အခန်း (၁၉)

တိုက်မလား အသေခံမလား

အခန်း (၁၉) တိုက်မလား အသေခံမလား

လုန်ယွိမှာတော့ သူမရှေ့ရှိ မိစ္ဆာသားရဲအုပ်ကြီးကိုကြည့်ပြီး စကားပင် မပြောနိုင်တော့ပေ။

သူမ၏ ဂိုဏ်းတူညီမလေး လင်စီးယာပြောသည်မှာ အမှန်ပင် ဖြစ်သည်။ မြူခိုးများကိုသာ ဖယ်ရှားမပစ်နိုင်လျှင် ယခုအချိန် သူမတို့အားလုံး အသက်ပျောက်နေပေလောက်ပြီ။

အမှန်တော့… နဝမတောင်ထွတ်မှ တပည့်ကြောင့်သာ မဟုတ်လျှင် မြူခိုးများကို ဖယ်ရှားပစ်သည့်အစီအရင်ကို သူမ သိရှိခဲ့မည် မဟုတ်ပေ။

ယခု… မြူခိုးများကို ဖယ်ရှားထားနိုင်သည့်တိုင် သေမင်းတံခါးဝတွင် သူတို့ ရုန်းကန်နေရဆဲ ဖြစ်လေသည်။

စောစောကပင်… သားရဲဒီရေလှိုင်းကို တားဆီးရန်အတွက် သူမ၏ နဂါးစွမ်းအားများကို ထုတ်ဖော်အသုံးပြုခဲ့သည်။ သို့သော်… သားရဲအုပ်ကြီးကို ရင်ဆိုင်ရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

အဘယ်ကြောင့်ဆိုသော်… သားရဲအုပ်ကြီးနောက်ကွယ်တွင် တစ်စုံတစ်ယောက်က ကြိုးကိုင်ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။

ရန်သူက သူမတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း လုန်ယွိ ရပ်မိလိုက်သည်။

အခြေအနေများက … လွန်ခဲ့သည့် (၃)နှစ်က အတိုင်းပင် ဖြစ်လေသည်။ သူမကို လုပ်ကြံသတ်ဖြတ်ရန် အကွက်ချ ကြံစည်ခြင်းသာ ဖြစ်၏။

လွန်ခဲ့သည့် (၃)နှစ်က ရန်သူက သူမကို မှော်ဝင်ပစ္စည်းတစ်ခုဖြင့် ဖိနှိပ်ထားရန် ကြိုးစားခဲ့သည်။ ယခု ရန်သူက သူမကို မိစ္ဆာသားရဲများ၏ စွမ်းအားဖြင့် ဖိနှိပ်ထားရန် ကြိုးစားနေပြန်သည်။

ထို့ပြင်… ရန်သူက သူမကို မှော်ရုံနယ်မြေထဲတွင်တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရွေးခြယ်ခဲ့ဟန် တူသည်။

မှော်ရုံနယ်မြေထဲတွင် တိုက်ခိုက်ခြင်းက ခွန်လွန်တောင်ပေါ်တွင် တိုက်ခိုက်ခြင်းထက် အခြေအနေများကို ပိုမိုရှုတ်ထွေးစေမည် ဖြစ်သည်။

ခွန်လွန်တောင်ပေါ်တွင်သာ တိုက်ခိုက်မည်ဆိုပါက သူမတို့၏အခြေအနေက ဤမျှဆိုးဝါးမည် မဟုတ်ပေ။ စစ်ကူလည်း အချိန်မရွေးရောက်လာနိုင်လေသည်။

ယခု… သူမတို့အုပ်စုတွင် ရွှေပြဒါးအမြုတေ ကျင့်ကြံသူဆို၍ သူမနှင့် လင်စီးယာ (၂)ယောက်သာ ရှိသည်။ ကျန်တပည့်များက အခြေံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေပြဒါးအမြုတေအဆင့်က တန်ခိုးစွမ်းအားအရာတွင် များစွာ ကွာခြားသည်။

မှော်ရုံနယ်မြေ ဖြစ်နေသောကြောင့်သာ တော်သေးသည်ဟု ပြောရမည်။ ပျက်သုန်းနေသည့် တစပြင်လောကကြီးတွင်သာ ဤသို့သော တိုက်ပွဲမျိုး ရင်ဆိုင်ရပါက သူတို့တစ်ဖွဲ့လုံး အသက်ပျောက်သွားမည်မှာ အသေအချာပင်ဖြစ်၏။

လုန်ယွိက တည်ငြိမ်သည့်လေသံဖြင့်…

“ငါတို့ ဖောက်ထွက်ဖို့ နည်းလမ်းရှာရမယ်… ၊ ဒီအတိုင်းဆက်နေမယ်ဆိုရင် သေကုန်ကြလိမ့်မယ်…”

သူတို့၏ လက်ရှိအခြေအနေက ကြောင်ရိုင်းများ ဝိုင်းအုံချောင်းမြောင်းခြင်းကို ခံနေရသည့် ပုလင်းထဲမှ ငါးတစ်ကောင်နှင့် ဆင်တူသည်။ အပြင်မှ ကြောင်ရိုင်းများ နည်းလမ်းတွေ့သွားသည်နှင့် ပုလင်းထဲမှငါး သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။

ထို့ကြောင့်… အန္တရယ်အကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုတော့ ရှာဖွေရပေလိမ့်မည်။

လင်စီးယာက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

“ကျွန်မတို့ အကူအညီရဖို့ သတင်းပို့ပြီးသွားပြီပဲ … ဂိုဏ်းတူအစ်မ… ၊ သိပ်မကြာခင် အကူအညီ ရောက်လာမယ်လို့ မျှော်လင့်ရတာပဲ… ၊ အင်း… ဒါပေမဲ့… သတင်းပို့ခိုင်းလိုက်တဲ့သူ လမ်းမှာ အသတ်ခံရမယ်ဆိုရင်တော့ မပြောတတ်တော့ဘူး…”

လင်စီးယာက သက်ပြင်းတစ်ချက်ချရင်း စကားဆက်ပြောလိုက်သည်။

“သတင်းပို့တဲ့သူသာ အသတ်ခံရမယ်ဆိုရင်တော့… မှော်ရုံနယ်မြေထဲဝင်လာတဲ့ နောက်ထပ်တစ်ဖွဲ့ ရောက်လာတဲ့အထိ စောင့်ရတော့မှာပဲ… ၊ ဒါမှ… ထပ်ပြီး သတင်းပို့လို့ရတော့မှာ…”

လုန်ယွိက…

“အဲဒီအချိန်ထိ စောင့်မယ်ဆိုရင်… ဒီတပည့်တွေကို ဘယ်လိုလုပ်ကြမလဲ…”

လုန်ယွိက သူမ ပြုလုပ်ထားသည့် အကာအကွယ်စည်းဝိုင်းကို တစ်ချက်ကြည့်လိုက်သည်။

စည်းဝိုင်းမှ ကြည်ပြာရောင်အလင်းတန်းများ တောက်ပနေပြီး သားရဲများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံထားသည်။

သို့သော်… မည်မျှကြာအောင် ကြံ့ကြံ့ခံထားနိုင်မည်လဲ လုန်ယွိ မသိရှိပေ။ သားရဲများက စွမ်းအားကြီးမားလွန်းလှသည် မဟုတ်ပါလား။

စည်းဝိုင်းသာ ပျက်စီးသွားပါက ရွှေပြဒါးအမြုတေအဆင့်ရှိသော သူမပင်လျှင် မိစ္ဆာသားရဲများနှင့် ရင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်တော့ပေ။

မိစ္ဆာသားရဲများကို ဖောက်ထွက်နိုင်ရန်မှာ လုံး၀ မလွယ်ကူသည့် ကိစ္စ ဖြစ်သည်။

လင်စီးယာက…

“အခြားအဖွဲ့ခေါင်းဆောင်တွေလည်း အခြေအနေဘယ်လိုရှိလဲ မသိဘူး…”

လင်စီးယာ အခြားအဖွဲ့ခေါင်းဆောင်များကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရနိုင်ခဲ့ပေ။

ဂိုဏ်းတူအစ်မ’လုန်ယွိ’ သာ မရှိလျှင် သူမတို့အုပ်စုကို မည်သူမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ သားရဲအုပ်ကြီး နင်းချေသတ်ဖြတ်သည်ကို သေချာပေါက် ခံကြရပေလိမ့်မည်။

လုန်ယွိနှင့် လင်စီးယာတို့က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြသောကြောင့် ကိုယ်လွတ်ရုန်းနိုင်လျှင်တောင်မှ သူမတို့ကာကွယ်ပေးရမည့် ဂိုဏ်းတူမောင်လေးများနှင့် ဂိုဏ်းတူညီမလေးများကို ဒီအတိုင်းမထားခဲ့နိုင်ပေ။

လုန်ယွိ မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမတို့အတွက် လွတ်လမ်းမရှိတော့သည်မှာ သေချာသလောက် ဖြစ်သည်။ သူမတို့ ဒုက္ခရောက်နေကြောင်း တစ်စုံတစ်ယောက်က သိရှိသွားပြီး စစ်ကူရောက်လာလျှင်ပင် အချိန်နှောင်းသွားပေလိမ့်မည်။

လုန်ယွိ မျက်ခုံးများကို တွန့်ချိုးထားမိသည်။ မျက်ခုံးများတွန့်ချိုးထားသည့်တိုင် မိန်းမပျိုလေးသည် လှပနေဆဲ ဖြစ်လေ၏။

အန္တရယ်ကိုရင်ဆိုင်ရန်အတွက် ကံတရားကိုသာ အားကိုးရန်ရှိတော့သည်ဟု လုန်ယွိ တွေးလိုက်သည်။

ထိုအချိန်… အနောက်ဘက်ရှိ တပည့်များထဲမှ ယောကျ်ားလေးအသံတစ်သံ ထွက်ပေါ်လာသည်။

“နည်းလမ်းတစ်ခုတော့ရှိတယ်ဗျ…”

စကားသံကြောင့် လုန်ယွိနှင့် လင်စီးယာတို့ အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

စကားဆိုလိုက်သည့်တပည့်က အတော်လေးကြည့်ကောင်းသည့် ခပ်ချောချောလူငယ်လေးတစ်ယောက်ဖြစ်သည်။

သူက အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“ဂိုဏ်းတူအစ်မ’လုန်’ နဲ့ ဂိုဏ်းတူအစ်မ’လင်’ တို့ကလွဲရင် ကျုပ်တို့အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ… ၊ ဒါပေမဲ့ ကျုပ်တို့အားလုံး ရွှေပြဒါးအမြုတေအဆင့်ကို အဆင့်တက်နိုင်ခဲ့ရင် ဒီသားရဲအုပ်ကြီးကို သေချာပေါက် ဖောက်ထွက်နိုင်လိမ့်မယ်…”

မိန်းကလေးကျင့်ကြံသူတစ်ယောက်က…

“ဒါဖြင့်… ကျင့်ကြံခြင်းအဆင့်တက်အောင် ကျွန်မတို့ ဘယ်လိုလုပ်ကြမှာလဲ…”

လူငယ်၏ စကားကြောင့် လုန်ယွိနှင့် လင်စီးယာတို့ကတော့ အတွေးနက်လျှက် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

တပည့်လူငယ်ဆိုလိုသည့်အဓိပ္ပါယ်ကို သူမတို့ (၂)ယောက် ကောင်းကောင်းနားလည်ကြသည်။ သို့သော်… လူငယ်ပြောသည့်နည်လမ်းအတိုင်း ပြုလုပ်ရန်က အန္တရယ်များလွန်းလှသည်။

ထိုလူငယ်၏ နာမည်က မော့လီ ဖြစ်၏။

မော့လီက ကျန်တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက်… သူ၏ နှုတ်ခမ်းများတွန့်ကွေးသွားပြီး နာနာကျည်းကျည်း တစ်ချက်ပြုံးလိုက်သည်။

“ဒီသားရဲတွေကို သေအောင်သတ်ပစ်မယ်… ၊ ကျုပ်တို့လည်း သေတဲ့အထိ တိုက်မယ်… ၊ တိုက်ခိုက်ရင်းနဲ့ ကျင့်ကြံခြင်းအဆင့်တက်သွားရင် ကျုပ်တို့အားလုံး ရွှေပြဒါးအမြုတေအဆင့်ကို ရောက်သွားမှာပေါ့… ၊ ဒီတော့… တိုက်မလား… ဒီတိုင်းအသေခံမလား… ကျုပ်တို့ ရွေးခြယ်ရလိမ့်မယ်…”

မော့လီ၏ စကားကြောင့် ကျန်တပည့်များအားလုံး အံ့အားသင့်သွားကြသည်။ ဤသည်က အစွန်းရောက်လွန်းသည့် အတွေးဖြစ်သည်။

သို့သော်… မော့လီ၏စကားကြောင့် လုန်ယွိနှင့် လင်စီးယာကတော့ အံ့အားသင့်သွားခြင်း မရှိကြပေ။ သူတို့ (၂)ယောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အတွေးနက်နေကြဆဲ ဖြစ်သည်။

အမှန်တော့… တပည့်များအားလုံးကို ကယ်တင်သွားရန် သူတို့လည်း မည်သို့မှ မတတ်နိုင်ပေ။

အခြားရွေးခြယ်စရာလမ်းမရှိတော့လျှင်… သူတို့အားလုံး ထိုးဖောက်တိုက်ခိုက်ရပေလိမ့်မည်။ ထိုအခါ… သေခြင်းရှင်ခြင်းတိုက်ပွဲကြားတွင် ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အရေး ထွက်ပေါ်လာမည် ဖြစ်သည်။

သို့သော်… ဤနည်းလမ်းက ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အလမ်းရှိသလို အသက်ပျောက်ရန် အခွင့်အလမ်းလည်း မြင့်မားလှသည်။

လူတစ်ယောက် ကျင့်စဉ်လမ်းကို လျှောက်လှမ်းပြီဆိုကတည်းက လွယ်ကူမည်တော့ မဟုတ်ပေ။ အင်မော်တယ်လမ်းစဉ်ဆိုသည်က ချောချောမွေ့မွေ့ရွက်လွှင့်နိုင်မည့် ခရီးလမ်းတစ်ခုမှ မဟုတ်ပေပဲ…။

တစ်ချိန်မဟုတ်တစ်ချိန် သေခြင်းရှင်ခြင်းတိုက်ပွဲများနှင့် ရင်ဆိုင်ရမည်ပဲ ဖြစ်သည်။

လုန်ယွိ သူမ၏လူများကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

အချို့တပည့်များက တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်ထားသည့်အလား တည်ငြိမ်နေကြ၏။ အချို့တပည့်များကတော့ အံ့အားသင့်နေကြပြီး မော့လီပြောသည့်အစီအစဉ်ကို လက်ခံရန် ခက်ခဲနေကြသည်။

သို့သော်… မည်သူမှ ငြင်းဆန်သည်စကားမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံသဘောတူညီခြင်းပင်ဖြစ်သည် မဟုတ်ပါလား။

မည်သူမှ မငြင်းဆန်ကြသည်မှာ ရွေးခြယ်စရာ နည်းလမ်းမရှိတော့သောကြောင့် ဖြစ်သည်။

တိုက်ပွဲအဆုံးတွင် မည်သူအသက်ရှင်ကျန်ရစ်ပြီး မည်သူအသက်သေဆုံးမည်လဲ ၊ မည်သူ ကျင့်ကြံခြင်းအဆင့်တက်သွားပြီး မည်သူက ကျရှုံးကျန်ရစ်ခဲ့မည်လဲ…။

ဤသည်ကတော့ တပည့်များ၏ ကိုယ်ပိုင်အစွမ်းအစပေါ်တွင်သာ မူတည်လေသည်။

မိစ္ဆာသားရဲအုပ်ကြီးကို နောက်ကွယ်မှ ထိန်းချုပ်ထားသူက သူတို့အားလုံးကို သတ်ဖြတ်ပစ်ချင်နေသည်။ သူသေကိုယ်သေ တိုက်ခိုက်ကြရန် ဆုံးဖြတ်ပြီးလျှင်တော့ မည်သူက ပိုရက်စက်သလဲ စောင့်ကြည့်ရပေမည်။

ချက်ချင်းပင်… တပည့်များအားလုံး၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာကြပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

လွတ်မြောက်ရန်အတွက် သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ အနိုင်ရလျှင် ရမည်… ၊ မဟုတ်လျှင် သေမည်။ ဤ (၂)ချက်သာ ရှိသည်။

မိစ္ဆာသားရဲအုပ်ကြီး၏ အနောက်ဘက်တွင် လူတစ်စု ရှိနေလေသည်။

ထိုသူများက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး မျက်နှာကိုလည်း အနက်ရောင်ပုဝါစများဖြင့် စည်းနှောင်ထားကြသည်။  ထို့ကြောင့်… မည်သူမည်ဝါဖြစ်ကြောင်း မသိရှိနိုင်ပေ။

ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူက အခြားသူများထက် အနည်းငယ် အရပ်ပိုမိုမြင့်မားသည်။ သူ၏ မျက်ဝန်းများက စူးရှတောက်ပနေပြီး စည်းဝိုင်းအတွင်းမှ ကျင့်ကြံသူအုပ်စုကို စူးစိုက်အကဲခတ်နေသည်။

လုန်ယွိနှင့် အခြားကျင့်ကြံသူများက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် မိစ္ဆာသားရဲအုပ်ကြီးကို ထိုးဖောက်တိုက်ခိုက်ရန် ဟန်ပြင်နေကြောင်း တွေ့လိုက်ရသည့်အခါ ထိုသူ အံ့သြမှင်တက်သွားလေ၏။

ကျင့်ကြံသူ (၁၀)ယောက်က  တက်ညီလက်ညီဖြင့် ထိုမျှ ဆုံးဖြတ်ချက်ခိုင်မာလိမ့်မည်ဟု ထင်မထားမိပေ။

အနက်ရောင်ဝတ်ဆင်ထားသူက ချက်ချင်းပင် သားရဲအုပ်ကြီးကို တိုက်ခိုက်မှုရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

“ရွှီ…”

လေချွန်သံတစ်ချက်ထွက်ပေါ်လာပြီး သားရဲအုပ်ကြီး ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။

ထို့နောက်… သားရဲအုပ်ကြီးကို ဖြတ်သန်းပြီး အနက်ရောင်လူအုပ်စု ရှေ့သို့ ထွက်လာကြသည်။

မိစ္ဆာသားရဲများ ရုတ်တရက် နောက်ဆုတ်သွားကြသောကြောင့် လုန်ယွိ အံ့အားသင့်သွားလေသည်။

သို့သော်… သားရဲအုပ်အတွင်းမှ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စု ထွက်လာသည်ကို တွေ့လိုက်ရသည့်အခါ သူမ မအံ့သြတော့ပေ။

လုန်ယွိက ထိုအနက်ရောင်ဝတ်လူအုပ်စုကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…

“နောက်ဆုံးတော့ … နောက်ကွယ်ကစီစဉ်သူတွေ ထွက်လာပြီပေါ့လေ…”

ထိုသူများက သူမတို့၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေဟန်ရှိသည်။

ယခု… သူမတို့က ထိုးဖောက်ထွက်ရန် ဟန်ပြင်လိုက်သည့်အခါ ထိုသူများ ရှေ့သို့ ထွက်လာကြပြီ ဖြစ်သည်။

လင်စီးယာက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…

“ကြည့်ရတာ … သူတို့က ကျွန်မတို့ ထိုးဖောက်တိုက်ခိုက်မှာကို မလိုလားဘူးထင်တယ်…”

ခွန်လွန်တောင်မှ တပည့်များက မိစ္ဆာသားရဲအုပ်ကြီးဖြင့် သူသေကိုယ်သေ ထိုးဖောက်တိုက်ခိုက်မည်ကို ရန်သူက လိုလားဟန် မရှိပေ။

ထို့ကြောင့်… ရန်သူက သားရဲများကို ဆက်လက်တိုက်ခိုက်ခြင်းမပြုရန် တားဆီးလိုက်ခြင်း ဖြစ်ဟန်တူသည်။

လုန်ယွိက အေးစက်သည့်မျက်နှာထားဖြင့်…

“ရန်သူက ငါတို့ကို အချိန်ပြည့်စောင့်ကြည့်နေတဲ့ပုံပဲ…”

မိစ္ဆာသားရဲအုပ်ကြီးအတွင်းမှ အနက်ရော်ဝတ်ဆင်ထားသူများ လမ်းလျှောက်ထွက်လာကြလေသည်။

လုန်ယွိက သူတို့ကို တောက်ပအေးစက်သည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

ရန်သူက စုစုပေါင်း (၄)ယောက်ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူကတော့ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ကျန် (၃)ယောက်ကတော့ အခြေံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

သားရဲများကို ထိန်းချုပ်နေသူမှာ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်လေသည်။ ထိုသူက အားလုံးထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်၏။

လုန်ယွိတို့အဖွဲ့ရှိသည့် အကာအကွယ်စည်းဝိုင်းနှင့် မလှမ်းမကမ်းရောက်သည်နှင့် ခေါင်းဆောင်ဖြစ်သူက ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ပြီးမှ သူက အသံကိုနှိမ့်လိုက်ပြီး…

“ကျုပ်တို့က ခွန်လွန်တောင်နဲ့ ရန်သူတွေ မဖြစ်ချင်ပါဘူး ၊ ကျုပ်တို့က နဂါးမျိုးနွယ်တွေကိုပဲ လက်စားချေချင်တာပါ…”

ဟု ပြောလိုက်လေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset