောက် ထိုမျက်နှာဖုံးအား သူ၏ရင်ဘတ်နားသို့ ကပ်လိုက်ပြီးနောက် သူ့ကိုယ်သူ ကျေနပ်နေတော့သည်။

ထိုမျက်နှာဖုံးကြောင့် ကြင်နာတတ်သည့် လူတစ်ယောက်ကဲ့သို့ သူ ခံစားလိုက်ရသည်။ သူသည် ၎င်းအား မျက်နှာပေါ်တွင် တပ်လိုက်သောအခါ ချစ်စရာကောင်းသော သူ့ရုပ်သွင်ဝယ် သြဇာကြီးမားသော အငွေ့အသက်တစ်ခုပါ ပါဝင်နေကြောင်း ခံစားလိုက်ရသည်။ သူ၏ပုံစံမှာလည်း အလွန် အင်အားကြီးမားသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်အားရသွားသဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ တိုက်ခိုက်ရေးအသင်းဂေဟာဆီသို့ လျှောက်လှမ်းသွားတော့သည်။

ပြည်ထောင်စု၏ အထင်ကရမြို့ကြီး ဆယ့်ခုနစ်မြို့တွင် တိုက်ခိုက်ရေးအသင်းဂေဟာများ ရှိကြသည်။ ထိုတိုက်ခိုက်ရေးအသင်းဂေဟာတိုင်း အလွန် ကြီးမားကျယ်ဝန်းပြီး အတွင်းထဲတွင် တိုက်ခိုက်ရေးကွင်းများစွာ ပါရှိသည်။ ထိုတိုက်ခိုက်ရေးကွင်းများထဲတွင် အလွတ်တန်းတိုက်ပွဲများအတွက် မည်သူမ‌ဆို အသုံးပြုနိုင်သည့် စင်မြင့်တစ်ခုရှိသည်။ ရှေးဦးဝိညာဉ်ခေတ် မတိုင်ခင်ကဖြစ်စေ၊ ရှေးဦးဝိညာဉ်ခေတ် နှောင်းပိုင်း၌ဖြစ်စေ၊ တိုက်ခိုက်ခြင်းမှာ ထင်ရှားကျော်ကြားသော အားကစားတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်ဖြစ်သည်။

ရှေးဦးဝိညာဉ်ခေတ် ရောက်လာခြင်းနှင့်အတူ ရှေးဟောင်းသိုင်းပညာများ တစ်ကျော့ပြန် ခေတ်စားလာခဲ့သည်။ ထိုခေတ်မှစ၍ လူသားအားလုံး စတင်ကျင့်ကြံခဲ့ကြသည် ဖြစ်ရာ အလွတ်တန်းတိုက်ခိုက်ခြင်းမှာ ပြည်ထောင်စုတစ်ခွင် ထင်ရှားကျော်ကြားသော အားကစားတစ်မျိုး ဖြစ်လာခဲ့သည်။

ရှေးဟောင်းသိုင်းပညာရပ် အမျိုးအစားများကို စုံလင်စွာတတ်မြောက်ထားကြသည့် ပညာရှင်များစွာလည်း ရှိကြသည်။

မည်သည့်မြို့တော်သို့ ရောက်နေသည်ဖြစ်စေ၊ မည်သည့်အချိန်တွင် ရှိနေသည်ဖြစ်စေ၊ တိုက်ခိုက်ရေးအသင်းဂေဟာမှာ အမြဲတမ်း မြို့တော်ထဲတွင် အဆူညံဆုံးနေရာ ဖြစ်နေသည်သာ ဖြစ်သည်။

ကောင်းကင်မြို့တော်မှာလည်း ထိုနည်းတူပင်။

ဝမ်ပေါင်လဲ့ ရောက်လာသည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ အဝေးမှကြည့်လျှင် ဧရာမ လက်သီးကြီးတစ်လုံးနှင့် တူပြီး အနီးကပ်ကြည့်လိုက်ပါက ရောမအားကစားကွင်းကြီးနှင့် တူနေသည့် ကောင်းကင်မြို့တော်ထဲရှိ ဘဲဥပုံသဏ္ဍာန် အဆောက်အဦကြီးမှာ ဆူညံပွက်လောရိုက်နေ၏။ ၎င်း၏ အမိုးကို ဖွင့်ထားသောကြောင့် အော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်လာနေသည်ကို ကြားနိုင်ပေသည်။

” လာပါကွ။ နောက်တစ်ခေါက် ထပ်ပြီးတော့ တိုက်ခိုက်ရအောင် ”

” ငါ့ကို စိန်ခေါ်တဲ့လူရှိလား။ မင်းတို့တွေ အနိုင်ရတာနဲ့ ဝိညာဉ်ကျောက်တုံးဆယ်တုံးကို ရယူနိုင်မှာနော် ”

ရန်လိုစိတ်များနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် မရေမတွက်နိုင်သော အသံမျိုးစုံ ထိုအဆောက်အဦထဲမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထို့ကြောင့် တိုက်ခိုက်ရေးအသင်းဂေဟာ‌ဘေးမှ ဖြတ်သွားကြသည့် လမ်းသွားလမ်းလာများမှာ အလိုလို ရပ်တန့်သွားကြပြီး လှမ်း၍ ကြည့်မိသွားကြတော့သည်။ စမ်း၍တိုက်ခိုက်ကြည့်ရန် စိတ်အားထက်သန်နေသော အမူအရာများဖြင့် တိုက်ခိုက်ရေးအသင်းဂေဟာထဲသို့ ဝင်လာကြသည့် လူများကိုလည်း ရံခါဖန်ခါ တွေ့ရတတ်သည်။

ဝမ်ပေါင်လဲ့မှာ ဂေဟာထဲမှ ဆူညံပွက်လောရိုက်နေသည့် အသံများကို ကြားလိုက်ရသောအခါ စိတ်ဓာတ်များ တက်ကြွသွား၏။ သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ စိတ်လှုပ်တရှား ဖြစ်သွားသောကြောင့် ခပ်သွက်သွက်လျှောက်ကာ ဂေဟာထဲသို့ ဝင်သွားလိုက်တော့သည်။

သူ အထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အုတ်အော်သောင်းနင်း ဖြစ်နေသောအသံများက သူ၏တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားလုနီးပါး ဖြစ်သွားသည်။ သူ၏ရှေ့တွင်မူ ဧရာမ ခန်းမကြီးတစ်ခု ရှိနေ၏။

ထိုခန်းမကြီးမှာ ကြီးမားလှသောကြောင့် ဝမ်ပေါင်လဲ့၏နေရာမှဆိုလျှင် အဆုံးကိုပင် လှမ်းမမြင်ရပေ။ သူသည် ခပ်လှမ်းလှမ်းရှိ ခန်းမ၏အလယ်ဗဟိုဟု ထင်ရသောနေရာ၌ ပေတစ်ထောင်ကျော် ရှည်လျားသော ဧရာမ ဖန်လုံးကြီးတစ်လုံး ထားရှိထားသည်ကိုသာ မြင်နေရ၏။ ၎င်းမှာ မျက်စိပသာဒ ဖြစ်လှသည်။

ထိုဖန်လုံးကြီး၏ ပတ်ပတ်လည်တွင် မတူညီသော အဝတ်အစားမျိုးစုံကို ဆင်မြန်းထားကြသည့် မရေမတွက်နိုင်လောက်အောင် များပြားသော အမျိုးသားများနှင့် အမျိုးသမီးများ ရှိနေကြသည်။ သူတို့က အချင်းချင်း စကားစမြည် ပြောဆိုနေကြပြီး တချို့မှာ ဖန်လုံးကြီး၏ ဘေးဘက်ရှိ အချက်လက်များကို‌ မော့ကြည့်နေကြ၏။

ထို့အပြင် နေရာတိုင်းတွင် လူအုပ်များစွာ ရှိနေကြသည်။ ဆွေးနွေးငြင်းခုန်မှုများနှင့် အားပေးသံများမှ ထွက်ပေါ်လာကြသည့် အသံများကြောင့် ဂေဟာထဲသို့ ဝင်လာကြသူများမှာ ဈေးတစ်ခုသို့ ရောက်သွားသည့်အလား ခံစားနေရ၏။

ဝမ်ပေါင်လဲ့က ဧရာမခန်းမကြီးထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားနေသော တံခါးပေါက်များကိုလည်း သတိထားမိလိုက်သည်။ တံခါးပေါက် တချို့မှာ ပိတ်နေပါသော်လည်း အခြားတံခါးပေါက်များမှာမူ ပွင့်လျက်သား ရှိနေကြသည်။ ပွင့်နေသည့် တံခါးပေါက်များထဲသို့ လူတစ်‌ယောက် ဝင်သွားသည့်အချိန်တိုင်း ထိုတံခါးပေါက်များ ပိတ်သွားကြသည်ဖြစ်ရာ ထိုတံ‌ခါးပေါက်များမှာ လူတစ်ယောက်ကိုသာ ဝင်ခွင့်ပြုသည်ဖြစ်ကြောင်း အထင်အရှား သိနိုင်ပေသည်။

” ဒီနေရာက အကြီးကြီးပဲ ”
ဝမ်ပေါင်လဲ့ ပင့်သက်ရှိုက်မိသွား၏။ သူသည် အပြင်ဘက်တွင် ရှိနေခဲ့စဉ်က သူ၏စိတ်ကို ပြင်ဆင်ထားခဲ့သည့်တိုင်အောင် အတွင်းပိုင်းထဲရှိ ကြီးမားလှသောအရွယ်အစားကြောင့် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ အတန်ငယ် ကြာပြီးနောက် သူသည် လူအုပ်ကြီး၏ ကြားထဲသို့ တိုးဝင်သွားလိုက်သည်။ သူသည် အတန်ငယ် စုံစမ်းမေးမြန်းလိုက်ပြီးနောက် တိုက်ခိုက်ရေးအသင်းဂေဟာအား အထပ်သုံးထပ် ခွဲထားကြောင်း သိသွားတော့သည်။

ပထမထပ်မှာ ခန်းမကြီးဖြစ်သည်။ ဒုတိယထပ်မှာ တိုက်ခိုက်ရေးအသင်းဂေဟာ၏ တိုက်ခိုက်ရသည့် နေရာအစစ်အမှန် ဖြစ်သည်။ တတိယအထပ်ကိုမူ အပြင်လူများအတွက် သိပ်၍ ဖွင့်လေ့မရှိပေ။ အရေးကြီးသော ပြိုင်ပွဲတစ်ပွဲ ကျင်းပသောအခါမှသာ ထိုအထပ်အား ဖွင့်လှစ်လေ့ရှိသည်။

ဒုတိယအထပ်သို့ တက်နိုင်သည့် နည်းလမ်းနှစ်ခုရှိသည်။ တစ်နည်းမှာ ဒုတိယအထပ်သို့ရောက်သည့် အပေါက်ကြီးလေးပေါက်မှတစ်ဆင့် ဝင်ရောက်ရန်ဖြစ်သည်။ အခြားတစ်နည်းမှာ တိုက်ခိုက်ရေးကွင်းတစ်ကွင်းကို ငှားရမ်းရန် ဖြစ်သည်။ ထိုသို့ ငှားရမ်းလိုက်မည်ဆိုပါက ဒုတိယထပ်မှ လူများ၏ စိန်ခေါ်မှုများကို လက်ခံနိုင်မည်ဖြစ်သလို အခြားသူများကိုလည်း စိန်ခေါ်နိုင်မည် ဖြစ်သည်။ ခန်းမထဲမှ တံခါးပေါက်များမှာ ထိုဒုတိယနည်းလမ်းအတွက် ပြင်ဆင်ထားကြခြင်းဖြစ်သည်။

ထိုနည်းလမ်းနှစ်ခုထဲတွင် ပထမနည်းလမ်းမှာ လွယ်ကူပါသော်လည်း လျှို့ဝှက်မှုကို မပေးစွမ်းနိုင်ပေ။ ဒုတိယနည်းလမ်းမှာ ပို၍ ဘေးကင်းလုံခြုံပြီး ပို၍လျှို့ဝှက်ပါသော်လည်း ငွေကုန်ကြေးကျ ပို၍များသည်။

မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ခန်းမအလယ်ရှိ ဖန်လုံးကြီးတွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး လိုအပ်သော ဝိညာဉ်ကျောက်တုံးပမာဏကို ပေးချေရမည်ဖြစ်သည်။

အခြားသူများဆိုလျှင် ငွေကုန်သက်သာသော ပထမဆုံးနည်းလမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ သို့သော် ငွေချေးကြောင်း ဝန်ခံလက်မှတ်များကို ရေးထိုးကာ ၎င်းတို့အား ငွေကဲ့သို့အသုံးပြုနိုင်သည့် ဓမ္မလက်နက်ဌာနမှ ဝမ်ပေါင်လဲ့အတွက်မူ ထိုပမာဏမှာ စာမဖွဲ့လောက်ပေ။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဖန်လုံးကြီးဆီသို့ လျှောက်သွားလိုက်တော့သည်။

” ငါက ဒီကို လက်ချောင်းလှန်ချိုးတဲ့ ပညာရပ်ကို လေ့ကျင့်ဖို့လာတာ။ ဝိညာဉ်ကျောက်တုံးတွေ ဘာတွေက အပိုဆုသဘောပါပဲ ”
ဝမ်ပေါင်လဲ့က ထိုသို့တွေးတောလိုက်ပြီး သူ့ကိုယ်သူ အလွန် တမူထူးခြားနေကြောင်း မှတ်ယူလိုက်တော့သည်။ သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဖန်လုံးကြီးဆီတွင် စာရင်းပေးသွင်းလိုက်ပြီး ၎င်းထံမှ အချက်အလက်များကို ရယူလိုက်သည်။ သူက စည်မျဉ်းစည်းကမ်းများကို ဖတ်ရှုလိုက်ပြီးနောက် ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခုကို ပေးချေကာ တိုက်ခိုက်ရေးကွင်းတစ်ကွင်းကို ငှားရမ်းလိုက်တော့သည်။

သူသည် ဘေးလီဝဲယာကို အကဲခတ်လိုက်သောအခါ ပွင့်‌လျက်သားဖြစ်နေသည့် တိုက်ခိုက်ရေးကွင်း တံခါးပေါက်တစ်ပေါက်ကို မြင်လိုက်ရသည်။ သူသည် ထိုအထဲသို့ ချက်ချင်းပင် ဝင်သွားလိုက်၏။ သူ ထိုကဲ့သို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ ဖန်လုံးကြီးထံမှ ရရှိခဲ့သည့် သက်သေအထောက်ထား မှန်ကန်ကြောင်း စစ်ဆေးပြီးသွားသောကြောင့် တိုက်ခိုက်ရေးကွင်းတံခါးပေါက်မှာ ပိတ်သွားပြီး အမျိုးသမီးတစ်‌ယောက်၏ သိမ်မွေ့သော စကားသံတစ်သံ ပဲ့တင်ထွက်လာ၏။

” ချစ်ခင်လေးစားရပါသော ဧည်သည့်ရှင့်။ အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအခန်းထဲမှာရှိနေတုန်း သင့်ကို မည်သူမည်ဝါမှန်း မသိနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနှင့်။ အကယ်၍ လိုအပ်မည်ဆိုပါက တိုက်ပွဲထဲသို့ မဝင်ခင် မျက်နှာကို လုံခြုံစွာ ဖုံးအုပ်သွားဖို့ တိုက်တွန်းပါရစေ။ သင် တိုက်ပွဲတစ်ပွဲကို စတင်လိုသည်ဖြစ်စေ၊ ပြန်လာချင်သည်ဖြစ်စေ၊ သင့်ရဲ့ တည်နေရာကို ဖော်ပြပြီးတော့ ” စမယ် ” သို့မဟုတ် ” ” ပြန်လာမယ် ” လို့ အော်လိုက်ရုံပါပဲ ”
ထိုစကားသံမှာ ဂေဟာ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးလိုက်ပြီး သူ သိထားရန်လိုအပ်သည့် အချက်တချို့ကိုလည်း အသိပေးလိုက်သည်။

” တော်တော်လေးကို လူတစ်ယောက်ရဲ့အသံနဲ့ ဆင်တူတာပဲ။ မဆိုးဘူးပဲကွ ”
ဝမ်ပေါင်လဲ့မှာ ထိုကိရိယာအား အလွန် ကျေနပ်သွားပြီး ရှေ့သို့ လျှောက်လှမ်းသွားလိုက်တော့သည်။

သူ၏ ရှေ့တွင် လမ်းကျဉ်းလေးတစ်ခု ရှိနေပြီး ပတ်ပတ်လည်တွင် ခပ်မှိန်မှိန်အလင်းရောင်များ ရှိနေသဖြင့် အလွန် စိတ်နှလုံး အေးချမ်းဖွယ်ရာကောင်းနေ၏။ ထိုလမ်းကျဉ်းလေး၏ အဆုံးတွင် အခန်းတစ်ခန်း ရှိနေသည်။ ထိုအခန်းထဲတွင် အိပ်ယာတစ်ခု၊ ရိုးရှင်းသော စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် မှန်တစ်ချပ်တို့ ရှိနေသည်။ ထိုနေရာ၏ အဓိကရည်ရွယ်ချက်မှာ အနားယူရန်အတွက်ဖြစ်သည်။ နောက်တစ်ခုမှာ ဧည့်သည်များ အဝတ်အစားများ လဲနိုင်ရန် သို့မဟုတ် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများကို ကွယ်ဝှက်နိုင်ရန်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခန်းထဲတွင် ရပ်ရင်း အသက်ရှုနှုန်းကို တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ သူသည် စစ်တိုက်ထွက်တော့မည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ ခံစားနေရပြီး သူ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

” ဒီနေရာက ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ့ရဲ့ ပထမဆုံး လက်ချောင်းလှန်ချိုးတဲ့ တိုက်ပွဲကို စတင်တဲ့နေရာ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ဗိုက်ကိုပုတ်၍ ယုန်မျက်နှာဖုံးလေးကို ထုတ်ယူလိုက်သည်။ သူသည် ထိုမျက်နှာဖုံးအား ဖြည်းညင်းစွာတပ်ဆင်လိုက်သောအခါ သူ၏ အငွေ့အသက်တစ်ခုလုံး ပြောင်းလဲသွားတော့သည်။ ချစ်စရာကောင်းသော ယုန်မျက်နှာဖုံးလေးနှင့် လုံးဝန်းနေသော သူ့ခန္ဓာကိုယ်မှာ လုံးဝ မအပ်စပ်သည့်ပုံ ပေါက်နေ၏။

သို့သော် ဝမ်ပေါင်လဲ့ကမူ သူ၏ပုံစံအား အလွန် ကျေနပ်အားရနေ၏။ သူသည် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်ပြီးနောက် အခန်း၏ အလယ်တည့်တည့်သို့သွားကာ ခေါင်းမော့လိုက်ပြီး စကားလုံးနှစ်လုံးကို တိုးတိုးလေး ရေရွတ်လိုက်၏။

” စမယ် ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အထက်ရှိ မျက်နှာကျက်မှာ ပွင့်သွားပြီး သူ၏ခြေထောက်အောက်ရှိ စင်မြင့်ကြီးက သူ့အား အပေါ်သို့ မြှင့်တင်ပေးလိုက်သဖြင့် တိုက်ခိုက်ရေးအသင်းဂေဟာ၏ ဒုတိယထပ်တွင် ပေါ်လာတော့သည်။

ထိုအခါ ပထမထပ်ရှိ အသံများထက်ပင် ပို၍ကျယ်လောင်နေသော အော်ဟစ်သံများက သူ့အား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွား၏။ ဝမ်ပေါင်လဲ့၏ရှေ့တွင် ဖောက်ထွင်းမြင်နိုင်သော ဖန်သားဖြင့် ဝန်းရံထားသည့် တိုက်ခိုက်ရေး ကွင်းကြီးတစ်ခု ပေါ်လာတော့သည်။

ထိုတိုက်ခိုက်ရေးကွင်းကြီးမှာ မီတာတစ်ရာကျော် ကျယ်ဝန်းသည်။ ထိုကွင်းထဲတွင် ရပ်နေရင်း ဖန်ထည်ပြတင်းပေါက်များကိုဖြတ်၍ ကြည့်လိုက်မည်ဆိုပါက မရေမတွက်နိုင်သော လူအုပ်များစွာနှင့် အခြားအလားတူ တိုက်ခိုက်‌ရေးကွင်းများကိုလည်း လှမ်း၍ မြင်နိုင်ပေသည်။

ဒုတိယထပ်တွင် တိုက်ခိုက်‌ရေးကွင်းပေါင်း ရာဂဏန်းသာမက ထောင်ဂဏန်းအထိပါ ရှိနေနိုင်သည်။ ထိုတိုက်ခိုက်ရေးကွင်းများထဲတွင် တိုက်ပွဲများမှာ စဉ်ဆက်မပြတ် ဖြစ်ပွားနေကြသည်။

ပရိတ်သတ်များ၏ အားပေးသံများနှင့် တိုက်ပွဲဝင်များ၏ အော်ဟစ်သံများ အပူလှိုင်းများကဲ့သို့ ပြန့်ထွက်လာ၏။ ထိုနေရာရှိ လူအများစုမှာ သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကို အခြားသူများအား မသိစေချင်ကြသောကြောင့် မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ၏ရင်ခုန်နှုန်းမှာ တဖြည်းဖြည်း မြန်ဆန်လာ၏။ သူသည် ယခုကဲ့သို့ ပတ်ဝန်းကျင်မျိုးကို မမြင်ဖူးသောကြောင့် စိတ်လှုပ်ရှားနေရသည်။ သူသည် ဖန်လုံးကြီးဆီမှ စည်းမျဉ်းစည်းကမ်းများကို လေ့လာသိရှိခဲ့သည်ဖြစ်ရာ တိုက်ခိုက်ရေး ကွင်းတစ်ကွင်းအား ငှားရမ်းပြီးလျှင် ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခုအား သတ်မှတ်ကာ သူ့အား စိန်ခေါ်လာမည့်လူများကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း နားလည်ထားသည်။ အကယ်၍ ထိုစိန်ခေါ်သူသာ အနိုင်ရရှိသွားမည်ဆိုပါက ထိုသတ်မှတ်ထားသည့် ဝိညာဉ်ကျောက်များ ပမာဏအတိုင်း ရရှိပိုင်ဆိုင်သွားမည် ဖြစ်သည်။ ထို့အပြင် သူသည် ထိုစိန်ခေါ်သူများ၏ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်ချက်ထား၍ သတ်မှတ်ခွင့်ရှိသည်။

အကယ်၍ စိန်ခေါ်သူကသာ ရှုံးနိမ့်သွားမည်ဆိုပါက ထိုစိန်ခေါ်သူမှာ ထို သတ်မှတ်ထားသည့် ဝိညာဉ်ကျောက်တုံး ပမာဏအတိုင်း ပြန်ပေးရမည်ဖြစ်သည်။ ထိုနည်းတူပင် သူတို့သည်လည်း အခြားသူများကို စိန်ခေါ်နိုင်ပေသည်။ ထို့ကြောင့် ဤနေရာမှာ အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာတစ်ခု ဖြစ်နေရခြင်းဖြစ်သည်။

သို့သော် ဤနေရာတွင် သတ်ဖြတ်ခြင်းကို ခွင့်မပြုထားပေ။ ဧည့်သည်များ၏ လုံခြုံမှုနှင့် လွတ်လပ်မှုတို့ကို အထူးအလေးထားကြသည်။ အကယ်‌၍ တစ်ယောက်ယောက်ကသာ ထိုစည်းမျဉ်းများကို ဖောက်ဖျက်လိုက်မည်ဆိုပါက ဂေဟာကိုယ်တိုင် ထိုကိစ္စကို လျင်မြန်ထိရောက်စွာ ဖြေရှင်းလိုက်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ သူ၏ တိုက်ခိုက်ရေးကွင်းအတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ချက်ချင်းပင် သတ်မှတ်လိုက်သည်။ သူသည် အနည်းငယ် တွေးတောလိုက်ပြီးနောက် အခြားသူများ၏ အာရုံကို ဖမ်းစားနိုင်ရန်နှင့် သူ‌ လေ့ကျင့်နိုင်မည့် အကြိမ်အရေအတွက်ကို မြှင့်တင်နိုင်ရန်အတွက် ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ဘေးဘက်တွင် ဝင်ထိုင်နေလိုက်ပြီး စိန်ခေါ်သူတစ်ယောက် ရောက်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။

သို့သော် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းပြီးသွားသည့်တိုင်အောင် မည်သူကမှ သူ့အား စိန်မခေါ်ကြချေ။ လူများစွာမှာမူ သူ့အား ဖျတ်ခနဲ ကြည့်ကာ အကဲခတ်နေကြ၏။ သူတို့က ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရပြီး ဝိညာဉ်ကျောက်တုံး ဆယ်တုံး လိုအပ်ကြောင်း သိလိုက်ရသောအခါ မယုံသင်္ကာဖြစ်ကာ တွေဝေတုံ့ဆိုင်းသွားကြပြီး ထူးဆန်းသည်ဟု ခံစားလိုက်ရတော့သည်။

ဝိညာဉ်ကျောက်တုံး ဆယ်တုံးဆိုသည်မှာ အတော်အသင့် များပြားသော ပမာဏတစ်ခု မဟုတ်ပါလော။

” ငါ ဘယ်လောက်အကြာကြီး ထပ်စောင့်နေရမှာလဲ ”
ငါးမိနစ် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ စိတ်မရှည်တော့ပေ။ သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး သူ၏ တိုက်ခိုက်ရေးကွင်းထဲမှ ထွက်ကာ လူအုပ်ကြီးဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သူကမှ သူ့အား စိန်မခေါ်ကြသည်ဖြစ်ရာ အခြားသူများကို သူ စိန်ခေါ်ရတော့မည်ဖြစ်သည်။

” ငါ ရိုးရိုးရှင်းရှင်းလေပဲ စရမယ် ”
ဝမ်ပေါင်လဲ့က လူအုပ်ကြီးဆီသို့ လျှောက်သွားလိုက်သောအခါ သူ၏ ပတ်ပတ်လည်ရှိ ဖန်ထည်ဖြင့် အုပ်ထားသော စင်မြင့်များကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် သူသည် ဝိညာဉ်ကျောက်တုံးတစ်တုံး တန်ကြေးရှိသော တိုက်ခိုက်ရေးကွင်းတစ်ကွင်းကို ရွေးချယ်လိုက်ပြီး ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

ထိုတိုက်ခိုက်ရေးကွင်းထဲတွင် လူဝကြီးတစ်ယောက် ထိုင်နေပြီး သူ၏ မျက်လုံးများက စူးရှတောက်ပစွာဖြင့် တဖျတ်ဖျတ်လက်နေ၏။ သူ၏ ခန္ဓာကိုယ်မှာ ကြီးထွားသန်မာပြီး သွေးချီအဆင့်ရှိသော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူသည် လူအုပ်ကြီးအား ရန်လိုသောအမူအရာဖြင့် ဖျတ်ခနဲကြည့်ရင်း ဝမ်ပေါင်လဲ့၏ စိတ်အားထက်သန်နေသော မျက်လုံးများကို သတိထားမိလိုက်သောအခါ လှောင်ပြုံးပြုံးကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။

” ယုန်လေး … လာလေ။ မင်းရဲ့ ဖိုးဖိုးနဲ့ လာပြီးတော့ လေ့ကျင့်လိုက်စမ်းပါ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ့အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ ချက်ချင်းပင် လေပေါ်သို့ ခုန်တက်သွားပြီး တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်သွားတော့သည်။ သူ၏ ပတ်ပတ်လည်တွင် လူအုပ်ကြီးတစ်ခု ရှိနေပါသော်လည်း သူတို့ထဲမှ အများစုမှာ ထိုကဲ့သို့ တိုက်ပွဲမျိုးကို စိတ်မဝင်စားကြပေ။ သို့သော် အများစုမှာ ထိုလူဝကြီး၏ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်နှင့် ဝမ်ပေါင်လဲ့၏ ယုန်ပုံစံ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူတို့လုပ်နေသည့် အရာများကို ရပ်တန့်လိုက်ကြပြီး သူတို့အား လှမ်း၍ကြည့်လိုက်ကြသည်။

ဝမ်ပေါင်လဲ့တစ်ယောက် စိန်ခေါ်မှုအား လက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါ ထိုလူကြီး၏ မျက်လုံးများမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပသွားသည်။ သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောကာ မတ်တတ်ထရပ်လိုက်သည်။ ထိုအခါ အစက သွေးချီအဆင့်တွင်သာ ရှိနေခဲ့သော သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချက်ချင်းဆိုသလိုပင် ခန္ဓာအချုပ်အနှောင်အဆင့်သို့ မြင့်တက်သွား၏။ ထို့နောက် သူသည် အန္တရာယ်ပြုလိုသည့် အပြုံးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝယ်လာတော့သည်။

ထိုအခါ တိုက်ခိုက်ရေးကွင်း အပြင်ဘက်မှ လူအုပ်ကြီးမှာ ဆွံ့အသွားကြရတော့သည်။ ထိုလူကြီး၏ ယခင် ကျင့်ကြံခြင်းအဆင့်ဟောင်းနှင့် လက်ရှိ ကျင့်ကြံခြင်းအဆင့်အသစ်ကြားရှိ ခြားနားချက်မှာ ကြီးမားလွန်းနေ၏။

” ငါက ကျင့်ကြံခြင်းအဆင့်ကို နှိမ့်ချပြီးတော့ မင်းတို့လို ယုန်သူငယ်လေးတွေကို ထောင်ဖမ်းရတာ သိပ်ကြိုက်တာကွ။ ဒီနေ့ ငါ မင်းကို ကောင်းကောင်းဆုံးမပေးရတာပေါ့ ”
ထိုလူကြီး၏ ရယ်မောသံမှာ ပဲ့တင်ထပ်နေပြီး သူ၏ သွေးချီများ ထွက်ပေါ်လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ချဉ်းကပ်လာပြီး တုတ်ခိုင်သော လက်ဝါးကြီးကိုမြှောက်၍ ဝမ်ပေါင်လဲ့၏ မျက်နှာဖုံးအား ရိုက်နှက်လိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ညာလက်အား ချက်ချင်းဆိုသလိုပင် မြှောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ နိုးထလာ၏။ သူသည် လတ်တလောအတွင်း သူ့အား အကြီးအကျယ် စိတ်ဒုက္ခပေးခဲ့သည် မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်အား တန်း၍ အသုံးပြုလိုက်သည်။ ထိုအခါ စုပ်အားများ ပြန့်ထွက်လာပြီး ထိုလူကြီး၏ ခန္ဓာကိုယ်မှာ သူ့ဆီသို့ ဆွဲခံလိုက်ရတော့သည်။ ထို့ကြောင့် သူ၏ လက်ဝါးတိုက်ကွက်မှာ လမ်းကြောင်းပြောင်းသွားပြီး သူ နောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။

ဝမ်ပေါင်လဲ့က ထိုလူကြီးအား ဖမ်းချုပ်နိုင်လုနီးပါး ဖြစ်သွားပါသော်လည်း သူ၏တုံ့ပြန်မှုမှာ မြန်ဆန်လွန်းနေ၏။ သူသည် လေသံတိုးတိုးဖြင့် မာန်ဖီလိုက်ပြီး ခန္ဓာကိုယ်အား လျင်မြန်စွာလှည့်၍ နောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ဝမ်ပေါင်လဲ့၏ ဖမ်းချုပ်မှုအား အောင်မြင်စွာ ရှောင်တိမ်းလိုက်၏။

” သူက တကယ့်ကို ရှောင်သွားတာဟ ”
ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားရတော့သည်။ ထို့ကြောင့် သူက ထိုလူကြီးဆီသို့ ချဉ်းကပ်လိုက်စဉ် ထိုလူကြီးမှာ အသက်ရှူများပင် မှားနေပြီ ဖြစ်သည်။ သူသည် တခုခုလွဲနေကြောင်း သတိထားမိလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်သွား၏။ တချိန်တည်းမှာပင် သူသည် လေသံတိုးတိုးဖြင့် မာန်ဖီလိုက်ပြီး ဝမ်ပေါင်လဲ့အား ရှောင်ရှားနိုင်ရန်အတွက် လက်သီးများကိုဆုတ်ကာ အဆက်မပြတ် ထိုးနှက်လိုက်တော့သည်။

များမကြာမီ ထိုနှစ်ယောက်မှာ တိုက်ခိုက်ရေးကွင်းထဲ၌ အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။ ဝမ်ပေါင်လဲ့အတွက်မူ ယခုတိုက်ပွဲမှာ သူ၏ ပထမဆုံး တိုက်ပွဲအစစ်ဖြစ်ပြီး ထိုလူကြီးမှာ သူ့အတွက် အလွန်သင့်တော်သော လေ့ကျင့်ဖော်တစ်ယောက် ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ပို၍ပင် မြန်ဆန်လာတော့သည်။ သူ၏ တိုက်ခိုက်သည့် ပုံစံမှာလည်း ယခင်တုန်းကနှင့် မတူတော့ဘဲ စတင်ပြောင်းလဲလာပြီဖြစ်သည်။ သူသည် ပင်ကိုယ်သဘာဝများ ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သွားသည်ဟု ဆိုနိုင်သည်။ သူ၏အမြင်အာရုံက ပို၍ စူးရှတောက်ပလာပြီး စိတ်လှုပ်ရှားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လာတော့သည်။

အခြားတစ်ဖက်တွင်မူ ထိုလူကြီး၏ နဖူးတွင် ချွေး များရွှဲနေရပြီဖြစ်သည်။ သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး အတွေ့အကြုံ မရှိသည့်ပုံပေါ်သည့် ဝမ်ပေါင်လဲ့မှာ လျင်မြန်စွာ တိုးတက်လာနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

သူသည် ပို၍မြန်ဆန်ပြီး သန်မာလာစေရန်အတွက် သူ၏ ချွေးပေါက်များကိုပိတ်ကာ သွေးချီများကို ပြန့်မထွက်သွားအောင် တားဆီးလိုက်ရသည်။ ထိုသို့ လုပ်နေသည့်တိုင်အောင် သူသည် သွေးချီအဆင့်သာရှိသော ကျင့်ကြံခြင်းအဆင့် အငွေ့အသက်တစ်ခုကိုသာ ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့အား မယှဉ်နိုင်ပေ။

” တောက်ကွာ။ ဒီ ယုန်လေးက ဘယ်ကနေ ရောက်လာတာလဲ ”
ထိုလူကြီးမှာ တဖြည်းဖြည်းနှင့် စိုးရိမ်စပြု‌လာတော့သည်။ သူသည် အံကြိတ်ကာ လေသံတိုးတိုးဖြင့် ညည်းညူလိုက်ပြီး ညာလက်ဝါးကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို ထိုလက်ဝါးတစ်ဖက်တည်းက ထောက်ပံ့ပေးထားသည့်ပုံဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာတော့သည်။ သူသည် ထိုတိုက်ပွဲသုံး တိုက်ကွက်တစ်မျိုးကိုသာ ကျွမ်းကျင်တတ်မြောက်ထားသေးသည်။

” အာကာသလက် ”

ထိုအခါ ဘေးပတ်ပတ်လည်ရှိ ပရိသတ်များမှာ ထိုတိုက်ပွဲအား ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားသွားကြတော့သည်။ လူများစွာက အာကာသလက်အား မြင်လိုက်ရသောအခါ တအံ့တသြ ရေရွတ်မိလိုက်ကြသည်။ သို့သော် သူတို့ ထိုကဲ့သို့ တအံ့တဩ ရေရွတ်လိုက်သည့် အချိန်မှာပင် တိုက်ခိုက်ရေးကွင်းထဲမှ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

ထိုလူသန်ကြီး၏ အာကာသလက်က သူ့ဆီသို့ ချဉ်းကပ်လာသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဖျတ်ခနဲ ဝင်းလက်သွား၏။ ထို့နောက် ပုံရိပ်ယောင်နယ်မြေထဲမှ စီနီယာ လေ့ကျင့်ဖော်က အသိစိတ်ထဲတွင် ပြန်ပေါ်လာပြီး ရှေ့တို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ထိုအခါ ဝါးမျိုခြင်းသစ်စေ့၏ စုပ်အား ချက်ချင်းဆိုသလိုပင် ပေါ်ထွက်လာပြီး ဆက်ခနဲ လှမ်း၍ဖမ်းရန် ကြိုးပမ်းလိုက်သည်။

ထိုကြိုးပမ်းမှုကြောင့် လူသန်ကြီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ လက်ဖဝါးမှာလည်း ဘေးဘက်သို့ ဆွဲခံလိုက်ရပြန်သည်။ ထို့အပြင် ယခုအကြိမ်တွင်မူ သူ မရှောင်တိမ်းနိုင်လိုက်ပေ။ ထို့ကြောင့် သူ၏လက်ချောင်းမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ရက်ရက်စက်စက် လှန်ချိုးခံလိုက်ရတော့သည်။

ထိုအခါ ထိုလူကြီး၏ ပါးစပ်ထဲမှ သနားစဖွယ်ကောင်းသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရတော့သည်။ သူ၏ ခြေထောက်များမှာလည်း ပျော့ခွေသွားသဖြင့် ဒူးထောက်ကျလုနီးပါး ဖြစ်သွား၏။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ လက်ချောင်းကို ရုတ်သိမ်းရန် ကြိုးပမ်းလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်မှာ ညှပ်ကြီးတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။

ထို့အပြင် စုပ်အားများကြောင့် သူ၏ ရုန်းကန်မှုများမှာ အရာမထင်ပေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲမိလိုက်ပြီး သူ၏ လေသံ ပြောင်းလဲသွားရတော့သည်။

” အား… နာတယ်။ လွှတ်ပေး ”

” ဟားဟား။ မင်း ရှုံးကြောင်း ဝန်ခံပြီလား ”

ဝမ်ပေါင်လဲ့မှာ ထိုအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေတော့သည်။ သူသည် သူ၏ရှေ့တွင်ရှိသော လူသန်ကြီးကိုကြည့်ကာ ထိုကဲ့သို့ နာကျင်ခံစားခဲ့ရသည့် သူ့ပုံရိပ်များကို ပြန်လည်မြင်ယောင်သွားသကဲ့သို့ ဖြစ်သွားသည်။ လက်ချောင်းများကို လှန်ချိုးရသည့် ခံစားချက်မှာ အထူးကောင်းမွန်သောကြောင့် သူသည် အတုမရှိသလို ခံစားနေရတော့သည်။ သူသည် ထိုပညာရပ်အား ချက်ချင်းပင် သဘောကျနှစ်သက်သွားတော့သည်။

တိုက်ခိုက်ရေကွင်းအပြင်ဘက်မှ လူအုပ်ကြီးမှာမူ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေကြ၏။ အချိန်အနည်းငယ်ကြာပြီးနောက် ထိုလူသန်ကြီးက အသနားခံကာ အရှုံးပေးကြောင်း ဝင်ခံလိုက်သောအခါ သူတို့အားလုံး ပင့်သက်များ ရှိုက်သွားကြပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

” သူ … သူက သူ့ပြိုင်ဘက်ရဲ့ လက်ချောင်းကို လှန်ချိုးပစ်တာလား ”

” သောက်ကျိုးနည်း … အဲဒီလို လုပ်နိုင်ရတယ်လို့ကွာ။ ဒါက တော်တော်ကို အရှက်မရှိတာပဲကွ “

Comment

Leave a Reply

Options

not work with dark mode
Reset