နတ်ဆရာက အံကြိတ်ကာ သူ၏ အင်မော်တယ်ဂူမှ ထွက်ခွာသွားပြီး အင်အားပြန်ဖြည့်ရန်အတွက် ဆေးလုံးများလိုအပ်သောကြောင့် ဂိုဏ်းသားအချို့နှင့် အလဲအလှယ်ပြုလိုက်၏။ မကြာသေးမီက ဖြစ်ပျက်သွားသော အကြောင်းအရာများနှင့် စိတ်ပျက်ညည်းညူသံများကိုကြားလိုက်ရပြီးနောက် ဘယ်သူမှ သူ့တစ်ယောက်ထဲကို ရည်ရွယ်ပြီး တိုက်ခိုက်နေခြင်းမဟုတ်မှန်း သိလိုက်ရသည်။ သို့သော်လည်း အမုန်းတရားများကြောင့် တနုံ့နုံ့နှင့် ဒေါသထွက်နေဆဲဖြစ်သည်။ ယခု အဖြစ်အပျက်များသည် သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ ဂိုဏ်းအတွင်းရှိ သွေးချီများကို မသိနိုင်သောနည်းလမ်းဖြင့် အသုံးပြုနေသော လူတစ်ယောက်၏ စည်းေဖာက်မှုသာ ဖြစ်သည်ဟု အခြားကျင်ကြံသူများအား သူ သတိပေးလိုက်သည်။
အလယ်တောင်ထိပ်တွင် နတ်ဆရာမှာ အထူးထင်ရှားကျော်ကြားသူဖြစ်ရာ ဂိုဏ်းသားအားလုံးက သူ၏ ရှင်းပြချက်အား ယုံကြည်လက်ခံကြသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ညခန့်က ဆိုးဆိုးဝါးဝါးထိခိုက်အခံရဆုံး ကျင့်ကြံသူများမှာ တရားခံအား ရှာဖွေရန် အမုန်းတရားအပြည့်နှင့် ထွက်သွားကြသည်။
နောက်ထပ် နှစ်ညကုန်ဆုံးသွားသည်။ သို့သော် မည်သူမှ သံလွန်စ မရကြသေးချေ။ သွေးချီများသည်လည်း တစ်စတစ်စ ကုန်ခမ်းလာသည်။ သတ်ဖြတ်လိုစိတ်များမှာ ကြီးမားလာကာ မကြာမီသတင်းများပြန့်လာ၏။
“အလယ်တောင်ထိပ်က ထူးဆန်းတဲ့ကျင့်ကြံသူအကြောင်းကြားမိသေးလား။ ညတိုင်း တစ်တောင်လုံးက သွေးချီတွေကို သူက စုပ်ယူနေတာတဲ့ကွ”
“အဲ့လူစိတ်မမှန်ဘူးလားကွာ။ လူတွေအများကြီး ကျင့်ကြံနေတုန်း ဒဏ်ရာတွေရ ကုန်တာ၊ အခုနောက်ပိုင်း ဘယ်သူမှလဲ မကျင့်ကြံရဲကြတော့ဘူး”
“ဘယ်သူများပါလိမ့်၊ သူ့ကိုယ်သူ သတ်သေချင်နေတာလား၊ ဘယ်သူဆိုတာ သိလို့ကတော့ ဂိုဏ်းကလာတားရင်တောင် သတ်ပစ်မယ် ”
နေ့အချိန်တွင် ပိုင်ရှောင်ချန်းမှာ ထိုစကားများအား ကြားနေရသဖြင့် ရက်အနည်းအငယ်ခန့် အနားယူလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအရှိန်နှေးသွားသဖြင့် စိုးရိမ်လျက်ရှိကာ အပြင်သို့ နောက်တစ်ကြိမ်ထွက်သွားပြန်သည်။
သို့သော်လည်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ သူခိုးအား မိအောင် ဖမ်းမည်ဟု ကျိန်ဆို ကြိမ်းဝါးလျက်ရှိကြသည်။ ရံဖန်ရံခါတွင် ပိုင်ရှောင်ချန်းက ထိုအဖွဲ့များနှင့်ပင် ပူးပေါင်းကာ စိတ်ဆိုးမာန်ဆိုးနှင့် ကျိန်ဆဲလေ့ရှိသည်။ ထို့ကြောင့်ပင် မည်သူမျှ သူ့အား သံသယမဝင်ကြပေ။
ညအခါတွင် ပိုင်ရှောင်ချန်းက သွေးချီစုဆောင်းရန် နေရာများရှာဖွေလျက် အလုပ်များနေရာ နောက်ထပ် သုံးရက် ကုန်ဆုံးသွား၏။ သို့သော်လည်း မြောက်မြားလှစွာသောအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ပိုက်စိတ်တိုက် ရှာဖွေနေကြသဖြင့် ပိုင်ရှောင်ချန်းမှာ အခွင့်အရေးရှာမတွေ့ကာ အခက်တွေ့လျက်ရှိသည်။
သူက တချိန်လုံး တွေးတောနေပြီး အလျင်စလို မဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ရက်အနည်းငယ်ခန့် ထပ်မံကုန်လွန်သွားပြီးနောက် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအဖွဲ့မှာ တဖြေးဖြေးနှင့် နည်းပါးလာသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သီချင်းလေး ညည်းလျက် ဂူထဲမှ ထွက်လာပြီး သွေးချီစုဆောင်းရန် ထွက်ခွာသွားတော့သည်။
ပိုင်ရှောင်ချန်းသည် မေးကို မော့ကာ အကျီလက်အား ဝှေ့ယမ်းလိုက်ပြီး သူ့ကိုယ်သူ အင်မတန်မှ ဂုဏ်ယူနေသည့်လေသံနှင့် ဟိတ်ကြီးဟန်ကြီး ပြောလိုက်သည်။
“ဟမ့်..မင်းတို့ကောင်တွေကများ ပိုင်ရှောင်ချန်းနဲ့ ပြိုင်ချင်တာလား..။ ဒီလိုနေရာမျိုးမှာ ငါက လူတိုင်းထက် ဝါရင့်ပြီးသားကွ”
ထိုညတွင် သူက အကျိုးထူးခံစားလိုက်ရသည်။ တခြားနေရာများထက် သွေးချီများ ပို၍ သိသာထင်ရှားစွာရှိနေသော နေရာကို ရှာတွေ့မိသည်။ သူ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သွေးချီအချို့အား စုပ်ယူလိုက်သော်လည်း ထိုနေရာတွင် ကြာကြာမနေဝံ့ခဲ့ပေ။
ထိုနည်းအားဖြင့် တစ်လခွဲအထိ ပိုင်ရှောင်ချန်းကျင်လည်နေခဲ့သည်။ လူများက ဆူဆူညံညံဖြစ်လာလျှင် သူရပ်လိုက်သည်။ အသံများ ပြန်တိတ်သွားလျှင် သွေးချီအချို့ စုဆောင်းပြန်သည်။ သူ၏ သွေးဓားသည် ပို၍ တောင့်တင်းခိုင်မာလာကာ ထာဝရကောင်းကင်ဘုရင်ပညာရပ်၏ အစွမ်းသည်လည်း ဆင်ခုနစ်ကောင်စွမ်းအားအထိ ရောက်ရှိလာသည်။
“နောက်ဆုံးတော့ ငါ ဆင်ဆယ်ကောင်အစွမ်းအထိ ရောက်တော့မယ်ကွ။ထါဝရကောင်းကင်ဘုရင်ရဲ့ ပထမအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ တောင်ဖြိုသိုင်းကို ထုတ်ဖော်နိုင်ပြီ…ဟားဟား ”
“ပြီးတော့ ငါ့ရဲ့ သွေးဓားကျင့်ကြံမှုကလည်း ပြီးဆုံးခါးနီးပြီလို့ ခံစားနေရတယ် “
ပိုင်ရှောင်ချန်းသည် အလွန်စိတ်လှုပ်ရှားလာ၏။
အလယ်တောင်ထိပ်ရှိကျင့်ကြံသူများမှာ ပိုမိုစိတ်ဆိုးကာ ဒေါသူပုန်ထနေကြတော့သည်။ သူတို့သည် နဂိုတည်းက ရက်စက်ကြမ်းကြုတ်ကြသော်လည်း လွန်ခဲ့သည့် တစ်လခွဲက ပိုင်ရှောင်ချန်း၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သူတို့၏ သတ်ဖြတ်လိုစိတ်များသည် ပိုမိုကြီးထွားကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလာ၏။
ထိုအတောအတွင်း သူတို့၏ ညစဥ်ကျင့်ကြံမှုများသည်လည်း မည်သည့်အခါမှ အေးဆေးမနေခဲ့ရပေ။ ပိုင်ရှောင်ချန်းက အချိန်တစ်ခုသတ်မှတ်ကာ လုပ်နေခြင်း မဟုတ်သဖြင့် ပို၍ပင် ဆိုးရွားနေတော့သည်။
နောက်ဆုံး၌ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ သည်းမခံနိုင်တော့သည့် အဆင့်သို့ပင်ရောက်လာကြသည်။ အချို့ဆိုလျှင် ကျင့်စဥ်၏ ဘေးထွက်ဆိုကျိုးများခံစားရပြီး အလွန်အမင်းစိတ်ဆင်းရဲခြင်းတို့ကြောင့် သွေးများပင် အန်လာကြတော့သည်။
“ဘယ်ကောင်လဲ”
” သေအောင်သတ်ပစ်မယ်ကွ..။ခွေးကောင်..၊ ငါမင်းကို သတ်ဖြစ်အောင် သတ်မယ် ”
“ဒီကောင်သေချင်နေတာလား.. ငါ့အစွမ်းဘယ်လောက်ပဲ မငြိမ်မသက်ဖြစ်နေပါစေ… မိတာနဲ့အရေခွံဆုတ်ပစ်မယ် ”
အလယ်တောင်ထိပ်တစ်ခုလုံး စိတ်သောကများနှင့် သတ်ဖြတ်ချင်စိတ်များကြောင့် ဆူညံပွက်လောရိုက်နေ၏။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ထိုကဲ့သို့ အဖြစ်မျိုးကို ဘဝတစ်လျောက်လုံး ဘယ်သောအခုမှ မကြုံတွေ့ခဲ့ရဖူးပေ။သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတိုင်းသည် သတ်ဖြတ်ချင်စိတ်အငွေ့အသက်များ တောက်လောက်နေပြီး ရဲရဲနီလျက်ရှိသည့် မျက်လုံးများနှင့် ရှာဖွေလျက်ရှိသည်။
ပိုင်ရှောင်ချန်းက တွေ့မြင်ရသမျှကြည့်ကာ ထိတ်လန့်တုန်လှုပ်နေသည်။ သူက နေ့ဖက်တွင် အင်မော်တယ်ဂူထဲမှ မထွက်မီ မျက်လုံးများ နီရဲနေစေရန် ခပ်ကြမ်းကြမ်း ပွတ်ပြီးမှသာ ထွက်လေသည်။ ထို့နောက်တွင် သွေးချီသူခိုးမိစ္ဆာအား ကျယ်လောင်စွာ ဆဲရေးတိုင်းထွာတော့သည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပါသော်လည်း သူခိုးရှာဖွေနေခြင်းအား အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ လက်မလျှော့သေးပေ။ မှော်ပညာရပ်နှင့် နိမိတ်ဖတ်ခြင်းအရာ၌ ကျွမ်းကျင်သူများက သူခိုးဖော်ထုတ်ရန် အစွမ်းကုန်အသုံးပြုနေသည်။ သို့သော်လည်း လူအနည်းငယ်မျှသာ ထိုအတတ်၌ အမှန်တကယ် ကျွမ်းကျင်လေသည်။ နတ်ဆရာမှာ အကျွမ်းကျင်ဆုံးနှင့် နာမည်အကြီးဆုံးဖြစ်ပါသော်လည်း ထိခိုက်ဒဏ်ရာရထားသဖြင့် သူ၏ပညာရပ်အား ထုတ်သုံးဖို့ရန် မစွမ်းနိုင်ပေ။။ ထို့ကြောင့် အလယ်တောင်ထိပ်၏
လက်ချောင်းအောက်ဘက်ရှိ လူတိုင်းမှာ အမျက်ထွက်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ကြချေ။
ပိုင်ရှောင်ချန်းမှာ ရက်အနည်းငယ်ခန့် သွေးချီစုပ်ယူနေခြင်းအား ရုတ်တရက်ရပ်တန့်လိုက်သည်။ သူ အပြင်သို့ ထွက်လာသည့်အခါ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် အရေးကြီးသော အဓိကနေရာများတွင် စောင့်ကြပ်နေကြသည်ကို တွေ့လိုက်ရသည်။ ဤပြဿနာမှာ လူတိုင်းနှင့်ဆိုင်သဖြင့် လူတိုင်းမှာ ယခင်ကနှင့်မတူပဲ တက်ညီလက်ညီ စုပေါင်းကာ အဖြေရှာနေကြသည့် ပုံပင်။
ပိုင်ရှောင်ချန်းမှာ အလွန်အမင်း တုန်လှုပ်နေ၏။ အနည်းငယ်ခန့် လည့်ပတ်ကြည့်ရှုပြီးနောက် စိတ်ညစ်လက်ညစ်နှင့် သက်ပြင်းချလိုက်လေသည်။စိတ်ဓာတ်ကျစွာနှင့် ဘာဆက်လုပ်ရမည်ကို စဥ်းစားနေရင်း ပိုင်ရှောင်ချန်းက အလွန်တိတ်ဆိတ်ငြိမ်သက်ပုံရသော နေရာတစ်ခုကို ဖြတ်သွားမိလိုက်သဖြင့် ခေတ္တရပ်ကာ ဘေးဘီဝဲယာအား ကြည့်ရှုလိုက်သည်။
” ဒီမှာ ဘယ်သူမှ မစောင့်ဘူးလား ”
မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး လူတစ်ဦးမှ မရှိကြောင်း သေချာစေရန် သတိကြီးကြီးထားကာ စစ်ဆေးလိုက်ရာ ဤနေရာသည် သူယခင်က အကြိမ်အနည်းငယ် ဖြတ်သွားဖူးသည့် ပုံမှန်ထက် သွေးချီများ အားကောင်းစွာရှိသော နေရာဖြစ်ကြောင်း အမှတ်ရသွားတော့သည်။
စူးစမ်းလေ့လာပြီးနောက် ပိုင်ရှောင်ချန်းက အပြင်ပန်းအားဖြင့် သာမန်အင်မော်တယ်ဂူနှင့်တူသည့် ဂူတစ်လုံးကို ရှာတွေ့လိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို ထုတ်ယူကြည့်ရှုလိုက်ပြီး စစ်ဆေးလိုက်ရာ သူ၏ မျက်လုံးများမှာ တလက်လက်တောက်ပလာတော့သည်။
” အရင်တုံးက ငါဘာလို့များ ဒီလိုနေရာမျိုးကို သတိမထားမိတာပါလိမ့်။ ပြီးတော့ ဒီနေရာမှာရှိတဲ့ အင်မော်တယ်ဂူတွေအကုန်လုံးက အလွတ်ကြီးဖြစ်နေတယ်။ ဒီလိုဂူကို ဘယ်သူပိုင်လဲ သိချင်လိုက်တာ။ အာ..ကောင်းပြီ…ငါဒီမှာ ခဏလေး အသက်ရှုလေ့ကျင့်လိုက်တာတော့ ဘာမှ မထိခိုက်လောက်ပါဘူး ”
နှုတ်ခမ်းသပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ရာ ထိုနေရာရှိ သွေးချီစွမ်းအင်များသည် သူ့ထံ အပြေးအလွှား ဦးတည်လာနေကြသည်။ ထိုအင်မော်တင်ဂူထဲ၌ ပေါက်ကွဲသံကြီးတစ်သံပင် ထွက်လာလေသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် အခြားနေရာ ၂ခု ၃ခုမှရရှိနိုင်မည့် သွေးချီစွမ်းအင်နှင့် ညီမျှသည့် သွေးချီပမာဏ အမြောက်အမြားကို ရရှိသွားသည်။
“ဒီနေရာက လုံးဝ အံ့အားသင့်စရာပဲ”
တစ်နေရာထဲတွင် ခပ်ကြာကြာ မနေရဲသောကြောင့် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
သို့သော်လည်း နောက်တစ်နေ့ညတွင် ပြန်ရောက်ရှိလာကာ အသက်နှစ်ခါမျှရှူရှိုက်ကာ ပြန်သွားပြန်သည်။ သုံးရက်မြောက်ညနှင့် လေးရက်မြောက်ည တွင်လည်း အလားတူ ပြုမူလေသည်။ မည်သည့်အရာမှ မဖြစ်ပွားသည့်အပြင် တစ်ယောက်မှလည်း ဂူရှေ့မှ ဖြတ်သွားခြင်းမရှိသဖြင့် သူလံုးဝ စိတ်ကျေနပ်နေတော့သည်။ ငါးရက်မြောက်နေ့တွင် ပိုင်ရှောင်ချန်းသည် အသက်၁၀ခါတိတိ ရှူသွင်းလိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ အင်မော်တယ်ဂူထဲ၌ လူသူကင်းမဲ့ကာ မည်သည့် ပြဿနာမှ မဖြစ်ပွားနိုင်ကြောင်း သူ သေချာသွားတော့သည်။ ထို့အပြင် နေ့အချိန်တွင်လည်း တစ်ဦးတစ်ယောက်မှ ဂူထဲ၌ ဖြစ်ပွားနေသည်ကို ဂရုစိုက်ဟန်မရှိပဲ ညအချိန်တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
“ဟားဟား… မိုးကောင်းကင်က တကယ် အမြင်ရှိတာပဲဟ ”
ခြောက်ရက်မြောက်ညတွင် ပိုင်ရှောင်ချန်းသည် ခပ်စောစော ရောက်လာကာ လုပ်ရိုးလုပ်စဥ်အတိုင်း အသက်ရှုရန် ထိုင်လိုက်၏။ ယခုအခါ သူသည် ထါဝရကောင်းကင်ဘုရင်ကျင့်စဥ်၏ ပထမအဆင့်အား အောင်မြင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ထိုကျင့်စဥ်ကို စတင်လိုက်သည်နှင့် ဘေးပတ်လည်ရှိ သွေးချီများသည် သူ့ထံ အလုအယက် ပြေးဝင်လာ၏။ ပိုင်ရှောင်ချန်းက လက်အား ဝှေ့ယမ်းလိုက်သည်နှင့် သွေးချီများသည် သူ့ခန္ဓာကိုယ်ထဲသို့ အလျင်အမြန်စီးဝင်သွားသည်။ အင်မော်တယ်ဂူအတွင်းရှိ အရာအားလုံးမှာ အသံမထွက်ဘဲ တုန်ခါနေလျက်ရှိသည်။ သွေးချီအများအပြားက ထာဝရအသက်ရှည်နည်းပညာရပ်ကို သဘောကျနေသည့်အလား ပိုင်ရှောင်ချန်းထံသို့ လှိုင်းလုံးကြီးသဖွယ် တဟုန်ထိုးစီးဝင်နေ၏။ သူ၏တစ်ကိုယ်လုံးတွင် အပြင်းအထန်နာကျင်မှုကြောင့် ထုံကျဥ်နေပြီး စွမ်းအင်များက သိသာထင်ရှားစွာ ဖြစ်တည်လာနေသည်။
ပိုင်ရှောင်ချန်းသည် ခါတိုင်းထက် စိတ်လှုပ်ရှားလာပြီး ဖမ်းခံရမည်ကို စိုးရိမ်ခြင်းအလျဥ်းမရှိတော့ဘဲ ရှိရှိသမျှသွေးချီတို့အား ရနိုင်သမျှစုပ်ယူလိုသည့် လိုအင်ဆန္ဒများက သူ့ကို စုပ်ယူသွားသည်။ ထိုသွေးချီများက အင်မတန်ကြီးမားကျယ်ပြန့်သော မြစ်ကြီးတစ်စင်းအလား သူ့ထံ စီးဝင်နေသည့်အတွက် အင်မော်တယ် တစ်ဦးဖြစ်လာသလိုပင် ခံစားလာရသည်။
ထိုအင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်းမှ လွဲ၍ တခြားမည်သူမျှမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုဂူသည် လတ်တလော အသုံးပြုမည့်သူမရှိသည့်ပုံရပြီး သိပ်လည်းမကြီးပေ။ ဂူအတွင်းထဲမှာ သွေးရောင်ပုလင်းငယ်တစ်ခုသာ ရှိသည်။
သွေးရောင် ဇီးပန်းပွင့်တစ်ပွင့်သည် ပုလင်း၏ ထိပ်တွင်ထွက်နေသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံမျှဖြင့် ထိုအရာသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးမှန်း သိနိုင်သည်။ထို့ပြင် ပုလင်း၏ အောက်ခြေတွင် အနီရောင်မန္တန်အစီအရင် တစ်ခု တောက်ပနေပြီး ပုလင်းက ထိုမန္တန်အစီအရင်၏ အလယ်မှာ တည်ရှိနေသည်။
အနီးကပ် ကြည့်ရှုလေ့လာလိုက်ပါက ထိုအစီအရင်၏ အလယ်ဗဟိုရှိ အပေါက်ကျဥ်းလေး တစ်ခုထဲသို့ ထိုပုလင်းကအံဝင်ခွင်ကျရှိေနကြောင်း မြင်နိုင်သည်။
သွေးပုလင်းတွင် သွေးချီစွမ်းအားများ အဆုံးအစမဲ့စွာ ရှိနေသည်။ ထိုပမာဏမှာ များပြားလွန်းလှသဖြင့် သွေးရည်များဖြစ်နေပြီး ပုလင်းငယ်တစ်ခုလုံး ပြည့်နှက်လုနီးပါးပင်ဖြစ်နေသည်။
ပိုင်ရှောင်ချန်းက သွေးချီများကို စုပ်ယူနေသောကြောင့် ထိုပုလင်းအတွင်းရှိ သွေးချီများသည် အလျင်အမြန်ပင် ကုန်ခမ်းလာ၏။
အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းသွားသည့်အချိန်တွင် ပုလင်းထဲရှိ ၃၀ရာခိုင်နှုန်းခန့်မှာ ကုန်ခမ်းသွားပြီ ဖြစ်သည်။ ထိုကဲ့သို့ ပိုင်ရှောင်ချန်းစိတ်လှုပ်ရှားစွာ သွေးချီများ စုပ်ယူနေသည့်အချိန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တခြားနေရာမှာ ကိစ္စတစ်ခုဖြစ်ပွားလာခဲ့သည်။ ဘိုးဘေးတောင်၏တစ်နေရာတွင် ဇီးပန်းခက်များဖြင့် ဝန်းရံထားသည့် သွေးရေကန်တစ်ခုရှိသည်။ ထိုနေရာမှာ နတ်ဘုံနတ်နန်းအလား ထင်ရသည်။
သွေးရေကန်၏ ဘေးတွင် စွမ်းအားကြီးမားသော ဖိအားများအားထုတ်လွှတ်နေသည့် ကြီးမားသော အစိမ်းရောင်တံခါးတစ်ချပ်နှင့် အင်မော်တယ်ဂူတစ်လုံးရှိသည်။ ထိုတံခါးပေါ်တွင် သွေးရောင်ဇီးပန်းတစ်ပွင့်ကို ရေးထိုးထားသည်။
ဂူအတွင်းမှာလည်း ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်။တောက်ပနေသော ပုလဲများသည် မီးအိမ်သဖွယ် အလင်းများ ဖြန့်ကျက်နေလျက်ရှိပြီး အရာခပ်သိမ်းကို စိတ်စွမ်းအင်ကျောက်တုံးများနှင့် ဆင်ယင်ထား၏။ အင်မော်တယ်ဂူ၏ အလယ်တွင်မူ သွေးရောင်မျက်နှာဖုံးနှင့် မိန်းမပျိုတစ်ဦးက တင်ပျဥ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ ထိုအမျိုးသမီးငယ်သည် ရွှယ်မေ့မှလွဲ၍ အခြားမဟုတ်ချေ။
ရုတ်တရက် သူမ၏မျက်လုံးများ ဖွင့်လာကာ မျက်မှောင်ကြုတ်နေသည်။
“ဘာဖြစ်တာလဲ၊ အလယ်တောင်ထိပ်က ငါ့သွေးပုလင်းထဲက သွေးချီတွေ ဘာကြောင့် ကြောက်စရာကောင်းလောက်အောင် လျော့သွားရတာလဲ ”
ပိုင်ရှောင်ချန်း၏သွေးချီများ စုပ်ယူနေသည့် အင်မော်တယ်ဂူသည် အလယ်တောင်ထိပ်ရှိ ရွှယ်မေ့၏ တရားဝင်နေထိုင်ရာဖြစ်ပြီး ထိုနေရာသို့ သူမ သွားခဲသည်။ အများအားဖြင့် သူမက ဘိုးဘေးတောင်တွင်သာ ကျင့်ကြံနေလေ့ရှိသည်။ အလယ်တောင်ထိပ်ရှိ အင်မော်တယ်ဂူသည် ထူးဆန်းသော နေရာဖြစ်သည်။ ရွှယ်မေ့၏ဖခင်ဖြစ်သူ အတုမဲ့သခင်သည် ထိုနေရာ၏ထူးခြားမှုကို လွန်ခဲ့သော နှစ်များစွာက သတိပြုမိခဲ့ပြီး အလယ်တောင်၏ လက်ချောင်းအောက်ဘက်ရှိ မည်သည့်နေရာထက်မဆို အဆပေါင်းများစွာ အားကောင်းသော အတုမဲ့သွေးချီများဖြစ်တည်လာစေရန် မန္တန်အစီအရင်တစ်ခု ဖန်တီးခဲ့သည်။
ထို့ကြောင့်ပင် သူမက သွေးချီများအား ဖြည်းဖြည်းချင်းစုပ်ယူနိုင်သည့် တန်ဖိုးကြီးမားသော သွေးပုလင်းအား ထားရစ်ခဲ့ခြင်းဖြစ်သည်။ ဆယ်နှစ်ကြာပြီးသည်နှင့် သွေးပုလင်းက ပြည့်လုနီးပါးရှိလာခဲ့သည်။ သွေးပုလင်းပြည့်လာသည့်အခါ ဂိုဏ်း၏ လျှို့ဝှက်သိုင်းပညာရပ်ကို ကျင့်ကြံနိုင်လိမ့်မည်။
သွေးပုလင်းကို သူမ၏ စိတ်နှင့် ဆက်ထားသည့်အတွက် ဖြစ်ပျက်နေသည့်အကြောင်းအရာများအား အာရုံခံနိုင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သွေးချီများမှာ အလိုအလျောက် လျော့လာခဲ့သော်လည်း သူမ အာရုံသိပ်မထားခဲ့ပေ။ သို့သော် ယခုအခါ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ အလျင်အမြန်ပင် ကုန်ခမ်းလာ၏။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် စုဆောင်းထားသော သွေးရည်၏ ၄၀ရာခိုင်နှုန်း ကုန်ဆုံးသွားသည်။
ရွှယ်မေ့မှာ စိုးရိမ်ကြောင့်ကြမှုကြောင့် ကတုန်ကယင်ဖြစ်လာ၏။သူမ၏ ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများမှာ ဒေါသကြောင့် တလက်လက်တောက်ပလာသည်။ သူမက မတ်တတ်ရပ်လိုက်ပြီး ဘိုးဘေးတောင်မှ အလယ်တောင်ထိပ်ဆီသို့ အလင်းတန်းတစ်ခုအလား ပျံသန်းသွားသည်။
” ဒီလိုရုတ်တရက်ကုန်ခမ်းသွားရတဲ့ အကြောင်းရင်းကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ရမှ ဖြစ်မယ် ”