အာရုဏ်ဦးချိန်သို့ရောက်လာပြီဖြစ်ပြီး ပိုင်ရှောင်ချန်းက အလယ်တောင်မှထွက်ခွာရန်တွေးတောကာ သတိကြီးကြီးနှင့် တိတ်တဆိတ်လမ်းလျှောက်နေစဥ် သွေးရောင် လိပ်ပြာတစ်ကောင်က သူ၏ရှေ့တည့်တည့်တွင် ပေါ်လာလေသည်။
ထိုအခါ သူက မျက်ခုံးမွှေးများ တွန့်ကွေးသွားပြီး တွေဝေမနေပဲ အခြားဘက်သို့ ခုန်ရှောင်လိုက်လေသည်။ အုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ အေးစက်စက် နှာမှုတ်သံများ ပေါ်ထွက်လာတော့သည်။
” အလယ်တောင်ကနေ ထွက်ပြေးနိုင်မယ်လို့ မင်း ထင်နေတာလား။ မဖြစ်နိုင်ဘူးကွ။”
” ညမုဆိုး…သခင်မလေး ရွှယ်မေ့က မင်းကိုသတ်ဖို့ အမိန့်ပေးထားတာ။ သူက ဘယ်လိုဖြစ်ဖြစ် တာဝန်ယူမှာတဲ့ကွ။ မင်းလွတ်ဖို့လမ်းမရှိတော့ပါဘူးကွာ။”
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ သတ်ဖြတ်လိုစိတ်များပြင်းထန်နေကြပြီး မှော်ပစ္စည်းများ၏ အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ပျံတက်သွားကာ လူတိုင်းက ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုက်ကြတော့သည်။
ဝိုင်းရံခံလိုက်ရပြီး ထွက်ပြေးနိုင်တော့မည်မဟုတ်ကြောင်းသိလိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ အံကြိတ်လိုက်တော့သည်။ ယခုအခါ သူ၏မျက်လုံးများမှာ လုံးဝ နီမြန်းနေပြီဖြစ်သည်။
” မင်းတို့ကောင်တွေက တော်တော်တရားလွန်နေပြီပဲ။ ” သူက မာန်ပါပါအော်ဟစ်ကာ ပြောလိုက်သည်။
တချိန်ထဲမှာပင် ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်ကိုရောက်လျှင် အသုံးပြု၍ရသော တောင်ဖြိုသိုင်းကွက်က သူ၏အတွေးထဲသို့ဝင်လာတော့သည်။ ယခင်တုံးက ထိုသိုင်းကို သူ သုံး၍မရသော်လည်း လတ်တလော သူ၏ တိုးတက်မှုများကြောင့် ထိုသိုင်းကွက်ကို သုံးရန် သူဆုံးဖြတ်လိုက်တော့သည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သိုင်းကွက်တွေကိုတော့ သုံးလို့ အဆင်မပြေဘူး။ ဒါပေမဲ့ ဒီကောင်တွေက ငါ့ကိုသတ်ဖို့ကြိုးစားနေကြတာဆိုတော့ ငါလည်း သူတို့ကို သတ်ဖို့ပြန်လုပ်ရမှာပဲ။ ဒါပေမဲ့ ငါက တစ်ယောက်ထဲဆိုတော့ အင်အားက တော်တော်ကို မမျှတာပဲ။”
သူကအသံကုန် အော်ဟစ်နေပါသော်လည်း အမှန်တွင်မူ ထွက်ပြေးရန်နည်းလမ်းရှာနေခြင်းသာဖြစ်သည်။ ရုတ်တရက် သူ၏ အသွေးအသားများ တုန်ရီသွားပြီး ပေါက်ကွဲစွမ်းအားများ ထွက်ပေါ်လာသည်။
ထိုပြင်းထန်သောစွမ်းအင်မှာ သူစုစည်းထားသမျှ စွမ်းအားအကုန်လုံး ပါဝင်နေပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အမှုန့်ချေပစ်သည်။
ပိုင်ရှောင်ချန်းထံမှ သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။ သူက ပုံရိပ်ယောင်တစ်ခုအဖြစ် ပျောက်ကွယ်သွားပြီးနောက် နတ်ဘုရားစွမ်းအင်ထုတ်ရန်ပြင်နေသည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှာ သနားစဖွယ် အော်ဟစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းက သူ့ကို ဝင်တိုက်ပြီးနောက် အနီးအနားရှိ အခြားအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်ကိုပါ တစ်ပါထဲ ဝင်တိုက်လိုက်လေသည်။ ထို လူလေးယောက်အုပ်စုမှာ လူတစ်ယောက်ထဲဟုပင် ထင်ရလေသည်။
ပိုင်ရှောင်ချန်း၏ တောင်ဖြိုသိုင်းကွက်ကြောင့် သူတို့အားလုံးမှာ သွေးများ ပွက်ပွက်အန်ကုန်ကြတော့သည်။ လေထဲသို့မြောက်တက်ကာ နောက်သို့လန်သွားကြပြီး သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ဟန်များပင် ပေါ်လာတော့သည်။ မီတာသုံးရာအကွာထိ သူတို့ အောက်သို့ပြုတ်ကျသွားကြပြီး သွေးများထပ်အန်ကာ သူတို့ကိုတိုက်ခိုက်ခဲ့သည့် သိုင်းကြောင့် တုန်ခါနေဆဲဖြစ်သော ခန္ဓာကိုယ်ကို ထိန်းထားလိုက်ရသည်။
ထိုနေရာရှိလူတိုင်းမှာ ပိုင်ရှောင်ချန်းက ထွက်ပြေးနိုင်ရန် လမ်းကြောင်းတစ်ခုဖော်နိုင်လိုက်သည်ကို ကြည့်ကာ မှင်တက်နေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူက အလယ်တောင်ပေါ်မှ ပျောက်သွားသဖြင့် လူတိုင်းမှာ အံ့သြနေကြတော့သည်။
“ဒီ ညမုဆိုးဆိုတဲ့ကောင်က တော်တော် သန်မာတာပဲ။ ယုံတောင်မယုံနိုင်ဘူး။”
“သူက တကယ်ရော အစောပိုင်း အခြေခိုင်မာခြင်းအဆင့်မှာရှိတာရော ဟုတ်ရဲ့လား။”
” သူက အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ဂိုဏ်းတူအစ်ကို ကျိုးကိုတောင် ဒီအတိုင်း ဝင်တိုက်ပစ်တာနော်။”
” သူ့လိုကောင်မျိုးကိုမှ ငါတို့က ရန်စမိမယ်လို့ ဘယ်သူကထင်မှာတုံး.. ထားတော့။ သူ လွတ်သွားလို့မရဘူး။ သခင်မလေးရွှယ်မေ့ပြောထားတာ သူသေကိုသေရမယ်တဲ့။”
လူတိုင်းက အကြည့်ချင်းဖလှယ်လိုက်ကြပြီး နတ်ဆရာက အံကြိတ်ကာ ပြေးလိုက်သွားတော့သည်။ အနည်းငယ်ကြာသောအခါ အခြားကျင့်ကြံသူဒါဇင်များစွာမှာလည်း သူ့နောက်သို့ လိုက်သွားလေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုဖြတ်၍ ပြေးလွှားနေသည့် ပိုင်ရှောင်ချန်းနောက်သို့ လူများ တသီတတန်းကြီး လိုက်နေတော့သည်။ သူကနောက်လှည့်ကြည့်၍ ထိုလူအုပ်ကြီးကိုမြင်လိုက်ရသောအခါ ပို၍ပင်စိတ်ဆိုးသွားပြီး အံကြိတ်လိုက်လေတော့သည်။
” ရုပ်အလောင်းတောင်ကို သွားမယ်ကွာ။ အဲ့က မဟာအကြီးအကဲက ငါ့ကို သဘောကျတယ်ကွ။ ပြီးတော့ ဂိုဏ်းစည်းကမ်းအရဆိုရင် အလယ်တောင်ကလူတွေက တခြားတောင်တွေပေါ်မှာဆို ပြောရေးဆိုခွင့်မရှိဘူးလေ။”
ပြတ်သားမှုများဖြင့်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ခေါင်းလှည့်ကာ အလယ်တောင်မှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများအား လက်ညှိုးထိုးလိုက်တော့သည်။
” မင်းတို့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ တော်လှပါပြီရဲ့လို့ ထင်နေရင် ကိုယ်တော် ညမုဆိုး နောက်ကို ဆက်လိုက်ကြစမ်းကွာ။ ငါ့နောက်မလိုက်ရဲတဲ့ကောင်တွေက ငကြောက်တွေပဲဟေ့။”
သူ၏ စကားလုံးများကြောင့် ထိုသူများ၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင်ပြတ်သားလာပြီး လိုက်ဖမ်းသည့်အရှိန်ကိုပင် တင်လိုက်လေတော့သည်။
သို့သော်လည်း မည်သူကမျှ ရုပ်အလောင်းတောင်ဆီသို့ ပြေးသွားနေသည့် ပိုင်ရှောင်ချန်း၏ အမြန်နှုန်းကိုမယှဥ်နိုင်ကြပေ။
သူက ထိုတောင်သို့ရောက်သွားချိန်တွင် လက်ကိုဝှေ့ယမ်းလိုက်ပြီး မန္တန်အစီအရင်ကိုဖြတ်နိုင်သည့် တုန်ခါမှုများ ထွက်ပေါ်နေသော ကျောက်စိမ်းလည်ဆွဲတစ်ခုကို ထုတ်ကာ တောင်ပေါ်သို့တက်သွားတော့သည်။ အလယ်တောင်မှလူများကမူ ထိုပစ္စည်းမရှိသဖြင့် ဝင်ရောက်၍ မရတော့ပေ။
” သောက်ကောင် ညမုဆိုး ” သူတို့က အံကြိတ်ကာ ပိုင်ရှောင်ချန်းကို ကြည့်သာကြည့်နေနိုင်တော့သည်။
ပိုင်ရှောင်ချန်းကမူ ပြေးနေရာမှရပ်လိုက်ပြီး မေးငေါ့ကာ ရုပ်အလောင်းတောင်အပြင်ဘက်တွင်ရပ်နေသည့် လူအုပ်ကြီးကို ကြည့်လိုက်လေသည်။
” လာလေကွာ။ ငါဒီမှာ မတ်တတ်ရပ်ပြီး မင်းတို့ကို စောင့်နေတာကို။ လာစမ်းပါဟ။ အသေအကျေ ချကြမယ်လေကွာ။”
သူ၏ စကားလုံးအသုံးအနှုန်းမှာ အလွန် အထက်စီးဆန်ပြီး မောက်မာလွန်းလှသည့်အတွက် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ ပြင်းထန်လာတော့သည်။ သို့သော်လည်း သူတို့က ဘာမှ မလုပ်နိုင်ပေ။ အထူး အမိန့်ပေးဆွဲပြားမရှိပါက ခွင့်ပြုချက်မတောင်းပဲ ရုပ်အလောင်းတောင်သို့ ဝင်၍ရမည်မဟုတ်ပေ။
” အိမ်း။ မင်းတို့ကမှ ငါနဲ့ အသေအကျေမချရဲမှတော့ ငါလုပ်စရာမကျန်တော့ဘူး။” သူက ထိုသို့ဆိုကာ ခေါင်းခါလိုက်ပြီး အင်္ကျီလက်ကို ခါယမ်းကာ သူတို့ကို လျစ်လျူရှုလိုက်ပြီး ရုပ်အလောင်းတောင်ပေါ်သို့ တက်သွားတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များက ဤကိစ္စကို သိပါသော်လည်း ဝင်မစွက်ဖက်ခဲ့ပေ။ ရှေးဟောင်းတောင်ပေါ်မှ ဂိုဏ်းစောင့်အကြီးအကဲအချို့ဆိုလျှင် ထိုဖြစ်ရပ်များကို သဘောပင်ကျနေတော့သည်။
” ဂိုဏ်းထဲမှာ ဒီလို လှုပ်လှုပ်ရွရွလေးမဖြစ်တာတောင် တော်တော်ကြာခဲ့ပြီပဲ။ အဲ့ တောင်ဖြိုသိုင်းကွက်တွေက နွံအိုင် တောင်က သုံးတဲ့သိုင်းနဲ့ ဆင်တူနေတာပဲဟ ”
” အဲ့ ညမုဆိုး ဆိုတဲ့ ကလေးက တော်တော် ရယ်ရတာပဲ။ သူ့နောက်ကို လူအများကြီးလိုက်လာတာ ယုံတောင်မယုံနိုင်ဘူး။”
” မဆိုးဘူး။ မဆိုးဘူးပဲ။ သူ ရုပ်အလောင်းတောင်ဆီ ပြေးလာတာကိုတော့ ငါအံ့သြမိတယ်။ ဒီကလေးသာ အသက်ဆက်ရှင်ရင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ နောက်ထပ် လက်ရွေးစင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။”
ပိုင်ရှောင်ချန်းကမူ ရုပ်အလောင်းတောင်ပေါ်သို့ ပြေးတက်နေသည်။ ထိုနေရာရှိ ဓမ္မ စောင့်ရှောက်သူများကိုမြင်တိုင်း သူက သူ၏ ကျောက်စိမ်းလည်ဆွဲကိုသာ ထုတ်ပြလိုက်လေသည်။ ထိုလည်ဆွဲကို ခဏမျှကြည့်ရှုလိုက်ပြီးနောက် သူတို့က ပိုင်ရှောင်ချန်းကို လျစ်လျူရှူလိုက်ကြသည်။
လမ်းတစ်လျှောက်တွင် ရုပ်အလောင်းသန့်စင်ရုံအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် အဆုံးတွင် သူက လက်ချောင်းအထက်ပိုင်းသို့ ရောက်သွားတော့သည်။ ရုပ်အလောင်းတောင် တစ်ခုလုံးနီးပါးမှာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များနှင့် ပြည့်နေသည်။
ကံကောင်းစွာပင် သူ့ဆီမှာ ကျောက်စိမ်းလည်ဆွဲရှိသည်။ သို့မဟုတ်ပါက အလွန်အန္တရာယ်များသည့် အခြေအနေတစ်ခုပင်။ မကြာမီ သူက ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲ၏ အင်မော်တယ်ဂူရှေ့တွင် မတ်တတ်ရပ်လျက်သားဖြစ်နေတော့သည်။
” တပည့် ညမုဆိုး မှ ရုပ်အလောင်းတောင်ရဲ့ မဟာအကြီးအကဲနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ်။” သူက လက်ဆုပ်ကာ ဦးညွတ်ပြီး ကျယ်လောင်စွာပြောလိုက်လေသည်။ အနည်းကြာသောအခါ တံခါးမှာပွင့်သွားပြီး အစောင့်နှစ်ယောက် ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူတို့က ကိုယ်အမူအရာဖြင့် သူတို့နောက်လိုက်ခဲ့ရန် ပြောလိုက်လေသည်။
ခဏအကြာမှသာ ထိုလူငယ်နှစ်ယောက်မှာ သန့်စင်ထားသည့်ရုပ်အလောင်းများဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်လေသည်။ ကြောက်လန့်စိုးရိမ်စိတ်များကြောင့် သူ့ ရင် တဒိန်းဒိန်းခုန်သွားပြီး ထွက်ပြေးရန်ပင် ကြံစည်လိုက်သည်။ သို့သော်လည်း သူက ရို့ကျိုးသောအမူအရာဖြင့် အင်မော်တယ်ဂူထဲသို့ ဝင်သွားလိုက်သည်။ မကြာမီ တင်ပျဥ်ခွေထိုင်နေသည့် မဟာအကြီးအကဲရှေ့သို့ သူ ရောက်သွားတော့သည်။
သူက ပိုင်ရှောင်ချန်းကို အတွေးများပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပြုံးကာကြည့်လိုက်လေသည်။ စောစောကဖြစ်ပျက်ခဲ့သည်များကိုလည်း သူ တွေ့မြင်ထားခဲ့၏။
” မင်းဘယ်လိုထင်တုံး။ ရုပ်အလောင်းတောင်က ပိုပြီးတော့ ကောင်းတယ်မလားကွ။ ငါတို့တောင်ကိုရွေးပါလို့ မင်းကို ငါ မပြောခဲ့ဘူးလား။ မင်းလိုသမျှ ငါတို့ဆီအကုန်ရှိတယ်လေ။ ပြီးတော့ အလယ်တောင်က ထိန်းမနိုင်သိမ်းမရတွေဖြစ်နေတာ။” မဟာအကြီးအကဲကြီးက တည်ကြည်သောလေသံဖြင့် ပြောလိုက်လေသည်။
သူ၏နောက်တွင် အသက်မဲ့သောအမူအရာဖြင့် မိန်းမလှလေးတစ်ဦးက သူ၏ ပုခုံးများကို နှိပ်နယ်ပေးနေသည်။ ထိုမိန်းကလေးမှာလည်း ထူး ခြားသောနည်းလမ်းတစ်ခုနှင့် သန့်စင်ထားသည့် ရုပ်အလောင်းတစ်ခုဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်လေသည်။
ထူးဆန်းစွာပင် သူမ၏ခေါင်းပေါ်တွင် ဆံချည်မျှင်တစ်ချောင်းမှ မတွေ့သည့်အတွက် အခြားနေရာတွင် အမွေးများပေါက်နေသလားဟု ပိုင်ရှောင်ချန်းက တွေးနေတော့သည်။ သူက အဖြေကိုသိချင်ပါသော်လည်း မေးခွန်းတစ်စုံတစ်ရာ မမေးရဲချေ။
” အဲ့လူတွေက ရက်စက်လိုက်ကြတာ။ ကိုယ့်ဘာသာ သိုင်းကျင့်နေတာကို သူတို့က တားဆီးချင်ကြတာဗျ။ ကျနော့်ကို သတ်ဖို့တောင် ကြိုးစားကြသေးတယ်။ ကျနော်သာ မြန်မြန်ထွက်မပြေးလာရင် ကျနော့်ရဲ့ သနားစရာအသက်လေး ဒီအချိန်ဆို ပျောက်နေလောက်ပြီ ” အကြီးအကဲကြီးကို ပိုင်ရှောင်ချန်းက တည်ကြည်သောအမူအရာဖြင့် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
ထိုအခါ မဟာအကြီးအကဲကြီးမှာ ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ငါတို့က အဲ့လိုပဲကွ။ သူတို့က မင်းကိုအသေတော့ မသတ်ပါဘူး။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရုံလောက်ပဲ လုပ်မှာပါ။ ဒါပေမဲ့ အခုလိုမျိုး လူတစ်ယောက်နောက်ကို လူအများကြီးလိုက်ဖမ်းတာမျိုးက ဒီမှာ တော်တော်ရှားရှားပဲကွ။”
” ကောင်စုတ်လေး။ မင်းကိုတစ်ချက်ကြည့်ရုံနဲ့ မင်းက မိစ္ဆာပေါက်စလေးတစ်ကောင်မှန်း ငါသိတယ်။ ထားပါတော့။ အခု ရုပ်အလောင်းတောင်မှာပဲ နေလိုက်တော့။ အလယ်တောင်ကို ပြန်သွားစရာတောင် မလိုတော့ပါဘူး။” မဟာအကြီးအကဲကြီးမှာ ပိုင်ရှောင်ချန်းကို ကြည့်လေကြည့်လေ ပိုမိုသဘောကျလေ ဖြစ်နေတော့သည်။
သူ့ကို ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲကြီးက အင်မတန်ကောင်းမွန်စွာဆက်ဆံသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်ထဲနွေးထွေးစွာ ခံစားလိုက်ရသည်။ သူလိုချင်သည့်အရာကို သူက တောင်းနေရန်ပင်မလိုပေ။ အကြီးအကဲကြီးက သူ မတောင်းခင်ထဲက ပေးပြီးသားဖြစ်နေတော့သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အလျင်အမြန်ပင် ခေါင်းညိတ်လိုက်တော့သည်။
အနည်းငယ်တွေးတောပြီးနောက် အကြီးအကဲကြီးက ပိုင်ရှောင်ချန်းကိုကြည့်ကာ အလွန်တည်ကြည်သော လေသံဖြင့် ပြောလိုက်လေသည်။
‘ဒါနဲ့ အဲ့ အခြေခိုင်မာခြင်းအဆင့် ဓမ္မစောင့်ရှောက်သူတွေက ဘာမှ မဟုတ်ဘူးနော်။ ဒါပေမဲ့ ရွှယ်မေ့ကိုတော့ ရန်မစမိစေနဲ့။ အဲ့ကလေးမက နောက်ခံ တောင့်တယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် သူ့ကိုဝေးဝေးကသာရှောင်ပြီး စိတ်အနှောင့်အယှက်သာ သွားမပေးမိစေနဲ့။”
ပိုင်ရှောင်ချန်းကမူ ထိုအချက်ကြောင့် အနည်းငယ် ကသိကအောက်ဖြစ်သွားတော့သည်။ သူသာ လူသူမသိအောင်နေစရာမလိုပဲ သူ၏ သရုပ်မှန်အစစ်ကို ဖုံးကွယ်ရန်မလိုပါက သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂုဏ်ထူးဆောင်ဂိုဏ်းသား၊ အမွေဆက်ခံသူအဆင့်အတွက် လျာထားခံရသူနှင့် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း ချပြလိုက်မည်သာဖြစ်သည်။
ထိုအရာများကိုကြားလျှင် ရွှယ်မေ့မှာ တုန်လှုပ်သွားပြီး သူမ၏မျက်နှာဖုံးပင် ကျွတ်ကျသွားမည်မှာ အမှန်ပင်။
“ဟွန်း။ သူက နောက်ခံတောင့်တယ်ပေါ့ ဟုတ်လား။ ငါ့ရဲ့နောက်ခံကို တွေးမိတိုင်း ငါ့ကိုယ်ငါတောင် ပြန်ကြောက်နေရတယ်။” သူက စိတ်ထဲတွင် ကြိတ်ကာ ကျိန်ဆဲနေသည်။ ထိုသို့တွေးရင်း သူက မတ်မတ်ကြီး ပြန်၍ ထရပ်လိုက်သောအခါ ယခင်ကထက်ပင် ပို၍ မောက်မာသည့် ပုံစံပေါက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်ကသိကအောက်ဖြစ်နေကြောင်းကို အကြီးအကဲကြီး တွေ့မြင်နေရသည်။ ထို့ကြောင့် သူကရယ်မောကာ ရုပ်အလောင်းသန့်စင်ရာတွင် သုံးသည့် ဆေးအမွှေးတိုင်အချို့အကြောင်းကို ရှင်းပြလိုက်တော့သည်။ ညသို့ရောက်မှသာ သူက ပိုင်ရှောင်ချန်းကို ထွက်ခွာခွင့်ပေးလိုက်ပြီး သူကိုယ်တိုင် စမ်းသပ်မှုများပြုလုပ်ရန်မှာလိုက်လေသည်။ အစောင့်တစ်ယောက်က သူ့ကို လက်ချောင်းအောက်ဘက်ရှိ အင်မော်တယ်ဂူဆီသို့ ခေါ်သွားလေသည်။ ပိုင်ရှောင်ချန်းကမူ အလွန်ပင်ကျေနပ်နေတော့သည်။ ရုပ်အလောင်းတောင်ပေါ်ရှိဘဝမှာ အလယ်တောင်ပေါ်ကထက် ပို၍ပင်သာလွန်ကောင်းမွန်နေတော့သည်။
နှစ်လတိတိကုန်ဆုံးသွားသည့်တိုင် ပိုင်ရှောင်ချန်းက ရုပ်အလောင်းတောင်မှ တစ်ဖဝါးမျှမခွာပေ။ သူက ကျင့်ကြံခြင်းကိုသာ လေ့ကျင့်နေပြီး သွေးချီများကို စုပ်ယူနေတော့သည်။
သွေးချီများကို ပေါင်းစပ်ရာတွင် သူက ပို၍ကျွမ်းကျင်လာသောအခါ ထာဝရဓားချီများကို ပို၍ပင် စုဆောင်းမိလာတော့သည်။ယခုတွင်မူ သူ၏ခန္ဓာကိုယ်ထဲမှ သွေးချီများ ပျံ့ထွက်လာသောအခါ ဓားကြီးတစ်ချောင်း၏ အနားသားများအဖြစ် လျင်မြန်စွာ အသွင်ပြောင်းနေပြီဖြစ်သည်။
သူလိုအပ်သော သွေးချီပမာဏမှာလည်း ပို၍ပင် ကြီးထွားလာသည်။ ဤအခေါက်တွင်မူ သူက အပြင်ထွက်၍ လိုအပ်သည်များကို သွားရှာရန် မလိုတော့ပေ။ အင်မော်တယ်ဂူထဲတွင်သာနေ၍ သွေးချီများကို စုပ်ယူနိုင်ပြီဖြစ်သည်။
အဆုံးတွင် လက်ချောင်းအောက်ပိုင်းရှိ အခြေခိုင်မာခြင်းအဆင့် ဓမ္မ စောင့်ရှောက်သူများက ဖြစ်ပျက်နေသည်များကို သိသွားသောအခါ မျက်မှောင်ကြုတ်နေကြတော့သည်။ သွေးချီများမှာ ရုတ်တရက်ကြီး လျော့ကျသွားခြင်းမျိုးမရှိသော်လည်း ထိုနေရာတစ်ဝိုက်တွင် သွေးချီများ၏ ပုံမှန်ဆုံးရှုံးနေမှုများကြောင့် သူတို့၏ ကျင့်ကြံနှုန်းများမှာ နှေးလာတော့သည်။
မကြာမီ သူတို့မှာ စိတ်မရှည်ကြတော့ပဲ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းပင် သတိထားမိသွားတော့သည်။ သူအပြင်ထွက်လိုက်တိုင်း သူ့ကို ဝိုင်းကြည့်ကြသည့် စက်ဆုပ်ဖွယ်အကြည့်များကြောင့် သူ၏ရင်မှာ တဒိန်းဒိန်းခုန်နေရတော့သည်။ သူသာ အမှားသေးသေးလေးထပ်လုပ်မိလိုက်ပါက သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာမည်ဖြစ်ကြောင်း သူ သိလိုက်သည်။
” ဒီလူတွေက ကြောက်ဖို့ကောင်းလိုက်တာ။ စကားလေးတစ်ခွန်းမှားတာနဲ့ ချမယ်ဆိုတာကြည့်ပဲ။ စိတ်ရှည်သည်းခံမှုလေး နည်းနည်းတောင်မရှိကြပါလား…. ထွက်သွားတာပဲ ကောင်းမယ်ထင်ပါတယ်လေ…..”
သူက ရုပ်အလောင်းတောင်ပေါ်တွင် ထိတ်ထိတ်လန့်လန့်နှင့် နှစ်လတိတိထပ်နေလိုက်ပြီးနောက် အလယ်တောင်ပေါ်တွင် အခြေအနေများ ငြိမ်သက်သွားလောက်ပြီဖြစ်ကြောင်း ယူဆလိုက်လေသည်။ မည်သူမှ သတိမထားမိသည့် ညတစ်ညတွင် သူက လျှို့ဝှက်စွာဖြင့် ရုပ်အလောင်းတောင်မှထွက်ကာ အလယ်တောင်ရှိ သူ၏အင်မော်တယ်ဂူသိူ့ ပြန်သွားလိုက်တော့သည်။
ထိုနေရာတွင် သူက သတိကြီးကြီးနှင့် ကျင့်ကြံခြင်းများကို လေ့ကျင့်ရန်ပြင်လိုက်တော့သည်။ သွေးချီအများအပြား မစုပ်ယူမိအောင် သတိထားနေရသဖြင့် သူ၏ကျင့်ကြံနှုန်းမှာ နှေးနေရတော့သည်။ သို့သော်လည်း သွေးဓားကျင့်စဥ်တွင် ကြီးကြီးမားမားတိုးတက်ေတာ့မည်ဖြစ်ရာ သူက ကျင့်ကြံနှုန်း အနည်းငယ်လောက် လျော့ကျသည်ကို မမှုပေ။
နောက်ထပ် လတစ်ဝက်ကုန်သွားလေသည်။ တစ်ရက်တွင် ပိုင်ရှောင်ချန်းက သွေးဓားကျင့်ကြံရင်း မျက်လုံးများမှိတ်နေရင်း ရုတ်တရက် သွေးမုန်တိုင်းပညာရပ်ကို အောင်မြင်သွားခဲ့သည်။
သူ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူက အသက်ပြင်းပြင်းရှူလိုက်သည်။ တောက်ပနေသည့်မျက်လုံးများဖြင့် သူက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ရှေ့တွင် လက်ချောင်းကို ဝှေ့ယမ်းလိုက်လေသည်။
” သွေးမုန်တိုင်းပညာရပ်။”
သူ၏ အသံထွက်လာသောအခါ ဘေးနားရှိ သွေးချီများမှာ ဆူပွက်လာတော့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးချီများထွက်လာပြီး သွေးမြူများအသွင်ပြောင်းလဲသွားပြီး အင်မော်တယ်ဂူထဲတွင် ပြည့်နှက်သွားတော့သည်။
ထိုသွေးမြူများမှာ ဝဲတစ်ခုကဲ့သို့ လည်ပတ်နေပြီး ပိုင်ရှောင်ချန်းက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်အသစ်တစ်ခု ထပ်ဖော်လိုက်သောအခါ လေပြင်းတစ်ခုက အခန်းထဲတွင် တိုက်ခတ်လာပြီး အက်ကွဲသံများပင် ထွက်လာတော့သည်။
မကြာမီတွင် မြူခိုးများက ပေါင်းစည်းသွားပြီး ဓားတစ်ချောင်း၏ ထိပ်ချွန်အဖြစ်ပြောင်းလဲသွားသည်။ ထိုထိပ်မှနေ၍ သွေးချီများက လှည့်ပတ်၍ ကျလာသောအခါ ဓားတစ်ချောင်းပုံစံဖြစ်သွားပြီး ဓားရိုးပင် ပေါ်လာတော့သည်။
အဆုံးတွင် ပြီးပြည့်စုံသည့် သွေးရောင် ဓားတစ်ချောင်းဖြစ်သွားတော့သည်။ ထိုဓားမှာ နီမြန်းနေပြီး ရှိသမျှအရာအားလုံးကို ခုတ်ထစ်ပစ်နိုင်သည့်အလား စွမ်းအားကြီးမားလှသည့် ပုံပေါ်သည်။ ထိုဓားဆီမှ ဝိညာဥ်ကိုပင် တုန်ခါစေနိုင်သည့် ရှေးဟောင်း ဖိအားတစ်ခု ပျံ့လွင့်နေသည်။ ထိုဓားကိုကြည့်မိလိုက်သူတိုင်း သွေးပင်လယ်တစ်စင်းထဲတွင် နစ်မျောနေသည့်အလား ခံစားလိုက်ရမည်သာဖြစ်သည်။ ပိုင်ရှောင်ချန်း၏ အတွေ့အကြုံအရဆိုလျှင် ထိုဓား၏စွမ်းအားမှာ အစောပိုင်းအခြေခိုင်မာခြင်း အဆင့်ထက်ပင် သာလွန်သည်။
ကောင်းကင်တာအို စွမ်းအားနှင့်သာ ရောစပ်လိုက်ပါက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် တုန်လှုပ်နေမည်ဖြစ်ကြောင်း သူ ယုံကြည်နေတော့သည်။
” အောင်မြင်ပြီကွ။”
သူက တဟားဟား ရယ်မောကာ ပြောလိုက်သည်။ ဧရာမသွေးဓားကြီးကို မြင်နေရသည့်အတွက် သူက စိတ်လှုပ်ရှားနေပြီး လပေါင်းများစွာ သူကြိုးစားခဲ့သည်မှာ အရာထင်ကြောင်း သိသွားတော့သည်။
” ငါ.. ပိုင်ရှောင်ချန်း…..” သူ၏ စကားပင်မဆုံးသေးဘဲ ပါးစပ်ကို ချက်ချင်းပိတ်လိုက်ရလေသည်။ သူ၏ခေါင်းကို နောက်သို့ ဖြည်းညင်းစွာလှည့်ကြည့်လိုက်ရာ အင်မော်တယ်ဂူ၏ ထောင့်တစ်နေရာတွင် တစ်စုံတစ်ခုကို မြင်လိုက်၍ မျက်လုံးပြူးသွားတော့သည်။
ထို့နောက် သူ ချွေးများပင်ပြန်လာတော့သည်။